← Chapters

အချစ်စစ်လား၊ ရန်သူလား

Vol. 12 Ch. 178

အချစ်စစ်လား၊ ရန်သူလား

Vol. 12 Ch. 178

နဉ်ရှောင်ယောင်းသည် မိဖုရားခေါင်ကြီးကို နန်းတော်မှပို့ဆောင်ပေးရန် မြောက်ဘက်နန်းတော်တံခါးဝတွင် ရပ်နေသည်။ မိဖုရားခေါင်ကြီး၏အထုပ်အပိုးများထဲတွင် ငွေကြေးများ ပါနေမည်မှာ သေချာသော်လည်း နဉ်ရှောင်ယောင်းသည် သူမ၏ နှမြောစိတ်ကို ထိန်းချုပ်ကာ ငွေစက္ကူနှစ်ရွက်ကို မိဖုရားခေါင်ကြီးအား ထုတ်ပေးလိုက်သည်။

"နန်းတော်အပြင်ရောက်ရင် အရာအားလုံး ဂရုစိုက်ပါ။ အထူးသဖြင့် မယ်တော်ကြီးကို သတိထား။ တစ်ခုခုဖြစ်ရင် တင်းမားမားကိုလွှတ်ပြီး ငါ့ဆီအကြောင်းကြားခိုင်းလိုက်။"

မိဖုရားခေါင်ကြီး ခေါင်းညိတ်လိုက်သည်။

နဉ်ရှောင်ယောင်းသည် မိဖုရားခေါင်ကြီး၏ဗိုက်ကို တစ်ချက်ကြည့်လိုက်ပြီး ရထားလုံးမောင်းသော တင်းမားမားကို လက်ပြလိုက်သည်။

"သွားတော့။"

ရထားလုံးလေးသည် နန်းတော်တံခါးမှ လျင်မြန်စွာ ထွက်ခွာသွားသည်။ မိဖုရားခေါင်ကြီးသည် ပြတင်းပေါက်လိုက်ကာကို မကာ ဝေးကွာသွားသော နန်းတော်ကြီးကို ပြန်ကြည့်လိုက်သည်။ လှောင်ချိုင့်ထဲတွင် ကြာရှည်စွာ နေခဲ့ရသော ငှက်တစ်ကောင် လွတ်မြောက်သွားသကဲ့သို့ ပျော်ရွှင်မှုကို ခံစားလိုက်ရသည်။ ရယ်ချင်သော်လည်း မျက်ရည်များက အလိုအလျောက် စီးကျလာသည်။

"မိဖုရားခေါင်ကြီး သေချာထိုင်ပါ။"

တင်းမားမားသည် မျက်နှာကို ပုဝါဖြင့် အုပ်ထားပြီး ရထားမောင်းရင်း ပြောလိုက်သည်။

"တစ်ယောက်ယောက် မြင်သွားလိမ့်မယ်။"

နန်းတော်ထဲတွင် မယ်တော်ကြီး၏ အာဏာလွှမ်းမိုးမှုရှိနေသကဲ့သို့ နန်းတော်အပြင်ဘက်တွင်လည်း အမတ်ချုပ်ကြီးရှဲ့၏ အာဏာလွှမ်းမိုးမှု ရှိနေသည်။ သူတို့၏ သွားလာလှုပ်ရှားမှုကို လူမသိလေ ကောင်းလေဖြစ်သည်။

မိဖုရားခေါင်ကြီး၏အကြည့်သည် နန်းတော်တံခါးဝတွင် ရပ်နေသော ပိန်ပါးသော အရိပ်လေးပေါ်တွင် နောက်ဆုံးအကြိမ် ကျရောက်သွားသည်။ အပြစ်ရှိစိတ်များ ဝင်ရောက်လာသော်လည်း သူမသည် လိုက်ကာကို ချလိုက်ပြီး ကိုယ်ကိုမတ်မတ်ထိုင်လိုက်သည်။ မိဖုရားခေါင်ကြီး ကိုယ့်ကိုယ်ကိုယ် သတိပေးလိုက်သည်။ မတွေးနဲ့တော့... အရှင်မင်းကြီးနဲ့ ရွှီဖေးယွီကြားမှာ ငါ့ရဲ့ရွေးချယ်မှုက ထာဝရ ရွှီဖေးယွီပဲ ဖြစ်ရမယ်။

