လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းရှိသောချစ်သူ
Vol. 15 Ch. 214
လီရွှင်းအာခမျာ ကားပျက်တော့မည်ဟုပင် ထင်လိုက်မိသည်။
ယဲ့ချန်းက ဘန်ထလေကားကို လှလှပပကွေ့ဝိုက်၍ အရှေ့ပိုင်းလေကြောင်းလိုင်း၏ ကုမ္ပဏီအဝင်ဝ၌ ထိုးရပ်လိုက်သည်။
"ငှားစီးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကိုယ့်ပစ္စည်းကိုယ် အကုန်ယူသွားဖို့ မမေ့ပါနဲ့။ ဝန်ဆောင်မှုကို စိတ်တိုင်းကျတယ်ဆိုရင် ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်လေး ပေးသွားပါဦး"
အာရုံတစိုက်ရှိသော ယဲ့ချန်း၏အမူအရာကိုကြည့်ရင်း လီရွှင်းအာမှာ မရယ်ဘဲ မနေနိုင်ချေ။
လီရွှင်းအာက ကားထဲမှထွက်လိုက်လေရာ အဝင်ဝတွင် အရှေ့ပိုင်းလေကြောင်းလိုင်းကုမ္ပဏီ၏ အမှုဆောင်အရာရှိများဖြင့် ပြည့်နှက်နေကြောင်း တွေ့လိုက်ရသည်။
လူတိုင်း၏အကြည့်က လီရွှင်းအာထံသို့ ကျရောက်သွားသည်။
မြင်ကွင်းမှာ အလွန်ကိုးရိုးကားရားနိုင်လှသည်။
အဆုံးမှာတော့ လီရွှင်းအာလည်း လေယာဉ်အရာရှိကို မြင်လိုက်သဖြင့် ထိုအနားသို့ အမြန်လျှောက်သွားလိုက်၏။
"ရပ်လိုက်"
ယန်ထောင်က အေးတိအေးစက်ပြောလိုက်သည်။
"လီရွှင်းအာ မင်း အလုပ်ထုတ်ခံလိုက်ရပြီမဟုတ်ဘူးလား။ မင်းကို ဘယ်သူက ဒီကိုလာခိုင်းလို့လဲ"
လေယာဉ်အရာရှိက ဒေါသတကြီးဝင်ပြောလိုက်သည်။
"ရွှင်းအာက အလုပ်ထဲမှာ ဘာအမှားမှလုပ်မထားဘူး။ ဘာအကြောင်းပြချက်နဲ့ သူ့ကိုအလုပ်ထုတ်ရတာလဲ"
"သူက ခရီးသည်တစ်ယောက်ကို ရေနဲ့ပက်တဲ့အပြင် အရေးကြီးအခမ်းအနားတစ်ခုမှာလည်း နောက်ကျသေးတယ်။ အဲဒီလိုလုပ်ဆောင်ချက်နိမ့်ပါးမှုကြောင့် ငါ သူ့ကိုအလုပ်ထုတ်လိုက်တာတောင် သူ့ဘက်က ကာပြောပေးနေတဲ့လူတွေက ရှိသေးတယ်"
ခေါင်းဆောင်အများအပြားရှေ့တွင် ယန်ထောင်က ဂုဏ်ယူဝင့်ကြွားနေဟန်တူ၏။
ဤတစ်ခေါက်တွင်မူ သူ(မ)ကို လက်ပူးလက်ကြပ်မိလေပြီ။
လီရွှင်းအာက အလုပ်လုပ်ရာတွင် တော်သောကြောင့် လေယာဉ်အရာရှိနှင့် ခေါင်းဆောင်တချို့က သူ(မ)အတွက် ဝင်ပြောပေးကြသည်။
အခု ဒီလူတွေ ပြောပေးနိုင်ဦးမလားဆိုတာ ကြည့်ကြတာပေါ့...
