နှစ်ကြိမ်ထက်မက ပြန်လည်ဝင်စားခဲ့ခြင်းလား
Vol. 80 Ch. 1186
တောင်ဝင်တောင်တန်း ကြယ်နယ်မြေ၏ နယ်ပယ်သခင်သည် တံခါးပိတ်ကျင့်စဉ်စခန်း ဝင်နေသည်မှာ နှစ်ငါးထောင် ရှိပြီဖြစ်သည်။ သူ၏ ပါရမီအရ သူသည် နှစ်ငါးထောင်ပင် မလိုအပ်ဘဲ အဆင့်ချိုးဖျက်ကာ ထိုကြယ်နယ်မြေအတွင်း တစ်ဦးတည်းသော မဟာဧကရာဇ်အဆင့်ရှိသူ ဖြစ်လာနိုင်သည်။
ထိုအချက်ကို ကောင်းကင်မီးနိုင်ငံတော်မှ ဝန်ကြီးများ အလွန် စိုးရိမ်နေကြသည်။ ကောင်းကင်ဧကရာဇ် ပြန်လာမည့်အချိန်ကိုသာ ဆက်လက်စောင့်ဆိုင်းနေပါက သူ ပြန်ရောက်လာချိန်တွင် သူတို့၏ ကောင်းကင်မီးနိုင်ငံတော်သည် တောင်ဝင်တောင်တန်း ကြယ်နယ်မြေ၏ နယ်ပယ်သခင်လက်ချက်ဖြင့် အမြစ်ပြတ် ချေမှုန်းခံရနိုင်၏။
ဤအချိန်တွင် သက်ကြီးဝန်ကြီးတစ်ဦးက မတ်တတ်ရပ်ပြီး ပြောသည်။
“တောင်ဝင်တောင်တန်း ကြယ်နယ်မြေရဲ့ လက်အောက်ခံ ဖြစ်မယ့်ကိစ္စကို ကျွန်တော် ပြတ်ပြတ်သားသား ဆန့်ကျင်ပါတယ်။ ကောင်းကင်ဧကရာဇ် ထွက်ခွာသွားတုန်းက ပြန်မလာတော့ဘူးလို့ မပြောခဲ့ပါဘူး။”
“တစ်နေ့ကျရင် ကောင်းကင်ဧကရာဇ် ပြန်လာပြီး ကျွန်တော်တို့ သစ္စာဖောက်ခဲ့တာကို မြင်သွားခဲ့ရင် ကောင်းကင်မီးနိုင်ငံတော် ဘာဖြစ်သွားမလဲ။ ခင်ဗျားတို့ကိုယ်တိုင်ရော ဘာဖြစ်သွားမလဲဆိုတာ စဉ်းစားခဲ့ကြဖူးလား”
“အရင်တုန်းက ကျွန်တော်တို့ကို ကယ်တင်ခဲ့တာ ကောင်းကင်ဧကရာဇ်ပါ။ သူ ကျွန်တော်တို့ကို တောင်ဝင်တောင်တန်း ကြယ်နယ်မြေကို ခေါ်ဆောင်လာခဲ့လို့ ကောင်းကင်မီးနိုင်ငံတော် ပေါ်ပေါက်ခဲ့တာပါ။ ကျွန်တော်တို့ ဘယ်လိုလုပ် ကောင်းကင်ဧကရာဇ်ကို သစ္စာဖောက်နိုင်မှာလဲ။”
“ကောင်းကင်ဧကရာဇ်ကို သစ္စာဖောက်ဖို့ တွေးတဲ့သူ ဘယ်သူနဲ့မဆို သေသည်အထိ ကျွန်တော် တိုက်ပွဲဝင်သွားမယ်။”
ဤအချိန်တွင် ခန်းမတစ်ခုလုံး မငြိမ်မသက် ဖြစ်နေ၏။ အချို့က တောင်ဝင်တောင်တန်း နယ်ပယ်သခင်ထံ လက်နက်ချရန် သဘောတူကြကာ အချို့က ပြတ်ပြတ်သားသား ဆန့်ကျင်နေကြသည်။
