အိမ်ဖျက်တတ်သော အရှင်မင်းကြီး
Vol. 12 Ch. 177
တင်းမားမားသည် မိဖုရားခေါင်ကြီး၏ပစ္စည်းများကို သိမ်းဆည်းရန် ထွက်ခွာသွားသောအခါ နွေဦးနွေးထွေးဆောင်၏ အခန်းထဲတွင် 'ဇနီးမောင်နှံ' နှစ်ဦးနှင့်အတူ ကြောင်ဝတုတ်ကြီး တစ်ကောင်သာ ကျန်ရစ်ခဲ့သည်။
နဉ်ရှောင်ယောင်းသည် အခန်းထဲရှိ ပရိဘောဂများနှင့် အလှဆင်ပစ္စည်းများကို တစ်ချက်ဝေ့ကြည့်လိုက်ရာ တန်ဖိုးကြီးပစ္စည်းများစွာကို တွေ့လိုက်ရသည်။ သို့သော် မတ်တတ်ရပ်နေဆဲဖြစ်သော မိဖုရားခေါင်ကြီးကို ကြည့်ပြီးနောက် သူမ၏ပစ္စည်းများကို ရောင်းစားခြင်းသည် မကောင်းဟု တွေးမိလိုက်သည်။ ပန်းသီးတစ်လုံးကို ထပ်မံကောက်ယူပြီး ကိုက်ရန် ပြင်လိုက်စဉ် မိဖုရားခေါင်ကြီးနှင့် စစ်သူကြီးရွှီတို့ ပြန်လည်ပေါင်းစည်းပြီးလျှင် ဒီပစ္စည်းတွေက သူမပိုင် ဖြစ်လာမှာပဲဟု တွေးမိသွားသည်။
ထိုအချက်ကို သဘောပေါက်သွားသောအခါ နဉ်ရှောင်ယောင်း ပျော်ရွှင်သွားပြီး မိဖုရားခေါင်ကြီးကို ကြည့်သော သူမ၏အကြည့်များ ပိုမိုနွေးထွေးလာသည်။ မိဖုရားခေါင်ကြီး စောစောပျော်ရွှင်ရလေ၊ သူမလည်း စောစောပျော်ရွှင်ရလေပဲ။
မိဖုရားခေါင်ကြီးသည် နဉ်ရှောင်ယောင်း၏ အကြည့်ကြောင့် နေရခက်လာပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားလေသည်။
နဉ်ရှောင်ယောင်း ပန်းသီးကို ကိုက်စားရင်း မိဖုရားခေါင်ကြီး မတ်တတ်ရပ်နေဆဲဖြစ်သည်ကို မြင်သောအခါ ပြောလိုက်သည်။
"မင်းလည်း သွားပြီး ပစ္စည်းကူသိမ်းပါလား။"
"ကျွန်တော်မျိုးမ သွားပါတော့မယ်။"
မိဖုရားခေါင်ကြီးသည် စကားတစ်ခွန်းမှ ထပ်မပြောတော့ဘဲ နဉ်ရှောင်ယောင်းကို ဦးညွှတ်နှုတ်ဆက်ကာ ထွက်ခွာသွားလေသည်။
နဉ်ရှောင်ယောင်း "... .."