"လီရွှင်းအာ.. ငါ မင်းကို အလုပ်ထုတ်ကြောင်း ကြေညာလိုက်ပြီ။ အခုကစပြီး မင်း အရှေ့ပိုင်းလေကြောင်းလိုင်းကို ခြေချခွင့်မရှိတော့ဘူး"
ယန်ထောင်၏ဆုံးဖြတ်ချက်ကို ကြားသောအခါ လီရွှင်းအာ၏မျက်လုံးထဲတွင် မျက်ရည်များ ဝဲတက်လာသည်။
နာကျည်းမှုနှင့် ဝမ်းနည်းမှုတို့က သူ(မ)၏ရင်ထဲ ပြည့်နှက်သွားရသည်။
ယခုအချိန်မှာတော့ မြင်းဖြူရှင်မင်းသားလေးတစ်ပါးပါးက သူ(မ)အတွက် ရပ်တည်ပေးဖို့ မျှော်လင့်မိသည်။
ထိုအချိန်မှာပင် ဘန်ထလေကားတံခါး ပွင့်လာပြီးနောက် ယဲ့ချန်းက ကားထဲမှ ထွက်လာခဲ့သည်။
ယဲ့ချန်းကိုမြင်သော် လီရွှင်းအာ၏အမူအရာလည်း ပြောင်းလဲသွားသည်။
"ယဲ့ချန်း ပြဿနာမရှာနဲ့တော့။ မြန်မြန်ပြန်"
ယန်ထောင်က အေးတိအေးစက်လေသံဖြင့်ပြောလိုက်သည်။
"မင်းရဲ့တက္ကစီကို ဘယ်သူက ဒီနားမှာ ရပ်ခိုင်းလို့လဲ။ ထွက်သွားစမ်းပါ"
သို့သော် ယဲ့ချန်းက မပြန်ရုံသာမက လူအုပ်ကြီးရှိရာထံသို့ လျှောက်လာလေသည်။
ယဲ့ချန်း!
ဤနာမည်ကို ကြားသောအခါ ဥက္ကဋ္ဌချန်ပင်းက ယဲ့ချန်းနားသို့ အမြန်ရောက်ချလာပြီး ဦးညွှတ်လေသည်။
"မစ္စတာယဲ့ ရောက်လာပြီလား"
မစ္စတာယဲ့တဲ့လား။
လီရွှင်းအာမှာ ရုတ်ခြည်းကြက်သေသေသွားလေသည်။ ယန်ထောင်လည်း လုံးဝစိတ်ရှုပ်ထွေးသွားရသည်။
သို့သော် ဥက္ကဋ္ဌ၏လုပ်ပုံကိုင်ပုံကို မြင်သောအခါ လူတိုင်း ချက်ချင်းနားလည်သွားသည်။
ဤလူက သူတို့ကြိုဆိုရမည့် သူတို့၏ရှယ်ယာရှင်အသစ် မစ္စတာယဲ့ပင်။ ဥက္ကဋ္ဌ၏အမြင်မှာတောင် အံ့ဖွယ်နောက်ခံအသိုင်းအဝိုင်းမျိုး ပိုင်ဆိုင်ထားသူဖြစ်၏။
ယဲ့ချန်းကို ကြိုဆိုနေသည့် လေယာဉ်မယ်များမှာ သူ့ချောမောခံ့ညားမှုကြောင့် ကြောင်အကုန်ကြသည်။
သေစမ်း! ဒီရှယ်ယာရှင်က တော်တော်ငယ်သလို ချောလည်း ချောတဲ့အပြင် အံ့သြဖို့ကောင်းတဲ့နောက်ခံမျိုးလည်း ရှိသတဲ့။
