← Chapters

အမှန်တရားကိုသိသွားသော စစ်သေနာပတိချုပ်

Vol. 12 Ch. 179

အမှန်တရားကိုသိသွားသော စစ်သေနာပတိချုပ်

Vol. 12 Ch. 179

ဤလောကနှင့် အံဝင်ခွင်ကျမဖြစ်သော လူသားတစ်ဦးနှင့် လူသားမဟုတ်သော တိရိစ္ဆာန်အုပ်စုတစ်စုတို့သည် ထိုက်ဟွာနန်းဆောင် ပန်းခြံငယ်လေးရှိ ကံ့ကော်ပင်အောက်တွင် အစည်းအဝေးထိုင်ကာ မိဖုရားခေါင်ကြီး၊ ရွှီဖေးယွီ၊ ကျိုးကျွင်းချီနှင့် အမတ်ချုပ်ကြီးရှဲ့တို့ကြားတွင် မည်သို့သော အရှုပ်အထွေးများ ရှိနေသနည်းဆိုသည်ကို ဆွေးနွေးနေကြသည်။

လူရော တိရိစ္ဆာန်ပါ ပန်းသီးစားရင်း တက်တက်ကြွကြွ ဆွေးနွေးနေကြစဉ် ခြေသံကြားလိုက်ရသဖြင့် နဉ်ရှောင်ယောင်း လှည့်ကြည့်လိုက်သည်။

တိရိစ္ဆာန်လေးများသည် ချက်ချင်း အသံတိတ်သွားကြပြီး ပန်းသီးများကို ကိုက်ချီကာ လေးဖက်လေးတန် ထွက်ပြေးသွားကြသည်။ လောင်တနှင့် ဝံပုလွေဖြူလေးသာ နဉ်ရှောင်ယောင်းဘေးတွင် ကျန်ရစ်ခဲ့သည်။

"စစ်သေနာပတိချုပ်။"

နဉ်ရှောင်ယောင်းသည် သူမရှေ့တွင် ရပ်နေသော လိုကျစ်ကွေ့ကို လက်ပြနှုတ်ဆက်လိုက်သည်။

လိုကျစ်ကွေ့ ဒူးထောက်ထိုင်ချလိုက်သည်။

နဉ်ရှောင်ယောင်း ရင်ခွင်ထဲမှ ဝံပုလွေဖြူလေးသည် ခေါင်းမော့ကာ "ဝေါင်း" ဟု အော်ဟစ်နှုတ်ဆက်လိုက်သည်။

"သူက နှုတ်ဆက်နေတာ။"

နဉ်ရှောင်ယောင်းက ပြောလိုက်သည်။

လိုကျစ်ကွေ့ ဝံပုလွေဖြူလေး၏ခေါင်းကို ပွတ်ပေးလိုက်သည်။

ဘေးမှကြည့်နေသော လောင်တ မနာလိုဖြစ်သွားသည်။ သို့သော် စစ်သေနာပတိချုပ်ရှေ့တွင် လက်သည်းမထုတ်ရဲသဖြင့် ကြောင်ဝတုတ်ကြီး စိတ်ကောက်နေရုံသာ တတ်နိုင်တော့သည်။

"သူ့ကို နာမည်ပေးသင့်ပြီ။"

လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်းဘေးတွင် ဝင်ထိုင်ရင်း တိုးတိုးလေး ပြောလိုက်သည်။

"အမြဲတမ်း ဝံပုလွေဖြူလေး၊ ဝံပုလွေဖြူလေးလို့ ခေါ်နေလို့ မဖြစ်ဘူးလေ။"

"ရှောင်ရွှယ် (နှင်းပွင့်လေး) ဆိုရင်ရော။"

နဉ်ရှောင်ယောင်းသည် ဝံပုလွေဖြူလေးအတွက် (N+1) ကြိမ်မြောက် နာမည်တစ်ခု ပေးလိုက်သည်။

"မယူဘူး! ဝေါင်း!"

