ရီဖျောင်ဖျောင်၏ ဇာတ်မြစ်
Vol. 1 Ch. 279
ရှန်ဝူနိုင်ငံ မြေအောက် ကီလိုမီတာ သုံးဆယ်ကျော် အကွာတွင် ရှေးဟောင်းသားရဲကြီး တစ်ကောင်သည် အလွန်လျင်မြန်စွာ ခရီးဆက် နေခဲ့သည်။ သားရဲကြီး၏ ကျောထက်တွင် ရှေ့ဆုံးမှ လူငယ်လေးသည် အဘိုးကြီး တစ်ဦးကို ထိန်းကိုင်လို့ထားပြီး သူ့အနောက်တွင် စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အမြင့်ဆုံးအဆင့် ဆယ်ယောက် ရှိနေခဲ့သည်။
"ငါးရက်တောင်ရှိပြီ"
ကျန်းရီ၏ မျက်နှာထက်တွင် စိုးရိမ်မှုများ ပေါ်လွင်နေခဲ့သည်။ ငါးရက်ကြာ ပြီးသော်လည်း အဘယ့်ကြောင့် ကျန်းယွင်ဟိုင် မနိုးသေးသနည်း။ သူသည် ကျင်းရှန် နိုင်ငံတော်တွင် နေရစ်၍ စစ်သူကြီးဟဲ သမားတော်ခေါ်ပေးမည်ကို ခွင့်မပြုလိုက်ခြင်းအား နောင်တရနေမိသည်။
ကျန်းရီသည် ကျန်းယွင်ဟိုင်၏ ကိုယ်နှင့် စိတ်ဝိညာဉ်ကို စစ်ဆေးပြီးမှသာ အနည်းငယ် စိတ်အေးသွားခဲ့သည်။ ရက်အနည်းငယ် ကြာလျှင် ကောင်းကင်အဆင့် ကုသသူ လေးယောက်ထဲမှ တစ်ယောက်ဖြစ်သည့် ဆရာလျောင်ရှိရာ ဝိညာဉ်သားရဲ သင်တန်းကျောင်းသို့ သူတို့ရောက်လိမ့်မည်။ ကျန်းယွင်ဟိုင်ကို သူကုသလျှင် ပို၍ စိတ်ချရပေလိမ့်မည်။
ခြောက်နာရီကြာ မရပ်မနား ခရီးဆက်ပြီးနောက် ကျန်းရီသည် ခဏရပ်နား၍ ရိက္ခာခြောက်များ စားသောက်ကြရန် ပြင်ဆင်လိုက်သည်။ ရုတ်တရက် သူ့လက်ထဲမှ ကျန်ယွင်ဟိုင်သည် အသက်ရှူသံ ပြု၍ မျက်လုံးများ ဖွင့်လာခဲ့လေသည်။
"အဘိုး"
ကျန်းရီသည် ပျော်ရွှင်သွားခဲ့ပြီး ဟွမ်ကြီးကို ရပ်တန့်စေကာ မြေအောက်ဥမင်အား ချဲ့ခိုင်းလိုက်သည်။ ထို့နောက် ကျန်းယွင်ဟိုင်ကို တွဲ၍ ခုန်ဆင်းလိုက်ပြီး အသာအယာ မေးလိုက်သည်။
"အဘိုး … အဆင်ပြေရဲ့လား"
"ငါအဆင်ပြေတယ် … အားနည်းနေရုံပဲ"
ကျန်းယွင်ဟိုင်သည် မျက်လုံးများ ပြန်မှိတ်ကာ အနားယူရင်း ခပ်တိုးတိုး ပြန်ဖြေလိုက်သည်။ ဘေးရှိ လင်းရီသည် ဆေးတစ်လုံးကို ထုတ်ကာ ကျန်းရီထံ ပေးလိုက်ရင်း ဆိုလာခဲ့သည်။
