ပန်းချီပညာရှင်
Vol. 15 Ch. 217
ကျိုးမင်က ဘေးနားမှ ကပျာကယာဝင်ပြောလိုက်သည်။
"ဒီကားက အတွင်းပိုင်းအပြင်အဆင်တွေလည်း ပါပါတယ်။ ကျွန်တော့်ကို ကားလက်ဆောင်မပေးခိုင်းဘူးဆိုတော့ ဒီတစ်သန်းတန်တဲ့ အတွင်းပိုင်းအပြင်အဆင်တွေကလည်း မရှိမဖြစ်ဆိုတော့ ကျွန်တော် ဒါတွေကို လက်ဆောင်ပေးလိုက်ပါ့မယ်"
ယဲ့ချန်း ခေါင်းညိတ်ပြလိုက်သည်။
ယနေ့ ကျိုးမင်၏လုပ်ဆောင်ချက်ကို သူ အလွန်စိတ်တိုင်းကျမိသည်။ ထပ်ခါထပ်ခါငြင်းပယ်နေပါက ကျိုးမင်ကို စိတ်မကောင်းဖြစ်သွားစေလိမ့်မည်။
ကျိုးမင်က တစ်သန်းတန်အတွင်းပိုင်းအဆင်တန်ဆာများကို ယဲ့ချန်းအား လက်ဆောင်ပေးမည်ဟု ကြားလိုက်ရသောအခါ ထိုအရောင်းဝန်ထမ်းမလေးမှာ လုံးဝကြောင်အသွားချေသည်။
လူအုပ်ကြီးကလည်း ကြက်သေသေသွားလေသည်။
ကားတစ်စီးဝယ်ပြီး တစ်သန်းတန်အတွင်းပိုင်းအဆင်တန်ဆာများကို ရလိုက်ခြင်းမှာ အလွန်ရက်ရောလှသော ကမ်းလှမ်းချက်ပင်။
ထိုအချိန်တွင် ဒုတိယမျိုးဆက်လူကုံထံတစ်ယောက်က ပြောလိုက်သည်။
"ဥက္ကဋ္ဌကျိုး ဘာပရိုမိုးရှင်းများ ရှိလဲ။ ကျွန်တော်လည်း ဒီကားကိုဝယ်မယ်လေ။ အဲဒီတစ်သန်းတန်အတွင်းပိုင်းအဆင်တန်ဆာတွေကို ရနိုင်မလား"
ကျိုးမင်ကတော့ စူးစူးရဲရဲစိုက်ကြည့်လိုက်သည်။
"အိပ်မက်မက်နေလိုက်လေ။ ဒါက ငါ့ပိုက်ဆံနဲ့ စိုက်ထားတာ"
အရောင်းဝန်ထမ်းအမျိုးသမီးမှာ ဤမြင်ကွင်းကိုမြင်ပြီးနောက် ဖြူဖပ်ဖြူရော်ဖြစ်သွားလေသည်။
သူ(မ) မစော်ကားသင့်သူတစ်ယောက်ကို စော်ကားမိလိုက်ကြောင်း ယခုမှသာ သဘောပေါက်လိုက်သည်။
"မစ္စတာယဲ့ တောင်းပန်ပါတယ်။ ကျွန်မ ရှင့်ကို မမှတ်မိလိုက်ဘူး"
ယဲ့ချန်းကမူ လက်ခါယမ်းပြလိုက်သည်။ ဤရုပ်ဆိုးဆိုးအမျိုးသမီးတစ်ယောက်ကို လက်တုံ့ပြန်မည့်စိတ်ကူးမျိုး သူ့တွင် မရှိပေ။
ကျိုးမင်က ယဲ့ချန်းကို ယဉ်ယဉ်ကျေးကျေးလိုက်ပို့ပြီးမှသာ စိတ်သက်သာရာရဟန် သက်ပြင်းချလိုက်မိတော့သည်။
