← Chapters

ဆွဲဆောင်မှုကို မလွန်ဆန်နိုင်သော အရှင်မင်းကြီး

Vol. 12 Ch. 182

ဆွဲဆောင်မှုကို မလွန်ဆန်နိုင်သော အရှင်မင်းကြီး

Vol. 12 Ch. 182

တင်းမားမားသည် ဝင်းငယ်လေး၏ တရားရှုမှတ်ခန်းထဲသို့ ယိုင်နဲ့နဲ့ ဝင်ရောက်လာပြီး အလျင်အမြန် ပြောလိုက်သည်။

"မိဖုရားခေါင်ကြီး၊ သခင်လေး၊ အပြင်မှာ စစ်သားတွေ အများကြီး ရောက်နေတယ်။ ဘုရားကျောင်းကို ဝိုင်းထားကြပြီ။"

မိဖုရားခေါင်ကြီး ချက်ချင်း မေးလိုက်သည်။

"ဘယ်က စစ်တပ်လဲ။"

အရှင်မင်းကြီးက ကတိဖျက်ပြီး သူတို့မောင်နှမကို သတ်ချင်နေတာလား၊ ဒါမှမဟုတ် အမတ်ချုပ်ကြီးရှဲ့က သတင်းရသွားပြီး သူတို့မောင်နှမကို သံဘုရားကျောင်းထဲမှာ ပိတ်လှောင်ပြီး သတ်ချင်နေတာလား။

တင်းမားမားက ဖြေလိုက်သည်။

"မြို့တော်စစ်တပ်က စစ်သားတွေပါ။"

မိဖုရားခေါင်ကြီး နောက်သို့ ခြေလှမ်းဆုတ်သွားပြီး နောက်ရှိ ထိုင်ခုံပေါ်သို့ အားကုန်ပစ်ထိုင်ချလိုက်သည်။

"မိဖုရားခေါင်ကြီး။"

တင်းမားမား လန့်သွားပြီး မိဖုရားခေါင်ကြီးအနားသို့ အပြေးသွားလိုက်သည်။ ကိုယ်ဝန်ကြီးနဲ့ ဒီလောက်ပြင်းပြင်းထန်ထန် ထိုင်ချလိုက်တာ ကလေးကို ထိခိုက်သွားရင် ဘယ်လိုလုပ်မလဲ။

မိဖုရားခေါင်ကြီးသည် အသံတုန်တုန်ဖြင့် ကျိုးကျွင်းချီကို ပြောလိုက်သည်။

"ရှဲ့ဝမ်ယွမ် လက်ချက်ပဲ။"

ကျိုးကျွင်းချီသည် တရားရှုမှတ်ခန်းအလယ်တွင် မတ်တတ်ရပ်နေပြီး ညီမဖြစ်သူ၏ဗိုက်ကို ကြည့်နေသည်။ မျက်လုံးများတွင် နာကျင်မှုများ ပြည့်နှက်နေသည်။

မိဖုရားခေါင်ကြီးသည် ဗိုက်ကို လက်နှစ်ဖက်ဖြင့် အုပ်ထားသည်။ မျက်နှာပေါ်တွင် ရှက်ရွံ့မှုများ ပေါ်လွင်နေသည်။ ရွှီဖေးယွီနှင့် ငယ်ချစ်ဦး ဖြစ်ပါစေ၊ အချစ်စစ် ဖြစ်ပါစေ၊ အရှင်မင်းကြီးနှင့် လက်ထပ်ပြီးမှ ရွှီဖေးယွီနှင့် ဖောက်ပြန်ကာ ကိုယ်ဝန်ရခဲ့သည့် သူမလို အမျိုးသမီးမျိုးကို လူတွေက ဘယ်လိုဆဲဆဲ ခံရမှာပါပဲ။

တင်းမားမားသည် မိဖုရားခေါင်ကြီးရှေ့မှ ကာရပ်လိုက်ပြီး ကျိုးကျွင်းချီကို တောင်းပန်လိုက်သည်။