ယိုကွမ့်သည် နဉ်ရှောင်ယောင်း၏ ပခုံးပေါ်တွင်ထိုင်ရင်း ဝေးကွာသွားသော ရထားလုံးကို ကြည့်ကာ မေးလိုက်သည်။

"မိဖုရားခေါင်ကြီး အဆင်ပြေပါ့မလား။"

"သူ့အစ်ကိုကြီးလည်း ရှိတာပဲ။ ပြီးတော့ သူက သူ့ချစ်သူ ရွှီဖေးယွီကို သွားရှာမှာလေ။"

နဉ်ရှောင်ယောင်း နှာခေါင်းကို ပွတ်လိုက်ပြီး ယိုကွမ့်ကို တိုးတိုးလေး ပြောလိုက်သည်။

"ဒီညပဲ သူ့အစ်ကိုကြီးကို ခေါ်ပြီး ထွက်ပြေးမလား မသိဘူး။"

ယိုကွမ့် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

လောင်တက မေးလိုက်သည်။

"သူ ထွက်ပြေးချင်တာလား။ ဒါဆို ရှောင်ယောင်း မင်းက ဘယ်လိုလုပ်မလဲ။"

မိဖုရားခေါင်ကြီးက လူကောင်းဖြစ်ပေမယ့် လောင်တ အဂရုစိုက်ဆုံး လူသားက လိုကျစ်ကွေ့ပြီးရင် နဉ်ရှောင်ယောင်းပဲလေ။

နဉ်ရှောင်ယောင်း ပခုံးတွန့်လိုက်သည်။

"ငါ ဘာလုပ်ရမှာလဲ။ မိဖုရားခေါင်ကြီး နတ်ရွာစံသွားပြီလို့ ကြေညာလိုက်ရုံပေါ့။"

"ဟင်..."

ယိုကွမ့် အာမေဋိတ်သံ ပြုလိုက်သည်။

"ရှောင်ယောင်းက အကြံထုတ်ပြီးသားကိုး။ ရှောင်ယောင်း တော်လိုက်တာ။"

နဉ်ရှောင်ယောင်း ပြုံးလိုက်သည်။ လူတစ်ယောက် သေသွားပြီလို့ လိမ်ပြောရတာက ပါးစပ်လှုပ်လိုက်ရုံပဲလေ။ သူမက အခုမှ စဉ်းစားမိတာဆိုပေမယ့် ဒီလောက်ကိစ္စလေးကို မဖြေရှင်းနိုင်စရာ အကြောင်းမရှိပါဘူး။

နဉ်ရှောင်ယောင်း သီချင်းညည်းရင်း နန်းတော်တံခါးကို ကိုယ်တိုင် ပိတ်လိုက်သည်။ ထို့နောက် ဘေးနားရှိ အစောင့်များကို မေးလိုက်သည်။

"မင်းတို့ စောစောက ဘာမြင်လိုက်လဲ။"

မိဖုရားခေါင်ကြီးက ရထားလုံးထဲမှာပဲ နေခဲ့သလို၊ တင်းမားမားကလည်း မျက်နှာဖုံးအုပ်ထားတော့ နဂါးအစောင့်တွေ မြင်လိုက်တာက အရှင်မင်းကြီးက ရထားလုံးထဲကို ငွေစက္ကူနှစ်ရွက် ထည့်ပေးလိုက်တာပဲ ရှိတယ်။ ဘယ်သူထွက်သွားလဲဆိုတာ သူတို့ တကယ်မသိကြပေ။

"မမြင်ပါဘူး။"