ဝံပုလွေဖြူလေး ချက်ချင်း ငြင်းဆန်လိုက်သည်။ သူက ဝံပုလွေထီးလေ။

ရှောင်ဟုန် (အနီလေး) ဆိုသော နာမည်ကို ကြားဖူးပြီးသားဖြစ်၍ စစ်သေနာပတိချုပ်လိုသည် ရှောင်ရွှယ်ဆိုသော နာမည်ကို သိပ်မထူးဆန်းတော့ပေ။ သို့သော် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"တကယ်လို့ သူက အမဆိုရင်ရော ဘာနာမည်ပေးမလဲ။"

နဉ်ရှောင်ယောင်း ခေါင်းမော့ပြီး မျက်လုံးလှန်ကာ စဉ်းစားလိုက်သည်။

"အထီး! အထီး! ငါက အထီး!"

ဝံပုလွေဖြူလေး နဉ်ရှောင်ယောင်းကို အော်ဟစ်လိုက်သည်။

နဉ်ရှောင်ယောင်း ရုတ်တရက် ခေါင်းငုံ့လိုက်ပြီး လိုကျစ်ကွေ့ကို ပြောလိုက်သည်။

"ပိုင်ရှောင်ဖန့် (ဝက်ဖြူလေး) ကိစ္စ နောက်မှပြောကြတာပေါ့။ အခု ကျွန်မပြောစရာ အရေးကြီးကိစ္စ ရှိတယ်။"

လောင်တ ကြောင်သွားပြီး ပြောလိုက်သည်။

"ပိုင်ရှောင်ဖန့်ဆိုတဲ့ နာမည်က မဆိုးပါဘူး။"

နဉ်ရှောင်ယောင်း ဝံပုလွေဖြူလေးကို ကြည့်လိုက်သည်။

ဝံပုလွေဖြူလေးက သူ မဝပါဘူးလို့ ပြောချင်သော်လည်း ဘောလုံးတစ်လုံးလို လုံးဝန်းနေသော ဗိုက်ကို လက်ဖြင့်ပုတ်ကြည့်ပြီးနောက် ဘာမှဆက်မပြောနိုင်တော့ပေ။

"မင်း သဘောတူလိုက်ပြီလို့ သတ်မှတ်လိုက်မယ်။"

နဉ်ရှောင်ယောင်းသည် ဝံပုလွေဖြူလေးကို မြေကြီးပေါ် ချပေးလိုက်ပြီး ပြောလိုက်သည်။

"နောက်ဆို မင်းနာမည်က ပိုင်ရှောင်ဖန့်ပဲ။ ဟေး လောင်တ၊ ပိုင်ရှောင်ဖန့်ကို ခေါ်သွားပြီး ဆော့ပေးလိုက်။"

ဝံပုလွေဖြူလေး ပိုင်ရှောင်ဖန့်သည် သူ့နာမည်သစ်ကို ငြင်းဆန်ခွင့် မရှိတော့မှန်း သဘောပေါက်သွားသည်။

ကြောင်နှင့် ဝံပုလွေ ထွက်သွားပြီးမှ လိုကျစ်ကွေ့က နဉ်ရှောင်ယောင်းကို မေးလိုက်သည်။

"ဘာအရေးကြီးကိစ္စ ပြောစရာရှိလို့လဲ။"

နဉ်ရှောင်ယောင်း လက်ဖဝါးကို ကုတ်နေသည်။

လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်း၏လက်ကို ဆွဲယူပြီး ဆုပ်ကိုင်ထားလိုက်သည်။

"မကုတ်နဲ့တော့။ ဘာဖြစ်လို့လဲ။ ရှောင်ယောင်း၊ မင်းမှာ ကျွန်တော့်ကို ပြောပြလို့မရတဲ့ ကိစ္စရှိလို့လား။"

"အဲဒါက... မိဖုရားခေါင်ကြီးရဲ့ ကိုယ်ရေးကိုယ်တာကိစ္စလေ။"

