ကွပ်မျက်ခြင်း
Vol. 1 Ch. 275
လန်ဂိုဏ်းသည် အလွန်အမင်း အင်အားကြီး၍ ရှန်ဝူနိုင်ငံမှ ကျန်းစွန်းဂိုဏ်း၊ ကျန့်ဂိုဏ်းနှင့် ကျန်းဂိုဏ်းတို့နှင့် ဆင်တူလေသည်။ သူတို့သည် ကျင်းရှန် နိုင်ငံတွင် နှစ်ထောင်ပေါင်းများစွာ အခြေချ နေထိုင်ခဲ့ကြသည်။
ကျင်းရှန်နိုင်ငံ ဖျက်စီးခံလိုက်ရပြီး ဘုရင်မှာ အစားထိုး ခံလိုက် ရနိုင်သော်လည်း ထိုကဲ့သို့သော အင်အားကြီး ဂိုဏ်းများသည် ပျက်စီးသွားမည် မဟုတ်ချေ။ သူတို့သည် ကျင်းရှန် နိုင်ငံတော်တွင် သစ်ပင် တစ်ပင်ကဲ့သို့ အမြစ်များ တွယ်နေခဲ့ပြီ ဖြစ်သည်။
အနှီဂိုဏ်းများသည် မာနကြီးကြသည်။ ကျန်းရီ ကဲ့သို့သော ပါရမီရှင်သည် သူတို့ မျက်လုံးထဲတွင် ဘာမှမဟုတ်ပေ။ ကျန်းရီသည် ယခု ကျော်ကြားနေသော အောင်မြင်ခါစ လူတစ်ယောက် ဖြစ်သော်လည်း ထိုအောင်မြင်မှုမှာ ကြာရှည်ခံမည် မဟုတ်ပေ။
ထို့ကြောင့် လန်ဂိုဏ်းသည် ကျန်းရီ၏ ကြမ်းတမ်း ရိုင်းစိုင်းသော အပြုအမူကို ဒေါသထွက်ကြသည်။ ကျန်းရီသည် မြို့တွင်းသို့ အတင်းဝင်ရောက်၍ သူတို့၏ ခေါင်းဆောင်ငယ်ကို သတ်ချင်နေလေသည်။ သူတို့၏ ခေါင်းဆောင်ငယ်သည် လူငယ်မျိုးဆက် တစ်လျှောက်တွင် အထူးချွန်ဆုံးသူ ဖြစ်သည်။
သူတို့ ဒေါသထွက် နေကြသော်လည်း လန်ဂိုဏ်းချုပ် ပေါ်လာသော ခဏတွင် ဂိုဏ်းချုပ်သည်လည်း အလျင်စလို မတိုက်ခိုက်ရဲသည်ကို တွေ့လိုက်ရသည်။ သူသည် အိမ်တော်ဝင်းအတွင်း ပျံသန်းလာခဲ့ပြီး တည်ငြိမ်စွာ မေးလာခဲ့သည်။
"ကင်းထောက် သံတမန်ကျန်း … ကျွန်တော့်သားက ဘယ်လိုအမှားမျိုး ကျူးလွန်ခဲ့လို့ သူ့ကိုမြင်တာနဲ့ သတ်ချင်နေရတာလဲ သိချင်မိပါရဲ့၊ ခင်ဗျားက အင်ပါယာ အဖွဲ့အစည်းရဲ့ ကင်းထောက်သံတမန် ဖြစ်ကောင်း ဖြစ်နိုင်ပေမဲ့ ကျိုးကြောင်းမသင့် မလုပ်သင့်ဘူးမလား … ခင်ဗျား ဒီလိုဆက်လုပ်နေမယ် ဆိုရင် ကျုပ်တို့လန်ဂိုဏ်းက ညီနောင်အားလုံး တိုက်ခိုက်ရလိမ့်မယ်"
စကားဆုံးသည်နှင့် လန်ဂိုဏ်းချုပ်၏ လက်ထဲမှ လက်စွပ် တစ်ကွင်းသည် တောက်ပလာခဲ့ပြီး ဆေဘာဓားကောက်ကြီး တစ်ချောင်း ထွက်ပေါ်လာခဲ့သည်။ ထိုဓားကောက်ကြီးသည် အပြာရောင် အလင်းများ တောက်ပနေခဲ့ပြီး ၎င်း၏ အရှိန်အဝါ တို့မှာလည်း မီးနဂါးဓားအောက် မနိမ့်ပေ။ ဓားကောက်မှာ သူတော်စင် အဆင့်ဖြစ်မှန်း သိသာလှသည်။
စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အမြင့်ဆုံးအဆင့်က သူတော်စင်အဆင့် လက်နက်ကို ကိုင်စွဲလိုက်ခြင်း …
လင်းရီနှင့် သူ့လူများသည် အံ့အားသင့် နေကြသော်လည်း ကျန်းရီကို ချက်ချင်း ဝိုင်းလိုက်ကြသည်။ သူတို့အားလုံးသည် သူတော်စင်အဆင့် လက်နက်တစ်ခု၏ အစွမ်းကို သိကြသည်။ စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အမြင့်ဆုံးအဆင့်က သူတော်စင်အဆင့် လက်နက်ကို ကိုင်စွဲလိုက်ခြင်းသည် ကျန်းရီ သူတော်စင်အဆင့် လက်နက်ကို ကိုင်ခြင်းနှင့် မတူပေ။ သူတို့ မကြောက်သော်လည်း ကျန်းရီသည် အားနည်း နေသေးသည်။ ကျန်းရီသာ သေသွားပါလျှင် မင်းသမီးလင်းရွှယ်သည် သူတို့ကို သေချာပေါက် သေမိန့်ချ လိမ့်မည်။
"အကြောင်းအရင်းလား"
ကျန်းရီသည် ကြောက်ရွံ့မှု စိုးစဉ်းမျှတောင်မရှိဘဲ အသက်လေးဆယ်ကျော်ခန့် ဖြစ်သော်လည်း ငါးဆယ်ကျော်ပုံ ပေါက်နေသော လန်ဂိုဏ်းချုပ်ကို အေးစက်စက် မျက်လုံးများနှင့် စိုက်ကြည့်လိုက်သည်။ ကျန်းရီ၏ နှုတ်ခမ်းတွင် လှောင်ပြုံးတစ်ခု တွဲခိုလာကာ ပြောလိုက်သည်။
"ခင်ဗျားရဲ့ သားတော်မောင် ဂိုဏ်းချုပ် လောင်းလျာလေးက ကျုပ်အဘိုး ကျန်းယွင်ဟိုင်ကို ဖမ်းသွားတယ်လေ၊ ဖမ်းရုံပဲဆိုရင်တော့ ထားပါ၊ ဒါပေမဲ့ သူက ကျန်းယွင်ဟိုင် ကျူပ်ရဲ့ အရင်းနှီးဆုံး ဆွေမျိုးဆိုတာ သိသိရက်နဲ့ ရှားဝူဟွေ့ဆီ သွားပြီး အပေးအယူ လုပ်တယ်လေ၊ သူ့ကိုသတ်မှာ ကျူပ်မှားလား"
"ကျန်းယွင်ဟိုင်"
လန်ဂိုဏ်းချုပ်သည် မျက်မှောင်ကြုတ်ကာ မယုံသင်္ကာနှင့် မေးလာလေသည်။
"ကင်းထောက် သံတမန်ကျန်း ဒီကိစ္စမှာ နားလည်မှုလွဲတာ တစ်ခုခုများ ရှိနေမလား၊ ယွိအာ … ဒီလိုကိစ္စမျိုး ရှိခဲ့လား"
"ချောက်ချတာ"
အကြီးအကဲသုံး၏ သယ်ဆောင်ထားခြင်း ခံရသော လန်ယွိသည် အော်ဟစ် လာလေ၏။
"ကျွန်တော် ဘယ်သူ့ကိုမှ မဖမ်းဖူးဘူး၊ ကျန်းယွင်ဟိုင် ဘယ်သူဆိုတာလည်း ကျွန်တော် မသိဘူး … ကျန်းရီ ကျွန်တော့်ကို ချောက်ချနေတာ"
"ခြီး ..."
