ကျင်းရှန်နိုင်ငံသို့
Vol. 1 Ch. 273
"လျှောက်တင်ပါတယ်"
ကျန်းရီ ထွက်မသွားရသေးခင်တွင် တပ်မှူး တစ်ယောက်သည် အလျင်စလို ရောက်ရှိလာခဲ့သည်။ သူသည် ကျန်းရီကို မြင်သည့်အခါ ဒူးတစ်ဖက်ထောက် ထိုင်ချ၍ တင်ပြလာခဲ့သည်။
"ကင်းထောက်သံတမန်ကျန်း … ကျွန်တော့်မှာ သံတမန်ကျန်းနဲ့ ပတ်သက်နေတဲ့ လျှို့ဝှက်တင်ပြချက် ရှိပါတယ်"
"ငါနဲ့ ပတ်သက်နေတယ်"
ကျန်းရီသည် တွေဝေသွားကာ မေးကြည့်လိုက်သည်။
"ပြော"
မင်းသမီးလင်းရွှယ် သည်လည်း ထွက်လာကာ မေးလိုက်သည်။
"ဘာဖြစ်လို့လဲ"
တပ်မှူးသည် ခပ်မြန်မြန်ပင် ဆက်ပြောလာခဲ့သည်။
"ကျွန်တော်တို့ ရှန်ဝူနိုင်ငံရဲ့ ချမ်ဂိုဏ်းက ချမ်ဝမ်ကွမ် ပို့လိုက်တယ်ဆိုတဲ့ လျှို့ဝှက်စာ တစ်စောင် ရထားပါတယ်၊ အဲ့ဒီစာကို သံတမန်ကျန်းဆီ အရောက်ပို့ပေးဖို့ ပြောထားပါတယ်"
"စာဘယ်မှာလဲ"
ကျန်းရီ၏ မျက်လုံးများ အေးစက် သွားခဲ့သည်။ အရေးကြီး ကိစ္စမဟုတ်လျှင် ချမ်ဝမ်ကွမ်သည် စာတစ်စောင်ပို့ရန်နှင့် လူတစ်ယောက်ကို ရင်းမည် မဟုတ်ချေ။ သူသည် ရှန်ဝူနိုင်ငံ၏ အစိတ်အပိုင်း တစ်ခုဖြစ်သည့် ချမ်ဂိုဏ်း၏ ဂိုဏ်းချုပ်လောင်းလျာ ဖြစ်နေချိန်တွင် ကျန်းရီကမူ ရှန်ဝူနိုင်ငံကို သစ္စာဖောက်ထားသော အပြစ်သားတစ်ယောက် ဖြစ်နေခဲ့သည်။
တပ်မှူးသည် စာကို ဆွဲထုတ်လိုက်သည်။ စာသည် ချိတ်ပိတ်လျက်သား ဖြစ်ပြီး မဖွင့်ရသေးသည်မှာ ထင်ရှားသည်။ ကျန်းရီသည် စာကို ဖွင့်ဖတ် လိုက်သောအခါ သူ့ကိုယ်သည် တုန်လှုပ်သွားခဲ့ပြီး ပျော်ရွှင်သည့် အရိပ်အယောင်များ ပေါ်ထွက်လာခဲ့သည်။ သို့သော်လည်း မကြာခင်တွင် မျက်နှာမှာ တစ်စတစ်စ ပျက်ယွင်းလာပြီး လူသတ်ငွေ့များ ထွက်ပေါ်လာခဲ့သည်။
စာမှာ ချမ်ဝမ်ကွမ် ကိုယ်တိုင် ရေးထားခြင်းဖြစ်ပြီး ပါဝင်သည့် အကြောင်းအရာတို့မှာ ရိုးရှင်းလေသည်။ ကျန်းယွင်ဟိုင်ကို ရှာတွေ့ပြီဖြစ်ပြီး သူသည် ကျင်းရှန်နိုင်ငံ၏ တစ္ဆေမီးတောက်မြို့တွင် ရှိနေခဲ့သည်။ ယခုမူ သူ့ကို ဖမ်းမိသွားပြီဖြစ်ပြီး ရှန်ဝူနိုင်ငံဆီ တိတ်တဆိတ် ပို့ဆောင်နေပြီ ဖြစ်သည်။ ချမ်ဝမ်ကွမ်၏ သတင်းအရဆိုလျှင် ကျန်းယွင်ဟိုင်ကို ဖမ်းမိသော ဂိုဏ်းမှာ ရှားဝူဟွေ့နှင့် အဆက်အသွယ် ရှိ၍ ကျန်းယွင်ဟိုင်ကို ရှားဝူဟွေ့ထံ ရောင်းရန် ပြင်နေကြသည်။
