အခန်း (၁၈၁-၁၈၃)
Vol. 16 Ch. 181-183
အခန်း (၁၈၁)။
“တကယ်ပဲ... ငါ့ကို လာသတ်မယ့်သူတွေ ရောက်လာပြီပဲ။ ငါ့တွက်ချက်မှုက မမှားဘူး။ ဝေတိုင်ကန်လား၊ ဝူအိမ်တော်ထိန်းလား၊ ဒါမှမဟုတ် အထွဋ်အထိပ်ကောင်းကင်နယ်မြေက လူတွေလား။ တကယ်လို့, ဝေတိုင်ကန်ဆိုရင် သူ လူဘယ်နှစ်ယောက်ပဲ စေလွှတ်စေလွှတ်, လူသား အင်မော်တယ် သိုင်းသူတော်စင် မဟုတ်သရွေ့ ပင်လယ်ပြင်မှာ သိုင်းပညာရှင်ဘယ်နှစ်ယောက်ပဲ ရောက်လာလာ၊ ငါကြောက်စရာမလိုဘူး။ တော်ဝင်ချန်ရဲ့ ဝန်ကြီးတွေက သိုင်းပညာရှင်တွေကို အစေခံအဖြစ်ထားတာကို ခွင့်ပြုထားပေမယ့်၊ တာအိုပညာရှင်တွေကို ထားရဲတာကတော့ တားမြစ်ချက်ကြီးပဲ။ တစ်ယောက်ယောက်က ဒီအကြောင်းကို တော်ဝင်ချန်ထံ လျှို့ဝှက်တိုင်ကြားလိုက်ရင် အချိန်ဖြုန်းရရုံပဲ။ ဝေတိုင်ကန်မှာ သခင်ကျိုးလို တာအိုပညာရှင်မျိုး ရှိမယ်လို့ ငါမယုံဘူး။”
ဟုန်ယွိသည် ချန်ယင်းရှာ၏စကားကို ကြားလိုက်ရချိန်မှာ ချက်ချင်း နားလည်သွားသည်။ သူ၏ပင်လယ်ခရီးစဉ်ကို တစ်ယောက်ယောက်က သိရှိထားမည်ကို သူ ကြိုတွက်ဆထားပြီးသား ဖြစ်သည်။ ဝေတိုင်ကန်၏ လူများသည် ပစိဖိတ်ရေတပ် အနီးတစ်ဝိုက်မှာ အမြဲလှည့်လည်နေပြီး၊ သူ့အပေါ် မျက်စိစွယ်နားစွယ်ထားကြသည်။ ဝေလဲ့နှင့် လီလဲ့တို့၏ကိစ္စကို စာရွက်များဖြင့် ဖုံးထား၍မရပေ။ နောက်ဆုံး သူတို့ သိရှိသွားကြလိမ့်မည်။
သားဖြစ်သူသေဆုံးမှုက ပြန်လည်စေ့စပ်၍ မရနိုင်သည့် ရန်ငြိုးတစ်ခု ဖြစ်သည်။ နှစ်ပေါင်းသုံးဆယ်ကြာ တောင်ပိုင်းဒေသ၏ ဘုရင်ခံအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဝေတိုင်ကန်လို အဆင့်မြင့်အရာရှိကြီးတစ်ဦးအနေဖြင့် သူ့ဒေါသကို မျိုသိပ်ထားနိုင်မည်ဟု ဟုန်ယွိ မယုံကြည်ပေ။ သို့သော် ဝေတိုင်ကန်က သူ့ကိုလုပ်ကြံဖို့ လူစေလွှတ်လာရင်တောင်၊ အများစုက သိုင်းပညာရှင်တွေသာ ဖြစ်လိမ့်မည်။ ဟုန်ယွိအနေဖြင့် ကြောက်စရာမလိုချေ။ ပင်လယ်ပြင်မှာ လူသားအင်မော်တယ် သိုင်းသူတော်စင် သို့မဟုတ် ထိပ်တန်းမဟာဆရာသခင်တစ်ဦး မဟုတ်သရွေ့၊ သူ့လို တာအိုပညာရှင်တစ်ဦးအတွက် မည်သည့်ခြိမ်းခြောက်မှုမှ မရှိနိုင်ချေ။ မျက်စိတစ်မှိတ်အတွင်း အကုန်လုံးကို ဖျက်ဆီးပစ်နိုင်သည်။
ဝေတိုင်ကန်သည် နှစ်ပေါင်းသုံးဆယ်ကြာ တောင်ပိုင်းဒေသ ဘုရင်ခံအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သော်လည်း၊ သခင်ကျိုးလို တာအို ပညာရှင်မျိုးကို ပိုင်ဆိုင်ထားဖို့က မဖြစ်နိုင်ဟု ဟုန်ယွိ တွက်ဆထားသည်။ တော်ဝင်ချန်၏ နန်းတွင်းမှာ မင်းမျိုးမင်းနွယ်တွေနှင့် မှူးကြီးမတ်ရာတွေ ကို သိုင်းပညာရှင်တွေကို အစေခံအဖြစ်ထားခြင်းက သိပ်မကြီးမားသည့်ပြစ်မှုအဖြစ် သတ်မှတ်ထားသော်လည်း တာအိုပညာရှင်တွေကို အစေခံ အဖြစ် ထားခြင်းက ပြင်းထန်သည့် တားမြစ်ချက်တစ်ခု ဖြစ်သည်။
တစ်ကမ္ဘာလုံးရှိ တာအိုဂိုဏ်းများကို တော်ဝင်ချန်၏ အမိန့်တော်ဖြင့်သာ ဖွဲ့စည်းနိုင်ကြပြီး၊ သီးသန့်တာအိုဘုန်းကြီးကျောင်းတွေ ရှိကြသည်။ တာအိုပညာရှင်တိုင်းကို မှတ်တမ်းတင်ထားပြီး၊ တော်ဝင်ချန်ကိုသာ အမှုထမ်းခွင့် ရှိသည်။ မှတ်တမ်းမတင်ထားသည့် တာအိုပညာရှင်တွေကို တစ္ဆေနတ်ဆိုးဟု သတ်မှတ်ပြီး၊ ဖမ်းမိရင် သုံးရက်ကြာ မစင်ပုံထဲ စိမ်ထားရမည်။ တစ္ဆေနတ်ဆိုးတွေကို ဖမ်းပေးသူတိုင်းကို တော်ဝင်ချန်က ဆုချီးမြှင့်သည်။ ထို့ကြောင့် ကမ္ဘာပေါ်မှာ ထူးထူးဆန်းဆန်း လူတွေ နည်းပါးလာခဲ့သည်။ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကလို ထူးဆန်းသူတွေ၊ လှည့်လည်သွားလာနေကြသည့် တာအိုပညာရှင်တွေ၊ ဘုန်းတော်ကြီးတွေ နေရာအနှံ့မှာ မမြင်တွေ့ရတော့ပေ။
ဤသည်မှာ တော်ဝင်အာဏာက တဖြည်းဖြည်း ခိုင်မာလာပြီး၊ ကမ္ဘာကြီး တည်ငြိမ်လာသည့် လက္ခဏာတစ်ခုလည်း ဖြစ်သည်။ လက်ရှိ တော်ဝင် ချန်မင်းဆက်မှာ ချမ်းသာကြွယ်ဝသူ၊ မှူးကြီးမတ်ရာ၊ သို့မဟုတ် မှတ်တမ်းမတင်ထားသည့် တာအိုပညာရှင်တစ်ဦးနှင့် ရင်းနှီးကျွမ်းဝင်သည်ဆိုလျှင်, တစ္ဆေနတ်ဆိုးနှင့် ပေါင်းသင်းပြီး ဥပဒေကို ဆန့်ကျင်သည်ဟူသော စွဲချက်ဖြင့် အရေးယူခံရမည်။ ပေါ့ပါးဆုံးအပြစ်ဒဏ်အနေဖြင့် ရာထူးလျှော့ချခံရပြီး ဥစ္စာပစ္စည်းတွေ သိမ်းဆည်းခံရမည်။ ပြင်းထန်လျှင် တစ်မိသားစုလုံး သုတ်သင်ခံရမည်။
သို့သော်လည်း အုပ်ချုပ်ရေးမှူးများ၊ မင်းသားများ၊ မြို့စားများသည် တာအိုပညာရှင်များကို လျှို့ဝှက်ပြီး ခင်မင်ရင်းနှီးစွာ မွေးထားကြဆဲပင်။ သို့သော်, လူသိရှင်ကြား မလုပ်ရဲကြပါဘူး။ အထူးသဖြင့် ဝေတိုင်ကန်လို တောင်ပိုင်းနယ်မြေ၏ ထင်ရှားသော ဘုရင်ခံတစ်ဦးအနေဖြင့်၊ နေ့စဉ်နှင့်အမျှ မျက်လုံးတွေက ဒေါက်ထောက် စောင့်ကြည့်နေကြပြီး၊ အရာရှိများ၏ လျှို့ဝှက်စာတမ်းများကို ကျောက်စိမ်းမြို့တော်ကို ပို့ဆောင် တိုင်ကြားနေကြ သည်။ တာအိုပညာရှင်တစ်ဦး နှစ်ဦးလောက်ကို ထားရှိပြီး စုံစမ်းခံရခြင်းက ဘာမှမဟုတ်ပေမယ့်၊ အများကြီးထားရင်တော့ ဘေးဥပါဒ်ကို မျိုးစေ့ချရာ ရောက်သည်။ အကယ်၍ ထိုပြစ်မူကို သိရှိသွားခဲ့လျှင်, တစ်မိသားစုလုံး သေဒဏ်ပေးခံရဖို့ လုံလောက်သည်။
ပြီးခဲ့သည့် အကြိမ်တုန်းက ဝေလျံချန်းသည် သူနှင့်အတူ ရှင်းယုဆန်ကို ခေါ်ဆောင်လာခဲ့ပြီး၊ သူတို့သည် ကြီးမားသည့်ဓားတွေကို ကျောပိုးအိတ်ထဲ ထည့်ထားကာ စစ်သည်တော်တွေလို ဝတ်ဆင်ထားကြသည်။ ထိုကြောင့် ဟုန်ယွိအနေဖြင့် ဝေတိုင်ကန်၏ လိုက်လံသတ်ဖြတ်သူများတွင် အစွမ်းထက်သည့် တာအိုပညာရှင်တွေ မပါဝင်နိုင်ဟု ကောက်ချက်ချလိုက်သည်။
ဟုန်ယွိအနေဖြင့် စိုးရိမ်စရာအကောင်းဆုံးကတော့ အထွဋ်အထိပ်ကောင်းကင်နယ်မြေပဲ။ သူတို့ရဲ့ သန္ဓေသားကျင့်စဉ်နယ်မြေကို သူတို့ရဲ့ နာမည်ကိုတောင် ထုတ်ပြောခဲ့ပြီးပြီ။ တစ္ဆေအင်မော်တယ်တွေ မပါဘူးလို့ ဘယ်သူမှ မယုံဘူး။
သို့သော် ကံကောင်းစွာဖြင့်, ဟုန်ယွိသည် မဟာနတ်ဆိုးအင်မော်တယ်ရှစ်ဦးထဲက တစ်ဦးဖြစ်သည့် ငွေငါးမန်းဘုရင် ချန်ယင်းရှာနှင့် ရင်းနှီးကျွမ်းဝင်ခဲ့ သည်။ သူသည် သူမကို ယွမ်ယန်ကောင်းကင်ပုလဲ၊ မက်မွန်နတ်ဘုရားဓားနှင့် “ခြင်ဆီထုတ်ယူပြီး စွမ်းအင်ပြောင်းလဲခြင်းပညာရပ်” ဆိုသည့် အမြင့်မြတ်ဆုံး ကျင့်စဉ်ကို ပေးအပ်ခဲ့သည်။ ထိုကဲ့သို့ ကြီးမားသည့် ရင်းနှီးမြုပ်နှံမူဖြင့်ဆို၊ အထွဋ်အထိပ်ကောင်းကင်နယ်မြေ၏ လိုက်လံ သတ်ဖြတ်သူတွေကို ရင်ဆိုင်ဖို့ ပြဿနာမရှိသင့်ပေ။
ဟုန်ယွိသည် တန်ဖိုးရှိသည့် လူတစ်ယောက်နှင့် တွေ့ဆုံရသည့်အခါ၊ ရတနာတွေကို အသုံးပြုဖို့ တွန့်ဆုတ်နေခြင်း မရှိပေ။ သူသည် ဘယ်တော့မှ ကပ်စေးမနည်းခဲ့ပါဘူး။
“သင်္ဘောအားလုံး၊ ကျောက်ဆူးတင်ထား။ လေးနဲ့ဒူးလေးတွေကို ပတ်ခတ်ဖို့ အသင့်ပြင်ထား။ သတိထားကြပါ။ သခင်ကျိုး၊ ကုန်းပတ်ပေါ် တက်လာ ပေးပါ။ နောက်ပိုင်း ခင်ဗျားရဲ့တာအိုပညာကို အသုံးပြုပြီး သင်္ဘောတွေကို ကာကွယ်ပေးထား။”
ဟုန်ယွိက ထရပ်လိုက်ပြီး အမိန့်တွေကို ဆက်တိုက် ထုတ်ပြန်လိုက်သည်။ သင်္ဘောခုနစ်စီးသည် ချက်ချင်း လှုပ်ရှားလာသည်။ နာရီဝက်အတွင်း အားလုံး အသင့်ဖြစ်သွားသည်။
ထိုသင်္ဘောပေါ်က စစ်သည်များသည် ကာလကြာရှည်စွာ လေ့ကျင့်ထားသူများ ဖြစ်ကြပြီး၊ ရေတပ်တိုက်ပွဲများတွင် ရင်းနှီးကျွမ်းဝင်သူများ ဖြစ်ကြသည်။ သူတို့သည် စုံလင်မရှုပ်ထွေးတဲ့ လူအုပ်စုမဟုတ်။ ထိုလှုပ်ရှားမှုက သူတို့၏ အထူးစစ်သည်တော်အဆင့်ကို ပြသနိုင်ခဲ့ပြီး၊ ချန်ယင်းရှာပင် အနည်းငယ် ခေါင်းငြိမ့်ပြခဲ့သည်။
“ဟုန်ယွိ၊ မင်းမှာ အခွင့်အရေးရှိရင်၊ ယွန်နိုင်ငံရဲ့ ရေတပ်ဗိုလ်ချုပ်ကြီးတစ်ဦး ဖြစ်လာမယ်လို့ ငါအာမခံတယ်။” ချန်ယင်းရှာက ဟုန်ယွိ၏ အမိန့်ထုတ်ပြန်မှုကို မြင်ပြီး ကျီးစာဟန်တစ်ဝက်ဖြင့် ပြောလိုက်သည်။
“မဟုတ်ပါဘူး။ ငါက ရေတပ်ကို လအနည်းငယ်လောက်ပဲ ဦးဆောင်ဖူးသေးတယ်။ ထူးချွန်တဲ့ဗိုလ်ချုပ်ကြီးတစ်ဦး မဟုတ်ဘူး။ အခု မင်းရဲ့ အနန္တငါးမန်းဝါးမျိုးခြင်းက ဘာလဲဆိုတာ ကြည့်ပါရစေ, ယင်းရှာမိန်းကလေး။” ဟုန်ယွိက အမိန့်အနည်းငယ် ပေးပြီးနောက်၊ ချန်ယင်းရှာကို ပြုံးပြီး ပြောလိုက်သည်။
“ဒါက ရိုးရှင်းပါတယ်။ ငွေငါးမန်းတွေဟာ ငါးမန်းတစ်ထောင်ရဲ့ ဘုရင်ပဲ။ ငါးမန်းတွေကို အမိန့်ပေးဖို့ဆိုတာ မခက်ခဲဘူး။ အချင်းဝက် မိုင်တစ်ထောင် ဝန်းကျင်မှာ ငါးမန်းတွေ မရေမတွက်နိုင်အောင် ရှိတယ်။ ငါ အမိန့်ပေးလိုက်တာနဲ့ သူတို့က သင်္ဘောတွေကို အရူးအမူး တိုက်ခိုက်ကြလိမ့်မယ်။ ကြံ့ခိုင်ပါတယ်ဆိုတဲ့ သင်္ဘောတွေတောင် အစိတ်အပိုင်း ပြိုကွဲသွားလိမ့်မယ်။ ဒီစွမ်းရည်မျိုး မရှိရင်၊ ငါဟာ အစွမ်းထက်တဲ့ ယွန်မင်ရေတပ်ကို တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး။”
ချန်ယင်းရှာက ပြုံးရယ်လိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်သည်။ ရုတ်တရက် ဝေးကွာသည့် ပင်လယ်ပြင်ပေါ်မှာ အေးစက်စက် လေပြည်တစ်ခု တိုက်ခတ်လာသည်။ ကြီးမားလှသည့် ငွေငါးမန်းကြီးသည် ရေမျက်နှာပြင်ပေါ်တွင် ပေါ်လာပြီး၊ ကျယ်လောင်သည့် အော်သံတစ်ခု ထုတ်လွှတ်လိုက် သည်။ အသံက လှိုင်းတွေမှတစ်ဆင့် ထွက်ပေါ်လာသည်။
များမကြာခင်တွင်၊ အနက်ရောင် ငါးမန်းအုပ်စုများသည် အရပ်လေးမျက်နှာမှ စုဝေးလာကြသည်။ ကြီးမားသည့် အနက်ရောင် ငါးမန်းတွေအပြင်၊ ရက်စက်ကြမ်းကြုတ်သည့် မီးခိုးရောင် ငါးမန်းတွေ၊ အဖြူရောင် ငါးမန်းတွေ၊ ကျားငါးမန်းတွေ၊ မီးလျှံငါးမန်းတွေ၊ သင်္ဘောအရွယ်အစားလောက်ရှိ သည့် ဝေလငါးမန်းတွေတောင် ပါဝင်သည်။
ဟုန်ယွိသည် အပြင်ကို လှမ်းကြည့်လိုက်ရာ, ကြယ်ရောင်ထွန်းလင်းနေသည့် နေရာတိုင်းမှာ ငါးမန်းတွေ အုပ်စုဖွဲ့ပြီး စုဝေးနေသည်ကို တွေ့လိုက်ရ သည်။ ၎င်းတို့သည် ဥအုပ်တွေကဲ့သို့ တစ်သားတည်း ဖြစ်နေသည်။ ပင်လယ်ရေပြင်ကိုပင် မမြင်ရတော့ပေ။ အစွယ်တဖွေးဖွေးနှင့် အနက်ရောင် ငါးမန်းအုပ်စုကြီးကိုသာ မြင်တွေ့နေရသည်။
ယင်းက ငါးမန်းများဖြင့် ဖွဲ့စည်းထားသည့် ဧရာမစစ်တပ်ကြီး တစ်ခုအတိုင်းပင်။
“ဒါ.....ဒါ… ငါးမန်းတွေ ထောင်ပေါင်းစွာရှိလောက်တယ်” ဟုန်ယွိက ထစ်ထစ်အအအသံဖြင့် ပြောလိုက်သည်။
“ငါးမန်းတွေကို ပင်လယ်ဝံပုလွေလို့လည်း ခေါ်ကြတယ်။ သူတို့ဟာ ပင်လယ်ထဲက ဝံပုလွေတွေပဲ။ ဒါပေမယ့် မြက်ခင်းပြင်က ဝံပုလွေတွေဟာ ပင်လယ်ထဲက ငါးမန်းတွေနဲ့ ဘယ်လိုလုပ် နှိုင်းယှဉ်နိုင်မှာလဲ။ ကျယ်ပြောလှတဲ့ မြက်ခင်းပြင်မှာ ဝံပုလွေထောင်ကျော်ကို တစ်ပြိုင်နက် စုစည်းဖို့ မဖြစ်နိုင်ဘူး။ ဒါပေမယ့် ပင်လယ်ထဲမှာဆို ငါးမန်းထောင်ကျော်ကို စုစည်းဖို့ အလွယ်လေးပဲ။ မဟူရာဝံပုလွေဘုရင်ဟာ ရက်စက်တဲ့ ဝံပုလွေတစ်ရာကျော်ကို ဆင့်ခေါ်နိုင်ပေမယ့်၊ ငါက သူ့ထက် အဆရာကျော် ပိုခေါ်နိုင်တယ်။”
