ပြိုင်ဘက်ကင်းစုန်းမ
Vol. 1 Ch. 280
"မမေးနဲ့လေ … အဘိုးလည်း မသိဘူး၊ ကျန်းပိုင်လီနဲ့ ရွှေယို့လန်တော့ သိကောင်း သိနိုင်တယ်"
ကျန်းယွင်ဟိုင်သည် ခေါင်းရမ်းကာ ဝမ်းပန်းတစ်နည်း သက်ပြင်းချ လိုက်ပြန်သည်။
"အရှင်ငယ်အမေရဲ့ သတ်ဖြတ်ခြင်း အရှိန်အဝါက အရမ်းပြင်းပြီး သူမရဲ့ နည်းလမ်း တွေကလည်း အရမ်းရက်စက်တယ်၊ သူမကို တစ်ယောက်ယောက်က ရန်စလာရင် အဲ့လူသေရင်သေ၊ မသေရင် ဒုက္ခိတ ဖြစ်တာပဲ … အဲ့တုန်းက သူမကြောင့် နယ်မြေတစ်ခုလုံး ရုတ်ရုတ်သဲသဲတွေ ဖြစ်ပြီး ဗာဂျရာအဆင့် လူအချို့တောင် သူမသတ်တာ ခံရတော့မလို ဖြစ်ခဲ့တယ်၊ ကျန်းပိုင်လီနဲ့ အတူတူရှိပြီးတဲ့ နောက်ပိုင်း သူမ စိတ်နေစိတ်ထားက အများကြီး ပျော့ပျောင်းသွားခဲ့တယ်၊ ကျော်ကြားတဲ့ သိုင်းပညာရှင်ကြီးတွေ အားလုံး ဒီအကြောင်းတွေ သိကြတယ်"
"အဲ့တုန်းက အရင်လော့ကဲ အရှင်က သူ့အကြီးဆုံးသားကို ပိုပြီး အလေးပေးခဲ့တယ်၊ ကျန်းပိုင်လီက အရည်အချင်းရှိပြီး ဉာဏ်လည်းကောင်းပေမဲ့ သူက သာမန် မိန်းမတစ်ယောက်ရဲ့ သားပဲ … အကြီးဆုံးသားရဲ့ အမေက မင်းသမီးတစ်ပါး ဖြစ်ပြီးတော့ အရင်လော့ကဲ အရှင်က သားအကြီးကိုပဲ အနောက်ဘက် နယ်စပ်မြို့စား လော့ကဲ အရှင်ရာထူးကို ဆက်ခံစေချင်တယ်၊ ကျန်းပိုင်လီက နေ့စဉ်နဲ့အမျှ ဖိနှိပ်ခံခဲ့ရတယ် … အရင်လော့ကဲအရှင် သူ့ရာထူးကို လွှဲမပေးခင်ညမှာ အရှင်ငယ်ရဲ့အမေက အကြီးဆုံးသားရဲ့ အိမ်တော်ကို တစ်ယောက်တည်း ဝင်သွားပြီး လူတွေအများကြီးကို သတ်ခဲ့တယ်၊ အကြီးဆုံးသား အပါအဝင်ပေါ့ … အရင်လော့ကဲ အရှင်က ဒေါသထွက်လွန်းလို့ အရှင်ငယ်ရဲ့ အမေကို စုန်းမလို့ ကျိန်ဆဲပြီး သတ်ဖို့ ကျန်းပိုင်လီကို အမိန့်ပေးခဲ့တယ်"
"ကျန်းပိုင်လီက သူ့အဖေရဲ့ ဖိအားပေးခံရလို့ မခံမရပ်နိုင် ဖြစ်နေပေမဲ့လည်း အရှင်ငယ်ရဲ့အမေကို သူတိုက်ခိုက်ခဲ့တယ် … သူမက မခုခံနိုင်ခဲ့ဘဲ ကျန်းပိုင်လီ သူမကို ထိခိုက်ဒဏ်ရာ ရအောင်လုပ်တာကို ခွင့်ပြုလိုက်ရတယ်၊ ကျန်းပိုင်လီကလည်း သူမကို စုန်းမလို့ ကျိန်ဆဲခဲ့တယ်၊ အရှင်ငယ်ရဲ့ အမေက အသည်းကွဲသွားပြီး အဝေးကို ထွက်သွားခဲ့တယ် … အဲ့အချိန်မှာ သူမက ကိုယ်ဝန် ရှိနေခဲ့ပြီ၊ နောက်တော့ မြို့လေးတစ်မြို့မှာ အရှင်ငယ်ကို မွေးခဲ့တယ်၊ တစ်နှစ်အကြာမှာ သူမထွက်သွားပြီး ပြန်လာတော့ ရှောင်နူ ပါလာခဲ့တယ် အဲ့နောက်ပိုင်း စိတ်ဓာတ်ကျတာနဲ့ပဲ သူမဆုံးသွားခဲ့တယ် … ရှေ့ဆက်ဖြစ်တာတွေက အရှင်ငယ် သိပြီးသားတွေပဲ"
