← Chapters

‘အိပ်မက်ဝိညာဉ်ကူ’ အဆင့်သုံးသို့ တိုးတက်ခြင်း(၂)။

Vol. 21 Ch. 252

‘အိပ်မက်ဝိညာဉ်ကူ’ အဆင့်သုံးသို့ တိုးတက်ခြင်း(၂)။

Vol. 21 Ch. 252

ဤလွတ်မြောက်ခြင်းပညာရပ်သည်လည်း အညီအမျှ ကြောက်မက်ဖွယ် ကောင်းလှသည်။

၎င်းသည် ကျင့်ကြံသူအား မီးလျှံငှက်အဖြစ် ပြောင်းလဲစေပြီး ကောင်းကင်ယံသို့ ထွက်ပြေးစေနိုင်သည်။ ၎င်းသည် အလွန် လျင်မြန်သဖြင့် ရန်သူများ လိုက်မီရန် အခွင့်အရေး မရှိပေ။

ဤလွတ်မြောက်ခြင်းပညာရပ်ဖြင့် သူသည် သေမင်းလက်မှ အကြိမ်ကြိမ်မှ လွတ်မြောက်ခဲ့ဖူးသည်။

ဝူးရှ်…။

ဤအခိုက်အတန့်တွင် စုန်ကျီဝမ်သည် တစ်ဟုန်းဟုန်းတောက်လောင်နေသော မီးတောက်များ၏ လွှမ်းခြုံမှုကို ခံထားရပြီး ဧရာမငှက်ကြီးတစ်ကောင်၏ ပုံသဏ္ဍာန်ဖြင့် ဤနေရာမှ ပျံသန်း ထွက်ခွာရန် အဆင်သင့် ဖြစ်နေသည်။

ဤနေရာမှ လွတ်မြောက်သွားသည်နှင့် သူ့ကို လိုက်မီရန်မှာ မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။

ကံဆိုးစွာဖြင့်၊ လင်းယာကျူသည် မှန်ကန်သောအချိန်အား စောင့်ဆိုင်းနေခဲ့သည်။ သူမ၏ ပြိုင်ဘက်များ မှော်စွမ်းအားအမြောက်အမြား ကုန်ဆုံးသွားချိန်အား အခွင့်ကောင်းယူကာ သူမ ပြင်းထန်စွာ တန်ပြန်တိုက်ခိုက်လိုက်သည်။

"ကြည်လင်သစ်သား နတ်ဘုရားမိုးကြိုး…"

ချက်ချင်းပင် လင်းယာကျူသည် ထိပ်တန်းအဆင့် မှော်ရတနာဖြစ်သော ရွှေမိုးကြိုးဝါးကို ထုတ်ယူလိုက်သည်။ ၎င်းသည် ချင်မုဂိုဏ်း၏ အမွေအနှစ် ရတနာဖြစ်ပြီး ကြောက်မက်ဖွယ် စွမ်းအားကြောင့် ကျော်ကြားကာ၊ မကောင်းဆိုးဝါးများကို နှိမ်နင်းရာတွင် အထူးထိရောက်ပြီး ရက်စက်ကြမ်းကြုတ်မှုတွင် ပြိုင်ဘက်ကင်းသည်။

အင်မော်တယ်မြူခိုးကျွန်းတွင် ရှိစဉ်က သူမသည် ရွှေမိုးကြိုးဝါးကို အသုံးပြုပြီး ကျော်ကြားလာခဲ့ခြင်း ဖြစ်သည်။

ယခု ကျိုးစွေ့နှင့်အတူ နှစ်ပေါင်းများစွာ တူနှစ်ကိုယ်ကျင့်ကြံခြင်း ပြုလုပ်ပြီးနောက်၊ သူမသည် ချင်မု အသက်ရှည်ခြင်းပညာရပ်၏ ဆိုးကျိုးများကို ကျော်လွှားနိုင်ခဲ့ပြီး၊ ကျင့်ကြံမှုစွမ်းအား နှစ်ဆတိုးလာကာ တိုက်ခိုက်ရေး စွမ်းရည်များကို သိသိသာသာ အားကောင်းစေခဲ့သည်။

