ချမ်းသာသော တက္ကစီဒရိုင်ဘာ
Vol. 15 Ch. 216
နေ့လယ်စာစားပြီးနောက် ယဲ့ချန်းက မိန်းမလှလေးများနှင့်အတူ ကားအရောင်းစင်တာသို့ ထွက်လာခဲ့လိုက်သည်။
ထိုနေရာတွင် နှစ်စဉ်ကားအရောင်းပြပွဲ ကျင်းပနေလေသည်။
ထိုအထဲတွင် ဖယ်ရာရီ၊ လမ်ဘော်ဂီနီ၊ ဘီအမ်ဒဗလျူ၊ မာစီးတီးဘန့်စ်နှင့် အခြားအလယ်အလတ်အဆင့်မှ အဆင့်နိမ့်မော်ဒယ်များအထိ အကုန်ပါသည်။
မိန်းကလေးများက အရက်သောက်တာများသွားသောကြောင့် သန့်စင်ခန်းသို့ အတူထွက်လာခဲ့လိုက်ကြသည်။
ယဲ့ချန်းကတော့ ကားအရောင်းပြပွဲထဲတွင် တစ်ယောက်တည်းလျှောက်ကြည့်နေလိုက်၏။
ခန်းမထဲရှိ အရောင်းရုံတစ်ခုချင်းစီတိုင်းတွင် လှပသောမော်ဒယ်များရှိနေလေရာ ယောကျ်ားများ၏အာရုံကို ဆွဲဆောင်ထားသည်။
ဤမော်ဒယ်များ၏ ရုပ်ရည်က ရမှတ်ခုနစ်ဆယ်ဝန်းကျင်ရှိပြီး အချို့ဆိုလျှင် ရှစ်ဆယ်အထိ ရောက်သည်။
သူတို့၏ဝတ်စုံများကို အလွန်ဖော်ထားလေရာ ဤနေရာသို့ ရောက်လာကြသော ယောကျ်ားအများစုက ကားများအတွက် ရောက်လာကြခြင်းမဟုတ်ဘဲ မော်ဒယ်များကို ကြည့်ရှုရန် ရောက်လာကြခြင်းပင်။
ယဲ့ချန်း၏အာရုံကတော့ ကားများထံတွင်သာ ရှိ၏။
မည်သို့ပင်ဖြစ်စေ ယဲ့ချန်းအနားရှိ မိန်းကလေးများအားလုံးက ရုပ်ရည်ရမှတ်ကိုးဆယ်နှင့်အထက်ရှိသောကြောင့် အမှတ်ခုနစ်ဆယ်ရှစ်ဆယ်မျှသာရှိသော ဤမော်ဒယ်များက သူ့မျက်လုံးထဲ မတိုးချေ။
ယဲ့ချန်းလည်း ဖယ်ရာရီအရောင်းပြခန်းနားသို့ ရောက်လာခဲ့သည်။
ဖယ်ရာရီက ဤပြပွဲတွင် ဇိမ်ခံကားတစ်စီးအဖြစ် သတ်မှတ်နိုင်သည်ဖြစ်ရာ သူတို့၏အရောင်းဝန်ထမ်းက အလွန်မောက်မာလှသည်။
သူတို့ကိုယ်တိုင် ဖယ်ရာရီကားများကို ဝယ်မစီးနိုင်သော်ငြား ဤဇိမ်ခံကားများအတွက် အရောင်းဝန်ထမ်းဖြစ်ရခြင်းကပင် ဂုဏ်ရှိနေပြီဖြစ်၏။
ဤနေရာတွင် ခင်းကျင်းပြသထားသော ဖယ်ရာရီကားမော်ဒယ်လ်များကို မိုတု4Sအရောင်းဆိုင်တွင် ယဲ့ချန်း မြင်ဖူးထားပြီးသားပင်။ ထို့ကြောင့် ခေါင်းတခါခါလုပ်လိုက်မိသည်။
ထိုအခိုက်ဝယ် အရောင်းဝန်ထမ်းတစ်ယောက်က အနားသိူ့ ချဉ်းကပ်လာပြီး ထိုကား၏လုပ်ဆောင်ချက်ကို ကြေညာပါတော့သည်။
