ကိုယ့်ကိုယ်ကိုတောင် ရှင့်ကို ပေးနိုင်တယ်
Vol. 1 Ch. 272
နတ်ဆိုးသားရဲ စစ်တပ်သည် မြောက်ဘက်မန့်နိုင်ငံနှင့် ရှန်ဝူနိုင်ငံမှ တစ်ဆင့် တောင်စဉ်သုံးထောင်ထံ တည့်တည့်မတ်မတ် ပြန်သွားခဲ့သည်။ မြောက်ဘက်မန့်နိုင်မှ လမ်းရှင်း ပေးထားစဉ်တွင် ရှန်ဝူနိုင်ငံမှ ရှားထင်ဝေ့ကလည်း အရူးမဟုတ်ပေ။ သူတို့သည် နတ်ဆိုးသားရဲ စစ်တပ် ဖြတ်သွားသော နေရာမြို့တိုင်းတွင် စစ်သည်များ၊ ထိုမြို့များအတွင်း နေထိုင်သူများ အားလုံးကို ရှောင်တိမ်းခိုင်း၍ တောင်စဉ် သုံးထောင်ထံ သွားရာလမ်းကို ရှင်းလင်း ပေးထားကြသည်။
နတ်ဆိုးသားရဲစစ်တပ် ပြန်ဆုတ်သွားသည်နှင့် နယ်မြေမှ လူတိုင်းသည် ပျော်ရွှင်သွားကြသည်။ နိုင်ငံအသီးသီးမှ ဘုရင်များသည် စိတ်သက်သာရာ ရသွားကြသည်။ ရွှေယို့လန်နှင့် ထိပ်သီး သိုင်းသမား တို့သည်လည်း စိတ်ပေါ့ပါး သွားကြသည်။
နတ်ဆိုးသားရဲ စစ်တပ်သာ ပြန်မဆုတ်လျှင် သူတို့ အသက်ကိုရင်း၍ တိုက်ခိုက်ကြရမည်။ တိုက်ပွဲ၏ ရလဒ်သည်လည်း ဇာတ်သိမ်းကောင်းမည် မဟုတ်ချေ။ မိုးပြာနဂါး အင်ပါယာ၏ ဘိုးဘေးကြီးသည်ပင် ရှုံးနိမ့်လေရာ နတ်ဆိုးဧကရီ၏ အင်အားသည် သမိုင်းထဲတွင်သာ ရှိသော ကောင်းကင် ဧကရာဇ်အဆင့်နှင့် တူညီနေလောက်ပေပြီ။ အတော်ဆုံး သိုင်းသမား ဆယ်ယောက်လုံး ပူးပေါင်း တိုက်ခိုက်ကြလျှင်တောင် သူမကို အနိုင်ရရန် မသေချာပေ။
အမည်တစ်ခုသည် နယ်မြေတစ်ခွင် ပျံ့နှံ့သွားခဲ့ ပြန်သည်။
ကျန်းရီ …
ကျန်းရီ၏ စွမ်းဆောင်ရည်တို့သည် မိုးပြာနဂါး အင်ပါယာက ဖြန့်လိုက်သော ကင်းထောက်များကြောင့် နယ်မြေတစ်ခွင် တောမီးပမာ ပျံ့နှံ့သွားခဲ့သည်။ မိုးပြာနဂါး အင်ပါယာက အသေးစိတ် အချက်အလက်တို့ကို ထပ်ပေါင်း ထည့်လိုက်သောအခါ ပုံပြင်မှာ ဤသို့ဤပုံ ဖြစ်လာလေ၏၊
ကျန်းရီသည် မြေခွေးလေးကို ပြန်ပေးဆွဲသွားသော ပြစ်မှုကျူးလွန်သူ ဆယ်ယောက်ကျော် နောက်တစ်ယောက်တည်း လိုက်သွားခဲ့သည်။ တစ်လလုံးလုံး မရပ်မနား လိုက်ပြီးနောက် နောက်ဆုံးတွင် သူသည် စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အမြင့်ဆုံးအဆင့် လူဆိုးများ အားလုံးကို သတ်ဖြတ်ကာ မြေခွေးလေးကို ကယ်တင်နိုင်ခဲ့သည်။