နဉ်ရှောင်ယောင်း တွန့်ဆုတ်စွာ ပြောလိုက်သည်။

"ကျွန်မပြောလိုက်ရင် မိဖုရားခေါင်ကြီးကို မလေးစားရာ ရောက်မှာစိုးလို့။"

လိုကျစ်ကွေ့ ကြောင်သွားသည်။ မိဖုရားခေါင်ကြီးမှာ ဘာကိစ္စရှိလို့လဲ။ ခဏစဉ်းစားပြီးနောက် မေးလိုက်သည်။

"တိုင်းပြည်ရေးရာနဲ့ သက်ဆိုင်လား။"

နဉ်ရှောင်ယောင်း မျက်နှာမဲ့လိုက်သည်။ အချစ်စစ်နဲ့ မိသားစုရန်ငြိုးကိစ္စဆိုပေမယ့် အမတ်ချုပ်ကြီးရှဲ့ ပါဝင်ပတ်သက်နေတော့ မိဖုရားခေါင်ကြီးရဲ့ ကိုယ်ရေးကိုယ်တာ သက်သက်တော့ မဟုတ်တော့ဘူး။

"တိုင်းပြည်ရေးရာနဲ့ သက်ဆိုင်တယ်ပေါ့။"

လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်းကို စိုက်ကြည့်နေပြီး ခဏအကြာတွင် ပြောလိုက်သည်။

"မိဖုရားခေါင်ကြီးရဲ့ အဆင့်အတန်းက ထူးခြားတယ်။ သူက စစ်သေနာပတိချုပ်မျိုးရိုးက ဆင်းသက်လာပြီး ရွှီဖေးယွီလက်ထဲက ကျိုးမိသားစုတပ်နဲ့လည်း ပတ်သက်နေတယ်။ ဒါကြောင့် ကျိုးမိသားစုကိစ္စက ကိစ္စသေးလေး မဖြစ်နိုင်ဘူး။"

"ရွှီဖေးယွီက အမတ်ချုပ်ကြီးနဲ့ပေါင်းပြီး မိဖုရားခေါင်ကြီးရဲ့ အစ်ကိုကို ဒုက္ခပေးခဲ့တာဆို။"

နဉ်ရှောင်ယောင်းက ပြောလိုက်သည်။

"ဒါဆို မိဖုရားခေါင်ကြီးနဲ့ ရွှီဖေးယွီက ရန်သူတွေ မဟုတ်ဘူးလား။"

"ဟုတ်တယ်။"

လိုကျစ်ကွေ့က ပြောလိုက်သည်။

"မိဖုရားခေါင်ကြီးက ရွှီဖေးယွီကို လူသိရှင်ကြား ဆဲဆိုဖူးတယ်။ ရန်သူကို အဖေခေါ်တဲ့ကောင် ဆိုပြီးတော့လေ။"

"အမတ်ချုပ်ကြီးကိုရော မဆဲဘူးလား။"

"မိဖုရားခေါင်ကြီးနဲ့ ရှဲ့ဝမ်ယွမ် ဆက်ဆံရေး မကောင်းတာကို ရှောင်ယောင်း မသိဘူးလား။"

နဉ်ရှောင်ယောင်း နှာခေါင်းရှုံ့လိုက်ပြီး ပြောလိုက်သည်။

"သူနဲ့ အမတ်ချုပ်ကြီး ဆက်ဆံရေး ကောင်းမကောင်း ကျွန်မဂရုမစိုက်ပါဘူး။ ဒါပေမဲ့ သူက ရွှီဖေးယွီရဲ့ကလေးကို လွယ်ထားတယ်ဆိုတာကတော့ ကျွန်မ နားမလည်နိုင်အောင် ဖြစ်ရတယ်။"

"ဘာပြောလိုက်တယ်။"

စစ်သေနာပတိချုပ်လို သူ့နားသူ မယုံနိုင်အောင် ဖြစ်သွားသည်။

"မိဖုရားခေါင်ကြီး ကိုယ်ဝန်ရှိနေတယ်။ အဲဒီကလေးက ကျွန်မကလေး မဟုတ်ဘူးဆိုတာ သေချာတယ်။"

