ဝိညာဉ်လောင်ကျွမ်းနေရာရွှေ့ပြောင်း ကျင့်စဉ်
Vol. 1 Ch. 277
ကျန်းရီသည် ကျန်းယွင်ဟိုင်ကို ပြန်မဖြေဘဲ အနောက်မှ လူလတ်ပိုင်းကြီး ကိုသာ ကြည့်လိုက်သည်။ သူ့ကိုယ်မှ သတ်ဖြတ်ခြင်း အရှိန်အဝါများ ထွက်ပေါ်လာခဲ့ပြီး မီးနဂါးဓားလည်း သူ့လက်ထဲတွင် ပေါ်ထွက်လာခဲ့သည်။ ထို့နောက် သူသည် အံကြိတ်၍ အော်ဟစ် လိုက်သည်။
"ငါ့အဘိုးကို လွှတ်လိုက်၊ မင်းအသက်ကို ချမ်းသာပေးမယ်"
"ဟားဟား"
သက်လတ်ပိုင်း အရွယ်လူကြီးသည် ကျယ်လောင်လှသော ရယ်သံကြီး ပြုလိုက်ပြီး ကျန်းရီကို လှောင်ပြောင်သည့် မျက်နှာပေးနှင့် ကြည့်လာခဲ့သည်။ ထို့နောက် သူသည် နှာခေါင်းရှုံ့၍ လှောင်လာလေ၏။
"ကျန်းရီ၊ ကင်းထောက် သံတမန်ကျန်း၊ နဂါးစစ်သူကြီး၊ နိုင်ငံသစ္စာဖောက်မှု အပြစ်သား၊ နယ်မြေရဲ့ ကယ်တင်ရှင် … မင်းလောကကြီးကို ကယ်နိုင်လိုက်ပေမဲ့ မင်းအဘိုးကို ကယ်နိုင်မှာလား၊ ငါက အရူးမှ မဟုတ်တာ … မင်းအဘိုးကို လွှတ်လိုက်တာနဲ့ ငါသေမှာလေ၊ မင်းမှာ လူတွေ အများကြီးရှိတာ ငါမလွတ်မှာကလည်း သေချာနေတော့ ငါကျန်းယွင်ဟိုင်နဲ့ အတူ ဘာလို့ မသေလိုက်ရမှာလဲ၊ မင်းဘယ်လိုထင်လဲ … ကင်းထောက်သံတမန်ကျန်း"
"ဝှစ် … ဝှစ် … ဝှစ်"
လူတိုင်း၏ မျက်နှာများသည် ကြောက်စရာ ကောင်းလောက်အောင် ဖြူဖျော့ သွားကြသည်။ ထိုလူလတ်ပိုင်းကြီးသည် စိတ်ဝိညာဉ်မျောလွင့် ခရီးသည် ပဉ္စမအဆင့်တွင်ရှိ၍ ကျန်းယွင်ဟိုင်၏ ဒန်တျန်းမှာလည်း ပျက်စီးနေပြီး ဖြစ်ပုံရလေသည်။ သူတို့အများစုသည် ထိုလူကြီးကို စက္ကန့်ပိုင်းအတွင်း သတ်နိုင်ကြသော်လည်း ကျန်းယွင်ဟိုင်ကို ကယ်နိုင်ပါမည်ဟု မည်သူမှ အာမ မခံနိုင်ကြပေ။
"ဒူးထောက်"
သတ်လက်ပိုင်းအရွယ် လူကြီးသည် ရုတ်တရက် ယုတ်မာတော့မည့် မျက်နှာထား ဖြစ်သွားကာ အော်ဟစ် လာလေသည်။ သူ့လက်ထဲမှ ဝိညာဉ် လက်နက်သည် အနည်းငယ် ရွေ့လျားသွားခဲ့ပြီး ကျန်းယွင်ဟိုင်၏ လည်တိုင်ထက်တွင် ပြတ်ရှရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ထို့နောက် သူသည် ကျန်းရီကို ကြည့်ကာ နောက်တစ်ကြိမ် အော်ဟစ် လိုက်ပြန်သည်။
