အရှင်ငယ်
Vol. 1 Ch. 276
လန်ဂိုဏ်းချုပ်သည် ဗာဂျရာအဆင့်သို့ ရောက်ရှိတော့မည်ဖြစ်၍ လပေါင်းများစွာ တံခါးပိတ် ကျင့်ကြံနေခဲ့သည်။ ထို့ကြောင့် သူသည် ကျန်းရီ၏ အမည်ကို သူများပြောသဖြင့်သာ သိရသည်။ သူသည် ဤအချိန်ပိုင်းအတွင်း ကျန်းရီ လုပ်ဆောင်ခဲ့သော သူရဲကောင်းဆန်ဆန် လုပ်ရပ်တို့နှင့် ကျင်းရှန် နိုင်ငံဘုရင်၏ ရင်ထဲတွင် ကျန်းရီ ထိုမျှ အဆင့်အတန်း မြင့်နေသည်ကို မသိပေ။ ကျန်းရီထံမှ အမိန့်စကား တစ်ခွန်းသည် ဘုရင်၏ နံပါတ်တစ် လက်ရုံအား လှုပ်ရှားလာစေရန် လုံလောက်လေသည်။
"နေကြပါဦး"
လန်ဂိုဏ်းချုပ်သည် အော်ဟစ်လိုက်ပြီး တစ်ခုခုပြောရန် ပြင်လိုက်သည်။ သို့သော်လည်း စိတ်ဝိညာဉ်မျောလွင့် ခရီးသည် ခုနှစ်ယောက်၊ ရှစ်ယောက်ခန့်က တစ်ပြိုင်နက်တည်း လန်ယွိထံ အတွင်းအား တိုက်ခိုက်မှုများ ပစ်လွှတ် လိုက်လေသည်။ အကြီးအကဲသုံးသည် လန်ယွိအား ပြေးကယ်ချင်ပါသော်လည်း အတွင်းအား တိုက်ခိုက်မှုများထဲမှ တစ်ခုအား စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အမြင့်ဆုံးအဆင့်က ပစ်လွှတ်လိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် သူဝင်မကယ်ရဲပေ။ လူတိုင်းသည် လန်ယွိထံ အတွင်းအား တိုက်ခိုက်မှုများစွာ ပြေးဝင်သွားသည်အား ကူကယ်ရာမဲ့စွာသာ ကြည့်နေကြရလေသည်။
"အား … အဖေ … ကျွန်တော့်ကို ကယ်ပါ"
လန်ယွိ ထိတ်လန့်တကြား အော်ဟစ် လိုက်ချိန်တွင် လန်ဂိုဏ်းချုပ်၏ လက်ထဲမှ ဆေဘာဓားကောက်ကြီးသည် လင်းလက် လာခဲ့သည်။ စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အဆင့်တိုင်းသည် သူ့အားစိုက်ကြည့် နေခဲ့သည်။ သူလှုပ်ရှား လိုက်သည်နှင့် သူ့ကို ဝိုင်းဝန်း တိုက်ခိုက်လာကြလိမ့်မည်။ ထို့ပြင် အတွင်းအား တိုက်ခိုက်မှုများသည် ရက်စက် ပြင်းထန် လွန်းလှသည်။ သူ့အသက်ကို ရင်းလိုက်လျှင်တောင် လန်ယွိကို ကယ်နိုင်ရန်မှာ ခက်ခဲ နေသေးသည်။
လန်ယွိသည် အားနည်းလွန်း နေသေးသည်။ သူသည် အနည်းငယ် ရှောင်တိမ်း လိုက်နိုင်သော်လည်း သူ့ကိုယ်ပေါ် အတွင်းအား တိုက်ခိုက်မှုများစွာ ကျရောက် လာသေးလေသည်။ သူသည် အသက်ရှင်လျက်နှင့်ပင် တစ်စစီ ဖြစ်သွားခဲ့သည်။
"ယွိအာ"
"ခေါင်းဆောင်ငယ်"