ဘာကိစ္စ ဒီလောက် မြန်မြန်ထွက်သွားရတာလဲ။ ငါက အဆိပ်မို့လို့လား။
လောင်တသည် ဆိုဖာပေါ်တွင် လူးလှိမ့်ရင်း နဉ်ရှောင်ယောင်းကို ပြောလိုက်သည်။
"ငတုံးမ၊ မင်း မိဖုရားခေါင်ကြီးကို လန့်အောင် လုပ်လိုက်ပြီ။"
"လျှောက်ပြောမနေနဲ့။"
နဉ်ရှောင်ယောင်းသည် ပန်းကန်ထဲမှ ပန်းသီးအကုန်လုံးကို အိတ်ကပ်ထဲ ထည့်လိုက်ပြီး လောင်တကို ပြောလိုက်သည်။
"သူက အမြင်မရှိတာပါ။ ငါက လိင်ကွဲပြားနေလို့သာ၊ ငါသာ ယောက်ျားလေးဆိုရင် အမတ်ချုပ်ကြီးရဲ့ မွေးစားသားထက် အများကြီးသာမှာ သေချာတယ်။"
လောင်တသည် နဉ်ရှောင်ယောင်းကို အချိန်အတော်ကြာ စိုက်ကြည့်ပြီးနောက် ပြောလိုက်သည်။
"ဟုတ်တယ်လေ၊ မင်းက အမတ်ချုပ်ကြီးရဲ့ မြေးအရင်းပဲဟာ။ မြောင်!"
နဉ်ရှောင်ယောင်း ဒေါသထွက်သွားပြီး လောင်တကိုဖိကာ ရိုက်ရန်ပြင်လိုက်သည်။
ထိုအချိန်တွင် ယိုကွမ့် ပြေးဝင်လာပြီး ဆိုဖာအောက်နားတွင်ရပ်ကာ နဉ်ရှောင်ယောင်းကို ပြောလိုက်သည်။
"ရှောင်ယောင်း၊ သူလျှိုက အနောက်ဘက် အဆောင်မှာရှိတယ်။ သူ့အခန်းထဲမှာ လူအများကြီး ရှိသေးတယ်။"
နဉ်ရှောင်ယောင်း လောင်တကို လွှတ်ပေးလိုက်သည်။
လောင်တက သွားဖြဲပြပြီး ပြောလိုက်သည်။
"သွားကိုက်သတ်ကြစို့!"
"သတိထားဦး၊ မင်းက ကြောင်တစ်ကောင်နော်။"
နဉ်ရှောင်ယောင်း လောင်တ၏ခေါင်းကို ရိုက်လိုက်သည်။
ယိုကွမ့်က၊ "ရှောင်ယောင်း၊ ဒါဆို ငါ့ဘိုးဘေးတွေကို သွားခေါ်ပြီး သူလျှိုကို ကိုက်သတ်ခိုင်းလိုက်ရမလား။"
ဒီကမ္ဘာက ကြွက်ပေါက်စလေးတွေတောင် လူသတ်ရဲတဲ့သတ္တိ ရှိနေကြပြီ။ နဉ်ရှောင်ယောင်း စကားမပြောချင်တော့ပေ။
"ဘယ်လိုလုပ်မှာလဲ၊ ပြောလေ။"
နဉ်ရှောင်ယောင်း စကားမပြောသဖြင့် လောင်တ စိတ်မရှည်တော့ပေ။
"သွားကြည့်ရအောင်။"
နဉ်ရှောင်ယောင်း မတ်တတ်ရပ်လိုက်သည်။
"သွားကြည့်မယ် ဟုတ်လား။"
လောင်တ မကျေမနပ် ဖြစ်သွားသည်။
နဉ်ရှောင်ယောင်းက၊ "ဒါကို ရန်သူ့အခြေအနေ စုံစမ်းထောက်လှမ်းခြင်းလို့ ခေါ်တယ်။ နားလည်လား။"
အနောက်ဘက် ပြတင်းပေါက်နားသို့ လျှောက်သွားပြီး ပြတင်းပေါက်ကိုဖွင့်ကာ ခုန်ချရန် ပြင်လိုက်သည်။
