← Chapters

မကောင်းကြံသော သခင်မလေးများ

Vol. 12 Ch. 188

မကောင်းကြံသော သခင်မလေးများ

Vol. 12 Ch. 188

လိုကျစ်ကွေ့ ခြံဝင်းထဲသို့ ဝင်သွားသောအခါ ဟုကော်ကုန်းသည် အားနာပါးနာဖြင့် နောက်မှ လိုက်သွားလိုက်သည်။ ကိုယ့်အိမ်မှာတောင် အိမ်တွင်းရေးကိစ္စတွေကို ဝင်မပါတတ်တဲ့ ယောကျာ်းတစ်ယောက်၊ ကိုယ့်သမီးရဲ့ အပျိုစင်ဆောင်က ဘယ်လိုပုံစံလဲဆိုတာတောင် မသိတဲ့ ယောကျာ်းတစ်ယောက်အနေနဲ့ ရှဲ့ပဉ္စမသခင်မလေးရဲ့ အပျိုစင်ဆောင်ရှေ့မှာ ရပ်နေရတာက ဟုကော်ကုန်းအတွက် တော်တော်နေရခက်တဲ့ ကိစ္စပါပဲ။

လိုကျစ်ကွေ့ကတော့ ဟုကော်ကုန်းလောက် နေရမခက်ပေ။ နဉ်ရှောင်ယောင်းရှေ့သို့ တန်းတန်းမတ်မတ် လျှောက်သွားပြီး တိုးတိုးလေးမေးလိုက်သည်။

"ဘာဖြစ်တာလဲ။"

ကျန်ရစ်ခဲ့သော နဂါးအစောင့်တပ်သားများလည်း နားစွင့်နေကြသည်။ ဟုတ်တယ်လေ၊ ဘာတွေဖြစ်နေကြတာလဲ။

"အရှင်မင်းကြီး။"

ယင်းဖုန်းက နဉ်ရှောင်ယောင်းကို လှမ်းခေါ်လိုက်သည်။

နဉ်ရှောင်ယောင်း လိုကျစ်ကွေ့ကို အခြေအနေ ရှင်းပြရန် ပြင်လိုက်စဉ် ယင်းဖုန်းက ခေါ်လိုက်သဖြင့် ပါးစပ်ပိတ်လိုက်ရသည်။ ဟုတ်သားပဲ၊ ဒီကိစ္စ ပေါက်ကြားသွားရင် ရှဲ့သော်ယင်းအတွက် တကယ်မကောင်းဘူး။ သူမက လူဆိုးတွေကို ဆုံးမဖို့ပဲ တွေးနေတာ၊ ရှဲ့ပဉ္စမသခင်မလေးရဲ့ ဂုဏ်သိက္ခာကို မေ့နေတယ်။

အပျိုစင်ဆောင်တံခါး ပွင့်သွားပြီး ရှဲ့သော်ယင်း ထွက်လာသည်။ မိတ်ကပ်မလိမ်းထားသော မျက်နှာ၊ ရိုးရှင်းသော အပြာရောင် ဂါဝန်နှင့် ဆံပင်ကို သပ်သပ်ရပ်ရပ် စည်းနှောင်ထားသည်။ မျက်လုံးများ နီရဲနေသော်လည်း တည်ငြိမ်စွာ လျှောက်လှမ်းလာသည်။

နဉ်ရှောင်ယောင်း ရှဲ့သော်ယင်းကို အထက်အောက် အကဲခတ်ကြည့်လိုက်သည်။ အလှပဂေးဆိုတာ အလှပဂေးပါပဲ။ မျက်လုံးတွေ မို့အစ်နေတာတောင် လှနေတုန်းပဲ။

ရှဲ့သော်ယင်းသည် လှေကားထစ်များပေါ်မှ ဆင်းလာပြီး နဉ်ရှောင်ယောင်းရှေ့ ရောက်သောအခါ ဒူးထောက်လိုက်သည်။

