မနာလိုစိတ်ကြောင့် နာကျင်ရသူများ
Vol. 12 Ch. 187
နဉ်ရှောင်ယောင်း၏ ခြိမ်းခြောက်မှုကို ခံလိုက်ရသော ဖုရှီသည် သခင်မဝမ်ကို မော့ကြည့်လိုက်သည်။ ဒီကိစ္စသာ ပျံ့နှံ့သွားရင် သူမသမီးလေး ဘယ်လိုလုပ်ပြီး ယောက်ျားရတော့မလဲ။ သခင်မဝမ်က နဂါးအစောင့်ခေါင်းဆောင်ကို အပျိုစင်ဆောင်ရှေ့မှာ ပိတ်ဆို့တားဆီးထားတုန်းက သူမသမီးလေးအကြောင်း နည်းနည်းလောက် ထည့်စဉ်းစားပေးခဲ့ရဲ့လား။
"မတုံးပါနဲ့။"
နဉ်ရှောင်ယောင်းသည် ဖုရှီကို ကြည့်ပြီး ပြောလိုက်သည်။
"သူက မင်းရဲ့သမီးအတွက် တရားမျှတမှု ရှာပေးနေတာလို့ ထင်နေလား။ သူက မင်းရဲ့သမီးကို အသုံးချပြီး ငါ့လူကို ဒုက္ခပေးနေတာ။"
ဖုရှီ ခေါင်းငုံ့လိုက်သည်။ သခင်မဝမ်၏အကြံအစည်ကို သူမ နားလည်သော်လည်း သူမလို မယားငယ်တစ်ယောက်က သမီးဖြစ်သူကို ကာကွယ်ပေးဖို့ ဘာတတ်နိုင်မှာလဲ။ သူမမွေးထားတဲ့ သမီးက သူမကိုတောင် 'အမေ' လို့ ခေါ်ခွင့်မရှိဘူး။
နဉ်ရှောင်ယောင်းက သူမ၏ အတွင်းစိတ်ကို ထုတ်ပြောလိုက်သဖြင့် သခင်မဝမ် စကားမပြောနိုင် ဖြစ်သွားသည်။ သို့သော် ချက်ချင်းပင် နဉ်ရှောင်ယောင်းကို အသံကျယ်ကြီးဖြင့် ပြန်ပြောလိုက်သည်။
"ရှဲ့မိသားစုရဲ့ သမီးပျိုတွေက အရှက်ကွဲပြီး မနေနိုင်ပါဘူး။ ကျွန်တော်မျိုးမက ပဉ္စမသခင်မလေးအတွက် တရားမျှတမှု လိုချင်ရုံပါပဲ။"
"သခင်မ!"
ဖုရှီ အော်ဟစ်လိုက်သည်။ သခင်မဝမ်က သူမသမီးကို အတင်းအကျပ် သေခိုင်းနေတာလား။
"ပါးစပ်ပိတ်ထားစမ်း!"
သခင်မဝမ်က ဖုရှီကို အော်ဟစ်လိုက်သည်။
"ငါတို့ ဝင်ပါသင့်လား။"
ခြံဝင်းတံခါးဝတွင် ရပ်နေသော ဟုကော်ကုန်းက လိုကျစ်ကွေ့ကို မေးလိုက်သည်။
လိုကျစ်ကွေ့သည် လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး ခေါင်းခါကာ ပြောလိုက်သည်။
"ဝင်သွားပြီးတော့ အမတ်ချုပ်ကြီးကတော်ကို သတ်ပစ်ရမှာလား။"
ဟုကော်ကုန်း စကားမပြောနိုင်တော့ပေ။ လိုကျစ်ကွေ့က နောက်ပြောင်နေတာလား။ ဒါပေမဲ့ လိုကျစ်ကွေ့ရဲ့ မျက်နှာကို ကြည့်လိုက်တော့ နောက်ပြောင်မယ့်ပုံ မပေါက်ဘူး။
"နင် ပါးစပ်ပိတ်ထား။"
ခြံဝင်းထဲတွင် နဉ်ရှောင်ယောင်းက သခင်မဝမ်ကို အော်ဟစ်လိုက်သည်။
"ငါတို့ သာ့ဖုန်းက ခင်ဗျားသမီး ရှဲ့သော်ယင်းကို ချောင်းကြည့်စရာလား။ ခင်ဗျား ဘယ်လောက်တောင် မျက်နှာပြောင်တိုက်တာလဲ။ နန်းတော်ထဲမှာ အချောအလှတွေ အများကြီး ရှိပါလျက်နဲ့ သူကြည့်ချင်ရင် နန်းတော်ထဲမှာ ကြည့်မှာပေါ့။ ခင်ဗျားသမီး ရှဲ့သော်ယင်းက နတ်သမီးမို့လို့လား။ ပေါက်ကရတွေ!"
