← Chapters

သင်္ချာပညာရှင်တစ်ယောက်၏စွမ်းရည်

Vol. 15 Ch. 222

သင်္ချာပညာရှင်တစ်ယောက်၏စွမ်းရည်

Vol. 15 Ch. 222

ယဲ့ချန်းက အထင်ကြီးလေးစားစရာကောင်းသည်ဟု စုကျန့်တွေးထားပါသော်ငြား မည်မျှအထိ သြဇာကြီးမားနိုင်သလဲဆိုသည်ကိုမူ သူ မတွေးထားဖူးပေ။

အစ်ကိုထန်က ယဲ့ချန်ကို ဤမျှတလေးတစား ဆက်ဆံနေရသည်မှာလည်း အံ့ဩစရာတော့မရှိပေ။

ဤမျှထူးချွန်လှသော သမက်လောင်းကို ရွေးချယ်နိုင်ခဲ့သည့် သူ့သမီး၏ ဆုံးဖြတ်ချက်က အလွန်ထက်မြက်လှကြောင်း သူ ဝန်ခံရပေလိမ့်မည်။

"ယဲ့ချန်း ပြီးခဲ့တဲ့တစ်ခေါက်တုန်းက မင်းကျေးဇူးကြောင့် ငါတို့ ပုသုန်းအနောက်ပိုင်းခရိုင်ထဲက ပရောဂျက်ကို အရယူနိုင်ခဲ့တယ်။ အဲဒါကြောင့်ပဲ ကုမ္ပဏီက အကျပ်အတည်းကို ကျော်လွှားနိုင်ခဲ့တာ"

ယဲ့ချန်းကမူ တည်တည်ငြိမ်ငြိမ်ပြုံးလိုက်လေသည်။

"ဦးလေး.. ကျွန်တော် စီးပွားရေးကမ်းလှမ်းမှုလေးတစ်ခု လုပ်စရာရှိလို့။ ဦးလေးစိတ်ဝင်စားပါ့မလားတော့မသိဘူး"

"ဘာလုပ်ငန်းလဲ"

စုကျန့် အံ့အားသင့်သွားရသည်။

ယဲ့ချန်းကလည်း ပြောပြလိုက်သည်။

"အခုလက်ရှိ ကျွန်တော် ဗွီအာပရောဂျက်တစ်ခုလုပ်နေလို့ ကိရိယာတချို့လိုအပ်နေတာ။ ဦးလေးသာ ဒီပရောဂျက်ကို တာဝန်ယူလိုက်ရင် သေချာပေါက်မြတ်မယ်ဆိုတာ ကျွန်တော်ပြောရဲတယ်။ ဒီလိုလုပ်ငန်းမျိုးကိုတော့ လက်မလွှတ်စေချင်ဘူး။ အဲဒါကြောင့် ဦးလေးကို ကမ်းလှမ်းချင်တာ"

စုကျန့် တဒင်္ဂမျှတွေဝေသွားရသည်။

"ဗွီအာနည်းပညာအကြောင်း ငါကြားဖူးတယ်။ အဲဒါက လတ်တလောနှစ်တွေကမှ ပေါ်လာတာ။ ကုမ္ပဏီကြီးတော်တော်များများကလည်း အဲဒီမှာ ရင်းနှီးမြှုပ်နှံနေကြတာ။ ငါတို့ သူတို့ကိုယှဉ်နိုင်ပါ့မလား"

ယဲ့ချန်းလည်း တဟားဟားရယ်လိုက်လေသည်။

"သေချာပေါက်လုပ်နိုင်တာပေါ့။ ဒီပရောဂျက်ကို ကျွန်တော်ရွေးလိုက်ပြီဆိုမှတော့ အောင်မြင်မယ်လို့ ယုံကြည်မှုရှိလို့ ရွေးလိုက်တာ။ ကျွန်တော်တို့နည်းပညာကကမ္ဘာ့အဆင့်မြင့်နည်းပညာထက် အနှစ်ငါးဆယ်လောက် ရှေ့ရောက်နေတယ်ဆိုတာ ကျွန်တော် အာမခံနိုင်တယ်"