ယဲ့ချန်းက နားထောင်ရင်း ခေါင်းခါယမ်းနေဆဲသာ။
ယဲ့ချန်းတွင် ထိုကားမျိုးရှစ်စီးလောက် ရှိထားပြီးဖြစ်၏။ သူက နောက်ဆုံးပေါ်မော်ဒယ်လ်ကို ဝယ်ချင်သောကြောင့် ပြန်ထွက်ရန် ပြင်လိုက်သည်။
အရောင်းဝန်ထမ်းမလေးက ခဏကြာအောင် ရှင်းပြပေးပြီးနောက် ယဲ့ချန်းက ခေါင်းခါယမ်းနေသေးသည်ကို မြင်သောအခါ နားမလည်နိုင်ဖြစ်မိသဖြင့် မေးကြည့်လိုက်သည်။
"လူကြီးမင်း.. ဘာအလုပ်လုပ်တာလဲဆိုတာ မေးလို့ရမလား"
"ကျွန်တော်က တက္ကစီမောင်းပါတယ်"
"တက္ကစီမောင်းတာလား"
အရောင်းဝန်ထမ်းလေး၏ မျက်နှာကား ချက်ချင်းဆိုသလို အေးစက်သွားပြီး သရော်လိုက်ချေသည်။
"ဟမ့် ဆင်းရဲသားကများ ငါ့အချိန်တွေကို လာဖြုန်းနေတယ်။ တကယ်တော့ သူ မဝယ်နိုင်လို့ကိုး"
"လူကြီးမင်း.. ရှင် ကားမဝယ်နိုင်ရင် အလယ်အလတ်အဆင့်နဲ့ အဆင့်နိမ့်ကားပြခန်းဘက်ကိုသွားပြီး ကြည့်ကြည့်လိုက်ပါ။ အဲဒါမှ ကားရွေးနေတဲ့ တခြားဝယ်သူတွေကို မနှောင့်ယှက်မိမှာ"
ယဲ့ချန်းက တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။
"ငါ ဒီကားကိုမဝယ်နိုင်ဘူးလို့ ဘယ်မျက်လုံးနဲ့ ကြည့်လိုက်တာလဲ"
"ရှင့်လို တက္ကစီဒရိုင်ဘာတစ်ယောက်က သန်းပေါင်းများစွာတန်တဲ့ ဖယ်ရာရီကို ဝယ်နိုင်မှာတဲ့လား။ ဟာသပဲ။ ကျွန်မ ရှင့်လိုဖောက်သည်တွေအများကြီးကို တွေ့ဖူးတယ်။ ဒီနေရာကိုလာပြီး ကျွန်မတို့ရဲ့မော်ဒယ်လှလှလေးတွေကို မျက်စိအစာကျွေးနေတာ။ ကျွန်မကို အဲဒါတွေအထိ ထုတ်ပြောစေချင်တာလား"
ယဲ့ချန်းကလည်း သရော်လိုက်လေသည်။
"ဆွဲဆောင်မှုမရှိတဲ့ မိန်းမတစ်သိုက်က ငါ့အာရုံစိုက်မှုနဲ့ တန်လို့လား"
ထိုအချိန်မှာပင် သူတို့၏အချင်းများမှုက လူအာရုံစိုက်ခံလိုက်ရသည်။
"ရှင်က ဘယ်သူ့ကို ဆွဲဆောင်မှုမရှိဘူးလို့ ပြောနေတာလဲ"
"မင်းကိုပြောနေတာလေ။ ဘာဖြစ်လဲ။ ဒီလိုဆွဲဆောင်မှုလောက်နဲ့များ ကိုယ့်ကိုယ်ကိုယ် အလှပဂေးလို့ ခေါ်ရဲသေးတယ်နော်"
ယဲ့ချန်းကား ခေါင်းတခါခါ။
ထိုအခိုက်မှာပင် လူအုပ်ထဲ၌ ဝရုန်းသုန်းကားဖြစ်သွားလေသည်။
"ကြည့်လိုက် အလှလေးတွေ!"
