အထူးလက်ဆောင်
Vol. 1 Ch. 271
"နယ်မြေကိုသွေးနဲ့ ဆေးပစ်မယ်"
ထိုစကားကိုကြားသော် ကျောင်းအုပ်ချီနှင့် လေထဲမှ လူများရော၊ မြေပေါ်မှ လူများပါ မျက်နှာများ ပျက်ကုန်ကြသည်။ အထူးသဖြင့် မင်းသမီး လင်းရွှယ်သည် အဆိုးဆုံး ဖြစ်သည်။ နတ်ဆိုးဧကရီသည် သူမ၏ အင်အားကို ပြသရန် ကြိုးစားနေခြင်းသာ။ သူမသည် နယ်မြေမှ လူသားများ အားလုံး နှစ်ပေါင်းများစွာ မမေ့နိုင်လောက်သည့် သင်ခန်းစာ တစ်ခုကို ပေး၍ နတ်ဆိုးသားရဲများ၏ ဂုဏ်သိက္ခာကို မြှင့်လိုနေခြင်း ဖြစ်သည်။
မိုးပြာနဂါး အင်ပါယာ၏ ဘိုးဘေးကြီးသည် နတ်ဆိုးဧကရီ၏ လက်ချက်ကြောင့် အပြင်းအထန် ဒဏ်ရာ ရသွားသော်လည်း သူမတွင် မည်သည့် ဒဏ်ရာမှ ရှိပုံမရချေ။ နတ်ဆိုးဧကရီသည် ဘိုးဘေးကြီးကို အလွယ်တကူ အနိုင်ယူနိုင်မှန်း သိသာ နေလေသည်။ လွန်ခဲ့သော နှစ်ပေါင်း တစ်ရာကျော်က ရွှေယို့လန်နှင့်ပင် အသာလေး ယှဉ်ပြိုင်နိုင်ခဲ့သည်။ နှစ်ပေါင်း တစ်ရာကျော်အောင် တံခါးပိတ် ကျင့်ကြံပြီးနောက် မတိုးတက်လာလျှင်တောင် ဆုတ်ယုတ်သွားလိမ့်မည် မဟုတ်ပေ။
သူဤပုံစံဖြင့် စကားပြောလိုက်ခြင်းမှာ တုံးအ၍ မဟုတ်ချေ၊ ဤဖြစ်ရပ်သည် အချက်တစ်ခုကို သက်သေပြ နေခဲ့သည်။
နတ်ဆိုးဧကရီသည် နယ်မြေတွင် အင်အားအကြီးဆုံး ဖြစ်သည်။ ရွှေယို့လန်နှင့် အခြားသူများ အုပ်စုဖွဲ့၍ တိုက်ခိုက်လျှင်တောင် သူမအား အနိုင်ယူနိုင်မည် မဟုတ်ပေ။ သူမသာ နယ်မြေကို သွေးဖြင့်ဆေးချင်ပါလျှင် မည်သူကမှ တားဆီးနိုင်မည် မဟုတ်ချေ။
ဖြစ်ရပ်နောက်ကွယ်မှ ကြိုးကိုင်သူ … ဖြေရှင်းချက် …
မည်သူက ကြိုးကိုင်သူကို ခန့်မှန်းနိုင်မည်နည်း၊ မြေခွေးလေးကို ပြန်ပေးဆွဲခဲ့သူ အားလုံးသည် သေသွားကြပြီဖြစ်ကာ အလောင်းတောင် မကျန်ခဲ့ပေ။ သဲလွန်စ တစ်ခုမှလည်း မရှိချေ။ လူတိုင်းသည် ထင်မြင်ချက် ကိုယ်စီထုတ်၍ ကြိုးကိုင်သူကို ခန့်မှန်းနိုင်လျှင်တောင် သူတို့တွင် သက်သေမရှိပေ။
ကြိုးကိုင်သူကို မရှာနိုင်ရာ မည်သို့ဖြေရှင်းချက် ပေးရမည်နည်း။ မည်သူက ဖြေရှင်းချက် လာပေးမည်နည်း။
