← Chapters

လောကကြီး ပြောင်းလဲတော့မည်

Vol. 1 Ch. 278

လောကကြီး ပြောင်းလဲတော့မည်

Vol. 1 Ch. 278

"အားလုံး သေသွားတယ် … ကျန်းယွင်ဟိုင်ကို ကျန်းရီက လာကယ်သွားတယ် ဟုတ်လား"

ရှန်ဝူနိုင်ငံ တော်ဝင်မြို့တော်၊ အိမ်ရှေ့စံအိမ်တော်တွင် …

ရှားဝူဟွေ့သည် သတင်းများကို နှစ်ရက်အတွင်း ရရှိခဲ့သည်။ တစ္ဆေမီးတောက်မြို့နှင့် တစ္ဆေတောင်တန်းမြို့တွင် ကျန်းရီ ဖြစ်စေခဲ့သော ဖြစ်ရပ်တို့သည် အုတ်အော်သောင်းနင်း ဖြစ်နေခဲ့သည်။ တစ်မြို့လုံးသည် ထိုအကြောင်းကို သိကြ၍ ရှန်ဝူနိုင်ငံမှ ကင်းထောက်တို့သည် လျင်မြန်စွာ သတင်း လာပို့ကြသည်။

"အသုံးကို မကျကြဘူး …  ရှက်ဖို့ကောင်းလိုက်တာ"

ရှားဝူဟွေ့သည် ဒေါသထွက်ထွက်နှင့် စားပွဲပေါ်မှ အရာအားလုံးကို ပေါက်ခွဲနေခဲ့သည်။ ကောင်းကင်အဆင့် လက်နက် ဆယ်ခုနှင့် နတ်ဘုရား သတ်ဖြတ်ခြင်းလေး အစုံနှစ်ရာကို တိတ်တဆိတ် ပို့ဆောင်ပေးပြီးနောက် အရာအားလုံး အချည်းနှီး ဖြစ်သွားလိမ့်မည်ဟု သူစိတ်ပင် မကူးခဲ့ဖူးချေ။ သူမည်မျှ ခံပြင်းနေမည်ကို တွေးကြည့်နိုင်ပါသည်။

"ကျန်းရီ … ကျန်းရီ … ကျန်းရီ"

သူပစ္စည်းတစ်ခုကို ပေါက်ခွဲလိုက်တိုင်း ကျန်းရီထံ ပစ်ပေါက်နေသည့်အလား ကျန်းရီ၏ အမည်ကို ဒေါသတကြီး အော်ဟစ် နေခဲ့သည်။ ကျန်းရီကြောင့် တော်ဝင်မြို့တော်တွင် သူမော်ချီ၍ လမ်းမလျှောက်နိုင် ဖြစ်ရသည်။ ရှားထင်ဝေ့သည် သူ့ကို အပြစ်မတင်သော်လည်း သူ့ကို ကြည့်နေကျ အကြည့်များမှာ မတူတော့ဟု သူခံစားနေရသည်။ မှူးမတ်များသည် သူ့ကို တလေးတစား ဆက်ဆံနေကြသော်လည်း သူတို့ မျက်ဝန်းများ၏ အနက်ရှိုင်းဆုံး နေရာတွင် ဖုံးကွယ်ထားသော လှောင်ပြောင်ရိပ်များကို သူမြင်နေရသည်။

ဤအချိန်များ အတောအတွင်း ကျန်းရီ၏ ကျော်ကြားမှုများသည် ထိပ်ဆုံးသို့ ရောက်နေသလို သူ၏ ဒေါသများလည်း အထွတ်အထိပ်သို့ ရောက်နေလေသည်။ သူသည် တစ်နေ့လုံး ပစ္စည်းများကို ပေါက်ကွဲဖျက်စီးနေပြီး တစ်ခါတစ်ရံတွင် အပျိုတော်များ၊ ကုန်းကုန်းများ တချို့တစ်လေကိုတောင် သတ်ပစ်သေးလေသည်။ သူ့အား သရဲစီးနေသည်ဟုပင် ထင်ရလေသည်။

