အခန်း (၉၅၅)
Vol. 64 Ch. 955
ရှေးဟောင်းအစီအရင်အတွင်းတွင် လူသားကျွမ်းကျင်သူများနှင့် သားရဲများက အစီအရင်ဗဟိုချက်ရုန်းအမှတ်အသားအား အစွမ်းကုန်တိုက်ခိုက်ကြသည်။
နတ်ဘုရားခေါင်းလောင်းထက်ရှိ ဝတ်ရုံနက်ကလည်း တုန်ခါသံတို့ထွက်ပေါ်လာအောင် ဆောင့်နင်းချလိုက်၏။
ဤအချိန်တွင် ဝတ်ရုံနက် မကျယ်သောအသံဖြင့်ပြောလိုက်သည်။
“ညသုတ်သင်ခြင်းအမှောင်အရိပ်”
ဝတ်ရုံနက်ထံမှ ဆန်းကြယ်သော စွမ်းအားတစ်ခု မြင့်တက်ထွက်ပေါ်လာသည်။ ထို့နောက် ဝတ်ရုံနက်ထံမှ အနက်ရောင်အရိပ်တစ်ခု ဖျက်ခနဲထွက်ပေါ်လာ၏။ ၎င်းကဖျက်ခနဲပျောက်ကွယ်သွားသည်။ ၎င်းဘယ်သွားသည်ဆိုသည်အား မည်သူမှမသိကြချေ။
၎င်းက အစီအရင်၏ဗဟိုချက်အားချိုးဖျက်ရန်အတွက် အောက်သို့ ဖျက်ခနဲဦးတည်သွားခြင်းဖြစ်ရမည်ဖြစ်သည်။
ဝတ်ရုံနက်၏ကိုယ်မှ အနက်ရောင်အရိပ်တစ်ခု ဖျက်ခနဲထွက်ပေါ်လာသည်ကို တွေ့ရသောအခါတွင် ရှစ်ဖုန့်က အံ့အားသင့်စွာရေရွတ်ပြောလိုက်သည်။
“နတ်ဘုရားတစ်ပိုင်း တိုက်ခိုက်ရေးနည်းစနစ်”
နတ်ဘုရားတစ်ပိုင်းတိုက်ခိုက်ရေးနည်းစနစ်များကရှားပါးလှသည်ဖြစ်သည်။ ရှစ်ဖုန့်နှင့်ထိုညကတိုက်ခိုက်ခဲ့သည် ယန်မျိုးနွယ်စုခေါင်းဆောင်ယန်ချီပင်လျှင် နတ်ဘုရားတစ်ပိုင်းတိုက်ခိုက်ရေးနည်းစနစ်အားလုံးဝကျင့်ကြံဖူးခြင်းမရှိပေ။
သို့သော် ဤဝတ်ရုံနက်အဘိုးအိုကတော့ ဟင်းလင်းပြင်သတ်ဖြတ်ဓားအပြင် နောက်ထပ် နည်းစနစ်ကို အသုံးပြုနေ၏။
ဤနည်းစနစ်ကမည်မျှစွမ်းအားကြီးမားကြောင်းကို ရှစ်ဖုန့်မပြောနိုင်သော်လည်း ဝတ်ရုံနက်နှင့်ဤနတ်ဘုရား တစ်ပိုင်းတိုက်ခိုက်ရေးနည်းနစ်က အရမ်းကိုလိုက်ဖက်သည်ဟု ခံစားရ၏။
ယင်းက ဤအဘိုးအိုကျင့်ကြံသော ဆန်းကြယ်သည့် ဖုံးကွယ်ခြင်းပညာရပ်ကဲ့သို့ တူညီသောရင်းမြစ်မှဖြစ် တည်လာခြင်းဖြစ်ရမည်ဖြစ်သည်။ တစ်ခုကဖုံးကွယ်စဉ်အခြား တစ်ခုကတိုက်ခိုက်ခြင်းဖြစ်သည်။
ဝတ်ရုံနက်က နတ်ဘုရားမြေခေါင်းလောင်းတိုက်ခိုက်မှုနှင့် ညသုတ်သင်ခြင်းအမှောင်အရိပ် တို့ကို ထုတ်ဖော်ခဲ့သည်။ ထို့နောက် ကျင်းဖူက ညာလက်ကိုလှုပ်ရှားလိုက်ပြီး သူအရမ်းဂုဏ်ယူရသော မိုင်တစ်ထောင်နတ်ဘုရားမှန်ကို လှည့်ကာ အောက်ဘက်သို့ မျက်နှာမူလိုက်သည်။