ထိုခဏတွင် ကြယ်ကောင်းကင်မြို့သည် ကြောက်စရာ ကောင်းလောက်အောင် တိတ်ဆိတ်သွားခဲ့သည်။ တိတ်ဆိတ်လွန်း၍ အပ်တစ်ချောင်း ကျသွားလျှင်တောင် ကြားရလောက်သည်။ လူတိုင်းသည် ဘာလုပ်ရမည်မှန်း မသိတော့ဘဲ မျက်မှောင်ကြုတ် လိုက်မိကြသည်။
"ခြီး … "
ထိုခဏတွင် ကျန်းရီသည် ရယ်ချလိုက်ရာ လူတိုင်း၏ အာရုံသည် သူ့အပေါ် ရောက်ရှိသွားခဲ့သည်။ လူတိုင်းသည် အလွန်တည်ငြိမ်နေသော ကျန်းရီအား မြင်လိုက်ရသည့် ခဏတွင် အားကိုးရာ တွေ့သွားသည့်အလား မျက်လုံးများ တောက်ပလာကြသည်။ သူတို့သည် အလိုလိုပင် မျှော်လင့်ချက်များ အားလုံးကို ကျန်းရီ အပေါ်ထားကာ ဤအခြေအနေမှ လွတ်မြောက်အောင် ကျန်းရီပြုလုပ်နိုင်ရန် ဆုတောင်းလိုက်ကြသည်။
ကျန်းရီသည် သွားများပေါ်သည်အထိ အသာပြုံးလိုက်ပြီး လက်နှစ်ဖက်ဆုပ်ကာ ဦးညွှတ်၍ ပြောလိုက်သည်။
"နတ်ဆိုးဧကရီ … အဲ့လို မလုပ်ပါနဲ့၊ နယ်မြေက နိုင်ငံတချို့ကိုလည်း ဖျက်ဆီးပြီးပြီ၊ အသက် အများကြီးကိုလည်း ယူပြီးနေပြီ၊ ဒါကတင် ဧကရီရဲ့ အင်အားကို သက်သေပြပြီး နေပါပြီ … ဧကရီအရှင်မက သဘောထားကြီးကြီးနဲ့ ဒီကိစ္စကို လွှတ်ပေးလိုက်ပါ … မကျေနပ်သေးဘူးဆိုရင် ကျွန်တော့်ကို စိတ်ကြိုက် ရိုက်နိုင်ပါတယ်၊ ကျွန်တော် မခုခံပါဘူး"
ကျန်းရီ၏ ညှိနှိုင်းမှုသည် လူတိုင်းကို ဆွံ့အ သွားစေသည်။ သူတို့အားလုံးသည် တစ်ယောက်မျက်နှာ တစ်ယောက် နားမလည်နိုင်စွာ ကြည့်လိုက်ကြသည်။
နတ်ဆိုးဧကရီသည် နယ်မြေကို သွေးနှင့်ဆေးပစ်မည်ဟု ကြေငြာ လိုက်သည့်အခါ လူတိုင်းသည် စိတ်ဖိစီးသွားကြပြီး လေထုမှာ အလွန်အမင်း လေးလံလာခဲ့သည်။ ဤအခြေအနေတွင် ကျန်းရီသည် ရုတ်တရက် မချေမငံ ပြောဆိုလာခဲ့သည်။ နတ်ဆိုးဧကရီမဆိုထားနှင့်၊ သူတို့ လူသားများတောင် ဤအပြုအမူကို လက်သင့်မခံနိုင်ပေ။
ကျန်းရီသည် ဤကိစ္စကို ကလေးတစ်အုပ်နှင့် အိမ်ဆောက်တမ်း ကစားနေခြင်းဟု ထင်နေသည်လော။ သူသည် နတ်ဆိုးသားရဲမျိုးနွယ်၏ ဧကရီ၊ နယ်မြေ၏ အင်အား အကြီးဆုံးသူကို ရင်ဆိုင်နေရမှန်းရော သိပါ၏လော။