"အရှင်မင်းကြီး၊ ကျွန်တော်မျိုးမ မတရားစွပ်စွဲခံရတာပါ။"

"ငါ သိပါတယ်။"

နဉ်ရှောင်ယောင်းက ပြောလိုက်သည်။

"ဒါဆို မင်း ဘာဖြစ်ချင်လို့လဲ။"

ရှဲ့သော်ယင်းက ပြောလိုက်သည်။

"ကျွန်တော်မျိုးမက တရားမျှတမှုကို လိုချင်ရုံပါပဲ။"

နဉ်ရှောင်ယောင်း ယင်းဖုန်းကို ကြည့်လိုက်သည်။ ကောင်မလေးက တရားမျှတမှုကို လိုချင်တယ်တဲ့၊ မင်းသဘောက ဘယ်လိုလဲ။

ယင်းဖုန်း ရှဲ့သော်ယင်းကို လှည့်မကြည့်ပေ။ ရှဲ့သော်ယင်း စကားပြောနေတာကို မကြားသလိုပင် ရှေ့တည့်တည့်ကို ကြည့်နေသည်။

ဒါ ရှဲ့ပဉ္စမသခင်မလေးကို လေးစားတဲ့သဘောပဲ။ နဉ်ရှောင်ယောင်း နားလည်လိုက်သည်။

လိုကျစ်ကွေ့က ယင်းဖုန်းကို ကြည့်ပြီး ပြောလိုက်သည်။

"မင်းနဲ့ ပဉ္စမသခင်မလေးက..."

"ဟိုလေ..."

နဉ်ရှောင်ယောင်း လိုကျစ်ကွေ့၏အင်္ကျီလက်စကို ဆွဲလိုက်သည်။

"ဒီကိစ္စက ပြောရရင် ယုံတမ်းစကားလို ရှည်တယ်။"

"ကျွန်တော်မျိုးနဲ့ ပဉ္စမသခင်မလေးက..."

ယင်းဖုန်း ရှင်းပြရန် ပြင်လိုက်သည်။ သူက လူကယ်ရုံသက်သက်ပါပဲ။

"မင်း စကားမပြောနဲ့တော့။"

နဉ်ရှောင်ယောင်း ယင်းဖုန်းကို တားလိုက်သည်။

"မင်းကိစ္စကို နောက်မှ အေးဆေးပြောကြမယ်။"

ဟုကော်ကုန်းသည် ဒူးထောက်နေသော ရှဲ့သော်ယင်းကို ကြည့်လိုက်၊ အရပ်ရှည်ပြီး ချောမောသော ယင်းဖုန်းကို ကြည့်လိုက်ဖြင့် မျက်ခုံးပင့်လိုက်သည်။ အရှင်မင်းကြီးနဲ့ အမတ်ချုပ်ရှဲ့က ရန်သူတွေ၊ ဒါပေမဲ့ အရှင်မင်းကြီးရဲ့ ကိုယ်ရံတော်ခေါင်းဆောင်နဲ့ အမတ်ချုပ်ရှဲ့ရဲ့ မြေးမလေးက ဇာတ်လမ်းရှိနေတယ်ပေါ့။ စိတ်ဝင်စားစရာပဲ။

သခင်မဝမ် သတိရလာသည်။ အစေခံနှစ်ဦး တွဲထူပေးထားပြီး နဉ်ရှောင်ယောင်းကို မြင်သောအခါ ငိုချလိုက်ပြန်သည်။

"တော်ပြီ။"

နဉ်ရှောင်ယောင်းက ပြောလိုက်သည်။

"သခင်မ ခဏနေမှ ငို။ ခဏနေရင် သခင်မ ငိုချင်လွန်းလို့ သေသွားမယ့်အထိ ဖြစ်သွားစေရမယ်လို့ ငါ အာမခံတယ်။"

"မင်း..."