ထိုအပိုအကြောင်းအရာ များသည် မင်းသမီးလင်းရွှယ် ညွှန်ကြား ထားသည်လား၊ အခြားသူများက တမင်ထည့်လိုက်ခြင်းလား ဟူသည့် အချက်ကို မည်သူမှ မသိကြပေ။ သို့သော် ဤမျှနှင့် မပြီးသေးပါချေ။
ကျန်းရီသည် မြေခွေးလေးကို ကယ်ပြီးနောက် နတ်ဆိုးဧကရီကို တစ်ဦးတည်း ခုခံခဲ့သည်။ သူသည် နတ်ဆိုးဧကရီ နယ်မြေကို သွေးနှင့် ဆေးကြောပစ်မည်ကို ကာကွယ်ရန်အလို့ငှာ သူမနှင့် တစ်ရက်၊ တစ်ညတိုင်တိုင် တိုက်ခိုက်ခဲ့ရာ နောက်ဆုံးတွင် နတ်ဆိုးဧကရီကို တွန်းလှန်နိုင်ခဲ့သည်။ လက်ရှိအချိန်တွင် သူဒဏ်ရာ အပြင်းအထန်ရခဲ့၍ ကောင်းကင်အဆင့် ကုသသူ လေးယောက်ထဲမှ တစ်ယောက်ဖြစ်သော သခင်ဟုန်နှင့် ကုသနေသည်ဟု ပြောကြလေသည်။
ဤအချိန်များသည် ကျန်းရီ၏ အကျော်ကြားဆုံး အခိုက်အတန့်များ ဖြစ်လေ၏။
သူသည် နိုင်ငံသစ္စာဖောက်မှု ကျူးလွန်ခဲ့သော အပြစ်သား ဖြစ်နေလျှင်တောင် ထိုအရာမှာ လူသားမျိုးနွယ် အတွက် သူ၏အကျိုးပြုမှုနှင့် နှိုင်းယှဉ်လိုက်လျှင် ဘာမှ မဟုတ်တော့ပေ။ ကျန်းရီကြောင့်သာ မဟုတ်လျှင် နယ်မြေ၏ အသက်မည်မျှ ထပ်မံဆုံးရှုံး ရဦးမည်နည်း၊ မြို့ပေါင်းမည်မျှ ပျက်စီးရဦးမည်နည်း၊ မိသားစုများ မည်မျှပျက်စီး၍ ကလေးမည်မျှ မိဘမဲ့ဖြစ်ရဦးမည်နည်း။
ထို့ပြင် မိုးပြာနဂါး အင်ပါယာသည် ရှန်ဝူနိုင်ငံ တော်ဝင်မိသားစု၏ ကတိမတည်ဘဲ မတရားပြုမူခဲ့ပုံကို တစ်လောကလုံးသို့ ကြေငြာလိုက်သည်။ ရှန်ဝူနိုင်ငံတော်ဝင် မိသားစုသည် ကျန်းရီ ပိုင်ဆိုင်ရမည် ဖြစ်သော စိတ်ဝိညာဉ် အားဖြည့်ဆေးပင်ကို မတရား ရယူခဲ့သည်ဟု အင်ပါယာက ပြောလာခဲ့သည်။ ထို့ပြင် ရှန်ဝူနိုင်ငံ၏ အိမ်ရှေ့စံ ရှားဝူဟွေ့သည် သဝန်တိုမှုကြောင့် ကျန်းရီကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားခဲ့ကြောင်း ဖော်ထုတ်ခဲ့သေးသည်။
