မင်းလည်းသေရမယ်
Vol. 1 Ch. 274
တစ္ဆေမီးတောက်မြို့သည် ကျင်းရှန်နိုင်ငံ၏ အရှေ့ဘက်တွင် အကြီးဆုံးမြို့ဖြစ်ပြီး ကျင်းရှန်နိုင်ငံ၏ မြို့ကြီးဆယ်မြို့ထဲမှ တစ်မြို့လည်း ဖြစ်သည်။ မြို့ကို ကျင်းရှန်နိုင်ငံ၏ ဂိုဏ်းကြီး ဆယ်ဂိုဏ်းထဲတွင် နံပါတ်ခြောက်ဖြစ်သော လန်ဂိုဏ်းမှ ချုပ်ကိုင်ထားသည်။
"ဘယ်သူလဲ"
"အလစ်တိုက်တဲ့ သူရှိတယ်"
တစ္ဆေမီးတောက် မြို့ကဲ့သို့သော မြို့ကြီးများတွင် ကင်းလှည့်အစောင့်များ ထူထပ်စွာ ရှိလေသည်။ ကျန်းရီတို့ လူစုသည် မြို့တွင်းသို့ အတင်းအကြပ် အားသုံး၍ ဝင်လာခြင်း ဖြစ်သောကြောင့် အစောင့်များ သတိအနေအထား ဖြစ်သွားကြသည်။ ထိုစစ်သည်များက အော်ဟစ် လိုက်သောအခါ မဆုံးနိုင်သော စစ်သားများစွာသည် သူတို့ရှိရာဘက်သို့ ပြေးလာကြသည်။
"ငါက မိုးပြာနဂါးအင်ပါယာရဲ့ ကင်းထောက်သံတမန် ကျန်းရီ၊ မြို့ထဲမှာ အရေးကြီးကိစ္စ တစ်ခုရှိနေလို့ ငါသွားရမယ်၊ လမ်းဖယ်ကြစမ်း"
ကျန်းရီသည် လင်းရီကို သူ့အား ချစေလိုက်ပြီး မီးနဂါးဓားကို ထုတ်လိုက်သည်။ ဓားအတွင်း အတွင်းအားများ ထည့်လိုက်သောအခါ ဓားသည် အနီရောင်အလင်းများ တောက်ပလာခဲ့သည်။ ဓားပတ်လည်တွင် မီးနဂါးနှစ်ကောင်သည် ကြောက်စရာ အရှိန်အဝါများ ထုတ်လွှတ်၍ လှည့်ပတ်နေခဲ့သည်။ သူ့ကိုယ်မှ သတ်ဖြတ်ခြင်း အရှိန်အဝါများလည်း ထွက်ပေါ်လာခဲ့ပြီး စစ်သည်များမှာ နှေးကွေး သွားခဲ့သည်။
"မီးနဂါးဓား … သတ်ဖြတ်ခြင်း အရှိန်အဝါ"
တပ်မှူးအများစုသည် ကျန်းရီသာလျှင် မီးနဂါးဓားနှင့် သတ်ဖြတ်ခြင်း အင်အားတို့ ပိုင်ဆိုင်ကြောင်း သိကြသည့်အတွက် မျက်နှာထားများ ပြောင်းလဲ သွားကြသည်။ ဤသို့ လုပ်လိုက်ခြင်းသည် တံဆိပ်ပြား ထုတ်ပြခြင်းထက် ပိုထိရောက်လေသည်။ လူအများစုသည် တိတ်ဆိတ်သွားကြပြီး ဤကံမကောင်းစေသာ ကြယ်ပွင့်လေး ကျန်းရီသည် တစ္ဆေမီးတောက်မြို့တွင် ဘာလာလုပ်ပြန်ပြီလဲဟု တွေးနေကြလေသည်။
"ကင်းထောက်သံတမန်ကျန်း"
စစ်သူကြီးတစ်ဦးသည် ပျံသန်းလာခဲ့ပြီး လက်နှစ်ဖက်ဆုပ်၍ ကျန်းရီကို အရိုအသေ ပေးလာခဲ့သည်။