နဉ်ရှောင်ယောင်း၏ အနောက်တွင် ရပ်နေသော နဂါးအစောင့်တပ်သားတစ်ဦးက နဉ်ရှောင်ယောင်း၏ အင်္ကျီလက်စကို ဆွဲလိုက်သည်။ အရှင်မင်းကြီးက ခေါင်းဆောင်ဘက်က ပြောပေးနေမှန်း သိပေမယ့် နန်းတော်ထဲက အချောအလှတွေကို ကြည့်တယ်ဆိုတဲ့ စကားကိုတော့ မပြောသင့်ဘူးလေ။
"တစ်လေသံတည်း ထွက်နေတာပဲ။"
နဉ်ရှောင်ယောင်းသည် သခင်မဝမ်ကို ဆက်လက်တိုက်ခိုက်နေသည်။ နဂါးအစောင့်တပ်သား ဆွဲထားသည်ကို သတိမထားမိဘဲ သခင်မဝမ်ကို ဆက်ပြောလိုက်သည်။
"အားလုံးက သာ့ဖုန်းကို အလှပြပြီး မြှူဆွယ်ချင်နေကြတာ။ တခြားနည်းလမ်း မရှိတော့ဘူးလား။"
အရှင်မင်းကြီး၏ စကားကြောင့် ဟုကော်ကုန်းပင် စဉ်းစားသွားသည်။ သခင်မဝမ်အပြင် နောက်ထပ် ဘယ်သူကများ နဂါးအစောင့်ခေါင်းဆောင်ကို အလှပြပြီး မြှူဆွယ်နိုင်သေးလို့လဲ။
မကြာမီ ခြံဝင်းထဲရှိ လူအများ၏မျက်နှာပေါ်တွင် နားလည်သွားသော အရိပ်အယောင်များ ပေါ်လာကြသည်။ နဂါးအစောင့်ခေါင်းဆောင်ကို အလှပြပြီး မြှူဆွယ်နိုင်သူ၊ သခင်မဝမ်နှင့် တစ်လေသံတည်း ထွက်နေသူဆိုလို့ နန်းတော်ထဲက မယ်တော်ကြီးကလွဲရင် ဘယ်သူရှိဦးမှာလဲ။
"သာ့ဖုန်းက နဂါးအစောင့်လေ။"
နဉ်ရှောင်ယောင်းက သခင်မဝမ်ကို အေးစက်စွာ ကြည့်ပြီး ပြောလိုက်သည်။
"သူက မိန်းမလိုက်စားတဲ့သူ ဖြစ်ပါ့မလား။ ဝမ်အမျိုးသမီး၊ ခင်ဗျားက တော်ဝင်မိသားစု မျက်စိကန်းပြီး လူရွေးမှားတယ်လို့ ပြောချင်တာလား။"
သခင်မဝမ်သည် ယင်းဖုန်းကို အလှပြပြီး မြှူဆွယ်ချင်စိတ် လုံးဝမရှိခဲ့ပေ။ သူမက ယင်းဖုန်း၏အမှားကို အခွင့်ကောင်းယူပြီး ဒုက္ခပေးချင်ရုံသာဖြစ်သည်။ ယခု နဉ်ရှောင်ယောင်းက အမှုကြီးများ တပ်လိုက်သဖြင့် သခင်မဝမ် မခံနိုင်တော့ပေ။ တော်ဝင်မိသားစုကို မျက်စိကန်းတယ်လို့ ပြောရဲတဲ့သတ္တိ သူမမှာ ရှိရင် သူမသားအတွက် နဉ်ရှောင်ယောင်းနဲ့ အသေအကြေ တိုက်ခိုက်ပြီးလောက်ပြီ။
"ရှောင်ယောင်း..."