ရုတ်တရက် ကျန်းရီကို စာနာကြသူ အများအပြား ထွက်ပေါ်လာခဲ့သည်။ သူသည် ဆယ့်ခြောက်နှစ်အရွယ် လူငယ်လေး တစ်ယောက်မျှသာ၊ အကြောင်းအရင်းမရှိဘဲ နိုင်ငံသစ္စာဖောက်မှုကို တစ်ဦးတည်းဖြင့် ကျူးလွန်ပါမည်လော။ အချို့ဆိုလျှင် ရှန်ဝူနိုင်ငံ တော်ဝင်မိသားစု၏ မတရားမှုကို စကားဖြင့်သော်လည်းကောင်း၊ စာပေများဖြင့်သော်လည်းကောင်း ရှုံ့ချ၍ ဆဲရေးကြသည်။
ကပ်ဘေးကြီး ပြီးဆုံးသွားသည်နှင့် နယ်မြေသည် ပုံမှန်အတိုင်း ပြန်ဖြစ်လာခဲ့သည်။ တစ်လောကလုံးသည် လှုပ်ရှား သက်ဝင်နေကြပြီး ကျန်းရီသည်လည်း လူအများ၏ သူရဲကောင်း ဖြစ်လာခဲ့သည်။ နိုင်ငံအသီးသီးသည် ရွှေယို့လန်တို့ လူစုနှင့် တစ်လောကလုံး၏ အမျက်သင့်မည်ကို ကြောက်ကြ၍ ထိုကိစ္စကို မရှင်းလင်းရဲကြပေ။
ထို့ကြောင့် ကျန်းရီသည် နေ့ချင်းညချင်း နယ်မြေ၏ သူရဲကောင်း၊ မိန်းမပျိုလေး များစွာ၏ စိတ်ကူးယဉ်ချစ်သူ၊ လူငယ်လေးတို့၏ စံပြပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။ သက်ကြီးရွယ်အို တို့သည် ကျန်းရီ အသက်ရှင်၍ အမြန်ဆုံး ပြန်ကောင်းလာစေရန် နေ့နေ့ညည နတ်ဘုရား များထံတွင် ဆုတောင်းနေကြလေသည်။
မိုးပြာနဂါးအင်ပါယာ၏ ထိုအကွက်သည် အလွန်ပြောင်မြောက်ကြောင်း ဝန်ခံရပေမည်။ ကျန်းရီသည် မိုးပြာနဂါး အင်ပါယာ၏ ကင်းထောက် သံတမန်မျှ ဖြစ်သော်လည်း ကျန်းရီ အအောင်မြင် အကျော်ကြားဆုံး ဖြစ်နေချိန်တွင် မိုးပြာနဂါးအင်ပါယာ သည်လည်း ပြန်လည် ဦးမော့ လာနိုင်ခဲ့သည်။ မည်သို့ပင်ဖြစ်စေ သေရေးရှင်ရေး အချိန်တွင် မိုးပြာနဂါး အင်ပါယာမှ လူသည် နတ်ဆိုးသားရဲ စစ်တပ်ကို တားဆီးနိုင်ခဲ့သည် မဟုတ်ပါလော။
ပြည်သူလူထု၏ နှလုံးသားကို ရရှိသူသာ လောကကို အုပ်စိုးနိုင်လေသည်။
လက်အောက်ခံ နိုင်ငံများ နယ်မြေကို အုပ်ချုပ်လိုပါလျှင် ပထမဆုံး သိုင်းပညာရှင်များစွာ၊ ဒုတိယ အင်အားကြီး စစ်တပ်နှင့် နောက်ဆုံးအနေဖြင့် ပြည်သူလူထု၏ နှလုံးသားတို့ လိုအပ်လေသည်။
ယခု မိုးပြာနဂါး အင်ပါယာသည် ပြည်သူလူထု၏ နှလုံးသားကို ရရှိသွားပြီ ဖြစ်သည့်အတွက် အချိန်တိုအတွင်း ကြယ်ကောင်းကင်မြို့သို့ လက်အောက်ခံနိုင်ငံများ လာရောက် တိုက်ခိုက်ရဲမည် မဟုတ်ပေ။ မဟုတ်ပါက နယ်မြေမှ ပြည်သူတို့၏ ရွံရှာမုန်းတီးမှုကို ရင်ဆိုင်ရမည်ဖြစ်ပြီး အဆိုးဆုံး အခြေအနေအဖြစ် တပ်တွင်း ပုန်ကန်မှုများပါ ကြုံတွေ့လာနိုင်လေသည်။