လူတိုင်း၏ အံ့အားသင့်နေလေဟန် အကြည့်များအောက်မှာပင် ရင်သပ်ရှုမောဖွယ်ကောင်းအောင် လှပသော အလှပဂေးငါးယောက်က အနားသို့ လျှောက်လာကြသည်။
နှင်းအလား ဖြူလှသော ခြေတံရှည်များနှင့် အံ့ဖွယ်ရုပ်ရည်များကို ပိုင်ဆိုင်ထားကြပြီး တစ်ယောက်ချင်းစီတိုင်းက အသက်ရှူမှားလောက်အောင် လှပလေသည်။
သူတို့ရောက်လာသောအခါ ထိုမော်ဒယ်များ၏ ဝင့်ကြွားမှုကလည်း ချက်ချင်းပျောက်ကွယ်သွားသည်။
ထိုအလှပဂေးငါးယောက်နှင့် ယှဉ်လိုက်ပါက ဤမော်ဒယ်လ်များမှာ သာမန်ရွက်ကြမ်းရေကျိုအမျိုးသမီးများအလားပင်။
"ဘုရားရေ ဒီနတ်ဘုရားမငါးယောက်က အရမ်းလှတာပဲ"
"ခုနကတော့ ဒီမော်ဒယ်လ်တွေက အရမ်းလှနေသလိုထင်ရပေမဲ့ ဒီအလှပဂေးငါးယောက်နဲ့ယှဉ်လိုက်တော့ ဘယ်လိုမှတောင် မနေတော့ဘူး"
"ဒီအလှလေးငါးယောက်သာ ငါ့ချစ်သူတွေဖြစ်ရင် ကောင်းမှာပဲ"
လူတိုင်း၏ ထိတ်လန့်အံ့သြနေသော အကြည့်များအောက်ဝယ် လီရွှင်းအာနှင့် အလှပဂေးလေးယောက်က ယဲ့ချန်းနားသို့ တိုးလာကြသည်။
လီရွှင်းအာက ယဲ့ချန်း၏လက်မောင်းကို ချိတ်တွယ်လိုက်သည်။
ချက်ချင်းဆိုသလိုပင် ယောကျ်ားများထံမှ ညည်းတွားသံတစ်သံ ထွက်ပေါ်လာသည်။
"သေစမ်း။ နတ်ဘုရားမမှာ ရည်းစားရှိတယ်ဟ"
"ဒီလူ့ကို ခုနတုန်းက အရောင်းဝန်ထမ်းမလေးက တက္ကစီဒရိုင်ဘာဆိုပြီး လှောင်နေတာမလား"
"တစ်ခုခုတော့မှားနေပြီ။ နတ်ဘုရားမတွေက စိုးမိုးခြယ်လှယ်နိုင်စွမ်းရှိတဲ့ စီအီးအိုဘေးမှာပဲ ရှိသင့်တာမဟုတ်ဘူးလား"
...