သခင်မဝမ်က ပြောလိုက်သည်။

"မင်း ဘာလုပ်မလို့လဲ။"

နဉ်ရှောင်ယောင်းက ပြောလိုက်သည်။

"တရားမျှတမှုကို ဖော်ထုတ်မလို့လေ။ ဘာလုပ်ရဦးမှာလဲ။ ငါက အမတ်ချုပ်အိမ်တော်မှာ ပျော်လို့ နေနေတာမှတ်လို့။"

ငိုသံများ အဝေးမှ ကြားလိုက်ရသဖြင့် နဉ်ရှောင်ယောင်းသည် နဂါးအစောင့်တပ်သားများ သွားဖမ်းထားသော သခင်မလေးများ ရောက်လာပြီဖြစ်ကြောင်း သခင်မဝမ် သိလိုက်သည်။ စိတ်လောကြီးစွာဖြင့် နဉ်ရှောင်ယောင်းကို အော်ပြောလိုက်သည်။

"အရှင်မင်းကြီး၊ ကျွန်တော်မျိုးမက အရှင်မင်းကြီးရဲ့ အဖွားအရင်းပါ!"

နဉ်ရှောင်ယောင်း "..."

ဟုတ်သားပဲ၊ သူက ငါ့အဖွားပဲ။ မပြောရင် ငါမေ့နေတာ။

"ရိုင်းစိုင်းလိုက်တာ။"

လိုကျစ်ကွေ့ ဝင်ပြောလိုက်သည်။

"ယင်းဖုန်းကို အမတ်ချုပ်အိမ်တော်မှာ ပိတ်ဆို့ထားတုန်းက အရှင်မင်းကြီးက ခင်ဗျားရဲ့ မြေးဆိုတာ တွေးမိသေးရဲ့လား။"

သခင်မဝမ် လိုကျစ်ကွေ့၏စကားကြောင့် ပါးစပ်ပိတ်သွားရသည်။

ငိုသံများ ခြံဝင်းတံခါးဝသို့ ရောက်လာကြသည်။ ရှဲ့အိမ်တော်မှ သခင်မလေးများသည် အစေခံများ ဝိုင်းရံလျက် ငိုယိုကာ ဝင်ရောက်လာကြသည်။ နောက်တွင် ဓားထုတ်ထားသော နဂါးအစောင့်တပ်သားများ ပါလာကြသည်။

သခင်မလေးများ ငိုယိုဝင်ရောက်လာသောအခါ ခြံဝင်းထဲရှိ လူများလည်း လိုက်ငိုကြသည်။ အမတ်ချုပ်အိမ်တော် ပျက်စီးတော့မည့်အလား ထင်မှတ်ရသည်။

နဉ်ရှောင်ယောင်းသည် သခင်မဝမ် သခင်မလေးများရှိရာသို့ သွားရန် ပြင်နေသည်ကို မြင်သောအခါ ခြေထောက်ဖြင့် ကြိုးတုပ်ထားသော အမျိုးသားကို ကန်လိုက်ရာ သခင်မလေးများ၏ ခြေရင်းသို့ လွင့်စင်သွားလေသည်။

ရှဲ့အိမ်တော် အကြီးဆုံးသခင်မလေးသည် ထိုလူ၏မျက်နှာကို မြင်သောအခါ ကြောင်အသွားသည်။

ကျန်သခင်မလေးများလည်း ထိုလူကို မြင်လိုက်ရသောအခါ အငယ်ဆုံး သခင်မလေးနှစ်ယောက် အော်ဟစ်လိုက်ကြသည်။

"သိကြလား။"

နဉ်ရှောင်ယောင်း မေးလိုက်သည်။

ဘယ်သခင်မလေးကမှ ဒီလူကို သိပါတယ်လို့ ဝန်မခံရဲကြပေ။ အားလုံး ပြိုင်တူ ခေါင်းခါလိုက်ကြသည်။