"ကျွန်တော်မျိုးက တစ္ဆေမီးတောက်မြို့က အစောင့်တွေရဲ့ ကိုယ်စားလှယ် လန်ဖုန်းပါ၊ အရှင် ဖြေရှင်းဖို့လိုတဲ့ ကိစ္စကို သိပါရစေ … မြို့စားကိုရော အကြောင်းကြား ပေးရပါမလား"
"လန်ဖုန်း ဟုတ်လား"
ကျန်းရီ၏ မျက်လုံးများ အေးစက်သွားကာ အော်ဟစ်လိုက်သည်။
"မင်းက လန်ဂိုဏ်းကလား၊ လန်ယွိဘယ်မှာလဲ … ထွက်လာပြီး ငါ့ကိုလာတွေ့လို့ ပြောလိုက်"
"လန်ယွိ"
မြို့စောင့်တပ် ကိုယ်စားလှယ်၏ မျက်ခုံးနှစ်ဖက်သည် ကျုံ့သွားခဲ့ပြီး အခြားစစ်သည် များသည်လည်း မျက်နှာများ ပျက်သွားကြသည်။ လန်ဖုန်းသည် လက်နှစ်ဖက်ဆုပ်၍ ဦးညွှတ်ကာ ပြန်ဖြေလာခဲ့သည်။
"အရှင်ကျန်း … ကျွန်တော်တို့ ခေါင်းဆောင်ငယ်လေးက အရှင့်ကို တစ်နည်းနည်းနဲ့ ဆန့်ကျင်မိခဲ့တယ်ဆိုရင် သူ့ကို ခွင့်လွှတ်ပေးဖို့ တောင်းဆိုပါတယ်၊ ကျွန်တော် သူ့ကို ဘယ်လိုအကြောင်း ကြားရမလဲဆိုတာ ပြောပြနိုင်မလား"
"ခေါင်းဆောင်ငယ် … သိပ်ကောင်းတယ်"
ကျန်းရီသည် နှာမှုတ်ကာ ပြန်ပြောလိုက်သည်။
"မင်းရဲ့ ခေါင်းဆောင်ငယ်ကို ငါ့ရှေ့ခေါ်လာဖို့ ငါမင်းကို မိနစ်သုံးဆယ်ပေးမယ် … မရောက်လာရင်တော့ အကျိုးဆက်ကို ခံစားဖို့ပြင်ထား"
ချမ်ဝမ်ကွမ်ထံမှ သတင်းအရဆိုလျှင် ကျန်းယွင်ဟိုင်ကို ဖမ်းဆီး၍ ရှားဝူဟွေ့နှင့် တိတ်တဆိတ် ပူးပေါင်းသောသူမှာ လန်ယွိဖြစ်သည်။ ကျန်းရီ၏ စိတ်ထဲတွင် ထိုလန်ယွိသည် သေကို သေရမည့်သူ ဖြစ်သည်။ သူသည် ကျန်းယွင်ဟိုင်ကို ဖမ်းရုံသာဆိုလျှင် ကိစ္စမရှိသော်လည်း အနှီလန်ယွိသည် ကျန်းယွင်ဟိုင်မှာ ကျန်းရီ၏ အဘိုးမှန်း သိသိရက်နှင့် ရှားဝူဟွေ့ထံ အပေးအယူ လုပ်ရန် သွားခဲ့ခြင်း ဖြစ်သည်။ သူထိုသို့ လုပ်ခဲ့သောကြောင့် ကျန်းရီ လုံးဝ ဒေါသထွက်နေခဲ့ခြင်း ဖြစ်သည်။
"ဒါက … "
လင်းဖုန်းသည် မျက်နှာပျက်ပျက်နှင့် အံကြိတ်၍ မြို့ထဲ ပြေးဝင်သွားခဲ့သည်။ ကျန်းရီနှင့် သူခေါ်လာခဲ့သော လူဆယ်ယောက်သည် စစ်သည်များ ပြည့်နေသည့် မြို့တံတိုင်းထက်တွင် ရပ်နေခဲ့သည်။