"အဘိုး"
ကျန်းရီသည် ကျန်းယွင်ဟိုင် မည်သို့ ဖြစ်ခဲ့သည်နှင့် အဘယ့်ကြောင့် ကျင်းရှန်နိုင်ငံတွင် ပေါ်ထွက်လာသည်ကို မသိပေ။ သူအဘယ့်ကြောင့် အဖမ်းခံရသနည်း။ ထိုခဏတွင် ကျန်းရီသည် လူသတ်ချင်စိတ်များပင် ပေါက်လာခဲ့သည်။ သူသည် ချက်ချင်း နောက်ပြန်လှည့်ကာ မင်းသမီးလင်းရွှယ်ကို ပြောလိုက်သည်။
"မင်းသမီး … ကျွန်တော့်ကို စိတ်ဝိညာဉ် မျောလွင့်ခရီးသည် အမြင့်ဆုံးအဆင့် လူဆယ်ယောက် ငှားပါ၊ ကျင်းရှန်နိုင်ငံကို ကျွန်တော်သွားရမယ်"
မင်းသမီးလင်းရွှယ်သည် ကျန်းရီကို လူငှားပေးရမည်ဖြစ်၍ ပိုမိုပျော်ရွှင် သွားခဲ့သည်။ ကျန်းရီ မိုးပြာနဂါး အင်ပါယာအပေါ် အကြွေးပိုတင်လေလေ အနာဂတ်တွင် ပို၍ ပြန်ပေးရလေလေ ဖြစ်သည်။ သူသည် မိုးပြာနဂါးအင်ပါယာနှင့် ခိုင်မြဲစွာ ဆက်နွယ်သွားလိမ့်မည်။ သူမ အော်ခေါ်လိုက်သည်။
"လာကြစမ်း၊ လင်းရီကို မြင်းစစ်သည် ကိုးယောက်ခေါ်ပြီး သံတမန်ကျန်းနောက် လိုက်သွားခိုင်းလိုက်၊ ဘာမှသတင်းပြန် ပို့စရာမလိုဘူး … သံတမန်ကျန်း အမိန့်ကို နားထောင်ပြီး လိုက်နာရုံပဲ"
"ဝှစ်"
မကြာခင်တွင် လူဆယ်ယောက်သည် မလှမ်းမကမ်းရှိ ဘေးဘက် အဆောင်ထဲမှ ထွက်လာခဲ့ကြသည်။ သူတို့ အားလုံးသည် အနက်ရောင်ချပ်ဝတ်၊ အနက်ရောင် ခေါင်းဆောင်းများ ဆင်ယင်ထားကြပြီး ကောင်းကင်အဆင့် လက်နက်များ ဖြစ်သည့် အနက်ရောင် ဆေဘာဓားများကို ကိုင်ဆောင် ထားကြသည်။ သူတို့အားလုံးတွင် အေးစက်သည့် မျက်လုံးတစ်စုံစီရှိကြပြီး ဒူးတစ်ဖက်ထောက်၍ ကျန်းရီကို နှုတ်ဆက်လာကြသည်။
"နှုတ်ဆက်ပါတယ် … ကင်းထောက်သံတမန်အရှင်"
"သွားစို့"
ကျန်းရီသည် မင်းသမီးလင်းရွှယ်ထံ ခေါင်းညိတ်ပြလိုက်ပြီး မြို့အလယ်သို့ ပြေးသွားခဲ့သည်။ သူသည် မြို့လယ်ရှိ တည်နေရာ ရွှေ့ပြောင်းပို့ဆောင်ရေး အစီအရင်ရှေ့ရပ်ကာ အော်ဟစ်လိုက်သည်။
"တည်နေရာ ရွှေ့ပြောင်းပို့ဆောင်ရေး အစီအရင်ကို အသက်သွင်းလိုက်"