အရောင်းဝန်ထမ်းအမျိုးသမီးကလည်း နားမလည်နိုင်ဟန်ဖြင့် ကျိုးမင်ကို မေးလိုက်သည်။
"ဥက္ကဋ္ဌကျိုး.. သူက ကျွန်မတို့ဖယ်ရာရီကုမ္ပဏီရဲ့ ပင်မရှယ်ယာရှင်ဆိုတာ အမှန်ပဲလား။ သူပြောတော့ သူက တက္ကစီမောင်းတာတဲ့"
ကျိုးမင် သက်ပြင်းချလိုက်လေသည်။
"သူက သိုသိုသိပ်သိပ်နေပြီး ဘဝအတွေ့အကြုံကို ခံစားနေတာ။ မင်း နားမလည်ဘူးလား။ ငါလည်း မနက်ဖြန်ကျရင် ငါ့ဖယ်ရာရီပြိုင်ကားကို မမောင်းဘဲ စက်ဘီးနဲ့ အလုပ်တက်သင့်တယ်ထင်တယ်"
ကျိုတိုတွင် ယဲ့ချန်းက မနက်ပိုင်းတွင် ရုပ်ရှင်ရိုက်ပြီး နေ့လယ်ပိုင်းတွင် တက္ကစီမောင်းလေသည်။ သူ့နတ်ဘုရားအဆင့် သရုပ်ဆောင်စွမ်းရည်ကြောင့် ယဲ့ချန်း၏ရိုက်ကူးရေးက ချောချောမွေ့မွေ့ပင်။
လီရွှင်းအာကတော့ ယဲ့ချန်း၏ကိုယ်ရေးအတွင်းရေးမှူးဖြစ်လာသောကြောင့် တော်ဝင်မင်းသားစံအိမ်သို့ ပြောင်းရွှေ့ခဲ့သည်။
သူ(မ) ယဲ့ချန်း၏အိမ်သို့ ပထမဆုံးအကြိမ်ရောက်သွားတုန်းက ကြက်သေသေသွားရသည်။
ယဲ့ချန်းက ချမ်းသာကြောင်း သူ(မ)သိထားပြီးဖြစ်သော်လည်း ယဲ့ချန်းက တော်ဝင်မင်းသားစံအိမ်ကို အိမ်အဖြစ် နေထိုင်နေလိမ့်မည်ဟု သူ(မ) လုံးဝထင်မထားချေ။
ညနေခင်း ယဲ့ချန်း ရေချိုးပြီးချိန်ဝယ် တံခါးခေါက်သံတစ်သံ ကြားလိုက်ရသည်။
"ရွှင်းအာ ဘာဖြစ်လို့လဲ"
လီရွှင်းအာလည်း ရှက်ဝဲဝဲဖြင့် ဆိုလိုက်သည်။
"ကျွန်မအခန်းက ဗလာကျင်းနေသလို ခံစားရလို့ နည်းနည်းကြောက်တယ်"
ယဲ့ချန်းကမူ မရဲတရဲမေးလိုက်သည်။
"ဒါဆို အတူအိပ်ကြမလား"
လီရွှင်းအာ၏မျက်နှာကား နီမြန်းသွားပြီးနောက် အသာအယာခေါင်းညိတ်ပြလိုက်သည်။
အစတုန်းကတော့ သူတို့နှစ်ယောက်ကြားရှိ အကွာအဝေးက အလွန်ဝေးကွာခဲ့သော်ငြား ညလယ်ပိုင်းတွင်မူ လီရွှင်းအာက သူ့အား ရေဘဝဲတစ်ကောင်အလား ကပ်တွယ်နေသောကြောင့် ယဲ့ချန်း နိုးလာခဲ့သည်။
အိုး..အဆင့်တက်တာက နည်းနည်းတော့မြန်သားပဲ!
