← Chapters

ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးပဲ

Vol. 15 Ch. 213

ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးပဲ

Vol. 15 Ch. 213

"ငါ့ချစ်သူကို ဘယ်သူက ထိရဲတာလဲကွ။ သတ်ပစ်မယ်"

ထိုအမျိုးသားက ကော်ဖီစားပွဲနားသို့ ဒုန်းစိုင်းရောက်ချလာသော်လည်း ယဲ့ချန်းကိုမြင်သောအခါ ကြက်သေသေသွားလေသည်။

"ဦးလေးယဲ့.. ဒီမှာဘာလုပ်နေတာလဲ"

ဦးလေးယဲ့တဲ့လား။

ထိုအမျိုးသမီးမှာ ရုတ်ခြည်းကြောင်အသွားရလေသည်။

သူ(မ)၏ချစ်သူက ဤလူ့ထက် အသက်ပိုကြီးသည်မှာ အသိသာချည်းပင်။

ယဲ့ချန်းက သူ့ကို ခနဲ့တဲ့တဲ့ပြုံးပြလိုက်သည်။

"ဟူပေါ်.. မင်းကိုး။ တိုက်ဆိုင်လိုက်တာ"

ယဲ့ချန်းကိုမြင်သော် ဟူပေါ်လည်း သူ့မျက်နှာကို ချက်ချင်းအုပ်ထားလိုက်မိသည်။

သူ့မျက်နှာထက်ရှိ ရောင်ရမ်းနေသော ဒဏ်ရာက ပျောက်သွားပြီဖြစ်သော်ငြား ကျိုတိုမှာ ဤလူနှင့် နောက်တစ်ခေါက်လာတွေ့လိမ့်မည်ဟု ထင်မထားချေ။

ဟူပေါ်က တစ်ဖက်သို့လှည့်၍ ထိုအမျိုးသမီးကို ပါးရိုက်လိုက်သည်။

"အပျက်မ.. သေချင်နေတာလား ဟမ်"

ဘာပြင်ဆင်မှုမှလုပ်မထားသော ထိုအမျိုးသမီးကလည်း တုံးအအဖြင့် အရိုက်ခံလိုက်ရသည်။

"ဟူပေါ်.. ရှင်က ဟူမိသားစုရဲ့သခင်လေးမဟုတ်လား။ ရှင့်ချစ်သူကို လူတစ်ယောက်က အနိုင်ကျင့်နေတာကို ရှင်က သူ့ကို ဦးလေးလို့တောင် ခေါ်လိုက်သေးတယ်ပေါ့။ ပြီးတော့ ကျွန်မဘက်က ရပ်တည်ပေးရမဲ့အစား ကျွန်မကို လက်လည်းပါလိုက်သေးတယ်"

ထိုအမျိုးသမီးက ယခုအထိ ပွစိပွစိလုပ်နေသေးသဖြင့် ဟူပေါ်လည်း သူ(မ)ကို အချက်ပေါင်းများစွာ ထပ်ရိုက်လိုက်သည်။

"ငါ့ဦးလေးက ဘယ်သူလဲသိလား။ အခုချက်ချင်း ထွက်သွားစမ်း"

ဤသို့ပြောပြီးနောက် ဟူပေါ်က ယဲ့ချန်းကို တောင်းပန်တိုးလျှိုးဟန်ဖြင့် ပြုံးပြလိုက်သည်။

"ဦးလေးယဲ့.. ကော်ဖီသုံးဆောင်ပါဦး။ ကျွန်တော့်ကောင်မလေး ကြားဖြတ်ဝင်တဲ့အတွက် တောင်းပန်ပါတယ်"

ပတ်ပတ်လည်ရှိ လူအားလုံးမှာ ကြောင်အသွားကြသည်။

ယဲ့ချန်း ခပ်ဖွဖွပြုံးလိုက်မိ၏။

"ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးပဲ"

စာရွက်စာတမ်းများကို စစ်ဆေးပြီးနောက် ယဲ့ချန်းလည်း တော်ဝင်မင်းသားအိမ်တော်သို့ ပြန်လာခဲ့လိုက်သည်။

ထိုအခိုက်ဝယ် အရှေ့ပိုင်းလေကြောင်းလိုင်းကုမ္ပဏီ၌...