ထို့နောက်လွန်စွာသိပ်သည်းကျစ်လျစ်ပြီး စွမ်းအားကြီးမားသော အစိမ်းရောင်အလင်းတန်းတစ်ခုက မိုင်တစ်ထောင်နတ်ဘုရား မှန်မှထွက်ပေါ်လာသည်။ ၎င်းကဟင်းလင်းပြင်ကိုဖြတ်သန်းသွားပြီး အစီအရင်မျက်လုံးပေါ်သို့ ကျရောက်သွားသည်။
“ဟင်းလင်းပြင်ဓားချက်”
ဤအချိန်တွင် သူ၏ညာလက်အားဓားလက်ချောင်းအဖြစ်ဖွဲ့စည်းထားပြီးဖြစ်သောရှစ်ဖုန့်ကလည်း မကျယ်သောအသံဖြင့်အော်ပြောလိုက်သည်။ ထို့နောက် သူ၏လက်ချောင်းအား သတ်ဖြတ်ခြင်းဓားတစ်ချောင်းကဲ့သို့အောက်သို့ ထိုးစိုက်လိုက်၏။
မမြင်နိုင်သောဓားချက်ဖြတ်သန်းသွား ရာနေရာတိုင်းတွင် ရှည်လျားပြီး ပြင်းထန်သော အနက်ရောင်အက်ကွဲကြောင်းများက ဟင်းလင်းပြင်၌ပေါ်လာသည်။
ရက်အချို့ကုန်ဆုံးပြီးနောက် ရှစ်ဖုန့်၏ ကျွမ်းကျင်မှုက ယခင်ကထက်ပို၍ စွမ်းအားကြီးမားလာသည်။
ဤအခိုက်အတန့်တွင် ရှစ်ဖုန့်၏ဘေး၌ဝင့်ကြွားစွာရပ်နေသော ဝတ်ရုံနက်ပင် အံ့အားသင့်စွာရေရွတ်ပြောမိလိုက်သည်။
“အမ်”
ဤကလေးအားသူပေးခဲ့သော ဟင်းလင်းပြင်သတ်ဖြတ်ဓားက ရက်အနည်းငယ်ကြာပြီးနောက် ဤကလေးအနေဖြင့် ယခုအတိုင်းအတာအထိ ဤနည်းစနစ်ကို နားလည်ဆင်ခြင်နိုင်လိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။ ၎င်းပညာရပ်၌ဆရာကျကျပိုင်နိုင် ရန်ပင်သိပ်မလိုတော့ချေ။
ယျထာဘူတာကျကျပြောရမည်ဆိုလျှင် ၎င်းက ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်ကိုသာ ပိုင်ဆိုင်ထားသူဖြစ်သည်။ ဟင်းလင်းပြင်သတ်ဖြတ်ခြင်း ဓားချက်ကဲ့သို့စွမ်းကြီးသတ်ဖြတ်ခြင်းလှုပ်ရှားမှုကို အသုံးပြုပြီးသည့်နောက်၌ ၎င်း၏ စွမ်းအားအနေဖြင့်ကုန်ခမ်းသင့်သည်ဖြစ်သည်။
သို့သော် ၎င်းကလေးမှာ စွမ်းအင်နှင့်စိတ်ဝိညာဉ်တို့ အင်ပြည့်အားပြည့် ရှိသည့်ပုံရလေသည်။
ရှစ်ဖုန့်၏ဒန်တန်ကား ကောင်းကင်မီးတောက်နှင့် ပေါင်းစပ်ထားခြင်းကြောင့်ထူးခြားသည်ဖြစ်သည်။ သာမန်အမြင်ဖြင့်မည်ကဲ့သို့အကဲဖြတ်၍ရနိုင်ပါအံ့နည်း။ သာမန်ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ် တစ်ဦးနှင့်မည်ကဲ့သို့နှိုင်းယှဉ်၍ရနိင်ပါမည်နည်း။
“ဟမ့်..နတ်ဘုရားတစ်ပိုင်းတိုက်ခိုက်ရေးနည်းစနစ်ဖြစ်တဲ့ဟင်းလင်းပြင်ဓားချက်ကို ဒီကောင်စုတ်လေးကို မင်းတကယ်ကြီးသင်ပေးခဲ့တာပဲ”