"သခင်လေး၊ အခု ဘာပြောပြော နောက်ကျနေပါပြီ။ နည်းလမ်းတစ်ခုခု အမြန်စဉ်းစားပေးပါဦး။"

ထိုအခါ မိဖုရားခေါင်ကြီးက "ယင်းဖုန်းတို့အဖွဲ့ မြို့ထဲပြန်ဝင်တဲ့လမ်းမှာ မြို့တော်စစ်တပ်က စစ်သားတွေကို တွေ့လောက်မှာပါ။"

"မင်းက အရှင်မင်းကြီး လာကယ်မှာကို မျှော်လင့်နေတာလား။"

ကျိုးကျွင်းချီက မေးလိုက်သည်။

အစ်ကိုဖြစ်သူ၏စကားကြောင့် မိဖုရားခေါင်ကြီး မျက်နှာကိုအုပ်ပြီး ငိုကြွေးလိုက်သည်။

"ညီမ သိပါတယ်၊ အရှင်မင်းကြီးအပေါ် အမှားလုပ်မိခဲ့တယ်ဆိုတာ။ ကိုယ့်ကိုယ်ကိုယ်လည်း ရွံရှာမိပါတယ်။ ဒါပေမဲ့ ညီမမှာ ရွေးချယ်စရာ မရှိလို့ပါ အစ်ကိုရယ်။"

ညီမလေး ငိုလိုက်သောအခါ ကျိုးကျွင်းချီ စိတ်မဆိုးနိုင်တော့ပေ။ ဘယ်သူ့ကို အပြစ်တင်ရမလဲ။ မိသားစုကို မကာကွယ်နိုင်ခဲ့တဲ့၊ ညီမလေးကို မကာကွယ်နိုင်ခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်ရမှာပေါ့။ ကိုယ်သာ အသုံးကျခဲ့ရင် ကိုယ့်မောင်နှမတွေ ဒီအခြေအနေထိ ရောက်လာပါ့မလား။

"အချိန်တွက်ကြည့်ရသလောက် ယင်းဖုန်းတို့အဖွဲ့ မြို့တော်စစ်တပ်နဲ့ ဆုံမှာ မဟုတ်ဘူး။"

သစ်သားကုလားထိုင်ပေါ်တွင် ဖြည်းညှင်းစွာ ထိုင်ချလိုက်ပြီး ကျိုးကျွင်းချီ တိုးတိုးလေး ပြောလိုက်သည်။

တင်းမားမားက "ဒါဆို... ဒါဆို စစ်သူကြီးရွှီကို သွားရှာမလား။"

"ဝေးလွန်းလို့ မီးငြှိမ်းလို့မမီဘူး။"

ကျိုးကျွင်းချီ ခေါင်းခါလိုက်သည်။ ရှဲ့ဝမ်ယွမ်က သူတို့ကို တကယ်သတ်ချင်နေရင် အကူအညီတောင်းတဲ့စာ ရွှီဖေးယွီလက်ထဲ မရောက်ခင်မှာပဲ သူတို့မောင်နှမ သေပြီးလောက်ပြီ။

"ရှဲ့ဝမ်ယွမ်က မင်းနဲ့ အားရွှီရဲ့အကြောင်းကို သိသွားရင် အားရွှီကိုအလွတ်ပေးပါ့မလား။"

ကျိုးကျွင်းချီသည် မိဖုရားခေါင်ကြီးကို ခြိမ်းခြောက်ချင်တာ မဟုတ်ပေမယ့် ဒီအချိန်မှာ အခြေအနေမှန်ကို ရှင်းရှင်းလင်းလင်း ပြောပြထားမှ ဖြစ်မည်။

"အမတ်ချုပ်ကြီး သိသွားပြီလား။"