တစ်ခဏချင်းမှာပင် သူမသည် ထိပ်တန်းအဆင့် မှော်ရတနာ ရွှေမိုးကြိုးဝါးကို ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။

ဘန်း…။

ရွှေရောင်မိုးကြိုးများသည် ကောင်းကင်မှ အရှိန်အဟုန်ဖြင့် ကျဆင်းလာပြီး၊ လမ်းညွှန် ဒုံးကျည်များကဲ့သို့ ထိုလူနှစ်ဦး၏ အရှိန်အဝါကို ခြေရာခံကာ ယုဖုန်းနှင့် စုန်ကျီဝမ်တို့ကို တိုက်ရိုက် ပစ်ခတ်လိုက်သည်။

ဤအခိုက်အတန့်တွင် သူမသည် မိုးကြိုးစွမ်းအားကို အစိုးရသော အမျိုးသမီးစစ်သည်တော်တစ်ဦးကဲ့သို့ ထင်ရပြီး၊ ပြိုင်ဘက်ကင်းအရှိန်အဝါကို ထုတ်လွှတ်ကာ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိနေသည်။

"အားးးးး"

ချက်ချင်းပင် ယုဖုန်းနှင့် စုန်ကျီဝမ်တို့ ထိတ်လန့်ဖွယ်ရာ အော်ဟစ်လိုက်ကြသည်။ သူတို့၏ လွတ်မြောက်ခြင်းပညာရပ်များ ပျက်စီးသွားသဖြင့် ယင်းတို့၏ခန္ဓာကိုယ်များ ကောင်းကင်မှ ပြုတ်ကျလာကြသည်။

ကြည်လင်သစ်သား နတ်ဘုရားမိုးကြိုး၏ ကြီးမားသော စွမ်းအားသည် ယင်းတို့၏ခန္ဓာကိုယ်များကို ဖောက်ထွင်းဝင်ရောက်သွားပြီး၊ ကုစား၍ မရနိုင်သော ပျက်စီးဆုံးရှုံးမှုကို ဖြစ်စေကာ အတွင်းကလီစာများ ပြင်းထန်စွာ ပျက်စီးသွားစေခဲ့သည်။

ဒုန်းကနဲ အသံနှင့်အတူ သူတို့၏ခန္ဓာကိုယ်များ မြေကြီးပေါ်သို့ ကျရောက်သွားသည်။ မျက်လုံးများသည် တုန်လှုပ်မှုကြောင့် ပြူးကျယ်နေပြီး၊ ခန္ဓာကိုယ်များမှာမူ မှတ်မိနိုင်ခြင်း မရှိလောက်အောင် မီးလောင်ကျွမ်းထားကာ၊ မည်သည့် အသက်လက္ခဏာမျှ မရှိတော့ပေ။

ဤသို့ဖြင့် သစ်သားကြယ်ကျွန်းကို ကျူးကျော်လာသော ရွှေအမြုတေကျင့်ကြံသူ ဆယ်ဦးစလုံး သုတ်သင်ရှင်းလင်းခံလိုက်ရပြီး၊ အသက်ရှင်ကျန်ရစ်သူ မရှိတော့ပေ။

ဝှစ်…။

ဤအခိုက်အတန့်တွင် ကျိုးစွေ့၏ ပင်မခန္ဓာကိုယ်သည် လက်ခနဲ ဖြစ်သွားပြီး လင်းယာကျူဘေးသို့ တည်နေရာပြောင်းကာ ရောက်ရှိလာသည်။

"ချင်မုဂိုဏ်းရဲ့ ဂိုဏ်းချုပ် ဆိုတာနဲ့ တကယ်ထိုက်တန်ပါတယ်.. မျှော်လင့်ထားတဲ့အတိုင်း သူတို့ကို လွယ်လွယ်လေး ရှင်းပစ်လိုက်တာပဲ…"