ချန်ယင်းရှာက သူမ၏ပုလွေကို ကောက်ကိုင်လိုက်ပြီး ဖြည်းဖြည်းချင်း မှုတ်လိုက်သည်။ ကြီးမားသည့် ငွေငါးမန်းကြီးသည် နောက်ထပ် အော်သံတစ်ချက် ထုတ်လွှတ်လိုက်ပြီးနောက်၊ ငါးမန်းအားလုံးသည် အဝေးတစ်နေရာသို့ ရေကူးထွက်သွားကြပြီး၊ ကြီးမားသည့် လှိုင်းလုံးကြီးများနှင့် အတူ ငါးအနံ့ဆိုးများပါဝင်သည့် လေပြည်တစ်ခု ဖြစ်ပေါ်လာပါသည်။
ထိုလှိုင်းကြီးများသည် သင်္ဘောကိုယ်ထည်ကို မုန်တိုင်းနှင့်ရင်ဆိုင်ရသည့်အလား ယိမ်းထိုးသွားစေပါသည်။
“မြက်ခင်းပြင်ပေါ်က ဝံပုလွေတွေဟာ ရက်စက်ကြမ်းကြုတ်ပေမယ့်၊ အများဆုံးမှ ဒါဇင်အနည်းငယ်လောက်ပဲ ရှိမယ်။ ဒီထက်များလာရင် သူတို့စားဖို့ အသားမလုံလောက်တော့ဘူး။ သူတို့လည်း အသက်ရှင်နိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် ပင်လယ်ပြင်က ကွဲပြားတယ်။ ပင်လယ်ထဲက နေရာကျယ်ဝန်း က ကုန်းမြေထက် အဆရာပေါင်းများစွာ ပိုကျယ်တယ်။ ပင်လယ်ထဲက အစာရင်းမြစ်တွေကလည်း ကုန်းမြေထက် အဆရာကျော် ပိုပြည့်စုံတယ်။ ငါးမန်းထောင်ပေါင်းများစွာကို ထိန်းသိမ်းထားနိုင်တယ်။”
ဤအခိုက်အတန့်တွင်, ဟုန်ယွိသည် ချန်ယင်းရှာ၏ စွမ်းအားကို နားလည်သွားသည်။ ဤတစ်ခုတည်းဖြင့်ပင်, ချန်ယင်းရှာသည် ပင်လယ်ဘုရင် ဖြစ်သွားသည်။ မည်သည့်ရေတပ်မှ သူမနှင့် ယှဉ်ပြိုင်နိုင်မှာ မဟုတ်ပါဘူး။
“သွားကြစို့။ ဘယ်သူတွေလဲဆိုတာ သွားကြည့်ကြမယ်။”
ဟုန်ယွိ၏ နဖူးက တွန့်သွားခဲ့ပြီး၊ အေးစက်စက် လေပြည်တစ်ခု ထွက်ပေါ်လာသည်။ သူ့စိတ်ဝိညာဉ်သည် ခန္ဓာကိုယ်ကနေ ထွက်ခွာပြီး ငါးမန်းတွေ၏ ဦးခေါင်းပေါ်မှ လျင်မြန်စွာ ပျံသန်းသွားသည်။
ချန်ယင်းရှာလည်း ပြုံးပြီး၊ ထိုင်လိုက်ကာ သူမ၏ စိတ်ဝိညာဉ်တစ်စိတ်တစ်ပိုင်းကို ထုတ်လွှတ်ပြီး လိုက်ပါသွားသည်။
“ကျွန်တော်တို့ နေ့ညမပြတ် ခရီးလှည့်လည်ပြီး သဲလွန်စတွေအတိုင်း လိုက်ပါခဲ့တယ်။ ဟုန်ယွိရဲ့သင်္ဘောတွေနဲ့ သိပ်မဝေးတော့ဘူးလို့ ကျွန်တော် သေချာပေါက် ပြောနိုင်တယ်။ ဒီမှာ ရေပေါ်မှာ လွင့်မျောနေတဲ့ ဟင်းသီးအရွက် အပိုင်းစတွေကို ကြည့်စမ်း။ ဒါတွေက လတ်ဆတ်နေသေးတယ်။ မနေ့ညက သူတို့ထမင်းချက်ရင်း လွှင့်ပစ်ခဲ့တာ ဖြစ်ရမယ်။ ဒီသစ်သားထင်စတွေလည်း ပါတယ်။”
ထိုအချိန်တွင်, အရှေ့တောင်ဘက်အရပ် မိုင်ပေါင်းများစွာ အကွာမှာ၊ ဝမ်လျှံက ကောင်းကင်တုန်ခါလေးကို ကျောပိုးထားရင်း၊ ပင်လယ်ပြင်ပေါ်မှာ လွင့်မျောနေသည့် ဟင်သီးဟင်းအရွက် အနည်းငယ်ကို မြင်ပြီး အေးစက်စွာ ပြုံးလိုက်သည်။ သူက အရင်းမြစ်ကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာလိုက် သည်။
“ဒါ့အပြင်, ပင်လယ်လေပြည်ထဲမှာ လူတွေရဲ့အနံ့ကိုလည်း ကျွန်တော် ခံစားရတယ်။”
ဝမ်လျှံက အသီးအရွက်တွေကို ကြည့်ရင်း ပြောလိုက်သည်။ ထို့နောက် အာရုံစူးစိုက်ပြီး လက်ကိုမြှောက်ကာ လေတစ်ဆုပ်ကို ဖမ်းဆုပ်ရင်း၊ နှာခေါင်းနား ကပ်လိုက်သည်။ “လေထဲကအနံ့အရဆို, လူ ၅၀၀ ကနေ ၁၀၀၀ လောက်ရှိမယ်။ သူတို့ရဲ့အငွေ့အသက်က အားကောင်းတယ်။ သူတို့က အိပ်ရာကနေ နိုးထလာကြတာ ဖြစ်နိုင်တယ်။ သူတို့ ငါတို့ကို ရှာတွေ့သွားပြီလား၊ ဒါမှမဟုတ် သူတို့ ခရီးစတင်တာလားတော့ မသိနိုင်ဘူး။ သင်္ဘောအားလုံး အမြန်ရွက်လွှင့်ကြ။ သူတို့ကို မမျှော်လင့်ထားတဲ့အချိန်မှာ ဖမ်းဆီးရမယ်။”
အနီးအနားမှာ ရှိနေသည့် အကြီးအကဲထျန်၊ အကြီးအကဲလုံ၊ အကြီးအကဲရှာနှင့် တာအိုပညာရှင် အကြီးအကဲဟွမ်တို့သည် ဝမ်လျှံ၏ လှုပ်ရှားမှု သေးသေးလေးကအစ အာရုံစိုက်နေသည်ကို မြင်သောအခါ အချင်းချင်း ကြည့်လိုက်ကြသည်။ မူလက ထိုအကြီးအကဲများသည် ထိုလူငယ်လေး အပေါ် အထင်ကြီးမှု မရှိခဲ့ဘူး။ အထွဋ်အထိပ်ကောင်းကင်နယ်မြေ၏ ခေါင်းဆောင်က အဘယ့်ကြောင့် ကောင်းကင်တုန်ခါလေးနှင့် အကန့်သတ်မဲ့ မြှားလို ရတနာတွေကို ထိုလူငယ်လေးထံ ပေးအပ်ခဲ့သည်ကို သူတို့ နားမလည်ခဲ့ကြပါဘူး။
သို့သော်, ယခု သူတို့အားလုံး နောက်ဆုံးမှာတော့ နားလည်သွားကြပါပြီ။ ဤလူငယ်လေးသည် အတွေ့အကြုံ ရင့်ကျက်ပြီး ထူးခြားသူ ဖြစ်သည်။
လေကိုဖမ်းဆုပ်ပြီး အနံ့ရူကာ၊ အကဲဖြတ်နိုင်သည့် ထိုရိုးရှင်းသော လှုပ်ရှားမှုလေး တစ်ခုတည်းဖြင့်ပင် လူအများကို အံ့အားသင့်စေရန် လုံလောက်ပါ သည်။
“မကောင်းတော့ဘူး။”
ဝမ်လျှံက အမြန်ရွက်လွှင်ဖို့ ပြောပြီးချိန်မှာ၊ ပင်လယ်လေပြည်တစ်ခု ထပ်မံတိုက်ခတ်လာပြီး၊ သူ့မျက်နှာအမူအရာ ပြောင်းလဲသွားသည်။
“ဘာဖြစ်တာလဲ။”
အကြီးအကဲတွေ အားလုံးက သူ့ကို ကြည့်လိုက်ကြသည်။ မသိမသာဖြင့် ထိုလူငယ်လေးသည် ဟုန်ယွိကို လိုက်လံသတ်ဖြတ်ခြင်း၏ အဓိက အင်အားတစ်ခု ဖြစ်လာခဲ့သည်။
“ငါးမန်းအုပ်စုတစ်ခုပဲ။” ဝမ်လျှံက ဖြည်းဖြည်း ပြောလိုက်ပြီး၊ သူ့မျက်လုံးတွေက ရှေ့သို့ စူးစိုက်ကြည့်နေသည်။
“ငါးမန်းအုပ်စုတစ်ခုက ဘာကြောက်စရာရှိလဲ။” တာအိုပညာရှင် အကြီးအကဲဟွမ်က နှာခေါင်းရှုံ့သည်။ “ငါးမန်းရာကျော်လောက် ရှိရင်တောင်၊ ငါတို့ အားလုံးကို သတ်ပစ်နိုင်တယ်။”
“ရာကျော်မဟုတ်ဘူး၊ ကျွန်တော် ထင်တာက...”
ဝမ်လျှံ၏အသံပင် ပြောင်းလဲသွားသည်။ လူအားလုံး၏ အကြည့်တွေက သူ့အကြည့်အတိုင်း အဝေးတနေရာကို လိုက်ကြည့်လိုက်သည်။ ရုတ်တရက် သင်္ဘောယိမ်းထိုးသွားပြီး၊ ပင်လယ်ပြင်ပေါ်မှာ လှိုင်းတွေ ထလာသည်။
မူလကတည်းက အထွဋ်အထိပ်ကောင်းကင်နယ်မြေသည် ဟုန်ယွိကို လိုက်လံသတ်ဖြတ်ဖို့ အမြန်သင်္ဘောတွေကို အသုံးပြုခဲ့သည်။ ဟုန်ယွိ၏ ကြီးမားသည့် စစ်သင်္ဘောကြီးများဖြင့် မတူပေ။ ထို့ကြောင့် သူတို့သည် ဟုန်ယွိကို လျင်မြန်စွာ လိုက်မီခဲ့ခြင်း ဖြစ်သည်။
သို့သော် ထိုအမြန်သင်္ဘောများသည် လေလှိုင်းဒဏ်ကို မခံနိုင်ကြပါဘူး။
အခု လှိုင်းတွေ ထွက်ပေါ်လာချိန်မှာ သင်္ဘောသည် လှိုင်းစီးနင်းသဖြစ်ပြီဂ ပြင်းထန်စွာ ယိမ်းထိုးသွားသည်။ သင်္ဘောသည် လေထဲသို့ မြင့်တက်သွားခဲ့ သည်။
“သတိထားကြပါ။”
ဝမ်လျှံက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ဗွမ်း….။
ကြီးမားသည့် အနက်ရောင် ငါးမန်းကြီးတစ်ကောင်သည် လှိုင်းလုံးကြီးထဲကနေ ပေါ်ထွက်လာပြီး၊ သင်္ဘောပေါ်မှာ ရှိနေသည့် အကြီးအကဲထျန်ကို ကိုက်ရန် လှမ်းဟပ်သည်။
“ဟိုင်း!” အကြီးအကဲထျန်သည် သင်္ဘောက ယိမ်းထိုးနေသော်လည်း သူ့ခန္ဓာကိုယ်က တောင်တစ်လုံးလို တည်ငြိမ်နေဆဲပင်။ ကိုယ်နေဟန်တစ်ချက် ပြောင်းလဲပြီး၊ သူက အနက်ရောင် ငါးမန်းကြီးကို လက်ဖဝါးဖြင့် ရိုက်ချလိုက်သည်။ အနက်ရောင် ငါးမန်းကြီးသည် လေထဲကမှ ကြိုးပြတ်သလို အဝေးသို့ လွင့်ထွက်သွားပြီး၊ ရေမျက်နှာပြင်ပေါ်မှာ မျောနေကာ၊ အတွင်းကလီစာတွေ ပြိုကွဲသွားသည်။
ယင်း မဟာဆရာသခင်တစ်ဦး၏ စွမ်းအားဖြစ်ပါသည်။
သို့သော် အနက်ရောင် ငါးမန်းကြီးကို အနိုင်ယူပြီးနောက်၊ အခြေအနေက ရပ်တန့်မသွားခဲ့ပါဘူး။ လှိုင်းလုံးကြီးတွေကြားထဲကနေ ငါးမန်းကြီးတွေ ထပ်မံ ပေါ်ထွက်လာပြီး၊ ရေပေါ်သို့ ခုန်ထွက်လာကာ၊ သင်္ဘောပေါ်ကလူတွေကို အရူးအမူး ကိုက်ဖို့ လုပ်ဆောင်ကြသည်။
အထွဋ်အထိပ်ကောင်းကင်နယ်မြေရဲ့ အမြန်သင်္ဘောသည် ခိုင်ခံ့သော်လည်း မြင့်မားခြင်း မရှိပေ။ ပြင်းထန်စွာ ခုန်လိုက်သည်နှင့် ငါးမန်းများသည် လှိုင်းလုံးကြီးများကို အားယူကာ သင်္ဘောခေါင်းပိုင်းပေါ်ကို တိုက်ရိုက် ခုန်ဆင်းနိုင်ကြသည်။
ဘုန်း…၊ ဘုန်း….၊ ဘုန်း…၊
အကြီးအကဲတွေလည်း တစ်ပြိုင်နက် တိုက်ခိုက်လိုက်ပြီး၊ မျက်စိတစ်မှိတ်အတွင်း ငါးမန်းတွေကို သတ်ပစ်လိုက်သည်။ ထိုငါးမန်းများသည် လူတွေကို မထိခိုက်စေခဲ့ဘူး။
တစ်ချိန်တည်းမှာပင်၊ သင်္ဘောပေါ်က အထွဋ်အထိပ်ကောင်းကင်နယ်မြေ၏ ကျွမ်းကျင်သူတွေ အားလုံးသည် လေးနှင့်မြှားတွေကို ကောက်ကိုင်လိုက် ကြသည်။ သူတို့သည် လှိုင်းလုံးကြီးတွေကြားထဲမှ အနက်ရောင်အရိပ်တွေကို ချိန်ရွယ်ပြီး ပစ်လွှတ်ကြသည်။ မြှားတွေက ငါးမန်းများ၏ မာကြောသည့် အရေပြားကို ဖောက်ထွင်းသွားကြသည်။
ယခုအချိန်မှာ, အထွဋ်အထိပ်ကောင်းကင်နယ်မြေက စေလွှတ်လိုက်သည့် ရှင်တန်သိုင်းသခင်အဆင့် ကျွမ်းကျင်သူတွေ ဖြစ်သည့် အထွဋ်အထိပ် နတ်ဘုရားဗိုလ်ချုပ်များသည် တိုက်ပွဲရာပေါင်းများစွာကို ဖြတ်သန်းဖူးသူများ ဖြစ်ကြသည်။ သူတို့အားလုံးသည် အစွမ်းထက်သည့် လေးနှင့် မြှားတွေကို ကိုင်ဆောင်ထားကြပြီး၊ ယခုအချိန်တွင် လေးညှို့သံများနှင့် မြှားတွေ ပျံသန်းသွားသည့် အသံတွေကို ကြားနေရသည်။
ရှင်တန်သိုင်းသခင်အဆင့် ကျွမ်းကျင်သူများ၏ လေးပစ်စွမ်းရည်သည် ပြင်းထန်ပြီး အစွမ်းထက်သည်။ ငါးမန်းတွေကို သတ်ဖြတ်ဖို့က သူတို့အတွက် မခက်ခဲဘူး။
ချက်ချင်းဆိုသလို၊ ငါးမန်းရာကျော်တစ်ခုကို သတ်ပစ်လိုက်သည်။ ငါးမန်းများ၏ သွေးတွေက ပင်လယ်ရေမျက်နှာပြင်ကို နီရဲသွားစေသည်။ တစ်ချိန်တည်းမှာပင်၊ ပင်လယ်ရေမျက်နှာပြင်ပေါ်က လှိုင်းတွေလည်း အနည်းငယ် ငြိမ်သက်သွားသည်။
အကြီးအကဲထျန်နှင့် အခြားသူတွေ အသက်ပြန်ရှူနိုင်ချိန်မှာ။ “ဘာလို့ ငါးမန်းတွေက ရုတ်တရက် တိုက်ခိုက်လာရတာလဲ။ ငါမှတ်မိသလောက်ဆို, ငွေငါးမန်းတွေကပဲ သင်္ဘောပေါ်ခုန်တက်ပြီး လူတွေကို တိုက်ခိုက်တတ်တာလေ။”
“မကောင်းတော့ဘူး။”
သူ စကားမဆုံးခင်မှာပဲ၊ ပင်လယ်ရေမျက်နှာပြင်ပေါ်မှာ အနက်ရောင် ဆူးတောင်တွေ အရပ်လေးမျက်နှာမှ ပေါ်ထွက်လာသည်။ တစ်ချက်ကြည့်ရုံဖြင့် ထိုဆူးတောင်များသည် ဓားနှင့်လှံတွေကဲ့သို့ ထူထပ်သော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။
ထိုငါးမန်း၏ ရှေ့မှာ၊ ပိုကြီးမားသည့် ဆူးတောင်တွေကို မြင်နိုင်ပြီး၊ ဝေလငါးများကဲ့သို့ မှိန်ဖျော့ဖျော့ ပေါ်လာသည်။ သူတို့ အတက်အဆင်း လှုပ်ရှား လာချိန်မှာ လှိုင်းလုံးကြီးတွေ ချက်ချင်း ထကြွလာသည်။
ထိုကြီးမားသည့် ဆူးတောင်ကြီးများသည် ပင်လယ်ထဲက ဝေလငါးမန်းဖြစ်ကြောင်း ထင်ရှားသည်။
အခုအချိန်မှာ၊ ဗိုလ်ချုပ်တစ်ဦးကဲ့သို့ မန်းအုပ်စုကို ဦးဆောင်နေသလိုပင်။
“ငါးမန်းတစ်သောင်းဝင်္ကပါ။ ဒါက ငွေငါးမန်းဘုရင်ရဲ့ ပင်လယ်ပြင် အရပ်လေးမျက်နှာကို လွှမ်းမိုးနိုင်တဲ့ ပြိုင်ဘက်ကင်း ငါးမန်းတစ်သောင်းဝင်္ကပါပဲ။ ဘာလို့ ငွေငါးမန်းဘုရင်က ငါတို့ကို တိုက်ခိုက်ရတာလဲ။”
ဝမ်လျှံသည် အဝေးမှ ငါးမန်းတွေကို ကြည့်လိုက်သည်။ သူတို့သည် စစ်တပ်တစ်ခုကဲ့သို့ စည်းကမ်းတကျ ချီတက်ရင်း လျင်မြန်စွာ ကူးခတ်လာကြပြီး၊ သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။ သူ့နှလုံးသားထဲမှာ တဒိတ်ဒိတ်ခုန်လာပြီး ရုတ်တရက် အော်ဟစ်လိုက်သည်။
သို့သော် အခုအချိန်မှာ အော်ဟစ်နေလဲ အလကားပင်။
ထောင်ပေါင်းများစွာသော ငါးမန်းကြီးများသည် အရပ်လေးမျက်နှာ အားလုံးမှ သူတို့ကို ဝိုင်းရံလာပြီး၊ သူတို့အော်သံမျးကို လျစ်လျူရူကာ ဒေါသတကြီး တိုက်ခိုက်လာကြသည်။ ပင်လယ်ရေပြင်သည် ဖြတ်တောက်ခံလိုက်ရသကဲ့သို့ လှုပ်ခတ်သွားပြီး၊ လေစီးကြောင်းသံတွေ ထွက်ပေါ်လာ သည်။