"လူတွေကို ဆွဲထုတ်လိုက်။"

လိုကျစ်ကွေ့ အမိန့်ပေးလိုက်သည်။

နဂါးအစောင့်တပ်သားများ ရှေ့တိုးလာပြီး သခင်မလေးများကို ဝိုင်းရံထားသော အစေခံများကို မောင်းထုတ်ရန် ပြင်လိုက်သည်။

အစေခံများ ဖယ်မပေးရဲကြပေ။ နဂါးအစောင့်တပ်သားများကို ကြောက်သော်လည်း သူတို့ မဖယ်ပေးရဲကြပေ။

"ချ။"

လိုကျစ်ကွေ့ အေးစက်စွာ အမိန့်ပေးလိုက်သည်။

နဂါးအစောင့်တပ်သားများသည် ဓားဖြင့် အစေခံများကို ရိုက်နှက်လိုက်ရာ မျက်စိတစ်မှိတ်အတွင်း အစေခံ ၇၊ ၈ ယောက် လဲကျသွားကြသည်။ သွေးများမြင်လိုက်ရသဖြင့် သခင်မလေးအချို့ ကြောက်လန့်ပြီး မေ့လဲသွားကြသည်။

ခြံဝင်းထဲတွင် အော်ဟစ်ငိုကြွေးသံများ ဆူညံသွားသည်။ လိုကျစ်ကွေ့ အေးစက်စွာ ထပ်ပြောလိုက်သည်။

"ထပ်အော်တဲ့ကောင် သတ်ပစ်မယ်။"

လိုကျစ်ကွေ့၏အသံမှာ မကျယ်လောင်သော်လည်း အာဏာပါလှသဖြင့် ငိုသံများ ချက်ချင်း တိတ်သွားသည်။

နဉ်ရှောင်ယောင်း နှာခေါင်းရှုံ့လိုက်သည်။ ငါ ဘယ်တော့မှ ဒီလိုအရှိန်အဝါမျိုး ရပါ့မလဲ။ တကယ့်ကို မိုက်လိုက်တာ။

ဟုကော်ကုန်း တွေးလိုက်မိသည်။ အနက်ရောင်နှင်းခဲ မြင်းတပ် ဖြတ်သွားတဲ့နေရာတိုင်း သက်ရှိတွေ သေကြေပျက်စီးတယ်ဆိုတဲ့ ကောလဟလက အမှန်ဖြစ်လောက်တယ်။ လိုကျစ်ကွေ့အတွက်တော့ ဒီလောကမှာ ယောကျာ်း၊ မိန်းမ၊ လူကြီး၊ လူငယ်ဆိုတာ မရှိဘဲ သတ်သင့်တဲ့သူနဲ့ မသတ်သင့်တဲ့သူဆိုတာပဲ ရှိပုံရတယ်။

အမတ်ချုပ်ရှဲ့ကို ထမ်းစင်ဖြင့် ခေါ်ဆောင်လာကြသည်။

ထမ်းစင်ထမ်းလာသော အစေခံနှစ်ဦးသည် ခြံဝင်းထဲတွင် နဂါးအစောင့်တပ်သားများ ဓားထုတ်ထားပြီး လူများ သွေးသံရဲရဲဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် ခြံဝင်းတံခါးဝတွင် ရပ်တန့်သွားကြသည်။

"ဝင်သွား။"

အမတ်ချုပ်ရှဲ့သည် ခြံဝင်းထဲမှ အခြေအနေကို မြင်သော်လည်း ထူးထူးခြားခြား တုံ့ပြန်မှုမရှိဘဲ အစေခံနှစ်ဦးကို အေးစက်စွာ အမိန့်ပေးလိုက်သည်။

အစေခံများ ကြောက်ကြောက်ရွံ့ရွံ့ဖြင့် အမတ်ချုပ်ရှဲ့ကို ခြံဝင်းထဲသို့ ထမ်းခေါ်လာကြသည်။