အင်္ကျီကော်လာနားမှ အသံတစ်သံ ကြားလိုက်ရသည်။
နဉ်ရှောင်ယောင်း ငုံ့ကြည့်လိုက်ရာ အားမော့သည် သူမ၏ကော်လာပေါ်တွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။
"ဟွန်း..."
နဉ်ရှောင်ယောင်း ချောင်းဟန့်လိုက်ပြီး ဘေးသို့ အနည်းငယ် လျှောက်သွားကာ တိုးတိုးလေး မေးလိုက်သည်။
"အားမော့၊ ဘယ်လိုရောက်လာတာလဲ။"
"သာ့ဖုန်းက ပဉ္စမသခင်မလေးကို လာကယ်တာ။"
အားမော့က ပြောလိုက်သည်။
နဉ်ရှောင်ယောင်း၏ မျက်လုံးများ ပြူးကျယ်သွားသည်။ ငါ ထင်သားပဲ၊ တစ်ခုခုတော့ ရှိနေတယ်။
အားမော့သည် ကော်လာပေါ်တွင် ထိုင်ရတာ အဆင်မပြေ၍ နဉ်ရှောင်ယောင်း၏ ညာဘက်နားရွက်ပေါ်သို့ တက်လိုက်ပြီး ပြောလိုက်သည်။
"သခင်မကြီး သေသွားတော့ ပဉ္စမသခင်မလေးရဲ့ ဘဝက သနားစရာ ကောင်းလာတယ်။ ရှဲ့မိသားစုက သခင်မလေးတွေ အကုန်လုံးက သူ့ကို အနိုင်ကျင့်ကြတယ်။"
နဉ်ရှောင်ယောင်းက ပြောလိုက်သည်။
"သူတို့က သခင်မကြီး အချစ်ဆုံးမို့လို့ မနာလိုဖြစ်နေကြတာလား။"
"မသိဘူးလေ။"
အားမော့က ပြောလိုက်သည်။
"ဒါပေမဲ့ သခင်မလေးတွေ ပြောကြတာက သခင်မကြီးက အသက်ကြီးပြီး မျက်လုံးမှုန်နေလို့တဲ့။ ငါ့အစ်ကိုကြီး ပြောတာကတော့ လူတွေ အသက်ကြီးလာရင် မျက်လုံးမှုန်တတ်တယ်တဲ့။"
"မျက်စိအမြင်အာရုံ ပြဿနာ မဟုတ်ပါဘူး။"
နဉ်ရှောင်ယောင်းက ပြောလိုက်သည်။
"ပြန်ရောက်ရင် မင်းအစ်ကိုကြီးကို ပြောလိုက်။ သူတို့က သခင်မကြီးကို မျက်စိကန်းနေတယ်လို့ ပြောနေတာ။"
"ဪ..."
အားမော့က နားလည်သွားသည်။
"ဆက်ပြောပါဦး။"
နဉ်ရှောင်ယောင်းက မေးလိုက်သည်။
"ပြီးတော့ ဘာဖြစ်လဲ။"
"ပြီးတော့ သူတို့က အရိုင်းအစိုင်းကောင်တစ်ကောင် ရှာပြီး ပဉ္စမသခင်မလေးကို ဒုက္ခပေးခိုင်းတာ။"
အားမော့က ပြောလိုက်သည်။
"အဲဒီသခင်မလေးတွေ အကုန်စီစဉ်ပြီးပြီ။ ပဉ္စမသခင်မလေး ရေချိုးနေတုန်း သူတို့ မကောင်းတာ လုပ်ကြမလို့။"
နဉ်ရှောင်ယောင်း မေးစေ့ကို ပွတ်သပ်လိုက်သည်။
"အဲဒီအရိုင်းအစိုင်းကောင် အခန်းထဲ ဝင်မလို့ လုပ်တုန်း ပဉ္စမသခင်မလေးက အော်လိုက်တော့ ငါတို့ သာ့ဖုန်း ရောက်သွားတာပေါ့။"
အားမော့က "ဝါး... ရှောင်ယောင်း နင် တော်လိုက်တာ။"
နဉ်ရှောင်ယောင်းက နှိမ့်ချစွာ ပြောလိုက်သည်။
"သာမန်ပါပဲ။ အရမ်းကြီး မတော်ပါဘူး။ ငါက မိုးထိအောင် မိုက်ရုံလေးပါပဲ။"
"အင်း..."