လန်ဂိုဏ်းချုပ် စူးရှစွာ အော်ဟစ်လိုက်ချိန်တွင် အကြီးအကဲများလည်း ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ လူတိုင်းသည် ကျန်းရီကို မျက်လုံးများ ပေါက်ထွက်တော့မတတ် စူးစူးရဲရဲ စိုက်ကြည့် လာကြလေသည်။ လူတိုင်းသည် ကျန်းရီ၏ အသားကို စုတ်ဖြဲ၍ သွေးကို သောက်နိုင်ရန် ဆုတောင်း နေကြလေသည်။ ကျင်းရှန်နိုင်ငံမှ စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့် အယောက် ငါးဆယ်သာ မရှိပါက သူတို့သည် ကိုယ့်အသက်ကိုယ် အလောင်းအစား လုပ်၍ပင် ကျန်းရီအား သတ်ပစ်ကြမည် ဖြစ်သည်။
ကျန်းရီသည် ခံစားချက် စိုးစဉ်းမျှ မရှိသော အေးစက်စက် မျက်လုံးများဖြင့်သာ ကြည့်နေခဲ့သည်။ သူသည် လူတိုင်း၏ ခံစားချက် အပြည့်နှင့် မျက်နှာများကို မြင်သောအခါ တည်ငြိမ်စွာ ပြောလိုက်သည်။
"ဘယ်သူမဆို ကိုယ်လုပ်ခဲ့တာ အတွက် တာဝန်ယူရမယ်၊ လန်ယွိက ကျန်းယွင်ဟိုင် ကျုပ်အဘိုးမှန်း သိသိရက်နဲ့ ရှားဝူဟွေ့ ဆီသွားပြီး အပေးအယူ လုပ်ရဲမှတော့ သူအချိန်မရွေး သေသွားနိုင်တာကိုလည်း နားလည် ထားရမယ်၊ ဒီနေ့ ခင်ဗျားတို့ ခေါင်းဆောင်ငယ်ကို သတ်ဖို့ အမိန့်ပေးတဲ့သူက ကျုပ်ပဲ၊ လန်ဂိုဏ်းက ကျုပ်ကို လက်စား ချေချင်တယ်ဆိုရင် အချိန်မရွေးပါပဲ … ကျုပ်ကို သတ်နိုင်တဲ့ အစွမ်းရှိရင် ကျုပ်မကျေမနပ် မဖြစ်ဘူး"
ကျန်းရီသည် ထိုစကား ပြောပြီးသည်နှင့် ခြေလှမ်းကျဲကြီးများနှင့် လှည့်ထွက် လာခဲ့သည်။ လင်းရီတို့ လူစုသည်လည်း သူ့နောက်မှ လိုက်လာကြလေ၏။ စစ်သူကြီးဟဲသည် လက်နှစ်ဖက်ဆုပ်ကာ ဦးညွှတ်လိုက်ပြီး လန်ဂိုဏ်းချုပ်ကို ပြောလိုက်သည်။
"အဘိုးကြီးလန် … တောင်းပန်ပါတယ်၊ မင်းကြီးက အမိန့်ချထားတော့ ကျုပ်က အမိန့်နာခံရုံတင်ပါ၊ လက်ရှိ ကျင်းရှန်နိုင်ငံက ကျန်းရီကို ဆန့်ကျင်နိုင်တဲ့ အနေအထား မရှိဘူး၊ ဒီကိစ္စပြီးသွားရင် သေချာတောင်းပန်ဖို့ ကျုပ်တစ်ခေါက် ပြန်လာခဲ့ပါ့မယ်"
စစ်သူကြီးဟဲသည် စကားဆုံးသည်နှင့် သူ့လူများကို လိုက်လာကြရန် လက်ဟန်ပြကာ ကျန်းရီနောက် ပြေးလိုက်သွားခဲ့သည်။ ထို့နောက် စစ်သူကြီးဟဲ မေးလာလေ၏။
"ကင်းထောက် သံတမန်ကျန်း … ဘယ်သူ့ကို ကယ်မှာလဲ၊ ကျုပ်တို့ တတ်နိုင်သလောက် အစွမ်းကုန် ကူညီပါ့မယ်"
