မင်းကိုအလုပ်ထုတ်လိုက်ပြီ
Vol. 15 Ch. 219
ဟွားနိုင်ငံထဲရှိ ထိပ်တန်းအဆင့်ပန်းချီပညာရှင်တစ်ယောက် ဖြစ်သည့် ချိုးပိုင်၏ ပန်းချီလက်ရာကျွမ်းကျင်မှာ ဆုတ်ဆိုင်းမှုတစ်ခုနှင့် ကြုံတွေ့နေရသည်။
သို့သော် သူ့ကို ဒုက္ခများစေသောအရာမှာ သူ့စွမ်းရည်က အထွတ်အထိပ်သို့ရောက်နေပြီဖြစ်ရာ ဤဆုတ်ဆိုင်းမှုကို ကျော်လွှားရန်အတွက် သူ့ကိုယ်သူသာ အားကိုးရသည်။
ယခုမူ သူ့ထက် ပိုတော်သော လူတစ်ယောက်ကို တွေ့လိုက်ရပြီဖြစ်ရာ စိတ်မလှုပ်ရှားဘဲ ဘယ်နေနိုင်မည်နည်း။
ဤပြိုင်ဘက်ဆီက အကြံတစ်ခုသာရလျှင် ဤဆုတ်ဆိုင်းမှုကို သူ ကျော်လွှားနိုင်ပြီး ပန်းချီပညာတွင် နတ်ဘုရားအဆင့်ကိုပင် ရောက်သွားနိုင်ခြေရှိ၏။
"မစ္စတာမာ.. ခင်ဗျား ဒီပန်းချီပညာရှင်နဲ့ မိတ်ဆက်ပေးရမယ်နော်။ သူ့လမ်းညွှန်မှုနဲ့သာဆိုရင် ကျုပ်ရဲ့ပန်းချီစွမ်းရည်လည်း တိုးတက်လာနိုင်တယ်"
ချိုးပိုင်၏စကားများကို ကြားလိုက်ရချိန်ဝယ် ထိုနေရာရှိလူတိုင်းမှာ တစ်ဖန်အံ့အားသင့်သွားကြပြန်လေသည်။
ချိုးပိုင်က မည်သူနည်း။ သူသည် ဟွားနိုင်ငံရှိ ပန်းချီလောကထဲတွင် ပထမတန်းအဆင့် ဆရာတစ်ယောက်ပင်။ သူ့ကို လမ်းညွှန်သင်ပြနိုင်သူ၏ ပန်းချီစွမ်းရည်ကား မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းလိုက်လေမလဲ။
အစ်ကိုထန်ကလည်း အမြန်ပြောလိုက်လေသည်။
"ဆရာချိုးပိုင် စိတ်မပူပါနဲ့။ ကျွန်တော် သူ့ကို ချက်ချင်းဖုန်းဆက်လိုက်ပါ့မယ်"
ချိုးပိုင်က လက်သီးယှက်လိုက်လေသည်။
"ကျေးဇူးတင်ပါတယ် အစ်ကိုထန်.. စကားမစပ် ခင်ဗျား ဆက်သွယ်လို့ရရင် ကျုပ်ကိုယ်တိုင် ဒီဆရာ့ဆီကို သွားလည်လိုက်ပါ့မယ်"
အစ်ကိုထန်ကလည်း ခေါင်းတညိတ်ညိတ်လုပ်၍ ယဲ့ချန်း၏ဖုန်းနံပါတ်ကို ခေါ်လိုက်သည်။