မိဖုရားခေါင်ကြီး လန့်သွားသည်။

ကျိုးကျွင်းချီ ခါးသီးစွာ ပြုံးလိုက်သည်။

"မင်း ကိုယ်ဝန်ရှိနေတာ မပေါက်ကြားရင် မယ်တော်ကြီးက မင်းကို ဘာလို့ ဒုက္ခပေးမှာလဲ။ အရှင်မင်းကြီးက ဘာလို့ မင်းကို နန်းတော်အပြင် ပို့လိုက်မှာလဲ။ အခု ရှဲ့ဝမ်ယွမ်က သံဘုရားကျောင်းကို စစ်တပ်နဲ့ ဝိုင်းထားတာတောင် မင်း စဉ်းစားလို့ မရသေးဘူးလား။"

မိဖုရားခေါင်ကြီးနှင့် တင်းမားမားတို့ ကြောင်အသွားကြသည်။

အချိန်အတော်ကြာမှ မိဖုရားခေါင်ကြီး ရေရွတ်လိုက်သည်။

"ဒါဆို အရှင်မင်းကြီးက ဘာလို့... ဘာလို့ ညီမကို နန်းတော်အပြင် ပို့ပေးလိုက်တာလဲ။"

ကျိုးကျွင်းချီက ပြောလိုက်သည်။

"အရှင်မင်းကြီးကို မကောင်းမြင်တဲ့ဘက်က ကြည့်ကြရအောင်။ အရှင်မင်းကြီးက အားရွှီလက်ထဲက ကျိုးမိသားစုတပ်ကို လိုချင်လို့ မင်းနဲ့ အားရွှီကို ပေါင်းဖက်ပေးလိုက်တာ နေမှာ။"

"ဖြစ်နိုင်ပါ့မလား။"

မိဖုရားခေါင်ကြီး တစ်ကိုယ်လုံး အေးစက်သွားသည်။ ကိုယ့်ကိုယ်ကိုယ် လိမ်ညာတာပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ်... အကာအကွယ်ရှိတာနဲ့ မရှိတာက ခံစားချက်ချင်း လုံးဝမတူပေ။

"အရှင်မင်းကြီးက နောက်မှ စာရင်းရှင်းရင်ကော။"

နဉ်ရှောင်ယောင်းကို တစ်ခါမှ လူကောင်းလို့ မထင်ခဲ့သော တင်းမားမားက ဖြစ်နိုင်ချေတစ်ခုကို ထောက်ပြလိုက်သည်။

"အခု အရှင်မင်းကြီးက ကျိုးမိသားစုတပ်ကို လိုချင်လို့ သည်းခံနေပေမယ့် အမတ်ချုပ်ကြီးပြုတ်ကျသွားရင် အရှင်မင်းကြီးက မိဖုရားခေါင်ကြီး သစ္စာဖောက်ခဲ့တာကို သည်းခံပါ့မလား။ ကမ္ဘာပေါ်က ဘယ်ယောက်ျားကမှ ဒီလိုကိစ္စမျိုးကို သည်းမခံနိုင်ဘူး။ ပြီးတော့ သူက တစ်တိုင်းပြည်လုံးရဲ့ အရှင်သခင်လေ။" (တကယ်တော့ အရှင်မင်းကြီးက ယောက်ျားမှ မဟုတ်တာ...)

မိဖုရားခေါင်ကြီး ခြောက်ခြားသွားသည်။

"သခင်လေး"

တင်းမားမားသည် ကျိုးကျွင်းချီကိုသာ အားကိုးရတော့မည့်အကြည့်ဖြင့် ကြည့်လိုက်သည်။

"လက်ရှိအခက်အခဲကို အရင်ကျော်ဖြတ်ကြတာပေါ့။"

ကျိုးကျွင်းချီ အချိန်အတော်ကြာ စဉ်းစားပြီးနောက် ဆုံးဖြတ်လိုက်သည်။ သူက အရှင်မင်းကြီးဆီသွားပြီး အသက်ပေး တောင်းပန်လိုက်မယ်။ သူ့ညီမလေးနဲ့ ရွှီဖေးယွီတို့ ဘေးကင်းဖို့ပဲ ဆုတောင်းရတော့မှာပေါ့။