"ယီမန်း"ရိုက်ကူးရေးက ချောချောမွေ့မွေ့ပြီးစီးခဲ့ပြီး ပိတ်ရက်မှာပင် ယဲ့ချန်းလည်း မိုတုမြို့သို့ ပြန်လာခဲ့လိုက်သည်။
အကြောင်းမှာ ဤတနင်္ဂနွေနေ့တွင် ပန်းချီပြပွဲတစ်ခု ရှိသောကြောင့်ပင်။
ယဲ့ချန်းက လင်းဝမ်ယိုကို ပန်းချီပြပွဲသို့ ခေါ်သွားပေးမည်ဟု ကတိပေးထားသည်။ လီရွှင်းအာကလည်း ယဲ့ချန်းအား လေဆိပ်အထိ လိုက်ပို့ပေးသည်။
"ယဲ့ချန်း မြန်မြန်ပြန်လာခဲ့နော်။ ကျွန်မ လွမ်းနေတော့မှာ"
"အင်း။ ကိုယ် တနင်္လာနေ့ကျရင် ပြန်လာခဲ့မယ်။ ကိုယ့်အစား အိမ်ကို စောင့်ရှောက်ပေးထားဦးနော်"
ယဲ့ချန်း ပြုံးလိုက်လေသည်။
တိုက်ဆိုင်ချင်တော့ ယဲ့ချန်း၏လေယာဉ်က လီရွှင်းအာတို့ လေယာဉ်ဖြစ်နေချေသည်။ လေယာဉ်မယ်တစ်ဖွဲ့လုံးက ယဲ့ချန်းအား သောက်စရာများ အလှည့်ကျလာပေးကြသည်။
ဤမြင်ကွင်းကြောင့် ပထမတန်းအဆင့်ခရီးသည်များမှာ မနာလိုဖြစ်ကုန်ကြသည်။
ဤလူငယ်လေးက အလွန်ကံကောင်းလှသည်။ လေယာဉ်မယ်တစ်သိုက်က သူ့အား ပြုစုခယနေကြသည်။
လေယာဉ်ပေါ်က ဆင်းပြီးနောက် ယဲ့ချန်းလည်း အိမ်ပြန်လာခဲ့လိုက်သည်။ လင်းဝမ်ယိုကမူ စားစရာအများကြီးကို ပြင်ဆင်ချက်ပြုတ်ထားသည်။
"ဝမ်ယို မင်း ကိုယ့်ကိုလွမ်းနေလား"
ယဲ့ချန်း ရယ်လိုက်လေသည်။
လင်းဝမ်ယိုကလည်း ခေါင်းညိတ်ပြသည်။
"လွမ်းတာပေါ့"
"ဘာကိုလွမ်းတာလဲ"
ယဲ့ချန်းက ခပ်ညစ်ညစ်ပြုံးလျက် စနောက်လိုက်သည်။
လင်းဝမ်ယို၏မျက်နှာမှာ ရှက်သွေးဖြာသွားလေသည်။
"ရှင်က တော်တော်ဆိုးသွမ်းလာတာပဲ"
...
မနက်စောစော ယဲ့ချန်း အိပ်ရာနိုးလာချိန်တွင် မနေ့ညက လှုပ်ရှားမှုများကြောင့် ပင်ပန်းနွမ်းနယ်နေသော လင်းဝမ်ယိုခမျာ အိပ်မောကျနေဆဲပင်။
သူလည်း လင်းဝမ်ယို၏ပါးပြင်လေးကို အနမ်းပေးပြီးနောက် မနက်စာပြင်ရန် ထလာခဲ့လိုက်သည်။ လင်းဝမ်ယိုနိုးလာပြီး စားပွဲပေါ်ရှိ မနက်စာကို မြင်သောအခါ အလွန်ပျော်ရွှင်သွားသည်။
"အချစ် ကျေးဇူးတင်ပါတယ်"
ယဲ့ချန်း ရယ်မောလိုက်မိသည်။
"ကျေးဇူးတင်ဖို့မလိုပါဘူး။ မနေ့ညတုန်းက မင်း တော်တော်ပင်ပန်းသွားတယ်လေ။ အဲဒါကြောင့် နည်းနည်းလောက်ထပ်အိပ်ခိုင်းထားတာ"
မနက်စာစားပြီးနောက်တွင်မူ ယဲ့ချန်း စုဝမ်ယိကို ဖုန်းဆက်လိုက်၏။
"ဝမ်ယိ ဒီနေ့ ပန်းချီပြပွဲတစ်ခုရှိတယ်။ ကိုယ် ဝမ်ယို့ကိုခေါ်သွားမလို့။ မင်းရော လိုက်ချင်လား။ လိုက်ချင်ရင် ကိုယ်လာခေါ်မယ်လေ"
"အချစ်ရေ.. မလိုပါဘူး။ ကျွန်မအဖေကလည်း အဲဒီပြပွဲကိုတက်မှာဆိုတော့ ကျွန်မ သူနဲ့အတူသွားလိုက်မယ်။ ပြခန်းကိုရောက်မှ တွေ့ကြမယ်နော်"