ဖုန်းဝင်လာချိန်တွင် ယဲ့ချန်းက လင်းဝမ်ယိုနှင့်အတူ အေးအေးလူလူ လမ်းလျှောက်နေခဲ့သည်။
"မစ္စတာယဲ့.. အားထန်ပါ။ ခင်ဗျား လက်ရေးလှနဲ့ပန်းချီတွေ့ဆုံပွဲကို တက်လား"
"ကျွန်တော် ရောက်နေပြီလေ။ အောက်ထပ်မှာ ပတ်ကြည့်နေတာ"
"အိုး..ခင်ဗျားက ဘယ်နားမှာလဲ။ ကျုပ် အခုချက်ချင်းလာခဲ့မယ်လေ"
ယဲ့ချန်းက ပတ်ပတ်လည်ကို တစ်ချက်ကြည့်ပြီးနောက် ပြောလိုက်လေသည်။
"ကျွန်တော်က နယ်မြေဘီထဲမှာ"
"ကောင်းပါပြီ။ မစ္စတာယဲ့.. အဲဒီနားမှာပဲ စောင့်နေနော်။ ကျုပ် ချက်ချင်းလာခဲ့မယ်"
သူဖုန်းချလိုက်သောအခါ ချိုးပိုင်က ကပျာကယာမေးလာလေသည်။
"မစ္စတာယဲ့က ဒီမှာတဲ့လား"
အစ်ကိုထန်ကလည်း ခေါင်းညိတ်ပြသည်။
"အခု သူက နယ်မြေဘီထဲမှာတဲ့"
"ကောင်းတယ်။ ကျုပ်တို့ အဲဒီကို အခုချက်ချင်းသွားကြမယ်"
ချိုးပိုင်နှင့် ပန်းချီပညာရှင်အမြောက်အများကို မြင်သောအခါ လူတိုင်း ထိတ်လန့်သွားကြသည်။
"ဥက္ကဋ္ဌချိုး.. ကျွန်တော့်ကို နည်းနည်းလောက်လမ်းပြပေးနိုင်မလား။ ဒီပန်းချီကားမှာ ဘာပြစ်ချက်များရှိနေသလဲလို့"
ဟွားနိုင်ငံထဲရှိ နံပါတ်တစ်ပန်းချီပညာရှင်တစ်ယောက်ဖြစ်သည့်အတွက် သူ့ထဲမှ အကြံဉာဏ်အနည်းငယ်လောက် ရရုံဖြင့် လူတစ်ယောက်၏ ပန်းချီစွမ်းရည်က အဆင့်တစ်ဆင့်စာ တိုးတက်သွားနိုင်လေသည်။
ချိုးပိုင်က နယ်မြေဘီသို့ အလျင်စလိုထွက်သွားသည်ကို ကြည့်ရင်း လူတိုင်း အလွန်သိချင်စိတ်ပြင်းပြသွားသည်။
"ပန်းချီအဖွဲ့အစည်းထဲက ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်တွေအများကြီးပဲ။ ဘယ်သွားကြတာပါလိမ့်"
"မပြောတတ်ဘူး။ နယ်မြေဘီထဲမှာ အရေးကြီးပုဂ္ဂိုလ်တစ်ယောက်များ ရှိလို့လား"
...