ကျိုးစွေ့ အလွန်ကျေနပ်သွားသည်။

လင်းယာကျူ၏ ကျင့်ကြံမှုစွမ်းအားကို သူ အာရုံခံနိုင်သည်။ သူမသည် ရွှေအမြုတေနယ်ပယ်တွင် ပြိုင်ဘက်ကင်းသည်ဟု သူ မပြောနိုင်သော်လည်း၊ ၎င်းနယ်ပယ်အတွင်း သူမကို အနိုင်ယူနိုင်သူမှာ အလွန် ရှားပါးပေမည်။

ထိုရွှေအမြုတေကျင့်ကြံသူများအနေဖြင့် လင်းယာကျူအား တိုက်ကွက် အနည်းငယ် ခုခံနိုင်ရန် ကြိုးပမ်းခြင်းသည် စိတ်ကူးယဉ် အိပ်မက်တစ်ခုမျှသာ ဖြစ်သည်။

"မဟုတ်ပါဘူး... ကျွန်မယောက်ျားကသာ ပိုအစွမ်းထက်တာပါ.."

"အခြေတည်အဆင့်မှာပဲ ရှိသေးပေမယ့်… အဆင့်မြင့်တဲ့ ပြိုင်ဘက်တွေကို အနိုင်ယူနိုင်ခဲ့တယ်…"

"ရှင်က ရွှေအမြုတေ အစောပိုင်းအဆင့် ကျင့်ကြံသူခုနစ်ဦးနဲ့ ရွှေအမြုတေ အလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ဦးကို သတ်ဖြတ်ခဲ့ပြီး.. ရွှေအမြုတေ အလယ်အလတ်အဆင့်တစ်ဦးနဲ့ ရွှေအမြုတေ နှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးကို အပြင်းအထန် ဒဏ်ရာရစေခဲ့တယ်…"

"ဒီသတင်းသာ ပြန့်သွားလို့ကတော့ ဝူကျိမဟာမိတ်အဖွဲ့တစ်ခုလုံး သေချာပေါက် တုန်လှုပ်သွားစေလိမ့်မယ်…"

လင်းယာကျူက စိတ်လှုပ်ရှားစွာ မှတ်ချက်ချလိုက်သည်။

ရွှေအမြုတေ ကျင့်ကြံသူများကို အားစိုက်ထုတ်စရာ မလိုဘဲ ခေါင်းဖြတ်သတ်နိုင်သော၊ ဤမျှ သန်မာသည့် အခြေတည်အဆင့် ကျင့်ကြံသူမျိုးကို သူမဘဝတစ်လျှောက်လုံး တစ်ခါမျှ မကြုံဖူးခဲ့ပေ။

ယင်းသည် သူ့အတွက် အသီးအရွက် လှီးသကဲ့သို့ လွယ်ကူနေပြီး၊ လုံးဝ စိတ်ကူးမယဉ်နိုင်စရာ ဖြစ်နေသည်။

အမှန်အတိုင်းဆိုရလျှင်၊ ထိုကဲ့သို့သော တိုက်ခိုက်ရေး စွမ်းအားမျိုး ပိုင်ဆိုင်သည့် ရှေးဟောင်း ဒဏ္ဍာရီလာသားရဲ အချို့အကြောင်းကို ရှေးဟောင်း စာပေများတွင်သာ သူမ ဖတ်ဖူးခဲ့သည်။

ဤယောက်ျားသည် အမှန်တကယ်ပင် ကမ္ဘာမြေသို့ ဆင်းသက်လာသော အင်မော်တယ်တစ်ပါး ဖြစ်သည်ဟု သူမ တိုး၍ သံသယ ဝင်လာမိသည်ဟုသာ ပြောနိုင်သည်။

သို့မဟုတ်ပါက၊ ဤမျှ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ရေး စွမ်းရည်ကို မည်သို့ ပိုင်ဆိုင်နိုင်မည်နည်း။

"ဒါက အရေးမပါတဲ့ နာမည်ဂုဏ်တစ်ခုပါ.."

