← Chapters

အခန်း (၉၅၄)

Vol. 64 Ch. 954

အခန်း (၉၅၄)

Vol. 64 Ch. 954

နတ်ဘုရားမြေခေါင်းလောင်းပေါ်တွင် ဝတ်ရုံနက်က ရှစ်ဖုန့်တစ်ယောက် ခေါင်းလှည့်ပြီးသူ့အားကြည့်နေသည်ကို အာရုံခံမိလိုက်သည်။သူကရှစ်ဖုန့်အား လျှင်မြန်စွာကြည့်၍ မေးလိုက်သည်။

“အခုအစီအရင်ဗဟိုချက်ကဘယ်မှာရှိလဲဆိုတာကို မင်းပြောနိုင်ပြီလား”

“အင်း”

ရှစ်ဖုန့်ကခေါင်းညိမ့်ပြီးပြောလိုက်သည်။

ရှစ်ဖုန့်၏ဒန်တန်အတွင်းမှစွမ်းအင်က ကိုးဆယ်ရာခိုင်နှုန်းသို့ရောက်လုနီးပါး ဖြစ်နေပြီဖြစ်သည်။

လူသားမျိးနွယ်မှကျွမ်းကျင်သူသုံးယောက်နှင့် နတ်ဆိုးသားရဲဆယ့်တစ်ကောင်တို့မှာမူ ၎င်းတို့၏စွမ်းအားနှင့်အရှိန်အဝါက အားနည်းသည်ထက်အားနည်းလာပြီဖြစ်သည်။ အကယ်၍ သူသာလက်ရှိခွန်အားဖြင့် ဟင်းလင်းပြင်သတ်ဖြတ်ခြင်းဓားအား ထုတ်ဖော်မည်ဆိုလျှင် အားနည်းသောနတ်ဘုရားတစ်ပိုင်း သက်ရှိနှစ်ယောက်အား သတ်ဖြတ်ရန်ကား သူ့အတွက်ခက်ခဲသောအရာမဟုတ်ပေ။

အကယ်၍သူသာခြေရာလက်ရာမပျက်သော နတ်ဘုရားတစ်ပိုင်းနယ်ပယ်အလောင်းနှစ်ခု၏သွေးနှင့်သေခြင်းစွမ်းအင်တို့အားဝါးမျိုနိုင်ခဲ့လျှင် ရှစ်ဖုန့်၏ဒန်တန်အတွင်းမှစွမ်းအင်ကား ပြီးပြည့်စုံသောအခြေအနေသို့ သေချာပေါက်ရောက်ရှိလိမ့်မည်ဖြစ်သည်။

ရှစ်ဖုန့်၏သိုင်းနယ်ပယ်ကျင့်ကြံမှုကား ပြီးပြည့်စုံသောကြယ်ကိုးပွင့်ဧကရာဇ် တစ်ဦးအဖြစ် နီးကပ်သည်ထက်နီးကပ်လာပြီဖြစ်သည်။ သူ့အတွက်နတ်ဘုရားတစ်ပိုင်းနယ်ပယ်သို့ ရောက်ရှိရန်မှာ သိပ်ကြာမြင့်လိမ့်မည်မဟုတ်ချေ။ ရှစ်ဖုန့်အနေဖြင့်လည်း မွန်းစတားနတ်ဘုရားသင်္ချိုင်းသို့ဝင်ရောက်ပြီး သိုင်းနယ်ပယ်ကျင့်ကြံမှုကို ထပ်၍ချိုးဖျက်နိုင်ရန်အတွက် အခွင့်အလမ်းကိုရှာဖွေလိုသည်ဖြစ်သည်။