လူအုပ်ကြီးက ပွက်ပွက်ညံအောင် ဆွေးနွေးနေကြသည်။
ချိုးပိုင်ကဲ့သို့သော အထင်ကရပုဂ္ဂိုလ်တစ်ယောက်ပင် ကိုယ်တိုင်ကြိုဆိုရသည်ဖြစ်ရာ ထိုလူက မည်သို့သောလေးစားဖွယ်ပုဂ္ဂိုလ်တစ်ယောက်ဖြစ်လေမလဲဟု သူတို့ သိချင်နေကြသည်။
ထိုအခိုက်ဝယ် လဲ့ပင်းက လုံခြုံရေးတချို့ကို ခေါ်ဆောင်လာပြီး ယဲ့ချန်းနှင့် လင်းဝမ်ယိုကို လိုက်ရှာနေချေသည်။
လဲ့ပင်းက ယဲ့ချန်းကို လက်ညှိုးထိုးပြပြီး ပြောလိုက်၏။
"သူပဲ။ သူက တခြားလူဆီက ဖိတ်စာကိုခိုးလာပြီး ပန်းချီပြပွဲထဲကို ခိုးဝင်လာတာပဲဖြစ်မယ်"
ယဲ့ချန်း မျက်မှောင်ကြုတ်လိုက်မိသည်။
"ဘာအဓိပ္ပာယ်လဲ"
လဲ့ပင်းလည်း လှောင်ပြုံးပြုံးလိုက်မိသည်။
"ဘာအဓိပ္ပာယ်လဲတဲ့လား။ ငါ စစ်ကြည့်ပြီးသွားပြီ။ မင်းက မိုတုပန်းချီအဖွဲ့အစည်းရဲ့ အဖွဲ့ဝင်မဟုတ်ဘူး။ ဒီစုဝေးပွဲက အတွင်းလူတွေကိုပဲ ဖိတ်ကြားထားတာ။ ဒီတော့ မင်းရဲ့ဖိတ်စာက အတုကြီးဆိုတာ အသိသာကြီးလေ"
ချန်းရွှမ်ကလည်း မောက်မာမှုအပြည့်ဖြင့် ပြောလာလေသည်။
"ချာတိတ်..သိပ်သတ္တိရှိနေတယ်ပေါ့လေ။ ဖိတ်စာအတုကိုတောင်သုံးပြီး ပန်းချီပြပွဲထဲကိုဝင်လာတာ"
ယဲ့ချန်းလည်း လှောင်ပြောင်သရော်လိုက်၏။
"ဒီဖိတ်စာက မစ္စတာမာကိုယ်တိုင် ငါ့ကိုပေးသွားတာ"
ချန်းရွှမ်ကတော့ ရုတ်တရက်ကြီးထရယ်လေသည်။
"မစ္စတာမာက ဘယ်သူလဲ။ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်နော်။ သူက မင်းကို ဘာလို့ဖိတ်ရမှာလဲ။ လိမ်မယ်ဆိုရင်တောင် အဓိပ္ပာယ်ရှိအောင် လိမ်ရမှာပေါ့"
လဲ့ပင်းက အေးတိအေးစက်ပြောလိုက်သည်။
"လုံခြုံရေး.. သူ့ကို ဆွဲမထုတ်သေးဘူးလား"
"ဘယ်သူလုပ်ရဲမလဲဆိုတာ ငါကြည့်ချင်သေးတယ်"
ဒေါသတကြီးအော်ဟစ်သံတစ်သံ ထွက်ပေါ်လာပြီးနောက် အစ်ကိုထန်၊ ချိုးပိုင်နှင့်အတူ ပန်းချီအဖွဲ့အစည်းထဲရှိ ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်များမှာ အပြေးအလွှားရောက်လာကြသည်။
ချန်းရွှမ်လည်း အမြန်ပြောလိုက်သည်။
"မစ္စတာမာ.. ခင်ဗျားမသိလို့နော်။ ဒီလူက ခင်ဗျားနာမည်ကိုသုံးပြီး လှည့်စားနေတာ။ အဲဒါကို ကျုပ်မိလိုက်လို့ လုံခြုံရေးတွေကိုခေါ်ပြီး သူတို့ကိုဖမ်းခိုင်းမလို့"
အစ်ကိုထန်က အေးတိအေးစက်လေသံဖြင့် ပြောလိုက်လေသည်။
"မစ္စတာယဲ့ကို ငါဖိတ်ထားတာ။ သူ့ကို ဘယ်သူထိရဲမလဲဆိုတာ ကြည့်ကြသေးတာပေါ့"
ဘာ?