"အရှင်ငယ်ရဲ့အမေက ရက်စက်ပြီး ရန်သူအပေါ် အညှာတာမဲ့ ရင်မဲ့လိမ့်မယ် ဒါပေမဲ့ ဘယ်သူကမှ သူမကို လာရန်မစရင် သူမ အရင်ဘယ်တော့မှ ပြဿနာသွားရှာမှာ မဟုတ်ဘူး … ဒါကို အဘိုးကောင်းကောင်း သိတယ်၊ သူမက စိတ်ထားကောင်းတဲ့ အမျိုးသမီးလေး ဖြစ်ပြီးတော့ လော့ကဲအရှင်ရဲ့ အိမ်တော်ဝင်းထဲက အစေခံတွေကိုလည်း ကြင်ကြင်နာနာ ဆက်ဆံလေ့ရှိတယ် … သူမက ကျန်းပိုင်လီကို နက်နက်နဲနဲ ချစ်သွားပြီး သူ့အတွက်ဆိုရင် ကမ္ဘာပေါ်က ဘယ်သူကိုမဆို သတ်ပေးလိမ့်မယ်၊ သူမ အကြီးဆုံးသားကို သတ်လိုက်တုန်းကလည်း အဲ့လူက သူ့နေရာ တည်မြဲစေဖို့အတွက် ကျန်းပိုင်လီကို လုပ်ကြံသတ်ဖြတ်ဖို့ စီစဉ်ထားတာကို သူမသိသွားလို့ပဲ … ကျန်းပိုင်လီက နှလုံးသားမရှိဘဲ သူမကို သတ်ဖို့ ကြိုးစား လာလိမ့်မယ်လို့ သူမထင်မထားခဲ့ဘူး … "
"ကျန်းပိုင်လီ တိုက်ခိုက်လာတုန်းက အရှင်ငယ်ရဲ့အမေ ဘယ်လောက်တောင် နာကျင်၊ စိတ်ပျက်သွားတယ် ဆိုတာ အဘိုး ဘယ်တော့မှ မေ့မရခဲ့ဘူး"
"အရှင်ငယ်ရဲ့အမေက ကျန်းပိုင်လီကို အများကြီး အကူအညီ ပေးခဲ့တယ်၊ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ်ကျော်က ကျန်းပိုင်လီ ရှားနိုင်ငံရဲ့ စစ်တပ်ကို ချေမှုန်းခဲ့တဲ့ အကြောင်း အရှင်ငယ် သိတယ်မလား … .အရှင်ငယ်ရဲ့အမေ နောက်ကွယ်ကနေ ကူညီပေးနေခဲ့တာ မဟုတ်ရင် ကျန်းပိုင်လီ ဘယ်တော့မှ အနိုင်ရခဲ့မှာ မဟုတ်ဘူး"
ကျန်းယွင်ဟိုင်သည် အတိတ်မှ ဖြစ်ရပ်များကို ပြန်ပြောင်းပြောပြနေရင်း မျက်ဝန်းများတွင် မျက်ရည်များ ပြည့်လာခဲ့သည်။ ကျန်းရီသည် မည်သည့်စကားမှ မဆိုဘဲ တိတ်ဆိတ်စွာ နားထောင်နေခဲ့သည်။ သူ့စိတ်ထဲတွင်မူ ထူးခြားသော အမျိုးသမီးလေးကို ပုံဖော်ကြည့်နေခဲ့သည်။
သူမသည် အလွန်အမင်း ဝေးကွာသော အရပ်ဒေသမှ လာပြီး ပြိုင်ဘက်ကင်းအောင် လှပသည်၊ သူမတွင် အံ့အားသင့်စရာ အစွမ်းအစတို့ကို ပိုင်ဆိုင်၍ ကောင်းကင်ကြယ်တာရာ နယ်မြေကို မျက်မြင်တွေ့ရန် ရောက်လာခဲ့သည်။ ရတနာမျိုးစုံ ပိုင်ဆိုင်ပြီး ငယ်ရွယ်လှပသော မိန်းကလေးသည် သခင်လေးများစွာထံမှ အနှောင့်အယှက်ပေးခြင်း များကိုလည်း ကြုံတွေ့ခဲ့ရသည်။ သူမသည် ထိုအရာတို့ကို မနှစ်မြို့ဘဲ ရဲရင့်သော နည်းလမ်းများကို သုံး၍ သူမကို လာရန်မစကြရန် တစ်လောကလုံးကို အသိပေးခဲ့သည်။
