← Chapters

မိဖုရားခေါင်ကြီးဆိုတာ နယ်ရုပ်တစ်ရုပ်ပါပဲ

Vol. 12 Ch. 180

မိဖုရားခေါင်ကြီးဆိုတာ နယ်ရုပ်တစ်ရုပ်ပါပဲ

Vol. 12 Ch. 180

နဉ်ရှောင်ယောင်းနှင့် လိုကျစ်ကွေ့တို့ ကံ့ကော်ပင်အောက်တွင် ထိုင်စကားပြောနေချိန်၌ ယင်းဖုန်းနှင့် အဖွဲ့သားများသည် မိဖုရားခေါင်ကြီးကို မြို့တော်မြောက်ဘက် တောင်ပေါ်ရှိ သံဘုရားကျောင်းသို့ ပို့ဆောင်ပေးခဲ့ကြသည်။

ညအချိန်ဖြစ်သောကြောင့် ဘုရားဖူးများ မရှိတော့ဘဲ ဘုရားကျောင်းမှာ တိတ်ဆိတ်ငြိမ်သက်နေသည်။ သို့သော် ယင်းဖုန်းတို့ ရောက်လာသဖြင့် ဘုရားကျောင်းတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။

ကျောင်းထိုင်ဆရာတော် ကူမုသည် နောက်ဘက်ကျောင်းဆောင်မှ ထွက်လာပြီး ကျောင်းတိုက်အုပ်ချုပ်သူ ဘုန်းကြီးများနှင့်အတူ ယင်းဖုန်းရှေ့သို့ ရောက်လာကြသည်။

ဘုရားကျောင်းမဝင်ခင်ကတည်းက မိဖုရားခေါင်ကြီးက သူ့အကြောင်း ထုတ်မပြောဖို့ ယင်းဖုန်းကို မှာကြားထားသည်။ မိဖုရားခေါင်ကြီးက နန်းတော်ထဲက အမောင်းထုတ်ခံရတာ မဟုတ်ပေမယ့် မိဖုရားခေါင်ကြီးရဲ့စကားကို အမိန့်တော်အတိုင်း နာခံရမည် ဖြစ်သည်။

"ကျိုးကျွင်းချီ ဘယ်မှာလဲ။"

ယင်းဖုန်းသည် မိဖုရားခေါင်ကြီး၏ရှေ့မှကာရပ်ပြီး ဆရာတော်ကူမုကို မေးလိုက်သည်။

ကျိုးကျွင်းချီကို မေးလိုက်သဖြင့် ဆရာတော်ကူမု အံ့သြသွားပြီး ပြောလိုက်သည်။

"ဒကာကြီး၊ ကျိုးကျွင်းချီဆိုတာ လောကီရေးရာ စွန့်လွှတ်ထားသူ၊ ရာဇဝတ်သားတစ်ဦး ပါ။ ဒကာကြီးက ဘာကိစ္စနဲ့ တွေ့ချင်တာလဲ။"

ကျိုးကျွင်းချီသည် ဘုန်းကြီးဝတ်ပြီးနောက် 'ကျိုးရှင်း' ဟု ဘွဲ့တော်ရထားကြောင်း ယင်းဖုန်း သိသော်လည်း မသိချင်ယောင်ဆောင်ကာ အေးစက်စွာပြောလိုက်သည်။

"ကျုပ်က အမိန့်တော်အရ လာတာ။ ဆရာတော် စကားရှည်မနေပါနဲ့။ ကျိုးကျွင်းချီ ဘယ်မှာလဲ။ ကျုပ်တို့ အလုပ်ကို နှောင့်ယှက်ရင် အရှင်မင်းကြီးရဲ့ အမျက်ဒေါသကို ခံရလိမ့်မယ်။"

ယင်းဖုန်း၏ ရိုင်းစိုင်းသော အပြုအမူကြောင့် ဆရာတော်ကူမု နောက်ဆုတ်လိုက်ရသည်။ ဘာသာရေးနယ်ပယ်မှာ ဘယ်လောက်ပဲ အဆင့်အတန်းမြင့်မြင့်၊ အာဏာရှင်ကိုတော့ မလွန်ဆန်နိုင်ပေ။

"ဒကာကြီး၊ ကြွပါ။"