စုကျန့်ခမျာ ဆွံ့အသွားရလေသည်။

ဤသားမက်လောင်းလေးက အလွန်ယုံကြည်မှုပြင်းထန်နေပြီး အနှစ်ငါးဆယ်လောက် ရှေ့ရောက်နေသည်ဟုပင် ဆိုနေချေသည်။ ဤစကားမှာ အလွန်ရဲတင်းလှသော စကားပင်။

"ဒါဆို ငါတို့ဆီမှာ ဘယ်လောက်ရင်းနှီးမြှုပ်နှံဖို့ စီစဉ်ထားလဲ"

"လိုအပ်သလောက် ရင်းနှီးမြှုပ်နှံမှာပါ။ ငွေရေးကြေးရေးကိစ္စကို စိတ်ပူစရာမလိုပါဘူး။ ကျွန်တော့်အစီအစဉ်အတိုင်း ကိရိယာထုတ်လုပ်ဖို့ပဲ အာရုံစိုက်လိုက်။ အရည်အသွေးနဲ့ အရေအတွက်ကိုလည်း စိတ်ချမယ်နော်။ ကျွန်တော် ဒီငွေတွေကို ဦးလေးဆီမှာ ရင်းနှီးမြှုပ်နှံရတဲ့အတွက် စိတ်အေးမိတယ်"

စုကျန့် ခေါင်းညိတ်ပြလိုက်သည်။

"အာ..မျိုးဆက်သစ်တွေက မျိုးဆက်ဟောင်းတွေကို ကျော်တက်သွားပြီပဲ။ ငါတော့ မင်းတို့လူငယ်တွေကို မကျော်နိုင်တော့ပါဘူးကွာ"

"ဒီလိုလုပ်မယ်။ ငါ့မှာ စက်ရုံဆယ်လုံးရှိတယ်။ မိုတုမြို့မှာရှိတဲ့ စက်ရုံငါးခုကို အကုန်အဆင့်မြှင့်ပြီး မင်းရဲ့လိုအပ်ချက်အတိုင်း ပြုပြင်လိုက်မယ်။ လွန်ခဲ့တဲ့နှစ်တွေတုန်းက အီလက်ထရောနစ်ထုတ်လုပ်ရေးလုပ်ငန်းစုက တဖြည်းဖြည်းပြိုလဲလာတဲ့အတွက် ငါလည်း အိမ်ခြံမြေလုပ်ငန်းဘက်ကို ပြောင်းလာခဲ့တာ။ ဒီပရောဂျက်တွေကို မင်း ပြန်ရှင်သန်အောင် လုပ်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်ကွာ"

ယဲ့ချန်း တဟားဟားရယ်လိုက်လေသည်။

"စိတ်မပူပါနဲ့။ ဒီလုပ်ငန်းသဘောတူညီမှုက သေချာပေါက်အမြတ်အစွန်းများမှာပါ"

စုကျန့်လည်း သဘောတူလက်ခံဟန်ဖြင့် ခေါင်းညိတ်ပြလိုက်ပြီးနောက် စကားလမ်းကြောင်းပြောင်းလိုက်လေသည်။

"ယဲ့ချန်း.. မင်းနဲ့ ငါ့သမီးအကြောင်း ငါ ပြောချင်တာလေးရှိတယ်"

ယဲ့ချန်းမှာ ဤစကားဝိုင်းသို့ အနှေးနှင့်အမြန်ရောက်လာမည်ဖြစ်ကြောင်း သိနေသဖြင့် ခပ်မဲ့မဲ့ပြုံးလိုက်မိသည်။

"မင်းနဲ့အတူပါလာတဲ့ မိန်းကလေးက မင်းနဲ့ ဘယ်လိုပတ်သက်တာလဲ"