"မင်းကြီးအမိန့်တော် … အိမ်ရှေ့စံမင်းသားကို အခစားဝင်ဖို့ ဆင့်ခေါ်တယ်"

အပြင်ဘက်မှ စူးရှလှသော လေသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ရှားဝူဟွေ့သည် သူ့မျက်နှာကို ပွတ်သပ်လိုက်ပြီး စိတ်တည်ငြိမ်အောင် ကြိုးစားလိုက်သည်။ သူသည် ဝတ်ရုံများကို သပ်ရပ်အောင် ပြန်ပြင်လိုက်ပြီး အပြင်သို့ တည်ငြိမ်စွာ ထွက်လာခဲ့သည်။ သူ့နောက်တွင် ကုန်းကုန်းများ၊ အပျိုတော်များ တစ်အုပ်က ခြံရံ၍ တော်ဝင်စာကြည့်ဆောင်ထံ ဦးတည်လိုက်သည်။

"ခမည်းတော်ကို သားတော် အရိုအသေ ပေးပါတယ်"

ကြီးမားပြီး ရှင်းလင်းနေသော တော်ဝင်စာကြည့်ဆောင်ထဲတွင် ရှားထင်ဝေ့သည် ခပ်မြင့်မြင့် ထိုင်ခုံပေါ်၌ထိုင်၍ စာရွက်စာတမ်း အချို့ကို ကြည့်နေခဲ့သည်။ ရှားဝူဟွေ့ ဝင်လာသော် သူသည် ခေါင်းမမော့သေးဘဲ နန်းတွင်း အပျိုတော်များ၊ ကုန်းကုန်းများကို ထွက်သွား စေလိုက်သည်။

ရှားဝူဟွေ့သည် တစ်ခဏကြာအောင် စောင့်နေခဲ့သည်။ ရှားထင်ဝေ့သည် စကားပြောမည့်ပုံ မရသည်ကို သူမြင်သောအခါ အံကြိတ်၍ လက်နှစ်ဖက်ယှက် ဦးညွှတ်ကာ စကားစလိုက်သည်။

"ခမည်းတော် … သားတော်ကိုခေါ်တာ ညွှန်ကြားစရာ တစ်ခုခုများ ရှိနေလို့ပါလား"

နောက်ဆုံးတွင် ရှားထင်ဝေ့သည် ခေါင်းမော့ ကြည့်လာခဲ့ပြီး ရှားဝူဟွေ့၏ ကိုယ်မှာ ဆတ်ခနဲ တုန်လှုပ်သွားခဲ့သည်။ ရှားထင်ဝေ့၏ အေးစက်စက်အပြုံးနှင့် မျက်နှာထားကို ရှားဝူဟွေ့ မြင်ရသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။ သူ့မှတ်ဉာဏ်ထဲတွင် ရှားထင်ဝေ့သည် သူ့အား တစ်ခါမှ ဤသို့ ပြုံးမပြခဲ့ဖူးပေ။ ရှားထင်ဝေ့ အတော်လေး ဒေါသထွက်နေသည်မှာ ထင်ရှားလှသည်။

"ဝူဟွေ့ … မင်းငါ့ကို တော်တော်လေး စိတ်ပျက်စေခဲ့တယ်"

ရှားထင်ဝေ့၏ စကားသည် ရှားဝူဟွေ့အား ပျော့ခွေ သွားစေလေသည်။ သူသည် ချက်ချင်း ဒူးထောက် ထိုင်ချလိုက်သည်။ ထို့နောက် အံကြိတ်၍ စကားစလိုက်သည်။

"ခမည်းတော် … ဒီသားတော်က သူဘာမှားတယ်ဆိုတာ မသိပါဘူး၊ ကျေးဇူးပြုပြီး ပြောပြပါ … သားတော် ချက်ချင်း ပြောင်းလဲပါ့မယ်"

"မင်းဘာမှားတယ် ဆိုတာ မသိသေးဘူးလား"