ကျန်းရီသည် လန်ဂိုဏ်း၏ အိမ်တော်ဝင်းရှေ့တွင် ရပ်နေခဲ့ပြီး အရှေ့ဘက်သို့ မျှော်ကြည့်ကာ ပြန်ဖြေလိုက်သည်။
"လန်ယွိက ကျုပ်အဘိုးကို ဖမ်းသွားတယ်၊ ပြီးတော့ သူ့အဆင့်အတန်းကို သိသိရက်နဲ့ ရှားဝူဟွေ့နဲ့ အပေးအယူလုပ်ပြီး ကျုပ်အဘိုးကို ရောင်းစား လိုက်တယ်လေ၊ အခု အဘိုးက ရှားဝူဟွေ့ရဲ့ လူတွေနဲ့ ရှန်ဝူနိုင်ငံဆီ အပို့ခံ နေရလောက်ပြီ၊ လန်ဂိုဏ်းချုပ်က သူကျင်းရှန် နိုင်ငံမှာပဲ ရှိလောက်သေးတယ်လို့ ပြောတယ်၊ စစ်သူကြီးဟဲက ခင်ဗျား လူတွေနဲ့တစ်ဆင့် အဘိုးရှိမယ့် နေရာကို ထောက်လှမ်း ပေးနိုင်မလား … အဘိုးကိုကယ်ပြီးတာနဲ့ ကျုပ်တို့ ချက်ချင်း ထွက်သွားမှာပါ"
"ကောင်းပါပြီ"
စစ်သူကြီးဟဲသည် ခေါင်းညိတ်လိုက်ပြီး စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အဆင့်များထဲမှ တစ်ယောက်ကို လန်ဂိုဏ်းချုပ်အား သွားရှာရန် အမိန့်ပေး လိုက်သည်။ သူတို့သည် မကြာခင်မှာပင် စီစဉ်စရာ ရှိသည်တို့ စီစဉ်ပြီးသွားကြပုံ ရလေ၏။
"ကျုပ်တို့ အရှေ့ဘက်ကို အရင်လိုက်သွားမယ်၊ စစ်သူကြီးဟဲ … ခင်ဗျား ရှားဝူဟွေ့ရဲ့ လူတွေကိုတွေ့ရင် တိုက်ခိုက်စရာ မလိုပါဘူး၊ ကျုပ်တို့ကိုသာ အကြောင်းကြားပေး"
အချိန်နှင့်အမျှ အရေးကြီးလှရာ ကျန်းရီသည် လင်းရီတို့နှင့် မြို့ထဲတွင် ထိုင်၍ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်မနေနိုင်ပါချေ။ သူတို့အဖွဲ့သည် အရှေ့ဘက်သို့ လျင်မြန်စွာ ပြေးထွက် လာလိုက်ကြသည်။ စစ်သူကြီးဟဲ သည်လည်း ညွှန်ကြားစရာ ရှိသည်တို့ကို ညွှန်ကြားလိုက်ပြီး လူဆယ်ယောက်ကျော်နှင့် အတူ ကျန်းရီတို့နောက် လိုက်လာခဲ့ကြသည်။ ကျန်းရီသည် သူတို့အား တိုက်ခိုက်ရန် မတောင်းဆိုသည့် အတွက် စစ်သူကြီးဟဲ စိတ်သက်သာရာ ရသွားခဲ့သည်။ ရှားဝူဟွေ့၏ လူများကို သူတို့ ဆန့်ကျင်စရာ မလိုတော့ပေ။
"ဘန်း"
လူတိုင်း မြို့ထဲမှ ထွက်လာပြီးပြီးချင်းတွင် လန်အိမ်တော်ဘက်မှ ပေါက်ကွဲသံကျယ်ကြီး တစ်ခု ထွက်ပေါ်လာခဲ့သည်။ ဒေါသထွက်နေသော လန်ဂိုဏ်းချုပ်သည် သူတော်စင်အဆင့် ဓားကောက်ကြီးကို သုံး၍ လန်ယွိ၏ အဆောင်ကို ပိုင်းချလိုက်ခြင်း ဖြစ်သည်။ သူသည် အမှုထမ်း ဆယ်ယောက်ကျော်ကိုတောင် သတ်ပစ် လိုက်သေးသည်။