"ငါ့ရှေ့မှာ ဒူးထောက်စမ်း … မထောက်ရင် ကျန်းယွင်ဟိုင်ကို ငါသတ်လိုက်မယ်"
"ဘန်း"
ကျန်းရီသည် တုံ့ဆိုင်းခြင်းမရှိ ကြမ်းပြင်ပေါ် ဒူးနှစ်ဖက်လုံး ထောက်၍ ထိုင်ချလိုက်ပြီး လူလတ်ပိုင်းကြီးကို ရိုးသားသည့် မျက်လုံးများဖြင့် ကြည့်ကာ ပြောလိုက်သည်။
"အဘိုးကို လွှတ်ပေး၊ ဘယ်အခြေအနေမဆို ငါလက်ခံတယ်"
"ဟားဟား … အင်ပါယာရဲ့ ကင်းထောက် သံတမန်ကျန်း၊ နယ်မြေရဲ့ ကယ်တင်ရှင်ကြီးက ငါ့ရှေ့မှာ ဒူးထောက်နေတယ်"
လူလတ်ပိုင်းကြီးသည် မျက်ရည်များ ထွက်သည်အထိ အားပါးတရ ရယ်မော နေခဲ့သည်။ ထိုလူကြီး၏ လည်ပင်းညှစ်ခြင်း ခံနေရသော ကျန်းယွင်ဟိုင်သည် ဒေါသတကြီး စကားဆို လာခဲ့သည်။
"ထလိုက် … အရှင်ငယ်၊ ကျွန်တော် ဘာသင်ပေးခဲ့လဲ၊ ယောက်ျား တစ်ယောက်ရဲ့ ဒူးက ရွှေထက် တန်ဖိုးရှိတယ်၊ ကောင်းကင်၊ မြေကြီးနဲ့ မိဘတွေကို ဒူးထောက်လို့ရတယ် ဒါပေမဲ့ သေခြင်းတရားကိုတော့ မရဘူး၊ ထလိုက် … မထရင် ကျွန်တော် သေပဲ သေလိုက်တော့မယ်"
ကျန်းရီသည် မျက်လုံးများမှိတ် အံကိုကြိတ်၍ ခေါင်းမာစွာ ဆက်ဒူးထောက် နေခဲ့သည်။ လူလတ်ပိုင်းကြီး၏ နှုတ်ခမ်းတွင် ယုတ်မာလှသော အပြုံးတစ်ခု တွဲခိုနေခဲ့ပြီး အော်ဟစ်လိုက်သည်။
"မင်း … သေခါနီးအဘိုးကြီး ပါးစပ်ပိတ်ထား၊ ကျန်းရီ … ငါ့စကားကို နားထောင် … မင်းဒန်တျန်းကို ဖျက်စီးလိုက်၊ ငါကျန်းယွင်ဟိုင်ကို ချက်ချင်း လွှတ်ပေးမယ်"
"ကင်းထောက်သံတမန် … မလုပ်ပါနဲ့"
လင်းရီတို့ လူစုသည် ထိတ်လန့်တကြား အော်ဟစ် လိုက်ကြသော်လည်း ကျန်းရီ၏ မျက်ဝန်းများထဲတွင် ရက်စက်သည့် အရိပ်အယောင်များ ပေါ်လွင်နေခဲ့သည်။ သူသည် လက်ထဲမှ မီးနဂါးဓားကို လွှဲကာ ဒန်တျန်းထံ ထိုးစိုက်တော့မည့် ဆဲဆဲတွင် ရုတ်တရက် အော်ဟစ်လိုက်သည်။
"လင်းရီ … လုပ်တော့"
"အမ်"
လင်းရီသည် မှင်တက် သွားခဲ့သည်။ သူသည် ကျန်းယွင်ဟိုင်ကို လှမ်းကြည့်လိုက်ပြီး ချက်ချင်း ရှေ့သို့ ပြေးဝင် သွားလိုက်သည်။ လူလတ်ပိုင်းကြီး သည်လည်း အံ့အားသင့် နေခဲ့သည်။ ကျန်းရီသည် ကျန်းယွင်ဟိုင်ကို တန်ဖိုးထားသည်ဟု သူထင်နေခဲ့သည်။ ကျန်းရီသည် ဒူးထောက်၍ ဒန်တျန်းကိုပင် ချိုးဖျက်ရန် ပြင်ဆင်ပြီးနေခါမှ အဘယ့်ကြောင့် လင်းရီကို လှုပ်ရှား ခိုင်းသနည်း။ ကျန်းယွင်ဟိုင်ကို သူသတ်လိုက်မည်အား မကြောက်ပေဘူးလော။