ရှားထင်ဝေ့သည် မတ်တတ်ရပ်၍ ရှားဝူဟွေ့ထံ လျှောက်လာခဲ့ပြီး အေးစက်လှသော လေသံနှင့် ပြောလာလေ၏။

"ကျန်းရီအပေါ် မင်းအငြိုးထားတာ ငါသိတယ်၊ ကျန်းရီက မင်းရဲ့ ဂုဏ်သတင်းကို အများကြီး ကျဆင်း သွားစေတယ်ဆိုတဲ့ အချက်ကိုလည်း ငါသိထားတယ် … ဒါပေမဲ့ ဒါဘယ်အချိန်လဲဆိုတာ မင်းမသိဘူးလား … ကျန်းရီက အခု အမြင့်ကို ရောက်နေတယ်၊ ဒီလိုအချိန်မှာ မင်းကသူနဲ့ စာရင်းရှင်းချင် သေးတယ်လား၊ ကျန်းယွင်ဟိုင်ကို မင်းဖမ်းတာက ဘာအသုံးဝင်လို့လဲ … ကျန်းရီကို အကွက်ချပြီး သတ်နိုင်မှာ မလို့လား … သူ့ရဲ့ လက်ရှိ အဆင့်အတန်းနဲ့ဆို သူ့ကို မင်းရှန်ဝူနိုင်ငံဆီ ရောက်လာအောင် လုပ်နိုင်တယ်ပဲထား၊ ငါတို့ သူ့ကို ထိရဲမယ်လို့ မင်းထင်လား၊ ဘာလို့ မင်းဦးနှောက်ကိုသုံးပြီး မစဉ်းစားတာလဲ … နတ်ဆိုးဧကရီက သူ့ကို ဘာကြောင့် လက်ဝါးတစ်ချက် ပေးသွားတာလဲဆိုတာ"

"ပြီးတော့ … ကျန်းယွင်ဟိုင်ကို ရဖို့အတွက်နဲ့ နတ်ဘုရားသတ်ဖြတ်ခြင်း လေးမြားတွေကို တိတ်တဆိတ် သုံးလိုက်တယ်၊ ဒီကိစ္စက ပိုပြီးတော့တောင် ဦးနှောက် မရှိသေးတယ် … မင်းရဲ့ အပြုအမူတွေက ရှန်ဝူနိုင်ငံ ပြည်သူပြည်သားတွေရဲ့ စိတ်နှလုံးကို သက်ရောက်စေနိုင်တာ မင်းမသိဘူးလား၊ ပြည်သူတွေရဲ့ နှလုံးသားကို မရဘဲ အနာဂတ်မှာ မင်းဘယ်လို ကမ္ဘာကြီးကို အုပ်စိုးမှာလဲ"

ရှားဝူဟွေ့၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားကာ တောင်းပန် စကားဆိုလိုက်သည်။

"ခမည်းတော် ဆုံးမတာ မှန်ပါတယ်၊ သားတော် အမှားကို သိပါပြီ၊ ကျန်းရီကို သွားပြီး မရှုပ်တော့ပါဘူး"

"သောက်ရူး"

ရှားဝူဟွေ့ အမှားကို ဝန်ခံလိုက်သောအခါ ရှားထင်ဝေ့မှာ ပို၍ပင် ဒေါသထွက် လာခဲ့သည်။ သူသည် ရုတ်တရက် ခြေထောက်ကို မြှောက်၍ ရှားဝူဟွေ့ကို ကန်ထုတ် လိုက်သည်။ ရှားဝူဟွေ့မှာ မီတာပေါင်းများစွာ လွင့်ထွက်သွားခဲ့ပြီး နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာလေ၏။ ရှားထင်ဝေ့သည် အလွန်တရာ ဒေါသထွက်နေသော လေသံနှင့် အော်ဟစ်လိုက်သည်။