ထိုအခါ လောင်တက၊ "မင်း အောက်ခုန်ချမလို့လား။"
"တံခါးဝမှာ လူရှိတယ်လေ။"
နဉ်ရှောင်ယောင်း ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်ရင်း ပြောလိုက်သည်။
"ပြီးတော့ စုံစမ်းထောက်လှမ်းရေးဆိုတာ လျှို့ဝှက်လုပ်ရတာ။ ဟူး... ပြောပြရင်လည်း ကြောင်တစ်ကောင်အနေနဲ့ နားလည်မှာ မဟုတ်ပါဘူး။"
ယိုကွမ့်က၊ "ရှောင်ယောင်း၊ တံခါးဝကလူက ဘယ်သူလဲ။"
နဉ်ရှောင်ယောင်း ခေါင်းခါလိုက်သည်။
"မသိဘူး။ ဘာပဲဖြစ်ဖြစ် မိဖုရားခေါင်ကြီးနန်းဆောင်က လူပဲ နေမှာပေါ့။"
လောင်တသည် နဉ်ရှောင်ယောင်း၏ ပခုံးပေါ်တွင်ထိုင်ရင်း မျက်လုံးလှန်ကြည့်လိုက်သည်။ ဒီငတုံးမလေးက တစ်နေကုန် အဓိပ္ပာယ်မရှိတဲ့ စကားတွေပဲ ပြောနေတယ်။ မိဖုရားခေါင်ကြီးနန်းဆောင်ထဲမှာ ရှိနေတဲ့လူက မိဖုရားခေါင်ကြီးနန်းဆောင်ကလူ မဟုတ်ရင် ဘယ်သူဖြစ်မလဲ။
မြေပြင်နှင့် အကွာအဝေးကို ခန့်မှန်းပြီးနောက် နဉ်ရှောင်ယောင်းသည် ကြောင်တစ်ကောင်၊ ကြွက်တစ်ကောင်နှင့်အတူ ပြတင်းပေါက်မှ ခုန်ချသွားလေသည်။
တံခါးဝတွင် စောင့်နေရန် မိဖုရားခေါင်ကြီး၏ အမိန့်ပေးခံထားရသော မိန်းမစိုးလေးသည် မျက်နှာဖြူဖျော့နေသည်။ နဉ်ရှောင်ယောင်း ဘာပြောနေသလဲဆိုတာ သေချာမကြားရသော်လည်း အရှင်မင်းကြီး တစ်ယောက်တည်း စကားပြောနေသံ၊ ကြောင်အော်သံ၊ ကြွက်အော်သံတို့ကို ကြားနေရသည်။ အခန်းထဲတွင် အရှင်မင်းကြီးတစ်ပါးတည်း ရှိနေတာလေ။ အရှင်မင်းကြီးက ကြောင်တွေ ကြွက်တွေနဲ့ စကားပြောနေတာလား။ လူနဲ့ တိရိစ္ဆာန် ဘယ်လိုလုပ် စကားပြောလို့ရမှာလဲ။ ပြီးတော့ ကြောင်နဲ့ ကြွက်က ဘယ်လိုလုပ် အတူတူ ရှိနေနိုင်မှာလဲ။
အရှင်မင်းကြီးက ဦးနှောက်မကောင်းဘူး၊ စိတ်မနှံ့ဘူးဆိုတဲ့ ကောလဟလတွေ ကြားဖူးတယ်။ အရင်ကတော့ မယုံပေမယ့် အခုတော့ နည်းနည်းယုံချင်လာပြီ။
"အရှင်မင်းကြီးက ပန်ကုန်းကို တကယ် ကာကွယ်ပေးချင်တာလား။"
အိပ်ဆောင်ထဲတွင် ထိုင်နေသော မိဖုရားခေါင်ကြီးသည် တင်းမားမားကို ဂနာမငြိမ်စွာ မေးလိုက်သည်။