"ငါတော့ ချစ်မိသွားပြီ။ ဒီရှယ်ယာရှင်က အရမ်းမိုက်တာပဲ"
"အရမ်းလည်းချောတယ်။ မယုံနိုင်အောင်လည်း ချမ်းသာတယ်"
ယန်ထောင်က အလွန်စိတ်မကျေမနပ်ဖြစ်နေသော ယဲ့ချန်းကို စိုက်ကြည့်နေမိသည်။
ယဲ့ချန်းက အေးတိအေးစက်အပြုံးကို ဆင်မြန်းလျက် လီရွှင်းအာထံသို့ လျှောက်သွားလေသည်။
"ရွှင်းအာ.. ကိုယ် မင်းကိုပြောသားပဲ။ ကိုယ်ရှိရင် မင်းကို ဘယ်သူမှအလုပ်ထုတ်လို့မရဘူးလို့"
ယဲ့ချန်း၏စကားကို ကြားသောအခါ ယန်ထောင်၏ရင်ထဲ ထိတ်ခနဲဖြစ်သွားရသည်။ သူ့အကြောက်တရားမှာ အမှန်တကယ်ဖြစ်လာလေပြီ။
"ယဲ့ချန်း"
အဆုံးမှာတော့ နာကျည်းစိတ်ကို မျိုသိပ်ထား၍ မရနိုင်တော့သည့် လီရွှင်းအာက ယဲ့ချန်း၏ရင်ခွင်ထဲသို့ တိုးဝင်ကာ ငိုပါလေတော့သည်။
ယဲ့ချန်းလည်း သူ(မ)၏ပခုံးကို ပုတ်ပေးပြီး အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။
"မင်းက ငါတို့လေယာဉ်မယ်ကို ထိပါးနှောင့်ယှက်ခဲ့တဲ့ လူယုတ်မာကောင်မလား။ မင်းရဲ့တူကို ရေနဲ့ပက်ခဲ့တာက ငါပဲ။ ဘာဖြစ်ချင်လဲ"
"ကျွန်တော်..."
လီရွှင်းအာက ယဲ့ချန်း၏ရင်ခွင်ထဲ၌ ငိုယိုနေသည်ကို မြင်လိုက်ရချိန်မှာ ယန်ထောင်လည်း လုံးဝကြောင်အသွားချေသည်။
ယဲ့ချန်း၏နောက်ခံမှာ ဥက္ကဋ္ဌကပင် သတိကြီးကြီးထားရသော ဒိတ်ဒိတ်ကြဲလုပ်ငန်းရှင်ကြီးတစ်ယောင်ပင်။
လီရွှင်းအာက ယဲ့ချန်း၏ချစ်သူဖြစ်နေလိမ့်မည်ဟု သူ အိပ်မက်ထဲပင် ထည့်မမက်ခဲ့ဖူးချေ။
သို့ဖြစ်လေရာ သူသည် ပင်မရှယ်ယာရှင်၏ချစ်သူကို အလုပ်ထုတ်ရန် ကြံနေမိခြင်းလေလား။
ဤကဲ့သို့သော အခြေအနေမျိုးက အလွန်ကိုးရိုးကားရားနိုင်လှသည်။
ယန်ထောင်ခမျာ အသက်ပြင်းပြင်းရှူသွင်းရင်း နောက်တစ်ကြိမ်လောင်းကြေးထပ်ဖို့ ဆုံးဖြတ်လိုက်၏။