နောက်ပိုင်း အဖြစ်အပျက် များသည်ကား ရှင်းပြရန် မလိုပါချေ။ သူမသည် ထိုသခင်လေးများ၏ နောက်ခံများကို တစ်ဦးတည်း ဆန့်ကျင်ရင်း သူမ၏ ဓားလည်း သွေးများ စွန်းပေခဲ့ရသည်။ လူတိုင်းသည် သူမကို အထင်ကြီး လေးစားလာကြပြီး နောက်ပိုင်းတွင် ကျန်းပိုင်လီနှင့် တွေ့ဆုံကာ နှစ်ဦးသား ချစ်ကြိုက် သွားခဲ့ကြသည်။ သူမသည် သူမ၏ အချစ်စစ်နှင့် သူမတစ်ဘဝလုံး အားကိုး သွားနိုင်မည်ဖြစ်သော ယောက်ျားကို ရှာတွေ့ပြီဟု ယူဆခဲ့သည်။
ထိုလူကို ကူညီခဲ့ပြီးနောက်တွင် နောက်ကျောကို ဓားနှင့် အထိုးခံရလိမ့်မည်ဟု သူမ တစ်ခါမှ မတွေးမိခဲ့ပေ။ ကိုယ်ဝန်ရှိနေပြီ ဖြစ်သော သူမသည် ကွဲကြေနေသော နှလုံးသားတစ်ခုနှင့် ကုန်းမြေအနှံ့ကို ခရီးဆက်ခဲ့သည်။ သူမ၏ ခါးသီးသော မျက်ရည်များကို ကြိုးစား ထိန်းချုပ်ခဲ့သည်။ နောက်ဆုံးတွင် သူမသည် ကလေးတစ်ယောက်ကို ဖွားမြင်ပေးခဲ့ပြီး စိတ်ဖိစီးမှုများကြောင့် ကွဲကြေသွားသော ကျောက်စိမ်းပမာ ဖြစ်သွားခဲ့သည်။
သူမသည် လူငယ်မျိုးဆက်၏ ပါရမီရှင်ဖြစ်ပြီး ပြိုင်ဘက်ကင်းအလှကို ပိုင်ဆိုင်သည်။ နယ်မြေ၏ အတော်ဆုံး သိုင်းသမား ဆယ်ယောက်ထဲမှ ကျူးကော့ချမ်ယွမ်သည် သူမထက် နိမ့်ကျကြောင်း ဝန်ခံခဲ့သည်။ နယ်မြေ၏ နံပါတ်တစ် စစ်သည်တော် ရွှေယို့လန်မှ သူမကို မိန်းကလေး ဖျောင်ဖျောင်ဟု တလေးတစား ခေါ်ဝေါ်ရသည်။ သူမသည် လူပေါင်းများစွာ၏ အိပ်မက်ဆိုး၊ မရေမတွက်နိုင်သော လူများ၏ မျက်လုံးထဲတွင် စုန်းမ၊ မိစ္ဆာမ တစ်ယောက်လည်း ဖြစ်ခဲ့သည်။
သူမသည် ရီဖျောင်ဖျောင် ဖြစ်လေ၏။
သတိမထားမိလိုက်ခင်မှာပင် ကျန်းရီ၏ မျက်လုံးများသည် မျက်ရည်များဖြင့် ဝေဝါး လာခဲ့သည်။ သူ၏အမေသည် သူမနှင့် ထိုက်တန်သော အရာများကို မရခဲ့ဟု သူခံစားရသည်၊ ထိုကဲ့သို့သော အမေမျိုးရှိသည့် အတွက်လည်း သူဂုဏ်ယူရသည်။ သူသည် သူမကြုံတွေ့ခဲ့ရသော ခါးသီးမှုများနှင့် သူမ၏ သေဆုံးခြင်းမှ ဝမ်းနည်းမှုများကို ခံစားမိသည့်အတွက် နာကျင် နေခဲ့သည်။