တင်းမားမားသည် ပစ္စည်းများကို ခေါင်းငုံ့သိမ်းဆည်းနေသည်။ သူမသည် သူမ၏သခင်မလေးနှင့်အတူ ဒုက္ခအမျိုးမျိုးကို ဖြတ်ကျော်လာခဲ့သူဖြစ်သည်။ မိဘနှစ်ပါးနှင့် မောင်ငယ်လေး ခေါင်းဖြတ်အသတ်ခံရပုံ၊ သခင်လေးက လက်တစ်ဖက် အဖြတ်ခံရပြီး စစ်ပွဲရှုံးနိမ့်ခဲ့ပုံ၊ သခင်မလေးက အရှင်မင်းကြီးနှင့် အတင်းအဓမ္မ လက်ထပ်ထိမ်းမြားခံရပုံ၊ အမတ်ချုပ်ကြီးရှဲ့က ကျိုးမိသားစုတပ်ကို အတင်းအဓမ္မ လုယူခဲ့ပုံတို့ကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရသူဖြစ်သည်။ တင်းမားမား၏ စိတ်ထဲတွင် တော်ဝင်မိသားစုနှင့် အာဏာရှင်များသည် သစ္စာမရှိ၊ ကတိမတည်သော လူယုတ်မာများသာ ဖြစ်သည်။ ထို့ကြောင့် နဉ်ရှောင်ယောင်းကို ကောင်းသောဘက်ကမြင်ရန် ခက်ခဲနေသည်။
"အရှင်မင်းကြီးက ပန်ကုန်းရဲ့ အစ်ကိုကြီးကို လွှတ်ငြိမ်းချမ်းသာခွင့် ပေးမလို့လား။"
မိဖုရားခေါင်ကြီး ထပ်မေးလိုက်ပြန်သည်။
တင်းမားမားသည် ထုပ်ပိုးထားသော အထုပ်ကို သေချာချည်နှောင်လိုက်ပြီး ခါးဆန့်ကာ မိဖုရားခေါင်ကြီးကို ပြောလိုက်သည်။
"မိဖုရားခေါင်ကြီး၊ ကျွန်တော်မျိုးမ ထင်တာကတော့ ဒါက အရှင်မင်းကြီးနဲ့ မယ်တော်ကြီးတို့ရဲ့ အားပြိုင်ပွဲပါပဲ။ မယ်တော်ကြီး ဒုက္ခပေးချင်တဲ့လူကို အရှင်မင်းကြီးက ကာကွယ်ပေးချင်တာပါ။"
"သူက ပန်ကုန်းကို ကာကွယ်ပေးချင်တာ မဟုတ်ဘူးလား။"
မိဖုရားခေါင်ကြီး ရုတ်တရက် စိတ်သက်သာရာ ရသွားသည်။ သူမသည် မည်သူ့ကိုမဆို အကြွေးတင်ခံနိုင်သော်လည်း နဉ်ရှောင်ယောင်းကိုမူ အကြွေးမတင်ချင်ပေ။ သူမက အရင်သစ္စာဖောက်ခဲ့သူဖြစ်ပြီး ပြန်လှည့်လို့လည်း မရတော့ပေ။ ထို့ကြောင့် နဉ်ရှောင်ယောင်း၏ကျေးဇူးကို သူမ ဒီတစ်သက် ဆပ်နိုင်မည် မဟုတ်ပေ။
"အရှင်မင်းကြီးနဲ့ မယ်တော်ကြီး တိုက်ခိုက်နေတာက ဘယ်လိုပဲဖြစ်ဖြစ် မယ်မယ့်အတွက် အကျိုးရှိပါတယ်။"
"အရှင်မင်းကြီး ရှုံးသွားရင်ကော။" မိဖုရားခေါင်ကြီးကမေးလိုက်သည်။
တင်းမားမားက အေးစက်စွာ ရယ်မောလိုက်သည်။
"အရှင်မင်းကြီး ရှုံးရင်တောင် အခုချက်ချင်း ရှုံးမှာ မဟုတ်ပါဘူး။ နန်းတော်အပြင် ရောက်သွားတာနဲ့ မယ်မယ့်အတွက် အခွင့်အရေးရလာမှာပါ။"