"ဝှစ် … ဝှစ် … ဝှစ် "
ဆယ့်ငါးမိနစ်ကြာပြီးနောက် လူဆယ်ယောက်ကျော်သည် မြို့ထဲမှ ပြေးထွက်လာခဲ့သည်။ အားလုံးသည် စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့်များ ဖြစ်ကြသည်။ သူတို့ထဲမှ တစ်ယောက်သည် စိတ်ဝိညာဉ်မျောလွင့် ခရီးသည် သတ္တမအဆင့် ခန့်ဖြစ်သော အဘိုးကြီးတစ်ယောက် ဖြစ်သည်။ သူသည် ပန်းထိုး အဝတ်အစားတို့ကို ဝတ်ဆင်ထားပြီး တစ္ဆေမီးတောက်မြို့တွင် အရေးပါသူ တစ်ဦးဖြစ်ကြောင်း ထင်ရှားနေသည်။
အဘိုးကြီးသည် လူဆယ်ယောက်ကျော်ကို ဦးဆောင်၍ မြို့တံတိုင်းထက် တက်လာခဲ့ပြီး ကျန်းရီကို လက်နှစ်ဖက်ဆုပ်၍ အရိုအသေ ပေးလာခဲ့သည်။
"ကျွန်တော်မျိုးက လန်ဟမ့်၊ လန်ဂိုဏ်းရဲ့ အကြီးအကဲသုံးပါ၊ ဂိုဏ်းချုပ်က တံခါးပိတ် ကျင့်ကြံနေလို့ မလာနိုင်တာပါ … အရှင်ရောက်လာလို့ ကျွန်တော်တို့ ဂုဏ်ယူရပါတယ်၊ အရင်လာမကြိုမိတာတဲ့ အတွက်လည်း တောင်းပန်ပါတယ်၊ စကားပြောဖို့အတွက် အိမ်တော်ဆီ လိုက်ခဲ့ပေးပါ အရှင်"
ကျန်းရီ၏ မျက်လုံးများသည် လူအုပ်ထံ ဝေ့ဝဲသွားခဲ့ပြီး ထီမထင်စွာ ပြန်ပြောလိုက်သည်။
"လန်ယွိက ဘယ်သူလဲ … ဒီမှာရှိလား"
အကြီးအကဲသုံး အတင်းလုပ်ရယ် လိုက်ချိန်တွင် မြို့စောင့်တပ်၏ ကိုယ်စားလှယ် လန်ဖုန်းက ဝင်ဖြေလာခဲ့သည်။
"အရှင် … ခေါင်းဆောင်ငယ်ကို အကြောင်းကြားဖို့ ကျွန်တော် လူလွှတ်ပြီးပါပြီ၊ ခေါင်းဆောင်ငယ်လည်း တံခါးပိတ် ကျင့်ကြံနေတယ်လို့ ကြားပါတယ် ဒါကြောင့် …"
"ဟမ့်"
ကျန်းရီ ဒေါသထွက်ထွက်နှင့် ပိတ်အော်လိုက်သည်။
"မင်းတို့ ခေါင်းဆောင်ငယ်က ဘဝင်လေဟပ် နေတာပေါ့ ... ဟမ် … ကောင်းပြီလေ၊ သူမလာမှတော့ ငါတို့ သွားတွေ့ရမှာပေါ့"
ကျန်းရီသည် သူ့လူများကို ဦးဆောင်၍ မြို့တံတိုင်းထက်မှ ခုန်ချလိုက်သည်။ အကြီးအကဲသုံး၏ မျက်နှာသည် မည်းခနဲ ဖြစ်သွားပြီး သူသည်လည်း ကျန်းရီ နောက်မှလိုက်၍ ခုန်ချကာ ထပ်မံ စကားစလိုက်သည်။