အချိန်အတော် ကြာသွားပြီးနောက် ကျန်းရီသည် ရုတ်တရက် ခေါင်းမော့ကာ မေးလိုက်သည်။
"အဘိုး … အမေ့ရဲ့ ဂူသင်္ချိုင်းက ဘယ်မှာလဲ၊ ကျွန်တော် သူမကို အရိုအသေ သွားပေးချင်တယ်"
"အင်း … အရှင်ငယ် သွားသင့်တယ်"
ကျန်းယွင်ဟိုင်သည် စီးကျနေခဲ့သော မျက်ရည်များကို သုတ်ကာ ခေါင်းညိတ်လိုက်သည်။
"နတ်ဘုရားက အဘိုးတို့ကို ကျီစားနေတာ … အခုထက်ထိ အရှင်ငယ်ကို သူမရဲ့ ဂူသင်္ချိုင်းဆီ အရိုအသေပေးဖို့ ခေါ်မသွားနိုင်ခဲ့ဘူး၊ ဒါနဲ့ … အရှင်ငယ်က ရှန်ဝူနိုင်ငံရဲ့ အပြစ်သားလေ၊ ဒီလိုအချိန်မှာ သွားလို့ ကောင်းပါ့မလား"
"ကိစ္စမရှိပါဘူး"
ကျန်းရီသည် လက်ယမ်းပြကာ ပြောလိုက်သည်။
"ကျွန်တော်တို့ ပေါ်ပေါ်ထင်ထင် သွားရင်တောင် ဘာမှမဖြစ်ဘူး၊ ရှန်ဝူနိုင်ငံက ကျွန်တော့်ကို မသတ်ရဲဘူး၊ ကျွန်တော်တို့က သွားကန်တော့ပြီး ချက်ချင်း ပြန်လာမှာပဲကို ကိစ္စမရှိလောက်ပါဘူး၊ ပြီးတော့ လင်းရီ တို့တွေလည်း ဒီမှာ ရှိတာပဲကို … ကျန်းပိုင်လီနဲ့ တခြား ဗာဂျရာအဆင့် လူတစ်ယောက်က ကိုယ်တိုင်လာပြီး ကျွန်တော်တို့နဲ့ စာရင်းမရှင်းသရွေ့ သူတို့ ကျွန်တော်တို့ကို ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး"
"ဒါဆိုလည်း ကောင်းပါပြီ"
ကျန်းယွင်ဟိုင်သည် ဆက်ပြော လာလေ၏။
"ဒါဆို အခုချက်ချင်း သွားကြရအောင် … အရှင်ငယ့် အမေရဲ့ ဂူသင်္ချိုင်းက ကောင်းကင် တောင်ပံမြို့ရဲ့ အရှေ့ဘက်က မြို့လေးမှာပဲ"
"ကောင်းကင်တောင်ပံမြို့"
ကျန်းရီ၏ နှုတ်ခမ်းထက်တွင် အေးစက်လှသော အပြုံးတစ်ခု ဖြစ်တည်လာခဲ့ပြီး ရယ်ချကာ ပြောလိုက်သည်။
"ကွက်တိပဲ … မာဂိုဏ်းနဲ့ တစ်ခါတည်း စာရင်းရှင်း လိုက်သင့်တယ်၊ သူတို့က တစ်နှစ်ကျော်လောက် အေးအေးဆေးဆေး နေလာခဲ့ပြီးပြီ ဆိုတော့ သူတို့ကိုယ်သူတို့ ဟုတ်လှပြီ ထင်နေလောက်တယ်"
"လင်းရီ"
ကျန်းရီ အော်ခေါ်လိုက်သည်နှင့် ဆယ်ကီလိုမီတာကျော် အကွာအဝေးမှ လင်းရီတို့လူစု ချက်ချင်း ပြေးလာခဲ့ကြသည်။ ကျန်းရီသည် တစ်ယောက်ကို သူတို့ရောက်နေသော နေရာအတိအကျကို အတည်ပြုခိုင်းလိုက်ပြီး ဦးတည်ရာဘက်ပြောင်းကာ ကောင်းကင် တောင်ပံမြို့ဆီ ခရီးဆက်ကြလေ၏။