မိဖုရားခေါင်ကြီးသည် လက်နှစ်ဖက်ဖြင့် ဗိုက်ကိုအုပ်ကာ ကုတင်ပေါ်တွင် ထိုင်နေသည်။ ဟုတ်တယ်၊ နန်းတော်အပြင် ရောက်သွားရင် ထွက်ပြေးဖို့ နည်းလမ်းရှိမှာပါ။
"အရင်ဆုံး ထွက်သွားကြတာပေါ့။"
တင်းမားမား တိုးတိုးလေး ပြောလိုက်သည်။
"နန်းတော်အပြင် ရောက်တာနဲ့ စစ်သူကြီးရွှီဆီ စာပို့လိုက်ပါ။ အရှင်မင်းကြီးနဲ့ မယ်တော်ကြီး အလုပ်ရှုပ်နေတုန်း စစ်သူကြီးရွှီနဲ့တိုင်ပင်ပြီး နည်းလမ်းရှာကြတာပေါ့။"
မိဖုရားခေါင်ကြီး ခေါင်းညိတ်လိုက်သည်။ ယခုအချိန်တွင် ထွက်ပြေးခြင်းသည် အရှင်မင်းကြီးကို သစ္စာဖောက်ရာကျသော်လည်း သူမ၏ချစ်သူ၊ သူမ၏အစ်ကိုကြီးတို့ကို ငဲ့ကွက်ရမည်ဖြစ်သဖြင့် အရှင်မင်းကြီးကို ဂရုမစိုက်နိုင်တော့ပေ။
မိဖုရားခေါင်ကြီးသည် ဤအခွင့်အရေးကို အသုံးချပြီး မြို့တော်မှ ထွက်ပြေးရန် ဆုံးဖြတ်လိုက်ချိန်တွင် နဉ်ရှောင်ယောင်းသည် မိဖုရားခေါင်ကြီးနန်းဆောင် အနောက်ဘက်ရှိ အဆောင်တစ်ခု၏ ခေါင်မိုးပေါ်တွင်ရပ်နေပြီး ခြေထောက်အောက်မှ အုတ်ကြွပ်ပြားတစ်ချပ်ကို ဖယ်လိုက်သည်။
"ဒီမားမားပဲ။"
ယိုကွမ့်သည် ခန္ဓာကိုယ်ပြည့်ဖြိုးသော မားမားတစ်ဦးကို လက်ညှိုးထိုးပြလိုက်သည်။
နဉ်ရှောင်ယောင်း မျက်လုံးမှေးကြည့်လိုက်သည်။
အခန်းထဲတွင် နန်းတွင်းအပျိုတော်တစ်ဦးက ချန်မားမားကို ပြောလိုက်သည်။
"မားမား၊ မိဖုရားခေါင်ကြီးက အိပ်ဆောင်ကို ပြန်သွားပြီ။ အရှင်မင်းကြီးက နွေဦးနွေးထွေးဆောင်မှာ ကျန်နေခဲ့တယ်။"
ချန်မားမားက၊ "အရှင်မင်းကြီး ခေါ်လာတဲ့ အပျိုတော်ကရော။"
သတင်းပို့သော အပျိုတော်က၊ "နွေဦးနွေးထွေးဆောင် အပြင်ဘက်မှာ ရှိနေတုန်းပါပဲ။"
ချန်မားမားသည် သူမရှေ့တွင် ရပ်နေသော မိန်းမစိုးများနှင့် အပျိုတော်များကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး မိန်းမစိုးလေးတစ်ယောက်ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။