လီရွှင်းအာက လူသားအရင်းအမြစ်ဌာန၏ ဒါရိုက်တာယန်ထောင်၏ရှေ့တွင် မတ်တတ်ရပ်နေချေသည်။

"လီရွှင်းအာ.. ငါ အခုပဲ တိုင်ကြားစာရထားတယ်။ မင်းက ပမထတန်းခရီးသည်တစ်ယောက်ကို ရေနဲ့ပက်ခဲ့တယ်တဲ့"

"ကျွန်မပက်တာမဟုတ်ပါဘူး။ အစကနေ အဆုံးအထိ အဲဒီခရီးသည်က ကျိုးကြောင်းဆီလျော်မှုမရှိတာပါ"

"ကျိုးကြောင်းဆီလျော်မှုမရှိဘူးတဲ့လား။ မင်းက ဘယ်သူ့ကိုပြောနေတာလဲ"

ထိုအချိန်မှာပင် လူတစ်ယောက်က အထဲသို့ ဝင်လာသည်။

ထိုလူကား ယန်ဖေးပင်။

ယန်ဖေးက လှောင်ပြောင်သရော်လေသည်။

"ငါ မင်းကိုပြောသားပဲ။ ငါ့ဦးလေးက လူသားအရင်းအမြစ်ဌာနရဲ့ဒါရိုက်တာပါလို့။ အဲဒါကို မင်းက လက်မခံခဲ့ဘူးလေ။ ဒီည ငါတို့တူဝရီးနှစ်ယောက်ကို ကောင်းကောင်းပြုစုနိုင်ဖို့ မင်းကို အခွင့်အရေးပေးမယ်။ မဟုတ်လို့ကတော့ အလုပ်ဖြုတ်ခံရမယ်"

"ရှင်တို့ လွန်နေပြီနော်။ ကျွန်မ အလုပ်ပြုတ်မယ်ဆိုရင်တောင် လုံးဝလက်ခံမှာမဟုတ်ဘူး"

ယန်ထောင်က သရော်လိုက်၏။

"ရွှင်းအာ..ငါ မင်းကို မျက်စိကျနေတာ တော်တော်ကြာပြီ။ မင်း ငါတို့ကို အဖော်ပြုပေးနေမယ်ဆိုရင် မင်းကို လေယာဉ်မယ်ခေါင်းဆောင် ခန့်ပေးမယ်။ ဘယ်လိုလဲ"

"အိပ်မက်မက်နေလိုက်"

လီရွှင်းအာက အံတင်းတင်းကြိတ်လျက် အပြင်သို့ ထွက်လာခဲ့လိုက်သည်။

လီရွှင်းအာ ထွက်သွားတော့မည်ကို မြင်သောအခါ ယန်ထောင်က အေးတိအေးစက်အမူအရာဖြင့် ပြောလိုက်သည်။

"မင်း ဒီတံခါးက ထွက်လိုက်တာနဲ့ အလုပ်ထုတ်စာကို ချက်ချင်းလက်ခံရလိမ့်မယ်"

လီရွှင်းအာကလည်း အေးစက်စက်လေသံဖြင့် ခွန်းတုံ့ပြန်လိုက်သည်။

"ကျွန်မကို အလုပ်ထုတ်ဖို့အတွက် အကြောင်းပြချက်တစ်ခုတော့ လိုမှာပဲ။ ကောင်းကင်ကြီးကို လက်တစ်ဖက်တည်းနဲ့ ကာထားလို့မရပါဘူး"

သို့သော် လီရွှင်းအာ အဆောင်သို့ပြန်ရောက်သည်နှင့် ဖုန်းဝင်လာခဲ့သည်။

"မင်း အလုပ်ထုတ်ခံလိုက်ရပြီ"

လီရွှင်းအာ၏မျက်ဝန်းထဲဝယ် မကျေမချမ်းဖြစ်လေဟန် မျက်ရည်များ ဝဲတက်လာသည်။

သူ(မ)၏ လေယာဉ်မယ်အလုပ်ကို ချစ်မြတ်နိုးသည်။ နှစ်ပေါင်းများစွာကြာအောင်လည်း အလုပ်ကို ကြိုးကြိုးစားစားလုပ်ကိုင်ခဲ့သည်။ ခရီးသည်များက သူ(မ)ကို အနိုင်ကျင့်ခဲ့သည့်တိုင် မကျေနပ်မှုများကို မျိုသိပ်ထားခဲ့သည်။

