အခန်း (၉၅၁)
Vol. 64 Ch. 951
နဂါးငွေ့တန်းတစ်ခုကဲ့သို့စီးဆင်းနေသောရေတံခွန်မှရေများက ဧရာမရေကန်ကြီးအားအရှိန်အဟုန်ဖြင့်ထိတွေ့နေ၏။
ဧရာမရေကန်ကြီး၏ အလယ်ဗဟိုတွင် ရှေးဟောင်းအစီအရင်၏ဖိအားအားချိုးဖျက်ရန်စုစည်းထားသော စွမ်းအားကြီးစွမ်းအင်များမှတစ်ဆင့် လွတ်မြောက်နိုင်သော လမ်းကြောင်းတစ်ခုပွင့်လာ၏။
လူသားများနှင့်သားရဲများက အတူတကွပူးပေါင်းလုပ်ဆောင်နေကြသည်။ ဤသည်ကားသူတို့အသက်ရှင်ရန်အတွက်တစ်ခုတည်းသောလမ်းကြောင်းဖြစ်သည်။
ထို့နောက် သုံးဆယ့်နှစ်ဦး၏ စွမ်းအားကြီးမားသောစွမ်းအားများက အဆက်မပြတ်တိုက်ခိုက်မှုအောက်တွင် ၎င်းတို့၏အတူတကွပူးပေါင်းအား ထုတ်မှုအောက်၌ ရေကန်အလယ်သို့ဖိကျနေသော မမြင်နိုင်သည့်စွမ်းအားက တကယ်ပဲဘာမှကျန်ရစ်ခြင်း မရှိအောင်ပေါက်ကွဲထွက်သွားသည်ကို ရုတ်ခြည်းခံစားလိုက်ကြရသည်။
ကောင်းကင်ထက်မှကျဆင်းလာသည့် မမြင်နိုင်သောစွမ်းအားက ကျိုးပျက်သွားပြီဖြစ်သောကြောင့် ယင်းမှာ ၎င်းတို့၏ပူးပေါင်းအားထုတ်ကြိုးပမ်းမှုအောက်၌တကယ်ပဲပေါက်ကွဲထွက်သွားခြင်းဖြစ်သည်ဟု ဆိုလိုခြင်းပင်ဖြစ်သည်။
ဤအချိန်တွင်လူသားများနှင့်သားရဲများမှာ အသက်ရှင်ဖို့အတွက်မျှော်လင့်ချက်ရလာပုံရပြီး ရုတ်ခြည်းစိတ်လှုပ်ရှားလာသည်။
“ဟားဟား..သွားစို့”
“ဂါး..ဂါး..ဂါး”
ပူပန်ကြောင့်ကြမဲ့ရယ်မောသောအသံများနှင့် သားရဲများ၏ဟိန်းဟောက်သံများ အားအဆက်မပြတ်ကြားရသည်ဖြစ်၏။
ထို့နောက်ပုံရိပ်များကတစ်ခုပြီးတစ်ခုဖျက်ခနဲဖြစ်သွားသည်။
“ဟမ့်..အရူးတစ်အုပ်ပဲ”
ကောင်းကင်ထဲ၌ဝင့်ကြွားစွာရပ်နေသောကျင်းဖူက လူသားများနှင့်သားရဲတို့ကိုကြည့်၍ အထင်သေးမှုအပြည့်ဖြင့်နှာခေါင်းရှုံ့လိုက်သည်။
ဤအချိန်တွင် ရှည်လျားသောမြစ်တစ်စင်းကဲ့သို့ပုံပေါ်နေသည့် ဧရာမနဂါးကြီးတစ်ကောင်က ရှစ်ဖုန့်နှင့်ဝတ်ရုံနက်တို့၏အောက်ဘက် ဧရာမရေကန်ကြီး၏အထက်ကောင်းကင်ထဲ၌ ရုတ်ခြည်းပေါ်လာသည်။ ၎င်းကဟင်းလင်းပြင်ထ၌ရစ်ဝဲနေပြီး အစစ်အမှန်နဂါးတစ်ကောင်ဆင်းသက်လာသကဲ့သို့ အလွန်ထူးကဲသော စွမ်းအားတို့ကိုထုတ်လွှတ်နေသည်။