နဉ်ရှောင်ယောင်းက ပြောလိုက်သည်။

လိုကျစ်ကွေ့ နဖူးကို လက်ဖြင့်အုပ်လိုက်သည်။

"အဲဒီကလေးက မင်းကလေး မဟုတ်ဘူးဆိုတာ ကျွန်တော်သိပါတယ်။ မင်းက မိန်းကလေးလေ၊ ဘယ်လိုလုပ် မိဖုရားခေါင်ကြီးကို ကိုယ်ဝန်ရှိအောင် လုပ်ပေးနိုင်မှာလဲ။"

"တကယ်လို့ ကျွန်မကလေးသာ ဖြစ်ခဲ့ရင် ပြဿနာမရှိပါဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်မက ဧကရာဇ်၊ သူက မိဖုရားခေါင်ကြီးပဲလေ။"

နဉ်ရှောင်ယောင်း၏စကားကို လိုကျစ်ကွေ့ ပြန်မပြောနိုင်တော့ပေ။

နဉ်ရှောင်ယောင်းကတော့ သဘောကျပြီး ရယ်မောလိုက်သည်။

"ဟားဟား... ကျွန်မသာ အဲဒီလိုစွမ်းရည်ရှိရင် စစ်သေနာပတိချုပ်ကိုပါ ကိုယ်ဝန်ရအောင် လုပ်ပေးလိုက်ဦးမယ်။ ဟားဟား..."

"သူ ဘာဖြစ်လို့ ဒီလောက် ရယ်နေတာလဲ။"

ပန်းခုံထဲမှ လောင်တသည် သူ့တပည့်များကို အံကြိတ်ပြီး မေးလိုက်သည်။

အမွှေးရှည်ကြောင်ဖြူလေးက လက်သည်းကို လျက်ရင်း ပြောလိုက်သည်။

"စစ်သေနာပတိချုပ်ရဲ့မျက်နှာ စိမ်းသွားပြီ။ မြောင်!"

"တစ်ခါတလေကျရင် ငါ စစ်သေနာပတိချုပ်ကို သနားတယ်။"

ကံ့ကော်ပင်အကိုင်းပေါ်မှ စာကလေးမလေးက စာကလေးထီးကို တိုးတိုးလေး ပြောလိုက်သည်။

"သိသာပါတယ်။"

စာကလေးထီးက သစ်ပင်အောက်တွင် တောင့်တောင့်ကြီး ထိုင်နေသော လိုကျစ်ကွေ့ကို ကြည့်ပြီး ပြောလိုက်သည်။

"စစ်သေနာပတိချုပ်က ရှောင်ယောင်းလက်ချက်နဲ့ တော်တော်လေး ခံစားနေရပုံပဲ။ ကျိ!"

"စစ်သေနာပတိချုပ်ကလည်း ကိုယ်ဝန်ရနိုင်လို့လား။"

အောက်ဘက်သစ်ကိုင်းမှ စာကလေးငယ်တစ်ကောင်က အဘိုးစာကလေးကို မေးလိုက်သည်။

အဘိုးစာကလေး သက်ပြင်းချလိုက်သည်။

"ရှောင်ယောင်းက ငတုံးမို့လို့ မင်းပါ လိုက်တုံးနေတာလား။ အထီးက ဘယ်လိုလုပ် ကလေးမွေးနိုင်မှာလဲ။"

သူ့မြေးတွေ ရှောင်ယောင်းကြောင့် ငတုံးဖြစ်ကုန်ရင် ဘယ်လိုလုပ်မလဲ။ အဘိုးစာကလေး စိတ်ပူမိသည်။

လိုကျစ်ကွေ့သည် နားထင်ကြောများကို နှိပ်နယ်လိုက်ပြီး နဉ်ရှောင်ယောင်းကို မေးလိုက်သည်။

"ဒီကိစ္စ မင်း သေချာလို့လား။"

"သေချာတာပေါ့။ မိဖုရားခေါင်ကြီးနဲ့ စစ်သူကြီးရွှီက အမတ်ချုပ်ကြီးအိမ်တော်မှာ အတူအိပ်ခဲ့ကြတာ။ ပြီးတော့ မိဖုရားခေါင်ကြီး..."