“အကြီးအကဲဟွမ်၊ အမြန်လုပ်ပါ။ အကြီးအကဲရဲ့တာအိုပညာကို သုံးပြီး ပျံသန်းနိုင်တဲ့ဓားနဲ့ မန်းတွေကို သတ်ပစ်ပါ။ အကြီးအကဲထျန်၊ အကြီးအကဲလုံ၊ အကြီးအကဲရှာ၊ လူအားလုံးကိုခေါ်ပြီး သင်္ဘောကို ကာကွယ်ကြပါ။ ပင်လယ်အောက်ခြေကို အထူးသတိထားပါ။ အနားကပ်လာတဲ့ ငါးမန်းတွေကို ပစ်သတ်ပါ။ အားလုံးကို အမိန့်ပေးလိုက်။ သင်္ဘောကို မိုင်ကုန်ရွှက်လွင့်ပြီး ဖောက်ထွက်ကြ။ ငါးမန်းတွေရဲ့ ဝိုင်းရံမှုကို ရှောင်ထွက်ကြ။”
ဝမ်လျှံက အော်ဟစ်ရင်း၊ ကောင်းကင်တုန်ခါလေးကို ဆွဲထုတ်ပြီး ကန့်သတ်မဲ့မြှားကို တပ်လိုက်သည်။
မြှားကို တပ်လိုက်ချိန်မှာ, ကောင်းကင်တုန်ခါလေးပေါ်က သားရဲခေါင်းနှစ်ခု၏ သွေးနီရောင် မျက်လုံးများသည် ချက်ချင်းဆိုသလို လက်ခနဲ ဖျတ်ခနဲ တောက်ပလာသည်။ ငါးမန်းများ၏ အရှိန်ဟုန်သည် ထိုအနီရောင်အလင်းဖြင့် ပိတ်ဆို့ခံလိုက်ရသည့်အလား ငါးမန်းများသည် ထိတ်လန့်စပြုလာပြီး မျက်မှောင်ကြီးထဲကျသွားသလို ဖြစ်သွားသည်။
ဖန်း….၊ ဖန်း…၊ ဖန်း…၊ ဖန်း….၊ ဖန်း….၊ ဖန်း….၊ ဖန်း…. ဖန်း….။
လေးညှို့သံကိုးချက်က တစ်ခုပြီးတစ်ခု တင်းကြပ်စွာ ထွက်ပေါ်လာပြီး၊ မြှားကိုးစင်းက ပြင်းထန်စွာ ပျံထွက်သွားသည်။ မြှားကိုးစင်းသည် လေထဲမှာ ဓားပျံများကဲ့သို့ မြည်ဟီးနေသည်။ အထူးသဖြင့် မြှားတစ်ချောင်းချင်းစီမှ ထွက်ပေါ်လာသည့် မြည်သံတွေက နတ်ဆိုးသန်းပေါင်းများစွာ၏ ငိုကြွေးသံနှင့် တူသည်။ အသံက နားကိုထိုးဖောက်ဝင်လာပြီး၊ လူတွေ၏ ဝိညာဉ်ကို ဆွဲထုတ်လိုသည့်အတိုင်း ခံစားရသည်။
မြှားများသည် ပင်လယ်ရေမျက်နှာပြင်ကို ဖောက်ထွင်းသွားပြီး၊ ကြီးမားသည့် လှိုင်းတစ်ခုကို ဖြစ်ပေါ်စေသည်။ မြှားတစ်ချောင်း၏ အချင်းဝက် သုံးပေ အတွင်းရှိ မန်းတွေအားလုံးသည် ဗိုက်ပြူးပြဲလန်သွားကြသည်။
မြှားတစ်ချောင်းစီ၏ အော်မြည်သံသည် အချင်းဝက် သုံးပေအတွင်း လူသားနှင့်သားရဲများ၏ ဝိညာဉ်ကို ချိုးဖျက်နိုင်စွမ်းရှိသည်။
“ကောင်းကင်တုန်ခါလေး၊ အကန့်သတ်မဲ့မြှား။”
သူမ၏အသိစိတ်နှင့် ချိတ်ဆက်ထားသည့် ငါးမန်းတစ်ကောင်မှတဆင့် ချန်ယင်းရှာသည် မြှား၏စွမ်းအားကို မြင်လိုက်ရချိန်မှာ ထိတ်လန့်သွားသည်။
အခန်း (၁၈၂)။
“ဒါ ဘယ်လိုမျိုး မှော်လက်နက်လဲ။ အစွမ်းထက်လွန်းတယ်။”
ဝမ်လျှံက ကောင်းကင်တုန်ခါလေးနှင့် အကန့်သတ်မဲ့မြှားကို ပစ်လွှတ်လိုက်ချိန်မှာ ဟုန်ယွိသည် ထူးဆန်းသည့် ခံစားမှုတစ်ခုကို ရှင်းလင်းစွာ ခံစားလိုက်ရပါသည်။
မြှားကိုးစင်းကို လွှတ်တင်လိုက်ချိန်မှာ၊ ဟုန်ယွိသည် ကမ္ဘာကြီးက ရုတ်တရက် အရောင်အားလုံး ပျောက်ဆုံးသွားပြီး၊ အဖြူနှင့်အမည်းသာ ကျန်ရှိတော့သလို ခံစားလိုက်ရသည်။ လေထဲမှာ ပျံ့လွင့်နေသည့် မြှားတွေ၏ လေတိုးသံက ပိုပြီး ထိတ်လန့်ဖွယ်ရာ ဖြစ်နေပါသည်။ ဟုန်ယွိကဲ့သို့ စိတ်ဝိညာဉ် ခိုင်မာသည့် လူတစ်ယောက်ပင်လျှင်, သွေးဆောင်ခံရပြီး၊ သူ့စိတ်ဝိညာဉ်သည် သူ့ခန္ဓာကိုယ်ကနေ ထွက်ခွာပြီး မြှားတွေဆီ ပျံသန်းသွားချင်နေသည်။
အဖြူအမည်း ပုံရိပ်ကြီးသည် ပို၍ပင် ဆွဲမက်ဖွယ်ကောင်းနေပြီး၊ ၎င်းသည် အလွန်လျင်မြန်သော် လည်း နှေးကွေးစွာ လည်ပတ်နေသည်။ ကမ္ဘာကြီး လည်ပတ်သွားချိန်မှာ အဖြူနှင့်အမည်း အရောင် အားလုံးဟာ ယင်နှင့်ယန် ငါးနှစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး၊ တစ်ကောင်နှင့်တစ်ကောင် ရောယှက်ကာ အလယ်ဗဟိုမှာ အမှတ်တစ်ခုအဖြစ် ဖွဲ့စည်းသွားပြီး၊ ဝိညာဉ်နှင့်အတွေးအားလုံးကို ထိုအမှတ်ဆီ ဦးတည်ဆွဲခေါ်နေလေသည်။
“ကန့်သတ်မဲ့က ထိုက်ကျိကို မွေးဖွားပေးတယ်။ ယင်နဲ့ယန်က အရာဝတ္ထုနှစ်ခုအသွင် ဖွဲ့စည်းတယ်။ ဒီလိုမျိုး မှော်လက်နက်မျိုးက အလွန်အစွမ်းထက်လွန်းတယ်။ ကံကောင်းထောက်မစွာ၊ ငါ့ဝိညာဉ် ဟာ အလွန်တည်ငြိမ်ပြီး၊ အတိတ်ကျမ်းကို ကျင့်ကြံထားလို့။ မဟုတ်ရင် ဒီအတွေးမျှင်တန်းလည်း ဆွဲယူခံရလောက်တယ်။ ဒီလေးနဲ့မြှားက လက်နက်မဟုတ်ဘူး၊ မှော်ပညာရပ်ပဲ….”။
ဟုန်ယွိ၏ ထိုအတွေးမျှင်တန်းသည် ရုတ်တရက် အတိတ်ကျမ်းကို အသုံးပြုပြီး၊ အဖြူနှင့်အမည်း ပုံရိပ်ယောင်များကြား ရှုပ်ထွေးမသွားစေရန် သူ့ဝိညာဉ်ကို ထိန်းချုပ်လိုက်သည်။ ထို့နောက် သူသည် အရာအားလုံးကို ရှင်းလင်းစွာ မြင်နိုင်ခဲ့သည်။
“အကန့်သတ်မဲ့မြှား” ကိုးချောင်းကို ပစ်လွှတ်ပြီးနောက်၊ မြှားများသည် အဆက်မပြတ် လေတိုးသံ ထွက်ပေါ်နေပြီး၊ ပင်လယ်ရေမျက်နှာပြင်ပေါ်ရှိ ငါးမန်းများသည် ဗိုက်ဖြူတွေ လန်သွားကြသည်။ ငါးမန်းတစ်ကောင်သေတိုင်း၊ “အကန့်သတ်မဲ့မြှား” ကိုးချောင်းသည် ပိုပြီး အစွမ်းထက်လာပြီး၊ ပိုပြီး လျင်မြန်လာသည်။ မြှားများသည် အမှန်တကယ်ပင် ဓားပျံတွေကဲ့သို့ ဘယ်ညာလှည့်ပတ်ရင်း, အပေါ်အောက် အပြန်အလှန် ပျံသန်းရင်း ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် ရှေ့တိုးနောက်ဆုတ် ပျံသန်းနေပြီး၊ မြှားထောင်ချီပစ်လွှတ်နေသည့်အလား အရိပ်တွေ ဆွဲငင်ဖြစ်ပေါ်နေသည်။
ပစ်လွှတ်လိုက်သော မြှားများသည် အသက်ရှင်နေသကဲ့သို့ လေထဲမှာ ကခုန်ရင်း၊ အဆုံးမဲ့ အသက်တွေကို ရိတ်သိမ်းနေသည်။
ဟုန်ယွိအနေဖြင့် ယခုလိုလေးနှင့်မြှားမျိုးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။
“ဒီလေးနဲ့မြှားက လူသားနဲ့သားရဲတွေရဲ့ ဝိညာဉ်တွေကို စုပ်ယူပြီး၊ ၎င်းရဲ့စွမ်းအားနဲ့ အားဖြည့်နိုင် တယ်။ သတ်ဖြတ်တဲ့အသက်တွေ ပိုများပြီး၊ စုပ်ယူတဲ့ဝိညာဉ်တွေ ပိုများလာလေ၊ မြှားတွေရဲ့ အရှိန်ဟုန်က ပိုအစွမ်းထက်ပြီး ပိုမြန်လာလေပဲ။ ဒီလောက် အစွမ်းထက်တဲ့လက်နက်မျိုး ရှိနေတာ မယုံနိုင်စရာပဲ။ လူတစ်ယောက်ဟာ ဒီလိုလေးတစ်စင်း မြှားကိုးချောင်းကို ပိုင်ဆိုင်ထားတာနဲ့၊ လူတပ်သောင်းကျော် စစ်တပ်ကို ရင်ဆိုင်နိုင်တယ်။ ဒီကမ္ဘာပေါ်မှာ ဒီလိုမှော်လက်နက်မျိုး ဘယ်လိုလုပ် ရှိနိုင်မှာလဲ။ ဒါက ကောင်းကင်ဘုံကိုတောင် ဆန့်ကျင်နိုင်တဲ့ မှော်လက်နက်ပဲ….။”
ဟုန်ယွိသည် မြှားတွေ ဖြတ်သွားပြီးနောက်၊ ငါးမန်းတစ်ကောင်သေတိုင်း၊ ထိုငါးမန်း၏ဝိညာဉ်က မြှားဆီကို အလိုအလျောက် စီးဝင်သွားပြီး၊ မြှား၏အရှိန်ကို တိုးမြှင့်ပေးကို မြင်လိုက်ရသည်။ ငါးမန်းတစ်ကောင်ချင်းစီ၏ ဝိညာဉ်စွမ်းအားသည် မြှား၏ပျံသန်းမှုနှင့် လည်ပတ်မူကို တခဏမျှ ထောက်ပံ့ပေးနိုင်သည်။ ထို့ကြောင့် မြှားကို ပစ်လွှတ်ပြီးနောက်၊ သက်ရှိတွေကို သတ်ဖြတ်နိုင်သရွေ့၊ မြှားများသည် မည်သည့်အခါမှ ရပ်တန့်တော့မည် မဟုတ်ပေ။
ထိုမှော်လက်နက်၏ စွမ်းအားက မည်မျှ အံ့သြဖွယ်ကောင်းလိုက်ပါသနည်း။
ဟုန်ယွိသည် ယခုလိုမှော်လက်နက်မျိုးကို နိုင်ငံတစ်ခုက ပိုင်ဆိုင်ထားခဲ့လျှင်, မည်သို့ဖြစ်လာမည်ကို စိတ်မကူးနိုင်တော့ပေ။ စစ်တပ်နှစ်ခု ရင်ဆိုင်တွေ့ဆုံသည့်အခါ၊ မြှားတွေကို ပစ်လွှတ်ပြီးနောက်၊ သတ်ဖြတ်မှုရှိသရွေ့၊ မြှားများသည် ရှေ့တိုးနောက်ဆုတ် ပျံသန်းနေလိမ့်မည်။ အကယ်၍, မြှားများသည် လူတွေကို ပိုသတ်ဖြတ်ပြီး ဝိညာဉ်တွေကို စုပ်ယူကာ၊ စွမ်းအားကို စုဆောင်းပြီး၊ စစ်ပွဲကို ထောက်ပံ့ပေးနေမည်ဆိုလျှင်, မည်သည့်စစ်တပ်က ထိုလက်နက်ကို ယှဉ်ပြိုင်နိုင်တော့မည် နည်း။
အထူးသဖြင့် လူသားများ၏ ဝိညာဉ်စွမ်းအားသည် သားရဲတွေထက် အဆပေါင်းများစွာ သာလွန် သည်။ ထို့ကြောင့် လူသားတစ်ယောက်သည် တာအိုပညာကို ကျင့်ကြံရာမှာ သားရဲများထက် ဆယ်ဆမက ပိုလွယ်ကူခြင်း ဖြစ်သည်။ ထိုကြောင့်ပင် မြှားသည် လူသားတစ်ယောက်ကို သတ်ပြီး ထိုလူ၏ဝိညာဉ်ကို စုပ်ယူလိုက်မည်ဆိုလျှင်, ၎င်း၏စွမ်းအားက ယခုထက် အဆဆယ်ဆမက ပိုသန်မာလာလိမ့်မည်။
အခု မြှားတွေက ငါးမန်းတွေကိုသာ သတ်ဖြတ်နေခြင်း ဖြစ်သည်။
“ဟုန်ယွိ၊ သတိထားပါ။ ဒါက မက်မွန်နတ်ဘုရားဂိုဏ်းရဲ့ ကောင်းကင်ဘုံကို တုန်ခါလောက်တဲ့ ရတနာခုနှစ်ပါးထဲက နံပါတ်တစ်ရတနာဖြစ်တဲ့ ကောင်းကင်တုန်ခါလေးနဲ့ အကန့်သတ်မဲ့မြှားပဲ။ မက်မွန်နတ်ဘုရားဂိုဏ်းရဲ့ အတိတ်က ဂိုဏ်းခေါင်းဆောင် အစဉ်ဆက်ဟာ ယင်ယန်ဖရိုဖရဲတွင်းနက် ပညာရပ်ကို အသုံးပြုပြီး၊ လူသားတွေနဲ့သားရဲတွေရဲ့ ဝိညာဉ်တွေကို စုပ်ယူကာ မြှားတွေကို အားဖြည့်ပေးထားတယ်။ အဲဒီပညာရပ်က ထိပ်တန်း စိတ်ဝိညာဉ်ရှုပ်ထွေးစေခြင်းပညာရပ်ပဲ။ အတိတ်ကာလတုန်းက မက်မွန်နတ်ဘုရားဂိုဏ်းရဲ့ ဂိုဏ်ခေါင်းဆောင်တစ်ယောက်ဟာ ဒီလေးနဲ့ မြှားကိုးချောင်းကို အသုံးပြုကာ၊ နတ်ဘုရားလေနိုင်ငံရဲ့ ရေတပ်ကို ကူညီပြီး၊ ယွန်မင်နိုင်ငံရဲ့ အင်အားသုံးသိန်းခွဲပါ ရေတပ်ကို ခုခံတွန်းလှန်နိုင်ခဲ့တယ်။
ဟုန်ယွိသည် တခဏအတွင်း သူ့စိတ်တွေ ရှုပ်ထွေးသွားချိန်မှာ၊ ချန်ယင်းရှာ၏အသံက ထွက်ပေါ်လာ ပြီး၊ သူ့ရင်ထဲက သံသယတွေကို ရှင်းလင်းပေးလိုက်သည်။
“ဒီရတနာက မက်မွန်နတ်ဘုရားဂိုဏ်းရဲ့ ကောင်းကင်ဘုံ တုန်ခါလောက်တဲ့ ရတနာခုနစ်ပါးထဲက နံပါတ်တစ်ရတနာပေါ့။ ဒါကြောင့်လည်း ဒီလောက် အစွမ်းထက်နေတာကို။ ကောင်းကင်ဘုံကို တုန်ခါစေတယ်။ ကောင်းကင်ဘုံကို တုန်ခါစေတယ်ဆိုတာ ဒီလိုကို။ ဒီရတနာက ကောင်းကင်ဘုံကို တောင် တုန်လှုပ်စေနိုင်တယ်။ ပျံသန်းနိုင်တဲ့ဓားကို ပိုင်ဆိုင်ထားတဲ့ တာအိုပညာရှင်တစ်ဦးတောင်မှ၊ ယင်ယန်ဖရိုဖရဲတွင်းနက် စိတ်ဝိညာဉ်မွှေနှောက်ခြင်းပညာရပ် သက်ရောက်ခံရရင် တစ်ချက်ထဲ ရှုံးနိမ့်သွားနိုင်တယ်…..။”
“ဒါကြောင့်လည်း နတ်ဘုရားလေးနိုင်ငံလို အားနည်းတဲ့နိုင်ငံလေးက၊ ယွန်မင်ရဲ့ရေတပ်ရဲ့ အကြိမ်ကြိမ် ကျူးကျော်မှုကို ခုခံနိုင်ခဲ့တာ။ ဒီကောင်းကင်တုန်ခါလေးနဲ့ အကန့်သတ်မဲ့မြှားတွေက တကယ်ကို အရေးပါခဲ့တာပ။”
ဟုန်ယွိသည် ထိတ်လန့်သွားပါသည်။
အကန့်သတ်မဲ့မြှားတွေကို ပစ်လွှတ်ပြီးသည်နှင့် သတ်ဖြတ်သည့်လူတွေ ပိုများလေလေ၊ မြှားတွေက ပိုပြီး အစွမ်းထက်လာလေ ဖြစ်သည်။ ထို့အပြင်, စိတ်မွှေနှောက်ခြင်းပညာရပ်နှင့် ပေါင်းစပ်ထားသော ကြောင့်၊ တစ္ဆေအင်မော်တယ်အဆင့်အောက် မည်သူမဆို ဤလက်နက်ကို ခုခံဖို့ခက်ခဲလိမ့်မည်။ မှော်ပညာရော၊ သိုင်းပညာရပ်ပါ ဤလေးနှင့်မြှားကို ယှဉ်နိုင်မည် မဟုတ်ပေ။
ဟုန်ယွိသည် ထိုရတနာက ကောင်းကင်ဘုံတုန်ခါလောက်သည့် ရတနာခုနှစ်ပါးတွင် အဘယ့်ကြောင့် နံပါတ်တစ်အဆင့်ရှိနေရလဲဆိုသည်ကို နောက်ဆုံးမှာ နားလည်သွားခဲ့ပါပြီ။
“ဟား….၊ ဟား….။ ဟုန်ယွိ၊ အထွဋ်အထိပ်ကောင်းကင်နယ်မြေက မင်းကို လိုက်လံသတ်ဖြတ်ဖို့ အတွက် ဒီလူငယ်လေးကို ဒီရတနာကို ကိုင်ဆောင်ခွင့်ပေးလိုက်တာပဲ။ ဒါက ငါ့အတွက် အခွင့်အရေး ပေးလိုက်သလိုပဲ။ ငါ ဒီကောင်းကင်တုန်ခါလေးနဲ့ အကန့်သတ်မဲ့မြှားကို အရယူရမယ်။ မဟူရာဝံပုလွေဘုရင် ဘီရှီဟွာ, ရှင် အခု သေရတော့မယ်။ ဒီရတနာနဲ့ဆိုရင် ရှင်ကို ကျွန်မ သတ်လို့မရဘူးလို့ ထင်နေဦးမလား။”