လူတိုင်းသည် ကျန်းရီ၏ စကားများကြောင့် ကျောက်ရုပ်များအလား ဖြစ်သွားကြသည်။ ကျန်းရီသည် နတ်ဆိုးဧကရီ သူ့ကို လက်တစ်ချက်ဖြင့် ရိုက်သတ် လိုက်မည်ကို မကြောက်ပေဘူးလော။ သူမ ဒေါသထွက်၍ ကြယ်ကောင်းကင် တစ်မြို့လုံးအား ဖျက်ဆီးလိုက်မည်ကို မကြောက်ပေဘူးလော။
ကျန်းရီသည် တကယ်တမ်းလည်း နတ်ဆိုးဧကရီကို လုံးဝမကြောက်ပါချေ။ အနည်းဆုံးတော့ သူ့တွင် အကာအကွယ် ရတနာအဖြစ် မြေခွေးလေး ရှိနေရာ နတ်ဆိုးဧကရီသည် သူ့ကိုသတ်မည် မဟုတ်ချေ၊ အသေအချာ စဉ်းစားချင့်ချိန်ပြီးမှ ပြောလိုက်ခြင်း ဖြစ်သည်။ နတ်ဆိုးဧကရီသည် လူသားများနှင့် ဆက်ဆံရေးကို အပြီးတိုင် ဖြတ်တောက်ရန် ဆန္ဒမရှိဟု သူခန့်မှန်းမိခဲ့သည်။ မဟုတ်ပါက မျိုးနွယ် နှစ်ခုလုံးအတွက် ဆုံးရှုံးမှု ကြီးမားမည် ဖြစ်သည်။
နတ်ဆိုးဧကရီသည် သူမ၏ အင်အားကို ပြသချင်သည်။ သူမသည် တစ်လောကလုံးအား အရိုးထိတိုင် စွဲနေမည့် သင်ခန်းစာတစ်ခု ပေးလိုသည်။ သူမနှင့် သူမ၏ သမီးကို ရန်စခြင်း ရှိမလာတော့ စေရန်အတွက် ဖြစ်သည်။
သူမသည် မြို့ပေါင်းများစွာကို ဖျက်စီးခဲ့ပြီး စုဖျင်ဖျင်း အပါအဝင် လူအမြောက် အများကို သတ်ဖြတ်ခဲ့သည်။ သူမသည် မိုးပြာနဂါးအင်ပါယာမှ ဘိုးဘေးကြီးကို ဒဏ်ရာ အပြင်းအထန် ရသွားစေရန် လုပ်ဆောင်ခဲ့သည်။ သူမ၏ အင်အားကို ပြသသင့်သလောက် ပြသပြီးသွားပြီ ဖြစ်သည်။
သူမရည်ရွယ်ချက်သည် တိုက်ခိုက်မှုကို ရပ်စဲတော့မည် ဖြစ်ကြောင်း ပြောချင်နေခြင်း ဖြစ်သည်။ တစ်ခဏမျှ သရုပ်ဆောင်ရန် စင်တစ်ခုသာ လိုတော့သည်။ ကျန်းရီသည် ထိုစင်ကို ဖန်တီးပေး၍ သူ့အား ထွက်ပေါက်အနေဖြင့်သုံးရန် လမ်းခင်းပေးလိုက်ခြင်း ဖြစ်သည်။
"ကျီ … ကျီ"
ထိုခဏတွင် နတ်ဆိုးဧကရီ၏ လက်မောင်းထဲမှ မြေခွေးလေးသည် တောင်းပန်နေသည့် အမူအရာနှင့် မရပ်မနား အော်ဟစ် လာလေသည်။ ၎င်းသည် သားမွေးနုနုလေးများ လွှမ်းနေသော ရှေ့ခြေထောက်လေးဖြင့် ကျန်းရီကို ညွှန်ပြကာ သူ့အမေနှင့် ဆက်သွယ် စကားပြောပုံရသည်။
အောက်မှလူများသည် ကျန်းရီ၊ နတ်ဆိုးဧကရီနှင့် မြေခွေးလေးတို့အား ရင်တမမဖြင့် တစ်လှည့်စီ ကြည့်နေကြလေသည်။ သူတို့အားလုံး၏ အသက်များသည် နတ်ဆိုးဧကရီ၏ လက်ခုပ်ထဲတွင်သာ ဖြစ်တော့သည်။
"ဟူး … "