"အရှင် … စိတ်မဆိုးပါနဲ့၊ အားလုံးက ညှိုနှိုင်းလို့ ရပါတယ်၊ ကျွန်တော်တို့ ခေါင်းဆောင်ငယ်က အရှင်ကျန်းကို တစ်နည်းနည်းနဲ့ ဆန့်ကျင်မိရင် ကျွန်တော်တို့ လန်ဂိုဏ်းက သူ့ကို သေချာပေါက် အပြစ်ပေးပြီး အရှင်ကျန်းရဲ့ ဆုံးရှုံးမှုတွေအတွက် အလျော်ပေးပါ့မယ်"
ကျန်းရီသည် ထိုအကြီးအကဲသုံးကို လျစ်လျူရှုထားပြီး လန်ဖုန်းကို ကြည့်၍ ပြောလိုက်သည်။
"လမ်းပြ"
လန်ဖုန်းနှင့် အကြီးအကဲသုံးသည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး ဒေါသကို မျိုသိပ်ကာ မြို့အရှေ့ဘက်ရှိ အိမ်တော်ကြီးတစ်ခု ကျန်းရီတို့အား ခေါ်ဆောင် သွားလိုက်သည်။
"အကြီးအကဲနဲ့ ဂုဏ်သရေရှိ ဧည့်သည်တွေကို နှုတ်ဆက်ပါတယ်"
အိမ်တော်ကြီး၏ အပြင်ဘက်မှ အစောင့် အနည်းငယ်သည် အကြီးအကဲသုံးနှင့် အခြားလူများကို မြင်သောအခါ အလျင်အမြန် နှုတ်ဆက်လာခဲ့သည်။ အစောင့်များထဲမှ တစ်ယောက်သည် သူတို့ဝင်ရန် တံခါးဖွင့်မည် အလုပ်တွင် အတွင်းသို့ အရင်ဝင်၍ အကြောင်းကြားချင်သည့်ပုံ ပေါ်နေခဲ့သည်။
"ဝှစ်"
ကျန်းရီသည် အရင်ဦးအောင်သွား၍ တံခါးကို ခြေထောက်ဖြင့် ကန်ဖွင့်ကာ ဝင်သွားလိုက်သည်။ ထို့နောက် သူအော်ဟစ်လိုက်သည်။
"လန်ယွိ … မင်းဖင်ကို ဒီရွှေ့လာခဲ့စမ်း"
"ဝှစ် … ဝှစ် … ဝှစ်"
အော်သံအကျယ်ကြီးသည် အိမ်တော် အတွင်းရှိ အစောင့်များကို ခြောက်လှန့်သလို ဖြစ်သွား၍ လူပေါင်းများစွာ ထိတ်လန့်တကြား ပြေးထွက် လာကြသည်။ ဂိုဏ်းမှ အကြီးအကဲများကို တွေ့သောအခါ အားလုံးသည် မလှုပ်ရှားတော့ဘဲ ကျန်းရီကိုသာ စိုက်ကြည့်နေခဲ့ ကြသည်။
လန်ဂိုဏ်းမှ အကြီးအကဲများသည် တုန်လှုပ်စွာဖြင့် အိမ်တော်ဝင်းထဲ ထွက်လာကြပြီး တတိယ အကြီးအကဲကမူ လူတစ်ယောက်ကို မျက်ရိပ် ပြလိုက်သည်။ ထိုသူသည် ပြေးထွက်သွားပြီး ကြီးမားလှသော အဆောင်တစ်ခုထံ ပြေးသွားခဲ့သည်။
"ဘယ်သူက ငါ့နေရာမှာ မဆင်မခြင် အော်ရဲတာလဲ၊ လန်ထျန်း … မင်းတို့အားလုံး သေနေကြတာလား၊ အဲ့လူကို မြန်မြန် သွားသတ်လိုက်စမ်း"