ချန်းရွှမ်၏တုံ့ပြန်ပုံကြောင့် အစ်ကိုထန်၏အမူအရာကား ရုတ်ခြည်းပြောင်းလဲသွားသည်။
ထိုအချိန်မှာပင် ချိုးပိုင်လည်း အနားသို့ရောက်ချလာပြီး ယဲ့ချန်း၏လက်ကို ဆုပ်ကိုင်ထားလိုက်သည်။
"မစ္စတာယဲ့.. ကျုပ် ခင်ဗျားရဲ့ပန်းချီကားကို မြင်ပြီးပြီ။ အရမ်းအံ့ဩဖိုကောင်းတာပဲ။ ကျုပ် ချိုးပိုင် လုံးဝမှင်တက်သွားရတာ။ ခင်ဗျား ကျုပ်ကို နည်းနည်းလောက်လမ်းညွှန်ပေးနိုင်မလား"
ချိုးပိုင်၏စကားများကို ကြားသောအခါ ထိုနေရာတစ်ခုလုံး တိတ်ဆိတ်သွားသည်။
ချိုးပိုင်က မည်သူနည်း။ ဟွားနိုင်ငံပန်းချီအဖွဲ့အစည်း၏ ဥက္ကဋ္ဌပင်။ သို့သော် သူက အသက်နှစ်ဆယ်စွန်းစွန်းသာ ရှိသေးသော လူငယ်လေးတစ်ယောက်ဆီက အကြံဉာဏ်တောင်းနေချေသည်။
ထို့ကြောင့် လူတိုင်း မှင်တက်ကုန်ကြသည်။
ယဲ့ချန်းကမူ အေးစက်စက်လေသံဖြင့် ပြောလိုက်၏။
"ဥက္ကဋ္ဌချိုး.. ကြည့်ရတာတော့ ခင်ဗျားလူတွေက ကျွန်တော့်ကို ကြိုဆိုပုံမရဘူး။ လုံခြုံရေးတွေနဲ့တောင် နှင်ထုတ်ချင်နေသေးတယ်။ ကျုပ်လည်း အသိတရားရှိရှိနဲ့ တိတ်တိတ်လေးထွက်သွားတာ ပိုကောင်းမယ်ထင်တယ်"
ဤစကားကိုကြားသော် ချိုးပိုင်၏မျက်နှာကား တင်းမာသွားပြီး ချန်းရွှမ်ကို ခပ်ကြမ်းကြမ်းစိုက်ကြည့်လိုက်သည်။
သူက ယဲ့ချန်းကို ပြောလိုက်၏။
"မစ္စတာယဲ့.. စိတ်အေးအေးထားပါ။ ဒီကိစ္စအတွက် ခင်ဗျားကျေနပ်လောက်မဲ့ ဖြေရှင်းချက်မျိုးပေးပါ့မယ်"
ချိုးပိုင်က ယဲ့ချန်းကို အလွန်လေးစားကြည်ညိုနေကြောင်း မြင်လိုက်ရသဖြင့် ချန်းရွှမ်နှင့် လဲ့ပင်းမှာ လုံးဝကြောင်အသွားကြသည်။
ဒီနေ့ ဆရာချိုး ဘာတွေဖြစ်နေတာလဲ? ယဲ့ချန်းကို ဘာကြောင့် ဒီလောက်အထိ လေးစားနေရတာလဲ?
စိုးရိမ်ကြောင့်ကြနေသော ချန်းရွှမ်ကလည်း ပြောလိုက်လေသည်။
"ဥက္ကဋ္ဌချိုး သူက..."