စုကျန့်ကလည်း ပန်းချီကားများကို အလွန်သဘောကျကြောင်း ယဲ့ချန်း သတိရလိုက်သည်။ သူသည် ပန်းချီအဖွဲ့အစည်း၏ အဖွဲ့ဝင်တစ်ယောက်လည်းဖြစ်လေရာ ထိုကဲ့သို့ကြီးကျယ်ခမ်းနားလှသော ပွဲအခမ်းအနားတစ်ခုကို သေချာပေါက်တက်ရောက်မည်သာ။
ယဲ့ချန်း ဖုန်းချလိုက်သောအခါ လင်းဝမ်ယိုက ယဲ့ချန်းအတွက် သီးသန့်ချုပ်ထားသော ထန်ဝတ်စုံပြည့်တစ်ထည်ကို ပြင်ဆင်ပေးထားသည်။
ထိုဝတ်စုံကို ဝတ်ကြည့်လိုက်ချိန်ဝယ် သူ့ပုံစံမှာ အလွန်ခံ့ညားသွားလေသည်။
လင်းဝမ်ယိုကတော့ ချီပေါင်ကိုသာ ဝတ်ဆင်ထားသည်။ သူတို့နှစ်ယောက်က ဘေးချင်းယှဉ်၍ လမ်းလျှောက်လာကြသည်။ တစ်ယောက်က အလွန်ချောမောခံ့ညားပြီး ကျန်တစ်ယောက်မှာမူ ရင်သပ်ရှုမောဖွယ်ကောင်းအောင် လှပလွန်းသဖြင့် နေနှင့်လ၊ ရွှေနှင့်မြအလား လိုက်ဖက်ညီလှချေသည်။
သူတို့နှစ်ယောက် ကားပါးကင်သို့ ရောက်လာခဲ့ကြသည်။ ယဲ့ချန်းလည်း ပန်းချီပြခန်းဆီသို့ သူ့ကူလီနန်ကားဖြင့် မောင်းဝင်လာခဲ့လိုက်၏။
ဤပြပွဲမှာ ဟွားနိုင်ငံထဲရှိ ပန်းချီအဖွဲ့အစည်းအတွက် ကြီးကျယ်ခမ်းနားလှသော အခမ်းအနားတစ်ခုပင်။ အနုပညာရှင်များနှင့် ပန်းချီလောကထဲရှိ လေးစားထိုက်သောပုဂ္ဂိုလ်များလည်း တက်ရောက်ကြသည်။
ဤပန်းချီပြပွဲတွင် အချို့ကိုယ်ပိုင်လက်ရာများကိုလည်း ခင်းကျင်းပြသထားသည်။
ကားပါကင်သို့ ရောက်သောအခါ အထင်ကြီးဖို့ကောင်းသော ဇိမ်ခံကားအတန်းကြီးတစ်တန်းကို မြင်လိုက်ရ၏။
ယခုမူ ပန်းချီတစ်ခေတ်ဆန်းလာသဖြင့် ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်ကြီးများမှာ သူတို့၏အနုပညာရသကို ဖော်ထုတ်ပြသကြလေတော့သည်။
ဤပန်းချီပြပွဲတွင် ပါဝင်ကြသော ပါဝင်သူတော်တော်များများက အနုပညာရှင်များပင်။
ကားပါကင်ထိုးပြီးနောက် လင်းဝမ်ယိုလည်း အကျင့်အတိုင်း ယဲ့ချန်းကို ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်တစ်ခု ပေးလိုက်သည်။
[တင်! ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ရရှိတဲ့အတွက် ပိုင်ရှင့်ကိုဂုဏ်ပြုပါတယ်။ တတိယမြောက်ကြယ်ငါးပွင့်(၃/၅)ကို ရရှိတဲ့အတွက် လက်ရေးလှပညာရှင်စွမ်းရည်ကို ဆုလာဘ်အဖြစ် ချီးမြှင့်ပါတယ်]
လက်ရေးလှပညာရှင်တဲ့လား။
ယဲ့ချန်း၏နှုတ်ခမ်းများမှာ အတန်ငယ်တွန့်ကွေးသွားလေသည်။
ဤပန်းချီပြပွဲမှာ ကြွားဝါရန်အတွက် အချိန်ကောင်းပင်။
သူတို့နှစ်ယောက်သား ခန်းမထဲသို့ ဝင်လာလိုက်ရာ အထဲတွင် အနုပညာရှင်များ၏ လက်ရေးလှပန်းချီနှင့် ပန်းချီကားများဖြင့် ပြည့်နှက်နေသည်ကို မြင်လိုက်ရ၏။