တာဝန်ကျ ကိုယ်ရံတော်ခေါင်းဆောင်က နဉ်ရှောင်ယောင်းကို ဖြေလိုက်သည်။

"ကျွန်တော်မျိုးတို့ ဘာမှမမြင်လိုက်ပါဘူး အရှင်မင်းကြီး။"

"ဒါဆို ငါ့ကိုရော မြင်လား။"

နဉ်ရှောင်ယောင်းက မေးလိုက်ပြန်သည်။

နဂါးအစောင့်များသည် သူတို့ရှေ့မှ အရှင်မင်းကြီးကို ကြည့်လိုက်ကြသည်။ တခြားလူတွေက ဘယ်တောင်ပံ၊ ညာတောင်ပံတပ်ထားကြပေမယ့် သူတို့အရှင်မင်းကြီးကတော့ ဘယ်ပခုံးပေါ်မှာ ကြောင်တစ်ကောင်၊ ညာပခုံးပေါ်မှာ ကြွက်တစ်ကောင် တင်ထားတယ်။ ကြောင်က ဘာလို့ ကြွက်ကို မစားတာလဲဆိုတာ သူတို့ စိတ်မဝင်စားတော့ဘူး။ အရှင်မင်းကြီးရဲ့ပုံစံက ကြည့်ရတာ မျက်စိအောင့်စရာ ကောင်းလှသည်။

"မမြင်ပါဘူး။ ကျွန်တော်မျိုးတို့ အရှင်မင်းကြီးကို မမြင်ပါဘူး။"

ကိုယ်ရံတော်ခေါင်းဆောင်က လေးနက်စွာ ဖြေလိုက်သည်။

နဉ်ရှောင်ယောင်း ကျေနပ်သွားပြီး မေးလိုက်သည်။

"အစ်ကိုကြီး နာမည်ဘယ်လိုခေါ်လဲ။"

"ကျွန်တော်မျိုး နာမည်က ကျိုးမု ပါ။"

"မင်းက သစ်တုံး (မု) နဲ့တူပေမယ့် သစ်တုံး မဟုတ်ဘူးပဲ။"

နဉ်ရှောင်ယောင်းသည် ကျိုးမု၏ပခုံးကို ပုတ်လိုက်သည်။

နဉ်ရှောင်ယောင်း၏နောက်မှ လျှောက်လာသော လိုကျစ်ကွေ့ကို မြင်သောအခါ ကျိုးမု တုန်လှုပ်သွားသည်။ စစ်သေနာပတိချုပ်ရဲ့ မျက်နှာထားက သိပ်မကောင်းလှဘူး။

ခြေသံကြားသဖြင့် နဉ်ရှောင်ယောင်း လှည့်ကြည့်လိုက်ရာ လိုကျစ်ကွေ့ကို တွေ့လိုက်ရသည်။

"စစ်သေနာပတိချုပ်၊ ဘယ်လိုရောက်လာတာလဲ။"

နဉ်ရှောင်ယောင်း ပြုံးပြလိုက်သည်။

လိုကျစ်ကွေ့သည် ပြန်ပိတ်ထားသော နန်းတော်တံခါးကို တစ်ချက်ကြည့်လိုက်ပြီး နဉ်ရှောင်ယောင်းကို ပြောလိုက်သည်။

"အရှင်မင်းကြီးကို ထိုက်ဟွာနန်းဆောင် ပြန်ပို့ပေးပါရစေ။"

"အင်း၊ ကောင်းသားပဲ။"

နဉ်ရှောင်ယောင်း မငြင်းပေ။ မိဖုရားခေါင်ကြီးကိုလည်း ပို့ပြီးပြီဆိုတော့ ထိုက်ဟွာနန်းဆောင် မပြန်ရင် ဘာလုပ်ရမှာလဲ။

လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်း၏ ပခုံးပေါ်မှ ယိုကွမ့်ကို စိုက်ကြည့်လိုက်သည်။