ကျန်းရီသည် ရယ်ချလိုက်ပြီး အမေးတစ်ခုနှင့် တုံ့ပြန်လိုက်သည်။
"စောစောက ကျန်းယွင်ဟိုင် သေပြီလို့ မင်းပဲပြောတာ မဟုတ်ဘူးလား"
"ငါ … "
လန်ယွိသည် ဘေးပတ်လည်ကို တစ်ချက် ဝှေ့ကြည့်ကာ ပြန်ဖြေလာလေသည်။
"ငါမင်းကို ဒေါသထွက်လွန်းလို့ သေချာမတွေးဘဲ ပြန်ဖြေလိုက်တာ"
"ဟား ... ဟား ... ဟား"
ကျန်းရီသည် ရယ်သံရှည်တစ်ချက် ပြုကာ ပြောလိုက်သည်။
"ဒါဆို မင်းတို့ ဂိုဏ်းမှာရှိတဲ့ နတ်ဘုရားသတ်ဖြတ်ခြင်း လေးမြားတွေ အကြောင်း ဘယ်လိုရှင်းပြမလဲ၊ ရှန်ဝူနိုင်ငံရဲ့ ဂိုဏ်းကြီးခုနှစ်ခုအပြင် တော်ဝင်မိသားစုကပဲ အဲ့ဒါတွေကို ပိုင်တယ်၊ ပြီးတော့ မင်းတို့ဂိုဏ်း နတ်ဘုရားသတ်ဖြတ်ခြင်း လေးမြားတွေက ရွှေရောင်ဆိုတော့ တော်ဝင်မိသားစုက ဟာတွေနဲ့ အတူတူပဲ … မင်းဝယ်ခဲ့တာလို့ ငါ့ကို ပြောမလို့လား"
"ဟမ်"
လန်ယွိသည် ပြောစရာ စကားမဲ့သွားခဲ့သည်။ ရှန်ဝူနိုင်ငံ တစ်ခုတည်းတွင်သာ နတ်ဘုရားသတ်ဖြတ်ခြင်း မြားများ၏ အကြမ်းထည် ပုံစံပြာများရှိပြီး ထိုအချက်မှာ လူတိုင်းသိသော အချက် ဖြစ်သည်။ ရှန်ဝူနိုင်ငံသည် နတ်ဘုရားသတ်ဖြတ်ခြင်း လေးမြားများကို ဘယ်သောအခါမှ ထုတ်မရောင်းခဲ့ပေ။ လန်ယွိတွင် ငြင်းရန် နည်းလမ်း မရှိတော့ပေ။
"အမ်"
လန်ဂိုဏ်းချုပ်၏ မျက်လုံးများမှာ အေးစက်သွားခဲ့ပြီး ဘေးတပ်လည်သို့ ကြည့်လိုက်သည်။ သူသည် လန်ယွိရှိရာ ပျံသန်းသွားခဲ့ပြီး ပါးတစ်ချက် ချလိုက်သဖြင့် လန်ယွိမှာ လွင့်ထွက် သွားခဲ့သည်။ ထို့နောက် သူသည် ကျန်းရီ ရှိရာဘက်လှည့်၍ လက်နှစ်ဖက်ဆုပ်ကာ ဦးညွှတ်လိုက်သည်။
"ကင်းထောက် သံတမန်ကျန်း … ဒီအဘိုးကြီးက တံခါးပိတ် ကျင့်ကြံရာက ထွက်လာတာ မကြာသေးပါဘူး၊ ကျေးဇူးပြုပြီး ဒီကိစ္စကို နားလည်အောင် လုပ်ပါရစေဦး"
စကားဆုံးသည်နှင့် သူသည် အကြီးအကဲသုံးကို ကြည့်ကာ စိတ်ချင်း ဆက်သွယ်၍ စကားပြောလိုက်သည်။ အကြီးအကဲသုံး၏ မျက်နှာမှာ ဖြူဖျော့ သွားခဲ့သည်။ ထို့နောက် အကြီးအကဲသုံးသည် လန်ဂိုဏ်းချုပ်နှင့် အပြန်အလှန် စကားအနည်းငယ် ပြောလိုက်သည်။ မကြာခင်မှာပင် လန်ဂိုဏ်းချုပ်သည် ကျန်းရီ ရှိရာဘက်လှည့်၍ ပြောလာခဲ့သည်။