"သေစမ်း"
လင်းရီ နားမလည်နိုင်ခင်မှာပင် လူလတ်ပိုင်းကြီး၏ မျက်ဝန်းများထဲတွင် ရက်စက်သော အရိပ်အယောင်များ ပေါ်ထွက်လာခဲ့ပြီး လက်ထဲမှ ဝိညာဉ်လက်နက်ဖြင့် ကျန်းယွင်ဟိုင်၏ လည်တိုင်ကို ပိုင်းချလိုက်သည်။ ကျန်းယွင်ဟိုင်၏ ဒန်တျန်းသည် ပျက်စီးနေပြီးဖြစ်ရာ လင်းရီသူ့ကို မသတ်နိုင်ခင် ကျန်းယွင်ဟိုင်ကို သူသတ်သွားနိုင်မည်ဟု ယုံကြည်ချက် ရှိလေသည်။
ထိုခဏတွင် ဆန်းကြယ်သည့်အရာ ဖြစ်ပွားခဲ့သည်။
ကျန်းယွင်ဟိုင်၏ ကိုယ်မှ အလင်းရောင်များ ထွက်ပေါ်လာခဲ့ပြီး လူမှာ ပျောက်ကွယ်သွားကာ ကျန်းရီ၏ဘေး၌ ပြန်ပေါ်လာခဲ့သည်။
"ဒါ … ဒါက ဘာစွမ်းအားလဲ၊ ရုတ်တရက်ကြီး နေရာရွေ့သွားတာ"
လူလတ်ပိုင်းကြီးသည် မယုံနိုင် ဖြစ်နေခဲ့ပြီး စစ်သူကြီးဟဲတို့ လူစုမှာလည်း သရဲမြင်လိုက် ရသည့်အလား ဖြစ်နေခဲ့သည်။ ထိုသို့သော မှော်အစွမ်းမျိုးအား သူတို့တစ်ခါမှ မကြားဖူးပေ။ ကျန်းယွင်ဟိုင်သည် စိတ်ဝိညာဉ်မျောလွင့် ခရီးသည် ပထမအဆင့်သို့ ဒုတိယအဆင့် တွင်သာ ရှိလောက်သေးသည်။ ထို့ပြင် သူ့ဒန်တျန်းမှာလည်း ပျက်စီးနေပြီးဖြစ်ရာ မည်သို့ ရုတ်တရက်ကြီး ရွေ့လာရပါသနည်း။
"ဘန်း"
လင်းရီသည် တွေဝေမနေဘဲ သူ့ကောင်းကင်အဆင့် ဆေဘာဓားရှည်ကို လွှဲယမ်းကာ လူလတ်ပိုင်းကြီးအား အရိပ်ပမာ ဖြတ်ကျော် သွားခဲ့သည်။ ထိုလူကြီးသည် အသားစများအဖြစ် ပြောင်းလဲကာ သေဆုံး သွားခဲ့သည်။
"အဘိုး … အဆင်ပြေရဲ့လား"
ကျန်းရီသည် ခုန်ထကာ လဲကျသွားတော့မတတ် ဖြူဖျော့နေသော ကျန်းယွင်ဟိုင်ကို ဖက်လိုက်သည်။ ကျန်းယွင်ဟိုင်သည် အင်အားများ ကင်းမဲ့နေဟန်ရသော လက်ကိုမြှောက်ပြ လိုက်သည်။
"ကိစ္စမရှိဘူး၊ ငါ့ရဲ့ စိတ်ဝိညာဉ်စွမ်းအား သုံးပုံ တစ်ပုံလောက်ကိုပဲ သုံးလိုက်တာ … ငါမသေသေးပါဘူး"
စကားဆုံးသည်နှင့် ကျန်းယွင်ဟိုင်၏ ကိုယ်သည် ပျော့ခွေကာ မေ့မျော သွားခဲ့သည်။ ကျန်းရီသည် သက်ပြင်းချကာ ပြောလိုက်သည်။