ထို့ကြောင့်ရှစ်ဖုန့်၏အတွေးများကဝတ်ရုံနက်ကဲ့သို့အတူတူပင်ဖြစ်သည်။ သူတို့သာ ရှေးဟောင်းအစီအရင်အားချိုးဖျက်ပြီး မွန်းစတားနတ်ဘုရားသင်္ချိုင်းအတွင်း သို့ဝင်ရောက်လိုလျှင် နတ်ဘုရားတစ်ပိုင်းနယ်ပယ်သက်ရှိများအား ပို၍လွှတ်ထားပြီး၎င်းတို့၏စွမ်းအားများကိုစုစည်းကာ အစီအရင်၏ဗဟိုချက်အား တိုက်ခိုက်ခိုင်းရန်လိုအပ်သည်ဖြစ်သည်။ ထို့နောက်မှာသာသူတို့အတွက်ပိုမို ကောင်းမွန်သောအခွင့်အရေး တစ်ခုရှိလာမည်ဖြစ်၏။

အခြားတစ်ဖက်တွင် ကျင်းဖူ၏ မျက်နှာထက်၌ အမုန်းတရားတို့ဖြင့်ပြည့်နှက်နေသည်။ ရှစ်ဖုန့်နှင့်ဝတ်ရုံနက်တို့၏ကြားထဲမှ အပြန်အလှန်ပြောဆိုမှုအားကြားပြီးနောက် သူရှစ်ဖုန့်အား မကျေမချမ်းဖြစ်စွာဖြင့်ကြည့်လိုက်သည်။

သိသာစွာပင် ရှစ်ဖုန့်ပြောသည့်အစီအရင်ဗဟိုချက်တည်နေရာက မှန်ကန်မှအဆင်ပြေမည်ဖြစ်သည်။ အကယ်၍မှားယွင်းနေခဲ့လျှင် ကျင်းဖူအနေဖြင့်ရှစ်ဖုန့်အား သေချာပေါက် ကိစ္စများအားရှုပ်ထွေးအောင်လုပ်သည်ဟု တွေးပြီး သတ်ပစ်လိမ့်မည်သာဖြစ်သည်။

အကယ်၍ရှစ်ဖုန့်ပြောသောအစီအရင်ဗဟိုချက်နေရာကသာမှားနေခဲ့လျှင် ဝတ်ရုံနက်အနေဖြင့်လည်း ကျင်းဖူ၏ ရှစ်ဖုန့်အပေါ်တိုက်ခိုက်မှုအား ကူညီတားဆီးပေးရန်ခက်ခဲသွား လိမ့်မည်ဖြစ်သည်။

“ဒီရှေးဟောင်းအစီအရင်က လုံလောက်အောင်ပဲစွမ်းအားကြီးမားတယ်.. ဒီအစီရင်ကိုတည်ဆောက်ခဲ့တဲ့သူက ဒီသခင်လေးတို့ထင်ထားတာ ထက်ပိုပြီးစွမ်းအားကြီးမားမဲ့ သူဖြစ်တယ်လို့ယုံကြည်တယ်.. ဒါပေမဲ့ အဲဒီလူက အစီအရင်မှာ ကျွမ်းကျင်တဲ့သူတစ်ဦးတော့ဟုတ်မနေဘူး. ဒီအစီအရင်က နှစ်ပေါင်းမရေတွက်နိုင်လောက် အောင်ကြာမြင့်ခဲ့ပြီးတဲ့နောက်မှာ ထိခိုက်နေပြီ.. အသုံးပြုဖို့အတွက်ကောင်းမနေတော့ဘူး..ပြောရရင် အားနည်းချက်တွေအများကြီးဖြစ်နေတယ်”

ရှစ်ဖုန့်ကပြောသည်။ ထို့နောက် ရှစ်ဖုန့်ကသူ၏ညာလက်ဖြင့်ဓားလက်ချောင်းအသွင်ပြုလုပ်လိုက်ပြီး အောက်ဘက်ရှိ ရှေးဟောင်းအစီအရင်အတွင်းမှ ရေကန်ကြီးထံထိုးညွှန်လိုက်သည်။ သူကပြောလိုက်သည်။

“အလယ်ဗဟိုက မြေကြီးဓာတ်…အနောက်ဘက်က သတ္တုဓာတ် … အရှေ့ဘက် သစ်သားဓာတ် … တောင်ဘက်ကမီးဓာတ် …နဲ့ မြောက်ဘက်က မြေဓာတ်ပဲ…”

“ဒီအစီအရင်က ဓာတ်ငါးပါးထဲက ရေဓာတ်ကနေမွေးဖွားလာတာ.. အစီအရင်ရဲ့ဟိုချက်က မြောက်ဘက်မှာပဲ..”