မြေခွေးလေးသည် အချိန်အကြာကြီး အော်ဟစ် နေပြီးနောက် နတ်ဆိုးဧကရီ၏ မျက်နှာများ တဖြည်းဖြည်း ပျော့ပျောင်း လာခဲ့သည်။ သူမသည် သက်ပြင်းရှည် တစ်ချက်ချ၍ မြေခွေးလေး၏ ဦးခေါင်းအား ပွတ်ပေးလိုက်သည်။ ထို့နောက် ခေါင်းယမ်းကာ အသာ ပြောလာလေသည်။
"ရှောင်ဖေး … မင်းဘာလို့ဆက်ပြီး ကြင်နာ နေနိုင်သေးတာလဲ၊ လူသားတွေက မင်းကို ဘယ်လိုလုပ်ခဲ့တယ် ဆိုတာ မေ့သွားပြီလား၊ မင်းက ကြင်နာတတ်လွန်းတယ် … မယ်တော် ဒီမှာမရှိတော့ရင် လူသားတစ်ယောက်ရဲ့ လက်ထဲမှာ မင်းသေသွားလိမ့်မယ်"
ဒီမှာ မရှိတော့ရင် …
နတ်ဆိုးဧကရီသည် တီးတိုးသာ ပြောလိုက်သည်ဖြစ်ရာ ဘယ်သူမှ မကြားလိုက်ကြပေ၊ ကျန်းရီ တစ်ဦးသာ ကြားနိုင်ခဲ့သည်။ ကျန်းရီသည် မျက်တောင် တဖျပ်ဖျပ် ခတ်ကာ စဉ်းစားလိုက်သည်။ နတ်ဆိုးသားရဲများ၏ သက်တမ်းသည် လူသားများထက် အဆပေါင်းများစွာ ကြာမြင့်သည်ကို သူသိသည်။ နတ်ဆိုးဧကရီသည် အလွန်ငယ်ရွယ်ပုံရရာ မည်သို့ သေမည်နည်း၊ သူမ မသေနိုင်သေးရာ 'ဒီမှာမရှိတော့ရင်' ဟူသော စကားသည် ဘာကို ဆိုလိုနေသနည်း။
"ကျီ … ကျီ"
မြေခွေးလေးသည် သနားစဖွယ် မျက်လုံးလေးတစ်စုံနှင့် မရပ်မနား အော်ဟစ်နေရာ နောက်ဆုံးတွင် နတ်ဆိုးဧကရီ၏ အမူအရာမှာ တည်ငြိမ်သွားခဲ့သည်။
သူမသည် တစ်ခဏကြာအောင် တိတ်ဆိတ် နေပြီးနောက် ရုတ်တရက် လက်ဝါး ရိုက်ချက်တစ်ခု ထုတ်ဖော်လိုက်သည်။ သူမ၏ လက်ဝါးရှေ့တွင် အနီးဝန်းကျင်မှ လေများအားလုံး စုစည်းလာခဲ့ပြီး လက်ဝါး အရိပ်ကြီးပင် ဖြစ်ပေါ်လာခဲ့သည်။ ထိုအခိုက်တွင် သူမ၏ မျက်လုံးများ အေးစက်နေခဲ့ပြီး အော်ပြောလာခဲ့သည်။
"ကောင်လေး … မင်းက နယ်မြေရဲ့ လူတွေအတွက် ကိုယ်စားခံပေးချင်တယ် ဆိုရင် ငါ့လက်ဝါးကို ယူလိုက်၊ မင်းအသက်ရှင် မရှင်ကတော့ မင်းကံပေါ့"
လက်ဝါးချက်တွင် ကောင်းကင်နှင့် မြေကြီးကိုပင် ဖျက်စီးနိုင်လောက်သည့် အရှိန်အဝါတို့ ပါဝင်နေလေသည်။ ထိုလက်ဝါးချက် ကျဆင်းလာသည်နှင့် ရပ်တန့်၍ မရနိုင်တော့ပုံ ပေါ်သည်။ ကျောင်းအုပ်ချီ၊ မင်းသမီးလင်းရွှယ်နှင့် အခြားလူများသာမက ကျန်းရီသည်ပါ မျက်နှာပျက် သွားခဲ့သည်။ သူ့တွင် နဂါးလင်းယုန်ကြီးကို ပြန်သိမ်းနေရန် အချိန်မရှိတော့ဘဲ ကမ္ဘာ့မီးလျှံများ အားလုံးကို ချက်ချင်း ထုတ်လွှတ်၍ သူ့ကိုယ်သူ ကောင်းကင်နတ်ဆိုး ပိုးချည်ဖြင့် ရစ်ပတ်လိုက်သည်။