လိုကျစ်ကွေ့ လက်ကာပြပြီး နဉ်ရှောင်ယောင်းကို ဆက်မပြောရန် တားလိုက်သည်။

"သူတို့ ဘယ်နေရာမှာ ဖောက်ပြန်ခဲ့လဲဆိုတာ ကျွန်တော်မသိချင်ဘူး။"

"ဖောက်ပြန်တယ်?"

နဉ်ရှောင်ယောင်း ထိုစကားလုံးကို ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သော်လည်း ကောင်းသောစကားလုံး မဟုတ်မှန်း ခံစားမိသည်။

"မိဖုရားခေါင်ကြီးက အိမ်ထောင်သည်လေ။ သူစိမ်းယောက်ျားတစ်ယောက်နဲ့..."

"ကဲပါ၊ ကဲပါ။"

လိုကျစ်ကွေ့ ပိုမိုပြင်းထန်သော စကားလုံးများ မသုံးခင် နဉ်ရှောင်ယောင်း ဖြတ်ပြောလိုက်သည်။

"ကျွန်မနဲ့သူ့ကိစ္စက ဟာသတစ်ခုပဲလေ။ မဟုတ်ဘူးလား။"

"ဒါဆို သူနဲ့ ရွှီဖေးယွီက ဘာလဲ။"

လိုကျစ်ကွေ့ မျက်နှာထားတင်းတင်းဖြင့် ပြောလိုက်သည်။

"သူတို့က လင်မယားလား။"

ဟာသဟုတ်ဟုတ်၊ မဟုတ်ဟုတ်... မိဖုရားခေါင်ကြီး ဒီလိုလုပ်တာက နဉ်ရှောင်ယောင်းကို မလေးစားတာ၊ အနိုင်ကျင့်တာပဲ။ အဲဒါကြောင့် လိုကျစ်ကွေ့က မိဖုရားခေါင်ကြီးကို ကောင်းကောင်းမပြောနိုင်ခြင်း ဖြစ်သည်။

နဉ်ရှောင်ယောင်း ရှက်ရွံ့စွာ ပြောလိုက်သည်။

"စစ်သေနာပတိချုပ်၊ ကျွန်မတို့လည်း လင်မယား မဟုတ်သေးပါဘူး။"

ဒီတစ်ခါတော့ လိုကျစ်ကွေ့ မျက်နှာပူသွားသည်။

"အဲဒီနေ့က ဟင်းရည်ကို မိဖုရားခေါင်ကြီး ပေးလိုက်တာ။"

မိဖုရားခေါင်ကြီးကို ရောင်းစားပြီးပြီဆိုတော့ နဉ်ရှောင်ယောင်းသည် ထိုနေ့က ဂျင်ဆင်းနှင့် နှင်းပွင့်သစ်တော်သီးဟင်းရည်အကြောင်းကို ဆက်ပြီး ဖုံးကွယ်ထားစရာ မလိုတော့ပေ။

နဉ်ရှောင်ယောင်း ပြောပြသည်ကို နားထောင်ပြီးနောက် လိုကျစ်ကွေ့ အချိန်အတော်ကြာ စကားမပြောဘဲ နေလိုက်သည်။

စစ်သေနာပတိချုပ်လို စကားမပြောသဖြင့် နဉ်ရှောင်ယောင်းလည်း ငြိမ်နေလိုက်သည်။

"ဒါက မိဖုရားခေါင်ကြီးရဲ့ အကွက်ဆင်မှုပဲ။"