ထင်မှတ်မထားပါဘဲ ကမ္ဘာကြီးက အလွန်မတရားချေ။ သူ(မ) ကြိုးကြိုးစားစားအလုပ်လုပ်ကိုင်ခဲ့ပါသော်ငြား အဆုံးတွင် စက်ဆုပ်ဖွယ်ကောင်းသည့်ပုံစံဖြင့် အလုပ်ဖြုတ်ခံခဲ့ရသည်။

"ရွှင်းအာ.. ဒါကြီးကတော့ မတရားဘူးဟာ"

"ဟုတ်တယ်။ အဲဒီခရီးသည်က ရေပက်သွားတာလေ။ ဘယ်လိုလုပ်ပြီး နင့်ကို အပြစ်ပုံချရတာလဲ"

"ပြီးတော့ အဲဒီခရီးသည်က မဆိုင်တဲ့ကိစ္စကို ဝင်ပါပြီးတော့ ငါတို့ရွှင်းအာကို အလုပ်ပြုတ်အောင် လုပ်သွားတာ"

လီရွှင်းအာ ခေါင်းခါယမ်းပြလေသည်။

"ဒါက သူ့အမှားမှမဟုတ်တာ။ သူက ငါ့ကိုကူညီပေးခဲ့တာလေ"

လီရွှင်းအာလည်း သက်ပြင်းချရင်း သူ(မ)၏ပစ္စည်းများကို ထုပ်ပိုး၍ ထွက်ခွာရန် ပြင်လိုက်၏။

ထိုအချိန်မှာပင် သူ(မ)၏ဖုန်းက ရုတ်တရက်မြည်လာသည်။

"ဟယ်လို.. မိန်းကလေးရွှင်းအာလား။ ကျွန်တော်က ဟိုတက္ကစီဒရိုင်ဘာပါ"

"အိုး ဟယ်လို"

အစတုန်းက သူ(မ)၏စိတ်အခြေအနေက အလွန်ဆိုးဝါးခဲ့သော်လည်း ယဲ့ချန်းထံမှ ဖုန်းဝင်လာချိန်၌ သူ(မ)၏စိတ်အခြေအနေက တိုးတက်လာခဲ့သည်။

"စကားမစပ် သူတို့ မင်းကို ပြဿနာမရှာကြဘူးမလား"

ယဲ့ချန်းက မေးလိုက်၏။

"ဟားဟား ကျွန်မ အလုပ်ဖြုတ်ခံလိုက်ရပြီလေ။ ဘာမှမဖြစ်ပါဘူး။ ကျွန်မလည်း အဲဒီမှာ အလုပ်မလုပ်ချင်တော့ဘူး"

လီရွှင်းအာမှာ ခါးသက်သက်ရယ်မောလိုက်သည်။

"ဘာလို့လဲ"

ယဲ့ချန်းကမူ အေးစက်စက်လေသံဖြင့် မေးလိုက်သည်။

"သူတို့ ကျွန်မကို အလုပ်ဖြုတ်ချင်တယ်ဆိုရင် အကြောင်းပြချက်လိုလို့လား"

ယဲ့ချန်းလည်း သူ(မ)ကို နှစ်သိမ့်လိုက်သည်။

"ရွှင်းအာ.. ဘာမှမဖြစ်ဘူးနော်။ ကိုယ်ရှိရင် မင်းကို ဘယ်သူမှ အနိုင်ကျင့်လို့မရဘူး"

ဖုန်းခေါ်ဆိုမှု ပြတ်တောက်သွားသောအခါ လီရွှင်းအာ သက်ပြင်းချလိုက်မိသည်။

ယဲ့ချန်းက ထိုသို့ပြောသော်ငြား သူသည် တက္ကစီဒရိုင်ဘာတစ်ယောက်မျှသာဖြစ်ကြောင်း သူ(မ)သိသည်။ သူက ဘာလုပ်နိုင်မှာလဲ?

ထိုနေ့တုန်းက အရှေ့ပိုင်းလေကြောင်းလိုင်းမှာ သတင်းတစ်ခု လက်ခံရရှိခဲ့သည်။

ပင်မရှယ်ယာရှင်အသစ် ယဲ့ချန်းက အရှေ့ပိုင်းလေကြောင်းလိုင်းကို လာရောက်လည်ပတ်မည်တဲ့။

ထိုအချိန်ဝယ် လေယာဉ်မယ်တစ်ယောက်က လီရွှင်းအာကို လာရှာလေသည်။

"ရွှင်းအာ မနက်ဖြန်ကျရင် ကုမ္ပဏီရဲ့ရှယ်ယာရှင်အသစ်က ငါတို့ကုမ္ပဏီကို လာလည်မှာ။ သူတို့က နင့်ကို ကြိုဆိုဧည်ခံသူအဖြစ် တာဝန်ပေးထားတယ်တဲ့။ နင် ထွက်သွားစရာမလိုတော့ဘူး"