သခင်မဝမ်သည် ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော အမတ်ချုပ်ရှဲ့ကို ကြည့်ပြီး မျက်ရည်ကျကာ ဝမ်းနည်းလွန်းသဖြင့် စကားမပြောနိုင်တော့ပေ။

အမတ်ချုပ်ရှဲ့သည် သခင်မဝမ်ကို ကြည့်လိုက်သော်လည်း ရင်ထဲတွင် မောပန်းနွမ်းနယ်မှုကို ခံစားလိုက်ရသည်။ မြေးမလေးရဲ့ဂုဏ်သိက္ခာကို ဖျက်ဆီးပြီး နဉ်ယွီကို တိုက်ခိုက်မယ် ဟုတ်လား။ ဒီမိန်းမ ဘယ်တုန်းက ဒီလောက်တုံးပြီး သတ္တိရှိသွားတာလဲ။ အိမ်တွင်းအောင်း အမျိုးသမီးတစ်ယောက်က ဧကရာဇ်မင်းကို စိန်ခေါ်ရဲတယ်ပေါ့။ ဘယ်သူက ဒီမိန်းမကို သတ္တိပေးလိုက်တာလဲ။

"အရှင်မင်းကြီး။"

သခင်မဝမ်ကို အကြည့်လွှဲလိုက်ပြီး အမတ်ချုပ်ရှဲ့ နဉ်ရှောင်ယောင်းကို ကြည့်လိုက်သည်။ အမတ်ချုပ်အိမ်တော်ကိစ္စ ဘယ်သူ့ကြောင့်ဖြစ်ဖြစ် နောက်ဆုံးမှာ ဖြေရှင်းရမှာက အိမ်ဦးနတ်ဖြစ်တဲ့ သူပဲလေ။ အမတ်ချုပ်ရှဲ့သည် ခြံဝင်းထဲမှ သခင်မလေးများကို လက်ညှိုးထိုးပြပြီး နဉ်ရှောင်ယောင်းကို မေးလိုက်သည်။

"အရှင်မင်းကြီး ဒါ ဘာသဘောလဲ။"

နဉ်ရှောင်ယောင်းက "ကျွန်တော်တို့ သာ့ဖုန်း အပြစ်ကင်းကြောင်း သက်သေပြရမယ်လေ။ မိန်းမတစ်ယောက်ရေချိုးတာ ချောင်းကြည့်တယ်ဆိုတဲ့ သတင်းထွက်သွားရင် ကျွန်တော်တို့ သာ့ဖုန်း နောက်ကျရင် ဘယ်လိုလုပ် မိန်းမရတော့မှာလဲ။"

အမတ်ချုပ်ရှဲ့က ပြောလိုက်သည်။

"အရှင်မင်းကြီးက ယင်းဖုန်းရဲ့ အနာဂတ်ကို စဉ်းစားပေးတယ်။ ဒါဆို ဒီမိန်းကလေးတွေရဲ့ အနာဂတ်ကိုရော အရှင်မင်းကြီး စဉ်းစားပေးရဲ့လား။"

နဉ်ရှောင်ယောင်း ပခုံးတွန့်လိုက်သည်။

"ဒါ ကျွန်တော့်အပြစ် မဟုတ်ဘူး။ သခင်မဝမ်သာ ပြဿနာမရှာရင် ကျွန်တော်က ဘာကိစ္စ အားအားယားယား ခင်ဗျားတို့အိမ်ကိစ္စ ဝင်ပါနေမှာလဲ။"

"အရှင်မင်းကြီး။"

သခင်မဝမ် ဝင်ပြောရန် ပြင်လိုက်သည်။

"အသိဉာဏ်မဲ့တဲ့ မိန်းမ၊ ပါးစပ်ပိတ်ထား။"