ဆရာတော်ကူမု ရှေ့ကနေ လမ်းပြလိုက်သည်။

နှစ်ပေါင်းများစွာ မတွေ့ရသေးသော အစ်ကိုကြီးကို တွေ့ရတော့မည်ဖြစ်သဖြင့် မိဖုရားခေါင်ကြီး၏ခန္ဓာကိုယ် တုန်ယင်နေသည်။

တင်းမားမားသည် မိဖုရားခေါင်ကြီးကို တွဲထူထားရင်း တိုးတိုးလေးပြောလိုက်သည်။

"မိဖုရားခေါင်ကြီး၊ စိတ်ကို တည်ငြိမ်အောင် ထားပါ။ မဟုတ်ရင် သခင်လေး စိတ်မကောင်း ဖြစ်လိမ့်မယ်။"

မိဖုရားခေါင်ကြီးသည် မျက်ရည်စများကို သုတ်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။

ယင်းဖုန်းသည် သူတို့နောက်မှ လိုက်လာသော ဘုန်းကြီးများကို ကြည့်ပြီး ဆရာတော်ကူမုကို ပြောလိုက်သည်။

"လူအများကြီး လိုက်လာစရာ မလိုဘူး။"

ဆရာတော်ကူမု လက်ကာပြလိုက်သဖြင့် ဘုန်းကြီးများ ပြန်လှည့်သွားကြသည်။

ဆရာတော်ကူမု၏ ဦးဆောင်မှုဖြင့် ကျဉ်းမြောင်းပြီး ရှည်လျားသော စင်္ကြံလမ်းကို တစ်နာရီခန့် လျှောက်ပြီးနောက် သီးသန့်ဝင်းလေးတစ်ခုသို့ ရောက်ရှိသွားကြသည်။ မီးခိုးရောင် သင်္ကန်းဝတ်ဆင်ထားပြီး ဘယ်ဘက်လက်မောင်းပြတ်နေသော ဘုန်းကြီးတစ်ပါးသည် ဝင်းတံခါးဝတွင် စောင့်နေသည်။

"ဆရာတော် ပြန်ကြွလို့ ရပါပြီ။"

ယင်းဖုန်းသည် ကျိုးကျွင်းချီကို တစ်ခါမှ မမြင်ဖူးသော်လည်း လက်မောင်းပြတ်နေသော ဘုန်းကြီးကို မြင်သည်နှင့် မိဖုရားခေါင်ကြီး၏အစ်ကိုမှန်း တန်းသိလိုက်သည်။

ဆရာတော်ကူမု လက်အုပ်ချီကာ မေတ္တာပို့သပြီး လှည့်ထွက်သွားလေသည်။

မိဖုရားခေါင်ကြီး ရှေ့တိုးသွားရန် ပြင်လိုက်သော်လည်း တင်းမားမားက အတင်းဆွဲထားလိုက်သည်။

ကျိုးကျွင်းချီသည် သူ့ရှေ့မှ လူအုပ်ကို ကြည့်လိုက်သည်။ နှစ်ပေါင်းများစွာကြာအောင် ဘုန်းကြီးအိုကြီးများမှလွဲ၍ မည်သူ့ကိုမျှ မတွေ့ခဲ့ရသဖြင့် ရုတ်တရက် လူစိမ်းများ ရောက်လာသည်ကို သူ နေသားမကျ ဖြစ်နေသည်။

ယင်းဖုန်းက ကျိုးကျွင်းချီကို အကဲခတ်ကြည့်လိုက်သည်။ မျက်နှာပေါက်က မိဖုရားခေါင်ကြီးနှင့် ဆင်တူသည်။ နေရောင်မရတာ ကြာပြီဖြစ်၍ အသားအရေ ဖြူဖျော့နေပြီး အရပ်ရှည်သော်လည်း ပိန်လှီနေသည်။ သင်္ကန်းက သူ့ကိုယ်ပေါ်တွင် ဖားလျားကျနေသည်။

"ခေါင်းဆောင်။"

ယင်းဖုန်း၏ ဘယ်ဘက်တွင် ရပ်နေသော နဂါးအစောင့်တပ်သားတစ်ဦးက တိုးတိုးလေး သတိပေးလိုက်သည်။

"ဟို ဘုန်းကြီးအိုကြီး မပြန်သေးဘူး။"