ချန်ယင်းရှာ၏ အတွေးတွေက ဟုန်ယွိ၏စိတ်ထဲကို ရောက်ရှိလာခဲ့သည်။ ဟုန်ယွိသည် ထိုမဟာ နတ်ဆိုးအင်မော်တယ်က လှုပ်ရှားတော့မည်ကို ချက်ချင်း သိလိုက်ပါပြီ။
အမှန်တကယ်လည်း, ထိုရတနာက အလွန်အစွမ်းထက်လွန်းသည်။ ထိုရတနာကို မြင်ဖူးသူတိုင်း မလွဲမသွေ လုယူချင်ကြလိမ့်မည်။
ဘန်း….။
ကောင်းကင်တုန်ခါလေးနှင့် အကန့်သတ်မဲ့မြှားကို လွှတ်တင်လိုက်ချိန်မှာ၊ မြှားကိုးချောင်းသည် လေထဲမှာ ပျံသန်းရင်း၊ ငါးမန်းတွေကို စိတ်ရှုပ်ထွေးစေသည့် ပုံရိပ်ယောင်တွေကို ဖန်တီးလိုက်သည်။ ထို့နောက် ငါးမန်းများ၏ ဝိညာဉ်များသည် တစ်ခုပြီးတစ်ခု စုပ်ယူခံရသည်။ ပင်လယ်ရေပြင်သည် ငါးမန်းသွေးများဖြင့် ဖုံးလွှမ်းသွားပြီး၊ ငါးအုပ်စုကြောင့် ဖြစ်ပေါ်လာသော လေလှိုင်းတွေလည်း တဖြည်းဖြည်း ငြိမ်သက်သွားသည်။ ထိုအချိန်မှ ချန်ယင်းရှာသည် နောက်ဆုံးတွင် လှုပ်ရှားလိုက်ပါ သည်။
ဝေးကွာလွန်းသည့် နေရာတစ်ခုကနေ အေးစက်စက် လေပြင်းတစ်ချက် တိုက်ခတ်လာသည်။
ထိုလေပြင်းက ချန်ယင်းရှာဖြစ်သည်။ သူမ၏ စိတ်ဝိညာဉ် အသိစိတ်အားလုံးကို ထုတ်လွှတ်ပြီး ပျံသန်းသွားခြင်း ဖြစ်သည်။
သူ့ထက် အဆပေါင်းများစွာ ကြီးမားသည့် စိတ်ဝိညာဉ်အသိစိတ်ကြီး လေထဲတွင် ပျံဝဲကာ ကြီးမားသည့် ယင်လေပြင်းကို သယ်ဆောင်သွားချိန်မှာ၊ ဟုန်ယွိသည် သူ့စိတ်ထဲတွင် ကဗျာစာ တစ်ကြောင်း ပေါ်လာပါသည်။ “လေထုက မိုင်တသောင်းကို တိုက်ခတ်ပြီး၊ ဖြတ်သန်းလာတယ်၊ ဖြတ်သန်းလာတယ်...”။
“ဒီအချိန်မှာ ငါ ဘာလို့ ကဗျာတွေအကြောင်း တွေးနေမိတာလဲ။” ဟုန်ယွိသည် သူ့ကိုယ်သူ စိတ်ထဲ တွင် ဆူပူလိုက်မိသည်။ သူ့အတွေးက ထွက်ခွာသွားပြီးနောက်၊ မရေတွက်နိုင်အောင် များပြားသည့် လေပြင်းများ ရေထဲသို့ ကျဆင်းသွားသည်ကို မြင်လိုက်ရသည်။ ထို့နောက် ပင်လယ်ရေ မျက်နှာပြင် သည် ရုတ်တရက် ဖောင်းကားလာပြီး၊ ထူထပ်သည့် ရေပိုက်ကွန်တစ်ခုကို ချက်ချင်းဖွဲ့စည်းလိုက် ကာ၊ “အကန့်သတ်မဲ့မြှား” ကိုးချောင်းကို ထောင်ချောက်ထဲ ထည့်သွင်းလိုက်သည်။ အကန့်သတ်မဲ့ မြှားများသည် မည်မျှပင် ရုန်းကန်ဖောက်ထွက်ဖို့ ကြိုးစားပါစေ, လွတ်မြောက်နိုင်ခြင်း မရှိခဲ့ပေ။
“ချန်ယင်းရှာက ဒီတစ်ကြိမ်မှာ သူမစွမ်းအားရဲ့ ၉၀ ရာခိုင်နှုန်းလောက်ကို အသုံးပြုလိုက်တာပဲ။ မနေ့က သူမနဲ့ ငါတိုက်ခိုက်တုန်းက၊ သူမဟာ သူမစွမ်းအားရဲ့တစ်ဝက်လောက်ကိုပဲ အသုံးပြုခဲ့တာ။ တကယ်လို့, သူမသာ စွမ်းအားအပြည့်အဝ အသုံးပြုခဲ့ရင်၊ ငါ သူမနဲ့ မယှဉ်နိုင်ဘူး။”
ဟုန်ယွိသည် မဟာနတ်ဆိုးအင်မော်တယ်ရှစ်ပါးထဲ တစ်ပါးအပါဝင်ဖြစ်သည့် ချန်ယင်းရှာ၏ အစစ်မှန် စွမ်းအားကို နောက်ဆုံးမှာ မြင်တွေ့ခဲ့ရသည်။
“ရေကို ပိုက်ကွန်တစ်ခုအဖြစ် ထိန်းချုပ်ပြီး အကန့်သတ်မဲ့မြှားတွေကို ထောင်ချောက်ထဲ ထည့်ထားနိုင်တယ်ပေါ့။ ပြီးရင် ဖျက်ဆီးပစ်မယ်။”
သင်္ဘောပေါ်မှာ ကောင်းကင်တုန်ခါလေးကို ကိုင်ထားသည့် ဝမ်လျှံသည် ငါးမန်းတွေ ဆုတ်ခွာသွား ချိန်မှာ၊ ရုတ်တရက် ရေပိုက်ကွန်တစ်ခု ထွက်ပေါ်လာပြီး မြှားကိုးချောင်းကို ထောင်ချောက်ထဲ ထည့်လိုက်သည်ကို မြင်လိုက်ရသည်။ သူသည် မထိန်းနိုင်ဘဲ အော်ဟစ်လိုက်ပြီး၊ လေးကြိုးကို လက်တစ်ဖက်ဖြင့် ကိုင်ထားရင်း၊ သူသည် ပြင်းထန်စွာ ထပ်မံ ဆွဲပစ်လိုက်သည်။
ဝှမ်း….၊ ဝှမ်း…၊ ဝှမ်း….။
ကောင်းကင်တုန်ခါလေး၏ လေးကြိုးက ပြင်းထန်စွာ တုန်ခါလာပြီး၊ စိတ်နှလုံးကို ဖောက်ထွင်းနိုင်သကဲ့သို့ ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ လေးကိုင်းနှစ်ဖက်၏ အစွန်းနှစ်ဖက် ပေါ်ရှိ သားရဲမျက်လုံးများသည် သွေးနီရောင် သမ်းနေပြီး၊ သားရဲအစွယ်များသည် ရက်စက်သည့် ဝိညာဉ်များ၏ ငိုကြွေးသံများကဲ့သို့ အော်သံတွေကို ထုတ်လွှတ်လိုက်သည်။
ကောင်းကင်တုန်ခါလေး ပြောင်းလဲသွားချိန်မှာ၊ အကန့်သတ်မဲ့မြှားများသည် လျှို့ဝှက်ဆန်းကြယ် သည့် ဆက်သွယ်မှုတစ်ခု ရရှိသွားဟန်တူသည်။ ရုတ်တရက် မြှားတစ်ချောင်းချင်းစီ၏ စွမ်းအားက ဆယ်ဆ တိုးလာပြီး၊ နဂါးတစ်ကောင်က အမြီးလှုပ်ခါသကဲ့သို့ တုန်ခါလှုပ်ရှားလာပြီး၊ ရေပိုက်ကွန်ကို ဆုတ်ဖြဲပစ်လိုက်သည်။ မြှားများသည် လွတ်မြောက်သွားကြသည်။
တစ်ချိန်တည်းမှာပင်၊ မြှားတွေ၏ ကိုယ်ထည်ပေါ်က အဆောင်သင်္ကေတများသည် တုန်ခါလာပြီး ပေါက်ကွဲသွားသည်။ မီးရှူးမီးပန်းများကဲ့သို့ မြှားကိုယ်ထည်ပေါ်မှာ မရေတွက်နိုင်သည့် မီးပွားများစွာ ပေါ်ထွက်လာပြီး၊ ငြိမ်းသတ်သွားကာ တဖန်ထပ်ပေါ်လာပြန်သည်။
ဟုန်ယွိ၏စိတ်က ထပ်မံတုန်လှုပ်သွားသည်။ သူသည် စိတ်ကို ချက်ချင်း တည်ငြိမ်အောင် ထိန်းလိုက် ပြီး၊ ကောင်းကင်တုန်ခါလေးထံမှ ပေါက်ကွဲထွက်လာသော ယင်ယန်ပုံရိပ်ယောင်ကို ဖျက်ဆီးလိုက် သည်။
“ဒီမြှားက နေနဲ့လရဲ့အလင်းကို မီးတောက်အဖြစ် စုစည်းပြီး တာအိုပညာကို တကယ်ပဲ အသုံးပြုနိုင်တယ်ပေါ့။
ဟုန်ယွိသည် မြှားတွေ၏ တုန်ခါမှုကြောင့် ထွက်ပေါ်လာသော မီးပန်းမီးပွားများသည် ယမ်းမှုန်းမှ မဟုတ်ဘဲ၊ နေနှင့်လ၏အလင်းကို စုစည်းခြင်းကြောင့် ဖြစ်ပေါ်လာသော မီးပန်းမီးပွားတွေ ဖြစ်ကြောင်း မြင်နိုင်ပါသည်။
ထိုမီးပန်းမီးပွားများသည် လူတစ်ယောက်၏ စိတ်ဝိညာဉ်ကို ကြီးကြီးမားမား ထိခိုက်စေနိုင်ပြီး၊ အစွမ်းထက်သည့် တာအိုပညာရပ်အချို့ကိုပင် ဖျက်ဆီးပစ်နိုင်ပါသည်။
“ဒီကောင်းကင်တုန်ခါလေးနဲ့ အကန့်သတ်မဲ့မြှားတွေက အလွန် အစွမ်းထက်လွန်းတယ်။ ချန်ယင်းရှာ ဘယ်လိုရင်ဆိုင်မလဲ မသိဘူး။” ချန်ယင်းရှာသည် ကောင်းကင်တုန်ခါလေးနှင့် အကန့်သတ်မဲ့မြှား တွေကို ရယူဖို့ သန္နိဋ္ဌာန် ချထားသည်ကို မြင်ပြီး၊ ဟုန်ယွိသည် ပါဝင်မယှဉ်ပြိုင်ဖို့ ဆုံးဖြတ်လိုက်သည်။ သူသည် ချန်ယင်းရှာ၏ စွမ်းအားကို တိတ်တဆိတ် စောင့်ကြည့်နေသည်။
အကန့်သတ်မဲ့ မြှားတွေထံမှ မီးပွားများစွာ ပေါက်ကွဲထွက်လာပြီး၊ အရပ်လေးမျက်နှာ အားလုံးသို့ ဖြန့်ကျက်ပြီး ပင်လယ်ထဲသို့ ကျသွားပြီး၊ အဖြူရောင်ရေခိုးငွေ့များ ဖြစ်ပေါ်လာစေသည်။ ထိုမီးပွားများသည် ငါးမန်းများကို ထိမှန်ပြီးနောက် အပေါက်တစ်ခု ဖြစ်ပေါ်ပြီး မီးလောင်သွားကြ သည်။ မီးပွားများ၏ စွမ်းအားကို ကြည့်ရသလောက်ဆို, ၎င်းတို့သည် သံမဏိကို အရည်မပျော်နိုင်ရင် တောင်၊ သိပ်မဝေးလှပေ။
ဟုန်ယွိသည် မီးကိုထိန်းချုပ်ရာတွင် ကျွမ်းကျင်သူ ဖြစ်သောကြောင့်၊ မီး၏စွမ်းအားကို နားလည်သည်။
“ငါ့အတွေးမျှင်တန်းတွေကို ဒီမီးပွားတွေနဲ့ ထိခိုက်မိလို့မရဘူး။ ထိခိုက်မိရင် ငါ့အတွေးမျှင်တန်းတွေ ပြင်းထန်စွာ ထိခိုက်သွားနိုင်တယ်။ ဒီနောက် ယင်ယန်ဖရိုဖရဲတွင်းနက် စိတ်ဝိညာဉ်မွှေနှောက်ခြင်း ပညာနဲ့ ထိတွေ့မိရင် အမှန်တကယ် ပျက်စီးသွားမှာ စိုးရတယ်”။
အကန့်သတ်မဲ့မြှားတွေ မီးပွားများအဖြစ် ပေါက်ကွဲနေချိန်မှာ၊ ဟုန်ယွိ၏ အတွေးမျှင်တန်းတွေက အေးစက်စက် လေပြင်းတစ်ခုအဖြစ် ပြောင်းလဲပြီး၊ ကောင်းကင်ထဲကို ပြေးဝင်သွားသည်။
“မိုးကြိုးနတ်ဘုရားရေ၊ မိုးကြိုးနတ်ဘုရား ဝိညာဉ်ဘီလူး။”
ဤအခိုက်တန့်တွင် ပင်လယ်ကြီးသည် ရုတ်တရက် တုန်ခါသွားပြီး၊ ကြီးမားတဲ့ ရေတံတိုင်းတစ်ခု ရုတ်တရက် မြင့်တက်လာကာ၊ အမြင့်ဆယ်ပေရှိသည့် ဧရာမ စိတ်ဝိညာဉ်တစ်ခုအဖြစ် ဖွဲ့စည်းလိုက် သည်။ ဧရာမဝိညာဉ်ကြီးသည် ငှက်မျက်နှာနှင့် လူသားကိုယ်ထည်ရှိပြီး၊ နောက်ကျောမှာ အတောင်တစ်စုံ ပါရှိသည်။ ၎င်း၏လက်ထဲမှာ ဧရာမတူကြီးနှင့် ဆူးခွန်တစ်ချောင်းကို ကိုင်ထား သည်။
၎င်းတို့သည် ရေကနေ ဖွဲ့စည်းထားခြင်းဖြစ်သော်လည်း အလွန်အသက်ဝင်လှသည်။ ၎င်းကိုယ်ပေါ်ရှိ ရေမြွေများသည် လျှပ်စီးများကဲ့သို့ ဖြစ်နေပြီး၊ မိုးကြိုးနတ်ဘုရား ဝိညာဉ်ဘီလူးကြီးသည် လူ့လောကထဲကို ဆင်းသက်လာသလိုပင်။
မိုးကြိုးနတ်ဘုရား ဝိညာဉ်ဘီလူးကြီးကို ဖွဲ့စည်းပြီးသည်နှင့်၊ ၎င်း၏လက်ထဲက တူကြီးနှင့် ထိုဆူးချွန်ကြီးကို မြှောက်ပြီး၊ ပြင်းထန်စွာ ရိုက်ချလိုက် သည်။ ဘန်း…။ ထူထပ်ပြီး ကွေးညွှတ်နေသည့် မိုးကြိုးပုံစံရေလှိုင်းတစ်ခုကို ပစ်လွှတ်လိုက်ပြီး၊ အကန့်သတ်မဲ့ မြှားကိုးချောင်းကို ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။
ဘုန်း…။ နောက်ထပ် ကမ္ဘာကြီးကို တုန်လှုပ်စေလောက်သည့် အသံတစ်ခု ထွက်ပေါ်လာသည်။ အကန့်သတ်မဲ့ မြှားကိုးချောင်းဟာ ရေပုံစံမိုးကြိုးနှင့် ထိမှန်ပြီး၊ တစ်ခုနှင့်တစ်ခု အပြင်းအထန် တိုက်မိသွားသည်။ စူးရှရှအော်ဟစ်သံများ ထုတ်လွှတ်လိုက်ပြီးနောက်၊ ပျံသန်းနှုန်းက သိသိသာသာ လျော့ကျသွားသည်။
“ကိုးမြှားစင်း တစ်စင်းတည်း ဖြစ်စေ။”
ကောင်းကင်တုန်ခါလေးကို ကိုင်ထားသည့် ဝမ်လျှံသည် ထိုရိုက်ခတ်မှုကြောင့် တုန်လှုပ်သွားသော် လည်း သူ့ခြေထောက်တွေက သင်္ဘောပေါ်မှာ သံမှိုဆွဲထားသည့်ပမာ ခိုင်မြဲစွာ တည်ရှိနေဆဲပင်။ သူက ကိုယ်ကို လှည့်ပတ်လိုက်ပြီး၊ ကောင်းကင်တုန်ခါလေးကို ထပ်မံဆွဲလိုက်သည်။ ချက်ချင်း၊ ကောင်းကင်တုန်ခါလေးထံမှ လေးညှို့သံအဆင့်ဆင့် ထွက်ပေါ်လာပြန်သည်။ ကောင်းကင်တုန်ခါ လေးကို တုန့်ပြန်သည့်အနေဖြင့် အကန့်သတ်မဲ့ မြှားကိုးစင်းသည် ၎င်းတို့၏စွမ်းအားကို ထပ်မံ ထုတ်လွှတ်သည်။ မြှားများသည် တစ်ခုနှင့်တစ်ခု အတူတကွ ပေါင်းစည်းသွားကာ ခြေထောက် အရွယ်စား ထူထပ်ပြီး၊ လျင်မြန်စွာ လည်ပတ်နေသော တူးစက်တစ်ခုအဖြစ် ဖွဲ့စည်းသွားကာ၊ မိုးကြိုးနတ်ဘုရား ဝိညာဉ်ဘီလူးကြီး၏ ဦးခေါင်းဆီသို့ ပြင်းထန်စွာ တူးဖောက်တက်လာသည်။
မြှားကိုးချောင်းသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်ပြီး၊ လျင်မြန်စွာ လည်ပတ်နေချိန်မှာ၊ မြှားခေါင်းရှေ့ မှ လေထုသည် သာမန်မျက်စိဖြင့် မြင်နိုင်သည့် ဝဲဂယက်များသည် ဆုတ်ဖြဲသွားခဲ့သည်။ တစ်ချိန်တည်းမှာပင်၊ မီးပွားများစွာသည် ဝဲဂယက်ထဲမှာ ပိုမိုပြင်းထန်စွာ ပေါက်ကွဲထွက်လာသည်။
မြှားကိုးစင်းကို တစ်စင်းတည်းအဖြစ် ပေါင်းစပ်ခြင်း စွမ်းအားက အကယ်၍, သူ၏ နတ်ဘုရား စိတ်ဝိညာဉ်သာ တူးဖောက်ခံရပါက, ကာကွယ်ဖို့ ခက်ခဲလိမ့်မည်ဟု ဟုန်ယွိ ခံစားလိုက်ရသည်။
ထိုမြှားသည် တစ္ဆေအင်မော်တယ်တစ်ပါးကို သတ်ဖြတ်နိုင်သည့် မြှားတစ်စင်း ဖြစ်ပြီး၊ ရုပ်ခန္ဓာကိုယ် ကို ဖြစ်စေ၊ နတ်ဘုရား စိတ်ဝိညာဉ်ကို ဖြစ်စေ တချက်တည်းဖြင့် သတ်ပစ်နိုင်စွမ်းရှိသည်။
“မင်းရဲ့ အနှစ်သာရ၊ ချီနဲ့ ဝိညာဉ်လေးနဲ့ ဒီကောင်းကင်တုန်ခါလေးနဲ့ အကန့်သတ်မဲ့မြှားတွေရဲ့ ပေါင်းစပ်စွမ်းအားကို ဘယ်လိုလုပ် အသုံးပြုနိုင်မှာလဲ။ လျှိုထျန်းယွဲ့ကိုယ်တိုင် တိုက်ခိုက်မယ်ဆိုရင်, ပိုသင့်လျှော်ဦးမယ်။ ငါက ဒီမြှားကို ယာယီရှောင်တိမ်းလိုက်ရုံပဲ။ မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေ လဲ။ ဒီရတနာတစ်ခုတည်းနဲ့ မဟာနတ်ဆိုးအင်မော်တယ်ရှစ်ပါးထဲက ငွေငါးမန်းဘုရင်ကို ယှဉ်ပြိုင်နိုင်မယ်လို့ ထင်နေတာလား။”