“ကောင်းတယ်.အရမ်းကောင်းတယ်..ငါမင်းကိုငါ့ကိုသင်ပေးဖို့တစ်ခါတောင်းဆိုတုန်းကတော့မင်းကငါ့ကိုငြင်းခဲ့တယ်.. ငါကျင်းဖူနားလည်သွားပြီ.. ငါကျင်းဖူကမင်းအပေါ်မှာ အရမ်းကိုရိုးသားစစ်မှန်ခဲ့တာ”
သိပ်မဝေးသောနေရာ ၌ မိုင်တစ်ထောင်နတ်ဘုရားမှန်နှင့် တိုက်ခိုက်နေသောကျင်းဖူသည်လည်း ရှစ်ဖုန့်ဖော်ထုတ်လိုက်သောတိုက်ခိုက်မှုကို သတိပြုမိလိုက်သည်။ ယင်းကဝတ်ရုံနက်၏ အန္တိမတိုက်ခိုက်ရေးနည်းစနစ်တစ်ခုဖြစ်သော ဟင်းလင်းပြင်ဓားချက်ဆိုသည်ကို သူလျှင်မြန်စွာ မှတ်မိ ခဲ့၏။
ဤအချိန်တွင် ဝတ်ရုံနှက်နှင့်ရှစ်ဖုန့်တို့အားကြည့်နေသည့် ကျင်းဖူ၏ အကြည့်တို့၌ အာဃာတနှင့်အမုန်းတရား တို့ဖြင့်ပြည့်နှက်နေသည်။
“ဝုန်း..ဝုန်း..ဝုန်း.ဝုန်း.ဝုန်း”
ရှေးဟောင်းအစီအရင်အတွင်း ဧရာမရေကန်ကြီး၏ မြောက်ဘက်စွန်း၌ စွမ်းအင်တို့၏ ပေါက်ကွဲသံများက ဆက်တိုက်ထွက်ပေါ်လာသည်။
ဤအချိန်တွင် လူသားကျွမ်းကျင်သူသုံးဦးနှင့် သားရဲဆယ်ကောင်ကလည်း တိုက်ခိုက်မှုများအားတစ်ခုပြီး တစ်ခုထုတ်ဖော်လိုက်သည်။ ၎င်းတို့ကအံကိုတင်းတင်းကြိတ်ပြီး အားကုန်အသုံးပြု၍ ရုန်းအမှတ်အသားကိုတိုက်ခိုက်လိုက်ကြ၏။ ၎င်းတို့က အစီအရင်ဗဟိုချက်ကိုတိုက်ခိုက်ပြီး ရှင်သန်ရန်အတွက်လမ်းတစ်ခုရှာဖွေရန် ကျိန်ဆိုထားကြသည်။
ထို့နောက် နတ်ဘုရားမြေခေါင်းလောင်း၏ ပြင်းထန်သောအသံလှိုင်းက ဧရိယာတစ်ခွင်ရိုက်ခတ်လာသည်။ ထို့နောက် အမှောင်အရိပ်တစ်ခုက ရုန်းအမှတ်အသားဘေး၌ ဖျက်ခနဲပေါ်လာ၏။ ၎င်းက ဝတ်ရုံနက်၏ အန္တိမနည်းစနစ်ဖြစ်သော ညသုတ်သင်ခြင်းအမှောင်အရိပ်ဖြစ်သည်။
“ဝုန်း”
ရုတ်ခြည်း အနက်ရောင်အရိပ်က မိမိကိုယ်မိမိဖောက်ခွဲလိုက်ပြီး လွန်စွာစွမ်အားကြီးမားသည့် ပေါက်ကွဲမှုစွမ်းအားတစ်ခုကိုဖော်ထုတ်ကာ ရှေးဟောင်းရုန်းအမှတ်အသားကိုတိုက်ခိုက်လိုက်သည်။
တစ်ချိန်တည်းတွင် မိုင်တစ်ထောင်နတ်ဘုရားမှန်၏အစိမ်းရောင်အလင်းနှင့် သဏ္ဍန်မဲ့သော ဟင်းလင်းပြင်ဓားချက်တို့က လည်းရောက်ရှိလာပြီး ရှေးဟောင်းရုန်းအမှတ်အသားကို အဆက်မပြတ်ပေါက်ကွဲတိုက်ခိုက်လိုက်သည်။