"သံတမန်ကျန်း … ဒါက အသက်ဝိညာဉ် ဆေးလုံးလို့ခေါ်တယ်၊ ပြင်ပခန္ဓာကိုယ် နာလန်ပြန်ထူဖို့နဲ့ အားပြန်ပြည့်ဖို့အတွက် ကောင်းတယ်၊ အရှင်ယွင်ဟိုင် နိုးနေမှတော့ ဒါကို စားခိုင်းလိုက်ပါ … သူ့အတွက် အထောက်အကူ ဖြစ်ပါလိမ့်မယ်"
"ကောင်းပြီ"
ကျန်းရီသည် အပိုလုပ်မနေတော့ဘဲ ဆေးလုံးကိုယူကာ မီးဝိညာဉ်ပုလဲထဲမှ သန့်ရှင်းသော ရေတချို့ထုတ်၍ ကျန်းယွင်ဟိုင်ကို ဆေးတိုက်လိုက်သည်။ ကျန်းယွင်ဟိုင်သည် အားနည်းနေဆဲ ဖြစ်သောကြောင့် ဆေးသောက်ပြီးသည်နှင့် ပြန်လည် အိပ်ပျော်သွားခဲ့သည်။
ကျန်းရီသည် ခရီးမဆက်တော့ဘဲ ကျန်းယွင်ဟိုင် ဆေးစွမ်းဖြင့် နာလန် ပြန်ထူမည့် အချိန်ကိုစောင့်ပြီးမှသာ ခရီးဆက်ရန် ဆုံးဖြတ်လိုက်သည်။ လင်းရီသည် လက်ဟန်ပြလိုက်ရာ သူ့လူများသည် လူစုခွဲ၍ စောင့်ရှောက်ရန် ပြင်ဆင်လိုက်ကြသည်။
ကျန်းရီသည် မီးဝိညာဉ်ပုလဲထဲမှ ရိက္ခာခြောက်များ၊ ရေသန့်များနှင့် ဝိုင်ကောင်း အချို့ပါ ထုတ်လိုက်သည်။ ထို့နောက် လင်းရီကို ဝေစုခွဲ စားသောက်ကြရန် မှာကြားလိုက်ပြီး သူလည်း အနည်းငယ်စား၍ ကျင့်ကြံနေလိုက်သည်။
ခြောက်နာရီ ကြာပြီးနောက် ကျန်းယွင်ဟိုင် နောက်တစ်ကြိမ် နိုးလာခဲ့ပြန်သည်။ ဤတစ်ခေါက်တွင် သူ့အသားအရောင်သည် သွေးရောင် ပြန်လွှမ်းလာချေပြီ။ ကျန်းယွင်ဟိုင်သည် ကျန်းရီနှင့် အစောင့်များသဖွယ် မတ်တတ်ရပ်နေကြသော လင်းရီတို့ အုပ်စုကိုကြည့်ကာ အံ့အားသင့် နေခဲ့သည်။ ကျန်းရီ မျက်လုံးများ ပွင့်လာသည်ကိုမြင်သော် သူချက်ချင်း မေးလိုက်သည်။
"အရှင်ငယ် … ဒီဧည့်သည်တွေက ဘယ်သူတွေလဲ"
ကျန်းရီ ပြုံးကာ ပြန်ဖြေလိုက်သည်။
"သူတို့က မိုးပြာနဂါးအင်ပါယာရဲ့ မြင်းစစ်သည်တွေ၊ ကျွန်တော်က အခု မိုးပြာနဂါးအင်ပါယာရဲ့ ကင်းထောက်သံတမန် … ဒါကြောင့် သူတို့ကို မင်းသမီးလင်းရွှယ်ဆီကနေ ငှားလာခဲ့တာ"
"အရှင်ယွင်ဟိုင်ကို နှုတ်ဆက်ပါတယ်"
လင်းရီသည် လက်နှစ်ဖက်ဆုပ်၍ ဦးညွှတ်ကာ နှုတ်ဆက်ပြီးသော် လက်ဟန်ဖြင့် လူတိုင်းအား မီတာရာဂဏန်း အကွာအဝေးသို့ ဆုတ်စေလိုက်သည်။ သူတို့၏ စကားပြောခြင်းကို မနှောင့်ယှက်လိုသည့်သဘော ဖြစ်လေသည်။