ထိုအစီအရင်သည် ကျင်းရှန် နိုင်ငံ၏မြို့တော် ရှန်းသန်းမြို့ (တစ္ဆေအလင်းမြို့)သို့ သွားရာ အစီအရင် ဖြစ်လေသည်။ အစီအရင်များ အားလုံးသည် မိုးပြာနဂါးအင်ပါယာ၏ အတိတ် နေ့ရက်များက တည်ဆောက် ထားခဲ့ခြင်းဖြစ်ပြီး နယ်မြေ၏ မြို့ကြီးများကို အလွယ်တကူ ဆက်သွယ်နိုင်ရန် ရည်ရွယ်ခဲ့သည်။ အစီအရင်ကို အသက်သွင်းရန် ခရမ်းရောင်ရွှေ အမြောက်အများ လိုအပ်သော်လည်း ကျန်းရီသည် ကင်းထောက်သံတမန် ဖြစ်သောကြောင့် ပေးရန်မလိုချေ။
"ရွှစ်"
ရှန်းသန်းမြို့ထဲမှ တည်နေရာရွှေ့ပြောင်း ပို့ဆောင်ရေး အစီအရင်သည် လင်းလက်လာခဲ့ပြီး အစီအရင်ကို စောင့်ကြပ်နေကြသော အစောင့်များ၏ အာရုံအား ဆွဲဆောင်လိုက်သည်။ ထိုအစီအရင် အချိန်အတော်ကြာ လင်းလက်နေခြင်းသည် လူတစ်စု ရောက်လာမည့်သဘော ဖြစ်လေသည်။ ကျင်းရှန်နိုင်ငံအား နတ်ဆိုးသားရဲစစ်တပ်က သွေးဖြင့် ဆေးသွားခဲ့သောကြောင့် ရှန်းသန်းမြို့၏ လေထုမှာ အလွန်လေးလံ နေခဲ့သည်။ ယခုမူ သူတို့သည် ရန်သူများကို တိုက်ခိုက်တော့မည်အလား အသင့်ပြင်လိုက်ကြပြီး တပ်မှူး တစ်ယောက်သည် အစီအရင်ကို ပိတ်ပစ်ရန် ပြင်ဆင်နေလေသည်။
ကျန်းရီတို့လူစု ပေါ်ထွက်လာသည်နှင့် စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အမြင့်ဆုံးအဆင့် ဆယ်ယောက်ကို အာရုံခံမိသောကြောင့် အစောင့်များမှာ ပိုမို တုန်လှုပ်လာကြသည်။ အနှီတပ်မှူးသည် အစီအရင်ကို ချက်ချင်း ပိတ်ပစ်လိုက်ပြီး စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အဆင့်များစွာသည် ပျံသန်းလာရောက်ကာ ကျန်းရီတို့ အဖွဲ့အား ဝိုင်းလိုက်ကြသည်။
"ဘယ်သူလဲ"
စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အမြင့်ဆုံးအဆင့် လူတစ်ယောက်သည် ကျန်းရီတို့အား သုန်သုန်မှုန်မှုန် စိုက်ကြည့်ကာ မေးလိုက်ပြီး ကျန်လူများ အားလုံးမှာ လက်နက် အသီးသီးကို ဆွဲထုတ်လိုက်ကြသည်။ ဤစိတ်ဝိညာဉ်မျောလွင့် ခရီးသည် အမြင့်ဆုံးအဆင့် ဆယ်ယောက်ကသာ သတ်ဖြတ်ခြင်းကို စတင်လာလျှင် ရှန်းသန်းမြို့ သွေးချောင်း စီးသွားနိုင်လေသည်။
"ငါကကျန်းရီ၊ အင်ပါယာရဲ့ ကင်းထောက်သံတမန် … မင်းတို့အားလုံး ဘာလုပ်နေကြတာလဲ၊ ငါတို့ကို ဝိုင်းပြီး သတ်ကြမလို့လား"
ကျန်းရီသည် ဒေါသထွက်နေသော မျက်လုံးအစုံနှင့် စိုက်ကြည့်လိုက်ပြီး အော်ဟစ်လိုက်သည်။ သူသည် လက်ထဲမှ တံဆိပ်ပြားတစ်ခုကို ပစ်ပေးလိုက်သည်။ စစ်သူကြီး တစ်ဦးသည် တံဆိပ်ပြားကို ကြည့်လိုက်ပြီး လူတိုင်းအား လက်နက်များ ပြန်သိမ်းကြရန် အမိန့်ပေးလိုက်သည်။ သူသည် လက်နှစ်ဖက်ဆုပ်၍ ဦးညွှတ်လာလေ၏။