စုကျန့် မေးလိုက်လေတော့သည်။

မည်သို့ပင်ဖြစ်စေ အစောတုန်းက လင်းဝမ်ယိုနှင့် ယဲ့ချန်းတို့မှာ အလွန်ပူးကပ်နေခဲ့ကြသည်ဖြစ်ရာ အဖေတစ်ယောက်အနေနှင့် သူ့သမီး၏ချစ်သူက အခြားမိန်းကလေးတစ်ယောက်နှင့် ပူးကပ်နေသည်ကို မြင်လိုက်ရသည့်အခါ စိတ်တိုမိတာကတော့ နားလည်ပေး၍ရသည်။

"သူက ကျွန်တော့်ရဲ့အိမ်တော်ထိန်းပါ။ နာမည်က လင်းဝမ်ယိုတဲ့"

ယဲ့ချန်းလည်း အမှန်အတိုင်းပြောပြလိုက်၏။

စုကျန့်က ဆိုလာလေသည်။

"ယဲ့ချန်း မင်းက အရည်အချင်းရှိတဲ့လူဆိုတာ ငါသိပါတယ်။ မင်းလိုလူတစ်ယောက်နားမှာ မိန်းမတစ်ယောက်တည်းရှိနေဖို့ မဖြစ်နိုင်ဘူးဆိုတာလည်း နားလည်တယ်။ ငါ တစ်ခုပဲ တောင်းဆိုချင်တယ်။ ငါ့သမီးကိုတော့ စိတ်ထိခိုက်အောင် မလုပ်ပါနဲ့။ အဲ့လိုမှမဟုတ်ရင် မင်းဘာသာ ဘယ်သူပဲဖြစ်ဖြစ် ငါ အလွတ်ပေးမှာမဟုတ်ဘူးနော်"

စုကျန့်၏သတိပေးစကားက သမီးတစ်ယောက်အပေါ်ထားသော ဖခင်တစ်ယောက်၏ချစ်ခြင်းမေတ္တာမှ ဆင်းသက်လာကြောင်း ယဲ့ချန်း နားလည်သည်။ ထို့ကြောင့် စိတ်ထဲ ဘယ်လိုမှမထားဘဲ ပြုံးလိုက်လေသည်။

"ဦးလေး စိတ်ချပါ။ ကျွန်တော် ဝမ်ယိကို စိတ်ပျက်ရအောင် လုပ်မှာမဟုတ်ပါဘူး"

"ကောင်းတယ်။ ဒါပေမဲ့ မြန်မြန်လက်ထပ်ကြတော့။ ငါက အသက်ရလာပြီဆိုတော့ မြေးမြန်မြန်ချီချင်လှပြီ"

ယဲ့ချန်းလည်း ခေါင်းတဆတ်ဆတ်ညိတ်ပြလိုက်သည်။

"ဗွီအာပရောဂျက်ပြီးတာနဲ့ ကျွန်တော် ဖြစ်အောင် စီစဉ်လိုက်ပါ့မယ်"

စုကျန့်လည်း အားရကျေနပ်စွာ ခေါင်းညိတ်လိုက်၏။ ဤသားမက်လေးကို သူ အလွန်ကျေနပ်အားရမိသည်။

"ဒါဆိုလည်း ကောင်းပြီလေ။ ရှောင်ယဲ့..မင်းအားရင် အိမ်ကိုလာခဲ့ဦးလေ။ မင်းအဒေါ်ရဲ့ရောဂါကို မင်းကုပေးပြီးကတည်းက သူက မင်းအကြောင်း ခဏခဏမေးနေတာ"

"ဟုတ်ကဲ့။ ဟုတ်ကဲ့"

ယဲ့ချန်း ခေါင်းတဆတ်ဆတ်ညိတ်ပြလိုက်သည်။

တွေ့ဆုံပွဲတွင် ယဲ့ချန်းသွားလိုက်သည့်နေရာတိုင်း အထက်တန်းလွှာများက သူ့အနားသို့ အပြေးရောက်လာကြပြီး မိတ်ဆွေဖွဲ့ကြလေသည်။