***
ကောင်းကင် တောင်ပံမြို့သည် ယခင်ကလိုပင် စည်ကားနေဆဲ ဖြစ်သည်။ မြို့သည် သက်ဝင်လှုပ်ရှားနေပြီး မြို့ထဲမှ စကားဝိုင်းများတွင် ကျန်းရီဟူသော အမည်သည် မပါမဖြစ်ပေ။
ကျန်းရီသည် ကောင်းကင်တောင်ပံမြို့တွင် ကြီးပြင်းခဲ့ပြီး ယခုအခါ နယ်မြေ၏ ကယ်တင်ရှင်၊ မိုးပြာနဂါးအင်ပါယာ၏ ကင်းထောက်သံတမန် ဖြစ်လာခဲ့သည်။ ရှန်ဝူနိုင်ငံသည် ကျန်းရီ၏ ဖမ်းဆီးမိန့်ကို ပြန်မရုတ်သိမ်း ရသေး၍ အပြစ်သားဖြစ်နေဆဲ ဖြစ်သော်လည်း ကောင်းကင်တောင်ပံမြို့မှ လူများသည် ကျန်းရီအတွက် ဂုဏ်ယူကြသည်။
မာဂိုဏ်းသည် သူတို့၏ အာဏာအချို့ ပြန်ရနေခဲ့လေပြီ။ တစ်နှစ်ကြာ အနားယူပြီးနောက် မာဂိုဏ်းသည် ကောင်းကင်တောင်ပံမြို့သို့ ပြန်လာခဲ့ပြီး ကျန်းဂိုဏ်းကဲ့သို့ မထင်မရှားနေကာ လက်စားချေရန် အကွက်ချနေခဲ့သည်။
မကြာသေးမီက မာဂိုဏ်းချုပ် မာခွေသည် အတော်လေး စိတ်ချမ်းသာ နေခဲ့သည်။ မာဂိုဏ်းမှ သခင်မလေး တစ်ဦးသည် ကျင်းရှန်နိုင်ငံ၏ လန်ဂိုဏ်းမှ အိမ်တော်ထိန်း တစ်ဦးနှင့် လက်ထပ်ခဲ့ပြီး လန်ဂိုဏ်းနှင့် ဆက်ဆံရေး ကောင်းမွန်လေသည်။ သူတို့သည် ကျင်းရှန်နိုင်ငံမှ ကုန်စည်များကို ကောင်းကင်တောင်ပံမြို့တွင် ပြန်လည်ရောင်းချကြပြီး အမြတ်အစွန်းများစွာ ရနေခဲ့ပြီး သိုင်းသမားများစွာကို ဂိုဏ်းဝင်ဖြစ်အောင် စည်းရုံးနိုင်ခဲ့သည်။ နှစ်အနည်းငယ် အတွင်းတွင် မာဂိုဏ်းသည် သူတို့၏ ယခင် အဆင့်အတန်း ဖြစ်သော ကောင်းကင်တောင်ပံမြို့၏ ဂိုဏ်းကြီးငါးဂိုဏ်းမှ တစ်ခုအဖြစ် ပြန်လည် ဦးမော့ လာနိုင်တော့မည်။ မာခွေအား စိတ်မချမ်းသာ ဖြစ်စေသော တစ်ခုတည်းသော အရာမှာ သူသည် ကျန်းရီဟူသော အမည်ကို မကြာခဏ ကြားနေရခြင်း ဖြစ်သည်။ ကျန်းရီ ဟူသော အမည်သည် သရဲတစ်ကောင်အလား နေရာတိုင်းမှ ထွက်ပေါ်နေပြီး ကျန်းရီ လုပ်ဆောင်ခဲ့သည့် အောင်မြင်မှုများကို သူဆက်တိုက် ကြားနေရလေသည်။ မာခွေသည် လုံးဝစိုးရိမ်ခြင်း မရှိပါချေ။ ကျန်းရီ မည်မျှပင် အင်အားကြီး နေပါစေ၊ သူသည် လူတစ်ယောက်သာ ဖြစ်ပြီး ရှန်ဝူနိုင်ငံမှ အလိုရှိနေသော အပြစ်သားလည်း ဖြစ်သည်။ ရှန်ဝူနိုင်ငံတွင် သူလူလာ မသတ်ရဲလောက်ပေ။
"သတင်းပို့ပါတယ်"
မာဂိုဏ်းသားတစ်ယောက် ရောက်လာခဲ့ပြီး ဒူးတစ်ဖက်ထောက်ကာ အကြောင်းကြားလေ၏။