"ဘယ်လိုကျော်ဖြတ်မှာလဲ။"

မိဖုရားခေါင်ကြီး မေးလိုက်သည်။

"တင်းမားမား ဘုရားကျောင်းထဲကနေ ထွက်နိုင်မယ့်နည်းလမ်း ရှာပြီး အရှင်မင်းကြီးဆီ သွားပါ။ အရှင်မင်းကြီးက ကျိုးမိသားစုတပ်ကို လိုချင်ရင် ငါတို့ကို ဒီအတိုင်း ပစ်ထားမှာ မဟုတ်ဘူး။" ကျိုးကျွင်းချီကပြောလိုက်သည်။

"မြို့တော်စစ်တပ်က သံဘုရားကျောင်းကို ဝိုင်းထားတာ ဒီလောက် ဆူညံနေတာ၊ အရှင်မင်းကြီး မသိဘဲ နေပါ့မလား။"

မိဖုရားခေါင်ကြီး စိုးရိမ်တကြီး မေးလိုက်သည်။

"မားမား..."

ကျိုးကျွင်းချီက မိဖုရားခေါင်ကြီးကို ပြန်မဖြေဘဲ တင်းမားမားကို ပြောလိုက်သည်။

"မားမား အရှင်မင်းကြီးနဲ့ တွေ့ရင် လျှောက်တင်ပေးပါ။ ကျွန်တော်မျိုး ဒီသံဘုရားကျောင်းမှာပဲ တစ်သက်လုံး နေပါ့မယ်လို့။"

မိဖုရားခေါင်ကြီး ထိုင်ခုံမှ ဝုန်းခနဲ ထရပ်ပြီး အော်ဟစ်လိုက်သည်။

"အစ်ကိုကြီး။"

ကျိုးကျွင်းချီ လက်ကာပြလိုက်သည်။

"ငါက လူရာမဝင်တော့တဲ့သူပါ။ အသက်ရှင်နေတာကလည်း ရှဲ့ဝမ်ယွမ် ဘယ်လိုသေမလဲဆိုတာ စောင့်ကြည့်ချင်လို့ပဲ။ မင်းနဲ့ အားရွှီ ငါ့ကို ဂရုစိုက်စရာ မလိုဘူး။"

မိဖုရားခေါင်ကြီး ထရပ်နေလျက်ဖြင့်ပင် ငိုကြွေးနေသည်။

"မငိုနဲ့တော့။"

ကျိုးကျွင်းချီ မျက်မှောင်ကြုတ်လိုက်သည်။

"မင်းမှာ ကိုယ်ဝန်ရှိနေတယ်လေ။ ခဏခဏ ငိုနေရင် မကောင်းဘူး။"

မိဖုရားခေါင်ကြီး မျက်ရည်မတိတ်နိုင်တော့ပေ။

တင်းမားမားသည် မောင်နှမနှစ်ယောက်ကို ကြည့်ပြီး အံကြိတ်ကာ ပြောလိုက်သည်။

"သခင်လေး၊ မိဖုရားခေါင်ကြီး၊ ကျွန်တော်မျိုးမ အခုပဲ ဘုရားကျောင်းထဲက ထွက်နိုင်မယ့်နည်းလမ်း ရှာလိုက်ပါ့မယ်။ အရှင်မင်းကြီးရှေ့မှာ သေတဲ့အထိ ဒူးထောက်ပြီး စစ်ကူတောင်းပါ့မယ်။"

တင်းမားမား ထွက်သွားပြီးနောက် ကျိုးမောင်နှမနှစ်ယောက် တရားရှုမှတ်ခန်းထဲတွင် တိတ်ဆိတ်စွာ ကျန်ရစ်ခဲ့ကြသည်။

မိဖုရားခေါင်ကြီးသည် မျက်ရည်များကို သုတ်လိုက်ပြီး အစ်ကိုဖြစ်သူကို ပြောလိုက်သည်။

"အရှင်မင်းကြီးက ညီမအပေါ် သံယောဇဉ်မရှိပါဘူး။"

"ဒီကိစ္စကို ထပ်မပြောနဲ့တော့။"

ကျိုးကျွင်းချီ ဖြတ်ပြောလိုက်သည်။

"အဲဒီတုန်းက အရှင်မင်းကြီးက မင်းတို့လက်ထပ်ပွဲကို မလွန်ဆန်နိုင်ခဲ့ဘူးဆိုတာ မင်းလည်း သိသားပဲ။ သံယောဇဉ်မရှိဘူးဆိုတာက မင်း..."