“ဂါး”
ဧရာမနဂါးကြီးက ၎င်း၏ပါးစပ်အား ခပ်ကျယ်ကျယ်ဖွင့်ဟ၍ ကောင်းကင်ထဲ၌ဟိန်းလိုက်သည်။ နဂါးဟိန်းသံက ကမ္ဘာတစ်ခုလုံးအားရိုက်ခတ်ဖြတ်သန်းသွား၏။ နဂါးဟိန်းသံအောက်၌ ဧရာမနဂါးကြီး၏အောက်ဘက်ရှိနေရာ တစ်ခုလုံးရေပြင်ကဲသို့တုန်ခါသွားသည်။
“ဒါကရှေးဟောင်းအစီအရင်က နေထုတ်လွှတ်တဲ့ ဧရာမရေနဂါးစွမ်းအားလား.. တကယ်ပဲဒီလိုမျိုးအလွန်ကြီးမားတဲ့ဖိအားကိုပို်ငဆိုင်ထားတာပဲ”
ရှစ်ဖုန့်ကအောက်ကဘက်ရှိ ဧရာမနဂါးကြီးအားကြည့်လိုက်ပြီး သူ့ဖာသာသူတီးတိုးရေရွတ်ပြောလိုက်သည်။
ထို့နောက်နဂါးကြီးက ၎င်း၏အမြှီးအားလွှဲယမ်းလိုက်ပြီး ယင်းလွှဲယမ်းမှုကြောင့် အောက်ဘက်ရှိနေရာတစ်ခုလုံး ကပို၍ပြင်းထန်စွာတုန်ခါလာသည်။
“အား”
“အား”
“ဂါး”
“ဂါး”
“ဂါး”
ရုတ်တရက်နာကျင်မှုအပြည့်ဖြင့် အော်ဟစ်သောအသံများထွက်ပေါ်လာသည်။ အချို့ကလူသားများဖြစ်ကြပြီး အချို့ကသားရဲများဖြစ်ကြ၏။
ထို့နောက်ချက်ချင်း လူသားနှစ်ယောက်၏ပုံရိပ်နှင့်သားရဲလေးကောင်၏ပုံရိပ်တို့က ဧရာမနဂါးကြီး၏အောက်ဘက် ဟင်းလင်းပြင်ထဲ၌ပေါ်လာသည်။
လူသားနှစ်ယောက်နှင့်သားရဲလေးကောင်တို့က မျက်လုံးများပြူးကျယ်နေကြပြီး လွန်စွာကြောက်ရွံ့ထိတ်လန့်မှု၊ နာကျင်မှုတို့ဖြင့်ပြည့်နှက်နေသည်။
ထို့နောက်ချက်ချင်း ပုံရိပ်ခြောက်ခုမှာ သဲဖြင့်ပြုလုပ်ထားသကဲ့သို့ အပိုင်းပိုင်းအစစကြေမွလွင့်စင်သွားသည်။
ထို့နောက်၎င်းတို့အပြီးတိုင်ပျောက်ကွယ်သွား၏။
နတ်ဘုရားတစ်ပိုင်းနယ်ပယ်သက် ရှိခြောက်ဦးကဤသို့ဖြင့်ဘာမှ ကျန်ရစ်ခြင်းမရှိခဲ့တော့ချေ။
ကောင်းကင်ထဲ၌ဝင့်ကြွားစွာရပ် နေသောရှစ်ဖုန့်မှာသူ၏ငရဲဘုံကိုးခုပညာရပ်အားအဆက်မပြတ်လှည့်ပတ်ပြီး သေခြင်းစွမ်းအင်တို့ကိုစုပ်ယူလိုက်သည်။
နတ်ဘုရားတစ်ပိုင်းနယ်ပယ်သက်ရှိခြောက်ဦးတို့၏ သေခြင်းစွမ်းအင်အားဝါးမျိုပြီးသည့်နောက် သူ၏ဒန်တန်အတွင်းရှိစွမ်းအင်က လေးဆယ်ရာခိုင်နှုန်းသို့ရောက်ရှိနေပြီဖြစ်သည်။