မည်သို့ပင်ဖြစ်စေ ယဲ့ချန်းက ကုမ္ပဏီသို့ ဝင်လာခါစဖြစ်သောကြောင့် သူ့သြဇာကို မတည်ထောင်ရသေးပေ။
"သူ ရေနဲ့မပက်ခဲ့ဘူးဆိုပေမဲ့ သူ့ရဲ့ကိုင်တွယ်ပုံနည်းလမ်းက မမှန်ကန်တဲ့အတွက် အပြစ်ပေးသင့်တာပါပဲ။ ဒီနေ့လည်း အခုလိုအရေးကြီးတဲ့ အခမ်းအနားမျိုးမှာ နောက်ကျနေတဲ့အတွက် ခွင့်လွှတ်ပေးလို့မရဘူး။ ကျွန်တော် သူ့ကို အလုပ်ထုတ်ရတာဟာ ကုမ္ပဏီရဲ့စည်းမျဉ်းတွေကို လူတိုင်းသိသွားအောင်လို့ပါ။ ကုမ္ပဏီရဲ့အနာဂတ်ဖွံဖြိုးတိုးတက်ရေးအတွက် ကျွန်တော်လုပ်ခဲ့တာပါ"
ယဲ့ချန်းကမူ အေးတိအေးစက်ရယ်မောလိုက်သည်။
"ခင်ဗျားကိုအလုပ်ထုတ်လိုက်ပြီမို့ အဲဒါတွေ စိတ်ပူပေးနေစရာမလိုတော့ဘူး"
"အလုပ်ထုတ်တာလား"
ယဲ့ချန်း၏စကားကိုကြားသော် ယန်ထောင်မှာ ချက်ချင်းမှင်တက်သွားလေသည်။
ထို့နောက် ဒေါသတကြီးအော်ပြောလိုက်၏။
"ဘာလုပ်ပိုင်ခွင့်နဲ့ ကျုပ်ကို အလုပ်ထုတ်ရတာလဲ။ ကျုပ် ဘာအမှားလုပ်ခဲ့မိလို့လဲ"
ယဲ့ချန်းက ခပ်ဖွဖွပြုံး၍ ဖုန်းထုတ်လိုက်သည်။
ဖုန်းထဲတွင်မူ သူနှင့် သူ့တူယန်ဖေးတို့ စကားပြောဆိုထားကြသည့် အကြောင်းအရာများကို မှတ်တမ်းတင်ထားသည်။
"ဦးလေး.. ကျွန်တော် အဲဒီစော်လေးကို တကယ်သဘောကျတာ။ သူ့ကိုအပိုင်သိမ်းနိုင်အောင် ကူညီပေးရမယ်နော်"
"တကယ်တော့ ငါလည်း သူ့ကို မျက်စိကျနေတာ တော်တော်ကြာပြီ။ သူသာ သဘောမတူဘူးဆိုရင် ငါ သူ့ကိုအလုပ်ထုတ်ပြီး နောက်တစ်နည်းစဉ်းစားလိုက်မယ်"
"အင်း။ ဟားဟား.. ကျွန်တော်တို့တူဝရီးနှစ်ယောက် ဒီအလှလေးနဲ့အတူ ပျော်ရတော့မယ်လို့ တွေးကြည့်ရုံနဲ့တင် စိတ်လှုပ်ရှားလိုက်တာ"
"ဟားဟား မပူနဲ့။ အရှေ့ပိုင်းလေကြောင်းလိုင်းမှာ အလှလေးတွေ ပြတ်လပ်တယ်လို့မရှိဘူး။ ဒီတစ်ခေါက် ငါ ဥပမာတစ်ခုပြလိုက်မယ်။ ငါ့စကားကို မနာခဲရဲတဲ့လူ ရှိဦးမလားလို့ ကြည့်ကြသေးတာပေါ့"
...