"မင်း မယ်တော်ကြီးနန်းဆောင်ကို သွားလိုက်။ အရှင်မင်းကြီး မိဖုရားခေါင်ကြီးနန်းဆောင်ကို ရောက်နေတဲ့အကြောင်း မယ်တော်ကြီးကို လျှောက်တင်လိုက်။ အရှင်မင်းကြီးက ဒီည မိဖုရားခေါင်ကြီးနန်းဆောင်မှာ အိပ်မယ်ဆိုရင် ထပ်ပြီး သတင်းလာပို့မယ်လို့ ပြောလိုက်။"
ထိုမိန်းမစိုးလေး အမိန့်နာခံပြီး အခန်းပြင်သို့ ပြေးထွက်သွားသည်။
နဉ်ရှောင်ယောင်း တွေးလိုက်သည်။ မိဖုရားခေါင်ကြီး နန်းတော်အပြင် မရောက်သေးဘူး။ ဒီကိစ္စကို မယ်တော်ကြီး သိသွားရင် နောက်တစ်ခါ ပြဿနာရှာဦးမှာပဲ။ မယ်တော်ကြီးနဲ့ ထပ်ပြီး တိုက်ခိုက်ရမယ်ဆိုတဲ့ အတွေးက နဉ်ရှောင်ယောင်းကို စိတ်ပင်ပန်းစေသည်။
"ဘယ်လိုလုပ်ကြမလဲ။"
လောင်တ နဉ်ရှောင်ယောင်း၏ အင်္ကျီလက်စကို ကိုက်ဆွဲလိုက်သည်။
နဉ်ရှောင်ယောင်းသည် လျင်မြန်စွာပင် အုတ်ကြွပ်ပြားအချို့ကို ထပ်ဖယ်လိုက်ပြီး အခန်း၏ ပင်မထုပ်တန်း ရှိသောနေရာကို ရှာတွေ့လိုက်သည်။ တစ်ဝက်ထိုင်ချလိုက်ပြီး အသက်ရှူအောင့်ကာ သူမ၏ခွန်အား အကုန်သုံးပြီး ထိုင်နေသောနေရာကို လက်သီးဖြင့် ထိုးချလိုက်သည်။
မိန်းမစိုးလေးမှာ အခန်းပြင်သို့ မရောက်သေးပေ။
ချန်မားမားနှင့် အဖွဲ့သားများသည် ခေါင်းပေါ်မှ ထူးဆန်းသော အသံများ ကြားလိုက်ရသဖြင့် မော့ကြည့်လိုက်ကြသည်။
နဉ်ရှောင်ယောင်း ၅၊ ၆ ချက် ဆက်တိုက် ထိုးချလိုက်သည်။ ထို့နောက် မတ်တတ်ရပ်လိုက်ပြီး အက်ကွဲနေသော နေရာကို ခြေထောက်ဖြင့် ကန်လိုက်၊ ခုန်လိုက် လုပ်လိုက်သည်။
"ခေါင်မိုးပေါ်မှာ လူရှိတယ်!"
အခန်းထဲတွင် သတိပြန်ဝင်လာသော ချန်မားမား အော်ဟစ်လိုက်သည်။
လောင်တသည် ယိုကွမ့်ကို ကျောပေါ်တင်ပြီး ခေါင်မိုးပေါ်မှ အသက်လုပြေးဆင်းသွားသည်။
နဉ်ရှောင်ယောင်း နောက်တစ်ကြိမ် ခုန်လိုက်ပြီး ခေါင်မိုးပေါ်သို့ ပြင်းထန်စွာ ဖိချလိုက်သည်။
အခန်းထဲမှ ပင်မထုပ်တန်းသည် နောက်ဆုံးတွင် ကျိုးပဲ့သံ ထွက်ပေါ်လာလေသည်။
ချန်မားမားနှင့် အဖွဲ့သားများ အခန်းပြင်သို့ ပြေးထွက်ရန် ကြိုးစားကြသည်။
နဉ်ရှောင်ယောင်း လက်ကိုမြှောက်ကာ အမှုန့်ဖြစ်နေသော အုတ်ကြွပ်ပြားများကို လက်သီးဖြင့် ထပ်ထိုးလိုက်သည်။
"နဉ်ရှောင်ယောင်း၊ မင်းက တကယ့်ကို အသက်တိုမယ့်လူပဲ!"