မိုးပြာနဂါး အင်ပါယာသည် အနိုင်ပိုင်း နိုင်ခဲ့သော်လည်း ဆုံးရှုံးမှု ကြီးမားခဲ့သည်။ သူတို့ နှစ်တစ်သောင်းကြာ စုဆောင်းခဲ့သော အင်အားသည် ပေါ်ထွက်သွားခဲ့ပြီ ဖြစ်သလို ထိုအင်အား၏ တစ်ဝက်ကျော်ကိုလည်း ဆုံးရှုံးခဲ့ရသည်။ အင်ပါယာမှ ဘိုးဘေးကြီး သည်လည်း ဒဏ်ရာ အပြင်းအထန်ရ၍ သေမလား၊ ရှင်မလား မသိရသော အခြေအနေတွင် ရှိလေသည်။
***
ကျန်းရီသည် မသေပါချေ။
နတ်ဆိုးဧကရီ၏ လက်ဝါးချက်သည် ဟန်ပြ သက်သက်သာ ဖြစ်ပြီး သူမ၏ အားနည်းချက်ကို ထုတ်မပြဘဲ နတ်ဆိုးသားရဲ စစ်တပ်ကို ပြန်ရုတ်နိုင်ရန် အကြောင်းပြချက်လည်း ဖြစ်သည်။ ထို့ပြင် ကျန်းရီ လူသားမျိုးနွယ်၏ သူရဲကောင်းဖြစ်လာရန် ပေးအပ်လိုက်သော အထူးလက်ဆောင်လည်း ဖြစ်လေသည်။ သူမတွင် ကျန်းရီကို သတ်လိုစိတ် မရှိပါချေ။ သူမသာ ကျန်းရီကို သတ်လိုပါက လက်ဝါးတစ်ချက် မဆိုထားနှင့်၊ လက်ညှိုး တစ်ချောင်းကပင် လုံလောက်သည်ထက် ပိုလေသည်။
ကျန်းရီသည် တစ်ကိုယ်လုံးမှ အရိုးများ ကျိုးကြေ၍ ကိုယ်တွင်းအင်္ဂါများပါ ထိခိုက်သွားခဲ့သည်။ ကံကောင်းထောက်မ၍ မိုးပြာနဂါးအင်ပါယာတွင် ကောင်းကင်အဆင့် ကုသသူနှင့် ဝိညာဉ်ဆေးပင်များ အစုံအလင် ရှိသောကြောင့် ဒဏ်ရာများ စိတ်ချရသည့် အနေအထားဖြစ်ရန် နေ့တစ်ဝက်သာ ကြာမြင့်ခဲ့သည်။ အပြည့်အဝ ပြန်ကောင်းရန် အတွက်မူ ဆယ်ရက်၊ ဆယ့်ငါးရက် အားမွေးခြင်း မရှိဘဲ မဖြစ်နိုင်ပေ။
ကျောင်းအုပ်ချီတို့ လူစုသည် ကျန်းရီ အဆင်ပြေကြောင်း သေချာသွားသည့် အတွက် သူတို့တာဝန် အခြေအနေကို ပြန်တင်ပြရန် ထွက်ခွာ သွားကြသည်။ မင်းသမီးလင်းရွှယ်သည် ရက်ရောစွာဖြင့် သူတို့အဖွဲ့မှ လူတိုင်းအား ကောင်းကင် ကျောက်တုံးတစ်ခု၊ ရတနာ အချို့နှင့် ဆုတံဆိပ်တစ်ခုစီ ချီးမြှင့်လိုက်သည်။