အန္တိမစွမ်းအားတို့၏ အဆက်မပြတ်တိုက်ခိုက်ပေါက်ကွဲမှုအောက်တွင် ရှေးဟောင်းရုန်းကပို၍ပို၍ပြင်းထန်လာသည်။ ဧရာမရေကန်ကြီးအတွင်းရှိ လှိုင်းလုံးကြီးများကလည်းပို၍ပို၍ ပြင်းထန်စွာအုံ့ကြွလာ၏။ ယင်းမှာ ရေထဲ၌နဂါးများ လူးလွန့်နေသကဲ့သို့ သို့မဟုတ် မြစ်နတ်ဘုရားတစ်ပါး ဒေါသထွက်နေသကဲ့သို့ပင်ဖြစ်သည်။
“ကောင်းတယ်..နောက်ထပ်တိုက်ခိုက်မှုလှိုင်းကိုထုတ်ဖော်ကြစို့.. ငါတို့ အစီအရင်ဗဟိုချက်ကို ဖျက်ဆီးပစ်နိုင်လောက်တယ်.. အစီအရင်ပျက်စီးသွားတာနဲ့ မွန်းစတားနတ်ဘုရားသင်္ချိုင်းမြေကို ငါတို့နောက်ဆုံးဝင်ရောက်နိုင်လိမ့်မယ်”
များပြားလှသောပြင်းထန်သည့် တိုက်ခိုက်မှုများအောက်၌ ရှေးဟောင်းအမှတ်အသားက မှေးမှိန်လာသည်ကိုတွေ့ရပြီးနောက်တွင် ဝတ်ရုံနက် က ပျော်ရွှင်မှုတို့ပြည့်နှက်နေသည့်အသံကို ထုတ်ဖော်ပြသလာသည်။
“ဒေါင်”
ဝတ်ရုံနက်ကနတ်ဘုရားမြေခေါင်းလောင်းပေါ်သို့နောက်တစ်ကြိမ် ဆောင့်နင်းချလိုက်သည်။ ဝတ်ရုံနက်၏ကိုယ်မှ အနက်ရောင်အရိပ်ကနောက်တစ်ကြိမ် ဖျက်ခနဲထွက်ပေါ်လာသည်။ ယင်းကားနောက်ထပ်နတ်ဘုရားတစ်ပိုင်းတိုက်ခိုက်ရေးနည်းစနစ်ဖြစ်သော ညသုတ်သင်ခြင်း အမှောင်အရိပ်ပင်ဖြစ်သည်။
“ဟင်းလင်းပြင်သတ်ဖြတ်ခြင်းဓား”
ပို၍စွမ်းအားကြီးမားပြီး သတ်ဖြတ်ခြင်းတို့ပြည့်နှက်နေသော မမြင်နိုင်သည့် ဟင်းလင်းပြင်ဓားချက်က ရှစ်ဖုန့်၏လက်ချောင်းအောက်၌ပေါ်လာပြီး အောက်သို့ ဆင်းသက်သွားသည်။
ရှစ်ဖုန့်၏ဟင်းလင်းပြင်ဓားချက် အားအာရုံခံမိသောဝတ်ရုံနက်မှာ နှလုံးသားထဲမှထပ်မံအံ့အားသင့်သွားရသည်။
“ဒီ..ဒီကောင်.. ခုဏကမှဟင်းလင်းပြင်ဓားချက်ကိုသုံးထားပြီး အခုထပ်ပြီးသုံးနိုင်တုန်းပဲ…သူက ဟင်းလင်းပြင်ဓားချက်ကို တစ်ဆက်တည်းနှစ်ခါသုံးခဲ့တယ်… ဒီကောင်က တကယ်ကော ကြယ်ကိုးပွင့်ဧကရာဇ်နယ်ပယ်တစ်ယောက်ဟုတ်ရဲ့လား”
“ဒီကောင်ကသူ့ရဲ့အစစ်အမှန်ကျင့်ကြံမှုကိုဖုံးကွယ်ထားတာများဖြစ်နိုင်မလား”
“အဲ့တာထက်ပိုတာကား. ဒီကောင်ရဲ့ဟင်းလင်းပြင်ဓားချက်က ထပ်ပြီးတိုးတက်လာတယ်.. မကြာခင်သူကကြီးစွာ နားလည်ဆင်ခြင်နိုင်ခြင်းနယ်ပယ် ကိုရောက်ရှိတော့မယ်.. ဒီကမ္ဘာမှာဒီလိုပါရမီရှင်တစ်ယောက်ရှိနေတာပဲ. ဒါကဘယ်လိုမျိုးဆင်ခြင်နားလည်နိုင်စွမ်းမျိုးလဲ.. ဒီကောင်က အနာဂတ်မှာ သေချာပေါက် အောင်မြင်မှုကို အကြီးကြီးရမဲ့ကောင်ပဲ”