"ကျင့်ကြံတယ်ဆိုတာ ငါတို့ရဲ့ ကြမ်းတမ်းတဲ့ ခွန်အားကို ပြသဖို့ မဟုတ်ဘူး.."

"ရည်မှန်းချက်က အင်မော်တယ်ဖြစ်ဖို့ သက်သက်ပဲ.."

"တကယ်တော့ ငါက တိုက်ခိုက်ရတာကျွမ်းကျင်တဲ့ ကျင့်ကြံသူ မဟုတ်ဘူး.. ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက်သာ သူတို့ကို တိုက်ခိုက်လိုက်ရတာပါ.."

ကျိုးစွေ့ သက်ပြင်းချလိုက်ပြီး၊ သူ၏ မျက်နှာတွင် လွမ်းဆွေးမှုများဖြင့် ပြည့်နှက်နေသည်။

‘တိုက်ခိုက်ရတာ မကြိုက်ဘူးတဲ့လား.. သောက်ကျိုးနည်း…’

ဤစကားကို ကြားလိုက်ရသောအခါ လင်းယာကျူ၏ နှုတ်ခမ်းများ တွန့်သွားပြီး၊ ဘာပြန်ပြောရမှန်း မသိတော့ပေ။

ဓားတစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရသော ထိုရွှေအမြုတေ ကျင့်ကြံသူများသာ ဤစကားများကို ကြားလိုက်ရလျှင်၊ ဒေါသထွက်လွန်းသဖြင့် ပြန်ရှင်လာကြလောက်သည်။

အကယ်၍ ဤအရာအား တိုက်ခိုက်ရေး မကျွမ်းကျင်ဟု ယူဆပါက၊ သူမတို့သည် ငစနူများထက်ပင် ပိုမို ဆိုးဝါးနေမည်လော။

"ယောက်ျား... ကျွန်မ ဒီရွှေအမြုတေ ကျင့်ကြံသူတွေရဲ့ သိုလှောင်အိတ်တွေကို စစ်ဆေးချင်တယ်…"

လင်းယာကျူသည် လဲကျနေသော ရွှေအမြုတေကျင့်ကြံသူများ၏ အလောင်းများကို စိတ်အားထက်သန်စွာ ကြည့်လိုက်သည်။

သူတို့သည် ချင်မုဂိုဏ်းအတွက် ဒုက္ခအတော်များများ ပေးခဲ့သည်မှာ မှန်သော်လည်း၊ ယင်းတို့၏ သိုလှောင်အိတ်များထဲတွင် ရတနာ အမြောက်အမြား ပါဝင်နေမည်မှာ သေချာပေသည်။ ယင်းသည် ကြီးပွားချမ်းသာရန် အခွင့်အလမ်းကောင်း တစ်ခုပင် ဖြစ်သည်။

"မလောနဲ့.. အနားမကပ်နဲ့ဦး… ကိုယ် သူတို့အလောင်းတွေကို အရင် ရှင်းလင်းချင်သေးတယ်…"

"သူတို့ထဲက တစ်ယောက်ယောက် သေချင်ယောင် ဆောင်နေမှာ စိုးလို့…"

ကျိုးစွေ့ လက်ဝှေ့ယမ်းလိုက်သည်။

ဤလူများ လုံးဝသေဆုံးကြောင်း အတည်မပြုနိုင်မချင်း၊ သူ ပေါ့ပေါ့တန်တန် ချဉ်းကပ်မည် မဟုတ်ပေ။

ဘုန်း…။

ဤအတွေးဖြင့် လက်ဝှေ့ယမ်းလိုက်ပြီး ‘အိပ်မက်ဝိညာဉ်ကူ’ကို ချက်ချင်း ထိန်းချုပ်ကာ သေဆုံးသွားသော ရွှေအမြုတေ ကျင့်ကြံသူများ၏ ဝိညာဉ်များကို စတင် စားသုံးစေလိုက်သည်။