ခန်းမထဲ၌ မငြိမ်မသက်ဖြစ်နေသည်ကို မြင်သောအခါ နဂါးပလ္လင်ပေါ် ထိုင်နေသော မုကျန့်ချင်း၏ မျက်နှာလည်း ချက်ချင်း ညိုမှောင်သွားသည်။ တောင်ဝင်တောင်တန်း ကြယ်နယ်မြေမှ မဟုတ်သော အပြင်လူများကို သူ မခေါ်ယူသင့်ခဲ့ပေ။ သူသာ အပြင်လူများ မခေါ်ခဲ့ပါက ယနေ့ကဲ့သို့ အခြေအနေမျိုး ဖြစ်လာမည်မဟုတ်ဟု စိတ်ထဲ တွေးမိလိုက်သည်။
ကောင်းကင်မီးနိုင်ငံတော်မှ လူအများစုသည် မူလက တောင်ဝင်တောင်တန်း ကြယ်နယ်မြေမှ မဟုတ်ကြပေ။ သူတို့သည် ကောင်းကင်ဧကရာဇ် ဖျက်ဆီးခဲ့သော ကြယ်နယ်မြေများမှ ခေါ်ဆောင်လာခဲ့သူများ ဖြစ်သည်။ သူတို့၏ နေရပ်များ ဆုံးရှုံးခဲ့ရပြီးနောက် ကောင်းကင်ဧကရာဇ်က သူတို့ကို တောင်ဝင်တောင်တန်း ကြယ်နယ်မြေသို့ ခေါ်ဆောင်လာခဲ့ပြီး ဤနေရာ၌ အခြေချခွင့် ပေးခဲ့သည်။
သူတို့ တောင်ဝင်တောင်တန်း ကြယ်နယ်မြေသို့ ရောက်လာစက ဤနေရာတွင် နေထိုင်သူ မရှိသလောက်ဖြစ်ခဲ့သည်။ စကြာဝဠာ၏ အစွန်အဖျားတွင် တည်ရှိပြီး ပတ်ပတ်လည်၌ အာကာသ လေပွေများနှင့် ဝန်းရံထားသော နေရာကို ကောင်းသောနေရာဟု သတ်မှတ်၍ မရနိုင်ချေ။
သို့သော်လည်း မည်မျှပင် မနှစ်သက်ဖွယ်ဖြစ်ပါစေ နေရပ်ဆုံးရှုံးခဲ့သော သူများအတွက်တော့ ဤနေရာသည် အခြေချရန် သင့်လျော်သော နေရာတစ်ခုဖြစ်သည်။
အစပိုင်း၌ အင်အားစု အမြောက်အမြားသည် တောင်ဝင်တောင်တန်း ကြယ်နယ်မြေ၏ ကမ္ဘာများကို ထိန်းချုပ်ရန် ယှဉ်ပြိုင်ခဲ့ကြသည်။ ကောင်းကင်မီးနိုင်ငံတော်ကို လျင်မြန်စွာ တည်ထောင်ပြီး တောင်ဝင်တောင်တန်း ကြယ်နယ်မြေအတွင်း ခြေကုပ်ယူနိုင်ရန်အတွက် မုကျန့်ချင်းသည် အခြားကမ္ဘာများမှ လူ အမြောက်အမြားကို ခေါ်ယူရန် ရွေးချယ်ခဲ့ရသည်။ ထို့နောက် ကောင်းကင်မီးနိုင်ငံတော်၏ လူဦးရေ တိုးပွားလာသည်နှင့်အမျှ နိုင်ငံတော်က လျင်မြန်စွာ အင်အား ပို ကြီးလာသည်။
သို့သော် ထိုသို့ အခြားကမ္ဘာများမှ လူ အမြောက်အမြားကို နန်းတွင်းသို့ ခေါ်ဆောင်လာခဲ့ခြင်းက ယခုလို ပြဿနာများစွာကို သယ်ဆောင်လာခဲ့သည်။
ကောင်းကင်ဧကရာဇ်၏ ကျေးဇူးတော်ကို မခံစားခဲ့ရသူများသည် သူ့ကို ရိုသေလေးစားမှု မရှိကြပေ။ ထို့ပြင် ကောင်းကင်ဧကရာဇ် ပျောက်ကွယ်နေခဲ့တာ အလွန်ကြာခဲ့ပြီဖြစ်သောကြောင့် သူတို့ကို စွန့်ပစ်ထားပြီ ထိုသူများ ယုံကြည်ကြသည်။