လောင်တ အော်ဟစ်လိုက်ပြီး ယိုကွမ့်ကိုခေါ်ကာ ခေါင်မိုးပေါ်မှ ခုန်ချလိုက်သည်။
သစ်သားထုပ်တန်းကြီး ၄ ပိုင်း ကျိုးသွားသည်။ နံရံများ အက်ကွဲသွားပြီး အခန်းတစ်ခုလုံး ယိမ်းထိုးသွားကာ "ဝုန်း" ခနဲ အသံကျယ်ကြီးနှင့်အတူ ပြိုကျသွားလေသည်။
ချန်မားမားနှင့် အဖွဲ့သားများ မည်သူမျှ မလွတ်မြောက်နိုင်ဘဲ ပြိုကျသွားသော အခန်းအောက်တွင် ပိမိသွားကြသည်။
"ထွီ... ထွီ... ထွီ..."
နဉ်ရှောင်ယောင်းသည် အပျက်အစီးပုံပေါ်တွင် ရပ်လျက် တံတွေးထွေးလိုက်ပြီး ခေါင်းပေါ်မှ ဖုန်များကို ခါလိုက်သည်။
"ရှောင်ယောင်းက အိမ်ဖျက်ပြန်ပြီ။"
ယိုကွမ့်သည် လောင်တ၏ခေါင်းပေါ်တွင် ထိုင်လျက် စောစောက အကောင်းပကတိရှိနေပြီး ယခု မရှိတော့သော အိမ်ကိုကြည့်ကာ ပြောလိုက်သည်။
လောင်တသည် ရှေ့မှ အပျက်အစီးပုံကို ကြည့်ပြီး ကြက်သီးထသွားသည်။ ဒီငတုံးမလေးက အိမ်တစ်လုံးကို တစ်ယောက်တည်း ဖျက်ဆီးနိုင်တဲ့ ခွန်အားရှိတယ်ဆိုတော့ ပုံမှန် အချိန်တွေမှာ ငါ့ကို ရိုက်တာ အားမထည့်ထားဘူးပဲ။
အိမ်ပြိုကျသွားသဖြင့် အသံကျယ်လောင်စွာ ထွက်ပေါ်လာရာ မိဖုရားခေါင်ကြီးနန်းဆောင်မှ လူများ မကြားဘဲ မနေနိုင်ပေ။ ဘာဖြစ်တာလဲဟု လာကြည့်ကြသော လူများသည် အကြောင်းမဲ့ အိမ်တစ်လုံး ပြိုကျသွားသည်ကို တွေ့လိုက်ရသဖြင့် ကြောင်အသွားကြသည်။
"အိမ်ပြိုသွားတာ။"
နဉ်ရှောင်ယောင်းသည် အပျက်အစီးပုံထဲမှ ကျောက်တုံးကြီးတစ်တုံးပေါ်တွင် ရပ်လျက် မိဖုရားခေါင်ကြီးနန်းဆောင်မှ လူများကို ပြောလိုက်သည်။
"အိမ်ပြိုသွားတာပါ၊ ဘာမှ မဖြစ်ပါဘူး။ ဟားဟား..."
လူများ "....."
အိမ်ပြိုတာက ဘာမှမဖြစ်ဘူး ဟုတ်လား။
"အထဲ... အထဲမှာ လူရှိတယ်။"
မိန်းမစိုးလေးတစ်ယောက်က နဉ်ရှောင်ယောင်းကို ကြောက်ရွံ့စွာ ပြောလိုက်သည်။
နဉ်ရှောင်ယောင်း ခေါင်းခါလိုက်သည်။
"လူမရှိပါဘူး။"
မိန်းမစိုးလေးက နဉ်ရှောင်ယောင်း၏ ခြေရင်းကို လက်ညှိုးထိုးပြလိုက်သည်။
နဉ်ရှောင်ယောင်း ငုံ့ကြည့်လိုက်ရာ ကျောက်တုံးအောက်တွင် ခြေထောက်တစ်စုံနှင့် အင်္ကျီစကို တွေ့လိုက်ရသည်။ "ဒါက အဝတ်စတွေပါ။"
လူများ "..."
ဒါဆို ခြေထောက်ကရော...