ယင်းဖုန်း နောက်လှည့်ကြည့်လိုက်သည်။ စင်္ကြံလမ်းအဆုံးတွင် အမှောင်ထုသာ ရှိနေပြီး မီးရောင်မရှိပေ။

"သူ့ခြေသံက အဝင်ဝမှာ ရပ်သွားတယ်။"

နဂါးအစောင့်တပ်သားက ပြောလိုက်သည်။

ဒီကနေ့ ခေါ်လာတဲ့လူတွေထဲမှာ ဒီကောင်လေးက နားအပါးဆုံးပဲ။ ယင်းဖုန်း ယုံကြည်သည်။ သူက ထိုကောင်လေး၏ပခုံးကို ပုတ်လိုက်ပြီး လည်ချောင်းရှင်းကာ ကျိုးကျွင်းချီကို ပြောလိုက်သည်။

"ကျိုးကျွင်းချီ၊ အမိန့်တော် နာခံ။"

ကျိုးကျွင်းချီ ဒူးထောက်လိုက်သည်။

မိဖုရားခေါင်ကြီးနှင့် တင်းမားမားတို့သည် နဉ်ရှောင်ယောင်း ဘာအမိန့်ပေးလိုက်သလဲ မသိသဖြင့် အသက်အောင့်ထားကြသည်။

ယင်းဖုန်းသည် လိုကျစ်ကွေ့ မှာလိုက်သော စကားများကို အမိန့်တော်အဖြစ် ကျိုးကျွင်းချီအား ပြန်ပြောပြလိုက်သည်။

လက်ရှိအရှင်မင်းကြီးက သူ့အမှုဟောင်းကို ပြန်လည်စစ်ဆေးတော့မည်ဟု ကြားလိုက်ရသောအခါ ကျိုးကျွင်းချီ၏ဦးနှောက် ဗလာဖြစ်သွားပြီး နောက်ဆက်တွဲ စကားများကို မကြားလိုက်တော့ပေ။

"ကျိုးကျွင်းချီ။"

ယင်းဖုန်းက ခေါ်လိုက်သည်။

"ကျေးဇူးတင်စကား မပြောသေးဘူးလား။"

ယင်းဖုန်း သတိပေးလိုက်မှ ကျိုးကျွင်းချီ သတိဝင်လာပြီး ဦးခိုက်ကာ ကျေးဇူးတင်စကား ပြောလိုက်သည်။

ဆရာတော်ကူမုသည် ကျောင်းတိုက်အတွင်းသို့ တိတ်တဆိတ် ပြန်ဝင်လာသည်။ နှောင်းဧကရာဇ်သည် ဘုရားတရား ကိုင်းရှိုင်းသူဖြစ်၍ သံဘုရားကျောင်းကို အမြဲမပြတ် လှူဒါန်းခဲ့သော်လည်း လက်ရှိဧကရာဇ် နန်းတက်ပြီးနောက်တွင်မူ အလှူအတန်းများ ပြတ်တောက်သွားခဲ့သည်။ (ဆရာတော်ရေ၊ အရှင်မင်းကြီးဆီ အလှူခံသွားထွက်ရင် အကိုက်ခံရမယ်ဆိုတာ ယုံလိုက်ပါတော့။)

ထို့အပြင် ဆရာတော်ကူမုသည် ကျောင်းတိုက်အတွင်း လမ်းလျှောက်ရင်း တွေးလိုက်မိသည်။ သူ့စကားတစ်ခွန်းကြောင့် နှောင်းဧကရာဇ် လက်ထက်တွင် လက်ရှိဧကရာဇ်သည် နန်းတော်ထဲသို့ ခြေတစ်လှမ်းမှ မချခဲ့ရပေ။ ဒီအငြိုးကို လက်ရှိဧကရာဇ်က ပြန်ဆပ်မလား။ ဆရာတော်ကူမု ခေါင်းခါလိုက်သည်။ ကံတရားအတိုင်း ဖြစ်ပါစေတော့။

"ဆရာတော်ကြီး။"

ကျောင်းတိုက်အုပ်ချုပ်သူ ဘုန်းကြီးဖြစ်သော ချန်မုသည် ဆရာတော်ကူမုကို ဆီးကြိုနှုတ်ဆက်လိုက်သည်။

"အရှင်မင်းကြီးက ကျိုးရှင်းရဲ့အမှုကို ပြန်စစ်ဆေးတော့မယ်။"