ချန်ယင်းရှာ၏အသံက အမြင့်ဆယ်ပေရှိ မိုးကြိုးနတ်ဘုရား ဝိညာဉ်ဘီလူးကြီး၏ ပါးစပ်ကြီးကနေ ထွက်ပေါ်လာပြီး၊ သူမ၏အသံက လှောင်ပြောင်မှု အပြည့်နှင့်ပင်။
ရေကနေ ဖွဲ့စည်းထားသည့် မိုးကြိုးနတ်ဘုရား ဝိညာဉ်ဘီလူးကြီးသည် သူ၏ ဧရာမတူကြီးကို ထပ်မံမြှောက်လိုက်ပြီး၊ ပြင်းထန်စွာ ရိုက်ချလိုက် သည်။ ယခင်ရေမိုးကြိုးပုံစံထက် ဆယ်ဆပိုထူထပ်သည့် သလင်းကျောက် လျှပ်စီးအလင်းတစ်ခုသည် ရေတံခွန်ကြီးကဲ့သို့ လင်းလက် ထွက်ပေါ်လာပြီး၊ မြှားကိုးစင်းပေါင်းစပ်ထားသည့် တူးစက်ခေါင်းပိုင်းကို ရိုက်ချလိုက်သည်။ အံ့သြစရာကောင်းသည်မှာ ထိုအပြင်းအထန် ထိပ်တိုက်တွေ့ဆုံမူ ကြောင့် မည်သည့်အသံမှ မထွက်ပေါ်ခဲ့ပါဘူး။
သို့သော် မြှားကိုးစင်းသည် ကွဲထွက်သွားပြီး၊ ပြန်လည်စုစည်း၍ မရနိုင်တော့ပါဘူး။
“ဒါက တကယ့်မိုးကြိုးလျှပ်စီး မဟုတ်ပေမယ့်၊ ပုံစံ၊ စွမ်းအား၊ စိတ်ဆန္ဒနဲ့ ရှင်ခြင်းနဲ့ သေခြင်းစွမ်းအား အရ သိပ်မကွာခြားဘူး။ နတ်ဘုရား စိတ်ဝိညာဉ်နဲ့ ရေကိုထိန်းချုပ်ခြင်းကနေ မိုးကြိုးရဲ့အနှစ်သာရကို ထုတ်ဖော်နိုင်တယ်။ ဒီချန်ယင်းရှာရဲ့ တာအိုနည်းပညာက တကယ်ကို ထိတ်လန့်ဖွယ်ပဲ။”
ချန်ယင်းရှာ မိုးကြိုးတာအိုပညာရပ်မှ ဖန်တီးထားသည့် မိုးကြိုးနတ်ဘုရား ဝိညာဉ်ဘီလူးကြီးသည် အစစ်မှန် မိုးကြိုးမဟုတ်ဘဲ၊ သန့်စင်သည့် ရေလှိုင်းသက်သက်သာ ဖြစ်ပါသည်။
သို့သော်, ထိုပေါင်းစပ်ထားသော ရေလှိုင်းများတွင် အသံ၊ အလင်း၊ အရောင်များ ပါဝင်နေပြီး၊ ရှင်ခြင်း နှင့် သေခြင်း၏ ခံစားချက်ပါ ဝေဝေဝါးဝါး ပါဝင်နေသည်။ ထိုအခိုက်အတန့်တွင်၊ ထိုမိုးကြိုးများသည် အစစ်မှန် မိုးကြိုးနှင့်တူပြီး၊ အစစ်မှန်မိုးကြိုး၏ အနှစ်သာရကို ၄၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ထားသည်။
“ဒါက နတ်ဘုရားတိမ်တာအိုဂိုဏ်းရဲ့ မိုးကြိုးပညာရပ်လား။ နတ်ဘုရားတိမ်တာအိုဂိုဏ်းရဲ့ မိုးကြိုးအပေါ် နားလည်မှုဟာ သာမန်တာအိုဂိုဏ်းတွေ ထက် သာလွန်နေပုံပဲ။ ဒါကြောင့်ပဲ ချန်ယင်းရှာက မိုးကြိုးကပ်ဘေးဒုက္ခကို ကျော်ဖြတ်ဖို့ ဒီလောက် စိတ်အားထက်သန်နေတာပဲ။ သူမမှာ အခွင့်အရေး ရှိတယ်။”
အချိန်အနည်းငယ်အတွင်းမှာ၊ ဟုန်ယွိသည် ချန်ယင်းရှာ၏ နတ်ဘုရားတိမ်တာအိုဂိုဏ်း၏ နတ်လေမိုးကြိုးငါးခု တာအိုပညာရပ်ကို ပိုမိုနက်ရှိုင်းစွာ နားလည်လာခဲ့သည်။
“ကလေး….၊ ကောင်းကင်တုန်ခါလေးက မင်းလက်ထဲမှာဆို ကောင်းကင်ဘုံရဲ့ အရင်းမြစ်ကို ဖြုန်းတီးရာ ရောက်နေတယ်။ ငါ့လက်ထဲမှာပဲ ဒီရတနာရဲ့ စစ်မှန်တဲ့စွမ်းအားကို ထုတ်ဖော်နိုင်မှာ။” မိုးကြိုးနတ်ဘုရား ဝိညာဉ်ဘီလူးကြီးထံမှ ထပ်မံ ဟစ်အော်သံ ထွက်ပေါ်လာပြီး၊ တူကြီးကို ထပ်မံ ရိုက်ချလိုက်သည်။ တောက်ပသော ရေပုံစံမိုးကြိုးတစ်ခုသည် ကောင်းကင်တုန်ခါလေးကို ကိုင်ထားသည့် ဝမ်လျှံဆီ ရိုက်ခတ်သွားသည်။
“ဟိုင်း။ နတ်ဆိုးမ၊ မင်း ဘယ်လို အတင့်ရဲရတာလဲ။”
အကြီးအကဲဟွမ်က အော်ဟစ်လိုက်သည်။ သူမ၏ခန္ဓာကိုယ်က ရုတ်တရက် လှုပ်ရှားမူ ရပ်တန့်သွား ပြီး၊ ကျောက်စိမ်းဓားပျံတစ်ချောင်းက သူမ ဘေးကနေ ပျံတက်လာသည်။ ဓားက တံလျပ်သဖွယ် ကျောက်စိမ်းအလင်းတန်းကို ထုတ်လွှတ်ကာ ရေပုံစံမိုးကြိုးကို ကြားဖြတ် တိုက်ခိုက်လိုက် သည်။
“ဒီအဘွားကြီးရဲ့ ကျင့်ကြံမှုက ရုပ်လုံးဖော်ခြင်းအဆင့်မှာပဲ ရှိသေးတယ်၊ သိမ်းပိုက်ခြင်းအဆင့်ကို မရောက်သေးဘူး။ ငါတောင် သူမကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်တယ်။ ဒါပေမယ့် သူမက ချန်ယင်းရှာနဲ့ ယှဉ်ပြိုင်ရဲတယ်ပေါ့။”
ဟုန်ယွိသည် အသံကျယ်လောင်စွာ ဟစ်အော်လိုက်သည့် အဘွားကြီးနှင့် ပျံတက်လာသော ကျောက်စိမ်းဓားကို မြင်လိုက်ရချိန်မှာ၊ အဘွားကြီး၏ တာအိုပညာသည် ရုပ်လုံးဖော်ခြင်းအဆင့်မှာ သာ ရှိသေးသည်ကို သိလိုက်သည်။ တာအိုကျင့်ကြံသူများကြားတွင် သူမကို ကျွမ်းကျင်သူ တစ်ဦးဟု သတ်မှတ်နိုင်ပြီး၊ ရှင်တန်သိုင်းသခင်ဆယ်ဦးကို အလွယ်တကူ အနိုင်ယူနိုင်သည်။ သို့သော်, ငွေငါးမန်းဘုရင်နှင့် ယှဉ်ရင်တော့၊ သူမသည် ပုရွှက်တစ်ကောင်သာသာပင်။
အမှန်တကယ်မှာလည်း….. ဘန်း…..။
ကျောက်စိမ်းဓားသည် အစိတ်စိတ်အမြွှာမြွှာ ပျက်ဆီးသွားပြီး၊ အဘွားကြီး၏ စိတ်ဝိညာဉ်လည်း ကွဲအက်သွားခဲ့သည်။ သူမ၏ စိတ်ဝိညာဉ်သည် ပျက်စီးပြိုကွဲတော့မည့်ပုံပေါ်သည်။
ထိုအချိန်မှာပင်၊ အေးစက်စက် လေပြင်းတစ်ခုက အထွဋ်အထိပ် နတ်ဘုရားဗိုလ်ချုပ်တစ်ဦးဆီကနေ ရုတ်တရက် တိုက်ခတ်လာပြီး၊ လေစီးကြောင်းတစ်ခုအဖြစ် ရစ်ပတ်ရင်း၊ အကြီးအကဲဟွမ်၏ ပျက်စီးလုနီးပါး စိတ်ဝိညာဉ်ကို ပေါ့ပေါ့ပါးပါး ကာကွယ်ပေးလိုက်သည်။ ပြင်းထန်သော စုစည်းမှုနှင့် အတူ အကြီးအကဲဟွမ်၏ စိတ်ဝိညာဉ်သည် ပြန်လည်ပြုပြင်ပြီး ပြန်လည်သက်ဝင်လာခဲ့သည်။
ထို့နောက်၊ အေးစက်စက် လေပြင်းသည် ပြင်းထန်စွာ ပျံ့နှံ့သွားသည်။
ကမ္ဘာကြီးတစ်ခုလုံး ရုတ်တရက် ပြောင်းလဲသွားသည်။
အရောင်အားလုံးဟာ ပျောက်ကွယ်သွားပြီး၊ ကြီးမားသည့် ကြယ်များစွာက တစ်ခုပြီးတစ်ခု ပေါ်ထွက်လာသည်။ ကြယ်စင်စုဝဲဂယက်တစ်ခုသည် ပင်လယ်ရေမျက်နှာပြင်ပေါ်သို့ ဆင်းသက်လာ သည်။
“ယင်ယန်ကြယ်ဝဲဂယက်လား။”
ဟုန်ယွိ၏စိတ်က တုန်လှုပ်သွားခဲ့သည်။ ဝူယွမ်ခရိုင်မှာ၊ ကျောက်ဖေးရုန်သည်လည်း ထိုပညာရပ်ကို အသုံးပြုပြီး သူ့လမ်းကို ပိတ်ဆို့ခဲ့ဖူးသည်။ သို့သော် အခု ထိုပညာရပ်သည် ကျောက်ဖေးရုန် အသုံးပြုစဉ်ကထက် ဆယ်ဆပိုပြီး အစွမ်းထက်သည်။
“ယန်ကျင့်ကျုံ၊ ရှင်က အဲဒီမှာ ပုန်းနေပြီး ရှင်တန်သိုင်းသခင်တစ်ဦးကို သိမ်းပိုက်ထားတာလား။ ရှင် ကျွန်မကို ရင်ဆိုင်နိုင်မယ်လို့ ထင်နေတာလား။”
ချန်ယင်းရှာ၏အသံက ထပ်မံ ထွက်ပေါ်လာသည်။
“ဒီလူက အထွဋ်အထိပ်ကောင်းကင်နယ်မြေ, ခေါင်းဆောင်ရဲ့ ခင်ပွန်းဖြစ်သူ ယန်ကျင့်ကျုံပဲ။ ဟုန်ယွိ၊ မင်း သတိထားပါ။” တစ်ချိန်တည်းဆိုသလို ချန်ယင်းရှာ၏ သတိပေးအသံက ဟုန်ယွိ၏ စိတ်ထဲကို ဝင်ရောက်လာပါသည်။
အခန်း (၁၈၃)။
“တကယ်ပဲ ငွေငါးမန်းဘုရင်ကိုး။ ကျုပ်တို့ အထွဋ်အထိပ်ကောင်းကင်နယ်မြေက ယင်ယန် မက်မွန် နတ်ဘုရားဓားကို ပြန်လည်ရယူဖို့ လာခဲ့တာပဲ။ ကျုပ်တို့က ငွေငါးမန်းဘုရင်ကို ဘယ်လိုပြစ်မှားမိလဲ မသိဘူး။ ဒါပေမယ့်၊ ငွေငါးမန်းဘုရင်က ငါးမန်းတစ်သောင်းဝင်္ကပါကို တည်ဆောက်ပြီး၊ ကိုယ်တိုင် တောင် တိုက်ခိုက်လာပြီး ကျုပ်တို့ရဲ့ အထွဋ်အထိပ် အကြီးအကဲတွေနဲ့ ကျွမ်းကျင်သူတွေကို သတ်ဖြတ်ဖို့ ကြံစည်နေတယ်ပေါ့။ ကျုပ်တို့ အထွဋ်အထိပ်ကောင်းကင်နယ်မြေက ငွေငါးမန်းဘုရင် ကို တစ်ခုခုများ ပြစ်မှားမိလို့လား။ ဒါမှမဟုတ် ငွေငါးမန်းဘုရင်က ရတနာကို မြင်ပြီး ဂုဏ်သိက္ခာကို ဂရုမစိုက်ဘဲ၊ ဂျူနီယာတွေကို သတ်ဖြတ်ပြီး လုယူဖို့ ကြံစည်နေတာလား။”
ထိုအချိန်မှာပင်၊ နက်ရှိုင်းသော အမျိုးသားတစ်ဦး၏ အသံက ထွက်ပေါ်လာသည်။ ပင်လယ် ရေမျက်နှာပြင်ပေါ်ရှိ ကြယ်စင်စုဝဲဂယက်က လှိုင်းထန်လာသည်။ ထိုအသံက မည်သည့်နေရာမှ ရောက်လာလဲဆိုသည်ကို မည်သူမှ မသိနိုင်ပါဘူး။
ရေကနေ ဖွဲ့စည်းထားသည့် မိုးကြိုးနတ်ဘုရား ဝိညာဉ်ဘီလူးကြီးသည် ကောင်းကင်နှင့် မြေကြီးကို မထိဘဲ ကြယ်ဝဲဂယက်ထဲမှာ တစ်ယောက်တည်း ရပ်တည်နေသည်။
“ဒီပုံရိပ်ယောင်ပညာရပ်လေးနဲ့ ငါ့ကို ထောင်ချောက်ထဲ ထည့်ချင်တယ်ပေါ့။ ယန်ကျန်းကျုံး၊ ရှင် ကျွန်မကို သိပ်အထင်သေးတာပဲ။ ရှင့်ရဲ့မှော်စွမ်းအား နဲ့ တာအိုပညာရပ်တွေက ရှင်မထက် နိမ့်တယ်။ ဒါတောင် ရှင်ဒီလိုလုပ်ရဲတယ်ပေါ့။ ရှင်က တစ္ဆေအင်မော်တယ်အဆင့်ကိ ကျင့်ကြံပြီးသားဆိုပေမယ့်၊ တစ္ဆေအင်မော်တယ်တွေမှာလည်း အဆင့်အမျိုးမျိုး ရှိတယ်။ ရှင်က ကျွန်မကို အနိုင်ယူနိုင်မယ်လို့ ထင်နေတာလား။ ရှင်နဲ့ရှင့်ဇနီးနှစ်ယောက်ပေါင်းမှ ကျွန်မကို ယှဉ်နိုင်လိမ့်မယ်။ ဖျက်ဆီးစမ်း။”
ချန်ယင်းရှာက ရယ်မောသံဖြင့် ပြောလိုက်သည်။ ရုတ်တရက် သူမက လက်ကို ဝှေ့ယမ်းလိုက်ပြီး၊ ကောင်းကင်တခွင် မိုးကြိုးလျှပ်စီးတွေနှင့် ပြည့်နှက်သွားခဲ့သည်။ မရေတွက်နိုင်အောင် များပြားသည့် ထူထပ်သော လျှပ်စီးမြွေများ၊ လျှပ်စီးစပါးဦးမြွေများ၊ လျှပ်စီးနဂါးများနှင့် ငွေရောင်လျှပ်စီးများက ကောင်းကင်ကို အဆက်မပြတ် တုန်လှုပ်စေသည်။ ချက်ချင်းဆိုသလို၊ ကြယ်ဝဲဂယက်ဖြင့် ဖန်တီးထားသော ပုံရိပ်ယောင်အသွင်ပြင်သည် ပြိုကွဲပျက်စီးသွားပြီး၊ ပင်လယ်ရေမျက်နှာပြင်သည် မူလအနေအထားသို့ ပြန်လည်ရောက်ရှိသွားသည်။
ငါးမန်းအလောင်းတွေက နေရာအနှံ့မှာ ပြန့်ကျဲနေပြီး၊ သွေးအနံ့တွေက လေထဲမှာ ပျံ့နှံ့နေသည်။ သို့သော် ပင်လယ်ကြီးက တည်ငြိမ်သွားပြီး၊ ငါးမန်းတွေလည်း ပင်လယ်ကြီး၏ နက်ရှိုင်းသောနေရာ သို့ ဆုတ်ခွာသွားပုံရသည်။ ပင်လယ်ရေမျက်နှာပြင်ပေါ်မှာ သူတို့၏အရိပ်အယောင်တွေ မရှိတော့ပါ ဘူး။
ကောင်းကင်ကြီးလည်း တဖြည်းဖြည်း လင်းလက်လာသည်။ အရှေ့ဘက်ကောင်းကင်က အဖြူရောင် သမ်းနေလာပြီး၊ ပင်လယ်ရေမျက်နှာပြင်ပေါ်မှာ ရွှေရောင်မျဉ်းတစ်ခုက မှိန်ဖျော့စွာ တောက်ပနေ သည်။
ထိုမြင်ကွင်းက နေထွက်တော့မည့် လက္ခဏာ ဖြစ်သည်။ ကောင်းကင်ကြီးသည် မကြာခင် လင်းလက်လာတော့မည်။
“လခွမ်း၊ ချန်ယင်းရှာရဲ့ မှော်စွမ်းအားက တကယ်ကို သန်မာလွန်းတာပဲ။ သူမက ပုံရိပ်ယောင် မြင်ကွင်းကို ချက်ချင်း ဖျက်ဆီးပစ်နိုင်တယ်။ ဒီပုံရိပ်ယောင်ပညာရပ်ရဲ့ စွမ်းအားကို ငါသိတယ်။ တကယ်လို့ ငါသာ မက်မွန်နတ်ဘုရားဓားထဲမှာတုန်းက ဖျက်ဆီးခြင်း မင်စီဘုရင်ကို အသုံးမပြုခဲ့ရင်၊ ကျောက်ဖေးရုန်ရဲ့လက်ထဲမှာ ငါ သေသွားနိုင်တယ်။ အခုတော့ မက်မွန်နတ်ဘုရားဓားက သူ့စွမ်းအားကို ဆုံးရှုံးထားပြီးပြီ။ ငါသာ ကျောက်ဖေးရုန်နဲ့ ထပ်မံတိုက်ခိုက်ရရင်, ငါရှုံးမှာ မဟုတ်ပေ မယ့်၊ ပြင်းထန်တဲ့တိုက်ပွဲတစ်ခု ဖြစ်လာဦးမှာပဲ။ ဒါပေမယ့် ဒီယန်ကျင့်ကျုံက အထွဋ်အထိပ် ကောင်းကင်နယ်မြေ ခေါင်းဆောင်ရဲ့ ခင်ပွန်းဖြစ်ပြီး၊ ဒီကမ္ဘာပေါ်က ထိပ်တန်းပုဂ္ဂိုလ်တစ်ဦး ဖြစ်တယ်။ သူက ကျော့ဖေးရုံထက် အဆပေါင်းများစွာ သာလွန်တယ်။ ငါ သူ့ရဲ့ပုံရိပ်ယောင်ပညာရပ် ကို ဖျက်ဆီးဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါပေမယ့် ချန်ယင်းရှာကတော့ ပြုံးရယ်ပြီး အလွယ်တကူ ဖျက်ဆီးလိုက်တယ်။ ဒီငါးမန်း မဟုတ်ဘူး…၊ ဒီအမျိုးသမီးက တကယ်ကို သန်မာလွန်းတယ်။ ဟာကူဇိယွဲ့ ဒီအမျိုးသမီး ဘယ်သူက ပိုသန်မာလဲ မသိဘူး။”
ဟုန်ယွိသည် ကြယ်စင်စုဝဲဂယက်၏ စွမ်းအားကို အရင်က ခံစားဖူးခဲ့ပြီးဖြစ်သည်။