"ဗုန်း"
လက်ဝါးချက်ကြီး ကျဆင်းလာခဲ့ရာ လေထုမှာ တုန်ခါလာ၍ လှိုင်းများပင် ဖြစ်ပေါ်လာခဲ့သည်။ ကမ္ဘာ့မီးလျှံများသည် လက်ဝါးချက်ကြီးနှင့် ထိတွေ့သည့် ခဏတွင် ချက်ချင်းငြိမ် သွားကြသည်။ နောက်ဆုံးတွင် လက်ဝါးကြီးသည် ကောင်းကင်နတ်ဆိုး ပိုးချည်ဖြင့် ရစ်ပတ်ခံထားသော ကျန်းရီအပေါ် ကျဆင်းသွားခဲ့သည်။
ကျန်းရီသည် လက်ဝါးကြီး၏ ပြင်းထန်လှသော ဖိအားကြောင့် လွင့်ထွက် သွားခဲ့သည်။ သူ့အောက်မှ နဂါးလင်းယုန်ကြီးသည် အော်ဟစ်ရန်ပင် အခွင့်အရေး မရလိုက်ဘဲ အသားစများ အဖြစ် ပြောင်းလဲသွားခဲ့သည်။ လက်ဝါးကြီးသည် ဆက်လက် ကျဆင်းလာခဲ့ပြီး အောက်ဆယ်မီတာ ပတ်လည်ရှိ အရာရာကို ဖျက်ဆီးကာ မြေပေါ်တွင် လက်ဝါးရာ ချိုင့်ကြီးတစ်ခု ချန်ထား ရစ်လေသည်။
"ကျန်းရီ"
"ကင်းထောက် သံတမန်ကျန်း"
လူများစွာတို့၏ ထိတ်လန့်တကြား အော်ဟစ်သံများ ထွက်ပေါ် လာခဲ့သည်။ ကျန်းရီ သေသွားလျှင် ကြီးမားလှသော ဆုံးရှုံးမှုကြီး ဖြစ်သည်။ ကျန်းရီကဲ့သို့ လူသည် နှစ်အနည်းငယ် ကြာပြီးသည်နှင့် လူတိုင်း၏ အထွတ်အထိပ် ရောက်သွားမည်မှာ သေချာသည်။
"တောင်စဉ်သုံးထောင်ဆီ ပြန်ဆုတ်ကြမယ်"
နတ်ဆိုးဧကရီသည် မြေခွေးလေး၏ တကျီကျီ အော်သံကို လျစ်လျူရှုထားကာ ကျန်းရီကို တစ်ချက်မှပင် မကြည့်ဘဲ တည်ငြိမ်စွာ လက်မြှောက်လိုက်သည်။ ထို့နောက် သူမသည် နောက်လှည့်ကာ အနောက်တောင်အရပ်ဆီ တန်းတန်းမတ်မတ် ပျံသန်း သွားခဲ့သည်။ နတ်ဆိုးသားရဲ စစ်တပ် သည်လည်း အော်ဟစ်ကာ သူမနောက်မှ လိုက်ပါ သွားကြသည်။
"ဟူး … "
မင်းသမီးလင်းရွှယ်သည် ခြေထောက်များ ပျော့ခွေနေကာ မြေပေါ် ထိုင်ချမိလုနီးပါး ဖြစ်သွားခဲ့သည်။ သူမသည် ချက်ချင်း တစ်စုံတစ်ရာကို သတိရသွားကာ အော်ဟစ်လိုက်သည်။
"ကင်းထောက် သံတမန်ကျန်းဆီ မြန်မြန်သွားပြီး သူအသက်ရှင်နေသေးလား သွားကြည့်ချေ"
"ဝှစ် … ဝှစ်"