"ဂိုဏ်းချုပ် … တစ်ခုခုတော့ ဖြစ်ပြီ၊ လန်ဂိုဏ်းက သတင်းပို့လာတယ်၊ ကျန်းရီ ကျင်းရှန် နိုင်ငံကို ရောက်လာပြီး သူတို့ရဲ့ ခေါင်းဆောင်ငယ် လန်ယွိကို သတ်သွားတယ်တဲ့ … သူ ... သူ ... ကျန်းယွင်ဟိုင်ကို ကယ်သွားပြီ"
"ဘာ"
မာခွေ၏ မျက်နှာမှာ မည်းခနဲ ဖြစ်သွားခဲ့သည်။ သူသည် မာဂိုဏ်းသားများ ကျန်းယွင်ဟိုင်၏ သရုပ်မှန်ကို ဖော်ထုတ်ခဲ့သည့် အကြောင်း သူကြားထားပြီး ဖြစ်သည်။ အစက သူသည် လုံးဝစိတ်မပူခဲ့ဘဲ ပျော်၍တောင် နေသေးလေသည်။ မာဂိုဏ်းမှ သတင်းအချို့ ထောက်ပံ့ပေးလျှင် လန်ဂိုဏ်းက သူတို့အား ပိုမိုတန်ဖိုးထားလာမည် ဖြစ်သည်။
ကျန်းရီသည် ကျင်းရှန်နိုင်ငံသို့ ရုတ်တရက်ကြီး ရောက်ချသွားမည်ဟု မည်သူက ထင်ထားမိမည်နည်း။ သူသည် ကျန်းယွင်ဟိုင်ကိုတောင် ကယ်တင် သွားခဲ့သေးသည်။ မာခွေသည် ကိစ္စအကြီးကြီးတစ်ခု ဖြစ်တော့မည်ဟု နိမိတ်မကောင်းသည့် ခံစားချက်များ ရလာလေ၏။
"သတင်းပို့ပါတယ် … "
နောက်ထပ် မာဂိုဏ်းသား တစ်ယောက် အပြေးအလွှား ရောက်လာခဲ့ပြီး အဆောင်တွင်း မရောက်ခင်ကပင် အော်ဟစ် လာလေသည်။
"ဂိုဏ်းချုပ် … မကောင်းတော့ဘူး၊ ကျန်းရီ … ကျန်းရီ ပြန်လာပြီ၊ ပြီးတော့ သူဒီကို လာနေတာ"
"ဘာ … "
မာခွေ၏ မျက်နှာမှာ ဖြူဖျော့ သွားခဲ့သည်။ သူသည် အတွင်းအားများ သုံး၍ ချက်ချင်း အော်ဟစ်လိုက်သည်။
"မာဂိုဏ်းသားတွေ အားလုံး မြို့ကထွက်ပြီး ထွက်ပြေးဖို့ နေရာတစ်ခု ရှာကြမယ်"
"ဝှစ်"
မာဂိုဏ်းတစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ပြီး ဂိုဏ်းသားများစွာ စုစည်းရောက်ရှိ လာကြလေသည်။ ဂိုဏ်းသားအများစုသည် မှင်တက်နေကြပြီး ဘာဖြစ်နေသည်ကို နားမလည်ကြပေ။
"ထွက်ပြေးနိုင်ဦးမှာလား"
ခပ်တိုးတိုး အသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး ပေါက်ကွဲသံကြီး တစ်ခုကပါ လိုက်ပါလာလေသည်။ မာဂိုဏ်း၏ တံတိုင်းနှစ်ဖက်သည် ပြိုကျသွားခဲ့ပြီး အစိမ်းရောင် ပုံရိပ်တစ်ခုသည် လူဆယ့်တစ်ယောက် ခြံရံ၍ ဖုန်မှုန့်များကြားမှ လျှောက်လာ ခဲ့လေသည်။ အစိမ်းရောင်ပုံရိပ်၏ မျက်လုံးများသည် မာခွေထံတွင် ရပ်တန့်သွားခဲ့ပြီး ခနဲ့တဲ့တဲ့ ပြောလာလေ၏။
"မာဂိုဏ်းချုပ် … မတွေ့တာကြာပြီ၊ ကျန်းရီဆိုတဲ့ ကျွန်တော့်ကို မှတ်မိပါသေးရဲ့လား"
***