စကားမဆုံးခင် ကျိုးကျွင်းချီ ရပ်တန့်လိုက်သည်။ သူ့ညီမလေးက ဖောက်ပြန်တဲ့မိန်းမ၊ ကိုယ့်လင်ကိုယ် မရိုသေတဲ့မိန်းမလို့ ဆဲရမှာလား။ ဒါက သူ့ညီမအရင်းလေ။ ကျိုးကျွင်းချီ အမှားအမှန် ခွဲခြားတတ်ပေမယ့် ဆဲဖို့တော့ ပါးစပ်မထွက်ပေ။

မိဖုရားခေါင်ကြီး ပြန်လည်တိတ်ဆိတ်သွားသည်။

"ငါတို့ နောင်ကျရင် အရှင်မင်းကြီးကို မျက်နှာပြရဲတော့မှာ မဟုတ်ဘူး။"

ကျိုးကျွင်းချီ ရေရွတ်လိုက်သည်။

မိဖုရားခေါင်ကြီးသည် အင်္ကျီစကို တင်းတင်းဆုပ်ကိုင်ထားပြီး စကားမပြောနိုင် ဖြစ်နေသည်။

......

ကျိုးကျွင်းချီက ညီမလေးအစား အရှင်မင်းကြီးကို အသက်ပေးတောင်းပန်ချင်လောက်အောင် ဖြစ်နေချိန်တွင် နဉ်ရှောင်ယောင်း ဘာလုပ်နေသလဲ။ နဉ်ရှောင်ယောင်းသည် နန်းတော်တံတိုင်းပေါ်တွင်ရပ်လျက် အဆိပ်ဂိုဏ်းချုပ် နန်းတော်မှ ထွက်ခွာသွားသည်ကို ကြည့်နေသည်။

"သူ ပြန်လာပြီး မင်းကို လာရှာလိမ့်မယ်။"

နဉ်ရှောင်ယောင်းဘေးတွင် ရပ်နေသော လိုကျစ်ကွေ့က တိုးတိုးလေး ပြောလိုက်သည်။

နဉ်ရှောင်ယောင်းက "သူ လာမရှာရင်လည်း ကျွန်မ သွားရှာမှာပဲ။ သူ ကျွန်မကို ဓားနဲ့ထိုးထားတာလေ။ ဒီကိစ္စက မပြီးသေးဘူး။"

လိုကျစ်ကွေ့ နဉ်ရှောင်ယောင်း၏ဗိုက်ကို ငုံ့ကြည့်လိုက်သည်။

"ကျွန်မ ဘာမှမဖြစ်ဘူးဆိုပေမယ့် သူက ကျွန်မကို ဓားနဲ့ထိုးခဲ့တာလေ။"

ယင်းလေက အနောက်မှ ပြောလိုက်သည်။

"အရှင်မင်းကြီး၊ အဲဒီဂိုဏ်းချုပ်ကို ဘယ်လိုလုပ်မှာလဲ။"

နဉ်ရှောင်ယောင်း ခေါင်းစောင်းပြီး စဉ်းစားလိုက်သည်။

"မသိသေးဘူး။"

ယင်းလေ "..."