လီရွှင်းအာက ပြုံးလိုက်လေသည်။
"တောင်းပန်ပါတယ်။ မိန်းကလေးသန့်စင်ခန်းက လူပြည့်နေတာနဲ့ ကျွန်မတို့ နောက်ကျသွားတယ်"
ယဲ့ချန်းလည်း ခပ်ဖွဖွပြုံးလိုက်မိသည်။
"ရပါတယ်"
ထိုသို့ပြောပြီးနောက် ယဲ့ချန်းက ထိုအရောင်းဝန်ထမ်းမလေးကို ရန်စလေဟန်ဖြင့် ကြည့်လိုက်၏။
"အခု ငါပြောတဲ့စကားကို ယုံပြီလား"
ထိုအရောင်းဝန်ထမ်းမလေးမှာ ကြောင်အသွားချေသည်။
သူ(မ)၏ရုပ်ရည်ရမှတ်မှာ ခြောက်ဆယ်မျှသာရှိသည်ဖြစ်ရာ ၉၆မှတ်ရှိသော လီရွှင်းအာနှင့် မည်သို့ယှဉ်နိုင်မည်နည်း။
သူ(မ)မှာ လီရွှင်းအာရှေ့တွင် မတ်တတ်ရပ်ရင်း သိမ်ငယ်စိတ်ဝင်လာသောကြောင့် ခေါင်းပင်မမော့ရဲချေ။
အရေးအကြီးဆုံးမှာ ထိုကဲ့သို့သော နတ်ဘုရားမတစ်ပါးက တက္ကစီဒရိုင်ဘာတစ်ယောက်၏ ချစ်သူဖြစ်နေခြင်းပင်။
ကျန်အလှပဂေးလေးယောက်ကလည်း ထိုတက္ကစီဒရိုင်ဘာ၏ မိတ်ဆွေများဖြစ်ကြောင်း သိသာလှသည်။
ကမ္ဘာကြီး ရူးသွားပြီလား?
အရောင်းဝန်ထမ်းအမျိုးသမီး၏ မျက်နှာကား အရှက်ကွဲသွားသလို ခံစားချက်ကြောင့် ပျက်ယွင်းသွားလေသည်။
အစောကပင် ယဲ့ချန်းကို သူတို့လို မော်ဒယ်လ်များကို ငမ်းရန်အတွက် ကားပြပွဲသို့ ရောက်လာသည်ဟု သူ(မ) လှောင်ပြောင်ခဲ့သည်။
သို့သော် ယဲ့ချန်းဘေးနားရှိ အလှပဂေးငါးယောက်မှာ ရင်သပ်ရှုမောဖွယ်ကောင်းအောင် လှပလေသည်။
သူက သူတို့ကို ဘာကြောင့်များ စိတ်ဝင်စားမည်တဲ့လဲ။
ထိုအခိုက်ဝယ် ဖယ်ရာရီအရောင်းမန်နေဂျာကျိုးမင်က ကသုက်ကရက်ရောက်ချလာသည်။
"ဒီမှာ ဘာတွေဖြစ်နေတာလဲ"
ထိုအချိန်မှာပင် အရောင်းဝန်ထမ်းအမျိုးသမီးက သူ့ဘော့စ်ကို အသက်ကယ်ကြိုးတစ်ခုအလား ကပ်တွယ်ပြီး စောဒကတက်လေတော့သည်။
"ဘော့စ်.. ဒီလူက ကျွန်မတို့အရောင်းဆိုင်ကို ကားလာဝယ်တာမဟုတ်ဘူး။ ပြဿနာလာရှာတာ။ သူက မိန်းမလှတစ်သိုက်ကိုတောင် ခေါ်လာပြီး ကျွန်မတို့ဖယ်ရာရီအရောင်းပြခန်းကို အပုပ်ချဖို့ ကြိုးစားနေတာ။ သူ့ကို လုံခြုံရေးတွေနဲ့ ချက်ချင်းမောင်းထုတ်ခိုင်းသင့်တယ်နော်"
ယဲ့ချန်းကိုမြင်သောအခါ ဖယ်ရာရီအရောင်းမန်နေဂျာကျိုးမင်မှာ ကြက်သေသေသွားလေသည်။
သူက ယဲ့ချန်းနားသို့ တရိုတသေချဉ်းကပ်သွားသည်။