ရှစ်ဖုန့်စကားပြောပြီးသောအခါတွင် သူ၏ဓား လက်ချောင်းမှ ထက်ရှသော အဖြူရောင်ဓားချီတစ်ခု ရုတ်ခြည်းထွက်သွားသည်။ ဥက္ကာပျံတစ်ခုကဲ့သို့ အောက်ဘက်ရှိ ဧရာမရေကန်ကြီး၏ မျက်နှာပြင်ထံသို့ လျှင်မြန်စွာ တစ်ဟုန်ထိုးဝင်ရောက်သွား၏။

ရှေးဟောင်းအစီအရင်၏ ဗဟိုချက်မျက်လုံးက ထိုနေရာ၌ရှိနေသည်ကို ရှစ်ဖုန့်သိပြီးဖြစ်သည်။

သိပ်သည်းသောအဖြူရောင်ဓားချီက မျက်စိတစ်မှိတ်အတွင်းရောက်ရှိသွားပြီး ဧရာမရေကန်ကြီး၏ မြောက်ဘက်စွန်းမျက်နှာပြင်သို့ ကျဆင်းသွားသည်။ ရုတ်ခြည်း အနိဋ္ဌာရုံဖြစ်သည့် အော်ရာတစ်ခုကို ထုတ်လွှတ်နေသော ဆန်းကြယ်သည့် လက်ဝါးအရွယ် ရှေးဟောင်း သင်္ကေတတစ်ခုက ရေမျက်နှာပြင်ထက်၌ပေါ်လာသည်။

အချိန်တစ်ခုကြာသည့်တိုင်အောင် ဧရာမရေကန်ကြီးတစ်ခုလုံးက နှိုးဆွပေးခံလိုက်ရသလိုဖြစ်သွား၏။ ၎င်းကမုန်တိုင်းတစ်ခုဖြစ်သွားသကဲ့သို့ဖြစ်သွားပြီး လှိုင်းလုံးများပြင်းထန်စွာဖြစ်ပေါ်လာကာ ရူးသွပ်စွာဖြင့်ရိုက်ခတ်လှုပ်ရှားထကြွလာသည်။

“သေချာပေါက် ဒါက အစီအရင်ရဲ့ ဗဟိုချက်ပဲ..အဲ့ရုန်းက အစီအရင်ရဲ့မျက်လုံးပဲ”

အောက်ဘက်ရှိ ရှေးဟောင်းအစီအရင်အတွင်းမှ ပြင်းထန်သော လှုပ်ရှားမှုများအား မြင်တွေ့ရသောအခါတွင် ဝတ်ရုံနက်က အံ့အားသင့်စွာဖြင့်ရေရွတ်ပြောဆိုလိုက်သည်။

“ဟမ့်…သူမှန်းတာမှန်သွားရုံလေးပဲရှိတာ”

ကျင်းဖူက အောက်ဘက်သို့ကြည့်၍ အထင်းသေးမှုအပြည့်ဖြင့် နှာခေါင်းရှုံ့လိုက်သည်။

ရှစ်ဖုန့်၏မျက်လုံးတို့က ရေမျက်နှာပြင်ပေါ်ရှိ ရှေးဟောင်းရုန်းပေါ်သို့ ကျရောက်နေ၏။ ၎င်းကရုန်းတစ်ခုဖြစ်ကြောင်းသိသာသော်လည်း ရှစ်ဖုန့်အနေဖြင့် ၎င်းအား လုံးဝထွင်းဖောက်မြင်နိုင်ခြင်းတော့မရှိပေ။