ဆရာတော်ကူမုက ပြောလိုက်သည်။

ချန်မုက "အရှင်မင်းကြီးနဲ့ အမတ်ချုပ်ကြီး မတည့်ကြဘူးလေ။ အရှင်မင်းကြီးက သူ့ယောက်ဖတော်ရဲ့ အမှုကို ပြန်စစ်ဆေးတာ သဘာဝကျပါတယ်။"

"ရဟန်းတွေက ဒီကိစ္စတွေ ဝင်ပါလို့ မရဘူး။"

ဆရာတော်ကူမု ရှေ့ဆက်လျှောက်သွားသည်။

"ဟိုလူအုပ်ထဲမှာ အမျိုးသမီးနှစ်ယောက်ပါလာတာ တွေ့တယ်။"

ချန်မုက ဆရာတော်ကူမု နောက်မှ လိုက်ရင်း ပြောလိုက်သည်။

"အရှင်မင်းကြီးက ဘာလို့ အမျိုးသမီးတွေကို ကျိုးရှင်းဆီ လွှတ်လိုက်တာလဲ။ ဖြစ်နိုင်တာက..."

"မပြောနဲ့တော့။"

ဆရာတော်ကူမု ဖြတ်ပြောလိုက်သည်။

"ငါ အရင်တုန်းက အမှားကြီးတစ်ခု လုပ်ခဲ့ဖူးပြီ။ မင်းက နောက်ထပ် အမှားတစ်ခု ထပ်လုပ်ချင်သေးလို့လား။"

ချန်မု ပါးစပ်ပိတ်သွားသည်။

ယင်းဖုန်းနှင့် အဖွဲ့သားများသည် ကြာကြာမနေကြပေ။ အမိန့်တော်ပြန်တမ်း ဖတ်ကြားပြီးနောက် မိဖုရားခေါင်ကြီးနှင့် တင်းမားမားတို့ ကျိုးကျွင်းချီနောက်သို့ လိုက်ပါသွားသည်ကို မြင်သောအခါ နှုတ်ဆက်ထွက်ခွာသွားကြသည်။

နှစ်ပေါင်းများစွာကြာမှ ပြန်ဆုံတွေ့ကြရသော ကျိုးမောင်နှမနှစ်ဦးသည် ငိုချင်သော်လည်း မျက်ရည်မထွက်နိုင်ဘဲ တစ်ဘဝခြားသွားသကဲ့သို့ ခံစားနေရသည်။

တင်းမားမားသည် အခန်းတံခါးဝတွင် စောင့်နေပြီး အခန်းထဲမှ မိဖုရားခေါင်ကြီး၏ငိုသံကို ကြားရသောအခါ မျက်ရည်ကျမိသည်။ မိသားစုပျက်စီးပြီး ကွဲကွာသွားရသည့် နာကျင်မှုနှင့် အမုန်းတရားကို ကိုယ်တိုင်မကြုံဖူးသူများ နားလည်နိုင်မည် မဟုတ်ပေ။

......

ယင်းဖုန်းတို့ မြင်းစီးထွက်ခွာသွားသောအခါ သံဘုရားကျောင်းရှိ သာမန်အခန်းငယ်လေးတစ်ခန်းထဲတွင် အသက်ကြီးရင့်နေပြီဖြစ်သော ဘုန်းကြီးအိုတစ်ပါးသည် မီးရောင်အောက်တွင် စာတစ်စောင်ကို အလျင်အမြန် ရေးသားလိုက်သည်။ စာအိတ်ကို သေချာပိတ်ပြီးနောက် ကိုရင်လေးတစ်ပါးကို ခေါ်ကာ ပြောလိုက်သည်။

"အခု မြို့တံခါးပိတ်သွားလောက်ပြီ။ မြို့ရိုးအောက်ကိုသွားပြီး 'သံဘုရားကျောင်းကပါ' လို့ အော်လိုက်။ စစ်သည်တွေက ခြင်းတောင်းချပေးလိမ့်မယ်။ ဒီစာကို ခြင်းတောင်းထဲ ထည့်လိုက်။"