"ခင်ဗျားက ဥက္ကဋ္ဌယဲ့လားမသိဘူး"
ကျိုးမင်က ကုမ္ပဏီ၏ဝက်ဘ်ဆိုက်ပေါ်ရှိ ယဲ့ချန်း၏ဓာတ်ပုံကို မြင်ဖူးထားသည်။
ယဲ့ချန်းက ဖယ်ရာရီကုမ္ပဏီ၏ ပင်မရှယ်ယာရှင်တစ်ယောက်ဖြစ်ပြီး ချောလည်းချော၊ ငယ်လည်းငယ်သည်။ ထို့ကြောင့် ကျိုးမင်က သူ့ကို အာရုံစိုက်မိခဲ့ခြင်းပင်။
ယနေ့ ဤနေရာတွင် သူနှင့်တွေ့ရလိမ့်မည်ဟု ထင်မထားပေ။
ယဲ့ချန်းလည်း ခေါင်းညိတ်ပြလိုက်၏။
"ဟုတ်တယ်။ကျုပ်ပဲ"
ကျိုးမင်ခမျာ အလျင်အမြန်ဦးညွတ်လိုက်၏။
"ဥက္ကဋ္ဌယဲ့.. ခင်ဗျားလာစစ်ဆေးမဲ့အကြောင်း ကျွန်တော်တို့ကို ကြိုအကြောင်းကြားထားရင် ကျွန်တော်တို့ ခင်ဗျားကို ကောင်းကောင်းကြိုဆိုပေးမှာပေါ့"
ခယလိုသော သူ့အမူအရာက သခင်ကိုတွေ့သွားသော အစေခံတစ်ယောက်အလား စိတ်အားထက်သန်မှုများအပြည့်ပင်။
အရောင်းဝန်ထမ်းမလေးမှာ အံ့သြမှင်တက်သွားသည်။
မန်နေဂျာနှင့် ဤအရောင်းဝန်ထမ်းမလေးက ထူးခြားသော ဆက်ဆံရေးတစ်ခု ရှိ၏။ ထို့ကြောင့် မန်နေဂျာက သူ(မ)ဘက်က ရပ်တည်ပေးလိမ့်မည်ဟု ယုံကြည်မှုအပြည့်ရှိနေခြင်းပင်။
သို့သော် ထိုဘော့စ်က ယဲ့ချန်းကို မြင်သောအခါ ပိုင်ရှင်ကိုမြင်လိုက်ရသော ခွေးပေါက်လေးတစ်ကောင်အလား ပြုမူနေလိမ့်မည်ဟု သူ(မ) လုံးဝထင်မထားချေ။
ယဲ့ချန်း ပြုံးလိုက်မိသည်။
"ငါက စစ်ဆေးဖို့ ရောက်လာတာမဟုတ်ဘူး။ ကားလာဝယ်တာ"
"ကားဝယ်ဖို့လား။ ဥက္ကဋ္ဌယဲ့.. ဘယ်မော်ဒယ်ကိုရွေးထားတာလဲ"
"ငါကတော့ သိပ်စိတ်မဝင်စားဘူး။ ရွှင်းအာ.. ဘယ်ဟာကိုကြိုက်လဲ"
"အာ!"
လီရွှင်းအာမှာ ရုတ်ခြည်းကြောင်အသွားလေသည်။
ယဲ့ချန်းက သူ(မ)အား ဖယ်ရာရီတစ်စီး ချက်ချင်းဝယ်ပေးလိမ့်မည်ဟု အိပ်မက်ပက်မမက်ဖူးပေ။ ဤသည်မှာ အလွန်ရက်ရောလွန်းလှသည်။
အခြားလေယာဉ်မယ်များလည်း အားကျကုန်ကြသည်။
"အမလေး ရွှင်းအာက အရမ်းကံကောင်းတာပဲ"
သူတို့၏ပတ်ပတ်လည်ရှိ လူများကလည်း စိတ်ထဲမှ တိတ်တိတ်လေး ခေါင်းညိတ်ပြနေကြသည်။
"သူ့နားမှာ အလှလေးတွေ ဝိုင်းနေတာလည်း မထူးဆန်းပါဘူး။ သူ့အထာနဲ့သူ ရှိတာကိုး"
"တက္ကစီဒရိုင်ဘာတဲ့လား။ ဒါက ဘဝအတွေ့အကြုံယူနေတဲ့ ဒုတိယမျိုးဆက်လူကုံထံတစ်ယောက်ဆိုတာ အသိသာကြီး"
...