"ကင်းထောက် သံတမန်ဟုတ်လား … အရှင်ငယ် … တစ်နှစ်အတွင်း ဘာတွေ ဖြစ်သွားခဲ့တာလဲ၊ ဘယ်ကနေဘယ်လို မိုးပြာနဂါးအင်ပါယာရဲ့ ကင်းထောက်သံတမန် ဖြစ်သွားရတာလဲ"
လင်းရီတို့ လူစု နောက်ဆုတ်သွားကြသော် ကျန်းယွင်ဟိုင်သည် အံ့သြတကြီး မေးမြန်းလာလေသည်။ မိုးပြာနဂါး အင်ပါယာသည် အတိတ်တစ်ချိန်က ထွန်းတောက်ခဲ့ပြီး ယခုအခါ အမည်ပင် ရှိတော့သော်လည်း ပိန်နေသော ကုလားအုတ်သည် မြင်းတစ်ကောင်ထက်တော့ သာသေးသည်သာ။ ကျန်းယွင်ဟိုင်သည် ကျန်းရီ ငယ်ငယ်ရွယ်ရွယ်နှင့် ရှန်ဝူနိုင်ငံ၏ တပ်မှူးတစ်ယောက် ဖြစ်လာလျှင်တောင် အံ့အားသင့်မိမည် ဖြစ်သည်။ သို့သော် ကျန်းရီသည် မိုးပြာနဂါးအင်ပါယာ၏ ကင်းထောက်သံတမန် ဖြစ်လာခဲ့ပြီး စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အမြင့်ဆုံးအဆင့် ဆယ်ယောက်ကိုတောင် သုံးနိုင်လိမ့်မည်ဟု စိတ်တောင် မကူးခဲ့ဖူးပေ။ ကျင်းရှန်နိုင်ငံတွင် ရှိစဉ်ကလည်း ကျန်းရီ၏အနီးတွင် စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့်များ အမြောက်အများ ရှိသေးသည်ကို ကျန်းယွင်ဟိုင် အမှတ်ရသွားခဲ့သည်။
ကျန်းရီသည် မယုံနိုင်စွာ မေးလိုက်သည်။
"အဘိုး … လွန်ခဲ့တဲ့ နှစ်နှစ်က ကိစ္စတွေကို သိလား၊ ဒီအချိန်တွေ အတောအတွင်း ဘယ်ရောက်နေတာလဲ"
"ငါလား"
ကျန်းယွင်ဟိုင်သည် အတိတ်ကို ပြန်တွေးရင်းဖြင့် ရှင်းပြလာလေ၏။
"အဲ့ဒီတုန်းက ငါ့ကို ရှန်ဝူနိုင်ငံရဲ့ တော်ဝင်စစ်တပ်က လိုက်ဖမ်းနေလို့ အမှောင် တောအုပ်ရှိရာကို ထွက်ပြေးခဲ့ရတယ်၊ အမှောင်တောအုပ်ထဲ ငါစွတ်ဝင် မသွားရဲတာနဲ့ ဝိညာဉ်လောင်ကျွမ်း နေရာရွှေ့ပြောင်း ကျင့်စဉ်ကိုသုံးပြီး ထွက်ပြေးခဲ့တယ်၊ ပြီးတော့ မြေအောက်ဂူ တစ်ခုထဲမှာ ငါပုန်းနေခဲ့တာ … ငါ့ဒန်တျန်းက ပျက်စီးနေပြီ၊ ငါ့မှာ ဆေးလုံးတွေလည်း သိပ်မကျန်တော့တာနဲ့ ပုန်းပြီးမှ ငါပြန်ကောင်းအောင် ဖြည်းဖြည်းချင်း ကြိုးစားရတယ်"