မိုးထိအောင် မိုက်တယ်ဆိုတာ ဘာလဲ နားမလည်ပေမယ့် အားမော့က ထောက်ခံလိုက်သည်။
"ရှောင်ယောင်း မိုက်တယ်။"
"ဟားဟား..."
နဉ်ရှောင်ယောင်း ရယ်မောလိုက်သည်။
"ဒါပေမဲ့ အားမော့ နားမလည်တာက..."
အားမော့က မေးလိုက်သည်။
"သာ့ဖုန်းက ဘာလို့ အမှန်အတိုင်း ထုတ်မပြောတာလဲ။"
နဉ်ရှောင်ယောင်းသည် အပျိုစင်ဆောင်ရှေ့တွင် ရပ်နေသော ယင်းဖုန်းကို လှည့်ကြည့်လိုက်ပြီး ပြောလိုက်သည်။
"ပဉ္စမသခင်မလေး ရေချိုးနေတုန်း အရိုင်းအစိုင်းကောင်တစ်ကောင် ဝင်ပြီး မုဒိမ်းကျင့်ဖို့ လုပ်တယ်လို့ ပြောလိုက်ရင် ပဉ္စမသခင်မလေးရဲ့ သိက္ခာ ကျသွားမှာပေါ့။ အဲဒါဆိုရင် သူ ဘဝပျက်သွားမှာလေ။"
ဒီကမ္ဘာက ကမ္ဘာပျက်ကပ်နဲ့ မတူဘူး။ ကမ္ဘာပျက်ကပ်မှာက ဖုတ်ကောင်အကိုက်မခံရရင် ပြီးတာပဲ။ ဒီကမ္ဘာမှာက စည်းကမ်းတွေ များလွန်းတယ်။ နဉ်ရှောင်ယောင်း သက်ပြင်းချလိုက်သည်။
"အို... သာ့ဖုန်းက လူကောင်းပဲ။"
နဉ်ရှောင်ယောင်း နှုတ်ခမ်းစုပ်သပ်လိုက်သည်။ လူကောင်းဆိုတာလောက်နဲ့ ပြီးသွားပြီလား။
"အဲဒီ အရိုင်းအစိုင်းကောင်ရယ်၊ ဒုက္ခပေးတဲ့ သခင်မလေးတွေရယ် ဒီမှာရှိလား။"
နဉ်ရှောင်ယောင်း မေးလိုက်သည်။
"သခင်မလေးတွေ မရှိဘူး။ အရိုင်းအစိုင်းကောင်ကတော့ နောက်ဆုံးတန်းမှာ ဒူးထောက်နေတယ်။"
နဉ်ရှောင်ယောင်း အမတ်ချုပ်ကြီးအိမ်တော် လူအုပ်ကြီး၏ နောက်ဆုံးတန်းကို လှမ်းကြည့်လိုက်သည်။ နောက်ဆုံးတန်းမှာ အစေခံပုံစံ အမျိုးသားတစ်ဦး ဒူးထောက်နေသည်ကို တွေ့လိုက်ရသည်။
"အဲဒီလူပဲ။ အားမော့ မမှားနိုင်ဘူး။"
အားမော့က အတည်ပြုလိုက်သည်။
"ဘယ်သခင်မလေးတွေလဲဆိုတာ အားမော့ သိလား။"
နဉ်ရှောင်ယောင်း မေးလိုက်သည်။
"သခင်မလေး ၁၊ ၃၊ ၄၊ ၆၊ ၇၊ ၈..."