လီရွှင်းအာ ခေါင်းခါယမ်းလိုက်လေသည်။

"ကျွန်မက အရှေ့ပိုင်းလေကြောင်းလိုင်းနဲ့ ပတ်သက်မှုမရှိတော့ဘူး။ ဒီလေကြောင်းလိုင်းကိုလည်း ကျွန်မ သံယောဇဉ်မရှိတော့ဘူး"

"ငါ့မျက်နှာကို ထောက်ထားပြီး လုပ်လိုက်ပါဟာ။ ဒါက နင့်အတွက် အခွင့်အရေးတစ်ခု ဖြစ်လာနိုင်တယ်"

ထိုလေယာဉ်မယ်က ဆို၏။

လီရွှင်းအာလည်း စိတ်ပျော့သွားရသည်။

"ကောင်းပြီလေ။ ဒါကို နောက်ဆုံးတာဝန်လို့ သဘောထားလိုက်မယ်"

နောက်တစ်နေ့တွင် ယဲ့ချန်းက ကိုယ်တိုင်းနှင့်ချုပ်ထားသော ဝတ်စုံနှင့်အတူ လက်ကောက်ဝတ်ထက်တွင် ပါတက်ခ်ဖီးလစ်ကို ဝတ်ဆင်ကာ ဘန်ထလေကားကိုစီး၍ အရှေ့ပိုင်းလေကြောင်းလိုင်းအဆောင်သို့ ထွက်လာခဲ့လိုက်သည်။

လီရွှင်းအာကမူ တစ်ညလုံး ကောင်းကောင်းမအိပ်ခဲ့ရပေ။ ထို့ကြောင့် နာရီနှိုးစက်မြည်သံကို မကြားလိုက်ချေ။

သူ(မ) နောက်ကျတော့မည်ကို မြင်သောအခါ လီရွှင်းအာလည်း တက္ကစီခေါ်ရုံသာ ရှိတော့သည်။

သို့သော် ရောက်ချလာသောကားကို မြင်လိုက်ရချိန်မှာ သူ(မ) ထိတ်လန့်သွားသည်။ ထိုကားမှာ ဘန်ထလေကားပင်။

သူ(မ)၏ကံက အလွန်ကောင်းနေခြင်းလေလား။ ကားတစ်စီးကို ကြုံရာကျပန်းငှားလိုက်သော်ငြား ဘန်ထလေတစ်စီးဖြစ်နေသည်။

ယဲ့ချန်း ပြုံးလိုက်မိသည်။

"အလှလေး.. ပြန်တွေ့ရတာ ဝမ်းသာပါတယ်"

"ရှင်လား"

လီရွှင်းအာမှာ အံ့အားသင့်သွားရသည်။

တကယ်တမ်းတွင် ယဲ့ချန်းကလည်း လီရွှင်းအာကို သွားကြိုရန် အစီအစဉ်ရှိပြီးသားပင်။ ထို့ကြောင့် သူ(မ) အမှာစာတင်လိုက်သည်ကို မြင်သောအခါ ချက်ချက်းလက်ခံလိုက်၏။

ကားကို ပြင်ဆင်ထားပုံမှာ ကြီးကျယ်ခမ်းနားလှသည်။ ကားတစ်စီးလုံးကလည်း ကြီးကျယ်မြင့်မြတ်မှုအရိပ်အယောင်များကို ထုတ်လွှတ်နေချေသည်။

လီရွှင်းအာ အနည်းငယ်ကြက်သေသေသွားသည်။

"မစ္စတာယဲ့.. ရှင်က ဘာအလုပ်လုပ်တာလဲ"

ယဲ့ချန်းကတော့ ခပ်ပြုံးပြုံးသာ။

"တက္ကစီမောင်းတာလေ"

"တက္ကစီမောင်းတာလား။ နောက်မနေနဲ့တော့။ ဒီလိုဇိမ်ခံကားမျိုးနဲ့ တက္ကစီမောင်းတဲ့လူမျိုး တစ်ခါမှမမြင်ဖူးဘူး"