"ငါပြန်ကောင်းတော့ နှစ်ဝက်ကြာနေပြီ၊ ငါမြေအောက်ဂူထဲက ထွက်လာတော့ ရှန်ဝူနိုင်ငံက လူတွေကို ငါ့ကိုလိုက်ဖမ်းပြီး မင်းကို ခြိမ်းခြောက်မှာ စိုးတာနဲ့ ငါရှန်ဝူနိုင်ငံထဲမှာ မနေရဲဘူး၊ ဒါနဲ့ အမှောင်တောအုပ်ကို ရှောင်ကွင်းပြီး ကျင်းရှန်နိုင်ငံဆီ ငါထွက်ပြေးခဲ့တယ်၊ ငါ့ဒန်တျန်းက ပျက်စီးနေတာကြောင့် မြို့တွေကို မဖြတ်ရဲဘူး၊ ငါကျင်းရှန်နိုင်ငံကို ရောက်အောင် လပေါင်းများစွာ ခြေလျင် လျှောက်ခဲ့ရတယ်"
"ငါကျင်းရှန်နိုင်ငံကို ရောက်သွားတော့ တောပုန်းဓားပြတစ်အုပ်က ငါ့ကိုဖမ်းပြီး ငါပိုင်သမျှဟာတွေ ဓားပြတိုက်သွားတယ်၊ ပြီးတော့ လန်ဂိုဏ်းရဲ့ သတ္ထုတွင်း တစ်ခုဆီ ရောင်းစားလိုက်တာပဲ … သိပ်မကြာလိုက်ဘူး၊ မာဂိုဏ်းက ကုန်သည်အဖွဲ့ သတ္ထုရိုင်းတွေ လာဝယ်တော့ ငါ့ဇာတ်မြစ်က ပေါ်သွားရော … နောက်ဆုံးတော့ လန်ဂိုဏ်းရဲ့ ခေါင်းဆောင်ငယ်က ရှားဝူဟွေ့ဆီ ငါ့ကို ရောင်းလိုက်တယ်"
ကျန်းရီ၏ ရင်ထဲတွင် တင်းကျပ်နေခဲ့ပြီး သူသည် ကျန်းယွင်ဟိုင်၏ လက်ကို ကိုင်ကာ အလေးအနက် ပြောလိုက်သည်။
"အဘိုး … ရှောင်ရီ အသုံးမကျလို့ အဘိုးကို ဒီလို ခံစားစေမိတာပါ၊ မာဂိုဏ်း … ကောင်းကင်တောင်ပံမြို့က မာဂိုဏ်းမလား … အရင်တုန်းက ကျွန်တော်တို့ အရမ်းညှာတာခဲ့မိတယ်နဲ့ တူတယ်၊ အခွင့်အရေးကြုံရင် မာဂိုဏ်းကို ကျွန်တော် အမြစ်ဖြတ် သုတ်သင်ပစ်မယ်"
ဒန်တျန်း ပျက်စီးသွား၍ အစွမ်းကင်းမဲ့နေသော အဘိုးကြီး တစ်ဦးသည် ဂူထဲတွင် နှစ်ဝက်ကြာအောင် ပုန်းနေခဲ့ရသည်။ သူသည် အပြင်တွင်သာ အိပ်၍ ခက်ခက်ခဲခဲ ခရီးဆက်ခဲ့ပြီး ကျင်းရှန်နိုင်ငံသို့ ထွက်ပြေးခဲ့သည်။ သူသည် အဖမ်းခံရသည့်အပြင် သတ္ထုတွင်း တွင်လည်း အလုပ်လုပ် ခဲ့ရသေးသည်။ တွေးကြည့်မိရုံနှင့်ပင် ကျန်းရီ အပြစ်ရှိသလို ခံစားရသည်။ ကံကောင်း၍ ချမ်ဝမ်ကွမ်ထံမှ အချိန်မှီ သတင်းရခဲ့သည်။ မဟုတ်ပါက ကျန်းယွင်ဟိုင် ထိုထက်ပို၍ ခံစားရမည် ဖြစ်သည်။
ကျန်းယွင်ဟိုင်သည် ကြင်နာစွာ ရယ်လိုက်ပြီး ခေါင်းယမ်း လိုက်သည်။