ဤရုန်းက ဤကမ္ဘာပေါ်၌လုံးဝတည်ရှိခြင်းရှိပုံမပေါ်ချေ။

ဤအချိန်တွင် ဝတ်ရုံနက်မှာ ရှစ်ဖုန့်တစ်ယောက်ဤအခိုက် အတန့်၌ဘာလုပ်နေသည်ဆိုသည်အား ဖြတ်မြင်ပုံရ၏။ သူကနားလည်ရခက်သော ပုံစံဖြင့်ပြောလိုက်သည်။

“ကောင်လေး..အဲ့ဆန်းကြယ်တဲ့ရုန်းကို ရှေးခေတ်ကာလက အစစ်အမှန်နတ်ဘုရားတစ်ပါးကချန်ထားခဲ့တာ. အဲ့တာကမင်းနဲ့ငါတို့လိုလူတွေ ထွင်းဖောက်မြင်ပြီးမှတ်သားနိုင်တဲ့အရာမျိုးမဟုတ်ဘူး. အတင်းအကျပ်မှတ်သားဖို့ကြိုးစားမနေနဲ့ ….တန်ပြန်သက်ရောက်တဲ့ဒဏ်ကို ခံရမှာကိုလည်းသတိထားအုံး”

ဤကဲ့သို့အချိန်အတိုင်းအတာတစ်ခု ကြာမြင့်ခဲ့ပြီးသည့်တိုင် ၎င်းက ရှေးခေတ်အစစ်အမှန်နတ်ဘုရားတစ်ပါးချန်ထားရစ်ခဲ့သော ရှေးဟောင်းရုန်းတစ်ခုဖြစ်နေသောကြောင့်အရမ်းကို ကြီးစိုးနေဆဲဖြစ်၏။ ၎င်းအားမည်သူကမှ မှတ်သားနိုင်ခြင်းမရှိပေ။

တစ်ချိန်ကသူရရှိခဲ့သည့် ကောင်းကင်နှင့်မြေကြီး၏ ဥပဒေသဆယ်ခုကို ကိုယ်စားပြုသော ရုန်းဆယ်ခုသည်လည်း ရှေးကျသောအချိန်ကာလက လာခဲ့ခြင်းဖြစ်လောက်သည်ဖြစ်သည်။

သို့သော် ထိုရှေးဟောင်းရုန်းများကိုကား တစ်စုံတစ်ယောက်မှ ကျောက်နံရံပေါ်တွင် တမင်တကာ ထိုးထွင်းခဲ့ခြင်းဖြစ်သည်။

၎င်းတို့အား အခြားသူများအတွက်ဖြန့်ဝေခဲ့ခြင်း သို့မဟုတ် အခြားအသုံးပြုစရာများအတွက် အသုံးပြုခဲ့ခြင်းမျိုးဖြစ်သောကြောင့် သူ့နေဖြင့်၎င်းတို့အားမှတ်သားရန်မှာ ပြဿနာတစ်ခုမဟုတ်ခဲ့ပေ။

သို့သော် ယခုလက်ရှိ ရှေးခေတ်အချိန်ကာလက အစစ်အမှန်နတ်ဘုရားတစ်ပါး၏ စွမ်းအားကားတော့ ဆန်းကြယ်သည်ဖြစ်၏။

ရှစ်ဖုန့်ကဤအရာများအား စဉ်းစားနေချိန်တွင် ဝတ်ရုံနက်၏အသံက အောက်ဘက်ရှိ ရှေးဟောင်းအစီအရင်အတွင်းသို့ ရိုက်ခတ်ပြန့်နှံ့သွားသည်။