"ကင်းထောက် သံတမန်အရှင်ကို နှုတ်ဆက်ပါတယ်၊ ရှန်းသန်းမြို့ကို ဘာအတွက် လာရောက်တာလဲဆိုတာ သိပါရစေ၊ မင်းကြီးကို အကြောင်းကြား ပေးရမလား"
"မလိုဘူး"
ကျန်းရီသည် လက်ကာပြ၍ ပြန်ဖြေလိုက်သည်။
"ဒီကနေ ဖြတ်သွားရုံတင် … ငါတို့ အခု မြို့ကနေ ထွက်တော့မှာ"
စကားဆုံးသည်နှင့် ကျန်းရီသည် အရှေ့အရပ်သို့ ဦးတည်သွားခဲ့ပြီး စစ်သူကြီးမှာ ဦးညွှတ်၍ အရိုအသေ ပေးလိုက်သည်။
"ကင်းထောက် သံတမန်ကို ပို့ဆောင်ပါတယ်"
"ကင်းထောက် သံတမန်ကို ပို့ဆောင်ပါတယ်"
အစောင့်များသည် ဒူးတစ်ဖက်ထောက်၍ အော်ဟစ်လိုက်သည့်အခါ မရေမတွက်နိုင်သော ဖြတ်သွားဖြတ်လာ များသည်လည်း ဒူးထောက်၍ အော်ဟစ် လာကြသည်။
ကျန်းရီသည် ဘေးပတ်လည်ကို ကြည့်ကာ ထူးဆန်းနေသည်ဟု ခံစားလိုက်ရသည်။ ကျင်းရှန်နိုင်ငံမှ လူများသည် အဘယ့်ကြောင့် အလွန်ယဉ်ကျေး နေကြသနည်း။ လူအများစု၏ မျက်လုံးများထဲတွင် လေးစားသည့် အရိပ်အယောင်များပါ ရှိနေခဲ့သည်။ ထို့နောက် သူသည် သူ့အဘိုးကို ကယ်တင်ရမည့်အကြောင်း တွေးလိုက်မိ၍ ထိုအကြောင်းကို ခေါင်းထဲ ထားမနေတော့ပေ။ သူတို့သည် မြို့၏ အရှေ့တံခါးမှထွက်၍ လူစုထဲမှ တစ်ယောက်က ကျန်းရီကို သယ်ဆောင်ကာ တစ္ဆေမျက်လုံးမြို့ဆီ အစွမ်းကုန် ပြေးတော့သည်။
"ဘာ … ကျန်းရီ ဒီရောက်နေတယ် ဟုတ်လား၊ သူက စိတ်ဝိညာဉ် မျောလွင့်ခရီးသည် အမြင့်ဆုံးအဆင့် ဆယ်ယောက်ကိုလည်း ခေါ်လာသေးတယ်ပေါ့"
ရှန်းသန်းမြို့၏ နန်းတော်ထဲတွင် ကျင်းရှန်နိုင်ငံ၏ ဘုရင်သည် စစ်သူကြီးထံမှ သတင်းကို ရသွားခဲ့သည်။ သူ့မျက်နှာသည် သုန်မှုန်သွားခဲ့ပြီး နောက်ပြန်လှည့်၍ မေးခွန်းထုတ်လိုက်သည်။
"သူတို့ ဘယ်သွားကြတာလဲ"
"သေချာ မသိပါဘူး"
စစ်သူကြီးသည် ခေါင်းယမ်းကာ ပြန်ဖြေလိုက်သည်။
"သူတို့ အရှေ့ဘက်ကို ထွက်သွားကြတာပါ၊ အရမ်းမြန်နေတာနဲ့ ကျွန်တော့် လူတွေလည်း အမှီမလိုက်နိုင်ကြဘူး"
"အရှေ့ဘက်"
ကျင်းရှန်နိုင်ငံ၏ ဘုရင်သည် ရွှေရောင် လျှောက်လမ်းထက်တွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေခဲ့ပြီး ရုတ်တရက် အော်ဟစ် အမိန့်ပေးလိုက်သည်။