အတော်ကြာမှ လိုကျစ်ကွေ့ ပြုံးပြီး တိုးတိုးလေး ပြောလိုက်သည်။

သူ့မှာ နဉ်ရှောင်ယောင်း သဘောကျစရာ အရည်အချင်းတွေရှိတယ်လို့ ထင်ခဲ့မိတာ။ တကယ်တော့ ကိုယ့်ဘာသာ အထင်ကြီးနေခဲ့တာပဲ။ ဒါက မိဖုရားခေါင်ကြီးရဲ့ အကွက်ဆင်မှု သက်သက်ပဲ။ ပြောရရင် ဒါလည်း ဟာသတစ်ခုပါပဲ။

နဉ်ရှောင်ယောင်း သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။

"ဟူး... ဖွင့်ပြောလိုက်ရတော့ ရင်ထဲ ပေါ့သွားတယ်။"

လိုကျစ်ကွေ့ ပြုံးနေဆဲဖြစ်သော်လည်း နဉ်ရှောင်ယောင်း၏စကားကို ပြန်မပြောပေ။

နဉ်ရှောင်ယောင်း လိုကျစ်ကွေ့ကို စောင်းငဲ့ကြည့်လိုက်ပြီး ရုတ်တရက် ကိုယ်ကိုမတ်လိုက်ကာ လိုကျစ်ကွေ့၏ပါးကို နမ်းလိုက်ပြီး ရယ်မောကာ ပြောလိုက်သည်။

"ဒါပေမဲ့ ဒါက ကောင်းတဲ့ကိစ္စပဲလေ။ ကျွန်မလည်း ပျော်တယ်၊ စစ်သေနာပတိချုပ်လည်း ပျော်..."

လိုကျစ်ကွေ့ လက်ဝါးဖြင့် နဉ်ရှောင်ယောင်း၏ ပါးစပ်ကို ပိတ်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။

"တော်ပြီ၊ ဆက်မပြောနဲ့တော့။"

နဉ်ရှောင်ယောင်း မျက်တောင်ခတ်ပြလိုက်သည်။

လိုကျစ်ကွေ့ လက်ကိုဖယ်လိုက်ပြီး နဉ်ရှောင်ယောင်းကို ငုံ့ကြည့်လိုက်သည်။ နဉ်ရှောင်ယောင်း စကားဆက်ပြောရန် ပြင်လိုက်စဉ် လိုကျစ်ကွေ့က နဉ်ရှောင်ယောင်း၏နှုတ်ခမ်းကို နမ်းလိုက်သည်။ မိန်းကလေးနဉ်၏နှုတ်ခမ်းတွင် ချိုချဉ်အရသာနှင့်အတူ ပန်းသီးနံ့လေး သင်းပျံ့နေသည်။

"ကြည့်ရတာ ကျိုးမောင်နှမနဲ့ ရွှီဖေးယွီက ရှဲ့ဝမ်ယွမ် ယုံအောင် ရန်ဖြစ်ပြတဲ့ ပြဇာတ်ကနေတာပဲ။"

နမ်းပြီးနောက် လိုကျစ်ကွေ့ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး နဉ်ရှောင်ယောင်းကို ပြောလိုက်သည်။

"အဲဒီတုန်းက သူတို့ ဘယ်လိုလုပ်လုပ် ကျိုးမိသားစုတပ်ကို မထိန်းသိမ်းနိုင်တော့ဘူးဆိုတာ သိလိုက်ကြလို့ ရွှီဖေးယွီကို ရှဲ့ဝမ်ယွမ်ဘက် ကူးပြောင်းခိုင်းလိုက်တာ ဖြစ်မယ်။ ကျိုးမိသားစုတပ်က ရွှီဖေးယွီလက်ထဲ ရောက်သွားတာက ရှဲ့ဝမ်ယွမ်လက်ထဲ ရောက်သွားတာထက် ပိုကောင်းတယ်လေ။"

"အမတ်ချုပ်ကြီးရှဲ့က အဲဒီလောက် လိမ်ရလွယ်လို့လား။"

နဉ်ရှောင်ယောင်း သံသယဝင်မိသည်။ အမတ်ချုပ်ကြီးရှဲ့သာ အဲဒီလောက် အ,ရင် သူ ဒီနေ့အထိ ဒီအဘိုးကြီးကို မသတ်နိုင်ဘဲ နေပါ့မလား။