ကျန်းရီသည် သုံးရက်မြောက်နေ့တွင် နိုးလာခဲ့သော်လည်း မလှုပ်ရှား နိုင်သေးပေ။ သူသည် ထထိုင်၍ ခေါင်းမာစွာဖြင့် သခင်ဟုန်၏ ကုသမှုကို အတင်း လောဆော်လိုက်သည်။ သို့နှင့် ခုနှစ်ရက်မြောက်နေ့တွင် အိပ်ရာပေါ်မှ သူဆင်းနိုင်ခဲ့သည်။ ဆယ်ရက်မြောက်နေ့တွင် သူ့ကိုယ်မှာ ပြန်ကောင်းလုနီးပါး ဖြစ်နေလေပြီ။
"ရှပ် … ရှပ် … ရှပ်"
ဆယ့်တစ်ရက်မြောက်နေ့တွင် …
ကျန်းရီသည် အင်ပါယာနန်းတွင်း၏ အပြင်တွင်သာ နေထိုင်ခဲ့သည်။ မင်းသမီးလင်းရွှယ်သည် နန်းတွင်း အပျိုတော်များ၊ ကုန်းကုန်းများ တစ်သိုက်နှင့်အတူ ရောက်လာခဲ့ပြီး အော်ခေါ်လာခဲ့သည်။
"ကျန်းရီ … ရှင်ဘယ်ရောက်နေလဲ၊ ရှင့်ဒဏ်ရာတွေ အပြည့်အဝ ပြန်ကောင်းသေးတာ မဟုတ်ဘူး၊ ဘာလို့ လောနေတာလဲ"
ကျန်းရီသည် အိပ်ရာထက်တွင် ထိုင်၍ ကျင့်ကြံလျက်ရှိပြီး မင်းသမီးလင်းရွှယ်၏ အသံကို ကြားသည့်အခါ မျက်လုံးများ ဖွင့်လာခဲ့သည်။ သူသည် အသာရယ်ကာ ပြန်ဖြေလိုက်သည်။
"ကျွန်တော့်ကိုယ်က ပြန်ကောင်းနေပြီ၊ ဝိညာဉ်သားရဲ သင်တန်းကျောင်းကို ပြန်ပြီး အရေးတကြီး လုပ်စရာတွေ ရှိနေသေးလို့ မင်းသမီးကို ဒုက္ခမပေးတော့ပါဘူး"
သူသည် ဝိညာဉ်ဆေးပင် သုံးမျိုးကို စုပြီး၍ ကျူးကော့ချမ်ယွမ်အား ဆရာလျောင်ကို ကုသပေးခိုင်းထားရန် တောင်းဆိုခဲ့သည်။ တစ်လကျော်နေပြီဖြစ်ရာ ကျန်းရှောင်နူလည်း အပြည့်အဝ ပြန်ကောင်း နေလောက်ပေပြီ။ ထိုသနားစဖွယ် မိန်းမငယ်သည် တစ်နှစ်ကျော်ကြာအောင် အိပ်ပျော်နေခဲ့ရာ ကျန်းရီ စိတ်မအေးနိုင် ဖြစ်နေခဲ့သည်။ သူသည် သင်တန်းကျောင်းကို အလွန်ပြန်ချင်နေပြီ ဖြစ်သည်။
မင်းသမီးလင်းရွှယ်၏ မျက်နှာလှလှလေးသည် ချက်ချင်း တည်တံ့သွားကာ အလေးအနက် ပြောလာသည်။
"မရဘူး၊ ရှင့်ဒဏ်ရာတွေ အပြည့်အဝ ပြန်ကောင်းသေးတာ မဟုတ်လို့ မသွားရဘူး၊ ပြီးတော့ ရှင်ကအင်ပါယာရဲ့ ကင်းထောက်သံတမန်ပဲ … ကျွန်မမှာ ရှင့်ကို ပေးစရာ တာဝန်တွေ ရှိသေးတယ်"
ကျန်းရီ၏ အပြုံးသည် အေးခဲသွားခဲ့ပြီး စူးရှသော မျက်လုံးအစုံနှင့် မင်းသမီးလင်းရွှယ်ကို ကြည့်ကာ တည်တည်ငြိမ်ငြိမ် ပြန်မေးလိုက်သည်။
"မင်းသမီး … ကျွန်တော့်ကို အမိန့်ပေးနေတာလား၊ ဒါဆိုလည်း ကျွန်တော့် ကင်းထောက်သံတမန် ရာထူးကို စွန့်ပစ်လိုက်ရုံပဲပေါ့"