ပတ်ဝန်းကျင်တွင် ပြန့်ကျဲနေသော ဝိညာဉ်အပိုင်းအစများ အားလုံးကို အိပ်မက်ဝိညာဉ်ကူက ဝမ်းဗိုက်ထဲသို့ မျိုချလိုက်သည်။

ရုတ်တရက်၊ မီးကျွမ်းနေသော ယုမိသားစု မြင့်မြတ်အကြီးအကဲ ယုဖုန်း၏ အကြွင်းအကျန်များထံမှ သနားစဖွယ် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။ စိတ်ကူးမယဉ်နိုင်သော နာကျင်မှုကို ခံစားနေရသကဲ့သို့ပင် ဖြစ်ချေသည်။

"သောက်ခွေး.. ဒီလူ မသေသေးဘူးလား…"

ဤအသံကို ကြားလိုက်ရသောအခါ လင်းယာကျူ လန့်ဖျပ်သွားပြီး၊ မယုံကြည်နိုင် ဖြစ်သွားသည်။ သူ့ကို သူမ၏ ကြည်လင်သစ်သား နတ်ဘုရားမိုးကြိုးဖြင့် ရိုက်နှက်ခဲ့သည် မဟုတ်လော။ သူသည် ကြာမြင့်စွာကတည်းက ပြာအဖြစ် ပြောင်းလဲသွားသင့်ပေသည်။

ဤအဖိုးကြီးသည် အသက်ရှင်နေသေးရုံသာမက၊ မလှုပ်ရှားဘဲ သေချင်ယောင်ဆောင်နေလိမ့်မည်ဟု မည်သူ သိနိုင်မည်နည်း။

ကျေးဇူးတင်စရာ ကောင်းသည်မှာ သူမ၏ခင်ပွန်းသည် သတိကြီးပြီး အလောင်းများကို ရှင်းလင်းသည့် အလေ့အထ ရှိနေခြင်းပင်။

သို့မဟုတ်ပါက၊ သူမသည် ရန်သူ၏ ထောင်ချောက်ထဲသို့ ကျရောက်သွားနိုင်သည်။

"သေစမ်း... မင်းတို့ ခွေးနှစ်ကောင်.."

"ငါတို့ ယုမိသားစုက မင်းတို့ကို အလွှတ်ပေးမှာ မဟုတ်ဘူး… မင်းတို့ရဲ့ အင်မော်တယ်ရှား မြို့တော်က အနှေးနဲ့အမြန် ငါတို့လက်ချက်နဲ့ ပျက်စီးရမှာ.."

ယုမိသားစု၏ မြင့်မြတ်အကြီးအကဲ ယုဖုန်း ထိတ်လန့် ဒေါသထွက်နေသည်။

ဤနှစ်ဦးသည် ဤမျှ သတိကြီးလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ မီးသွေးတုံး ဖြစ်သွားသည့်တိုင် သူ့ကို အလွတ်မပေးခဲ့ပေ၊ သူ့ခန္ဓာကိုယ်ကိုပင် ဖျက်ဆီးပစ်ချင်နေကြသည်။

သူ့ဘဝတစ်လျှောက်လုံးတွင် ဤမျှ ကောက်ကျစ်ရက်စက်သော ကျင့်ကြံသူမျိုး တစ်ခါမှ မတွေ့ဖူးခဲ့ပေ။ အလောင်းကောင်များကိုပင် အလွတ်မပေးကြချေ။

ဤအခိုက်အတန့်တွင် သူ၏ မုန်းတီးမှုများ မိုးထိအောင် မြင့်တက်လာပြီး၊ ဤနှစ်ဦးကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်ချင်နေသည်။

ဤနှစ်ဦးသာ မရှိခဲ့လျှင်၊ သူ အသက်ရှင် လွတ်မြောက်နိုင်ကောင်း လွတ်မြောက်နိုင်ပေလိမ့်မည်။