အားမော့က နံပါတ်စဉ်လိုက် ရွတ်ပြလိုက်သည်။
နဉ်ရှောင်ယောင်း ခေါင်းညိတ်လိုက်သည်။
"ရှောင်ယောင်း ဘာလုပ်မလို့လဲ။"
"ငါက ရှဲ့သော်ယင်းကို သိပ်မကြိုက်ပေမယ့် မနာလိုစိတ်ကြောင့် သူများကို ဒုက္ခပေးတဲ့လူတွေကို ပိုမုန်းတယ်။ ကောင်မစုတ်လေးတွေ!"
အားမော့ တွေးလိုက်မိသည်မှာ... ရှဲ့မိသားစု သခင်မလေးတွေ ကံဆိုးတော့မယ်။
နဉ်ရှောင်ယောင်းသည် လက်နောက်ပစ်ပြီး ထိုအရိုင်းအစိုင်းကောင်အနောက်သို့ လျှောက်သွားလိုက်သည်။
ထိုလူသည် နဉ်ရှောင်ယောင်း အမှန်တရားကို သိသွားမှန်း မသိသေးသဖြင့် ရိုရိုသေသေ ဒူးထောက်နေဆဲပင်။
နဉ်ရှောင်ယောင်း စကားမပြောဘဲ ထိုလူ၏ကျောကုန်းကို ခြေထောက်ဖြင့် ကန်လိုက်ရာ နဂါးအစောင့်တပ်သားများ၏ ခြေရင်းသို့ လွင့်စင်သွားလေသည်။
"ဖမ်းထားလိုက်!"
အခြေအနေကို နားမလည်သော်လည်း နဂါးအစောင့်တပ်သားများသည် အမိန့်နာခံပြီး ထိုလူကို ဖမ်းချုပ်လိုက်ကြသည်။
ယင်းဖုန်း အံ့သြစွာ နဉ်ရှောင်ယောင်းကို ကြည့်လိုက်သည်။ အရှင်မင်းကြီး ဘယ်လိုသိတာလဲ။
နဉ်ရှောင်ယောင်း နဂါးအစောင့်တပ်သားများကြားသို့ ပြန်လျှောက်လာပြီး အမိန့်ပေးလိုက်သည်။
"ဒီအိမ်တော်က သခင်မလေး ၁၊ ၃၊ ၄၊ ၆၊ ၇၊ ၈ ကို ဒီခေါ်လာခဲ့။"
နဂါးအစောင့်တပ်သားတစ်ဦးက မျက်နှာငယ်လေးဖြင့် ပြောလိုက်သည်။
"အရှင်မင်းကြီး၊ ကျွန်တော်မျိုးတို့က သခင်မလေးတွေရဲ့ ရုပ်ကို မသိပါဘူး။"
နဉ်ရှောင်ယောင်း ရေရွတ်လိုက်သည်။
"ဟုတ်သားပဲ။"
ထိုအချိန် အားမော့က "ငါ သိတယ်။"
နဉ်ရှောင်ယောင်း နှာခေါင်းပွတ်လိုက်ပြီး ဘေးသို့ လျှောက်သွားကာ တိုးတိုးလေး ပြောလိုက်သည်။
"ဒါပေမဲ့ မင်းပြောတာကို ငါ့လူတွေကမှ နားမလည်တာ။"
အားမော့ "...."