ထိုနေရာရှိ လူအားလုံးလည်း ဤစကားများကို ကြားလိုက်ရချိန်မှာ တိတ်ကျသွားသည်။
ဥက္ကဋ္ဌ၊ ကုမ္ပဏီအမှုဆောင်များနှင့် လေယာဉ်မယ်များအားလုံးမှာ ယန်ထောင့်ကို ဒေါသတကြီးကြည့်လိုက်ကြသည်။
ယန်ထောင်ခမျာ လုံးဝခေါင်းခြောက်သွားရသည်။
ထိုမှတ်တမ်းကို ယဲ့ချန်း ဘယ်လိုရသွားသလဲဆိုသည်ကို သူ နားမလည်ပေ။
ယန်ဖေးက လီရွှင်းအာကို ပစ်မှတ်ထားလိမ့်မည်ဟု ယဲ့ချန်း ကြိုတွက်ထားပြီးသားပင်။ ထို့ကြောင့် သူ့ဖုန်းကို ကြိုဟက်ခ်ထားလိုက်သည်။
ထိုလူသည် ဤစကားဝိုင်းကို အသံသွင်းထားခဲ့သည်။
ယဲ့ချန်းလည်း ယန်ထောင်ကို အားရကျေနပ်နေသော အပြုံးဖြင့် ကြည့်လိုက်မိသည်။
"အခု ခင်ဗျားကိုအလုပ်ထုတ်လိုက်ပြီလို့ ကျုပ်ပြောပြီးပြီနော်။ ခင်ဗျားမှာ ပြောစရာရှိသေးလား"
ဥက္ကဋ္ဌချန်ပင်း၏မျက်ဝန်းအစုံကား အေးစက်သွားသည်။
"ယန်ထောင်.. ဝါရင့်ဝန်ထမ်းတစ်ယောက်အနေနဲ့ မင်း အခုလိုလုပ်လိမ့်မယ်လို့ ငါ ထင်မထားဘူး။ မင်းကို ငါ တော်တော်စိတ်ပျက်မိတယ်။ အခုကစပြီး မင်းကို အလုပ်ထုတ်လိုက်ပြီ"
ချန်ပင်း၏စကားကြောင့် ယန်ထောင်ခမျာ မြေကြီးပေါ်သို့ ပုံခနဲလဲကျသွားသည်။
ချန်ပင်းကမူ လက်သာဝေ့ယမ်းပြလိုက်၏။
"လုံခြုံရေး.. ဒီလူ့ကို အပြင်ဆွဲထုတ်လိုက်တော့"
လုံခြုံရေးတချို့က အနားသို့ အပြေးရောက်ချလာပြီး လဲကျနေသော ယန်ထောင့်ကို ကုမ္ပဏီထဲက ဆွဲထုတ်သွားကြသည်။
ယန်ထောင်ခမျာ မြေကြီးပေါ်သို့ ဒူးထောက်ကျသွားပြီး မျက်ဝန်းများကလည်း ဗလာကျင်းသွားရသည်။
ယခုတော့ ဤသို့လုပ်ခဲ့မိခြင်းကို သူ နောင်တရနေလေပြီ။
ဒီအလုပ်မှာ နှစ်စဉ်လစာတစ်သန်းရရှိသော အလုပ်တစ်ခုပင်။ သိပ်မကြာခင်ကမှ အိမ်တစ်လုံးဝယ်ရန်အတွက်ဘချေးငွေထုတ်ထားခဲ့သေးသည်။ ယခုမူ ဝင်ငွေကလည်း မရှိတော့ပေ။ ထိုချေးငွေကို သူ မည်သို့ပြန်ဆပ်ရတော့မည်နည်း။
လီရွှင်းအာမှာ ထိတ်လန့်လုမတတ်ပင်။
ချောမောခံ့ညားသော တက္ကစီဒရိုင်ဘာတစ်ယောက်က အရှေ့ပိုင်းလေကြောင်းလိုင်း၏ ပင်မရှယ်ယာရှင်တစ်ဦးဖြစ်နေလိမ့်မည်ဟု သူ လုံးဝထင်မထားပေ။
အခြားလေယာဉ်မယ်များကတော့ လီရွှင်းအာကို အားကျလေဟန် မျက်ဝန်းများဖြင့် ကြည့်နေကြသည်။
ယဲ့ချန်းက လီရွှင်းအာဘက်က ရပ်တည်ပေးရန်အတွက် ဤနေရာသို့ ရောက်လာခြင်းဖြစ်ကြောင်း သူတို့အားလုံး သဘောပေါက်သွားကြသည်။