“အစီအရင်ရဲ့ဗဟိုချက်က ဒီအစီအရင်ရဲ့ မြောက်ဘက်အစွန်းမှာရှိတယ်..မင်းတို့အသက်ရှင်ချင်ရင် အစီအရင်ရဲ့ ဗဟိုချက်မျက်လုံးကို အစွမ်းကုန်ထုတ်သုံးပြီးတိုက်ခိုက်ကြ.. အစီအရင်ရဲ့ဗဟိုချက်ဖြစ်တဲ့ မျက်လုံး ဖျက်ဆီးခံလိုက်ရတာနဲ့ ဒီအစီအရင်လည်း ပျက်စီးသွားလိမ့်မယ်”

ရှေးဟောင်းအစီအရင်အတွင်းတွင် လူသားကျွမ်းကျင်သူသုံးဦးနှင့် သားရဲဆယ့်တစ်ကောင်တို့မှာ တလိပ်လိပ်ထနေသော လှိုင်းလုံးများ၏အလယ်၌ရှိနေကြသည်။

ဤအချိန်တွင် အိုမင်းပြီးအက်ရှသောအသံအား ကြားလိုက်ရသည့်အခါ၌ ၎င်းတို့အနေဖြင့် မြောက်ဘက်စွန်းသို့အလျှင် အမြန်ဦးတည်လိုက်ကြ၏။

တစ်ယောက်ပြီးတစ်ယောက်ပုံရိပ်များက မြောက်ဘက်စွန်းသို့ ဖျက်ခနဲဦးတည်သွားကြသည်။

ဤအချိန်တွင်သူတို့အနေဖြင့် အခြားသောအရာများအားတွေးတောနေရန်အချိန်မရှိပေ။ သူတို့အလိုချင်ဆုံးအရာကား ဤနေရာမှ အသက်ရှင်လျက်အမြန်ဆုံး ထွက်ခွာသွားနိုင်ရန်သာဖြစ်သည်။

သို့သော် ၎င်းတို့အတွင်း ခန္ဓာကိုယ်၌ ခြေချောင်းများစွာပါရှိသော ဧရာမအနက်ရောင်ကင်းခြေများ တစ်ကောင်ရှိသည်ဖြစ်သည်။ ၎င်းအနေဖြင့် စွမ်းအားများအားလုံးကုန်ခမ်းပြီးဆီကုန်ခမ်းတော့မည့်မီးအိမ်တစ်လုံးနှယ်ဖြစ်နေသည်။

ထို့နောက် ၎င်း၏ ကိုယ်ကြီးက အစိတ်စိတ်အမွှာမွှာ ဖြစ်သွားကာ ပြာအဖြစ်ပြောင်းလဲသွားသည်။

နောက်ထပ်နတ်ဘုရားတစ်ပိုင်း နယ်ပယ်သက်ရှိတစ်ဦး သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ ရှစ်ဖုန့်အနေဖြင့် ထိုအရာအား လက်လွှတ်ခံမည်မဟုတ်ပေ။ ငရဲဘုံကိုးခုပညာရပ်၏အကူအညီဖြင့် နောက်ထပ်သေခြင်းစွမ်းအင်ကို သူဝါးမျိုလိုက်၏။

သေခြင်းစွမ်းအင်ကိုဝါးမျိုပြီးသည့်နောက် ကောင်းကင်မီးတောက်နှင့်ပေါင်းစပ်ထားသော ရှစ်ဖုန့်၏ ဒန်တန်က စွမ်းအင်ကိုးဆယ်ရာခိုင်နှုန်းသို့ရောက်ရှိလာသည်။

နယ်ပယ်အပြည့်အဝသို့ရောက်ရှိရန်အတွက် ဆယ်ရာခိုင်နှုန်းကျော်လေးသာ လိုအပ်တော့်သည်ဖြစ်သည်။

နတ်ဆိုးသားရဲတစ်ကောင် သေဆုံးသွားသော်လည်း လူသားကျွမ်းကျင်သူသုံးဦးနှင့် သားရဲဆယ်ကောင်တို့ကတော့ ဧရာမရေကန်ကြီး၏ မြောက်ဘက်စွန်း၌ပေါ်လာသည်။