စစ်သူကြီးဟဲသည် ကျင်းရှန်နိုင်ငံ ဘုရင်ကို ကိုယ်စားပြု နေသောကြောင့် လန်ဂိုဏ်းချုပ်သည် အစမှအဆုံးတိုင် အသက်ကိုရင်း၍ ကျန်းရီတို့အား မဆန့်နိုင်ခဲ့ပေ။ ကျန်းရီနှင့် စစ်သူကြီးဟဲ တို့ဘက်တွင် စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အဆင့်များစွာ ရှိနေခဲ့သည်။ လန်ဂိုဏ်းက ထိပ်တိုက် ရင်ဆိုင်ချင်ပါသည် ဆိုလျှင်တောင် သူတို့ မလုပ်နိုင်ပေ။
***
ကျန်းရီတို့ လူစုသည် အရှေ့ဘက်သို့ ဆက်လက် ပြေးလွှားနေကြသည်။ စစ်သူကြီးဟဲတွင် ကျောင်းအုပ်ချီ၏ ကျောက်စိမ်းပြာနှင့် အလားတူ သတင်းပို့ ကျောက်စိမ်းပြား တစ်ခု ရှိလေသည်။ ကျောက်စိမ်းပြားသည် ခဏခဏ လင်းလက် လာနေပြီး ကင်းထောက် အသီးသီးမှ သတင်းပို့နေကြကြောင်း ဖော်ပြလို့နေသည်။
သန်းခေါင်တိုင်အောင် ပြေးလွှားနေပြီးနောက် စစ်သူကြီးဟဲသည် ဝမ်းသာအားရ အော်ဟစ် လာလေ၏။
"ကင်းထောက် သံတမန်ကျန်း … သတင်းရပြီ၊ ဒီနေ့ညပဲ တစ္ဆေတောင်တန်း မြို့ကလူတွေ ရှားဝူဟွေ့ရဲ့ သံတမန် အဖွဲ့နဲ့တူတဲ့ လူတစ်စုကို မြင်လိုက်မိတယ်တဲ့၊ အဲ့ဒီလူအုပ်က မြို့ထဲက အကြီးဆုံး တည်းခိုခန်းကို ငှားပြီး အဲ့မှာတည်း နေကြတယ်တဲ့"
"တစ္ဆေတောင်တန်းမြို့ ဟုတ်လား … လမ်းပြပေး"
ကျန်းရီသည် ဆတ်ခနဲ ဖြစ်သွားပြီး အော်ဟစ်လိုက်သည်။ စစ်သူကြီးဟဲ သည်လည်း တက်တက်ကြွကြွဖြင့် အရှေ့ဘက် အရပ်ဆီ အစွမ်းကုန် ချီတက်တော့သည်။ တစ္ဆေတောင်တန်း မြို့သည် အရှေ့ဘက် အစွန်အကျဆုံး နေရာတွင် တည်ရှိ၍ ထိုမြို့ထက် အရှေ့ရောက်သည်မှာ အမှောင်တောအုပ် ထက်သာ ရှိတော့သည်။ ကံကောင်းထောက်မ၍ ကင်းထောက်များ သတင်း ပို့လာသည်မှာ နောက်မကျခဲ့ပေ။ ရှားဝူဟွေ့၏ လူများသာ အမှောင် တောအုပ်အတွင်း ရောက်သွားလျှင် သူတို့ မျက်ခြေပြတ်ကာ လိုက်မှီနိုင်တော့မည် မဟုတ်ပေ။
အချိန်အခါကား တိတ်ဆိတ်သော ဆောင်းဦး ညတစ်ညဖြစ်၍ အတော်အသင့် အေးလေသည်။ အေးစိမ့်လှသော လေတို့ တိုက်ခတ် လာသောကြောင့် လူတိုင်း၏ မျက်နှာထက်တွင် ကြက်သီးများ ထလာကြလေ၏။