ယိုကွမ့် ကြောက်လန့်သွားသည်။ စစ်သေနာပတိချုပ်ရဲ့အကြည့်တွေက ရေခဲတုံးလိုပဲ အေးစက်လွန်းတယ်။ ကြွက်သေလောက်တယ်။ ယိုကွမ့်သည် နဉ်ရှောင်ယောင်း၏ပခုံးပေါ်မှ ခုန်ဆင်းပြီး လျင်မြန်စွာ ထွက်ပြေးသွားလေသည်။

"ဘာဖြစ်လို့လဲ။"

နဉ်ရှောင်ယောင်း မျက်မှောင်ကြုတ်လိုက်သည်။ စစ်သေနာပတိချုပ်လို ကြည့်ရတာ စိတ်မကြည်ဘူး။

အစောင့်များသည် ခေါင်းငုံ့ထားကြသော်လည်း နားစွင့်ထားကြသည်။ ဘာကိစ္စဖြစ်ပြန်ပြီလဲဆိုတာ သူတို့လည်း သိချင်ကြသည်။

လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်းကိုခေါ်ပြီး နန်းတော်ထဲသို့ ဝင်လာခဲ့သည်။ နန်းတော်မြောက်ဘက်တံခါးနှင့် အတော်ဝေးဝေးရောက်မှ တိုးတိုးလေး မေးလိုက်သည်။

"ဘာလို့ မိဖုရားခေါင်ကြီးကို နန်းတော်အပြင် ပို့လိုက်တာလဲ။"

"မယ်တော်ကြီးက သူ့ကို သတ်ချင်နေလို့လေ။"

နဉ်ရှောင်ယောင်းက ဖြေလိုက်သည်။

"သူ သံဘုရားကျောင်းကို သွားတာလား။"

လိုကျစ်ကွေ့က မေးလိုက်သည်။

"ဟင်..."

နဉ်ရှောင်ယောင်း မျက်လုံးပြူးသွားသည်။

"အဲဒါကိုတောင် ရှင် ခန့်မှန်းမိတယ်လား။"

လိုကျစ်ကွေ့ နဖူးကို လက်ဖြင့်အုပ်လိုက်သည်။ ကျိုးကျွင်းချီက သံဘုရားကျောင်းမှာ ရှိနေတာလေ။ မိဖုရားခေါင်ကြီးက နန်းတော်အပြင်ထွက်ပြီး သံဘုရားကျောင်းကို မသွားရင် မြို့တော်ထဲမှာ ဆွေမျိုးမိတ်ဆွေမရှိတဲ့သူက ဘယ်ကိုသွားမှာလဲ။

"ဟုတ်တယ်၊ ကျွန်မ မိဖုရားခေါင်ကြီးကို သံဘုရားကျောင်း ပို့လိုက်တာ။ နှောင်းဧကရာဇ်က မြေကြီးထဲက ထလာပြီး ကျွန်မကို ကိုက်မယ်များ ထင်နေလား။"

နဉ်ရှောင်ယောင်းက ပြောလိုက်သည်။

"နှောင်းဧကရာဇ်က အရှင်မင်းကြီးကို ကိုက်မှာ မဟုတ်ပါဘူး။"

လိုကျစ်ကွေ့က မျက်နှာသေဖြင့် ပြောလိုက်သည်။ လူသေက ဘယ်လိုလုပ် ပြန်ရှင်လာမှာလဲ။

"ဟုတ်တယ်လေ။"

နဉ်ရှောင်ယောင်းက 'ငါပြောတာ အမှန်တရားပဲ' ဟူသော မျက်နှာထားဖြင့် ပြောလိုက်သည်။

"မယ်တော်ကြီးက အရှင်မင်းကြီးကို ဒုက္ခပေးချင်နေတာ။"

လိုကျစ်ကွေ့က ပြောလိုက်သည်။

"ဘာကိစ္စ ဒီအချိန်မှာ မိဖုရားခေါင်ကြီးဘက် လှည့်ပြီး ဒုက္ခပေးရမှာလဲ။ မိဖုရားခေါင်ကြီးက နွေဦးနှုတ်ဆက်ပွဲတော် ကျင်းပပေးလိုက်လို့လား။"

"ဟင်..."