ပြောနေတာတော့ အဟုတ်မှတ်လို့၊ ဘာလုပ်ရမှန်း မသိဘူးတဲ့လား။

လိုကျစ်ကွေ့ ပြုံးလိုက်ပြီး နဉ်ရှောင်ယောင်း၏လက်ကို ဆွဲကာ ပြောလိုက်သည်။

"ပြန်ကြစို့။"

"ဘယ်ပြန်မှာလဲ။"

နဉ်ရှောင်ယောင်း တံတိုင်းပေါ်မှ မဆင်းချင်သေးပေ။

"ကျွန်မ သတိရပြီ။ ကျွန်မ ဟုကော်ကုန်းအိမ်တော်ကို သွားရမယ်။"

"အဲဒီကို ဘာသွားလုပ်မှာလဲ။" လိုကျစ်ကွေ့က မေးလိုက်သည်။

နဉ်ရှောင်ယောင်း ခြေဖျားထောက်လိုက်ပြီး လိုကျစ်ကွေ့ကို ခါးကိုင်းခိုင်းလိုက်ကာ နားနားကပ်ပြီး ပြောလိုက်သည်။

"ဖေ့ယင်ကိစ္စလေ။"

"မင်း သူ့ကို ကုပေးပြီးပြီမလား။"

"အင်းလေ။"

"ဒါဆို ဘာသွားကြည့်ဦးမှာလဲ။"

နဉ်ရှောင်ယောင်း လည်ချောင်းရှင်းလိုက်ပြီး လိုကျစ်ကွေ့ကို တိုးတိုးလေး ထပ်ပြောလိုက်သည်။

"သူ့ရဲ့ ဟိုဟာ ပြန်ကောင်းလာပြီလားဆိုတာ သွားကြည့်မလို့။"

ဟိုဟာ... ပြန်ကောင်းလာပြီ...သွားကြည့်မယ်...

လိုကျစ်ကွေ့ နဉ်ရှောင်ယောင်း၏စကားကို သုံးပိုင်းခွဲပြီး စဉ်းစားလိုက်သည်။ အချိန်အတော်ကြာ စဉ်းစားပြီးမှ နဉ်ရှောင်ယောင်း ဘာပြောချင်သလဲဆိုတာ သဘောပေါက်သွားသည်။

"စစ်သေနာပတိချုပ်။"

နဉ်ရှောင်ယောင်း သွားဖြဲပြီး မျက်လုံးမှေးကာ ရယ်ပြလိုက်သည်။

"ကျွန်မနဲ့လိုက်ခဲ့မလား။ ပွဲသွားကြည့်ရအောင်လေ။"

ပွဲသွားကြည့်မယ် ဟုတ်လား။ လိုကျစ်ကွေ့ နဖူးကို လက်ဖြင့်အုပ်လိုက်သည်။

"သွားကြစို့။"

နဉ်ရှောင်ယောင်းက လိုကျစ်ကွေ့ကို ဆွဲခေါ်လိုက်သည်။

ယင်းလေက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"အရှင်မင်းကြီး ဘယ်သွားမလို့လဲ။ ကျွန်တော်မျိုး လိုက်ပို့ပေးရမလား။"

"တော်ပြီ။"

လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်းကို ရိုက်လို့မရသဖြင့် ယင်းလေကို မဲလိုက်သည်။

"မင်းက အရှင်မင်းကြီးကို ဘယ်လိုက်ပို့ချင်နေတာလဲ။ အခု ဘယ်အချိန်ရှိပြီလဲ။ ရန်သူတွေ လာတိုက်နေတာလား။ မြို့ပျက်တော့မလို့လား။ ဒါမှမဟုတ် အကြီးအကဲလီ သေတော့မှာမလို့ အရှင်မင်းကြီးက မဖြစ်မနေ နန်းတော်အပြင် ထွက်ရတော့မှာမို့လို့လား။"

ယင်းလေ ခေါင်းမူးသွားသည်။ သူဘာပြောမိလို့ စစ်သေနာပတိချုပ်လိုက ဒီလောက်တောင် ဆူငေါက်နေရတာလဲ။

နဉ်ရှောင်ယောင်း ပခုံးတွန့်ပြီး ဘေးသို့ ခပ်လှမ်းလှမ်း ရွှေ့လိုက်သည်။

လိုကျစ်ကွေ့က မေးလိုက်သည်။

"မင်း ဘာဖြစ်လို့လဲ။"