ကိုရင်လေးသည် စာကိုယူပြီး အမိန့်နာခံကာ ပြေးထွက်သွားလေသည်။

ထိုအချိန်တွင် ထိုက်ဟွာနန်းဆောင်၌ အဘွားယာသည် နဂါးအစောင့်တပ်သားတစ်ဦး၏ ခေါ်ဆောင်မှုဖြင့် လိုကျစ်ကွေ့၏အခန်းသို့ ရောက်ရှိလာသည်။

ထိုင်ခုံပေါ်တွင် ထိုင်နေသော လိုကျစ်ကွေ့ကို ကြောက်ရွံ့စွာ ကြည့်ရင်း အဘွားယာ ဂါရဝပြုလိုက်သည်။

"မင်း မယ်တော်ကြီးနန်းဆောင်ကို တစ်ခေါက်သွားလိုက်။"

လိုကျစ်ကွေ့က အမိန့်ပေးလိုက်သည်။

"မိဖုရားခေါင်ကြီးကို အရှင်မင်းကြီးက သံဘုရားကျောင်း ပို့လိုက်ပြီလို့ မယ်တော်ကြီးကို သွားပြောလိုက်။"

အဘွားယာ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး လိုကျစ်ကွေ့ကို လက်ခါပြလိုက်သည်။

လိုကျစ်ကွေ့က ပြောလိုက်သည်။

"မင်းအကြောင်း ငါသိပါတယ်။ အရှင်မင်းကြီးက မင်းကို သုံးချင်နေလို့သာ ငါက အရှင်မင်းကြီးသဘောကို မလွန်ဆန်ချင်လို့ပါ။"

အဘွားယာ လက်ပြန်ချလိုက်သည်။

"မှတ်ထား၊ ငါပြောတဲ့အတိုင်း မယ်တော်ကြီးကို ပြောပြလိုက်။"

လိုကျစ်ကွေ့က မှာလိုက်သည်။

အဘွားယာ လိုကျစ်ကွေ့ကို လက်ဟန်ခြေဟန်ဖြင့် ပြန်ပြောလိုက်သည်။

လိုကျစ်ကွေ့ ပြုံးလိုက်ပြီး "ငါ မင်းရဲ့ လက်ဟန်ခြေဟန်ကို နားမလည်ဘူး။ ဒီကိစ္စကို အရှင်မင်းကြီးနဲ့ တိုင်ပင်ပြီးပြီ။ အရှင်မင်းကြီးက မင်းကို မသွားစေချင်ဘူး။ ဘာလို့လဲဆိုတော့ မင်းမပြောလည်း မယ်တော်ကြီးက သိသွားမှာပဲ။ ဒါပေမဲ့ ငါထင်တာကတော့ မင်းသွားပြောလိုက်တာ ပိုကောင်းမယ်။ မင်းရဲ့ သစ္စာရှိမှုကို ပြသရာရောက်သလို မယ်တော်ကြီးရဲ့ အချိန်ကိုလည်း သက်သာစေတယ်။"

အဘွားယာ ခဏတာ စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်။ အရှင်မင်းကြီးနဲ့ စစ်သေနာပတိချုပ်လိုရဲ့ ဆက်ဆံရေးကို သူသိသည်။ ဒီအချိန်မှာ စစ်သေနာပတိချုပ်က အရှင်မင်းကြီးကို ဒုက္ခပေးမှာ မဟုတ်ဘူး။

"ပြီးတော့..."

လိုကျစ်ကွေ့က ဆက်ပြောလိုက်သည်။

"အရှင်မင်းကြီးက မိဖုရားခေါင်ကြီး သစ္စာဖောက်တယ်လို့ ဒေါသတကြီး ပြောနေတာ ကြားလိုက်ရတယ်လို့ မယ်တော်ကြီးကို ပြောလိုက်။"

မိဖုရားခေါင်ကြီးနန်းဆောင်တွင် အိမ်ပြိုကျပြီး ချန်မားမားတို့ အပြစ်ပေးဌာနသို့ အပို့ခံလိုက်ရသည့် သတင်းကို မယ်တော်ကြီးရှဲ့ သိရှိပြီးဖြစ်သည်။ အခန်းထဲတွင် ဒေါသတကြီး အော်ဟစ်နေစဉ် အစေခံတစ်ဦး ဝင်လာပြီး အဘွားယာ ဝင်ခွင့်တောင်းကြောင်း လျှောက်တင်လိုက်သည်။