"အဲဒါကြောင့် မဟုတ်ရင် မိဖုရားခေါင်ကြီးက ဘာကိစ္စနဲ့ မယ်တော်ကြီးကို စော်ကားမိလို့လဲ။"

မိဖုရားခေါင်ကြီး၏ ကိုယ်ရေးကိုယ်တာကိစ္စကို အရှင်မင်းကြီးနဉ် ဘယ်လိုပြောရမလဲ။ အချိန်အတော်ကြာ စဉ်းစားပြီးနောက် နဉ်ရှောင်ယောင်းက လိုကျစ်ကွေ့ကို ပြောလိုက်သည်။

"ဘာပဲဖြစ်ဖြစ် မိန်းမချင်း စစ်ပွဲပါပဲဟာ။"

လိုကျစ်ကွေ့ နဉ်ရှောင်ယောင်းကို ကြည့်လိုက်သည်။ ဒီစကားက ဘာမှမပြောတာနဲ့ အတူတူပဲ။

ထိုအချိန်တွင် ယင်းဖုန်းသည် နဂါးအစောင့်တပ်သားအချို့ကို ခေါ်ဆောင်ပြီး အလျင်အမြန် ရောက်လာသည်။

လိုကျစ်ကွေ့က ယင်းဖုန်းကို ပြောလိုက်သည်။

"မိဖုရားခေါင်ကြီး သံဘုရားကျောင်းကို သွားတယ်။ မင်း လူခေါ်ပြီး လိုက်ပို့လိုက်။ ကျိုးကျွင်းချီကို တွေ့ရင် ပြောလိုက်၊ အရှင်မင်းကြီးက ဦးရီးတော်ဟုန် သေဆုံးမှုအကြောင်း အမှန်တရားကို စုံစမ်းသိရှိပြီးပြီ။ သူ့ကို တရားမျှတမှု ပြန်ပေးဖို့ ပြင်ဆင်နေတယ်လို့ ပြောလိုက်။"

လိုကျစ်ကွေ့ စကားရပ်လိုက်ပြီးမှ ဆက်ပြောလိုက်သည်။

"ပြီးတော့ အရှင်မင်းကြီး အားရင် သံဘုရားကျောင်းကို လာတွေ့မယ်လို့ ပြောလိုက်။"

ယင်းဖုန်းသည် လိုကျစ်ကွေ့၏ စကားကိုကြားပြီးနောက် နဉ်ရှောင်ယောင်းကို ကြည့်လိုက်သည်။

ဦးရီးတော်ဟုန် သေဆုံးမှုအကြောင်း အမှန်တရားက ဘာလဲဆိုတာ နဉ်ရှောင်ယောင်း မသိပေမယ့် ယင်းဖုန်းကို ခေါင်းညိတ်ပြပြီး ပြောလိုက်သည်။

"စစ်သေနာပတိချုပ် ပြောတဲ့အတိုင်း လုပ်လိုက်။"

ယင်းဖုန်း အမိန့်နာခံပြီး နဂါးအစောင့်တပ်သားများကိုခေါ်ကာ နန်းတော်တံခါးဘက်သို့ အမြန်ထွက်ခွာသွားလေသည်။

"မင်း ကျိုးကျွင်းချီကို ကျေးဇူးပြုလိုက်တာ မှန်ကန်တဲ့ခြေလှမ်းပဲ။"

ယင်းဖုန်းတို့ ထွက်သွားပြီးနောက် လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်း၏ခေါင်းကို ဖွဖွလေး ပုတ်လိုက်သည်။

နဉ်ရှောင်ယောင်း မျက်တောင်ခတ်လိုက်သည်။ သူမ ဘယ်တုန်းက မိဖုရားခေါင်ကြီးရဲ့ အစ်ကိုကို ကျေးဇူးပြုလိုက်တာလဲ။ သူမ မသိပါလား။