နဉ်ရှောင်ယောင်း သတိထားပြီး ပြောလိုက်သည်။

"အဲဒါက... စစ်သေနာပတိချုပ်က အကြီးအကဲလီကို သေစေချင်နေမှန်း ကျွန်မ,မသိခဲ့ဘူး။"

လိုကျစ်ကွေ့ ကြောင်အသွားသည်။

"ကျွန်တော့်မှာ အဲဒီလိုစိတ်ကူး မရှိပါဘူး။"

နဉ်ရှောင်ယောင်းက လိုကျစ်ကွေ့နှင့် ပတ်သက်မှုမရှိကြောင်း ရှင်းလင်းလိုက်သည်။ အကြီးအကဲလီလို လူမျိုးကို သွားရန်စရအောင် သူ့ခေါင်းထဲမှာ ရေဝင်နေလို့လား။

"စကားလမ်းကြောင်း မလွှဲနဲ့။"

လိုကျစ်ကွေ့က ပြောလိုက်သည်။

"ကျွန်တော် ဘယ်တုန်းက အကြီးအကဲလီကို သေစေချင်ခဲ့လို့လဲ။"

နဉ်ရှောင်ယောင်း "..."

စောစောက ပြောလိုက်တဲ့စကားကို ဒီလူက ချက်ချင်း ငြင်းနေပါလား။

လိုကျစ်ကွေ့ ယင်းလေကို ကြည့်လိုက်သည်။

ယင်းလေ ပါးစပ်ဟလိုက်သည်။

"မင်း ဘာပြောချင်လို့လဲ။"

ယင်းလေ စကားမပြောရသေးခင် လိုကျစ်ကွေ့က ဖြတ်မေးလိုက်သည်။

"ဘာမှမပြောချင်ပါဘူး။"

ယင်းလေ ခေါင်းခါလိုက်သည်။

"ညကြီးမိုးချုပ် အရှင်မင်းကြီးက နန်းတော်အပြင်ထွက်ပြီး ဘာသွားလုပ်မှာလဲ။"

လိုကျစ်ကွေ့က ယင်းလေကို မေးလိုက်သည်။

ယင်းလေလို ရိုးသားတဲ့လူက လိုကျစ်ကွေ့ရဲ့ မေးခွန်းတွေကို ဘယ်ခံနိုင်ပါ့မလဲ။ အရပ်က ရုတ်တရက် ပုဝင်သွားသလို ခံစားလိုက်ရသည်။

"ကျွန်မက ဟုကော်ကုန်းအိမ်တော်ကို သွားမလို့လေ။ စစ်သေနာပတိချုပ်က ဘာလို့ ယင်းလေကို ဆူနေရတာလဲ။"

နဉ်ရှောင်ယောင်း ယင်းလေဘက်မှ ဝင်ပြောလိုက်သည်။

"ပြန်အိပ်တော့။"

လိုကျစ်ကွေ့ နဉ်ရှောင်ယောင်းကို ကြည့်ပြီး ပြောလိုက်သည်။

"မအိပ်ဘူး။"

နဉ်ရှောင်ယောင်း ရင်ကော့ပြီး ငြင်းလိုက်သည်။

လိုကျစ်ကွေ့၏ ပါးရိုးများ လှုပ်ရှားသွားသည်။

နဉ်ရှောင်ယောင်း ယင်းလေဘက်သို့ ဆုတ်သွားလိုက်သည်။ ယခုအချိန်အထိ စစ်သေနာပတိချုပ် ဘာလို့ စိတ်ဆိုးနေမှန်း နဉ်ရှောင်ယောင်း နားမလည်သေးပေ။

လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်းကို ပြန်ဆွဲယူလိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။

"မင်းဘာသာ လမ်းလျှောက်ပြန်မလား။ ကျွန်တော် ထမ်းခေါ်သွားရမလား။"