ကံကောင်းချင်တော့ အစ်ကိုထန်က ကူညီပေးခဲ့သည်။ သိပ်မထင်ပေါ်သော ပုဂ္ဂိုလ်များက သူ့နားသို့ ချဉ်းကပ်လာချိန်မျိုးတွင် သူကသာ တားပေးခဲ့သည်။

စားသောက်ပွဲပြီးသွားသည့်အခါ ယဲ့ချန်းလည်း စုဝမ်ယိနှင့် လင်းဝမ်ယိုတို့နှင့်အတူ ပြန်လာခဲ့လိုက်သည်။

ကားထဲသို့မဝင်ခင် ယဲ့ချန်းက အမှိုက်ပုံးထဲသို့ လိပ်စာကတ်အထပ်လိုက်ကြီးကို လွှင့်ပစ်ခဲ့ရသေးသည်။

လင်းဝမ်ယိုနှင့် စုဝမ်ယိတို့နှစ်ယောက်သားလည်း နားလည်သဘောပေါက်ဟန်ဖြင့် ယဲ့ချန်းနှင့် အကြည့်ချင်းဖလှယ်လိုက်ပြီး ပြုံးလိုက်မိသည်။

ကိုယ့်လူကို မထူးချွန်စေချင်သူဟူ၍ ဘယ်မှာရှိမည်နည်း။

သူတို့မျက်လုံးထဲမှာတော့ ယဲ့ချန်းက အထူးခြားဆုံးယောကျ်ားပင်။

...

နောက်တစ်နေ့တွင် ယဲ့ချန်းလည်း ကျိုတိုမြို့သို့ ပြန်လာခဲ့လိုက်၏။ ကားကိုမူ ကားပါကင်တွင် ထိုးရပ်ထားခဲ့သည်။

လေယာဉ်ပေါ်မှ ဆင်းလိုက်သည်နှင့် အပြင်ဘက်တွင် မိုးဖြိုင်ဖြိုင်ရွာနေလေသည်။

ယဲ့ချန်းမှာ တော်ဝင်မင်းသားစံအိမ်သို့ တန်းသွားရန် စီစဉ်ထားသော်ငြား ထိုအချိန်မှာပင် အမှာစာတစ်ခုဝင်လာခဲ့သည်။

ပုံမှန်ဆိုလျှင် မိုးရွာထဲတွင် တက္ကစီငှားရန် ခက်ခဲလှသည်။

ယဲ့ချန်းလည်း ထိုတောင်းဆိုမှုကို လက်ခံလိုက်ပြီး တိုက်ခန်းတစ်ခု၏ ဝင်ပေါက်သို့ မောင်းလာခဲ့လိုက်၏။

ကိုယ်ဝန်ဆောင်တစ်ယောက်က ကားထဲသို့ ဝင်လာခဲ့သည်။

အမျိုးသားဖြစ်သူက ကားပေါ်သို့ရောက်သည်နှင့် စိုးရိမ်ပူပန်စွာ ဆိုလာလေသည်။

"ဒရိုင်ဘာ.. နည်းနည်းလောက်မြန်ပေးလို့ရမလား။ ကျွန်တော့်မိန်းမက မွေးတော့မှာမို့လို့ပါ"

ထိုအမျိုးသမီးက ရေမြွှာပေါက်နေပြီဖြစ်ကြောင်း ယဲ့ချန်း သတိထားမိလိုက်သည်။ မိုးရွာနေသောကြောင့် တက္ကစီငှားမရသဖြင့် ကြန့်ကြာသွားခြင်းပင်။

ဤတည်နေရာမှသွားလျှင် အနီးဆုံးဆေးရုံကိုသွားရန် တစ်နာရီလောက် ကြာပေလိမ့်မည်။ ယဲ့ချန်းလည်း လီဗာကိုဖိနင်းလိုက်လေရာ ကားကလည်း အဝေးပြေးလမ်းမအတိုင်း အပြင်းနှင်လေတော့သည်။