ကျောင်းအုပ်ချီတို့ လူစုနှင့် စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အမြင့်ဆုံး အဆင့်များစွာသည် ပျံသန်းသွားကြပြီ ဖြစ်သည်။ စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အမြင့်ဆုံးအဆင့် လူတစ်ယောက်သည် မြေပေါ် အရင်ရောက်သွားကာ သွေးများရွှဲနေသော လူတစ်ယောက်ကို ပွေ့၍ ဝမ်းသာအားရ အော်ဟစ် လိုက်သည်။
"ရှင်သေးတယ် … ကင်းထောက်သံတမန်ကျန်း အသက်ရှင် နေသေးတယ်"
"ဝိုး"
"ဟမ် … "
လူများစွာသည် အလွန်ပျော်ရွှင် သွားကြသော်လည်း ဝေခွဲမရ ဖြစ်သွားသည့် မျက်လုံးများနှင့် လူများလည်း ရှိလေသည်။ ဤကဲ့သို့ လက်ဝါးရာ ချိုင့်ကြီးပင် ချန်ထားရစ် နိုင်လောက်သည့် လက်ဝါးရိုက်ချက်ကို ခံရပြီးနောက် ကျန်းရီမည်သို့ အသက်ရှင် နေနိုင်သနည်း။
"မြန်မြန် သူ့ကို နန်းတွင်းထဲ ခေါ်သွားပြီး သခင်ဟုန်ကိုရှာ၊ ကင်းထောက် သံတမန်ကျန်း အသက်ရှင်အောင် ဘယ်နည်းနဲ့ဖြစ်ဖြစ် ရအောင်ကုရမယ်လို့ ပြောလိုက်"
မင်းသမီးလင်းရွှယ်သည် ချက်ချင်း အော်ဟစ် အမိန့်ပေးလိုက်သည်။ သူမသည် ခံစားချက်များ ပြင်းထန်လွန်း၍ အသံများပင် တုန်ယင်နေလေသည်။
ကျောင်းအုပ်ချီတို့ အဖွဲ့သည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ကာ မျက်လုံးများ တောက်ပလာခဲ့သည်။ သူတို့အားလုံး တစ်စုံတစ်ခုကို နားလည် သွားခဲ့သည်။
နတ်ဆိုးဧကရီသည် ကျန်းရီအား တမင်ပင် အထူးလက်ဆောင်ကြီး ပေးခဲ့ပုံရသည်။ သူမသာ ကျန်းရီကို သတ်ချင်လျှင် ကျန်းရီ တစ်ယောက် ဆယ်ခါပြန် သေနေလောက်ပြီ ဖြစ်သည်။
"နယ်မြေရဲ့ လူတွေအတွက် ကိုယ်စား ခံပေးချင်တယ်ဆိုရင် … "
နတ်ဆိုးဧကရီ ပြောခဲ့သော ထိုစကားကို ပြန်တွေးကြည့်လိုက်သော် သူတို့အထင်မှာ ပိုမိုသေချာ သွားခဲ့သည်။ နတ်ဆိုးဧကရီသည် ကျန်းရီ သူမသမီးလေးကို ကယ်ပေးခဲ့သည့် အတွက် ကျေးဇူး ပြန်ဆပ်ချင်ခဲ့သည်။ ထို့ကြောင့် သူမသည် ကျန်းရီကို လူသားမျိုးနွယ်၏ သူရဲကောင်း၊ နယ်မြေ၏ ကယ်တင်ရှင် ဖြစ်လာစေကာ နယ်မြေတစ်ခုလုံးမှ လူများ သူ့အား ကျေးဇူးတင် နေကြစေရန် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
***