အမတ်ချုပ်ရှဲ့ သခင်မဝမ်ကို အေးစက်စွာ ဟန့်တားလိုက်သည်။

သခင်မဝမ် မျက်နှာဖြူဖျော့သွားပြီး မတ်တတ်ရပ်နိုင်ရန် ခက်ခဲသွားသည်။ လူအများရှေ့တွင် အမတ်ချုပ်ရှဲ့က သူမကို အသိဉာဏ်မဲ့တဲ့ မိန်းမလို့ ဆဲလိုက်မှတော့ နောက်ကျရင် သူမ ဒီအိမ်မှာ ဘယ်လို မျက်နှာပြရတော့မှာလဲ။

အမတ်ချုပ်ရှဲ့၏အရည်အချင်းသည် သခင်မဝမ်ထက် အဆပေါင်းများစွာ သာလွန်သည်။ အိမ်တော်ထိန်း လာသတင်းပို့ကတည်းက ဒီကိစ္စရဲ့အရင်းအမြစ်က ယင်းဖုန်း မဟုတ်မှန်း သိလိုက်သည်။ ဒီကိစ္စကို ဖုံးဖိပြီး တံခါးပိတ်ဖြေရှင်းမှရမယ်။

"ဒါက ကျွန်တော်မျိုးရဲ့ အိမ်တွင်းရေးပါ။"

အမတ်ချုပ်ရှဲ့က နဉ်ရှောင်ယောင်းကို ပြောလိုက်သည်။

"သာမန် အိမ်တွင်းရေးလေးမို့လို့ အရှင်မင်းကြီးကို ဒုက္ခမပေးချင်ပါဘူး။"

အမတ်ချုပ်ရှဲ့က အေးအေးဆေးဆေး ပြီးသွားစေချင်သော်လည်း နဉ်ရှောင်ယောင်းကတော့ အမတ်ချုပ်ကြီး စိတ်တိုင်းကျ ဖြစ်စေမည့်သူ မဟုတ်ပေ။ မျက်လုံးလှန်ကြည့်လိုက်ပြီး နဉ်ရှောင်ယောင်း ပြောလိုက်သည်။

"ကျွန်တော်ကဖြင့် ဒုက္ခတောထဲရောက်နေတာကြပြီလေ။ အမတ်ချုပ်ကြီးက အခုမှ လာပြောနေတာ ဟန်ဆောင်လွန်းမနေဘူးလား။"

အမတ်ချုပ်ရှဲ့ ဒေါသကို ထိန်းပြီး ပြောလိုက်သည်။

"အရှင်မင်းကြီး၊ ဒီကိစ္စက သူတို့မိန်းကလေးတွေနဲ့ ဘာဆိုင်လို့လဲ။"

"ဘာလို့ မဆိုင်ရမှာလဲ။"

နဉ်ရှောင်ယောင်းသည် ကြမ်းပြင်ပေါ် လဲနေသော အမျိုးသားကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။

"ဟိုလူကို တွေ့လား။ ခင်ဗျားအိမ်က သခင်မလေး ခြောက်ယောက် ပိုက်ဆံစုပြီး ငှားထားတာ။ ခင်ဗျားရဲ့ ပဉ္စမမြေးမလေး ရေချိုးနေတုန်း အပျိုရည်ပျက်အောင် လုပ်ခိုင်းမလို့လေ။ ကျွန်တော်တို့ သာ့ဖုန်းက ပဉ္စမသခင်မလေး အော်သံကြားလို့ သွားကယ်လိုက်တာ။ မဟုတ်ရင် ခင်ဗျားရဲ့ ပဉ္စမမြေးမလေးက အခုချိန်ဆို အဲဒီကောင်လက်ချက်နဲ့ ပျက်စီးနေလောက်ပြီ။"