ထိုအချိန်တွင် မိဖုရားခေါင်ကြီးသည် တင်းမားမား၏ တွဲထူမှုဖြင့် ရောက်လာသည်။ နဉ်ရှောင်ယောင်းက သူမကို လှမ်းကြည့်သည်ကို မြင်သောအခါ တင်းမားမားက မိဖုရားခေါင်ကြီးကို လွှတ်ပေးလိုက်သည်။
နဉ်ရှောင်ယောင်း ကျောက်တုံးပေါ်မှ ခုန်ဆင်းလိုက်ပြီး အပျက်အစီးပုံထဲမှ ထွက်လာကာ မိဖုရားခေါင်ကြီး၏ရှေ့သို့ ပြေးသွားပြီး တိုးတိုးလေး ပြောလိုက်သည်။
"အခန်းထဲမှာ ရှိနေတာတွေအားလုံးက မယ်တော်ကြီးရဲ့ လူတွေပဲ။"
မိဖုရားခေါင်ကြီး၏မျက်လုံးများတွင် လူသတ်ချင်စိတ်များ ပေါ်လာသည်။
နဉ်ရှောင်ယောင်း တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။ စိတ်ခိုင်ရင် ပြီးတာပါပဲ။ စစ်သေနာပတိချုပ်သမီးဆိုတာ ဒီလိုဖြစ်ရမှာပေါ့။ နန်းတော်က ဒီမိန်းကလေးကို အ,အောင်၊ အားငယ်အောင် မလုပ်နိုင်ခဲ့ဘူးပဲ။
"အားလုံး ထွက်သွားကြ။"
မိဖုရားခေါင်ကြီးက ရောက်ရှိနေသော လူများကို အမိန့်ပေးလိုက်သည်။
မိဖုရားခေါင်ကြီးသည် နန်းတော်ထဲတွင် အာဏာမရှိသော်လည်း မိဖုရားခေါင်ကြီးနန်းဆောင်ထဲတွင်မူ အာဏာရှိသည်။ မိန်းမစိုးများနှင့် အပျိုတော်များသည် စကားမပြောရဲဘဲ ထွက်ခွာသွားကြသည်။
တင်းမားမားသည် အပျက်အစီးပုံ၏ ဘေးဘယ်ညာမှ အခန်းများကို ကြည့်ပြီး အာမေဋိတ်သံ ပြုလိုက်သည်။
"ဒါက အဘွားကြီးချန် နေတဲ့အခန်းပဲ။"
"အဘွားကြီးချန်? လူတွေခေါ်တာတော့ ချန်မားမားတဲ့။" နင်ရှောင်ယောင်းက ပြင်ပေးလိုက်သည်။
မိဖုရားခေါင်ကြီး မျက်နှာပျက်သွားပြီး "သူဖြစ်နေတာကိုး။"
နဉ်ရှောင်ယောင်းက "ဘယ်သူဘယ်ဝါ ဖြစ်နေပါစေ။ မင်းလည်း နန်းတော်ထဲက လူတွေကို မခေါ်သွားနဲ့တော့။ တင်းမားမားကိုပဲ ခေါ်ပြီး မြန်မြန်သွားလိုက်တော့။"
တင်းမားမားက မေးလိုက်သည်။
"ကျွန်တော်မျိုးမနဲ့ မိဖုရားခေါင်ကြီး နှစ်ယောက်တည်း သွားရမှာလား။"
နဉ်ရှောင်ယောင်း လက်နှစ်ဖက် ဖြန့်ပြလိုက်သည်။
"မင်းခေါ်သွားမယ့်လူက မယ်တော်ကြီးရဲ့ လူမဟုတ်ဘူးလို့ ဘယ်လိုအာမခံနိုင်မှာလဲ။"
"သွားကြစို့။"
မိဖုရားခေါင်ကြီးက တင်းမားမားကို ပြတ်သားစွာ ပြောလိုက်သည်။
"ငါတို့နှစ်ယောက်တည်း သွားမယ်။"
နန်းတော်ထဲက လူတွေကို ဘယ်သူ့ကိုမှ မမြင်ချင်တော့ဘူး။
***