"စစ်သူကြီးဟဲ … .ဒီတစ်ခေါက် ခင်ဗျားရဲ့ အကူအညီအတွက် ကျေးဇူး အများကြီးတင်ပါတယ်၊ ခင်ဗျားရဲ့ မင်းကြီးကို ကျုပ်က ကျေးဇူးအထူးတင် ကြောင်းလည်း ပြောလိုက်ပါ၊ အဘိုးကို ကယ်ပြီးပြီဆိုတော့ ခင်ဗျားကို ဒုက္ခထပ်မပေးတော့ဘဲ ကျုပ်တို့ သွားပါတော့မယ်"
စစ်သူကြီးဟဲသည် ကျန်းယွင်ဟိုင်ကို တစ်ချက် ကြည့်လိုက်ပြီး အစောပိုင်းက ကျန်းရီနှင့် ကျန်းယွင်ဟိုင်မှာ အတူတကွ သရုပ်ဆောင်သွားခဲ့ခြင်း ဖြစ်ကြောင်း သိလိုက်သည်။ ကျန်းယွင်ဟိုင်သည် ကျန်းရီကို စိတ်ချင်း ဆက်သွယ်၍ စကားတစ်ခုခု ပြောလိုက်ပုံရသည်။ ထို့ကြောင့် သူတို့ အတိုင်အဖောက်ညီညီ သရုပ်ဆောင်နိုင်ကြခြင်း ဖြစ်သည်။ သူတို့၏ ရည်ရွယ်ချက်သည် ကျန်းယွင်ဟိုင် ထူးဆန်းလှသော စွမ်းအင်ကို အသုံးပြုနိုင်ရန် လူလတ်ပိုင်းကြီး သတိလစ် ဟင်းသွားအောင် လုပ်ရန် ဖြစ်သည်။
စစ်သူကြီးဟဲသည် တစ်ခဏ ရေရွတ်ကာ ပြောလာခဲ့သည်။
"ဘာလို့ ဒီမြို့မှာ ခဏနေ မသွားတာလဲ၊ ကျန်းယွင်ဟိုင်ကို ကုဖို့ သမားတော် တချို့ကို ကျုပ်ဖိတ်ပေးလို့ ရတယ်လေ"
"မလိုပါဘူး၊ ကျွန်တော့်မှာ တခြားကိစ္စလေးတွေ ရှိသေးလို့ သွားပါတော့မယ်"
ကျန်းရီသည် ခေါင်းခါလိုက်ပြီး အနက်ရောင် အတွင်းအားသုံး၍ သူ့အဘိုး၏ ကိုယ်ကို စစ်ဆေးကြည့် လိုက်သည်။ ဒန်တျန်း ပျက်စီးသွားသည်မှ တစ်ပါး တခြား ထိခိုက်ဒဏ်ရာ ကြီးကြီးမားမား မရှိပေ။
ကျန်းရီသည် လင်းရီတို့ လူစုနှင့်အတူ ထွက်လာခဲ့ပြီး မြို့မှထွက်ကာ အမှောင်တောအုပ်ထံ ဦးတည်လိုက်သည်။ တောအုပ်အစပ်နား သူတို့ရောက်ရှိချိန်တွင် မိုးစင်စင် လင်းနေချေပြီ။ ကျန်းရီသည် ကျန်းယွင်ဟိုင်ကို ဘေးတွင်ထား၍ လက်နှစ်ဖက်ဆုပ်ကာ လင်းရီတို့ လူစုအား စကားပြောလိုက်သည်။
"အားလုံးပဲ … အကူအညီအတွက် ကျေးဇူးတင်ပါတယ်၊ ကျုပ်ဝိညာဉ် သားရဲ သင်တန်းကျောင်းကို သွားစရာ ရှိနေသေးလို့ ဒီမှာ လမ်းခွဲကြတာပေါ့၊ အင်ပါယာ မြို့တော်ကို ပြန်ရောက်ရင် မင်းသမီးကို ကျုပ်က ကျေးဇူးတင်တဲ့အကြောင်း ပြောပေးပါ၊ အခွင့်အရေးရရင် ကြယ်ကောင်းကင်မြို့ကို တစ်ခေါက် ပြန်လာခဲ့ပါဦးမယ်"