ဤပြပွဲ၏ အဓိကရည်ရွယ်ချက်မှာ မျှဝေဆွေးနွေးရေးပင်။
စင်မြင့်ထက်တွင်မူ အကြီးအကဲတချို့က ရွေးချယ်ထားသော လက်ရာမြောက်ပန်းချီကားများကို သုံးသပ်နေကြသည်။
ထိုအခိုက်ဝယ် အစ်ကိုထန်က စာလိပ်တစ်လိပ်ကိုကိုင်ရင်း အထဲသို့ ဝင်လာသည်။
သူ့ကိုမြင်သော် အကြီးအကဲတစ်ယောက်က ရယ်မောလိုက်သည်။
"မစ္စတာမာ.. ခင်ဗျား ဒီလောက်အထိ ဂရုတစိုက်နဲ့ကိုင်ထားတာ ဘယ်လိုရတနာမျိုးမို့လို့လဲ"
အစ်ကိုထန်လည်း ရယ်မောလိုက်ချေသည်။
"ဆရာချန်းရွှမ်.. ဒါက ကျွန်တော့်မိတ်ဆွေတစ်ယောက်ဆွဲထားတဲ့ ပန်းချီလက်ရာတစ်ခုပါ။ အရမ်းလက်ရာမြောက်တာဗျ"
"အိုး.. အဲဒီလောက်တောင် လက်ရာမြောက်တာလား။ ကျုပ် ကြည့်ကြည့်လို့ရမလား"
အစ်ကိုထန်က ဟွားနိုင်ငံထဲရှိ ဒိတ်ဒိတ်ကြဲလုပ်ငန်းရှင်တစ်ယောက် ဖြစ်သည့်အတွက် သာမန်ပန်းချီကားတစ်ချပ်ကိုတော့ ယူလာမည်မဟုတ်ပေ။
"ကောင်းပြီလေ။ လန့်တော့ လန့်မသွားနဲ့နော်"
အစ်ကိုထန်က ထိုစာလိပ်ကို လျှို့ဝှက်ဆန်းကြယ်စွာဖြင့် တစ်ပိုင်းတစ်စမျှဖြန့်ချလိုက်သည်။
စားပွဲပေါ်ရှိ ပန်းချီကားကို မြင်လိုက်ရချိန်မှာ ချန်းရွှမ်ခမျာ အံ့ဩမှင်တက်သွားလေသည်။
"ဒါက ထန်ပေါ်ဟူရဲ့လက်ရာများလား"
သို့သော် မင်များက လတ်ဆတ်နေဆဲဖြစ်သောကြောင့် ထိုအတွေးကို သူ ချက်ချင်းပယ်ချလိုက်သည်။ ဤသည်မှာ ပန်းချီကားကို ဆွဲထားချိန်က သိပ်မကြာသေးကြောင်း ပြသနေသည်။
"ဒီပန်းချီကားက အခုမှဆွဲထားတာလား။ ဘယ်ပညာရှင်ကများ ဆွဲထားတာလဲ"
ပန်းချီကားကို စိုက်ကြည့်ရင်း ချန်းရွှမ် တအံ့တဩဖြစ်နေချေသည်။
အစ်ကိုထန်က ပန်းချီကား၏သုံးပုံနှစ်ပုံခန့်ကိုသာ တမင်ဖြန့်ပြပြီး လက်မှတ်ကိုမူ ဖုံးထားလေသည်။
"ဟားဟား အခုလောလောဆယ်တော့ လျှို့ဝှက်ထားလိုက်ဦးမယ်။ ဒါပေမဲ့ မကြာခင်သိရတော့မှာပါ။ ဒီမိတ်ဆွေနဲ့ ကျုပ် ခင်ဗျားကို မိတ်ဆက်ပေးမယ်"
"ကောင်းတယ်။ ဒီလိုပန်းချီအကျော်အမော်တစ်ယောက်နဲ့ တွေ့ခွင့်ရတာက ကျုပ်အတွက် အခွင့်အရေးတစ်ခုဖြစ်လာမှာ"
ချန်းရွှမ်က မိုတုမြို့ထဲရှိ ပန်းချီအသိုင်းအဝိုင်းတွင် ထင်ရှားကျော်ကြားပါသော်ငြား သူ့စွမ်းရည်များက လတ်တလောနှစ်များအတွင်း တန့်သွားခဲ့သည်။ ဤပန်းချီကို မြင်လိုက်ရချိန်မှသာ သူ့ရင်ထဲ စိတ်အားထက်သန်မှုများ ပေါ်ပေါက်လာသဖြင့် ဤပညာရှင်နှင့် အနည်းငယ်မျှဆွေးနွေးလိုက်ရပါလျှင် သူ့ပိတ်ဆို့မှုကို ကျော်လွှားနိုင်လိမ့်မည်ဟု တွေးမိလိုက်သည်။
"ဆရာချန်း.. ဒီပန်းချီကားရဲ့ပိုင်ရှင်က အဲဒီလောက်တောင် အထင်ကြီးချင်စရာကောင်းတာလား"
•••••••••••••••••