ငါးဆယ်ရာခိုင်နှုန်းသို့ပင်ရောက်တော့မည်ဖြစ်၏။
မူလကဘာမှမရှိတော့သောအောက်ဘက်ရှိရေကန်ကြီး၌ဤအခိုက်အတန့်တွင် လူသားများနှင့်နတ်ဆိုးသားရဲများ၏ပုံရိပ်များကတစ်ခုပြီးတစ်ခုပေါ်လာသည်။
၎င်းတို့ကလူသားကျွမ်းကျင်ငါးဦးနှင့်နတ်ဆိုးသားရဲနှစ်ဆယ့်တစ်ကောင်ဖြစ်သည်။ လူသားကျွမ်းကျင်သူနှစ်ဦးနှင့်သားရဲလေးကောင်မှလွဲပြီး ကျန်သောလူသားများနှင့်နတ်ဆိုး သားရဲများအားလုံးလုံခြုံစွာဆုတ်ခွာနိုင်ခဲ့ပုံပေါ်၏။
သို့သော်သူတို့ဆုတ်ခွာချိန်တွင် စွမ်းအားကြီးမားသောမမြင်နိုင်သည့် စွမ်းအားတစ်ခုက ဘက်ပေါင်းစုံမှသူတို့ထံသို့ သိမ်းကျုံးလာနေသည်ကိုရုတ်ခြည်း အာရုံခံမိလိုက်ကြသည်။
ခဏမျှအသည်းအသန်ဖြစ်သွားရပြီး အလျှင်အမြန်အစွမ်းကုန်အသုံးပြု၍ လာနေသောစွမ်းအားတို့အားခုခံလိုက်ကြသည်။
ရှေ့သို့ချီတက်လာသောသားရဲများ ပြန်ဆုတ်ခွာသွားခြင်းကြောင့်လားမသိ ကောင်းကင်ထဲ၌ရှိနေသောဧရာမနဂါးကြီးက လုံးဝပေါ်မလာဘူးသကဲ့သို့လေထဲ၌ပျောက်ကွယ်သွားသည်။
သို့သော်လူသားကျွမ်းကျင်သူနှစ်ဦးနှင့် သားရဲလေးကောင်ပျောက်ဆုံးသွား မှုကြောင့်ထိုနေရာ၌ရှိနေခဲ့သည်ကိုယင်း ကသက်သေပြနေသည်ဖြစ်သည်။
ထိုစဉ်ကောင်းကင်ထဲရှိ ဝတ်ရုံနက်ကပြောလိုက်သည်။
“မင်းတို့တွေဒီရှေးဟောင်းအစီအရင်ကို အချိန်တော်တော်ကြာလေ့လာခဲ့ပြီးတာကို ဘာမှသတိပြုမိစရာမတွေ့မိဘူးလား”
ဝတ်ရုံနက်၏အသံကသိပ်မကျယ်ပေ။ ကျင်းဖူသာမက ရှစ်ဖုန့်လည်းကြားရသည်ဖြစ်သည်။ သို့သော် “မင်းတို့တွေ”ဟု ပြောသည်ဖြစ်သောကြောင့်ယင်းက ကျင်းဖူတစ်ယောက်တည်းမဟုတ်ဘဲ ရှစ်ဖုန့်ကိုပါမေးခြင်းဖြစ်သည်။
“ဒီရှေးဟောင်းအစီအရင်ကတကယ့်ကိုအံ့ဖွယ်ပဲ”
ရှစ်ဖုန့်က စိတ်ထဲမှသက်ပြင်းချလိုက်သည်။
ရှစ်ဖုန့်၏စကားအားကြားလိုက်ရသောအခါတွင် ကျင်းဖူက အထင်သေးမှုအပြည့်ဖြင့်နှာခေါင်းရှုံ့လိုက်သည်။