ရောက်ရှိလာသူဟာ အထွဋ်အထိပ်ကောင်းကင်နယ်မြေ ခေါင်းဆောင်၏ ခင်ပွန်းဖြစ်ပြီး၊ ကျောက်ဖေးရုန်ထက် ပိုသန်မာသည်။ ဟုန်ယွိသည် ဒီထိုပုံရိပ်ယောင်ပညာရပ်ကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူးဟု ခံစားရသည်။ သို့သော်, ချန်ယင်းရှာက ၎င်းကို အလွယ်တကူ ဖျက်ဆီးလိုက်သည်။ ထို့အပြင်, သူမစကားထဲမှာ၊ ပြိုင်ဘက်က သူမထက် အားနည်းသည်ဟု ထောက်ပြ ပြောဆိုပြီး၊ သူတို့ဇနီးမောင်နှံပေါင်းမှ သူမကို ယှဉ်နိုင်မည်ဟုပင် ပြောခဲ့သည်။
“မဟာနတ်ဆိုးအင်မော်တယ် ရှစ်ပါးထဲက တစ်ဦးဆိုတဲ့အတိုင်း တကယ်ကို မျှော်လင့်ထားသလိုပါလား။ မဟာနတ်ဆိုးအင်မော်တယ်တွေဟာ တကယ်ကို ပြိုင်ဘက်ကင်း ကျွမ်းကျင်သူတွေပဲ။”
ဟုန်ယွိသည် ထိုငွေးငါးမန်းဘုရင်ကို စတင်လေးစားလာပြီး၊ သဘောပေါက်လိုက်သည်။
“ငွေငါးမန်းဘုရင်က တကယ်ကို ငွေငါးမန်းဘုရင်ပဲ။
ကြယ်စင်စုဝဲဂယက် ပျောက်ကွယ်သွားချိန်မှာ၊ ငါးမန်းတွေလည်း ပြန့်ကျဲသွားပြီး၊ ပင်လယ်ကြီးသည် တည်ငြိမ်မှုကို ပြန်လည်ရရှိလာသည်။ မိုးကြိုးနတ်ဘုရားအဖြစ် ပြောင်းလဲထားသော ချန်ယင်းရှာသည် ပင်လယ်ပြင်ပေါ်မှာ ဝင့်ကြွားစွာ ရပ်တည်နေပြီး၊ အောက်မှာရှိနေသည့် အထွဋ်အထိပ်ကောင်းကင်နယ်မြေ၏ ဒါဇင်နှင့်ချီသော သင်္ဘောများကို အေးစက်စွာ စိုက်ကြည့်နေသည်။
တစ်ချိန်တည်းမှာပင်, အထွဋ်အထိပ်ကောင်းကင်နယ်မြေ၏ သင်္ဘောများရှေ့မှာ ငါးရောင်ခြယ် ကြယ်အလင်းများဖြင့် ဖွဲ့စည်းထားသော အမျိုးသားတစ်ဦး ပေါ်ထွက်လာသည်။ ထို့နောက်၊ ကြယ်အလင်းများသည် သိပ်သည်းသထက် သိပ်သည်းလာခဲ့ပြီး၊ ပြီးပြည့်စုံသည့် ရုပ်ခန္ဓာကိုယ်တစ်ခု အဖြစ် စုစည်းသွားခဲ့သည်။ ထိုအမျိုးသားသည် ခပ်မြင့်မြင့် ရွှေသရဖူတစ်ခုကို ဆောင်းထားပြီး၊ ဖျော့တော့တော့ ကွန်ဖြူးရှပ် ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ့မျက်နှာက နူးညံ့ပြီး ပညာရှင်တစ်ဦးနှင့် အလွန်တူသည်။
ထိုအမျိုးသားသည် ပညာရှင်တစ်ဦး၏ စိတ်နေသဘောထားရှိပြီး၊ တည်ငြိမ်အေးဆေးကာ၊ တာအိုပညာရှင်တစ်ဦးနှင့် လုံးဝ မတူပေ။
ဟုန်ယွိသည် ထိုအမျိုးသား၏ ကိုယ်အမူအရာကို တခဏလောက် စောင့်ကြည့်ရုံဖြင့်, ထိုလူသည် ရန်ဆိုင်ရ မလွယ်ကူဟု ခံစားလိုက်ရသည်။ သူ့စိတ်ထဲတွင်, ဤအမျိုးသားသည် ဝူအိမ်တော်ထိန်း အဆင့်တူ ကြောက်မက်ဖွယ် ကျွမ်းကျင်သူတစ်ဦးဖြစ်မည်ဟု ဝိုးတဝါး ခံစားရသည်။ ကျောက်ဖေးရုန် ယောင်ယွဲ့ရူတို့လို လူငယ်ကျွမ်းကျင်သူများနှင့် ယှဉ်ရင်၊ သူသည် အဆပေါင်းများစွာ သာလွန်သည်။
“ဒါပေမယ့် ဒီနေ့က တိုက်ခိုက်ဖို့ အချိန်မဟုတ်ဘူး။ ကျုပ်တို့ အထွဋ်အထိပ်ကောင်းကင်နယ်မြေက ငွေငါးမန်းဘုရင်နဲ့ ရန်ငြိုးမရှိဘူး။ ဒါပေမယ့် ငွေငါးမန်းဘုရင်က ကျုပ်နဲ့ တိုက်ခိုက်ချင်တယ်ဆိုရင် တော့၊ အချိန်တစ်ခုသတ်မှတ်ပြီး တစ်ဦးချင်း ယှဉ်ပြိုင်ကြတာပေါ့…”။
ယန်ကျန်းကျုံးက ကျယ်လောင်စွာ ရယ်မောလိုက်သည်။
“ရန်ငြိုးမရှိဘူးပေါ့ ဟုတ်လား။ သာမန်လူတစ်ယောက်ဟာ အပြစ်ကင်းပေမယ့်၊ ရတနာကို ပိုင်ဆိုင်ထားရင်တော့ ရာဇဝတ်မှု ဖြစ်လာတယ်။ အခု ရှင်တို့မှာ ကောင်းကင်တုန်ခါလေးနဲ့ အကန့်သတ်မဲ့မြှားကို ပိုင်ဆိုင်ထားတာက ရာဇဝတ်မှုမြောက်နေတယ်။ ဒါကြောင့် ကျွန်မနဲ့ရှင်က ရန်သူ ဖြစ်သွားပြီ။ ရှင်တို့က ကောင်းကင်တုန်ခါလေးနဲ့ အကန့်သတ်မဲ့မြှားကို လိမ္မာပါးနပ်စွာနဲ့ အပ်လိုက်ရင်တော့ ရန်ငြိုးမရှိတော့ဘူးပေါ့။ မဟုတ်ရင်တော့၊ ဒီနေ့ ပင်လယ်ထဲကနေ အသက်ရှင် လွတ်မြောက်ဖို့ မစဉ်းစားနဲ့။
ချန်ယင်းရှာ၏ ဟန်ဆောင်ခြင်းကင်းမဲ့သည့် ရယ်မောသံက ထွက်ပေါ်လာသည်။
“ဟား….၊ ဟား….၊ လူတွေက နတ်ဆိုးအင်မော်တယ်တွေကို ကျိုးကြောင်းဆီလျော်မူ မရှိသူတွေလို့ ပြောကြတယ်။ ဒီစကားက တကယ်မှန်တာပဲ။ ခင်ဗျားမှာ အစွမ်းအစ ရှိတယ်ဆိုရင်၊ ကောင်းကင်တုန်ခါလေးနဲ့ အကန့်သတ်မဲ့မြှားကို လာယူလှည့်ပါ။”
ယန်ကျန်းကျုံးက ထပ်မံ ရယ်မောလိုက်သည်။ ချန်ယင်းရှာ၏ ရိုင်းစိုင်းသော စကားတွေကြောင့် သူသည် လုံးဝ ဒေါသမထွက်ခဲ့ပါဘူး။ ယင်းက သူ၏ ခိုင်မာသောစွမ်းအားနှင့် လိမ္မာပါးနပ်မှုကို ပြသနေသည်။
“ရှောင်လျံ၊ မင်းတို့ ဟုန်ယွိကို ဆက်ပြီး လိုက်သတ်ပါ။ ဒီကိစ္စကို ငါ ကိုင်တွယ်မယ်။ ဟုန်ယွိကို လုံးဝ လွတ်မသွားစေနဲ့။ အထူးသဖြင့် မက်မွန်နတ်ဘုရားဓားကို ရယူဖို့ မမေ့နဲ့။”
“ရှင်တို့ မက်မွန်နတ်ဘုရားဓားကို လိုချင်နေတာ မဟုတ်လား။ ရှင်တို့ သွားယူနေစရာ မလိုဘူး။” ချန်ယင်းရှာက ထပ်မံ ရယ်မောလိုက်သည်။ အစိမ်းရောင်အလင်းတစ်ခုသည် အဝေး ပင်လယ်ရေ မျက်နှာပြင်ပေါ်မှ ပျံထွက်လာပြီး၊ လေထဲမှာ ရပ်တန့်သွားသည်။ အမှန်ပင် ထိုအလင်းတန်းသည် မက်မွန်နတ်ဘုရားဓား ဖြစ်နေသည်။
“ဟမ်။ မက်မွန်နတ်ဘုရားဓားက ခင်ဗျားလက်ထဲမှာ ရှိနေတာကိုး။” ယန်ကျန်းကျုံးက အံ့အားသင့်စွာ ပြောသည်။ ထို့နောက်၊ သူ့ခန္ဓာကိုယ်က ကြယ်အလင်းတွေ တောက်ပလာပြီး၊ သူ တွေးနေသည့်အရာကို မည်သူမှ မသိနိုင်ပါဘူး။
“အံ့ဩစရာ မဟုတ်တော့ဘူး။ ငွေငါးမန်းဘုရင် ခင်ဗျား ကျုပ်တို့ အထွဋ်အထိပ် ကောင်းကင်နယ်မြေကို ဆန့်ကျင်နေတာ အံ့ဩစရာ မဟုတ်တော့ဘူး ပဲ။ ဟုန်ယွိက ခင်ဗျားကို မက်မွန်နတ်ဘုရားဓားကို ပေးခဲ့တာကြောင့်ပဲ။ ခင်ဗျားက သူ့ကို ကာကွယ်ဖို့ ထွက်လာတာပဲ။” ယန်ကျန်းကျုံးက အမှန်တရားကို ချက်ချင်း ခန့်မှန်းလိုက်သည်။
“မဆိုးဘူး၊ မဆိုးဘူး။ ယန်ကျန်းကျုံး၊ ရှင်ခန့်မှန်းတာ မမှားဘူး။ ဒါကြောင့် ရှင်တို့ ဟုန်ယွိကို သတ်ချင်ရင်၊ ကျွန်မကို အရင်ကျော်ဖြတ်ရမယ်။” ချန်ယင်းရှာက ပြောသည်။
“ငွေငါးမန်းဘုရင်၊ ကျုပ် ခင်ဗျားကို အမှန်တိုင်းပြောပြမယ်။ ဘယ်လိုဖြစ်ဖြစ်, ခင်ဗျား ဟုန်ယွိကို ကာကွယ်နိုင်မှာ မဟုတ်ဘူး။ တောင်ပိုင်းပြည်နယ်ခုနှစ်ရဲ့ ဘုရင်ခံ ဝေတိုင်ကန်နဲ့ ဉဒေါင်းဘုရင်ရဲ့ သမီး ရှင်းယုဆန်တို့ဟာ ပင်လယ်တောင်ဘက် မိုင်ဆယ်ကျော်အကွာမှာ ရောက်ရှိနေပြီ။ သူတို့က ဟုန်ယွိကို သတ်ဖို့ ရောက်လာကြတာပဲ။ ခင်ဗျားမှာ ခေါင်းသုံးလုံးနဲ့ လက်ခြောက်ဖက်ရှိရင်တောင်၊ ဘာလုပ်နိုင်မှာလဲ။ အဲဒီဟုန်ယွိက တိုင်ရှန်တာအိုဂိုဏ်းရဲ့ အရေးကြီးတဲ့ နယ်ရုပ်တစ်ခုပဲ။ လူတိုင်းက သူ့ကို ဖယ်ရှားချင်နေကြတယ်။ အခုဆို ဉဒေါင်းဘုရင်၊ ကောင်းကင်မြွေဘုရင်၊ ဆန်းကြယ်ကောင်ကင်ဘုံခန်းမရဲ့ ခန်းမသခင်တို့ ဇနီးမောင်နှံ၊ မဟာအကြီးအကဲ သူတော်စင်တူယွမ် နဲ့ ပိုင်ဖေးရှန်တို့ အပါအဝင် ထိပ်တန်းကျွမ်းကျင်သူငါးဦးက မိုနိုဂိုတာရီကို လိုက်သတ်ဖို့ ပင်လယ်ပြင်ကို ရောက်လာကြပြီ။ ခင်ဗျား တိုင်ရှန်တာအိုဂိုဏ်းနဲ့ ပတ်သတ်နေရင် ခင်ဗျားလည်း ဒီဘေးကြီးကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး….။”
ယန်ကျင့်ကျုံက စကားလုံးတစ်လုံးချင်းစီကို စွမ်းအားအပြည့်ဖြင့် ပြောလိုက်သည်။ သူ့အသံဟာ သြဇာပြည့်ဝပြီး အင်အားအပြည့်ရှိသည်။ သူသည် ရန်သူကို တိုက်ခိုက်မှုမရှိဘဲ ဖိနှိပ်နိုင်သည့် ဖိအားတစ်ခုကို သဘာဝကျကျ ဖန်တီးလိုက်ခြင်း ဖြစ်သည်။
“ဘာ။ ဒီလောက်လူတွေအများကြီးက မိုနိုဂိုတာရီကို လိုက်သတ်နေကြတာလား။
ဟုန်ယွိ၏ အတွေးမျှင်တစ်ခုက ထိုစကားတွေကို ရှင်းလင်းစွာ ကြားလိုက်ရသည်။
သူသည် မိုနိုဂိုတာရီဆိုသည့် နာမည်ကို အကြိမ်များစွာ ကြားဖူးခဲ့ပြီးပြီ။ သူသည် တိုင်ရှန်တာအိုဂိုဏ်း၏ ခေါင်းဆောင်ဖြစ်ပြီး၊ အမှန်တိုင်းပြောရရင် သူ့အမေ၏အစ်ကိုဖြစ်သလို, သူ့ဦးလေးလည်း ဖြစ်သည်။
သို့သော် ဟုန်ယွိသည် ဒီကမ္ဘာပေါ်မှာ နံပါတ်တစ်တာအိုပညာရှင်ဖြစ်သည့် ထိုဦးလေးအပေါ်မှာ မျှော်လင့်ချက် သိပ်မထားခဲ့ပါဘူး။ တိုင်ရှန်တာအိုဂိုဏ်းနဲ့ ကြီးမြတ်သောလမ်းစဉ်ကို ဘေးဖယ်ထား ရင်၊ မိုနိုဂိုတာရီကိုယ်တိုင်က ခန္ဓာကိုယ်ကို ဖျက်ဆီးပြီး သုံးကြိမ်တိုင်တိုင် ပြန်လည်ဝင်စားခဲ့သူ ဖြစ်သည်။ သူ့အမေသည် သူ၏ဒုတိယအကြိမ် ပြန်လည်ဝင်စားသူနှင့် ဆွေမျိုးသားချင်း ဖြစ်ခဲ့သည်။ တတိယအကြိမ် ပြန်လည်ဝင်စားပြီးနောက်မှာ၊ အရာအားလုံးက ပြတ်တောက်သွားခဲ့ပြီ။
သာမန်တစ္ဆေအင်မော်တယ်တစ်ဦးသည် ခန္ဓာကိုယ်ကို ဖျက်ဆီးပြီး ပြန်လည်ဝင်စားသည့်အခါ၊ ပထမဘဝမှ မိသားစုဆွေမျိုးသားချင်းများနှင့် ချစ်ခြင်း မေတ္တာတွေကို ဖြတ်တောက်ပစ်ရမည်။ ဒုတိယဘဝသို့ သယ်ဆောင်လာ၍ မရပေ။ မဟုတ်ရင် သူတို့အတွေးတွေက ရှင်းလင်းတော့မှာ မဟုတ်သလို သူ့တို့ကျင့်ကြံမူကလည်း တိုးတက်တော့မှာ မဟုတ်ပါဘူး။
မိုနိုဂိုတာရီလို ကျွမ်းကျင်သူတစ်ဦးဆိုရင် ပို၍ပင် ပြောစရာမလိုချေ။
ထို့အပြင်, အကယ်၍, သူသာ ကူညီချင်ခဲ့ပါက, သူသည် လွန်ခဲ့တဲ့ အချိန်ကာလကြာမြင့်စွာကတည်းက ကူညီပြီးသား ဖြစ်လိမ့်မည်။ သူသည် ဒိုင်ဇင်ဘုရားကျောင်း၏ တာအိုပညာရပ်တွေကို သင်ယူနေစရာပင် မလိုချေ။
ပြောရရင်, အကယ်၍ အခုချိန်မှာ သူတို့တွေ့ဆုံခဲ့လျှင်ပင်, သူစိမ်းတွေလို ဖြစ်နေပါဦးမည်။ ဟုန်ယွိသည် သူ့ဦးလေးဟုခေါ်သည့် ထိုလူက သူ့အမေအတွက် တရားမျှတမှုကို ရှာဖွေဖို့ ကူညီပေးည်ဟု မယုံကြည်ပါဘူး။ ထိုသို့မဟုတ်လျှင်၊ သူ့တာအိုပညာရပ်တွေနှင့်ဆိုရင်၊ ဟုန်ရွှန်ကျီအပေါ် လက်စားချေရန်မှာ မဖြစ်နိုင်ခြင်း မဟုတ်ပေ။
“ဒါပေမယ့် ဒီလောက်များတဲ့ ထိပ်တန်းကျွမ်းကျင်သူတွေ မိုနိုဂိုတာရီကို လိုက်သတ်နေကြတာဆိုတော့၊ ဒီမိုနိုဂိုတာရီလည်း မလွယ်လောက်ဘူး။ တိုင်ရှန်တာအိုဂိုဏ်း။ ထိုက်ကျုံးနဲ့ ကောင်းကျုံးတို့ရဲ့ သေဆုံးမှုတွေက တကယ်ပဲ တိုင်ရှန်တာအိုဂိုဏ်းနဲ့ ဆက်စပ်နေတယ်ဆိုရင်၊ တိုင်ရှန်တာအို ဂိုဏ်းက ယခင်ဧကရာဇ်ရဲ့ ဘက်တော်သားများ ဖြစ်မနေဘူးလား။ ဧကရာဇ်အာဏာက ဒါကို ဘယ်တော့မှ ခွင့်လွှတ်ထားမှာ မဟုတ်ဘူး။ ဒါပေမယ့် အခု ဒီကိစ္စကို တွေးနေရမယ့်အချိန် မဟုတ်ဘူး။ ငါ့ကိုလိုက်သတ်နေတဲ့ အုပ်စုနှစ်ခုတောင် ရှိနေတယ်။ လခွမ်း…၊ ဒီယန်ကျန်းကျုံးကို အရင် ဖယ်ရှားရမယ်။
ဟုန်ယွိသည် စိတ်ထဲမှာ တွေးလိုက်သည်။ ရုတ်တရက် သူက စွမ်းအားအားလုံးကို စုစည်းပြီး၊ ပြင်းထန်သည့် တိုက်ခိုက်မှုတစ်ခုကို လုပ်ဆောင်လိုက်ပါ သည်။
ထိုအချိန်မှာတွင် မိုင်ဆယ်ကျော်အကွာမှာ၊ စစ်သင်္ဘောတစ်စီး၏ ကုန်းပက်လက်ပေါ်မှာ ရပ်နေသည့် ဟုန်ယွိသည် ရုတ်တရက် ထိတ်လန့်သွားပြီး၊ သူ့တစ်ကိုယ်လုံး ထိုင်ခုံပေါ်ကို ပြန်လဲကျသွားသည်။ သူ့မျက်နှာက သေဆုံးသွားသည့်အလား ဖြူဖျော့လာသည်။ တစ်ချိန်တည်းမှာပင်၊ အေးစက်စက် လေပြင်းတစ်ချက်က သူ့မျက်ခုံးကြားကနေ ပစ်လွှတ်သွားပြီး၊ လေတိုးသံကို သယ်ဆောင်ကာ ပင်လယ်ရေမျက်နှာပြင်နှင့် ကပ်လျက် ပြေးထွက်သွားကာ၊ လှိုင်းလုံးတွေကြား ရှင်းလင်းပြတ်သားသည့် ရေတူးမြောင်းတစ်ခုကို ဖန်တီးလိုက်သည်။
ဘေးမှာရပ်နေသည့် သခင်ကျိုးသည် ဟုန်ယွိ၏ ထိုလှုပ်ရှားမှုကို မြင်ပြီး၊ လှိုင်းတွေကို ထိုးဖောက်လာသည့် အမြန်သင်္ဘောကြီး တစ်စီးကဲ့သို့ ဟုန်ယွိ၏ ကြီးမားသော စိတ်ဝိညာဉ်စွမ်းအားကို ခံစားလိုက်ရသည်။ သူ့နှလုံးဟာ တဒိတ်ဒိတ်ခုန်လာသည်။