"ဒါက … "
လင်းရီသည် ပူပန်စွာ မေးလာခဲ့သည်။
"ကင်းထောက် သံတမန်ကျန်း … တစ်ယောက်တည်းသွားလို့ ဘေးကင်းပါ့မလား၊ ကျုပ်တို့ ခင်ဗျားကို ဝိညာဉ်သားရဲ သင်တန်းကျောင်းဆီ လိုက်ပို့ပြီးမှ ကြယ်ကောင်းကင် မြို့ဆီပြန်တာ ပိုကောင်းမယ်နဲ့တူတယ် … မဟုတ်ရင် မင်းသမီးက ကျုပ်တို့ကို အပြစ်တင်နေလိမ့်မယ်"
ကျန်းရီတွင် ကျုံးဝူသားရဲရှိပြီး မြေအောက်မှသွားလျှင် သူ့ကို မည်သူမှ ခြေရာမခံနိုင်ပေ။ လင်းရီ ထိုကဲ့သို့ ပြောလာရာ သူကလည်း လင်းရီတို့လူစု အခက်တွေ့အောင် မလုပ်လိုပေ။ အားလုံး၏ အမြန်နှုန်းနှင့်ဆိုလျှင် သူတို့ ဝိညာဉ်သားရဲ သင်တန်းကျောင်းဆီ မနှောင့်နှေးဘဲ ရောက်မှာ သေချာလေသည်။
"ဟွမ်ကြီး"
ကျန်းရီသည် ကျုံးဝူသားရဲကို ဆင့်ခေါ်လိုက်ပြီး ကျန်းယွင်ဟိုင်ကို သယ်ကာ ဟွမ်ကြီး၏ကျောထက် ခုန်တက်လိုက်သည်။ ထို့နောက် သူပြောလိုက်သည်။
"မြေအောက်ကသွားပြီး ရှန်ဝူနိုင်ငံအောက်ကနေ ဖြတ်ပြီး ဝိညာဉ်သားရဲ သင်တန်းကျောင်းဆီ ပြန်ကြတာပေါ့၊ ငါတို့တွေ လဝက်အတွင်း ရောက်လောက်တယ် … ဒီနည်းက ပိုလည်း ဘေးကင်းတယ်"
"ကောင်းပါပြီ"
လင်းရီသည် ကျန်းရီ၏အဆိုကို ငြင်းရန် မကောင်းသည့်အပြင် ထိုနည်းလမ်းမှာလည်း အမှန်တကယ် ဘေးကင်းလေသည်။ ကျုံးဝူသားရဲကိုစီးရန် လူများ လွန်းနေသော်လည်း ကိစ္စမရှိပါချေ။
"ဘွတ်အဲ … ဘွတ်အဲ"
ကျုံးဝူသားရဲသည် အကြိမ်အနည်းငယ် အော်ဟစ်လိုက်ပြီး မြေကြီးကို စတင်တူးကာ ရှန်ဝူနိုင်ငံဆီ ခရီးနှင်တော့သည်။
***
စစ်သူကြီးဟဲသည် ကျန်းရီတို့ ဖြစ်ရပ်အကြောင်း တစ္ဆေအလင်းမြို့တော်(ရှန်းသန်းမြို့)မှ ကျင်းရှန်နိုင်ငံ၏ ဘုရင်ကို တင်ပြလိုက်သည်။ ကျင်းရှန်နိုင်ငံ၏ ဘုရင်မှာ စိတ်အေး သွားခဲ့သည်။ ပြဿနာ နတ်ဘုရား ကျန်းရီ ထွက်သွားသည်က အကောင်းဆုံး ဖြစ်သည်။ မဟုတ်ပါက မည်သို့သော ပြဿနာ ရောက်ရှိလာမည်ကို မသိနိုင်ပေ။
"အမ်"