“ဟမ့်…အံ့ဖွယ်ကောင်းတယ်တဲ့ ..ဒါပေါ့.. ဒီရှေးဟောင်းအစီအရင်ကအံ့ဖွယ်ပဲ. မဟုတ်ရင် ငါတို့တွေအားထုတ်မှုအများကြီးလုပ်နေစရာမလိုဘူး. မင်းကအဓိပ္ပါယ်မရှိတာတွေပြောနေတာပဲ”
ကျင်းဖူ၏စကားလုံးများ၊လေသံနှင့်အမူအယာမှတစ်ဆင့် ရန်လိုမှုတို့ပြည့်နှက်နေသည် ကိုရှစ်ဖုန့်ပြောနိုင်သည်ဖြစ်၏။
သို့သော်ရှစ်ဖုန့်အနေဖြင့်ကျင်းဖူသူ့ အပေါ်ထားသောသဘောထားနှင့် စကားလုံးတို့အား အာရုံစိုက်ရန်ပျင်းလွန်းလှသည်ဖြစ်၏။
ထို့ကြောင့်သူကဆက်ပြောသည်။
“ဒီရှေးဟောင်းအစီအရင်က ရှေးခေတ်အချိန်ကတည်းကရှိနေခဲ့တာ..ကောင်းကင်နဲ့မြေကြီးရဲ့ အဆုံးမရှိတဲ့ထောက်ပံ့မှုကို အဲ့တာကရထားတာပဲဖြစ်ရမယ်”
“ခုဏကပေါ်လာတဲ့နဂါးကြီးနဲ့ အစီအရင်က ရေမျက်နှာပြင်ပေါ်မှာရှိနေတာကိုအကဲဖြတ်ရရင် ဒီရှေးဟောင်းအစီအရင်ကရေဓာတ်အခြေပြုအစီအရင်ပဲဖြစ်ရမယ်”
“ရေဓာတ်အခြေပြုလား”
ရှစ်ဖုန့်၏စကားတို့အားကြားပြီးနောက် ဝတ်ရုံနက်အနေဖြင့် အံ့အားသင့်သွားရသည်။ ထို့နောက်သူကဖြည်းညှင်းစွာခေါင်းညိမ့်ပြီးပြောလိုက်သည်။
“ကောင်လေး..မင်းပြောသလိုဆိုရင် ဒီအစီအရင်က ရေဓာတ်နဲ့သက်ဆိုင်တဲ့အစီအရင်ပဲဖြစ်လောက်တယ်”
“ရေဓာတ်အခြေပြုဆိုတာကိုငါတို့သိရတော့ရောဘာဖြစ်လဲ”
ကျင်းဖူကထပ်မံနှာခေါင်းရှုံ့လိုက်ပြီး ပြောလိုက်သည်။
ထို့နောက်သူကခေါင်းကိုလှည့်လိုက်ပြီး နဂါးငွေ့တန်းကဲ့သို့စီးဆင်းနေ သည့်ရေတံခွန်ကိုကြည့်လိုက်သည်။
“ဒါကလွန်ခဲ့တဲ့ဆယ်စုနှစ်အချို့လောက်ကသာ ဒါကရေဓာတ်အခြေပြု ရှေးဟောင်းအစီအရင်တစ်ခုဖြစ်တယ် ဆိုတာကိုငါတို့သိခဲ့ရင် ရေအရင်းအမြစ်ကိုငါတို့ဖြတ်တောက်ပြီး သူ့ရဲ့စွမ်းအားကိုဖြည်းဖြည်းချင်းအားနည်းအောင်လုပ်နိုင်အုံးမယ်”
ပြောနေရင်းကျင်းဖူက နောက်တစ်ကြိမ်ခေါင်းငုံ့ပြီး ဆက်မပြောခင်ကြည့်လိုက်သည်။
“ဒါပေမဲ့..အောက်မှာရှိနေတဲ့ရေကန်ထဲကရေက ဒီရှေးဟောင်းအစီအရင်ရဲ့ရေစွမ်းအင် ကိုဆက်ပြီးဖြည့်တင်းနိုင်အောင် လုံလောက်နေတယ်”
ကျင်းဖူပြောသောစကားများ ကအမှန်ပင်ဖြစ်သည်။
သို့သော်ရှစ်ဖုန့်ကထပ်မံပြောလိုက်သည်။