အဆောင်တွင်းမှ ဒေါသထွက်နေသော လေသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး ရှုပ်ပွနေသော ဆံပင်ပြာများနှင့် လူငယ်တစ်ယောက် အပြင်ထွက်လာခဲ့သည်။ ထိုလူငယ်သည် သူတို့ရှိရာဘက်သို့ လှမ်းကြည့်လာ၍ ကျန်းရီကို မြင်လိုက်သောအခါ မျက်နှာမှာ ပို၍မည်းသွားပြီး မျက်လုံးများလည်း ကျဉ်းမြောင်းသွားကာ အော်ဟစ် လာလေသည်။
"မင်းပဲ"
"ငါတို့သာ ရန်သူတွေ မဟုတ်ရင် ဒီလိုမျိုး တွေ့စရာအကြောင်း မရှိဘူး"
ကျန်းရီ သည်လည်း အံ့အားသင့်ရသည်။ ထိုလူငယ်ကို နိုင်ငံအဆင့် ပြိုင်ပွဲအတွင်း သူတွေ့ဖူးခဲ့သည်။ မှန်ပေသည်၊ ထိုလူငယ်မှာ အန်းနီတို့ လူရိုင်းတပ်ဖွဲ့နှင့် တိုက်ခိုက်ခဲ့သော တပ်ဖွဲ့ကို ဦးဆောင်လာသူ ဖြစ်သည်။ ထိုစဉ်က ကျန်းရီသည် သူ့လူအချို့ကိုတောင် သတ်ခဲ့လိုက်သေးသည်။ ကျန်းရီသည် ထိုလူငယ်တွင် အလွန်တရာ အစွမ်းထက်လှသော ကောင်းကင်အဆင့် လနတ်ဆိုးဓားသွား ရှိနေသည်ဟူသော အချက်ကိုလည်း သေချာမှတ်မိနေ၏။
လန်ယွိသည် လန်ဂိုဏ်းမှ အကြီးအကဲများကို တစ်ချက် ကြည့်လိုက်ပြီး မျက်ခုံးနှစ်ဖက် မြင့်တက်သွားခဲ့သည်။ သူသည် အခြေအနေကို သတိပြုမိသွားပုံရပြီး မေးလာလေသည်။
"အကြီးအကဲသုံး … ဒါက ဘာအဓိပ္ပာယ်လဲ၊ သူက ဘယ်သူလဲ"
"ခေါင်းဆောင်ငယ် … လေးလေးစားစားနဲ့ ကင်းထောက် သံတမန်ကျန်းကို နှုတ်ဆက်လိုက်ပါ"
အကြီးအကဲသုံးသည် မျက်နှာတင်းတင်းနှင့် အေးစက်စွာ ပြောလိုက်သည်။
"မလိုပါဘူး"
ကျန်းရီသည် နှာခေါင်းရှုံ့ကာ မေးလိုက်သည်။
"လန်ယွိ … ငါ့အဘိုး ကျန်းယွင်ဟိုင်ကို ထုတ်ပေးပြီး မင်းကိုယ်မင်း သတ်သေလိုက်၊ ဒါဆို ဒီကိစ္စက ပြီးသွားလိမ့်မယ် … မဟုတ်ရင် မင်းတို့ လန်ဂိုဏ်း တစ်ခုလုံး ပြန်ပေးဆပ်ရမယ်"
"ဝှစ် … ဝှစ် … ဝှစ်"
လူတိုင်းသည် မျက်နှာများ ပျက်သွားကြပြီး လန်ယွိမှာ ပို၍ပင် ဒေါသတကြီး ဖြစ်လာခဲ့သည်။ သူသည် တစ်ခဏ စဉ်းစားလိုက်ပြီး အခြေအနေကို နားလည် သွားပုံရသည်။ သူသည် နှာမှုတ်ကာ ပြန်ဖြေလာလေသည်။
"ကျန်းယွင်ဟိုင်လား … သူသေပြီလေ"