နဉ်ရှောင်ယောင်း စကားမပြောဘဲ ခြေထောက်ဖြင့် ကြမ်းပြင်ကို ပွတ်တိုက်နေသည်။ ဟုကော်ကုန်းအိမ်တော်ကို မသွားရရင် စိတ်မချဘူး။ စိတ်မချရင် အိပ်မပျော်ဘူး။ သွားလို့မရဘူးလား။

လိုကျစ်ကွေ့၏ မျက်နှာထား ပိုဆိုးလာသည်။

ယင်းလေလည်း ကြောက်လာပြီး စကားထစ်ကာ ပြောလိုက်သည်။

"လက်... လက်မပါနဲ့။ စကားကို... စကားကို ကောင်းကောင်းပြောကြပါ။"

နဉ်ရှောင်ယောင်း နှာခေါင်းရှုံ့လိုက်ပြီး မကျေမနပ် ဖြစ်နေသည်။

လိုကျစ်ကွေ့လည်း နဉ်ရှောင်ယောင်းကို တကယ်ထမ်းခေါ်သွားလို့ မဖြစ်ပေ။ ဘာပဲဖြစ်ဖြစ် ဒီကောင်မလေးက ဧကရာဇ်မင်းလေ။

"ရှင်မလိုက်ရင် ကျွန်မဘာသာ သွားမယ်။"

နဉ်ရှောင်ယောင်း တံတိုင်းအောက်သို့ ချောင်းကြည့်ပြီး သွားရန် ပြင်လိုက်သည်။

လိုကျစ်ကွေ့သည် နဉ်ရှောင်ယောင်း တကယ်သွားတော့မည်ကို မြင်သောအခါ နဉ်ရှောင်ယောင်းကို ပွေ့ချီလိုက်ပြီး တံတိုင်းပေါ်မှ ဆင်းကာ အခန်းဘက်သို့ လျှောက်သွားလေသည်။

ယင်းလေ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

တံတိုင်းပေါ်မှ နဂါးအစောင့်များလည်း ကြောင်အသွားကြသည်။ စစ်သေနာပတိချုပ်ပွေ့ချီသွားတဲ့သူက အရှင်မင်းကြီးပါလို့ သွားသတိပေးရင် အချိန်မီပါဦးမလား။ အသုံးဝင်ပါဦးမလား။

နဉ်ရှောင်ယောင်းသည် လိုကျစ်ကွေ့၏ရင်ခွင်ထဲရောက်မှ ရုန်းကန်ရကောင်းမှန်း သတိရပြီး အော်ဟစ်လိုက်သည်။

"ကျွန်မ မပြန်..."

"လိမ္မာစမ်း။"

လိုကျစ်ကွေ့ ငုံ့ကြည့်ပြီး နဉ်ရှောင်ယောင်းကို တိုးတိုးလေး ပြောလိုက်သည်။

"စကားနားထောင်နော်။"

နဉ်ရှောင်ယောင်း နှုတ်ခမ်းထောင့်များ တွန့်သွားပြီး ပြောလိုက်သည်။

"စစ်သေနာပတိချုပ်၊ ကျွန်မကို အသက်ဘယ်လောက် ရှိတယ်လို့ ထင်နေတာလဲ။"

"မင်းက ငယ်ပါသေးတယ်။"

လိုကျစ်ကွေ့ နဉ်ရှောင်ယောင်းကို ပြုံးပြလိုက်ပြီး ပြောလိုက်သည်။

"ပြန်အိပ်တော့နော်။ ဟုတ်ပြီလား။"

နောက်ဆုံး မေးခွန်းလေးကို လိုကျစ်ကွေ့က သံရှည်ဆွဲပြီး မေးလိုက်သည်။

သောက်ကျိုးနည်း...

နဉ်ရှောင်ယောင်းသည် သူမကို ပြုံးပြနေသော လိုကျစ်ကွေ့ကိုကြည့်ပြီး စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။ ယောက်ျားတွေရဲ့ ဆွဲဆောင်မှုကို အမုန်းဆုံးပဲ!

***

All Chapters