ချိုးပိုင်ကမူ ခက်ထန်စွာ ပြောလိုက်လေ၏။
"ချန်းရွှမ်.. မင်းကများ မစ္စတာယဲ့ကို မလေးမစားလုပ်ရဲတယ်ပေါ့။ တော်တော်ရဲတင်းနေတာပဲ"
ချိုးပိုင်၏ ဒေါသတကြီးအော်ဟစ်သံကို ကြားသောအခါ ချန်းရွှမ်မှာ ချက်ချင်းထိတ်လန့်သွားသည်။ ပန်းချီပညာရှင်များက ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်နိုင်စွမ်းကို တန်ဖိုးထားသဖြင့် ဒေါသထွက်ခဲသည်။
သို့သော် ထိုဒေါသကို ယဲ့ချန်းက အစပျိုးလိုက်သည်ဟူသော အချက်ကြောင့် ချန်းရွှမ် လန့်ဖျပ်သွားရသည်။
ချိုးပိုင်က အေးတိအေးစက်ပြောလိုက်လေသည်။
"ချန်းရွှမ်.. ဒီနေ့ကစပြီး မင်းနဲ့ မင်းဘေးက ကောင်လေးကို ငါတို့ရဲ့ပန်းချီအဖွဲ့အစည်းထဲက ထုတ်ပယ်လိုက်ပြီ။ ဒီနေ့ကစပြီး ငါတို့ရဲ့ပန်းချီအဖွဲ့အစည်းက မင်းတို့နှစ်ယောက်ကို အမည်ပျက်စာရင်းသွင်းလိုက်ပြီ။ ဘယ်တော့မှ အလုပ်ပြန်ခန့်တော့မှာမဟုတ်ဘူး"
ချိုးပိုင်၏စကားများကို ကြားသောအခါ ချန်းရွှမ်နှင့် လဲ့ပင်းတို့ခမျာ လုံးဝထိတ်လန့်ကုန်ကြသည်။
သူတို့၏စားဝတ်နေရေးက ပန်းချီကားများကို မှီခိုနေရသည်ဖြစ်ရာ ပန်းချီအဖွဲ့အစည်းထဲမှ ထုတ်ပယ်ခံလိုက်ရခြင်းမှာ ဘဝပျက်ပြီဟု သဘောသက်ရောက်သည်။
အထူးသဖြင့် ပန်းချီလောကထဲတွင် နာမည်အတန်အသင့်ရထားသော ချန်းရွှမ်ပင်။ အဖွဲ့အစည်းထဲက ထုတ်ပယ်ခံလိုက်ရပြီဖြစ်ရာ ယခင်က သူ့အောင်မြင်မှုများလည်း အစအနမကျန်အောင် ပျောက်ကွယ်သွားလေတော့သည်။
အစတုန်းကတော့ အစ်ကိုထန်က ချန်းရွှမ်နှင့် ဆက်ဆံရေးကောင်းမွန်ပါသော်ငြား ချန်းရွှမ်က ယဲ့ချန်းကို အပြစ်ပြုမိထားသည်ဖြစ်ရာ သူ့အတွက်လည်း ရန်သူတစ်ယောက်ဖြစ်သွားပြီဟု သဘောပေါက်လိုက်သည်။
ထို့ပြင် ယဲ့ချန်း၏ပန်းချီစွမ်းရည်က ချန်းရွှမ်ထက် များစွာသာလွန်နေပေသည်။ ချန်းရွှမ်မှာ ယဲ့ချန်းနှင့် အိပ်မက်ထဲမှာပင် ယှဉ်နိုင်မည်မဟုတ်ပေ။ ချန်းရွှမ်၏လက်ရာများမှာ ယဲ့ချန်းရှေ့မှာတော့ အမှိုက်သာသာပင်။
အစ်ကိုထန်က ခပ်ပြတ်ပြတ်ပင် ပြောလိုက်သည်။
"ချန်းရွှမ်.. ယဲ့ချန်းက ဘယ်သူလဲဆိုတာ မင်းသိလား။ ဆရာချိုးပိုင်ကတောင် သူ့ကို မယှဉ်နိုင်ဘူး။ အဲဒါကို မင်းက ဒီလိုလူတစ်ယောက်ကို ခန်းမထဲက ဆွဲထုတ်ချင်တယ်ပေါ့။ မင်း ဥက္ကဋ္ဌချိုးရဲ့မျက်နှာကိုတောင် ထောက်ခဲ့လား။ ပန်းချီအဖွဲ့အစည်းက မင်းတို့မိသားစု တည်ထောင်ထားတာများ ထင်နေလား"