"ကင်းထောက်သံတမန်ကျန်း … ဒီကိစ္စက ကျွန်တော့်သား ခွေးကောင်ရဲ့ အမှားပါ၊ ဒါပေမဲ့ ကျန်းယွင်ဟိုင်က မသေသေးပါဘူး၊ သူ့ကို အခု ရှန်ဝူနိုင်ငံဆီ လွှဲပေးပြီးရုံပဲ ရှိပါသေးတယ် … သူတို့က မနက်ဖြန်မှ ထွက်သွားမှာဖြစ်ပြီး အခုကျင်းရှန်နိုင်ငံမှာပဲ ရှိပါသေးတယ်"
"လောင်အာ"
ရှင်းပြပြီးနောက် လန်ဂိုဏ်းချုပ်သည် တစ်ဖန် အော်ဟစ် လိုက်ပြန်သည်။
"အခုချက်ချင်း ကျန်းယွင်ဟိုင် ရှိတဲ့နေရာကို စုံစမ်းဖို့ အကြောင်းကြားလိုက်၊ နှစ်နာရီအတွင်း ကျန်းယွင်ဟိုင်နဲ့ ရှန်ဝူနိုင်ငံက အထူးသံတမန်ရှိတဲ့ နေရာကို ငါသိချင်တယ်"
"နားလည်ပါပြီ"
လန်ဂိုဏ်းမှ အကြီးအကဲ တစ်ဦးသည် လုပ်စရာရှိသည်တို့ လုပ်ဆောင်ရန် ချက်ချင်း ပြေးထွက်သွားခဲ့သည်။ လန်ဂိုဏ်းချုပ်သည် ဦးညွှတ်ကာ ဆက်ပြောလာခဲ့သည်။
"ကင်းထောက် သံတမန်ကျန်း ဒီကိစ္စက ကျွန်တော်တို့ လန်ဂိုဏ်းရဲ့ အမှားပါ၊ ကျန်းယွင်ဟိုင်ကို ကျွန်တော်တို့ လန်ဂိုဏ်းက ပြန်ကယ်ပေးပါ့မယ်၊ ဒီတစ်ခေါက်က လန်ယွိရဲ့ အမှားဖြစ်တာမို့ လန်ဂိုဏ်းက ကျွန်တော့်သား ခွေးကောင်အတွက် အပြည့်အဝ တာဝန်ယူပေးပါ့မယ် … ကျေးဇူးပြုပြီး ဖြစ်ချင်တာကို ပြောပါ"
"ဟူး … "
ကျန်းရီသည် သက်ပြင်းရှည်တစ်ချက် ချလိုက်သည်။ ကျန်းယွင်ဟိုင် မသေသေးသရွေ့ အဆင်ပြေလေသည်။ ကျန်းရီသည် သွေးများလွှမ်း၍ မြေပြင်ပေါ်တွင် သတိလစ်နေသော လန်ယွိကို တစ်ချက်ကြည့်လိုက်ပြီး စိတ်မပါစွာ ပြောလိုက်သည်။
"တောင်းဆိုစရာ မရှိဘူး … ကျုပ်အဘိုးကိုကယ်ပြီး လန်ယွိ သေရမယ်၊ ဒါဆို ဒီကိစ္စပြီးပြီ"
လူတိုင်းသည် မျက်နှာများ ပျက်ယွင်း သွားကြသည်။ လန်ယွိသည် လန်ဂိုဏ်း၏ နောက်တက်မည့် ဂိုဏ်းချုပ်ဖြစ်ပြီး လန်ဂိုဏ်းချုပ်၏ တစ်ဦးတည်းသော ဆက်ခံသူလည်း ဖြစ်သည်။ လန်ဂိုဏ်း၏ သမိုင်းတွင် အထူးချွန်ဆုံး မျိုးဆက်ဆိုလျှင်လည်း မမှားပေ။ ယနေ့တွင် သူသာ ကျန်းရီ၏ အသတ်ခံလိုက်ရလျှင် လန်ဂိုဏ်း၏ ဂုဏ်သိက္ခာ ကြီးစွာထိခိုက်မည် ဟူသော အချက်ကို ထည့်ပြောနေစရာ မလိုပေ။
"ဒါက … "
လန်ဂိုဏ်းချုပ်သည် တစ်ခဏ ရေရွတ်လိုက်ပြီး ပျက်ယွင်းနေသော မျက်နှာနှင့် စကားစလာခဲ့သည်။
"သံတမန်ကျန်း … လန်ဂိုဏ်းက ကျွန်တော့်သား ခွေးကောင်ရဲ့ အမှားအတွက် တာဝန်ယူပေးမယ်လို့ ပြောခဲ့ပါတယ်၊ လန်ယွိ အသက်ကိုချမ်းသာ ပေးနိုင်သရွေ့ ဘာတောင်းဆိုချက်မဆို လိုက်လျောပေးဖို့ ဖြစ်နိုင်ပါတယ်"