"အဘိုး ဘာကိုမှ ခက်ခဲတယ်လို့ မခံစားရပါဘူး၊ အရင်လော့ကဲ အရှင်ရဲ့ စစ်ပွဲတွေကို လိုက်သွားခဲ့တုန်းက ဆိုရင် ဒါထက် ဆယ်ဆလောက် ဆိုးတာတွေကို အဘိုး ကြုံတွေ့ခဲ့ရတယ် … အဲ့ဒါနဲ့ယှဉ်ရင် ဒီလောက်က ဘာမှမဟုတ်ပါဘူး၊ အရှင်ငယ်ရဲ့ အကြောင်းတွေ အဘိုး နားထောင်ရအောင် ပြောပြပါဦး"
"အင်း"
ကျန်းရီသည် ကျန်းယွင်ဟိုင် ပျောက်ဆုံး သွားပြီးနောက် ဖြစ်ပျက်ခဲ့သော အကြောင်းအရာတို့ကို ပြန်ပြောင်း ပြောပြလိုက်သည်။ နိုင်ငံအဆင့်ပြိုင်ပွဲ၏ ဖြစ်ရပ်များ၊ ရှန်ဝူနိုင်ငံကို သစ္စာဖောက်မှု၊ ရှားဝူဟွေ့၏ စစ်တပ်ကို ဖြတ်တိုက်ခြင်း၊ ရှားယွိမြို့တွင် ရုတ်ရုတ်သဲသဲ ဖြစ်အောင် လုပ်ခဲ့သည့်အကြောင်း၊ မြေခွေးလေးကို ကယ်ခြင်း စသည့် အကြောင်းအရာများကို စီကာပတ်ကုံး ပြောပြခဲ့သည်။ သူ၏ ပုံစံပြောင်းသွားသော ဒန်တျန်း အကြောင်းကိုသာ ချန်လှပ်၍ မီးဝိညာဉ်ပုလဲ၏ လျှို့ဝှက်ချက်များ အထိပါ ပြောပြခဲ့လိုက်သည်။
သူ့အမြင်တွင် ကမ္ဘာပေါ်၌ သူလျှို့ဝှက်ချက် ထားစရာမလိုသောသူ သုံးဦးသား ရှိလေသည်၊ ထိုသူတို့မှာ ကျန်းယွင်ဟိုင်၊ ကျန်းရှောင်နူနှင့် စုလောရွှယ်တို့ ဖြစ်လေသည်။
"ဟူး … "
ကျန်းရီ၏ ဖြစ်ရပ်များကို နားထောင် အပြီးတွင် ကျန်းယွင်ဟိုင်၏ မျက်လုံးများထဲတွင် ဂုဏ်ယူမှုများ ပြည့်နေပြီး ဝမ်းနည်းစွာ ပင့်သက်ရှိုက် လိုက်သည်။
"သခင်မက အရမ်း ထူးခြားလွန်းလို့ အရှင်ငယ်လည်း ထူးချွန်လိမ့်မယ် ဆိုတာ အဘိုး အမြဲယုံကြည်ခဲ့တယ်၊ အရှင်ငယ်က အဘိုးကို စိတ်မပျက်စေဘူး၊ သခင်မ ကောင်းကင်မှာ ငြိမ်းငြိမ်းချမ်းချမ်း အနားယူနိုင်ပါပြီ"
"သခင်မ … "
ကျန်းရီသည် ရေရွတ်လိုက်ပြီး ချက်ချင်း မေးလိုက်သည်။
"အဘိုး … ကျွန်တော့်ကို အမေ့အကြောင်းတွေ ပြောပြလို့ရပြီလား၊ ကျူးကော့ချမ်ယွမ်က အမေက အရမ်းထူးခြားတဲ့ သူလို့ ပြောဖူးတယ် … ရွှေယို့လန်ကတောင် အမေ ချန်ထားခဲ့တဲ့ တစ်စုံတစ်ခုကို ကြည့်ဖို့ ကြယ်တံခွန်ကျွန်းဆီ အရောက်လာခဲ့ဖို့ ကျွန်တော့်ကို ဖိတ်ထားခဲ့သေးတယ် … အမေက ဘယ်လိုလူမျိုးလဲ၊ ရွှေယို့လန်ကတောင် သူမကို လေးစားရတယ်၊ စောစောက အဘိုးပြောခဲ့တဲ့ ဝိညာဉ်လောင်ကျွမ်း နေရာရွှေ့ပြောင်း ကျင့်စဉ်ဆိုတာကရော ဘာလဲ … အဲ့ဒါကို အမေ ပေးခဲ့တာလား"