ရုပ်ရည်ကလည်း ချောမောပြီး ဥစ္စာကလည်း ချမ်းသာကာ ကိုယ့်ချစ်သူအပေါ် အလွန်တွေးပေးတတ်သည့် ယောက်ျားတစ်ယောက်မှာ အလွန်ရှားပါးလှသည်။
လေယာဉ်မယ်များအားလုံး၏ရင်ထဲ သံပုရာသီးစားလိုက်ရသလို ချဉ်စူးသွားသည်။
"ရွှင်းအာကိုကြည့်စမ်း။ ငါးကြီးကြီးတစ်ကောင်ကို တိတ်တိတ်လေး ဖမ်းထားလိုက်တာပဲ"
"အမလေး ငါတော့ မနာလိုဖြစ်လိုက်တာ။ ငါကျတော့ အဲဒီလိုလူချောလေးတစ်ယောက်နဲ့ ဘာလို့မတွေ့ရတာလဲ"
"အခုကစပြီး ငါ အလုပ်ကို ကားမောင်းပြီးမလာတော့ဘူး။ တက္ကစီနဲ့ပဲ လာတော့မယ်။ ငါလည်း အဲဒီလိုမျိုး ဘဝအတွေ့အကြုံယူနေတဲ့ ဒိတ်ဒိတ်ကြဲသူဌေးတစ်ယောက်နဲ့ တွေ့ချင်တယ်"
ထိုစကားသံများကို နားထောင်ရင်း လီရွှင်းအာ၏ပါးပြင်မှာ နီမြန်းသွားရလေသည်။
သူ(မ)က တီးတိုးဆိုလိုက်သည်။
"မကောင်းတဲ့လူ.. ရှင်က အရှေ့ပိုင်းလေကြောင်းလိုင်းရဲ့ ပင်မရှယ်ယာရှင်ဖြစ်နေတာတောင် ကျွန်မကိုလှည့်စားခဲ့တယ်"
သို့သော် သူ(မ)၏အကြည့်ကတော့ လေးစားအားကျမှုများဖြင့် ပြည့်နှက်နေသည်။ ပျော်ရွှင်နေဟန် အမူအရာလည်း အထင်းသားပင်။
ယဲ့ချန်းက သူ(မ)၏ မြင်းဖြူရှင်မင်းသားလေးပင်။ လူသားအရင်းအမြစ်ဌာန၏ ဒါရိုက်တာကို ရဲရဲဝံ့ဝံ့အလုပ်ထုတ်ပစ်ပြီး သူ(မ)အတွက် ရပ်တည်ပေးခဲ့သည်။
ယဲ့ချန်းက လီရွှင်းအာ၏ဆံပင်ကို တယုတယပွတ်သပ်ပေးလိုက်၏။
"အဲဒီနေ့တုန်းက လေယာဉ်ပေါ်မှာ အဲဒီလူက မင်းကိုအနိုင်ကျင့်တဲ့အကြောင်း လာကြွားနေလို့ ကိုယ်လည်း မင်းဘက်က ရပ်တည်ပေးဖို့အတွက် ရှယ်ယာ၂၈ရာခိုင်နှုန်းကို ဝယ်လိုက်တာ"
ထိုနေရာရှိ လူအားလုံး တစ်ဖန်တိတ်ဆိတ်သွားပြန်လေသည်။
"သေစမ်း။ ဒါကြီးက ဩချလောက်တယ်ဟေ့"
"သူ့ချစ်သူအတွက် ရပ်တည်ပေးဖို့ လေကြောင်းလိုင်းမှာ ရှယ်ယာ၂၈ရာခိုင်နှုန်းကို ဝယ်လိုက်တာတဲ့။ အရမ်းခမ်းနားတာပဲ"
"ဒါက ရုပ်ရှင်တွေထဲမှာပဲ မြင်ရတတ်တဲ့ မြင်ကွင်းမျိုးနော်"
"အရမ်းကဗျာဆန်တာပဲ။ တီဗီရှိုးထဲမှာတောင် ဒီလိုရိုက်မပြနိုင်ဘူး"
"မဖြစ်နိုင်တာ။ မဖြစ်နိုင်တာ။ ငါ အရမ်းမနာလိုဖြစ်တာပဲ"
လေယာဉ်မယ်များမှာ အားကျနေကြပြီး ယဲ့ချန်း၏ရင်ခွင်ထဲရှိ မိန်းကလေးက သူတို့ဖြစ်လျှင် ကောင်းမည်ဟု မျှော်လင့်နေကြသည်။
••••••••••••••••