“အစီအရင်တိုင်းမှာ သူ့ရဲ့ဗဟိုချက်ဆိုတာရှိတယ်. အစီအရင်ကိုဖျက်ဆီးဖို့နောက်ထပ်နည်းလမ်းတစ်ခုက ဗဟိုချက်ကိုဖျက်ဆီးပစ်ဖို့ပဲ.. ဗဟိုချက်ကဖျက်ဆီးပစ်လိုက်တာနဲ့ အစီအရင်တစ်ခုလုံးဖျက်ဆီးခံရလိမ့်မယ်”
“ဟမ့်.မင်းနားရွက်နောက်မှာရေများရှိနေတာလား. ဘယ်လိုအဓိပ္ပါယ်မရှိတာတွေပြောရမလဲဆိုတာပဲ မင်းသိတာလား..ဘယ်သူကဒါကိုမသိလို့လဲ. ငါကမင်းကိုဒါကိုပြောဖို့လိုသေးလို့လား”
“တစ်ခြားလူတွေထားအုံး.ငါ့ရဲ့မိုင်တစ်ထောင်နတ်ဘုရားမှန်နဲ့တောင် အစီအရင်ရဲ့ဗဟိုချက်က ဘယ်မှာလဲဆိုတာကို မတွေ့နိုင်ဘူး”
ကျင်းဖူစကားဆုံးပြီးပြီးချင်း ဝတ်ရုံနက်၏ အသံကရုတ်ခြည်းထွက်ပေါ်လာသည်။
“ကျင်းဖူ.ဒီကလေးကအစီအရင်ရဲ့ ဗဟိုချက်ကိုပြောတယ်ဆိုမှတော့ ဗဟိုချက်ကဘယ်နေရာမှာရှိလဲဆို တာကိုသူသတိပြုမိပြီးပြီဆိုတဲ့သဘောပဲ”
ဤအရာအားပြောပြီးနောက်ဝတ်ရုံနက်က ရှစ်ဖုန့်ကိုကြည့်လိုက်ပြီး သေချာသောလေသံဖြင့်ထပ်မံပြောလိုက်၏။
“ဟုတ်တယ်မလားကလေး”
“မဖြစ်နိုင်တာ”
ရှစ်ဖုန့်မဖြေနိုင်ခင်မှာပင် ကျင်းဖူက မယုံကြည်နိုင်ဟန်ဖြင့်အလျှင် အမြန်ပြန်ဖြေလိုက်သည်။
“မင်းနဲ့ငါနဲ့တောင် အစီအရင်နဲ့ဗဟိုချက်ကိုမတွေ့နိုင်တာ..ငါ့မှာမိုင်တစ်ထောင်နတ်ဘုရားမှန်ရှိနေတာတောင် ဘာမှမလုပ်နိုင်တဲ့ဟာ..ဒီကလေးက ဘယ်လိုလုပ်ပြီးတော့ ဒါကိုတွေ့နိုင်မှာလဲ”
နောက်ဆုံးစကားအားပြောပြီးနောက်ကျင်းဖူကတစ်ချက်ကြည့်လိုက်သည်။ သူ၏အကြည့်နှင့်အမူအယာတို့၌ အထင်သေးမှုတို့ဖြင့်ပြည့်နှက်နေ၏။
သည်ကလေးက ဤရှေးဟောင်းအစီအရင်၏ဗဟိုချက်အားရှာတွေ့နိုင်မည်ဟုသူမယုံကြည်ပေ။
ယင်းကလုံးဝမဖြစ်နိုင်ခြင်းဖြစ်သည်။
“ဟမ့်”
ဤအချိန်တွင် ကျင်းဖူ၏ စကားတို့အား ကြားပြီးနောက် ရှစ်ဖုန့်ကအထင်းသေးမှုအပြည့်ဖြင့် နှာခေါင်းရှုံ့လိုက်ပြီးမောက်မာစွာပင်ပြောဆိုလိုက်သည်။
“ဒီအစီအရင်ဗဟိုချက်လေးလောက်က ဒီသခင်လေးအတွက်ဘာမှမဟုတ်ဘူး..ဒါကိုတွေ့ဖို့ မိုင်တစ်ထောင်နတ်ဘုရားမှန်တောင်မလိုဘူး”
ဆက်ရန်………
ဘာသာပြန်သူ-ARISE