"ဝူဟွေ့ … ဒီကန်ချက်ကမှ မင်းကို မနိုးထစေသေးရင် ငါအိမ်ရှေ့စံ ထပ်ရွေးဖို့ ပြန်ဆုံးဖြတ်ရလိမ့်မယ်၊ မင်းဘာမှားတယ်ဆိုတာ မင်းမသိသေးဘူးလား၊ မင်းမှားတာက ကျန်းရီနဲ့ စာရင်းရှင်းချင်တာကြောင့် မဟုတ်ဘူး … မင်းက အမုန်းတွေကြောင့် ကန်းသွားပြီး မင်းရဲ့ ရှင်းလင်းတဲ့စိတ်၊ တည်ငြိမ်မှုနဲ့ စဉ်းစားချင့်ချိန် နိုင်စွမ်းတွေ ပျောက်သွားလို့ပဲ"

"မင်း ဒီအချိန်အတောအတွင်း အပျိုတော်တွေနဲ့ ကုန်းကုန်း တချို့ကိုတောင် သတ်ပစ်လိုက်သေးတယ်၊ ဒါက ဘာအခြေအနေလဲ … မင်းဒီလို ကျရှုံးမှု သေးသေးလေးကိုတောင် မခံစားနိုင်ရင် အကြံအစည်ကြီးတွေကို ပျက်စီးစေလိမ့်မယ်၊ ယောက်ျားကောင်းတစ်ယောက်ရဲ့ ကလဲ့စားက ဆယ်နှစ်ကြာမှဆိုရင်လည်း နောက်မကျသေးဘူး၊ အုပ်ချုပ်သူတစ်ယောက်က အချိန်တိုင်း တည်ငြိမ်နေရမယ် … အစီအစဉ်ကြီးတွေအတွက် ဆယ်နှစ်သုံးရမယ်ဆိုရင်တောင် သည်းခံနိုင်ရမယ် … မင်းရဲ့ စိတ်နေစိတ်ထားနဲ့ ဒီလောကကြီးကို မင်းဆီ ငါဘယ်လိုစိတ်အေးအေးထားပြီး လွှဲပေးရမလဲ"

ရှားဝူဟွေ့သည် ကြမ်းပြင်ပေါ်တွင် သေချာထိုင်လိုက်ပြီး နှုတ်ခမ်းထောင့်မှ သွေးစီးကြောင်းကို သုတ်လိုက်သည်။ သူအချိန်အတော်ကြာ ထိုင်ပြီးနောက် တည်ငြိမ်သွားကာ ဒူးထောက်၍ ထပ်မံတောင်းပန် လိုက်သည်။

"ခမည်းတော် … သားတော် အခုနားလည်ပါပြီ၊ ကျန်းရီရဲ့နောက်မှာ မိုးပြာနဂါး အင်ပါယာနဲ့ နတ်ဆိုးဧကရီ ရှိနေတယ် … သူ့အောင်မြင်မှုကလည်း ထိပ်ဆုံးမှာ ရောက်နေတယ်၊ သူနဲ့စာရင်းရှင်းဖို့က အချိန်ကောင်း မဟုတ်သေးဘူး၊ ကျန်းယွင်ဟိုင်ရဲ့ ကိစ္စမှာ သားတော် မဆင်မခြင်လုပ်မိတာ သဘောပေါက်ပါပြီ၊ ခမည်းတော် ဒီသားတော်ကို နောက်တစ်ကြိမ် အခွင့်အရေးပေးဖို့ တောင်းဆိုပါတယ်၊ ခမည်းတော် စိတ်မပျက်စေရပါဘူး"

"အင်း"

ရှားထင်ဝေ့၏ မျက်နှာထက်တွင် အပြုံးရိပ် တစ်စွန်းတစ်စ ထွက်ပေါ်လာခဲ့ပြီး ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ သူ့သားများထဲတွင် ရှားဝူဟွေ့သည် ဉာဏ်အကောင်းဆုံး ဖြစ်ပြီး ဤတစ်ကြိမ် သင်ခန်းစာသည် ပို၍ သူ့အား နောင်တွင် ရင့်ကျက် လာစေလိမ့်မည်။