သို့သော် ယခုတွင်မူ သူကိစ္စပြတ်ရချေပြီ။

ဟမ့်…။

ကျိုးစွေ့ သည် သေခါနီး ယုဖုန်း၏ ကျိန်ဆဲသံအား လျစ်လျူရှုလိုက်ပြီး၊ အိပ်မက်ဝိညာဉ်ကူ၏ စွမ်းအားကို ချက်ချင်း အသက်သွင်းကာ သူ့ဝိညာဉ်ကို မျိုချပစ်လိုက်သည်။

သေနေသော ရန်သူကသာ ရန်သူကောင်း ဖြစ်သည် မဟုတ်လော။

ချက်ချင်းပင် ကွင်းပြင်တွင် ကျဆုံးသွားသော ရွှေအမြုတေ ကျင့်ကြံသူအားလုံး၏ ဝိညာဉ်များသည် အိပ်မက်ဝိညာဉ်ကူ၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်။

အထူးသဖြင့်၊ ကျိုးစွေ့ ယခုလေးတင် သတ်ဖြတ်ခဲ့သော ရွှေအမြုတေကျင့်ကြံသူများ၏ ဝိညာဉ်စွမ်းအင်များသည် ယခုအခါ အိပ်မက်ဝိညာဉ်ကူ ပိုင်ဆိုင်သွားပြီ ဖြစ်သည်။

"ဟမ်..."

ကျိုးစွေ့၏ မျက်လုံးများ အရောင်လက်သွားသည်။ အိပ်မက်ဝိညာဉ်ကူသည် ရွှေအမြုတေ အစောပိုင်းအဆင့် ကျင့်ကြံသူခုနစ်ဦး၏ ဝိညာဉ်များကို ဝါးမျိုပြီးနောက်၊ ၎င်း၏ ခွန်အားသည် ဆတိုးကိန်းနှင့် တိုးပွားလာသည်ကို သူ ခံစားလိုက်ရသည်။

၎င်း၏ စွမ်းအားသည် အဆင့်နှစ်၏ ပြီးပြည့်စုံသော စက်ဝန်းသို့ ရောက်ရှိနေခဲ့ပြီး ဖြစ်သည်။

သို့သော် ယခု၊ ဤရွှေအမြုတေ ကျင့်ကြံသူများ၏ ဝိညာဉ်များကို ရရှိပြီးနောက်၊ ၎င်းသည် အဓိက ဖြည့်စွက်စာတစ်ခုကို စားသုံးလိုက်ရသကဲ့သို့ ဖြစ်ပြီး၊ အိပ်မက်ဝိညာဉ်ကူ၏ စွမ်းအားကို ရုတ်တရက် ကြီးမားစွာ မြှင့်တင်ပေးလိုက်သည်။

ဒုန်း…။

ရုတ်တရက် အိပ်မက်ဝိညာဉ်ကူ၏ ခန္ဓာကိုယ် အနည်းငယ်တုန်ခါသွားပြီး၊ ကြီးမားသော ဝိညာဉ်စွမ်းအားသည် ၎င်းအား ကြီးမားသော အတားအဆီးကို ဖောက်ထွက်ရန် ချက်ချင်း ကူညီပေးလိုက်ကာ နယ်နိမိတ်သစ်တစ်ခုကို ထိတွေ့စေလိုက်သည်။

အဆင့်သုံး အောက်ခြေအဆင့်…။

သံသယ ဖြစ်ဖွယ်မလိုဘဲ၊ အိပ်မက်ဝိညာဉ်ကူသည် ယခုအခါ အဆင့်သုံး၏ အောက်ခြေအဆင့်သို့ တက်လှမ်းသွားပြီ ဖြစ်သည်။

ဤသည်မှာ အရည်အသွေးဆိုင်ရာ ခုန်ပျံကျော်လွှားမှုတစ်ခု ဖြစ်ပြီး၊ ၎င်း၏ ခွန်အား ပြောင်းလဲမှုသည် ကမ္ဘာမြေ တုန်ဟီးလောက်သော ပြောင်းလဲမှု ဖြစ်သည်။

All Chapters