ချန်းရွှမ်၏မျက်နှာကား ဖြူဖပ်ဖြူရော်ဖြစ်သွားလေသည်။
ထိုအခါမှသာ သူ အစောပိုင်းက မြင်ခဲ့ရသည့် နတ်ဘုရားအဆင့်ပန်းချီကားကို ယဲ့ချန်းဆွဲထားခြင်းဖြစ်ကြောင် သဘောပေါက်လိုက်သည်။
ဤသည်မှာ အလွန်ထိတ်လန့်ဖွယ်ကောင်းလှသည်။
လဲ့ပင်းကတော့ ဘေးနားမှ အော်ပြောလိုက်သည်။
"မဖြစ်နိုင်ဘူး။ မဖြစ်နိုင်ဘူး။ ပန်းချီပညာရှင်တစ်ယောက်ဖြစ်လာဖို့ နှစ်ပေါင်းများစွာ အရည်အချင်းပျိုးထောင်ရတာ။ ဒီလောက်ငယ်ငယ်လေးနဲ့ ဒီလိုပန်းချီလက်ရာမျိုးကို ပိုင်ဆိုင်ထားတယ်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
အစ်ကိုထန်၏အမူအရာကား ပျက်ယွင်းသွားချေသည်။
"ဆရာယဲ့က ငါ့ရှေ့မှာ ကိုယ်တိုင်ဆွဲပြခဲ့တာ။ မင်းက ငါလိမ်နေတယ်လို့ ပြောချင်တာလား"
"မဟုတ်..."
အစ်ကိုထန်၏အဆင့်အတန်းကို လဲ့ပင်း ကောင်းကောင်းသိသည်။ သူ့အနေနှင့် ထိုလူ့ကို ရန်စ၍မဖြစ်ပေ။
ချန်းရွှမ်မှာမူ အံ့ဩမှင်တက်သွားရပြီး သူ့ရှေ့ရှိ ထိုလူငယ်လေးကို ငေးကြည့်လိုက်မိသည်။ ရင်သပ်ရှုမောဖွယ်ကောင်းသော ထိုလက်ရာကို ယဲ့ချန်းဖန်တီးထားခြင်းဖြစ်လိမ့်မည်ဟု လုံးဝထင်မထားပေ။
နောင်တတရားကြောင့် သူအူများပင် တွန့်လိမ်သွားရသည်။
သူ့တပည့်လဲပင်းကြောင့် သူသာ လမ်းမလွဲခဲ့ပါက ယဲ့ချန်းနှင့် အဆက်အသွယ်လုပ်ပြီး သူ့ပန်းချီစွမ်းရည်ကို မြှင့်တင်နိုင်လောက်သည်။
အခုတော့!
သူ့မှာ ပန်းချီအဖွဲ့အစည်းထဲက ထုတ်ပယ်ခံခဲ့ရသဖြင့် တိုးတက်မှုလမ်းကြောင်းကား အပိတ်ခံလိုက်ရလေပြီ။
ဖြောင်း!
ချန်းရွှမ်က လဲ့ပင်း၏မျက်နှာကို ခပ်ကြမ်းကြမ်းရိုက်ချလိုက်သည်။
"လူယုတ်မာ.. မင်းကြောင့် ငါ့ဘဝပျက်သွားပြီ"
လုံခြုံရေးနှစ်ယောက်က အပြေးရောက်ချလာပြီး သူတို့နှစ်ယောက်ကို အပြင်သို့ ဆွဲထုတ်သွားကြလေသည်။
သူတို့နှစ်ယောက်ကို ဆွဲထုတ်ပြီးသည်နှင့် ချိုးပိုင်က ယဲ့ချန်းအနားသို့ ချဉ်းကပ်ကာ တလေးတစားပြောလိုက်သည်။
"မစ္စတာယဲ့.. ကျုပ်တို့ပန်းချီအဖွဲ့အစည်းဘက်က အခုလိုမြင်ကွင်းမျိုးကို မြင်စေခဲ့တဲ့အတွက် တောင်းပန်ပါတယ်။ ကျုပ် သူတို့ကို ထုတ်ပယ်လိုက်ပါပြီ။ ဆရာယဲ့ ကျုပ်တို့ကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်"
••••••••••••••••••••