ရှားထင်ဝေ့သည် တစ်ခဏ ရပ်တန့်လိုက်ပြီး တစ်ခုခုကို သတိရသွားကာ မေးလိုက်သည်။

"စုလောရွှယ်ကို ဘယ်လိုလုပ်ဖို့ စီစဉ်ထားလဲ"

"စုလောရွှယ်"

ရှားဝူဟွေ့၏ မျက်လုံးထဲတွင် မနှစ်မြို့မှုတို့ ဖြတ်ပြေး သွားပြီးနောက် သတိထား၍ ပြန်ဖြေလိုက်သည်။

"သူမက မိန်းမတစ်ယောက်က လွဲပြီး ဘာမှမဟုတ်ပါဘူး၊ ကျန်းရီက အခု အင်အားကြီး လာနေတယ်ဆိုတော့ သူ့ကိုသွားပြီး ရန်မစသေးတာ အကောင်းဆုံးပဲ၊ စုတိဝမ်ကလည်း သားတော်တို့ဆီက ခွင့်ပြုချက်မရဘဲ သူ့သမီးကို ကျန်းရီဆီ ပေးလိုက်ရဲတဲ့ သတ္တိရှိမှာ မဟုတ်ဘူး၊ ဒီကိစ္စကို အချိန်ဆွဲ ထားလိုက်မယ် "

"ကောင်းပြီ"

ရှားထင်ဝေ့သည် ပို၍ပင် ကျေနပ်သွားခဲ့ပြီး ခေါင်းတဆတ်ဆတ် ညိတ်ကာ ပြောလိုက်သည်။

"ဝူဟွေ့ … ကမ္ဘာ့ပေါ်မှာ အရာအားလုံးကို စွန့်ပစ်လို့ ရတယ်ဆိုတာ မှတ်ထားရမယ်၊ အိမ်ရှေ့စံတစ်ယောက်၊ အနာဂတ်အုပ်ချုပ်သူ တစ်ယောက်အနေနဲ့ မင်းနိုင်ငံရဲ့ အကျိုးအမြတ် အတွက် ဆုံးဖြတ်တတ်ရမယ်၊ နိုင်ငံအတွက် ဘာမဆို ရင်းရမယ်၊ စွန့်လွှတ်ရမယ် … ကောင်းပြီ၊ မင်းသွားနိုင်ပြီ"

ရှားဝူဟွေ့သည် ဦးညွှတ်၍ တည်ငြိမ်စွာ ပြန်ထွက်သွားခဲ့သည်။ ရှားထင်ဝေ့သည် တစ်ဦးတည်း အချိန်အတော်ကြာ ထိုင်နေခဲ့ပြီး ကျယ်လောင်စွာ အမိန့်ပေး လိုက်သည်။

"ပိုင်လီကို ခဏလောက် လာခဲ့ဖို့ သွားဖိတ်ချေ"

"ဟုတ်ကဲ့"

ထောင့်တစ်နေရာမှ အရိပ်တစ်ခု ပေါ်ထွက်လာခဲ့ပြီး လျင်မြန်စွာ ပျောက်ကွယ် သွားခဲ့သည်။ မိနစ်ငါးဆယ်ခန့်ကြာသော် ကျန်းပိုင်လီသည် ခြေလှမ်းကျဲကြီးများနှင့် ရောက်ရှိလာခဲ့ပြီး လက်နှစ်ဖက်ဆုပ်၍ ဦးညွှတ်လိုက်သည်။

"မင်းကြီး … ကျွန်တော့်ကို ရှာပါသလား"

"အင်း"

ရှားထင်ဝေ့သည် ဆင်းလာခဲ့ပြီး စိတ်ပူနေသော လေသံနှင့် စကားစလာခဲ့သည်။

"ပိုင်လီ … ငါတို့ရဲ့ ပြီးပြည့်စုံနေတဲ့ အစီအစဉ်က မင်းရဲ့သားကြောင့် ပျက်စီးသွားပြီ၊ မင်းရဲ့ အဲ့ဒီသားက သေချာပေါက် ပြဿနာပဲ၊ ငါတို့ အခု ဘာလုပ်ကြမလဲ"