ကျင်းရှန်နိုင်ငံ၏ ဘုရင်သည် သတင်းပို့ ကျောက်စိမ်းပြားကို ကြည့်နေရာမှ နောက်ဆုံး အပိုင်းကို မြင်သောအခါ မျက်ဝန်းထဲတွင် အံ့အားသင့်ရိပ်များ ထွက်ပေါ်လာခဲ့သည်။ သူ၏ အညိုရောင် ဆံပင်ရှည်များသည် လေမတိုက်ပါဘဲ လွင့်သွားခဲ့ပြီး သူ့ကိုယ်မှ ကြောက်စရာ အရှိန်အဝါများ ပေါ်ထွက်လာခဲ့သည်။ ကျင်းရှန်နိုင်ငံ ဘုရင်သည်လည်း စွမ်းအားကြီးသူတစ်ဦး ဖြစ်လေသည်။
"စိတ်ဝိညာဉ်ကို လောင်ကျွမ်းစေခြင်း၊ နေရရွှေ့ပြောင်းကျင့်စဉ် … ကျန်းယွင်ဟိုင်မှာ ဒီလို စွမ်းအားမျိုး ရှိတာလား"
သူ၏ ကျားရဲ မျက်လုံးများသည် စူးရှနေပြီး အညိုရောင်ဆံပင်များကို ပွတ်သပ် နေခဲ့သည်။ သူသည် တစ်ခုခုကို တွေးမိသွားကာ အော်ဟစ်လိုက်သည်။
"လာကြစမ်း … ပညာရှိအိုကြီးကို သွားပြီး ပင့်ဖိတ်ချေ"
တစ်ခဏကြာသော် မုတ်ဆိတ်ရှည်ကြီးနှင့် အဘိုးကြီး တစ်ဦးသည် မီးခိုးရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး တောင်ဝှေး တစ်ချောင်းနှင့် ရောက်လာခဲ့သည်။ သူသည် ရင်ဘတ်၌ လက်တင်ကာ ဦးညွှတ်၍ စကားစလိုက်သည်။
"မင်းကြီး … ကျွန်တော်မျိုးကို ဘာအတွက် ရှာတာပါလဲ"
ကျင်းရှန်နိုင်ငံ၏ ဘုရင်သည် မျက်ဝန်းထဲမှ အံ့အားသင့်ရိပ်တို့ကို ဖုံးကွယ်မထားဘဲ အလေးအနက် ပြောလိုက်သည်။
"ပညာရှိကြီး … စိတ်ဝိညာဉ်ကိုသုံးပြီး သုံးမီတာထက်ပိုတဲ့ အကွာအဝေးကို ရွေ့သွားနိုင်တဲ့ ကျင့်စဉ်ကိုများ ကြားဖူးမလား"
"ဝိညာဉ်လောင်ကျွမ်း နေရာ ရွှေ့ပြောင်းကျင့်စဉ်"
ပညာရှိအိုကြီး၏ မျက်လုံးများသည် တောက်ပလာပြီး ကျယ်လောင်စွာ မေးလိုက်သည်။
"အဲ့ဒီစွမ်းအားနဲ့လူကို ဘယ်မှာတွေ့ခဲ့တာလဲ၊ အဲ့ဒါက ပင်လယ်ပြင်ကို ဖြတ်သန်းရာမှာ သုံးတဲ့ နာမည်ကျော် ကျင့်စဉ်ပဲ … အဲ့လူက ကောင်းကင်ကြယ်တာရာ နယ်မြေကို ခိုးဝင်လာတဲ့ သူလျှိုတစ်ယောက်ယောက်များ ဖြစ်နေမလား"
"ပင်လယ်ကိုကျော်တာ"
ကျင်းရှန်နိုင်ငံ၏ ဘုရင်သည် မျက်မှောင်ကြုတ်လိုက်သည်။ သူ့မျက်လုံးများမှာ တစ်ခုခုကို စဉ်းစားနေသည့်နှယ် မရပ်မနား လှုပ်ရှားနေခဲ့သည်။ သူသည် အချိန်တစ်ခဏ ယူလိုက်ပြီးနောက် စကားပြန်ဆက် လာလေ၏။
"ကျန်းယွင်ဟိုင်က ရှန်ဝူနိုင်ငံသား စစ်စစ်ပဲ … ပင်လယ်ကို ကျော်လာတဲ့သူက ရီဖျောင်ဖျောင်များ ဖြစ်နေမလား"
***