မုကလေးနှင့် အခြားလူများသည် ဟုန်ယွိကို ချက်ချင်း ကာကွယ်လိုက်ကြပြီး၊ တစ်ချိန်တည်းမှာပင် ယွမ်ယန်ကောင်းကင်ပုလဲကနေ ပြုလုပ်ထားသည့် ဆေးလုံးတစ်လုံးကို တိုက်ကျွေးကာ ဆုံးရှုံးသွားသည့် ချီနှင့်သွေးကို ပြန်လည်ဖြည့်တင်းပေးလိုက်သည်။
ဟုန်ယွိသည် သူ့စွမ်းအားအားလုံးကို အသုံးပြုပြီး၊ သူ့စိတ်ဝိညာဉ်ကို ခန္ဓာကိုယ်ကနေ ထွက်ခွာလိုက်ခြင်း ဖြစ်သည်။
“ဟား…၊ ဟား….၊ ယန်ကျင့်ကျုံ၊ ရှင်က ဒီစကားတွေနဲ့ ကျွန်မချန်ယင်းရှာကို ခြောက်လှန်းနိုင်မယ်လို့ ထင်နေတာလား။ ကျွန်မချန်ယင်းရှာဟာ ရာစုနှစ်သုံးခုကျော် ကျင့်ကြံခဲ့ပြီးပြီ။ ကျွန်မမြင်ဖူးတဲ့ ကျွမ်းကျင်သူတွေဟာ ရှင်စားဖူးတဲ့ ဆန်စေ့တွေထက်တောင် ပိုများတယ်။ အတိတ်ကာလ ကျွန်မ မသေခင်တုန်းကဆို, ကျွန်မဟာ ဘုန်းတော်ကြီး ယန်ယွဲ့ကိုတောင် ချုံခိုတိုက်ခိုက်ရဲတယ်။ ဒီနေ့, ရှင်တို့ရဲ့ ကောင်းကင်တုန်ခါလေးနဲ့ အကန့်သတ်မဲ့မြှားကို ကျွန်မ အရယူမယ်။ ကျွန်မ မိုးကြိုးကပ်ဘေးဒုက္ခကို ဖြတ်ကျော်ပြီးတာနဲ့ မဟာနတ်ဆိုးအင်မော်တယ်ရှစ်ဦးထဲက ဦးဒေါင်းဘုရင်ရဲ့ နေရာလည်း ပြောင်းလဲသွားလိမ့်မယ်။”
ချန်ယင်းရှာက ထပ်မံ ရယ်မောလိုက်ပြီး၊ ယန်ကျင့်ကျုံ၏ စကားတွေက သူမအပေါ် လုံးဝ မသက်ရောက်ပေ။
“ယင်းရှာမိန်းကလေး စကားလုံးတွေနဲ့ အချိန်ဖြုန်းမနေနဲ့တော့။ အရင်ဆုံး သူ့ကို သတ်ဖို့ အတူလက်တွဲ လုပ်ဆောင်ကြမယ်။ ပြီးရင် ဉဒေါင်းဘုရင်ရဲ့သမီးကို ကိုင်တွယ်မယ်။”
ရုတ်တရက်၊ ပင်လယ်မျက်နှာပြင်ပေါ်မှ ပြင်းထန်သော လေပြင်းတစ်ချက် တိုက်ခတ်လာပြီး၊ လှိုင်းတွေက နှစ်ခြမ်းကွဲသွားသည်။
ထိုလေပြင်းက မိုးကြိုးလို လျင်မြန်သည်။ ချန်ယင်းရှာ၏ မိုးကြိုးနတ်ဘုရား ဝိညာဉ်ဘီလူးကြီးဆီ ရောက်ရှိလာသည့်အခါ၊ လေပြင်းက အပေါ်ကို ပျံတက်သွားသည်။ ကြီးမားသည့် ဧရာမ နတ်ဆိုးခေါင်းကြီး ငါးခုက ဝိုးတဝါး ပေါ်ထွက်လာသော်လည်း ချက်ချင်းပင် အစွမ်းထက်သည့် ဝဲဂယက်တစ်ခုကြောင့် ဖျက်ဆီးခံလိုက်ရသည်။ ပင်လယ်ပြင်ထက် ကောင်းကင်ယံမှာ ကြီးမားပြီး မွှေနှောက်လှည်ပတ်နေသော ဝဲဂယက်ကြီးတစ်ခု ပေါ်ထွက်လာသည်။
ထိုဝဲဂယက်ကြီး၏ စုပ်ယူခြင်းစွမ်းအားသည် အလွန်ပြင်းထန်လွန်းသောကြောင့်၊ ရှိနေသူအားလုံး၏ ဝိညာဉ်များ ယိမ်းယိုင်သွားကြသည်။ မကြာသေးခင်ကမှ ဒဏ်ရာရထားသော အဘွားကြီး အကြီးအကဲဟွမ်၏ စိတ်ဝိညာဉ်သည် ချက်ချင်း ခန္ဓာကိုယ်ကနေ ထွက်ခွာသွားပြီး၊ ဝဲဂယက်ထဲကသို့ စုပ်ယူခံလိုက်ရသည်။ ချက်ချင်းဆိုသလို၊ စိတ်ဝိညာဉ်သည် အစိတ်စိတ်အမြွှာမြွှာ ဆုတ်ဖြဲခံလိုက်ရသည်။
ယင်စိတ်ဝိညာဉ် သေဆုံးသွားချိန်မှာ၊ အကြီးအကဲဟွမ်၏ ခန္ဓာကိုယ်သည် ချက်ချင်းဆိုသလို ကြမ်းပြင်ပေါ် ပြိုလဲသွားသည်။
သို့သော်, ထိုအဖြစ်ပျက်က မြို့ရိုးမှာ မီးလောင်နေတုန်း ရေကန်ထဲက ငါးတွေ ဘေးအန္တရာယ် ကျရောက်ခဲ့သည့် သဘောမျိုးသာ ဖြစ်သည်။ ထိုဝိညာဉ်ဝဲဂယက်၏ တကယ့်ရည်ရွယ်ချက်က ယန်ကျင့်ကျုံ၏ ကြယ်အလင်းခန္ဓာကိုယ်ဖြစ်သည်။
ထိုအချိန်တွင်, ဟုန်ယွိသည် သူ့စွမ်းအားအားလုံးကို စုစည်းထားသည်။ သူ့စိတ်ဝိညာဉ်က ခန္ဓာကိုယ်ကနေ ထွက်ခွာပြီး ပျံသန်းလာခဲ့သည်။ သူသည် ယင်ဝိညာဉ်နတ်ဆိုးများကို ဖျက်ဆီးပြီး၊ ချီဝိညာဉ်ဝဲဂယက်ကို ဖော်ဆောင်လိုက်ခြင်း ဖြစ်သည်။
ထိုပြင်းထန်သော တိုက်ခိုက်မှုသည် အားလုံးကို တစ်ကြိမ်တည်းဖြင့် အလောင်းစားလိုက်သကဲ့သို့ ဖြစ်သည်။ ထိုတိုက်ခိုက်မူသည် ကောင်းကင်နှင့်မြေကြီးကို ဖျက်ဆီးနိုင်သည့် ပြင်းထန်သော တိုက်ခိုက်မှုဖြစ်ပြီး၊ မိုးကြိုးလို လျင်မြန်သည်။
သူ့ကို လိုက်လံသတ်ဖြတ်မည့် အခြားအုပ်စုတစ်ခု ရှိနေသေးသည်ကို သိလိုက်ရသောကြောင့်၊ ဟုန်ယွိသည် အချိန်မဖြုန်းတော့ဘဲ၊ ဤအုပ်စုတစ်ခုကို အရင်ကိုင်တွယ်ရန် ဆုံးဖြတ်လိုက်သည်။
“လျှို့ဝှက်ယင်တာအိုဂိုဏ်းရဲ့ ယင်ဝိညာဉ်သတ်ဖြတ်ပြီး ဝိညာဉ်စုပ်ယူခြင်းပညာရပ်။ ဟမ့်၊ ဒီလိုနတ်ဆိုးတာအို ပညာရပ်လေးနဲ့ ငါကို ယှဉ်ပြိုင်ရဲတယ်ပေါ့။ မဟုတ်သေးဘူး။ ဒီပညာရပ်က ဘယ်လိုလုပ် ဒီလောက် အစွမ်းထက်နိုင်မှာလဲ။” ယန်ကျင့်ကျုံသည် အရင်ဆုံး လှောင်ပြောင် လိုက်သော်လည်း နောက်ပိုင်း အံ့သြသွားပြီး၊ ကြိုးကြာတစ်ကောင်ကဲ့သို့ အော်ပြောလိုက်သည်။ “မဆိုးဘူး၊ ဟုန်ယွိ။ ငါ မင်းကို အထင်သေးမိခဲ့တာပဲ။ မင်းက တစ္ဆေအင်မော်တယ်အဆင့်နဲ့ ခြေတစ်လှမ်းပဲ လိုတော့တယ်။ မင်းရဲ့ နတ်ဘုရား စိတ်ဝိညာဉ်ရဲ့စွမ်းအားက ဖေးရုန်ထက်တောင် ပိုသန်မာတယ်။”
“ဖျက်ဆီးခြင်း နတ်ဘုရားစက်ဝန်း။” ယန်ကျင့်ကျုံက ဟစ်ကြွေးလိုက်ရင်း၊ သူ့ကြယ်အလင်း ခန္ဓာကိုယ်သည် ရုတ်တရက် ပြင်းထန်စွာ တုန်ခါလာသည်။ သူသည် သူ့ခန္ဓာကိုယ်ကို တည်ငြိမ်စွာ မထိန်းနိုင်တော့ဘဲ၊ ဝဲဂယက်ထဲသို့ ခုန်ဝင်တော့မည့်အလား ရှေ့သို့ ယိမ်းထိုးသွားခဲ့သည်။ သို့သော်, ဤအရေးကြီးသည့် အခိုက်အတန့်မှာ၊ သူက လက်ကို ဆန့်ထုတ်ပြီး၊ ကြီးမားပြီး တောက်ပသည့် ကြယ်စင်စုတစ်ခုကို သူ့ရှေ့မှာ စုစည်းလိုက်သည်။ ထိုကြယ်စင်စုသည် ကောင်းကင်ကနေ ကျဆင်းလာသည့် ကြယ်စက်ဝန်းတစ်ခုကဲ့သို့ ထွက်ပေါ်လာခဲ့သည်။
ထိုကြယ်အလင်း ဖျက်ဆီးခြင်းနတ်ဘုရားစက်ဝန်းကို စုစည်းပြီးသည်နှင့်၊ ထိုစက်ဝန်းသည် ဟုန်ယွိ၏ ချီဝိညာဉ်ဝဲဂယက်ထဲကို လျင်မြန်စွာ ကျသွားသည်။
ဘန်း….။
ထိုကြယ်အလင်း ဖျက်ဆီးခြင်းနတ်ဘုရားစက်ဝန်းသည် ချီဝိညာဉ် ဝဲဂယက်ထဲသို့ ကျရောက်သွားသည်နှင့် ရုတ်တရက် ပေါက်ကွဲသွားသည်။ ကြယ်အလင်းများသည် ပျံသန်းသော ဓားများကဲ့သို့ လေထုကို ဖြတ်တောက်ကာ လေတိုးသံများဖြင့် ပျံ့နှံ့သွားသည်။
ဟုန်ယွိ၏ ချီဝိညာဉ်ဝဲဂယက်သည် ဖျက်ဆီးခြင်းနတ်ဘုရားစက်ဝန်းကြောင့် ချက်ချင်း ပြိုကွဲသွားပြီး၊ အေးစက်စက် လေပြင်းများသည် ပျံ့ကျဲသွားကာ ပြန်လည်စုစည်းမရနိုင်တော့သကဲ့သို့ ဖြစ်သွားခဲ့သည်။
“ဟုန်ယွိ၊ မင်းကို သတ်ဖို့ ငါ့စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုပြီး ဖျက်ဆီးခြင်းနတ်ဘုရားစက်ဝန်းကို ထုတ်သုံးခဲ့ရတယ်။ မင်း ဂုဏ်ယူနိုင်ပြီ။ ချန်ယင်းရှာ၊ ခင်ဗျား…၊ အလျင်စလို မလှုပ်ရှားပါနဲ့။ ကောင်းကင်တုန်ခါလေးနဲ့ အကန့်အသတ်မဲ့ မြှားတွေကို အရုပ်လို့ ထင်နေတာလား။”
တချိန်တည်းဆိုသလို ယန်ကျင့်ကျုံ၏ ကြယ်အလင်းခန္ဓာကိုယ်သည် ဝမ်လျံ၏ အနားသို့ ရုတ်တရက် ရွှေ့ပြောင်းသွားပြီး၊ ကောင်းကင်တုန်ခါလေးကို ယူကာ ပြင်းထန်စွာ လျှပ်တပြက် လှုပ်ရှားလိုက်သည်။ ပင်လယ်ရေမျက်နှာပြင်ပေါ်သို့ ကျရောက်နေသော အကန့်အသတ်မဲ့ မြှားကိုးချောင်းသည် အစွမ်းထက်ဆေးတစ်မျိုး မျိုချလိုက်ရသည့်အတိုင်း ရုတ်တရက် ပျံတက်လာသည်။
“မြင်းကိုးစင်း တစ်စင်းတည်းဖြစ်စေ။”
မြှားကိုးချောင်းသည် ကောင်းကင်ထဲသို့ ပျံတက်ပြီးချင်း စုစည်းပြီး ပြင်းထန်စွာ လည်ပတ်သွားကာ၊ ပင်လယ်ပြင်တစ်ခွင်ကို တုန်ခါစေသည့် ဆူညံသံကြီး ထွက်ပေါ်လာသည်။
မြှားကိုးချောင်း ပေါင်းစည်းလိုက်သော မြှားတစ်ချောင်း၏ စွမ်းအားသည် ဝမ်လျံ အသုံးပြုခဲ့စဉ်က ထက် ဆယ်ဆကမ ပိုပြင်းထန်သည်။
ဖန်း…၊ ဖန်း….၊ ဖန်း…။
မြှားကိုးချောင်းဖြင့် ပေါင်းစည်းထားသော မြှားတစ်ချောင်းသည် ချန်ယင်းရှာ၏ မိုးကြိုးနတ်ဘုရား ဝိညာဉ်ဘီလူးကြီး၏ ရေပုံစံမိုးကြိုးများကို တိုက်ရိုက် တားဆီးလိုက်သည်။
“ကောင်းကင်တုန်ခါလေးနဲ့ အကန့်အသတ်မဲ့ မြှားတွေ ကျုပ်လက်ထဲမှာ ရှိနေရင်၊ ချန်ယင်းရှာ ခင်ဗျား ကျုပ်ကို ဘာမှ မလုပ်နိုင်ဘူး။ ဒါပေမယ့် ကျုပ်ကတော့ ခင်ဗျားကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် တိုက်ခိုက်နိုင်တယ်။” ယန်ကျင့်ကျုံက လေးညှို့ကို ထပ်မံ ခတ်လိုက်ရာ၊ မြှားကိုးချောင်းသည် ပိုမို ပြင်းထန်စွာ လည်ပတ်သွားပြီး၊ ချန်ယင်းရှာ၏ မိုးကြိုးများကို ဖျက်ဆီးကာ မိုးကြိုးနတ်ဘုရား ဝိညာဉ်ဘီလူးကြီးပေါ်သို့ ကျရောက်တော့မည် ဖြစ်သည်။
ထိုအချိန်တွင်, ချန်ယင်းရှာက လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ၊ မက်မွန်နတ်ဘုရားဓားက ပျံသန်းပြီး အစိမ်းရောင် ဓားအလင်းတန်းအဖြစ် ပြောင်းလဲသွားကာ မြှားကိုးချောင်းကို တားဆီးလိုက်ရာ မီးပွားများ ပေါက်ကွဲထွက်လာသည်။
ဤတစ်ကြိမ်တွင် အကန့်အသတ်မဲ့မြှားမှ ပေါက်ကွဲလာသော မီးပွားများသည် သေးငယ်သော မီးပွားများ မဟုတ်ဘဲ၊ လက်ဖဝါးအရွယ်အစားရှိ မီးလျှံများ ဖြစ်သည်။
ချန်ယင်းရှာက မည်သည့်စကားမျှ ပြန်မပြောတော့ပေ။ မိုးကြိုးနတ်ဘုရား ဝိညာဉ်ဘီလူးကြီးသည် အနည်းငယ် ကျုံ့သွားသော်လည်း၊ ခန္ဓာကိုယ်ပေါ်ရှိ ရေအလင်းက ပိုမို ပြင်းထန်လာသည်။ ဤသည်မှာ မိုးကြိုးနတ်ဘုရား ဝိညာဉ်ဘီလူးကြီး၏ စွမ်းအားကို အစွမ်းကုန် အသုံးပြုနေသည့် လက္ခဏာ ဖြစ်သည်။
“အထွဋ်ထိပ်ကောင်းကင်နယ်မြေက တကယ်ကို မကောင်းတဲ့ ဂိုဏ်းတစ်ခုပဲ။ ယန်ကျင့်ကျုံရဲ့ စွမ်းအားနဲ့ဆို သူတစ်ယောက်တည်း ငါ့ကိုသတ်ဖြတ်နိုင်ဖို့ ၆၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်း အခွင့်အရေး ရှိတယ်။ ကောင်းကင်တုန်ခါလေးနဲ့ အကန့်အသတ်မဲ့ မြှားတွေပါ ပါလာရင်တော့ ငါ့ရဲ့ သင်္ဘောခုနစ်စီးနဲ့ လူကိုးရာကို သတ်ဖို့ လက်တစ်ချက်လှန်ရုံပဲ။ ဒါပေမယ့် သူက ပွင့်ပွင့်လင်းလင်း ရှိမနေဘဲ ပုန်းကွယ်နေတယ်။ ဒီလူ တစ်ခုခု ကြံစည်နေတာ ထင်ရှားတယ်။ ကံကောင်းချင်တော့ ငါ ချန်ယင်းရှာနဲ့ မိတ်ဆွေ ဖြစ်လာခဲ့တယ်။ မဟုတ်ရင် ငါ သေချာပေါက် သေလိမ့်မယ်။ ဒါပေမယ့်, ယန်ကျင့်ကျုံ, ခင်ဗျား, ဒီတစ်ခါ သေချာပေါက် သေရမယ်။ ကျုပ် အထွဋ်ထိပ်ကောင်းကင်နယ်မြေရဲ့ သူတော်စင် မိန်းမပျိုကို သတ်ခဲ့ဖူးတယ်။ အခု အထွဋ်ထိပ်ကောင်းကင်နယ်မြေရဲ့ ခေါင်းဆောင်ကို မုဆိုးမဖြစ်အောင် လုပ်ပေးရလိမ့်မယ်လို့ တခါမှ မစဉ်းစားဖူးဘူး။”
ထိုအခိုက်တန့်မှာပင်, ကောင်းကင်တွင် ပျံ့နှံ့နေသော ယင်လေပြင်းများသည် ရုတ်တရက် ပြန်လည် စုစည်းလာသည်။
နတ်ဆိုးငါးကောင်သည် ပြန်လည် ပေါ်ထွက်လာပြီး၊ ယခင်ထက် ပိုမို ကြီးမားသော ချီဝိညာဉ်ဝဲဂယက်တစ်ခု ဖြစ်ပေါ်လာသည်။ ပြင်းထန်သော ဆွဲယူအားကြောင့် ယန်ကျင့်ကျုံ၏ ကြယ်အလင်း ခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်ခါသွားသည်။
“ဘယ်လို ဖြစ်နိုင်မှာလဲ။”
ယန်ကျင့်ကျုံသည် ချန်ယင်းရှာနှင့် တိုက်ပွဲဝင်နေစဉ် ပြင်းထန်သော ဆွဲယူအားကို ခံစားရသည်။ သူ တစ်ချက်ကြည့်လိုက်ရာ အံ့အားသင့်သွားသည်။ ကံကောင်းချင်တော့ ချန်ယင်းရှာကို တိုက်ခိုက်ရန် ကောင်းကင်တုန်ခါလေးနှင့် အကန့်အသတ်မဲ့မြှားကို အသုံးပြုနေရာမှာ၊ သူ၏စွမ်းအား အချို့ကို ထိန်းထားခဲ့သည်။ သူသည် ပြန်လှည့်ကြည့်လိုက်ရင်း လက်ကို မြှောက်ပြီး ဖျက်ဆီးခြင်း နတ်ဘုရားစက်ဝန်းတစ်ခု ထပ်မံ ထုတ်လွှတ်လိုက်သည်။ ချက်ချင်း ဟုန်ယွိ၏ ချီဝဲဂယက်သည် ပြိုကွဲသွားသည်။