"စစ်သူကြီးဟဲ … စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့် စစ်သည် ငါးဆယ်ကိုခေါ်ပြီး ငှက်တစ်ကောင်ကောင်နဲ့ ကျန်းရီနောက် လိုက်သွားချေ၊ အရမ်းကြီး လွန်လွန်ကျူးကျူး မဟုတ်သရွေ့ မင်းသူ့တောင်းဆိုချက်ကို လိုက်နာလိုက်၊ ဒီပြဿနာ နတ်ဘုရားကို မဆန့်ကျင်မိဖို့ သေချာမှတ်ထား … သူ့ကို သေချာ စောင့်ကြပ်ပြီး လိုက်ပို့လိုက်"
"နားလည်ပါပြီ"
ထိုလူသည် အပြင်ဘက်သို့ ပြေးထွက်သွားခဲ့သည်။ မကြာခင်တွင် ငှက်ဆယ်ကောင်ခန့်သည် အရှေ့ဘက် အရပ်သို့ ပျံသန်းသွားကြသည်။
ကျန်းရီသည် နယ်မြေ၏ သူရဲကောင်း ဖြစ်နေသော်လည်း နိုင်ငံအသီးသီးမှ ဘုရင်များ၏ အမြင်တွင် သူ့၌ အခြားနာမည်ပြောင် တစ်ခု ရှိနေခဲ့သည်။ ထိုသည်မှာ ပြဿနာ နတ်ဘုရားဟူ၍ ဖြစ်သည်။
သူသွားသော နေရာတိုင်း ပြဿနာများ ယှဉ်တွဲ၍ ဖြစ်ပွားတတ်သည်။ နတ်ဆိုးသားရဲစစ်တပ် ကျင်းရှန်နိုင်ငံသို့ ဖြတ်သွားစဉ်အခါက နိုင်ငံအတွင်း မည်သည့်ပဋိပက္ခမှ မရှိခဲ့သော်လည်း စစ်သည်များစွာ၏ အသက်များ ဆုံးရှုံးခဲ့ရသည်။ နိုင်ငံ၏ အင်အားလည်း သိသိသာသာ ကျဆင်းသွားရာ ကျင်းရှန်နိုင်ငံ၏ ဘုရင်သည် ပြဿနာ ထပ်မဖြစ်ချင်ပေ။
ကျန်းရီသည် ယခုအခါ မိုးပြာနဂါးအင်ပါယာ၏ ကင်းထောက် သံတမန်ဖြစ်၍ အင်ပါယာသည် ဂုဏ်သတင်း မွှေးပျံ့နေသည်။ ကျန်းရီ၏ ပါရမီနှင့် သူ့ကျောထောက် နောက်ခံ နတ်ဆိုးဧကရီ၏ အင်အားကိုပါ ထပ်ပေါင်းလိုက်သော် ကျင်းရှန်နိုင်ငံ၏ ဘုရင်သည် ကျန်းရီကို လုံးဝ မဆန့်ကျင်ရဲပါတော့ချေ။
***
"လင်းရီ … ထပ်မြန်ဦး"
ကျင်းရှန်နိုင်ငံ၏ အရှေ့ဘက်သို့ သွားရာ လမ်းမကြီး တစ်ခုထက်တွင် ပုံရိပ် ဆယ့်တစ်ခုသည် လျင်မြန်စွာ ရွေ့လျားနေခဲ့သည်။ စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အမြင့်ဆုံး အဆင့်များ၏ ပြေးနှုန်းသည် ကြောက်ခမန်းလိလိ ဖြစ်၍ ငွေလဝံပုလွေထက် နှစ်ဆ မြန်လေသည်။ လမ်းမကြီးပေါ်မှ ခရီးသွားများသည် ပုံရိပ်ဆယ့်တစ်ခု လှုပ်ရှားသွားသည်ကိုသာ မြင်ရပြီး ကျန်းရီတို့ ကိုယ်များအား သေသေချာချာ မမြင်လိုက်ကြရပေ။