"အဲဒီတုန်းက ကျိုးကျွင်းချီက အမိန့်အရ ဓားပြတိုက်ဖျက်ရေး ထွက်တိုက်ရတာ။ ဦးရီးတော်ဟုန် မိသားစုလုံခြုံရေးကို တာဝန်ယူရတာက ရွှီဖေးယွီ။ ဒါပေမဲ့ ဦးရီးတော်ဟုန် မိသားစု ဓားပြလက်ချက်နဲ့ အသတ်ခံလိုက်ရတယ်။ ရွှီဖေးယွီက ရှဲ့ဝမ်ယွမ်ရဲ့ အကာအကွယ်ကိုရလိုက်တော့ ဒီပြစ်ဒဏ်ကို ကျိုးကျွင်းချီ တစ်ယောက်တည်း ခံလိုက်ရတာ။"

နဉ်ရှောင်ယောင်း ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ ပန်းသီးတစ်လုံး ဝင်ဆံ့လောက်အောင် ကျယ်သွားသည်။ ဒါ မဟုတ်သေးဘူးလေ။ ပြောတော့ အချစ်စစ်ဆို။ ရွှီဖေးယွီက မိဖုရားခေါင်ကြီးရဲ့ အစ်ကိုကို ဒီလောက်တောင် ဒုက္ခပေးထားတာကို ဒီလူက မိဖုရားခေါင်ကြီးရဲ့အချစ်စစ် ဖြစ်နိုင်ပါ့မလား။ မိန်းမတွေက အချစ်စစ်နဲ့တွေ့ရင် မျက်ကန်းဖြစ်သွားတတ်ကြတာလား။

လိုကျစ်ကွေ့က မေးလိုက်သည်။

"မင်း ဒီကိစ္စကို မသိဘူးလား။"

နဉ်ရှောင်ယောင်း ခေါင်းခါလိုက်သည်။ သူမ ဘယ်လိုလုပ် သိမှာလဲ။

စစ်သေနာပတိချုပ်လို ထူးဆန်းသွားသည်။

"မင်း မသိဘဲနဲ့ ကျိုးကျွင်းချီကို ကျေးဇူးပြုလိုက်တာလား။"

နဉ်ရှောင်ယောင်း လိုကျစ်ကွေ့ကို ကြည့်လိုက်သည်။

"ကျွန်မ မသိဘူးလို့ ပြောရင် စစ်သေနာပတိချုပ်က ကျွန်မကို ငတုံးလို့ ထင်သွားမလား။'

လိုကျစ်ကွေ့လည်း နဉ်ရှောင်ယောင်းကို ပြန်ကြည့်နေသည်။

နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြပြီးနောက် နဉ်ရှောင်ယောင်း ခေါင်းငုံ့လိုက်ပြီး အိတ်ကပ်ထဲမှ ပန်းသီးတစ်လုံး ထုတ်ကာ ကိုက်စားရင်း ရှေ့ဆက်လျှောက်သွားသည်။ မေးစရာ မလိုတော့ဘူး။ စစ်သေနာပတိချုပ်ရဲ့အကြည့်ကိုကြည့်ရင် သူမ မဟုတ်ဘူးလို့ ငြင်းလိုက်တာနဲ့ စစ်သေနာပတိချုပ်က သူမကို ငတုံးလို့ သတ်မှတ်မှာ သေချာတယ်။

"မင်း..."

လိုကျစ်ကွေ့ နဉ်ရှောင်ယောင်းနောက်မှ လိုက်လာသည်။

"စကားမပြောနဲ့။"

နဉ်ရှောင်ယောင်း လှည့်ပြီး လိုကျစ်ကွေ့ကို ပန်းသီးတစ်လုံး ကမ်းပေးလိုက်သည်။

"ကျွန်မ တစ်ယောက်တည်း နေချင်တယ်။"

လိုကျစ်ကွေ့ ပန်းသီးကို ယူလိုက်သော်လည်း မစားပေ။

"ငါက ဘယ်လိုလုပ် မင်းကို ငတုံးလို့ ထင်ရမှာလဲ။"

နဉ်ရှောင်ယောင်း လိုကျစ်ကွေ့ကို မျက်စောင်းထိုးကြည့်လိုက်သည်။

"မထင်ဘဲ နေပါ့မလား။"

လိုကျစ်ကွေ့ "..."