"ဟုတ်တယ် … သူမပေးခဲ့တာ"
ကျန်းယွင်ဟိုင်သည် ခေါင်းညိတ်ကာ တီးတိုး ပြောလာခဲ့သည်။
"အရှင်ငယ်ရဲ့ အမေက ထူးခြားတဲ့ မိန်းကလေးတစ်ယောက်ပဲ၊ အနှစ်တစ်သောင်းမှာ အထူးခြားဆုံး မိန်းကလေးပေါ့၊ သူမ နယ်မြေမှာ ပေါ်လာတဲ့ အချိန်တုန်းက သူမရဲ့အင်အားက ယုံနိုင်စရာတောင် မရှိဘူး၊ သူမက ဗာဂျရာအဆင့် ရောက်ပြီးသား ဖြစ်နေပြီ … အဲ့တုန်းက သူမ ဆယ့်ရှစ်နှစ်ပဲ ရှိသေးတာ"
"ဘယ်လို"
ကျန်းရီ၏ မျက်လုံးများသည် မယုံကြည်ဟန်ဖြင့် ပြူးကျယ်နေခဲ့သည်။ အသက်ဆယ့်ရှစ်နှစ်နှင့် ဗာဂျာရာအဆင့် … ထိုစံချိန်သည် ကောင်းကင်ကြယ်တာရာ နယ်မြေ၏ သမိုင်းတွင် ပထမဆုံးနှင့် နောက်ဆုံး ဖြစ်ပေလိမ့်မည်။
ကျန်းရီသည် တစ်ခဏ ရပ်တန့် လိုက်ပြီးနောက် မျက်နှာအမူအရာ ပြောင်းလဲသွားကာ မေးလိုက်ပြန်သည်။
"နယ်မြေမှာ ပေါ်လာတာ ဟုတ်လား … အမေက ကောင်းကင်ကြယ်တာရာ နယ်မြေကလူ မဟုတ်တာများလား"
"အင်း"
ကျန်းယွင်ဟိုင်သည် ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။
"အရှင်ငယ်ရဲ့အမေက နယ်မြေက မဟုတ်ဘူး၊ သူမဘယ်က လာလဲဆိုတာ အဘိုးလည်း အတိအကျ မသိဘူး၊ အရှင်ငယ်ရဲ့ အမေက အံ့အားသင့်စရာ အင်အားပဲရှိတာ မဟုတ်ဘူး၊ သူမမှာ ဆန်းကြယ်တဲ့ ရတနာတွေ အများကြီးနဲ့ ဝိညာဉ်လောင်ကျွမ်း နေရာရွှေ့ပြောင်း ကျင့်စဉ်လိုမျိုး အစွမ်းတွေ အများကြီးလည်း ပိုင်ဆိုင်တယ်၊ ဒီကျင့်စဉ်ကို အဆုံးအစွန်ထိ မကျင့်ရသေးဘူး၊ အရှင်ငယ်ရဲ့ အမေဆိုရင် တစ်ခဏအတွင်း မိုင်ပေါင်းထောင်ချီ ရွေ့နိုင်တယ် … "
"ဒါက … "
ကျန်းရီသည် ပို၍ပင် ဆွံ့အသွားခဲ့သည်။ သူသည် တုန်လှုပ်နေသော လေသံနှင့် စကားစလိုက်သည်။
"အမေက နဝမမြောက် ကောင်းကင်ဘုံကနေ ဆင်းလာတဲ့ နတ်သမီးများ ဖြစ်နေမလား၊ ဒီကမ္ဘာမှာ နတ်မျိုးနွယ်တွေ တကယ်ရှိတာလား "
***