ကျန်းရီ၏ လက်ထဲတွင် မီးနဂါးဓား ပေါ်ထွက်လာခဲ့ပြီး သူ့ကိုယ်မှ သတ်ဖြတ်ခြင်း အရှိန်အဝါလည်း အိမ်တော်ဝင်း တစ်ခုလုံးထံ ပျံ့နှံ့သွားခဲ့သည်။ သူသည် ဒေါသတကြီး အော်ဟစ် လိုက်သည်။
"ဒီကိစ္စက ဒီအခြေအနေအထိ ရောက်လာပြီဆိုမှ မင်းလည်းသေရမယ်"
"နေဦး"
အကြီးအကဲသုံးသည် အော်ဟစ်လိုက်ပြီး လန်ယွိထံ ပြေးလာခဲ့သည်။ သို့သော် ထိုအရာသည် ကျန်းရီကို တားဆီး နိုင်ပါမည်လော။ မီးနဂါးနှစ်ကောင်သည် ထွက်ပေါ်လာကာ လန်ယွိ၏ ဦးခေါင်းထံ တိုးဝင်သွားခဲ့သည်။
"ဗုန်း"
အကြီးအကဲသုံးသည်လည်း မြန်ဆန် လွန်းလှသည်။ သူသည် လန်ယွိကိုဆွဲကာ ဘေးဘက်သို့ ရှောင်တိမ်းလိုက်သည်။ မီးနဂါးနှစ်ကောင်သည် ဖြတ်သန်းသွားခဲ့ပြီး ရှေ့မှ အဆောင်ကြီးအား တစ်စစီ ပျက်စီးသွားစေလေသည်။ အိမ်တော်ဝင်းထဲမှ အစေခံမလေးများ၏ အော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။ ပျက်စီးသွားသော အဆောင်ထဲတွင် ဘယ်သူမှ မရှိကြ၍ တော်သေးသည်။ မဟုတ်ပါက မည်သူမှ အသက်ရှင် နိုင်ကြမည် မဟုတ်ပေ။
"ဘယ်သူက တစ္ဆေမီးတောက်မြို့ထဲမှာ အကြီးအကျယ် ပြဿနာရှာရဲတာလဲ"
အိုမင်း၍ အားမာန် အပြည့်ရှိလှသော လေသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး အနီးအနားရှိ ခမ်းခမ်းနားနား အဆောင်သုံးခုထံမှ လူသုံးယောက် ပြေးထွက်လာခဲ့သည်။ တစ်ချိန်တည်းတွင် စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အဆင့်များစွာ ရောက်ရှိလာကြပြီး ကျန်းရီထံ လေးမြားများဖြင့် ချိန်ရွယ် လာကြလေသည်။
နတ်ဘုရားသတ်ဖြတ်ခြင်းလေး …
ကျန်းရီသည် အလွန်အမင်း ဒေါသထွက် လာခဲ့သည်။ နတ်ဘုရား သတ်ဖြတ်ခြင်း လေးမြားများသည် ရှန်ဝူနိုင်ငံ၏ သင်္ကေတဖြစ်သည်။ လန်ဂိုဏ်းကို နတ်ဘုရား သတ်ဖြတ်ခြင်း လေးမြားများ ပေးခဲ့သူမှာ ရှားဝူဟွေ့ ဖြစ်ကြောင်း အထူးတလည် ပြောစရာ မလိုချေ။ အဓိပ္ပာယ်မှာ အပေးအယူ အောင်မြင်သွား၍ ကျန်းယွင်ဟိုင်ကို ရှန်ဝူနိုင်ငံသို့ ပို့လိုက်ပြီး ဖြစ်သည် သို့မဟုတ် ကျန်းယွင်ဟိုင် အသတ်ခံလိုက်ရပြီ ဖြစ်သည်ဟု ဆိုလိုလေသည်။
***