နဉ်ရှောင်ယောင်း ပန်းသီးကို တစ်ကိုက်ပြီး တစ်ကိုက် ကိုက်စားလိုက်သည်။ အခွံရော အစေ့ပါ မကျန်အောင် ဝါးစားပြီး မျိုချလိုက်သည်။

လိုကျစ်ကွေ့သည် မိန်းကလေးနဉ် ပန်းသီးတစ်လုံးလုံးကို အားရပါးရ စားလိုက်သည်ကို ကြည့်ပြီး စကားပြောရန် ပြင်လိုက်စဉ် သူမ နောက်ထပ် ပန်းသီးကြီးတစ်လုံးကို ထပ်ထုတ်ပြီး ကိုက်စားနေသည်ကို တွေ့လိုက်ရသည်။ ကြည့်ရတာ ဒီမိန်းကလေး တစ်ယောက်တည်း ဆက်နေချင်သေးပုံရသည်။ စစ်သေနာပတိချုပ်လိုသည် တိတ်ဆိတ်စွာပင် နဉ်ရှောင်ယောင်းနောက်မှ လိုက်ပါလာခဲ့သည်။

နဉ်ရှောင်ယောင်းသည် မျက်နှာသေဖြင့် ပန်းသီးစားရင်း လမ်းလျှောက်နေသည်။ ကြည့်ရတာ တည်ငြိမ်နေသော်လည်း တကယ်တမ်းတော့ အရှင်မင်းကြီးနဉ်၏ ဦးနှောက်ထဲတွင် ရေနွေးအိုး တည်ထားသလို ဆူပွက်နေပြီဖြစ်သည်။ စစ်သေနာပတိချုပ်ပြောပုံအရဆိုရင် ရွှီဖေးယွီနဲ့ ကျိုးမောင်နှမတွေက ရန်သူတွေ ဖြစ်သင့်တာ။ ဒါဆို အချစ်စစ်ဆိုတာ ဘယ်က ရောက်လာတာလဲ။

တိတ်ဆိတ်နေသော လောင်တက နဉ်ရှောင်ယောင်းကို ပြောလိုက်သည်။

"မိဖုရားခေါင်ကြီး ဗိုက်ထဲကကလေးက ရွှီဖေးယွီ ကလေးဆိုတာတော့ သေချာတယ်။ အဲဒါတော့ မမှားနိုင်ဘူး။"

"ဟိုလေ..."

နဉ်ရှောင်ယောင်း လှည့်ကြည့်ပြီး လိုကျစ်ကွေ့ကို ပြောလိုက်သည်။

"ကျွန်မ အိမ်သာ ခဏသွားလိုက်ဦးမယ်။ စစ်သေနာပတိချုပ်၊ ထိုက်ဟွာနန်းဆောင်မှာ တွေ့မယ်နော်။"

ပြောပြီးသည်နှင့် နဉ်ရှောင်ယောင်းသည် လောင်တကိုခေါ်ပြီး ပြေးထွက်သွားလေသည်။

ကျန်ရစ်ခဲ့သော လိုကျစ်ကွေ့ "..."

ဒီမိန်းကလေးက အိမ်သာတက်တာ ထိုက်ဟွာနန်းဆောင်မှာ မတက်ဘဲ ဘယ်သွားတက်မလို့လဲ။ ဒီမိန်းကလေးက ကိုယ့်လျှို့ဝှက်ချက် ပေါက်ကြားသွားမှာကို လုံးဝမပူဘူးပဲ။

နေပါဦး... စစ်သေနာပတိချုပ်လို တွေးမိသွားပြန်သည်။ ဘာကိစ္စ မိန်းကလေးနဉ် အိမ်သာတက်တာကို ငါက လိုက်ပူနေရတာလဲ။