ကျန်းရီတို့လူစုသည် တစ္ဆေတောင်တန်းမြို့သို့ ရောင်နီမလာခင် ရောက်သွားကြသည်။ စစ်သူကြီးဟဲသည် သူ့လူများကို လက်ဟန်ပြကာ သူခိုးအဝတ်အစားများ ဝတ်ဆင်စေ၍ မျက်နှာများကိုလည်း ဖုံးစေလိုက်သည်။ ထို့နောက် သူတို့သည် မြို့တွင်းသို့ ကြောင်များအလား ခိုးဝင်ကြလေ၏။
ကျန်းရီသည် သူတို့ကို ကူညီရန်မလိုဟု ပြောခဲ့သော်လည်း စစ်သူကြီးဟဲသည် ကျန်းရီကို မျက်နှာလုပ်ရန် စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်ပုံရသည်။ ထို့ပြင် ကျန်းရီတို့ လူစုသည် မျက်နှာများကို ဖုံးကွယ်ခြင်း မရှိရာ ရှားဝူဟွေ့သည် ကျန်းရီနှင့်သာ စာရင်းရှင်းပေလိမ့်မည်။
"ဝှစ် … ဝှစ်"
လူများစွာသည် မြို့စောင့်စစ်သည်များ ကင်းလှည့် နေသည့်ကြားမှ မြို့တွင်းသို့ ခိုးဝင်ခဲ့ကြသည်။ နိုင်ငံအစွန်အဖျားရှိ မြို့ငယ်လေး တစ်ခုတွင် အားကောင်းသော အစောင့်အကြပ်များ မည်သို့ ရှိနိုင်ပါမည်နည်း။ သူတို့အားလုံးသည် အေးအေးလူလူ ခိုးဝင်သွားခဲ့ပြီး မကြာလိုက်သော အချိန်အတွင်း မြို့ရှိ အကြီးဆုံး တည်းခိုဆောင်ထံ ရောက်ရှိသွားခဲ့ကြသည်။
"ဝိုင်းလိုက်"
စစ်သူကြီးဟဲ၏ လက်တစ်ဖက် အဝှေ့တွင် သူ့လူများသည် အဘက်ဘက်သို့ ပြေးထွက်သွားကာ တည်းခိုခန်းအား ဝိုင်းလိုက်ကြသည်။ ကျန်းရီသည်လည်း လက်မြှောက်ကာ ညွှန်ကြားလိုက်သည်။
"လင်းရီ … မင်းလူတွေနဲ့အတူ ဝင်မယ်၊ မှတ်ထား … လူကယ်ဖို့က ပထမဦးစားပေးပဲ၊ အလျင်စလို မလုပ်နဲ့"
လင်းရီတို့ ဆယ်ယောက်သည် ခေါင်းညိတ်လိုက်ကြပြီး အရိပ်များသာ ချန်ရစ်၍ ပြေးဝင် သွားကြသည်။ ကျန်းရီသည် အားနည်းနေသေး၍ အထဲသို့ မဝင်ဘဲ အပြင်တွင်သာ စောင့်နေရလေသည်။
အချိန်နှင့်အမျှ ကျန်းရီ၏ နှလုံးခုန်သံမှာ မြန်ဆန်လာခဲ့သည်။ သူ့နှလုံးသည် လည်ချောင်းထိ တိုင်အောင် ခုန်နေသည်ဟု ထင်ရလေသည်။
"ဘန်း"
ရုတ်တရက် တည်းခိုဆောင်၏ ဒုတိယထပ်မှ ပေါက်ကွဲသံ ကျယ်ကြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး နံရံတစ်ချက်မှာ ပွင့်ထွက် ွားခဲ့သည်။ မကြာမီ တိုက်ခိုက်သံများ ပေါ်ထွက်လာခဲ့ပြီး အော်သံကျယ်များပါ ကပ်ပါလာကာ မြို့ငယ်လေး၏ ငြိမ်းချမ်းနေမှုကို ဖျက်စီးလိုက်သည်။
"မကောင်းတော့ဘူး"
ကျန်းရီ မကောင်းတော့ဟု တွေးမိရုံပင် ရှိသေး၊ လင်းရီ၏ အော်သံ ထွက်ပေါ်လာခဲ့သည်။