"ဒါဆိုလည်း ကောင်းပြီလေ"
ကျန်းရီသည် ပုခုံးတွန့်လိုက်ပြီး လန်ဂိုဏ်းချုပ်၏ လက်ထဲမှ ဆေဘာဓားကောက်ကြီးကို ညွှန်ပြလိုက်သည်။
"ခင်ဗျားတို့ လန်ဂိုဏ်းရဲ့ သူတော်စင်အဆင့် ဆေဘာဓားကောက်နဲ့ အလျော်ပေး"
လန်ဂိုဏ်းသားတို့၏ မျက်နှာများမှာ မည်းသွားပြီး သူတို့ကိုယ်မှ သတ်ဖြတ်ခြင်း အရှိန်အဝါများကို မထိန်းနိုင်တော့ပေ။ ထိုသူတော်စင်အဆင့် လက်နက်သည် လန်ဂိုဏ်း၏ အခြေခံအုတ်မြစ် ဖြစ်ပြီး ဓားကောက်ကြီးသာ မရှိတော့ပါက လန်ဂိုဏ်း၏ အင်အား သိသိသာသာ ကျဆင်း သွားပေလိမ့်မည်။ ကျန်းရီသည် ကောက်ကျစ်လွန်း လှသည်။
လန်ဂိုဏ်းချုပ်သည် ဒေါသကို ကြိုးစား ထိန်းချုပ်၍ အံကြိတ်ကာ ပြောလာခဲ့ပြန်သည်။
"သံတမန်ကျန်း … ကျွန်တော်တို့ကို သည်းမခံနိုင်အောင် အနိုင်မကျင့်ပါနဲ့၊ ကျန်းယွင်ဟိုင်က အခုမသေသေးပါဘူး၊ ဒီအဘိုးကြီးက သူ့ကို တတ်နိုင်သမျှ မြန်မြန် ကယ်ပေးပါ့မယ်လို့ ပြောထားတယ်လေ၊ ဘာတစ်ခုမှ မဆုံးရှုံးချင်ရန် ဒီရန်စကို ခင်မင်မှုအဖြစ် ဘာလို့ မပြောင်းလဲမှာလဲ၊ လန်ဂိုဏ်းက သံတမန်ကျန်းကို မိတ်ဆွေ တစ်ယောက်အဖြစ် အသိအမှတ်ပြုမယ်လေ … ဘယ်လိုသဘောရလဲ"
"မိတ်ဆွေလား … ကျုပ်က အဲ့လောက်ထိ မထိုက်တန်ပါဘူး"
ကျန်းရီသည် ခြောက်ကပ်ကပ် ရယ်မောကာ ပြောလိုက်သည်။
"တခြား ရွေးချယ်စရာ မရှိဘူး၊ ကျုပ်ကို သူတော်စင်အဆင့် လက်နက် ပေးရင်ပေး မပေးရင် လန်ယွိကိုသတ် ဒါမှမဟုတ် ခင်ဗျား တစ်ခုလုပ်လို့ ရသေးတယ် … ကျုပ်တို့အားလုံးကို သတ်လိုက်"
ကျန်းရီ၏ စကားဆုံးသည်နှင့် လင်းရီတို့ လူစုသည် ဆေဘာဓားများကို ဆွဲထုတ်ကာ အတွင်းအားများ ထုတ်ဖော်၍ အချိန်မရွေး တိုက်ခိုက်နိုင်ရန် အသင့်ပြင် လိုက်ကြသည်။
"ချူး … ချူး"
ထိုခဏတွင် ကောင်းကင်ထက်၌ ငှက်အော်သံကြီးများ ထွက်ပေါ်လာခဲ့ပြီး ငှက်ကြီးများစွာ ပျံသန်းလာသည်ကို သူတို့မြင်လိုက် ကြရသည်။ ငှက်ကြီးများ၏ ကျောထက်တွင် စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့်များကို သယ်ဆောင်ထားခဲ့သည်။ ထိုလူစုမှ ခေါင်းဆောင်သည် အောက်မှ မြင်ကွင်းကို တွေ့သောအခါ အော်ဟစ်လိုက်သည်။
"အားလုံး … ရပ်ကြ"
"စစ်သူကြီးဟဲ"
လန်ဂိုဏ်းချုပ်၏ မျက်ဝန်းထဲတွင် ပျော်ရွှင်ဟန် တစ်စွန်းတစ်စ ပေါ်ထွက်လာခဲ့ပြီး အားကိုးတကြီး အော်ခေါ်လိုက်သည်။