ကောင်းကင်ဧကရာဇ်သည် မည်သို့သောလူစားမျိုး ဖြစ်သနည်း။ သူသည် ဤမျှဝေးလံသော ကြယ်နယ်မြေ၌ မည်သို့ ဆက်လက်နေထိုင်နိုင်မည်နည်း။
မုကျန့်ချင်း၏ မျက်နှာအမူအရာ မကောင်းဖြစ်လာသည်ကို မြင်သောအခါ ခန်းမထဲရှိ လူများ၏ ငြင်းခုံမှုများ တဖြည်းဖြည်း ရပ်တန့်သွားကြပြီး မကြာမီပင် ခန်းမကြီးအတွင်း တိတ်ဆိတ်ငြိမ်သက်မှု တစ်ဖန်ပြန်၍ ဆိုက်ရောက်လာသည်။
ကောင်းကင်ဧကရာဇ် ပြန်လာသည်ဖြစ်စေ မလာသည်ဖြစ်စေ ကောင်းကင်မီးနိုင်ငံတော်သည် ကောင်းကင်ဧကရာဇ်၏ ကောင်းကင်မီးနိုင်ငံတော်သာ ထာဝရ ဖြစ်လိမ့်မည်ဟု မုကျန့်ချင်း ကြေညာလိုက်သည်။
မုကျန့်ချင်း၏ စကားများကို ကြားသောအခါ တောင်ဝင်တောင်တန်း နယ်ပယ်သခင်ထံ လက်နက်ချခြင်းကို ဆန့်ကျင်သူများ ဝမ်းသာသွားကြသည်။
သူတို့၏ အရှင်သခင်က မူလရည်ရွယ်ချက်များကို မမေ့သေးသည်မှာ ကျေးဇူးတင်စရာပင်။
သူတို့၏ အရှင်သခင်ပင် ကောင်းကင်ဧကရာဇ် ပြန်မလာဟု ယုံကြည်ကာ ထိုသူတို့ကို ပေါ့ပေါ့ဆဆ ပြုမူခွင့်ပေးပါက ပြဿနာများ တကယ် ဖြစ်ပွားလာပေလိမ့်မည်။
ဝမ်းသာသွားသူများ ရှိသကဲ့သို့ စိတ်အနှောင့်အယှက် ဖြစ်ရသူများလည်း သဘာဝအတိုင်း ရှိသည်။ လက်နက်ချရေးလိုလားသူ ဝန်ကြီးများကတော့ မျက်နှာညိုမည်းစွာဖြင့် စကားမပြောပဲ တိတ်ဆိတ်နေကြသည်။
ဤဝန်ကြီးများထဲမှ အားလုံးသည် တောင်ဝင်တောင်တန်း နယ်ပယ်သခင်ထံမှ အကျိုးအမြတ် ရရှိသူများ မဟုတ်ပေ။ သူတို့ထဲမှ အများစုက ကောင်းကင်မီးနိုင်ငံတော်အတွက် စဉ်းစားနေကြခြင်းဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ကောင်းကင်ဧကရာဇ်သည် မည်သည့်နေရာသို့ ရောက်နေမှန်းမသိပေ။ တောင်ဝင်တောင်တန်း နယ်ပယ်သခင်ကတော့ သူတို့နှင့်အလွန် နီးကပ်နေသည်။ ကောင်းကင်မီးနိုင်ငံတော် တကယ် ပြဿနာနှင့် ကြုံလာပါက ကောင်းကင်ဧကရာဇ် ပြန်လာမည်ဟူသည့် ဖြစ်နိုင်ခြေက အလွန် နည်းသည်။ ယခု တောင်ဝင်တောင်တန်း နယ်ပယ်သခင်ထံ လက်နက်မချပါက တောင်ဝင်တောင်တန်း ကြယ်နယ်မြေမှ ထွက်ခွာခြင်း သို့မဟုတ် သေခြင်းကို စောင့်ဆိုင်းခြင်းဟူ၍ ရလဒ်နှစ်ခုသာ ကျန်ရှိမည်ဖြစ်သည်။