လူသားကျွမ်းကျင်သူသုံးဦးထဲတွင် အနက်ရောင်ငှက်မွှေးတို့ကိုဝတ်ဆင်ထားသည့် ကျီးကန်းနက်မျိုးနွယ်စု၏ပါရမီရှင်ဖြစ်သူ ပုယာတစ်ယောက် အသက်ရှင်နေဆဲဖြစ်သည်ကို ရှစ်ဖုန့်တွေ့လိုက်ရသည်။

ပုယာက ရှေးဟောင်းအစီအရင်အတွင်း သို့ပထမဆုံးလှည့်ဖြားခံရသည့်သူဖြစ်သည်။ များစွာသောနတ်ဆိုးသားရဲများနှင့် ကျွမ်းကျင်သူများက နောက်ပိုင်းမှဝင်ရောက်လာပြီး သေဆုံးသွားကြသော်လည်း ၎င်းကတော့အသက်ရှင်နေဆဲဖြစ်သည်။

နတ်ဘုရားတစ်ပိုင်းလက်နက်တစ်ခုကဲ့သို့ အားကောင်းသည့် ၎င်း၏ကိုယ်ပေါ်ရှိ အနက်ရောင်ငှက်မွှေးဝတ်ရုံအပြင် အသက်ငယ်ငယ်ရွယ်ရွယ်ဖြင့် ၎င်း၏ ပိုင်ဆိုင်ထားသော ခွန်အားစွမ်းပကားကလည်း အံ့ဖွယ်ဖြစ်၏။

အားလုံးထက်၎င်းအား ကျယ်ပြောလှသောမြေရိုင်းဒေသကြီး၏ နံပါတ်တစ်ပါရမီရှင်အဖြစ်သိကြသည်ဖြစ်သည်။

ဤအချိန်တွင် လူသားကျွမ်းကျင်သူသုံးဦးနှင့် နတ်ဆိုးသားရဲဆယ်ကောင်တို့မှာ ရေမျက်နှာပြင်ထက်၌ လွင့်မျောရပ်တည့်နေသည့်ဖား လောင်းကဲ့သို့ရှေးဟောင်းရုန်းကို မြင်တွေ့ကြပြီးဖြစ်သည်။

ဤအချိန်တွင် ၎င်းတို့၏ကိုယ်အတွင်းရှိ စွမ်းအားများအားအကုန်စုစည်းလိုက်ကြပြီး အစွမ်းအထက်ဆုံးတိုက်ခိုက်မှုတို့ကို ထုတ်ဖော်ကာ ၎င်းရှေးဟောင်းရုန်းထံသို့ အစွမ်းကုန်တိုက်ခိုက်လိုက်ကြသည်။

ဤအချိန်တွင် ဟင်းလင်းပြင်ထဲမှငုံ့ကြည့်နေသော ဝတ်ရုံနက်ကပြောလိုက်သည်။

“အခုက သေရေးရှင်ရေးတမျှ အရေးအကြီးဆုံးအခိုက်အတန့်ပဲ..ငါတို့ရဲ့လှုပ်ရှားမှုကိုလုပ်ကြစို့”

ဝတ်ရုံနက်က စကားပြောပြီးပြီးချင်း နတ်ဘုရားမြေခေါင်းလောင်းအားအစွမ်းကုန် ဆောင့်နင်းချလိုက်သည်။

“ဒေါင်”

နားပင်းသွားစေနိုင်လောက်သော ခေါင်းလောင်းသံတစ်ခုနှင့် ဧရာမလှိုင်းလုံးကြီးများ ကဲ့သို့ အသံလှိုင်းတို့က နတ်ဘုရားမြေခေါင်းလောင်း ထံမှထွက်ပေါ်လာပြီး အောက်ဘက်သို့ သိမ်းကျုံး ဦးတည်သွားသည်။

ဆက်ရန်………..

ဘာသာပြန်သူ-ARISE

All Chapters