“ဝုန်း..ဝုန်း..ဝုန်း”
အစီအရင်ဗဟိုချက်၏ ရှေးဟောင်းရုန်းအမှတ်အသားအား နောက်ထပ်စွမ်းအားကြီးစွမ်းအားများက အဆက်မပြတ်တိုက်ခိုက်ကြသည်။
ဤအချိန်တွင် လက်ဝါးအရွယ်အစားရှိသောရှေးဟောင်းရုန်းမှာ စွမ်းအားတို့၏အဆက်မပြတ် တိုက်ခိုက်ခံရမှုအောက်၌ ပျောက်ကွယ်တော့မလိုဖြစ်လာသည်။
အစီအရင်အတွင်းရှိသက်ရှိများမှာလည်း လှိုင်းလုံးများကပို၍ပို၍အုံကြွလာသော်လည်း အစီအရင်၏စွမ်းအားက အားနည်းသည်ထက်အားနည်းလာသည်ကို အာရုံခံမိပြီးဖြစ်သည်။
ယင်းက၎င်းတို့၏အသက်အားထပ်မံခြိမ်းခြောက်နိုင်ခြင်းမရှိတော့ပေ။
“ငါရှင်ပြီကွ..ငါအသက်ရှင်ပြီ”
“နောက်ဆုံးတော့ငါအသက်ရှင်ပြီ.. ကောင်းလိုက်တာ”
ယင်းမှာ အစီအရင်အတွင်းရှိလူသားများနှင့်နတ်ဆိုးသားရဲတို့၏ နှလုံးသားမှလာသောအတွေးများဖြစ်သည်။
သူတို့မျက်စိရှေ့၌အခြားသူများ ပြာအဖြစ်ပြောင်းလဲသွားသည်ကိုမြင်တွေ့ရစဉ်သူတို့ကရှင်ကျန်ရစ်ပြီးသေခြင်း ကလွတ်မြောက်ရခြင်းထက် ပျော်ရွှင်ဖို့ကောင်းသောအရာဘာမှမရှိပေ။
ဤအချိန်တွင်ရှစ်ဖုန့်မှာ နောက်ထပ်သတ်ဖြတ်ခြင်းလှုပ်ရှားမှုတစ်ခုကို ဖော်ထုတ်ရန်အဆင်သင့်ဖြစ်နေသည်။
“ဝုန်း..ဝုန်း..ဝုန်း..ဝုန်း..ဝုန်း.ဝုန်း..ဝုန်း”
ကမ္ဘာတစ်ခုလုံးရုတ်ခြည်းလှုပ်ခါလာသည်။
ကျွမ်းကျင်သူများ၏အတူတကွပူးပေါင်းတိုက်ခိုက်မှုအောက်၌ ဧရာမရေကန်ကြီး၏ ရေမျက်နှာပြင်မှ ရုန်းမှာ နောက်ဆုံးတွင် ပျောက်ကွယ်သွားသည်။
ဤရှေးဟောင်းအစီအရင်အောက်၌အရမ်းကိုခက်ခက်ခဲခဲဖြတ်သန်းခဲ့ရသည်ဖြစ်သည်။လူသားများတစ်ယောက်ပြီးတစ်ယောက်သေဆုံးပြီး သားရဲများကောင်ပြီးတစ်ကောင်သေဆုံးပြီးသည့်နောက် နောက်ဆုံး၌ ၎င်းမှာ ပျက်စီးကျိုးပျက်သွားခဲ့ပြီဖြစ်သည်။
ထို့နောက်ရှစ်ဖုန့်၏ပုံရိပ်က ရုတ်ခြည်းလှုပ်ရှားသွားသည်။ သူ၏ကိုယ်ကလက်ခနဲဖြစ်သွားပြီး အောက်သို့တစ်ဟုန်ထိုးထိုးဆင်းသွားသည်။ သူ၏ညာလက်ကတော့ဓားလက်ချောင်းအသွင်ကို ထိန်းထားဆဲဖြစ်ပြီး သူ၏ကိုယ်ပိုင်ရည်မှန်းချက်ကိုပြည့်မှီစေဖို့အတွက် နောက်ထပ် တိုက်ခိုက်မှုတစ်ခုကိုထုတ်ဖော်ရန်ပြင်ဆင်နေ၏။
ဆက်ရန်………..
ဘာသာပြန်သူ-ARISE