ထိုအခိုက် အဝေးပြေးလမ်းမထက်တွင် အနီရောင်လမ်ဘော်ဂီနီပြိုင်ကားတစ်စီးက ယာဉ်ကြောတစ်လျှောက် အရှိန်တင်၍ မောင်းနေလေသည်။

ကားထဲတွင် နေကာမျက်မှန်တပ်ထားသော မိန်းကလေးတစ်ယောက်က အရှေ့တူရူကို စိုက်ကြည့်နေသည်။

"အစ်မယင်း.. ကားမောင်းစွမ်းရည်က တော်တော်တိုးတက်လာပြီပဲ။ ဒီနှုန်းအတိုင်းဆိုရင် အနောက်ပိုင်းဆင်ခြေဖုံးကားပြိုင်ပွဲမှာ အသာလေးဝင်ပြိုင်လို့ရပြီ"

"အင်း.. အခုလောက်ဆိုရင် ငါ ထိပ်ဆုံးဆယ်ယောက်ထဲကိုတော့ ဝင်နိုင်လောက်တယ်"

ထိုအချိန်မှာပင် ဘန်ထလေကားတစ်စီးက သူ(မ)အနားက ရုတ်တရက်ဖြတ်သွားသည်။

"ဝိုး! အစ်မယင်း.. ခုနတုန်းက ကားကို မြင်လိုက်လား"

ကျောက်ယင်း၏မျက်လုံးအစုံကား ထိုဘန်ထလေကား၏ နောက်မီးကို မမှိတ်မသုန်စိုက်ကြည့်နေသည်။

"အဲဒီလူရဲ့ကားမောင်းစွမ်းရည်းက တော်တော်သြချလောက်တယ်"

မိုးရွာပြီး ယာဉ်ကြောပိတ်နေသည့်ကြားက အလွန်လျင်မြန်စွာ မောင်းနိုင်လေသည်။ ကျွမ်းကျင်အဆင့် ကားမောင်းသူများ ဖြစ်နိုင်သည်။

"ငါ့ကိုကျော်တက်ရဲတယ်ပေါ့။ သူတို့ကို အမီလိုက်မှဖြစ်မယ်"

ကျောက်ယင်းက အရှေ့ကို အာရုံတစိုက်ကြည့်ရင်း လီဗာကို ဖိနင်းလိုက်သည်။

အရှေ့ရှိ ကားက အနက်ရောင်လျှပ်စီးတစ်ခုအလား မျက်စိတစ်မှိတ်အတွင်းမှာပင် ယာဉ်ကြောထဲ၌ ပျောက်ကွယ်သွားသည်။

ကျောက်ယင်းလည်း ကြက်သေသေသွားလေသည်။

ဘုရားရေ..ဒီလူမောင်းတာက ဘယ်လိုလုပ်ပြီး တအားကောင်းနေရတာလဲ?

"အစ်မယင်း.. ကျွန်မတို့တော့ ကျွမ်းကျင်သူတစ်ယောက်နဲ့ တွေ့နေပြီထင်တယ်"

ကျောက်ယင်းလည်း ခေါင်းညိတ်ပြလိုက်သည်။

"သူ့ကို မျက်ခြည်ပြတ်သွားတာတော့ နှမြောစရာပဲ။ ငါ သူ့ကို ရှာမှဖြစ်မယ်"

ယဲ့ချန်းက ခပ်မြန်မြန်မောင်းသွားပါသော်ငြား သူ့မောင်းဟန်မှာ တည်တည်ငြိမ်ငြိမ်ပင်။

ဆေးရုံကိုရောက်ဖို့ ပုံမှန်ဆိုလျှင် တစ်နာရီလောက်ကြာသော ခရီးက နာရီဝက်တည်းနှင့် ရောက်လာခဲ့သည်။