"ဒါကြောင့် ဦးရီးတော်ဟုန် မိသားစု အသတ်ခံရတုန်းက ရွှီဖေးယွီက အသက်ဘေးကလွတ်ဖို့ ရှဲ့ဝမ်ယွမ်ကို ခိုလှုံခဲ့တာ။"

လိုကျစ်ကွေ့ အဖြစ်အပျက်အားလုံးကို တွေးတောဆင်ခြင်ပြီးနောက် နဉ်ရှောင်ယောင်းကို ပြောပြလိုက်သည်။

"ရွှီဖေးယွီသာ နောက်ဆုံးအချိန်မှာ တပ်ဆုတ်မသွားခဲ့ရင် ကျိုးကျွင်းချီက ဓားပြတွေကို ရှုံးချင်မှ ရှုံးမှာ။"

"ဒါဆို ဒါလည်း ပြဇာတ်ပဲပေါ့။"

နဉ်ရှောင်ယောင်း သူမ၏ ဘယ်ဘက်လက်ကို လက်ညှိုးထိုးပြလိုက်သည်။

"မိဖုရားခေါင်ကြီး အစ်ကိုက လက်ပြတ်သွားတာနော်။"

"မသနားစဖွယ် မလုပ်ပြရင် သူတို့အချင်းချင်း ရန်ငြိုးကြီးတယ်ဆိုတာ ရှဲ့ဝမ်ယွမ် ယုံပါ့မလား။"

လိုကျစ်ကွေ့ နဉ်ရှောင်ယောင်း၏လက်ကို ဖွဖွလေး ဆုပ်ကိုင်လိုက်သည်။

"ဒါဆို မိဖုရားခေါင်ကြီးနဲ့ ကျွန်မကိစ္စကရော။ သူတို့ ကြိုတင်စီစဉ်ထားတာပဲလား။"

နဉ်ရှောင်ယောင်း မေးလိုက်သည်။

"ဒါကတော့ ရှဲ့ဝမ်ယွမ်က သူတို့ကို ပြန်အကွက်ဆင်လိုက်တာပဲ။"

လိုကျစ်ကွေ့ တိုးတိုးလေး ပြောလိုက်သည်။

"မိဖုရားခေါင်ကြီးကျိုးကို လက်ထဲမှာ ဆုပ်ကိုင်ထားလိုက်တာ။ တကယ်လို့ ရွှီဖေးယွီရဲ့ ခိုလှုံမှုက ဟန်ဆောင်မှုဖြစ်နေရင် မိဖုရားခေါင်ကြီးကျိုးက ရှဲ့ဝမ်ယွမ်အတွက် ရွှီဖေးယွီကို ခြိမ်းခြောက်နိုင်တဲ့ ဓားစာခံ ဖြစ်လာမှာပေါ့။"

နဉ်ရှောင်ယောင်း သဘောပေါက်သွားသည်။ ဒါက အမတ်ချုပ်ကြီးရှဲ့ ချင်ရှင်းကို သုံးပြီး ချင်ရွှမ်ကို ခြိမ်းခြောက်တာနဲ့ အတူတူပဲ။

"မယ်တော်ကြီးက မိဖုရားခေါင်ကြီး ကိုယ်ဝန်ရှိနေတာကို သိသွားပြီမလား။"

လိုကျစ်ကွေ့ မေးလိုက်သည်။

နဉ်ရှောင်ယောင်း ခေါင်းညိတ်လိုက်သည်။

"စစ်သေနာပတိချုပ်က အမြဲတမ်း ဒီလိုပဲ လုပ်နေတော့ ကျွန်မ ဖိအားများလာပြီ။"

ဉာဏ်ရည်ချင်း ယှဉ်ပြိုင်ရတာ တော်တော်ပင်ပန်းတယ်။

"ကျိုးမိသားစုတပ်က မြို့တော်နဲ့ နီးတယ်။"