ဟုတ်သားပဲ။ အရှင်မင်းကြီးတစ်ယောက်တည်း ပုရွက်ဆိတ်စကား နားလည်တာ။
နဉ်ရှောင်ယောင်းသည် ခြံဝင်းထဲရှိ လူများကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ သခင်မဝမ်နှင့် အဖွဲ့သားများသည် နဉ်ရှောင်ယောင်း၏အမိန့်ကြောင့် အံ့သြမှင်သက်နေကြသည်။ နဉ်ရှောင်ယောင်းသည် မျက်လုံးများ နီရဲနေပြီး မျက်ရည်စများ မခြောက်သေးသော အစေခံမလေးတစ်ဦး၏ ရှေ့သို့ လျှောက်သွားပြီး မေးလိုက်သည်။
"မင်းက ရှဲ့သော်ယင်းရဲ့ အစေခံလား။"
အစေခံမလေးသည် နဉ်ရှောင်ယောင်း စကားပြောလာသဖြင့် တုန်လှုပ်သွားသည်။ ရှဲ့အိမ်တော်သခင်များသည် သူမအတွက် ကြီးမြတ်သောပုဂ္ဂိုလ်များ ဖြစ်သည်။ ဧကရာဇ်မင်းဆိုသည်မှာ သူမ စိတ်ကူးထဲပင် ထည့်မစဉ်းစားရဲသော ပုဂ္ဂိုလ်ဖြစ်သည်။
နဉ်ရှောင်ယောင်း ဒူးကွေးထိုင်ချလိုက်ပြီး ပြောလိုက်သည်။
"ရှဲ့သော်ယင်းကိစ္စကို ငါသိတယ်။ သူ့အတွက် တရားမျှတမှု ရှာပေးချင်လား။"
အစေခံမလေး မော့ကြည့်လိုက်သည်။
နဉ်ရှောင်ယောင်း သကြားလုံးတစ်လုံးကို အစေခံမလေး၏ပါးစပ်ထဲ ထည့်ပေးလိုက်ပြီး ပြောလိုက်သည်။
"ငါတို့ သာ့ဖုန်းက မင်းရဲ့သခင်မလေးကို ကယ်ခဲ့တာလေ။ ညီမလေး၊ လူကောင်းတစ်ယောက် မတရားစွပ်စွဲခံရတာကို မင်း မကြည့်ရက်ဘူးမလား။"
အစေခံမလေးက "မကြည့်ရက်ပါဘူး။"
"ဒါဆို လမ်းပြပေး၊ ရမလား။"
နဉ်ရှောင်ယောင်း တိုးတိုးလေး ပြောလိုက်သည်။
"အမတ်ချုပ်ကြီးအိမ်တော်က မကောင်းဆိုးဝါးတွေ များတယ်။ တခြားနေရာ ပြောင်းနေဖို့ စဉ်းစားကြည့်ပါလား။"
အစေခံမလေးက ကြောင်တောင်တောင် မေးလိုက်သည်။
"အရှင်မင်းကြီးက ကျွန်တော်မျိုးမကို ခေါ်သွားမလို့လား။"
"မင်း လမ်းပြပေးရင် ငါခေါ်သွားမယ်။"
နဉ်ရှောင်ယောင်းက ကမ်းလှမ်းလိုက်သည်။
အစေခံမလေး ခေါင်းညိတ်လိုက်သည်။ ဧကရာဇ်မင်းနှင့် အမတ်များ... ငတုံးမှသာ ဧကရာဇ်မင်းကို မရွေးဘဲ နေမှာပေါ့။
"သဘောတူတယ်နော်။"
နဉ်ရှောင်ယောင်းသည် အစေခံမလေးကိုဆွဲပြီး နဂါးအစောင့်တပ်သားများရှေ့သို့ ခေါ်သွားကာ ပြောလိုက်သည်။
"ဒီညီမလေး လမ်းပြပေးလိမ့်မယ်။ မလိုက်ချင်တဲ့သူကို အတင်းဖမ်းခေါ်လာခဲ့။"
လမ်းပြရှိသွားပြီဆိုတော့ နဂါးအစောင့်တပ်သားများ အခက်အခဲမရှိတော့ဘဲ အစေခံမလေးကိုခေါ်ကာ ထွက်ခွာသွားကြသည်။
"အရှင်မင်းကြီး။"
ယင်းဖုန်း နဉ်ရှောင်ယောင်းကို လှမ်းခေါ်လိုက်သည်။
"မင်း စကားမပြောနဲ့။"
နဉ်ရှောင်ယောင်းက တားလိုက်သည်။
"မင်းကိစ္စကို ပြန်ရောက်မှ ဆွေးနွေးကြမယ်။ မင်းက ပြဿနာရှာတတ်လွန်းတယ်။"
ယင်းဖုန်း ပါးစပ်ဟလိုက်သော်လည်း ဘာပြောရမှန်း မသိတော့ပေ။
"အရှင်မင်းကြီး၊ ဘာလုပ်မလို့လဲ။"
သတိပြန်ဝင်လာသော သခင်မဝမ် အော်ဟစ်လိုက်သည်။
"မင်းတို့နှစ်ယောက် အမတ်ချုပ်ကြီးကို သွားခေါ်လိုက်။"
နဉ်ရှောင်ယောင်းက နဂါးအစောင့်တပ်သားနှစ်ဦးကို အမိန့်ပေးလိုက်သည်။
"ဒီမှာ မိန်းမစစ်ပွဲ ဖြစ်နေတယ်။ အမတ်ချုပ်ကြီး လာကြည့်ဖို့ စောင့်နေတယ်လို့ ပြောလိုက်။"
နဂါးအစောင့်တပ်သားနှစ်ဦး ထွက်ခွာသွားသည်။
"အရှင်မင်းကြီး!"