"ကားဆရာ ကျေးဇူးတင်ပါတယ်။ ခင်ဗျားက ကျွန်တော်တို့မိသားစုရဲ့ အသက်သခင်ကျေးဇူးရှင်ပါ"

ယဲ့ချန်းလည်း ညင်သာစွာ ပြုံးလိုက်မိသည်။

"ဘာမှမပြောပလောက်ပါဘူး။ ကိစ္စမရှိဘူး။ ကျွန်တော့်ကို ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်သာ ပေးပါ"

"ဒါပေါ့။ ကျွန်တော်တို့ သေချာပေါက်ပေးမှာပါ"

ဖခင်လောင်းကလည်း ယဲ့ချန်းအား ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်တစ်ခု ချက်ချင်းပေးလိုက်သည်။

[တင်! ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ရရှိတဲ့အတွက် ပိုင်ရှင့်ကို ဂုဏ်ပြုပါတယ်။ စတုတ္ထမြောက်ကြယ်ငါးပွင့် (၄/၅)ကို ရရှိတဲ့အတွက် သင်္ချာပညာရှင်စွမ်းရည်ကို ဆုလာဘ်အဖြစ် ချီးမြှင့်ပါတယ်]

ရုတ်ခြည်းပင် သင်္ချာသီအိုရီပေါင်းများစွာက ယဲ့ချန်း၏စိတ်အာရုံထဲသို့ စီးဝင်လာချေသည်။

သေစမ်း! ချက်ချင်းလက်ငင်း ထိပ်တန်းကျောင်းသားတစ်ယောက် ဖြစ်သွားသလိုပဲ။

ယခုမူ သူ့အရည်အချင်းက ချန်းရှောင်ပေ့ထက် မနိမ့်တော့ပေ။

ချန်းရှောင်ပေ့ရော နေကောင်းရဲ့လား။

တိုက်ဆိုင်ချင်တော့ ဤနေရာက ပီကင်းတက္ကသိုလ်နှင့် နီးပေသည်။ သူ့ကို သွားတွေ့သင့်သည်ဟု ယဲ့ချန်း တွေးလိုက်မိသည်။

ထို့နောက် ပီကင်းတက္ကသိုလ်သို့ မောင်းလာခဲ့ပြီး လီယန်ထံသို့ ဖုန်းဆက်လိုက်၏။

"လီယန်.. ငါ ကျိုတိုကိုရောက်နေပြီ။ မင်းနဲ့ ရှောင်ပေ့ကိုတွေ့ဖို့အတွက် အခုပဲ ပီကင်းတက္ကသိုလ်ကို လာနေပြီ"

"ယဲ့ချန်း နောက်ဆုံးတော့ ရောက်လာပြီကိုး။ ငါစိတ်ပူနေတာ။ ရှောင်ပေ့ ပြဿနာတက်နေလို့"

"ဘာဖြစ်တာလဲ။ ရှောင်ပေ့ကို ဘယ်သူက အနိုင်ကျင့်နေလို့လဲ"

ယဲ့ချန်း၏မျက်ဝန်းအစုံကား သတိချပ်သွားလေသည်။

လီယန်ကလည်း ယဲ့ချန်းကို စိတ်မပူရလေအောင် အမြန်ရှင်းပြလေသည်။

"ရှောင်ပေ့ကို ဘယ်သူကမှ အနိုင်မကျင့်ပါဘူး။ သူ့ပညာရေးက ရှေ့မဆက်နိုင်တော့ဘူးဖြစ်နေလို့။ အခုလည်း သူ့ကိုယ်ပိုင်စတူဒီယိုထဲမှာပဲ နေနေတာ တစ်ပတ်လောက်ရှိပြီ။ နေ့နေ့ညည သင်္ချာပဲတွက်နေတာ။ သူ့ခန္ဓာကိုယ်က တောင့်မခံနိုင်မှာစိုးတယ်"

••••••••••••••••

All Chapters