မယ်တော်ကြီးရှဲ့သည် အခန်းထဲမှ လူများကို ထွက်သွားခိုင်းပြီး အဘွားယာကို ခေါ်လိုက်သည်။

အဘွားယာ အခန်းထဲဝင်လာပြီး ဒူးထောက်ကာ လက်ဟန်ခြေဟန်ဖြင့် မိဖုရားခေါင်ကြီး သံဘုရားကျောင်းသို့ ရောက်သွားကြောင်း သတင်းပို့လိုက်သည်။

မယ်တော်ကြီးရှဲ့ လက်ကာပြပြီး ထခိုင်းလိုက်ကာ မေးလိုက်သည်။

"အရှင်မင်းကြီးက ဘာကိစ္စနဲ့ မိဖုရားခေါင်ကြီးကို နန်းတော်အပြင် ပို့လိုက်တာလဲ။"

အဘွားယာ လက်ဟန်ပြလိုက်သည်။

"အရှင်မင်းကြီးက မယ်တော်ကြီး မိဖုရားခေါင်ကြီးကို ဒုက္ခပေးမှာစိုးလို့ပါတဲ့။"

"ရယ်စရာကောင်းလိုက်တာ။"

မယ်တော်ကြီးရှဲ့ တိုးတိုးလေး ရေရွတ်လိုက်သည်။

အဘွားယာ ခေါင်းငုံ့ပြီး မယ်တော်ကြီး၏အမိန့်ကို စောင့်နေသည်။

မယ်တော်ကြီးရှဲ့၏ ခေါင်းထဲတွင် မေးခွန်းနှစ်ခု ပေါ်လာသည်။ တစ်ခုက မိဖုရားခေါင်ကြီး တကယ်ပဲ ကိုယ်ဝန်ရှိနေတာလား။ နောက်တစ်ခုက နဉ်ယွီက မိဖုရားခေါင်ကြီး ကိုယ်ဝန်ရှိနေနိုင်တယ်ဆိုတာ သိနေတာလား။

အဘွားယာ ရုတ်တရက် တစ်ခုခု သတိရသွားသလို လက်ဟန်ပြလိုက်သည်။

"အရှင်မင်းကြီးက မိဖုရားခေါင်ကြီးနန်းဆောင်ကနေ ထိုက်ဟွာနန်းဆောင်ကို ပြန်ရောက်တော့ အိပ်ဆောင်ထဲမှာ ဒေါသတကြီး အော်ဟစ်နေပါတယ်။ ကျွန်တော်မျိုးမ ကြားလိုက်တာကတော့ မိဖုရားခေါင်ကြီး သစ္စာဖောက်တယ်တဲ့။"

မယ်တော်ကြီးရှဲ့ အဘွားယာကို စိုက်ကြည့်ပြီး မေးလိုက်သည်။

"အရှင်မင်းကြီး တကယ် အဲဒီလို ပြောတာလား။"

အဘွားယာ ခေါင်းညိတ်လိုက်၊ ခေါင်းခါလိုက် လုပ်ပြီး လက်ဟန်ပြလိုက်သည်။

"ကျွန်တော်မျိုးမ ရေရေရာရာ မကြားလိုက်ရပါဘူး။ ဒါပေမဲ့ အရှင်မင်းကြီးက မိဖုရားခေါင်ကြီးကိစ္စနဲ့ ဒေါသထွက်နေတာ သေချာပါတယ်။"

နဉ်ယွီက ဘာကိစ္စ မိဖုရားခေါင်ကြီးအပေါ် ဒေါသထွက်နေရတာလဲ။ မိဖုရားခေါင်ကြီး သစ္စာဖောက်တယ် ဟုတ်လား။ မယ်တော်ကြီးရှဲ့ စဉ်းစားနေသည်။

"မယ်တော်ကြီး။"

အခန်းပြင်မှ မိန်းမစိုးတစ်ဦး၏ အသံ ထွက်ပေါ်လာသည်။

"ဘာကိစ္စလဲ။"

"ချန်မားမားတို့ အပြစ်ပေးဌာနမှာ သေသွားကြပါပြီ။ အရှင်မင်းကြီး အမိန့်နဲ့ ကွပ်မျက်လိုက်တာပါ။"

မယ်တော်ကြီးရှဲ့ ခဏတာ တိတ်ဆိတ်သွားပြီးမှ ပြန်ပြောလိုက်သည်။

"သိပြီ၊ ထွက်သွားတော့။"