နဉ်ရှောင်ယောင်း ပုံမှန်အချိန်ဆိုရင် နားမလည်နိုင်အောင် ပြောတတ်သလို၊ ဟိုရောက်ဒီရောက် ပြောတတ်သော်လည်း ဒီတစ်ခါတော့ ရှင်းလင်းပြတ်သားစွာ ပြောလိုက်သဖြင့် လူတိုင်း နားလည်သွားကြသည်။

အမတ်ချုပ်ရှဲ့ မိုးကြိုးပစ်ချလိုက်သလို ခံစားလိုက်ရပြီး မျက်လုံးပြာဝေသွားသည်။

"မဖြစ်နိုင်ဘူး၊ ဒါ မဖြစ်နိုင်ဘူး!"

သခင်မဝမ် ထပ်မံ အော်ဟစ်လိုက်ပြန်သည်။

"အရှင်မင်းကြီး..."

နဉ်ရှောင်ယောင်း ကိုယ့်နှာခေါင်းကိုယ် လက်ညှိုးထိုးပြပြီး သခင်မဝမ်ကို မေးလိုက်သည်။

"ရွှေနှုတ်ထွက် စကားတော်ဆိုတာ ခင်ဗျား နားလည်လား။"

"အရှင်မင်းကြီး ပြောတာ သက်သေရှိလား။"

အမတ်ချုပ်ရှဲ့ စိတ်ကို တည်ငြိမ်အောင် ထားပြီး နဉ်ရှောင်ယောင်းကို မေးလိုက်သည်။

နဉ်ရှောင်ယောင်းက "လူတောင် ဖမ်းမိနေပြီပဲ။ ဘာသက်သေ လိုသေးလဲ။"

"အရှင်မင်းကြီး။"

လိုကျစ်ကွေ့ အနောက်မှ နဉ်ရှောင်ယောင်းကို ဆွဲလိုက်သည်။

အမတ်ချုပ်ရှဲ့ လိုကျစ်ကွေ့ကို စကားပြောခွင့် မပေးဘဲ နဉ်ရှောင်ယောင်းကို ကြည့်ကာ မေးလိုက်သည်။

"ဒီလူကို ကျွန်တော်မျိုးရဲ့ မြေးမလေးတွေ ငှားထားတယ်ဆိုတာ အရှင်မင်းကြီး ဘယ်လိုသိလဲ။"

နဉ်ရှောင်ယောင်း ပြောစရာစကား မရှိတော့ပေ။ အားမော့ မြင်လိုက်တယ်လို့ ပြောရမလား။ အားမော့က ပုရွက်ဆိတ်လေးလေ။ ဒီမှာရှိတဲ့လူတွေက အားမော့ပြောတာကို ယုံပါ့မလား။

"အရှင်မင်းကြီး။"

အမတ်ချုပ်ရှဲ့ ထပ်မေးလိုက်သည်။

"အဲဒီလူရဲ့ ကိုယ်ပေါ်မှာ သခင်မလေးတွေ ပေးထားတဲ့ ပိုက်ဆံတွေ ရှိတယ်လေ။"

နဉ်ရှောင်ယောင်း နားရွက်နောက်တွင် ထိုင်နေသော အားမော့က နဉ်ရှောင်ယောင်းကို ပြောပြလိုက်သည်။

"ပိုက်ဆံတင်မကဘူး၊ ရွှေနားကပ်တစ်ရံလည်း ရှိတယ်။ အဲဒါ အကြီးဆုံးသခင်မလေးရဲ့ နားကပ်။ တခြားဟာတွေလည်း ရှိသေးတယ်။ အားမော့ သေချာမမြင်လိုက်ရဘူး။"