"သူက ကျွန်တော့်သား မဟုတ်ဘူး၊ ကျွန်တော့်မှာ ဒီလိုသားမျိုး မရှိဘူး"

ကျန်းပိုင်လီ ပြန်ဖြေလိုက်သည်။

"ကျန်းရီက ရီဖျောင်ဖျောင်လိုပဲ အနှေးနဲ့အမြန် ပြဿနာတွေ ဖြစ်စေဦးမှာပဲ၊ ဒီအစီအစဉ်က ပြီးပြည့်စုံနေရဲ့သားနဲ့ ကျန်းရီကြောင့် ပျက်စီးသွားတာ နှမြောဖို့ ကောင်းတယ်၊ ဒါပေမဲ့ ရှားနိုင်ငံနဲ့ ကျင်းရှန်နိုင်ငံက အဆုံးအရှုံး၊ အပျက်အစီး များပြီးတော့ မိုးပြာနဂါး အင်ပါယာရဲ့ ဝှက်ဖဲကလည်း ထွက်လာပြီ၊ ကျွန်တော်တို့ ကြိုးစားခဲ့ရတာ ထိုက်တန်ပါတယ်"

"ဟုတ်တယ်"

ရှားထင်ဝေ့သည် ခေါင်းညိတ်လိုက်ပြီး မျက်လုံးများ တောက်ပလာခဲ့သည်။ ထို့နောက်သူသည် ခပ်တိုးတိုး မေးလိုက်သည်။

"အစီအစဉ်ရဲ့ ဒုတိယပိုင်းကို ဆက်လုပ်မှာလား"

"ဒါပေါ့"

ကျန်းပိုင်လီသည် စဉ်းလဲသော အပြုံးကို ဂုဏ်ယူစွာ ပြုံးလိုက်ပြီး အခိုင်အမာ ဆိုလိုက်သည်။

"ဒီလို အခွင့်အရေးကောင်းကို လက်လွှတ်ခံလိုက်ရင် တကယ်နှမြောစရာ ကောင်းမှာ … ကောင်းကင်ကြယ်တာရာ နယ်မြေရဲ့ အခြေအနေက နှစ်ပေါင်း တစ်သောင်းကျော်ကြာ တည်ငြိမ်နေခဲ့တာ၊ အချိန်အကြာကြီး အတူရှိခဲ့တာတွေက ခွဲရမယ်၊ အချိန်အကြာကြီး ခွဲခဲ့ရတာတွေကလည်း ပြန်ပေါင်းရမှာပဲ၊ လောကကြီးက ပြောင်းလဲဖို့ လိုအပ်နေတယ်၊ အရင်ဆုံး ဒီအကွက်ကို အရင်ရွှေ့ကြတာပေါ့ … အခွင့်အရေးရလာရင် အားလုံးကို ဝါးမျိုပြီး ကိုယ်ပိုင်အင်ပါယာ တည်ထောင်ကြမယ်"

"ကောင်းပြီ"

ရှားထင်ဝေ့သည် ဆွေးနွေးပြီးသည်နှင့် အမိန့်ပေးလိုက်သည်။

"ပိုင်လီ … မင်းလုပ်ဖို့ လိုတာတွေ သွားလုပ်ချေ၊ ဒီတစ်ခေါက် ငါမင်းကို လုပ်ပိုင်ခွင့် အပြည့်အဝပေးတယ်၊ အစွမ်းကုန် ကြိုးစားကြတာပေါ့ … လောကကြီးက တကယ်ပြောင်းလဲဖို့ လိုအပ်နေတယ် "

"အမှန်ပဲ"

ကျန်းပိုင်လီသည် ခေါင်းညိတ်ကာ ခပ်ရေးရေး ပြုံးလိုက်သည်။

"မစိုးရိမ်ပါနဲ့ မင်းကြီး … အမှားအယွင်း တစ်စုံတစ်ရာ မရှိရင် လောကကြီးက မကြာခင် ပြောင်းလဲတော့မှာပါ"

***

All Chapters