ကျိုးမင်မှာ အံတင်းတင်းကြိတ်လျက် ပြောလိုက်သည်။
"ဥက္ကဋ္ဌယဲ့.. ခင်ဗျားချစ်သူကြိုက်တာကို ရွေးခိုင်းလိုက်ပါ။ ကျွန်တော် လက်ဆောင်ပေးပါ့မယ်"
အနားရှိ အရောင်းဝန်ထမ်းမလေးမှာမူ မျက်လုံးပြူးသွားရသည်။
ကျိုးမင်၏ချစ်သူဖြစ်သည့် သူ(မ)ကိုယ်တိုင်ပင် သူ့အား အိတ်တစ်လုံးဝယ်ခိုင်းဖို့ အမြဲတွေဝေနေခဲ့သည်။ သို့သော် ယခုမူ သူက ကားတစ်စီးကိုပင် လက်ဆောင်ပေးနေချေသည်။
ယဲ့ချန်းက ခေါင်းခါယမ်းပြသည်။
"ထားလိုက်တော့။ ငါ့ကို လျှော့စျေးသာပေးပါ"
ကျိုးမင်က သာမန်မန်နေဂျာလေးတစ်ယောက်ပင်။ ခုနစ်သန်းရှစ်သန်းလောက် တန်ဖိုးရှိသော ကားတစ်စီးကို လက်ဆောင်ပေးလျှင် သူ့ငွေရေးကြေးရေးအခြေအနေကို ထိခိုက်သွားစေလိမ့်မည်။
"ဥက္ကဋ္ဌယဲ့..."
"ကဲပါ ငါ မင်းရဲ့စေတနာကို အသိအမှတ်ပြုပါတယ်"
လီရွှင်းအာမှာ အတန်ငယ်ရှက်သွားရသည်။
"ယဲ့ချန်း မဝယ်ဘဲနေရအောင်ပါ။ ကျွန်မ သာမန်ကားတစ်စီးကို မောင်းရလည်း ဖြစ်ပါတယ်"
ယဲ့ချန်းကတော့ ခေါင်းခါယမ်းသည်။
"ဒါဆို ကောင်းပြီလေ။ ဒီအနီရောင်ဖယ်ရာရီဆိုရင်ရော"
"ဒါက..."
လီရွှင်းအာက ဈေးနှုန်းကို တစ်ချက်ကြည့်လိုက်လေရာ ၈.၉၉သန်း ဖြစ်နေလေသည်။
အကုန်ထည့်ပေါင်းလိုက်ပါက အနည်းဆုံးတော့ ဆယ်သန်းကျော်သွားမည်သာ။
"ယဲ့ချန်း ကျွန်မ..."
"ကောင်းပြီ။ ဒီတစ်စီးကိုပဲ ရွေးလိုက်တာပေါ့"
ယဲ့ချန်းက ကတ်တစ်ကတ်ကို ဆွဲထုတ်ရင်း ပြောလိုက်သည်။
ဆယ်သန်းကို အသာလေးထုတ်သုံးပြလိုက်သည့် မြင်ကွင်းကြောင့် သူတို့ဘေးရှိ အရောင်းဝန်ထမ်းမလေးကတော့ လုံးဝကြောင်အသွားရသည်။
သေစမ်း! ဒီလောက်ချမ်းသာနေတာတောင် ကိုယ့်ကိုယ်ကိုယ် တက္ကစီဒရိုင်ဘာလို့ ပြောနေသေးတယ်ပေါ့။
ဒါက အကြီးအကျယ်ကြွားလုံးထုတ်နေတာပဲ!
•••••••••••••••