မင်းသမီးလင်းရွှယ်၏ မျက်နှာသည် တစ်မုဟုတ်ချင်း ပျက်ယွင်း သွားခဲ့ပြီး အပျိုတော်လေးများနှင့် ကုန်းကုန်းများကို လက်ဟန်ပြကာ ထွက်သွား စေလိုက်သည်။ မင်းသမီးလင်းရွှယ်၏ မျက်နှာလေးသည် ချက်ချင်း သနားစဖွယ် ဖြစ်သွားကာ ကျန်းရီကို နာနာကျင်ကျင် ကြည့်၍ ပြောလာခဲ့သည်။
"ကျန်းရီ … ကျွန်မရှင့်ကို တောင်းပန်နေတာလို့ သတ်မှတ်နိုင်တယ်၊ ကျွန်မ တကယ် ရှင့်ကို နေစေချင်တယ်"
"ဟူး … "
ကျန်းရီ ပင့်သက်ရှိုက် လိုက်သည်။ မင်းသမီးလင်းရွှယ် သူ့ကို အတင်းအကြပ် နေစေလျှင် သူသည် တိုက်ခိုက်၍ ထွက်သွားမည် ဖြစ်သည်။ ယခုမူ သူမသည် ညင်ညင်သာသာ တောင်းပန်နေလေရာ သူ့မျက်နှာကို အေးစက်စက် မထားနိုင်တော့ပေ။ သူသည် တစ်ခဏ စဉ်းစားလိုက်ပြီး ပြန်ပြောလိုက်သည်။
"ကျွန်တော့်မှာ တကယ်လုပ်စရာတွေ ရှိနေလို့ပါ၊ အားလုံး ဖြေရှင်းပြီးတဲ့အခါ ဖြစ်နိုင်ရင် ကြယ်ကောင်းကင်မြို့ကို ပြန်လာပါ့မယ်"
"ကျန်းရီ"
မင်းသမီးလင်းရွှယ်သည် ရုတ်တရက် အိပ်ရာဘေးတွင် ထိုင်ချလိုက်ကာ ကျန်းရီ၏ လက်မောင်းကို ကိုင်လိုက်သည်။ သူမ၏ မျက်လုံးလေး များသည် နူးညံ့နေပြီး အသာနှုတ်ခမ်း ကိုက်ကာ ဆက်ပြောလာခဲ့သည်။
"ရှင်သာ အင်ပါယာကို ကူညီဖို့ နေခဲ့မယ်ဆိုရင် လင်းရွှယ် … လင်းရွှယ် ကိုယ့်ကိုယ်ကိုတောင် ရှင့်ကိုပေးနိုင်ပါတယ်"
"ကျွန်တော်တို့ ဒီအကြောင်းကို နောက်မှပြောကြတာပေါ့"
ကျန်းရီသည် မင်းသမီးလင်းရွှယ်၏ လက်ကိုဖြုတ်ချကာ ထရပ်လိုက်ပြီး ထွက်လာခဲ့လိုက်သည်။ ထို့နောက် သူသည် တံခါးတွင်ရပ်ကာ မင်းသမီးလင်းရွှယ်ကို ကြည့်၍ ပြောလိုက်သည်။
"မင်းသမီး … ကျွန်တော့် အမြင်မှာတော့ ဒီလို ဆက်ဆံရေးက ရိုးရှင်းပြီး သန့်စင် နေသင့်တယ်လို့ ထင်ပါတယ်၊ အမျိုးသားနဲ့ အမျိုးသမီးက တစ်ယောက်နဲ့ တစ်ယောက်သာ ချစ်ကြသရွေ့ သူတို့ရဲ့ အဆင့်အတန်းတွေက လုံးဝ အရေးမပါဘူး၊ ဆက်ဆံရေး တစ်ခုက တခြားအရာတွေ မပါသင့်ဘူး မဟုတ်ရင် စစ်မှန်တယ်လို့ ခံစားရမှာ မဟုတ်ဘူး"
***