သခင်မဝမ်၏ အော်သံသည် ဟိန်းဟောက်သံနှင့် တူလာသည်။
"ဘာအော်နေတာလဲ။"
နဉ်ရှောင်ယောင်းက ပြောလိုက်သည်။
"ဘာပဲဖြစ်ဖြစ် ငါက မိဖုရားရွေးနေတာ မဟုတ်ဘူး။"
သခင်မဝမ် စိုးရိမ်စိတ်များ ကြီးထွားလာသည်။ ဒီလူက ရှဲ့မိသားစု သခင်မလေးတွေကို ဖျက်ဆီးချင်နေတာလား။
"မဖြစ်ဘူး... မလုပ်ရဘူး။ အရှင်မင်းကြီး အဲဒီလို မလုပ်ရဘူး။"
သခင်မဝမ်သည် စိတ်လွတ်သွားပြီး ဘယ်ကအားတွေ ရောက်လာမှန်းမသိဘဲ ကြမ်းပြင်မှ ထရပ်ကာ နဉ်ရှောင်ယောင်းဆီသို့ ပြေးဝင်လာသည်။
နဉ်ရှောင်ယောင်း လုံးဝမညှာတာဘဲ လက်သီးဖြင့် သခင်မဝမ်၏မျက်နှာကို ထိုးချလိုက်ရာ သခင်မဝမ် မေ့လဲသွားလေသည်။
နဂါးအစောင့်တပ်သားများ "..."
တကယ်တော့ ငါတို့ ရှိနေဖို့ မလိုပါဘူးနော်။
"ဘယ်သူမှ မလှုပ်နဲ့။"
နဉ်ရှောင်ယောင်းသည် ကြောင်အသွားသော အမတ်ချုပ်ကြီးအိမ်တော်မှ လူများကို ပြောလိုက်သည်။
"လှုပ်ရင် သခင်မလိုပဲ ဖြစ်သွားမယ်။ ငါ လက်အားမလျှော့ဘူးနော်။"
အမတ်ချုပ်ကြီးအိမ်တော်မှ လူများ မလှုပ်ရဲကြတော့ပေ။ သူတို့အားလုံး ဒီနေ့ အသက်ရှင်ပါ့မလားဟု စိုးရိမ်နေကြသည်။
"နည်းနည်း လွန်လွန်းမနေဘူးလား။"
ဘေးမှ ကြည့်နေသော ဟုကော်ကုန်းက လိုကျစ်ကွေ့ကို တိုးတိုးလေး မေးလိုက်သည်။
အမျိုးသမီးတွေကို လက်ပါတာက နာမည်ပျက်စေတယ်။
လိုကျစ်ကွေ့က ပြောလိုက်သည်။
"ယင်းဖုန်းက အကြောင်းမဲ့ သက်သက် အပျိုစင်ဆောင်ရှေ့ ရောက်နေတာ မဟုတ်ဘူး။ အရှင်မင်းကြီး ဒီလိုလုပ်တာ အကြောင်းရင်း ရှိမှာပါ။"
ဟုကော်ကုန်း "..."
ဒါဆို မင်းက အရှင်မင်းကြီးကို ကူညီပြီး ရှဲ့မိသားစု အိမ်တွင်းရေးကိုပါ ဝင်စွက်ဖက်တော့မလို့လား။
***