နဉ်ရှောင်ယောင်းသည် လောင်တကိုခေါ်ပြီး ထိုက်ဟွာနန်းဆောင် ပန်းခြံငယ်လေးထဲသို့ ပြေးဝင်သွားကာ တိရိစ္ဆာန်သူငယ်ချင်းများကို အစည်းအဝေး ခေါ်လိုက်သည်။

အိတ်ကပ်ထဲမှ ပန်းသီးများကို ထုတ်ပြီး အဘိုးစာကလေး၊ သာ့ရှန်တို့ကို ကျွေးလိုက်သည်။ နဉ်ရှောင်ယောင်းသည် စောစောက လိုကျစ်ကွေ့ပြောပြသော အကြောင်းအရာများကို တိရိစ္ဆာန်လေးများအား ပြန်ပြောပြလိုက်သည်။

နဉ်ရှောင်ယောင်းထက်စောပြီး ပြန်ရောက်နေသော ယိုကွမ့်က အော်ပြောလိုက်သည်။

"မိဖုရားခေါင်ကြီးက ရန်သူကို လင်တော်ထားတာလား။"

ယိုကွမ့်က တကယ့်ကို ဗဟုသုတစုံတဲ့ ကြွက်ကလေးပါပဲဟု နဉ်ရှောင်ယောင်း တွေးလိုက်မိသည်။

"မဖြစ်နိုင်ပါဘူး။"

စာကလေးမလေး မယုံကြည်နိုင်စွာ ပြောလိုက်သည်။

နဉ်ရှောင်ယောင်းက "မိဖုရားခေါင်ကြီးရဲ့အစ်ကို ဓားပြတိုက်ဖျက်ရေးမှာ ရှုံးနိမ့်ခဲ့တုန်းက ဘာတွေဖြစ်ခဲ့လဲဆိုတာ မင်းတို့ဘယ်သူ သိလဲ။"

အဘိုးစာကလေး ခေါင်းခါလိုက်သည်။

"အဲဒီကိစ္စက မြို့တော်မှာ ဖြစ်တာမှ မဟုတ်တာ။ ငါတို့ မမြင်လိုက်ဘူး။"

နဉ်ရှောင်ယောင်းက "အဘိုးစာကလေး၊ မင်းတို့ မစုံစမ်းကြည့်ဖူးဘူးလား။"

အဘိုးစာကလေး မဖြေရသေးခင်မှာပင် လောင်တက အထင်သေးစွာ ပြောလိုက်သည်။

"ဘယ်သူက မင်းတို့လူသားတွေကိစ္စကို စိတ်ဝင်စားမှာလဲ။"

ဒီစကားက နဉ်ရှောင်ယောင်းကို ပြောစရာမရှိ ဖြစ်သွားစေသည်။

"ယိုကွမ့် နားမလည်ဘူး။"

ယိုကွမ့် နဉ်ရှောင်ယောင်းကို ခေါင်းခါပြလိုက်သည်။

နဉ်ရှောင်ယောင်းက မေးလိုက်သည်။

"မိဖုရားခေါင်ကြီးရဲ့ယောက်ျားက တကယ်ပဲ ရွှီဖေးယွီလား။"

"တကယ်ပါ။"

စာကလေးမလေးက ပြောလိုက်သည်။

"သူတို့နှစ်ယောက် မိတ်လိုက်တုန်းက ငါ့ဝမ်းကွဲအစ်ကိုတို့လင်မယား တွေ့လိုက်တယ်တဲ့။ ငါ့ဝမ်းကွဲယောင်းမ ပြောတာက သူ သေချာမြင်လိုက်တယ်တဲ့။ မိဖုရားခေါင်ကြီးဆီက သွေးတောင်ထွက်တယ်တဲ့။ အဲဒါ နင်တို့လူသားတွေပြောတဲ့ အပျိုရည်ပျက်တာ ဆိုလား..."

နဉ်ရှောင်ယောင်း "..." အမတ်ချုပ်ကြီးအိမ်တော်မှာ ဒီလင်မယားနှစ်ကောင် မသိတဲ့ကိစ္စများ ရှိသေးရဲ့လား။

***

All Chapters