သို့သော် ချီဝဲဂယက်သည် ပြိုကွဲသွားပြီးချင်း ကောင်းကင်တွင် ရွှေရောင်အလင်းများ ထွက်ပေါ်လာသည်။ မရေတွက်နိုင်သော အလင်းတန်းများနှင့် မီးလျှံတို့သည် အတူတကွ စုစည်းသွားရာ၊ မီးလျှံများဖြင့် ဝန်းရံထားပြီး မီးလျှံကာဇရာ ဝတ်ဆင်ထားသော ဧရာမဗုဒ္ဓတစ်ဆူ ဖြစ်ပေါ်လာသည်။ ထိုဧရာမဗုဒ္ဓကြီးကို မီးလျှံများက ကျမ်းစာများကဲ့သို့ ဝန်းရံကာ လည်ပတ်နေ သည်။ ထိုဗုဒ္ဓသည် ယန်ကျင့်ကျုံ၏ သင်္ဘောပေါ်သို့ ထိုင်ချလိုက်သည်။
ဤသည်မှာ ဟုန်ယွိ ဖန်တီးထားသည့် ထိုင်တော်မူ မဟာနေမီးလျှံ အစစ်မှန် နေနတ်ဘုရား ဖြစ်သည်။
ဝုန်း။
မဟာနေမီးလျှံ အစစ်မှန် နေနတ်ဘုရားသည် သင်္ဘောနှင့် ပေအနည်းငယ်သာ ဝေးကွာတော့ချိန်တွင် မှာ, သင်္ဘောတစ်စီးလုံး ဆီမီးလောင်သကဲ့သို့ ရုတ်တရက် မီးလောင်ကျွမ်းသွားခဲ့သည်။
မီးလျှံများ ပေါက်ကွဲလာသည်နှင့်အမျှ, မဟာနေမီးလျှံ အစစ်မှန် နေနတ်ဘုရားသည် ပိုမို လျင်မြန်စွာ ထိုင်ချလိုက်ရင်း ယန်ကျင့်ကျုံကို တုံ့ပြန်ခွင့်မရအောင် လုပ်ဆောင်နေသည်။
ယန်ကျင့်ကျုံသည် မည်မျှ အစွမ်းထက်ပါစေ၊ ချန်ယင်းရှာကဲ့သို့ မဟာနတ်ဆိုးအင်မော်တယ်တစ်ပါး ကို ရင်ဆိုင်တိုက်ခိုက်နေစဉ်မှာ, သူသည် ဖျက်ဆီးခြင်း နတ်ဘုရားစက်ဝန်းကို နှစ်ကြိမ်ဆက်တိုက် အသုံးပြုခဲ့ပြီး၊ ချီဝိညာဉ်ဝဲဂယက်ကြောင့် သူ့စိတ်ဝိညာဉ်က ရှုပ်ထွေးနေသည်။ သူ ထိုတိုက်ခိုက်မှုကို ရှောင်ရှားရန် နည်းလမ်း မရှိခဲ့ပေ။
ဘန်း….။
ဟုန်ယွိသည် စုစည်းထားသော မဟာနေမီးလျှံ အစစ်မှန် နေနတ်ဘုရားသည် ယန်ကျင့်ကျုံ၏ ကြယ်အလင်းခန္ဓာကိုယ်ကို ပျက်စီးစေခဲ့ပြီး၊ ကြယ်အလင်းများ အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားသည်။
ဟုန်ယွိသည် သူ့ကို ဤမျှ ပျက်စီးစေခဲ့သည်။
“သတိထားပါ၊ သူစိတ်ဝိညာဉ်ကို ခွဲထုတ်ပြီး ထွက်ပြေးနိုင်တယ်။”
ချန်ယင်းရှာက အော်ဟစ်လိုက်ရာ၊ မိုးကြိုးနတ်ဘုရား ဝိညာဉ်ဘီလူးကြီးတွင် ဝိုင်းရံနေသော လျှပ်စီးမြွေများ၊ စပါးအုံးမြွေများနှင့် လျှပ်စီးနဂါးများသည် ထွက်ပျံလာပြီး၊ အရပ်လေးမျက်နှာ အသီးသီးသို့ ပျံ့ကြဲနေသော ကြယ်အလင်းများကို ကိုက်ဝါးကြသည်။
ဟုန်ယွိသည် ပျံ့နှံ့နေသော ကြယ်အလင်းအလုံးများသည် ယန်ကျင့်ကျုံ၏ ပျက်စီးနေသော အတွေးများ ဖြစ်ကြောင်း သိသည်။ ယခု ထိုအတွေးများသည် ထွက်ပြေးနေပြီး၊ ပြန်လည်စုစည်းရန် အခွင့်အရေး ရှာနေသည်။
သူသည် အသက်ကိုစွန့်ကာ ချီဝိညာဉ်ဝဲဂယက်ကို နှစ်ချက်ဆက်တိုက် အသုံးပြုခဲ့သော်လည်း၊ မဟာနေမီးလျှံ အစစ်မှန် နေနတ်ဘုရားက ယန်ကျင့်ကျုံကို ပျက်စီးစေရုံသာရှိပြီး အမှန်တကယ် ပျက်စီးသွားခြင်း မရှိခဲ့ပေ။ ဤသည်မှာ လူနှစ်ယောက် တိုက်ပွဲဝင်နေစဉ် တစ်ယောက်က တူနှင့် အသက်ရှုမမှန် ဖြစ်သည်အထိ ရိုက်နှက်နေသော်လည်း တဖက်လူ၏စွမ်းအားကို လိုက်မမှီနိုင်အောင် ဖြစ်နေပြီး၊ တဖက်လူကို ကြီးကြီးမားမား ထိခိုက်ဒဏ်ရာမျိုး မပေးနိုင်ခဲ့ပေ။
အကယ်၍, တစ်ယောက်ချင်း တိုက်ခိုက်မည်ဆိုပါက၊ တစ္ဆေအင်မော်တယ်အဆင့်ရှိ သူ့စွမ်းအားဖြင့် သူသည် အတွေးတစ်ချက်ဖြင့် သူ့စိတ်ဝိညာဉ်ကို ပြန်စုစည်းနိုင်သည်။ သို့သော် ယခုအခါ မဟာနတ်ဆိုးအင်မော်တယ်အဆင့် ချန်ယင်းရှာက စောင့်ကြည့်နေရာ၊ အခြေအနေက လုံးဝ ကွဲပြားသွားပါသည်။
ချန်ယင်းရှာသည် သူ့ပြိုင်ဘက်ကို အတွေးတွေပြန်စုစည်းပြီး အသက်ရှုပြန်ချောင်စေရန် အခွင့်ရေး မပေးဘဲ ချက်ချင်း တိုက်ခိုက်လိုက်သည်။
ကြယ်အလင်းအလုံးများ မည်မျှ ခွဲထွက်သွားပါစေ၊ ချန်ယင်းရှာ၏ လျှပ်စီးမြွေများနှင့် စပါးအုံးမြွေများနှင့် လျှပ်စီးနဂါးများသည် လိုက်လံဖမ်းဆီးကာ ကြယ်အလင်းအလုံးများကို အပြင်းအထန် ကိုက်ခဲဝါးမျိုနေသည်။
ဤသည်မှာ စွမ်းအားချင်း ပြိုင်ဆိုင်နေသည့် တိုက်ပွဲ ဖြစ်သည်။
ဟုန်ယွိသည် ဤရှားပါးသော အခွင့်အရေးကို လက်လွတ်မခံခဲ့ပေ။
“မီးလျှံအလင်းကျမ်း။” ဧရာမမီးလျှံဗုဒ္ဓကြီး၏ ရွှေရောင်ခန္ဓာကိုယ်သည် ဗုန်းခနဲ ပြိုကွဲသွားပြီး၊ မီးလျှံဖြင့်ဖွဲ့စည်းထားသော ကျမ်းစာစာလုံးများအဖြစ် ပြောင်းလဲသွားသည်။ မီးလျှံစာလုံးတစ်လုံးစီ သည် ကြယ်အလင်းဘောလုံးများကို ပစ်မှတ်ထားကာ ပြင်းထန်စွာ ကျရောက်သွားသည်။
အတိတ်ကျမ်းတွင် ဖော်ပြထားသော မီးလျှံအလင်းကျမ်းသည် မဟာနေမီးလျှံ အစစ်မှန် နေနတ်ဘုရား၏ စစ်မှန်သော အဓိပ္ပါယ်ကို ဖော်ပြထားပြီး၊ စာလုံးတစ်လုံးစီတွင် နက်နဲသော အဓိပ္ပါယ်, မကောင်းဆိုးဝါး ဖျက်ဆီးခြင်းနှင့် အမြင့်မြတ်ဆုံး အလင်းစွမ်းအား၏ သဘောတရားများ ပါဝင်သည်။
ဟုန်ယွိသည် ယခုအခါ ထိုကျမ်းစာစာများကို မီးလျှံများဖြင့် ဖန်တီးထားပြီး၊ စာလုံးတစ်လုံးချင်းစီတွင် မီးလျှံ၏ စိတ်ဝိညာဉ်ကို ဖျက်ဆီးနိုင်သော စွမ်းအားများ ပါဝင်နေရုံသာမက၊ မီးလျှံအလင်းကျမ်းစာ အပေါ် ထိုးထွင်းနားလည်မှုတို့လည်း ပါဝင်သည်။ ဤဝိညာဉ် တိုက်ခိုက်မှုသည် သာမန်မီးလျှံထက် ဆယ်ဆပိုမို ပြင်းထန်ပြီး၊ ကြယ်အလင်းအလုံးများထဲရှိ အတွေးများကို ပြင်းထန်စွာ ထိခိုက်စေနိုင် သည်။
“ကောင်းကင်မိုးကြိုး။”
တစ်ချိန်တည်းမှာပင် ချန်ယင်းရှာသည်လည်း သူမ၏ အဆုံးစွန်သော ပညာရပ်ကို ထုတ်သုံးလိုက် သည်။ မိုးကြိုးနတ်ဘုရား ဝိညာဉ်ဘီလူးကြီး၏ ခန္ဓာကိုယ်သည် သေးငယ်သော မိုးကြိုးများအဖြစ် ပေါက်ကွဲသွားပြီး၊ ထိုမိုးကြိုးများသည် လျှပ်စီးမြွေများ ကိုက်ခဲထားသော ကြယ်အလင်းအလုံးများ ဆီသို့ တိုက်ခိုက်ရန် ပျံထွက်သွားသည်။
ကြယ်အလင်းအလုံး တစ်ခုချင်းစီသည် ကျမ်းစာလုံးများဖြင့် ထိမှန်ခံရပြီး၊ မီးလောင်ကျွမ်းသွားကာ၊ လျှပ်စီးများဖြင့်လည်း ထိမှန်ခံနေရသည်။ ကြယ်အလင်းအလုံးများသည် ချက်ချင်း ညှိုးနွမ်းသွားပြီး ပျံ့ကွဲလျက် ပြိုကွဲသွားသည်။
“မင်းတို့။ ဒီလောက်ရက်စက်တယ်ပေါ့။ ငွေငါးမန်းဘုရင်။ ခင်ဗျားကို ကျုပ် သတ်မယ်။”
ကြယ်အလင်းအလုံးများသည် ခိုင်မာသော ပုံစံတစ်ခုအဖြစ် ပြန်လည်စုစည်း၍ မရနိုင်ဘဲ၊ ဟုန်ယွိနှင့် ချန်ယင်းရှာတို့၏ တပြိုင်နက် တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ထိခိုက်သွားသည်။ ယန်ကျင့်ကျုံ၏ မှော်စွမ်းအား မည်မျှ အစွမ်းထက်ပါစေ၊ ဤတိုက်ခိုက်မှုကို ခံနိုင်ရည်မရှိခဲ့ပေ။ ထို့အပြင် ချန်ယင်းရှာ ၏ မှော်စွမ်းအားသည် သူ့ထက် သာလွန်ပြီး၊ သူမ၏ စိတ်ဝိညာဉ်စွမ်းအားလည်း သူ့ထက် ပိုမို အားကောင်းသည်။
ယန်ကျင့်ကျုံသည် နောက်ဆုံးအချိန်တွင် အစွမ်းကုန် ကြိုးစားလိုက်သည်။
မူလက မှိန်ဖျော့ဖျော့ဖြစ်နေသော ကြယ်အလင်းအလုံးများသည် ရုတ်တရက် ငါးရောင်ခြယ် ကြယ်အလင်းများဖြင့် ထပ်မံ တောက်ပလာသည်။ ထိုငါးရောင်ခြင် ကြယ်အလင်းသည် ပြင်းထန်စွာ လည်ပတ်သွားပြီး၊ အဖြူရောင်နှင့် အမည်းရောင်အဖြစ် ပြောင်းလဲသွားသည်။ အဖြူနှင့်အမည်းသည် အကန့်အသတ်မဲ့ ထိုက်ကျိစက်ဝန်းကဲ့သို့ မိုးကြိုးများ၊ မီးလျှံကျမ်းစာများနှင့် အရာအားလုံးကို ရစ်ပတ်ထုပ်ပိုးလိုက်သည်။
“မက်မွန်နတ်ဘုရားတာအိုဂိုဏ်းရဲ့ အထွက်အထိပ် ကျမ်းစာဖြစ်တဲ့ ယင်ယန်ဖရိုဖရဲပညာရပ်ကို ခံစားကြည့်လိုက်စမ်း။” ယန်ကျင့်ကျုံ၏ အသံသည် ကြယ်အလင်းအလုံးများထဲမှ ထွက်ပေါ်လာ သည်။
“ဒါက မက်မွန်နတ်ဘုရားတာအိုဂိုဏ်းရဲ့ လျှို့ဝှက်ကျမ်းဖြစ်တဲ့ ယင်ယန်ဖရိုဖရဲပညာရပ်ပေါ့။ ဒီလောက် အစွမ်းထက်တယ်လား။”
ဟုန်ယွိသည် ယန်ကျင့်ကျုံတစ်ယောက် အစွမ်းကုန် ခုခံတိုက်ခိုက်နေကို ကြည့်ရင်း, သူ၏အတွေးတိုင်းသည် ဖရိုဖရဲဖြစ်နေသည့် ဂူတစ်ခုထဲသို့ ကျရောက်သွားသလို ခံစားရသည်။ သူ၏ အတွေးများသည် ဝိုးတိုးဝါးတား ဖြစ်လာပြီး၊ သူ၏မှတ်ဉာဏ်များတွင် ယင်နှင့်ယန်၊ အမည်းရောင်နှင့် အဖြူရောင်သာ ကျန်ရှိတော့သည်။ ၎င်းတို့သည် အလွန်သန့်စင်သည်။ ထို့နောက် သူ၏ မှတ်ဉာဏ်များသည် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
ဤအရေးတကြီး အခိုက်အတန့်တွင် ဟုန်ယွိ၏ စိတ်နှလုံးသည် မလှုပ်ရှားခဲ့ပေ။ သူသည် အတိတ်ကျမ်းကို ထပ်မံ လည်ပတ်လိုက်ရာ၊ ထိုင်တော်မူ ဧရာမဗုဒ္ဓကြီးသည် သူ့မှတ်ဉာဏ်များ ဆုံးရှုံးနေသမျှကို ဖိနှိပ်လိုက်သည်။
“ယန်ကျင့်ကျုံ ၊ ငရဲကိုသွားလိုက်တော့…။”
ဝိုးတိုးဝါးတား ဖြစ်နေချိန်မှာ ဟုန်ယွိသည် ချန်ယင်းရှာ၏ ဒေါသတကြီး ဟစ်အော်သံကို သူ၏ အတွေးထဲတွင် ကြားလိုက်ရသည်။
ရုတ်တရက် လျှပ်စီးအလင်းတစ်ချက်က အမည်းရောင်နှင့် အဖြူရောင်ကို ပေါက်ကွဲစေခဲ့ပြီး၊ ဟုန်ယွိ ကို လွတ်မြောက်သွားစေခဲ့သည်။
သူ လွတ်မြောက်လာသောအခါ ကောင်းကင်ကြီးက ကြည်လင် သန့်နေရှင်းနေပြီး ကြယ်အလင်းများ ပျောက်ကွယ်သွားသည်။ ယန်ကျင့်ကျုံ၏ အတွေးများသာမက ချန်ယင်းရှာ၏ အတွေးများပင် ရှာမတွေ့တော့ပေ။
ဤအချိန်တွင် ဟုန်ယွိသည် အများကြီး တွေးတောနေရန် အချိန်မရှိခဲ့ပေ။ အကြောင်းမှာ ဝှီးခနဲ လေတိုးအသံဖြင့် အကန့်အသတ်မဲ့ မြှားကိုးချောင်းက သူ့ဆီသို့ ပစ်လွှတ်လာနေသောကြောင့်ပင်။
အဝေးမှ ဝမ်လျှံသည် အခြားသင်္ဘောတစ်စီးပေါ်သို့ ဆုတ်ခွာသွားပြီး၊ ကောင်းကင်တုန်ခါလေးကို အသုံးပြုကာ သူ့ကို ပစ်ခတ်နေသည်ကို တွေ့လိုက်ရသည်။
“သေချင်နေတာလား။”
ဟုန်ယွိ၏ စိတ်ဝိညာဉ်သည် လွင့်မျှောကာ မြှားကို ရှောင်တိမ်းလိုက်သော်လည်း၊ ထိုမြှားသည် အရိုးပေါ်မှ ပိုးလောက်များကဲ့သို့ သူ့ကို တင်းတင်းကြပ်ကြပ် လိုက်နေသည်။
ဟုန်ယွိသည် လိုက်လံလာသော မြှားများကို ဂရုမစိုက်ပေ။ သူ့ခန္ဓာကိုယ်သည် ပြင်းထန်သော မီးလျှံဘောလုံးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး၊ ဥက္ကာပျံကဲ့သို့ သင်္ဘောဆီသို့ ဝင်တိုက်လိုက်သည်။
ဝမ်လျှံ၏ မျက်နှာက တည်ကြည်သွားပြီး၊ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရင်း ရေလူသားကြီးတစ်ဦး ကို ဆင့်ခေါ်ကာ ဟုန်ယွိ၏ မီးလျှံများကို တားဆီးလိုက်သည်။
“မင်းကလည်း အသွင်ဖျောက်ထားတဲ့ ထိပ်သီးသိုင်းသမားတစ်ယောက်ပဲ။ မင်းရဲ့ သိုင်းပညာက မဟာဆရာသခင် အဆင့်ထိ ရောက်နေပြီ။ မင်းက ပါရမီရှင်ပဲ၊ ဒါပေမယ့် ငါနဲ့ ယှဉ်ရင် အများကြီး လိုနေသေးတယ်။” ဟုန်ယွိသည် သူ့စွမ်းအားကို ဖြုန်းတီးမနေဘဲ၊ ထိုရေလူသားကြီးကို ချက်ချင်း ဖျက်ဆီးလိုက်သည်။ သူ့စိတ်ဝိညာဉ်သည် ရှေ့သို့ တိုးဝင်သွားပြီး၊ သုံးဆယ်ပေအကွာရှိ ဝမ်လျှံ၏ ခန္ဓာကိုယ်သည် မီးလောင်ကျွမ်းလာသည်။
ဝမ်လျှံ၏ စိတ်ဝိညာဉ်ဖြင့် ဖန်တီးထားသော ရေလူသားကြီးသည် ဟုန်ယွိ၏ တိုက်ခိုက်မှုကြောင့် ပြိုကွဲသွားပြီး၊ သူ၏ခန္ဓာကိုယ်က ပြန်လည်စုစည်းနိုင်ခြင်း မရှိခင်မှာ မီးလောင်ကျွမ်းသွားခဲ့ခြင်း ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်တုန်ခါလေးသည် ဟုန်ယွိ၏ မီးလျှံများကြောင့် ကောင်းကင်ယံသို့ မြောက်တက်သွားခဲ့သည်။