ချမ်ဝမ်ကွမ်ထံမှ သတင်းအရဆိုလျှင် ကျန်းယွင်ဟိုင်သည် တစ္ဆေမီးတောက် မြို့တွင်သာ ရှိနေသေးသည်။ သို့သော် တခြားနေရာသို့ ပို့လိုက်ပြီးသား ဖြစ်နေမည်လား ဟူသည်ကို မသိနိုင်ပေ။ ကျန်းရီသည် အလျင်လိုလွန်းနေ၍ တစ္ဆေမီးတောက်မြို့သို့ အတောင်ပံပေါက်၍ ပျံသွားလိုက်ချင်နေသည်။
တစ္ဆေမီးတောက်မြို့သည် တစ္ဆေအလင်းမြို့(ရှန်းသန်းမြို့)၏ အရှေ့ဘက် မိုင်ထောင်ချီအကွာတွင် တည်ရှိသည်။ စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အမြင့်ဆုံးအဆင့်များ မည်မျှပင် မြန်စေကာမူ တစ္ဆေမီးတောက်မြို့သို့ ရောက်ရန် နာရီအနည်းငယ် လိုသေး၏။
"ကင်းထောက် သံတမန်အရှင် အလျင်မလိုပါနဲ့"
ကျန်းရီကို သယ်ဆောင်ထားသော လင်းရီမှ ပြောလာခဲ့သည်။
"အရှင့်ရဲ့ လက်ရှိပါရမီနဲ့ဆိုရင် လက်အောက်ခံနိုင်ငံ ခြောက်ခုက ဘုရင်တွေ အရှင့်ကို လာမရှုပ်ရဲပါဘူး၊ အရှင့်ရဲ့အဘိုး မသေသေးသရွေ့ ကယ်လို့ရပါတယ်"
ကျန်းရီ ခေါင်းညိတ်လိုက်သော်လည်း စိတ်မအေးနိုင်သေးပေ။ ကမ္ဘာပေါ်တွင် သူ့၌ ဆွေမျိုး နှစ်ယောက်သာရှိ၍ ထိုသူတို့မှာ ကျန်းယွင်ဟိုင်နှင့် ကျန်းရှောင်နူ ဖြစ်သည်။ သူတို့အား အန္တရာယ် ပြုရဲသူ ရှိလာလျှင် ကျန်းရီသည် သေချာပေါက် အသက်ကြွေး ပြန်ဆပ်ခိုင်းမည် ဖြစ်သည်။
သူတို့သည် မရပ်မနား ပြေးလာခဲ့ပြီး နောက်ဆုံးတွင် ကျန်းရီတို့ လူစုသည် တစ္ဆေမီးတောက်မြို့သို့ ရောက်ရှိသွားခဲ့သည်။ သူတို့ရောက်ချိန်တွင် ကောင်းကင်သည် မှောင်မည်းနေပြီ ဖြစ်လေသည်။
ကောင်းကင်သည် မှောင်နေပြီဖြစ်၍ မြို့တံခါးများလည်း ပိတ်နေပြီ ဖြစ်သည်။ မြို့တံတိုင်းထက်တွင် ကင်းလှည့်နေသော စစ်သည်များ ရှိနေခဲ့သည်။ လင်းရီသည် ကျန်းရီထံမှ ညွှန်ကြားချက် တောင်းတော့မည့် ဆဲဆဲတွင် ကျန်းရီသည် ရုတ်တရက် ထအော်လာခဲ့သည်။
"ဝင်မယ် … ငါတို့ကို လမ်းပိတ်တဲ့ သူတွေကို ဒဏ်ရာ ရအောင်လုပ်နိုင်တယ်၊ သတ်တော့ မသတ်နဲ့"
"ကောင်းပါပြီ"
မင်းသမီးလင်းရွှယ်သည် လင်းရီတို့ လူစုအား ကျန်းရီ၏ အမိန့်ကို နားထောင်ရန် အမိန့်ပေးထားခဲ့သည်။ ထို့ကြောင့် သူသည် ဘာကိုမှ နောက်ဆံတင်း မနေပေ။ သူသည် ကျန်းရီကို သယ်ဆောင်၍ ကျန်ကိုးယောက်နှင့် အတူ မြို့တံတိုင်းပေါ် ခုန်တက်လိုက်သည်။
***