"စစ်သူကြီးဟဲ … ခင်ဗျား အချိန်မှီရုံလေးပဲ၊ ဒီကျန်းရီက တော်တော်လွန်နေပြီ"
"အမ်"
လင်းရီတို့ လူစုသည် တစ်ချက် လှမ်းကြည့်လိုက်ပြီး ကာကွယ်ရန် ပြင်ဆင်လိုက်ကြသည်။ စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့် အယောက်ငါးဆယ်ခန့် ရောက်လာခဲ့ပြီး သူတို့ဘက်တွင်မူ စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အမြင့်ဆုံးအဆင့် ဆယ်ယောက်သာ ရှိသည်။ သူတို့အားလုံး တိုက်ခိုက်ကြလျှင်တောင် ဆယ်ယောက်လုံး သေဆုံး သွားနိုင်လေသည်။
"ဝှစ် … ဝှစ် … ဝှစ်"
ကောင်းကင်ထက်မှ ငှက်ကြီးများ ကွယ်ပျောက်သွားခဲ့ပြီး စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အယောက်ငါးဆယ် ဆင်းသက် လာခဲ့သည်။ အဖွဲ့၏ခေါင်းဆောင် စစ်သူကြီးဟဲသည် လန်ဂိုဏ်းချုပ်ကို လျစ်လျူရှုထားပြီး ကျန်းရီရှေ့တွင် ဒူးတစ်ဖက်ထောက် ထိုင်ချကာ နှုတ်ဆက်လာလေ၏။
"ကင်းထောက်သံတမန် အရှင်ကို နှုတ်ခွန်း ဆက်ပါတယ်"
"ကင်းထောက်သံတမန် အရှင်ကို နှုတ်ခွန်း ဆက်ပါတယ်"
ကျန်လူများသည်လည်း ဒူးတစ်ဖက်ထောက် ထိုင်ချ လိုက်ကြသည်။ စစ်သူကြီးဟဲသည် အရိုအသေပေးပြီးနောက် တလေးတစား ပြောလာခဲ့လေသည်။
"ကင်းထောက်သံတမန်အရှင် … လန်ဂိုဏ်းနဲ့ နားလည်မှုလွဲနေတာ တစ်ခုခုများ ရှိမလား၊ ဒီစစ်သူကြီးကို လုပ်စေချင်တာ တစ်ခုခုများရှိမလား"
ကျန်းရီ၏ မျက်ဝန်းထဲတွင် အံ့အားသင့်ရိပ်တို့ ဖြတ်ပြေးသွားခဲ့ပြီး အလျင်အမြန် တုံ့ပြန်လိုက်သည်။
"နားလည်မှုလွဲတာ မရှိပါဘူး၊ စစ်သူကြီးဟဲ … လန်ဂိုဏ်းရဲ့ ခေါင်းဆောင်ငယ်ကို ကွပ်မျက်ဖို့ ခင်ဗျားကိုပဲ ဒုက္ခပေးရတော့မယ်၊ ပြီးရင် လူတစ်ယောက်ကို ကယ်ပေးပါ၊ ပြီးတာနဲ့ ကျုပ်ကျင်းရှန် နိုင်ငံကနေ ချက်ချင်း ထွက်သွားပေးမယ် "
"ကောင်းပါပြီ"
စစ်သူကြီးဟဲကို ဘုရင်က ယုံကြည်စိတ်ချစွာဖြင့် ပြဿနာ နတ်ဘုရား ကျန်းရီအား ကျင်းရှန်နိုင်ငံမှ အမြန်ဆုံး ထွက်သွားစေရန် လိုက်လံ စောင့်ရှောက်ဖို့ တာဝန်ပေးခဲ့သည်။
စစ်သူကြီးဟဲသည် ဘုရင်၏ လူသာဖြစ်၍ လန်ဂိုဏ်း၏ ဘက်တော်သား မဟုတ်ပေ။ ထို့ကြောင့် သူသည် တုံ့ဆိုင်းခြင်းမရှိ အော်ဟစ်လိုက်သည်။
"ငါ့လူတွေ … လန်ဂိုဏ်းရဲ့ ခေါင်းဆောင်ငယ်ကို သွားသတ်ကြချေ"
***