"ကျန်းယွင်ဟိုင်ကို လွှတ်ပေး၊ ငါမင်းအသက်ကို ချမ်းသာပေးမယ် … မဟုတ်ရင် မင်းသေရမယ်"
"ဝှစ်"
ကျန်းရီသည် သည်းမခံနိုင်တော့ဘဲ တည်းခိုခန်းအတွင်း ပြေးဝင်သွားခဲ့သည်။ စစ်သူကြီးဟဲ သည်လည်း တစ်ခဏ စဉ်းစားလိုက်ပြီး လူတချို့ကိုခေါ်ကာ ကျန်းရီ၏နောက်မှ တည်းခိုခန်းအတွင်း လိုက်ဝင်သွားခဲ့သည်။
တည်းခိုခန်းပိုင်ရှင်နှင့် စားပွဲထိုးလေး များသည် ထိတ်လန့်တကြားဖြင့် ကြမ်းပြင်ပေါ် ဝပ်လိုက်ကြသည်။ သူတို့သည် လူမှား၍ အသတ်ခံရမည်ကို ကြောက်သောကြောင့် လှုပ်တောင် မလှုပ်ဝံ့ကြပေ။
ကျန်းရီသည် တစ်ချက် ဝှေ့ကြည့်လိုက်ပြီး အပေါ်ထပ်သို့ ခပ်သွက်သွက် တက်သွားလိုက်ရာ တစ်ထပ်လုံးတွင် အလောင်းများ ပြည့်နေသည်ကိုသာ မြင်လိုက်ရသည်။ ထိုလူများကို လင်းရီတို့ လူစု သတ်ထားခြင်းဖြစ်ကြောင်း သိသာလေသည်။
သူသည် တုံ့ဆိုင်းခြင်းမရှိ တတိယထပ်သို့ ဆက်တက် သွားလိုက်သည်။ သူ၏ ဓားသွားနှယ် မျက်လုံးများ ဝေ့ဝဲသွားခဲ့ပြီး သူ့ကိုယ်သည် တုန်လှုပ်လာခဲ့သည်။ သူ၏ မျက်ဝန်းများသည် မျက်ရည်များဖြင့် စူးလက်လာခဲ့ပြီး အော်ခေါ် လိုက်မိသည်။
"အဘိုး"
တတိယထပ်တွင် လင်းရီတို့ လူစုသည် စိတ်ဝိညာဉ်မျောလွင့် ခရီးသည် ပဉ္စမအဆင့် သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်ကို ဝန်းရံထားကြသည်။ ထိုလူကြီး၏ လက်တစ်ဖက်သည် မီးခိုးရောင် ဆံပင်ဖြူများနှင့် အဘိုးကြီး တစ်ယောက်၏ လည်တိုင်အား ညှစ်ထားခဲ့ပြီး ကျန်လက်တစ်ဖက်မှ တလက်လက် တောက်ပနေသော တစ်ဖက်သွား ဓားရှည်ကြီးကို ကိုင်၍ အဘိုးကြီး၏ လည်တိုင်ပေါ် တင်လို့ ထားလေသည်။
အဘိုးကြီးသည် ဖြစ်သလို ဝတ်စားထားပြီး ဆံပင်များ ရှုပ်ပွနေကာ အင်္ကျီစတွင်လည်း သွေးများ စွန်းထင်း နေလေသည်။ သူ့ကိုယ်တွင် အတွင်းအား အရိပ်အယောင် လုံးဝမရှိဘဲ လူလတ်ပိုင်း၏ လည်ပင်းညှစ်ထားမှုကြောင့် မျက်ဖြူများ လန်ချင်ချင် ဖြစ်နေခဲ့သည်။
"အမ်"
အဘိုးကြီးသည် ကျန်းရီ၏ ခံစားချက်များဖြင့် ပြည့်နေသော အော်သံကို ကြားလိုက်သည့်အခါ ကျန်းရီထံ လှမ်းကြည့်လာလေ၏။ တစ်ချက် ကြည့်ပြီးနောက် အဘိုးကြီး၏ ကိုယ်သည် တုန်ယင်လာခဲ့ပြီး မယုံကြည်နိုင်မှုများဖြင့် ရေရွတ်လိုက်သည်။
"အရှင်ငယ် … အရှင်ငယ်မလား"
***