အိမ်တွင်းပုန်း သခင်မလေးတွေဆိုတော့ လက်ထဲမှာ ငွေသားဘယ်လောက်မှ ရှိမှာမဟုတ်ဘူး။ လစဉ်မုန့်ဖိုးတွေကိုလည်း အထိန်းတော်တွေက သိမ်းထားပေးကြတာ။ ဒါကြောင့် ရှဲ့မိသားစု သခင်မလေးတွေ မကောင်းမှုလုပ်ဖို့ လက်ဝတ်ရတနာတွေကို သုံးလိုက်ကြတာ ဖြစ်မယ်။ ဘာပဲဖြစ်ဖြစ် သူတို့က လက်ဝတ်ရတနာ မရှားပါဘူး။

"သူ့ကို ရှာလိုက်။"

နဉ်ရှောင်ယောင်းသည် ကြမ်းပြင်ပေါ်မှ အမျိုးသားကို လက်ညှိုးထိုးပြပြီး ဘေးနားရှိ နဂါးအစောင့်တပ်သားကို အမိန့်ပေးလိုက်သည်။

နဂါးအစောင့်တပ်သားသည် ထိုအမျိုးသားကို ရှာဖွေလိုက်ရာ ငွေစက္ကူတစ်ရွက်နှင့် လက်ဝတ်ရတနာထုပ်လေးတစ်ထုပ်ကို ရှာတွေ့လိုက်သည်။

နဉ်ရှောင်ယောင်း ရွှေနားကပ်ကို ကိုင်ကြည့်လိုက်ပြီး အမတ်ချုပ်ရှဲ့၏ရင်ခွင်ထဲသို့ ပစ်ထည့်လိုက်ကာ ပြောလိုက်သည်။

"ရော့၊ အမှတ်အသားတောင် ပါသေးတယ်။ 'ရှဲ့' ဆိုတဲ့ စာလုံးအကြီးကြီးပဲ။"

အမတ်ချုပ်ရှဲ့ နားကပ်အတွင်းဘက်ရှိ အမှတ်အသားသေးသေးလေးကို ကြည့်လိုက်သည်။ ထို့နောက် မျက်နှာဖြူဖျော့နေသော မြေးမလေးများကို လှည့်ကြည့်လိုက်သည်။ နဉ်ရှောင်ယောင်း ပြောတာ အမှန်ပဲဆိုတာ အမတ်ချုပ်ရှဲ့ သိလိုက်သည်။

"ကြည့်လိုက်ပါဦး။"

နဉ်ရှောင်ယောင်းသည် ဆွဲပြားလေးတစ်ခုကို သခင်မဝမ်ထံ ပစ်ပေးလိုက်သည်။

သခင်မဝမ် ဆွဲပြားပေါ်မှ အမှတ်အသားကို ကြည့်ပြီးနောက် ကြမ်းပြင်ပေါ် ခွေလဲကျသွားလေသည်။

"အမတ်ချုပ်ကြီး၊ ဘာပြောချင်သေးလဲ။"

နဉ်ရှောင်ယောင်း အမတ်ချုပ်ရှဲ့ကို မေးလိုက်သည်။ ရန်သူ့မျက်နှာကို ရိုက်ရတဲ့ အခိုက်အတန့်ကို သူမ အကြိုက်ဆုံးပဲ။ လက်ဝတ်ရတနာထုပ်လေးကို ဝှေ့ယမ်းပြပြီး နဉ်ရှောင်ယောင်း ပြောလိုက်သည်။

"ဒါမှမဟုတ် အမတ်ချုပ်ကြီး ထပ်ကြည့်ချင်သေးလား။"

"အမတ်ချုပ်ကြီး..."

သခင်မဝမ်သည် အမတ်ချုပ်ရှဲ့၏ ထိုင်ခုံဘေးသို့ တွားသွားပြီး အမတ်ချုပ်ရှဲ့ကို ခေါင်းခါပြလိုက်သည်။ ဒီကိစ္စကို ဝန်ခံလို့မရဘူး။ ဝန်ခံလိုက်ရင် ရှဲ့မိသားစု သမီးပျိုတွေ ဘဝပျက်သွားလိမ့်မယ်။

***

All Chapters