လိုကျစ်ကွေ့ တွက်ချက်ရင်း ပြောလိုက်သည်။

"ကျိုးမောင်နှမနဲ့ ရွှီဖေးယွီကို ကျွန်တော်တို့ဘက် ပါလာအောင် ဆွဲဆောင်နိုင်ရင် ကျွန်တော်တို့အတွက် အကျိုးအမြတ် အများကြီး ရှိတယ်။"

"ဟုတ်လား။"

နဉ်ရှောင်ယောင်း စိတ်ဝင်စားသွားသည်။ မိဖုရားခေါင်ကြီးနဲ့ ရွှီဖေးယွီကို ပေါင်းဖက်ပေးလိုက်ရင် ဒီစစ်သူကြီးရွှီက သူမကို ပြန်ကူညီပေးမလား။ လူတစ်ယောက်ကို ကူညီရင် အကျိုးပြန်လိုချင်လို့ မဟုတ်ပေမယ့် သူမ အခု အခြေအနေ မကောင်းဘူးလေ။ ပြီးတော့ တိုင်းပြည်ရဲ့ စစ်သူကြီးတစ်ယောက်အနေနဲ့ တိုင်းပြီအတွက် အလုပ်လုပ်ပေးတာက တာဝန်ပဲ မဟုတ်ဘူးလား။

"အရင်ဆုံး စောင့်ကြည့်ကြတာပေါ့။"

လိုကျစ်ကွေ့က နဉ်ရှောင်ယောင်းကို တိုးတိုးလေး ပြောလိုက်သည်။

"ကျိုးမောင်နှမနဲ့ ရွှီဖေးယွီ ဘယ်လိုလုပ်မလဲဆိုတာ အရင်ကြည့်ပြီးမှ ကျွန်တော်တို့ ဆက်လုပ်ကြတာပေါ့။"

နဉ်ရှောင်ယောင်း နှုတ်ခမ်းစုပ်သပ်လိုက်သည်။

"ကြည့်နေစရာ လိုသေးလို့လား။ သူတို့ ထွက်ပြေးကြမှာ သေချာတယ်။"

"အင်း..."

လိုကျစ်ကွေ့က ပြောလိုက်သည်။

"ကျွန်တော်သာဆိုရင် သံဘုရားကျောင်းကို မီးရှို့ပစ်ပြီး မိဖုရားခေါင်ကြီးကျိုး သေသွားပြီလို့ သတင်းလွှင့်လိုက်မယ်။ ဒါဆိုရင် အားလုံး ပြီးသွားပြီ။"

"ဟုတ်တယ်လေ။"

နဉ်ရှောင်ယောင်းက ပြောလိုက်သည်။

"ဒါဆို ကျွန်မတို့က ဘာကို စောင့်ကြည့်နေရမှာလဲ။"

"သူတို့ ထွက်ပြေးသွားရင် သူတို့ကို အလုပ်လုပ်ခိုင်းဖို့အတွက် ရှောင်ယောင်းက သွားတောင်းပန်ရလိမ့်မယ်။"

လိုကျစ်ကွေ့ မိုးကုတ်စက်ဝိုင်းကို မော့ကြည့်လိုက်ရာ မျက်လုံးများ အေးစက်သွားသည်။

"တောင်းပန်ပြီး ရလာတဲ့အရာက စိတ်ချရတာ မဟုတ်ဘူး။ ရှောင်ယောင်း၊ ကျွန်တော်တို့က ကျိုးမောင်နှမနဲ့ ရွှီဖေးယွီကို ကျွန်တော်တို့ဆီမှာ သစ္စာခံပါရစေလို့ စိတ်ပါလက်ပါ လာတောင်းပန်အောင် လုပ်ရမယ်။"

ဘုရားရေ!

နဉ်ရှောင်ယောင်း နဖူးမှ ချွေးစေးများ ပြန်လာသည်။ စစ်သေနာပတိချုပ်လိုက နောက်ထပ် မကောင်းကြံတော့မယ်!

***

All Chapters