"ဟုတ်ကဲ့။"

မိန်းမစိုးက ထွက်ခွာသွားသည်။

မယ်တော်ကြီးရှဲ့ အဘွားယာကို ကြည့်ပြီး မေးလိုက်သည်။

"အရှင်မင်းကြီးက အခုထိ ဒေါသထွက်နေတုန်းပဲလား။"

အဘွားယာ လက်ဟန်ပြလိုက်သည်။

"အရှင်မင်းကြီးက စစ်သေနာပတိချုပ်လိုကို ခေါ်ပြီး စကားပြောနေပါတယ်။ တစ်ခုခု တိုင်ပင်နေကြပုံပါပဲ။"

မယ်တော်ကြီးရှဲ့ ခေါင်းညိတ်ပြီး အဘွားယာကို ထွက်သွားခိုင်းလိုက်သည်။

အဘွားယာလည်း အရိုအသေပေးကာ ထွက်ခွာသွားတော့သည်။

ထုပ်တန်းပေါ်တွင် ယိုကွမ့်က အဘိုးဟွေ့ကို တိုးတိုးလေး မေးလိုက်သည်။

"စစ်သေနာပတိချုပ်က ဘာလုပ်ချင်နေတာလဲဟင်။"

အဘိုးဟွေ့ ခေါင်းခါလိုက်တာကြောင့် ယိုကွမ့် စိတ်ပျက်သွားသည်။

"အဘိုးဟွေ့လည်း မသိဘူးလား။"

အဘိုးဟွေ့က "စစ်သေနာပတိချုပ်က ကျိုးမိသားစုတပ်ကို လိုချင်နေတာ။ မိဖုရားခေါင်ကြီးက နယ်ရုပ်တစ်ရုပ် သက်သက်ပါပဲ။"

"ယိုကွမ့် နားမလည်ဘူး။"

ယိုကွမ့် မျက်လုံးဝိုင်းလေးများဖြင့် ပြောလိုက်သည်။

"နားမလည်တာ ကောင်းပါတယ်။ လူသားတွေရဲ့ ကိစ္စကို နားမလည်တာ အကောင်းဆုံးပဲ။"

ယိုကွမ့် နားမလည်သေးသဖြင့် ထပ်မေးရန် ပြင်လိုက်စဉ် ထုပ်တန်းအောက်မှ မယ်တော်ကြီးရှဲ့ ရယ်မောသံကို ကြားလိုက်ရသည်။

"လာကြစမ်း။"

ယိုကွမ့် ထုပ်တန်းပေါ်ဝပ်လိုက်ပြီး အောက်သို့ ချောင်းကြည့်လိုက်သည်။

မယ်တော်ကြီးရှဲ့သည် အခန်းထဲဝင်လာသော မားမားကို ပြောလိုက်သည်။

"အမတ်ချုပ်ကြီးအိမ်တော်ကို သတင်းပို့ဖို့ နည်းလမ်းရှာလိုက်။ မိဖုရားခေါင်ကြီး ကိုယ်ဝန်ရှိနေတယ်လို့ အမတ်ချုပ်ကြီးကို ပြောလိုက်။"

မားမား လန့်သွားသော်လည်း ဘာမှမမေးရဲဘဲ အမိန့်နာခံကာ ထွက်ခွာသွားသည်။

မကြာမီ မားမားတစ်ဦးသည် မင်းသားလေးနဉ်ရှင်းကို ပွေ့ချီပြီး အခန်းထဲ ဝင်လာသည်။ မယ်တော်ကြီးရှဲ့သည် သားငယ်ကို လှမ်းယူလိုက်ပြီး ပါးကိုနမ်းကာ တိုးတိုးလေး ပြောလိုက်သည်။

"သားတော်အတွက်ဆိုရင် မယ်တော် ဘာမဆို လုပ်ရဲတယ်။"

ဘေးနားရှိ မားမားသည် အသက်ပင် မရှူရဲပေ။

ယိုကွမ့် ထုပ်တန်းပေါ်တွင် ဂနာမငြိမ် ဖြစ်သွားပြီး အဘိုးဟွေ့ကို မေးလိုက်သည်။

"မယ်တော်ကြီးက ဘာလုပ်ချင်နေတာလဲ!"

***

All Chapters