ယဲ့ချန်း ခပ်ဖျော့ဖျော့ပြုံးလိုက်မိသည်။

"အခု မြင်ဖူးသွားပြီမလား"

"နည်းနည်းလောက်မြန်ပေးလို့ရမလား။ ဒီနေ့ အဓိကရှယ်ယာရှင်အသစ်က ကုမ္ပဏီကို စစ်ဆေးရေးဝင်ဖို့ လာမှာတဲ့။ ကျွန်မ နောက်ကျတော့မယ်"

"မင်း အလုပ်ဖြုတ်ခံလိုက်ရပြီဆို"

ယဲ့ချန်း မေးလိုက်လေသည်။

"သြော်.. လေယာဉ်မယ်ခေါင်းဆောင်က ကျွန်မကို တကယ်ဂရုစိုက်ပေးတာ။ မနေ့တုန်းက ကျွန်မကို အကူအညီတောင်းနေတာနဲ့ မငြင်းနိုင်လိုက်ဘူး"

ယဲ့ချန်း ရယ်လိုက်လေသည်။

"မင်းက အရမ်းသစ္စာရှိတာပဲ"

လီရွှင်းအာ သက်ပြင်းချလိုက်မိသည်။

"အရှေ့ပိုင်းလေကြောင်းလိုင်းကနေ အလုပ်ထုတ်ခံလိုက်ရပြီဆိုပေမဲ့ ဒါက ကျွန်မရဲ့ ပထမဆုံးလုပ်ငန်းခွင်မို့လို့ သံယောဇဉ်တော့ ရှိနေတုန်းပဲကိုး"

ယဲ့ချန်း ရယ်လိုက်သည်။

"မပူပါနဲ့။ ကိုယ်ရှိရင် မင်းကို ဘယ်သူမှ အလုပ်ထုတ်လို့မရပါဘူး"

လီရွှင်းအာလည်း အသာပြုံးလိုက်လေသည်။ ယဲ့ချန်း၏စကားများကိုတော့ နှစ်သိမ့်မှုတစ်ခုဟုသာ မှတ်ယူလိုက်သည်။

ယဲ့ချန်းက ချမ်းသာလျှင်ပင် တက္ကစီဒရိုင်ဘာတစ်ယောက်မျှသာ ဖြစ်သောကြောင့် ဘာလုပ်ပေးနိုင်မည်နည်း။

ထိုအချိန်မှာပင် အရှေ့ပိုင်းလေကြောင်းလိုင်း၏ ဥက္ကဋ္ဌရှဲ့ဝေ့က ဖုန်းခေါ်လာသည်။

"မစ္စတာယဲ့ ခင်ဗျား ဘယ်မှာလဲဗျ"

"ကျွန်တော်ရောက်ခါနီးပြီ။ ငါးမိနစ်ပဲလိုတော့တယ်"

ထိုအခိုက် လီရွှင်းအာ၏ဖုန်းက အသံမြည်လာလေသည်။ ခေါ်ဆိုသူမှာ လေယာဉ်မယ်ခေါင်းဆောင်ပင်။

"ရွှင်းအာ နင်ဘယ်မှာလဲ"

"ငါးမိနစ်လောက်နေရင် ရောက်ပါပြီ"

လီရွှင်းအာလည်း ပြန်ဖြေလိုက်သည်။

"မြန်မြန်လာခဲ့။ အဓိကရှယ်ယာရှင်အသစ် ရောက်လာတော့မှာ"

လီရွှင်းအာခမျာ စိုးရိမ်ပူပန်စွာ ပြောလိုက်လေသည်။

"မြန်မြန်မောင်းပေးလို့ရမလား။ ကျွန်မတို့ရှယ်ယာရှင်အသစ်က ရောက်တော့မှာတဲ့"

ယဲ့ချန်း ခေါင်းညိတ်ပြလိုက်၏။

"မြန်မြန်သွားပေးမယ်လေ။ ရပါတယ်"

ယဲ့ချန်းက ထိုသို့ပြောရင်း လီဗာကိုဖိနင်းလိုက်လေရာ ကားကလည်း မြားတစ်စင်းအလား ပြေးထွက်သွားချေသည်။

နှစ်မိနစ်မပြည့်သေးခင်မှာပင် ယဲ့ချန်းတို့နှစ်ယောက် အရှေ့ပိုင်းလေကြောင်းလိုင်း၏ ဌာနချုပ်သို့ ရောက်လာခဲ့သည်။

•••••••••••••••••••••

All Chapters