မုကျန့်ချင်း၏ အကြည့်က ခန်းမရှိ ဝန်ကြီးများထံ တစ်ဖန်ပြန်၍ ဝေ့ဝဲသွားသည်။ လက်နက်ချရန် လိုလားသူများကို သူ အနည်းနှင့်အများ မှတ်မိသွားပြီဖြစ်သည်။
မုကျန့်ချင်း ဆက်ပြောတော့မည်အပြု ရုတ်တရက် သူ့စိတ်ထဲတွင် အသံတစ်သံ ပဲ့တင်ထပ်လာသည်။ သူ၏ စိတ်များ ဗလာဖြစ်သွားကာ မျက်နှာအမူအရာလည်း အနည်းငယ် ပြောင်းလဲသွားသည်။
မီးဧကရာဇ် ရုတ်တရက် စကားပြောရပ်သွားသည်ကို မြင်သောအခါ ဝန်ကြီးများလည်း စပ်စုစွာဖြင့် မုကျန့်ချင်းကို စိုက်ကြည့်ကြသည်။ သူ၏ ထိတ်လန့်သွားသော အမူအရာကို မြင်တွေ့ရသောအခါ ဝန်ကြီးများ မျက်ခုံးတွန့် သွားကြသည်။
သူတို့၏ မင်းကြီး ဘာဖြစ်သွားတာလဲ။
မကောင်းတဲ့ သတင်းအချို့ ရလိုက်လို့လား။
တောင်ဝင်တောင်တန်း နယ်ပယ်သခင်က အဆင့်ချိုးဖျက်ပြီး မဟာဧကရာဇ် ဖြစ်သွားတာများလား။
ဤဖြစ်နိုင်ခြေကို တွေးမိသောအခါ ခန်းမကြီးအတွင်းရှိ ဝန်ကြီးများ၏ မျက်နှာများတွင် စိုးရိမ်ပူပန်မှုများ ပေါ်ပေါက်လာသည်။
ဝန်ကြီးများက မုကျန့်ချင်းကို စမမေးခင်ပင် မုကျန့်ချင်း နဂါးပလ္လင်မှ ချက်ချင်း မတ်တတ်ထရပ်လိုက်သည်။
“ဒီနေ့ နန်းတွင်းအစည်းအဝေး ဒီမှာပဲ ပြီးဆုံးပြီ။”
သူ၏ အသံ ဆုံးသွားသည်နှင့် မုကျန့်ချင်းလည်း နောက်လှည့်ပြီး ခန်းမထဲမှ ထွက်ခွာသွားတော့သည်။ ခန်းမအတွင်း၌ စိတ်ပျက်အားငယ်စွာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသော ဝန်ကြီးများသာ ကျန်ရစ်ခဲ့ တော့သည်။
ကြောက်ရွံ့မှုလှိုင်းတစ်ခု ခန်းမကြီးထဲတွင် ပျံ့နှံ့သွားသည်။
သူတို့သည် မီးဧကရာဇ်၏ ဤကဲ့သို့သော မျက်နှာအမူအရာကို တစ်ခါမှ မမြင်ဖူးကြပေ။ တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့တာ သေချာသည်။
နိုင်ငံရေးရာ ခန်းမမှ ထွက်ခွာပြီးနောက် မုကျန့်ချင်းသည် သူ၏ စာကြည့်ခန်းသို့ မသွားပဲ မြေအောက်ကျင့်စဉ်ခန်းသို့ ဦးတည်သွားသည်။
ဝင်ရောက်ပြီးသည်နှင့် အပြင်ဘက်မှ ချောင်းနားထောင်ခြင်းကို ကာကွယ်ရန် အသံကာကွယ်ရေး နည်းဗျူဟာ ပုံစံကို ချက်ချင်း ဖွင့်လိုက်သည်။
နောက်တစ်မိနစ်ခန့်တွင် လုချန်း၏ ပုံသဏ္ဌာန် မုကျန့်ချင်းရှေ့တွင် ပေါ်လာသည်။ နဂါးဝတ်ရုံ ဝတ်ဆင်ထားသော ထိုသူကို မြင်သောအခါ မုကျန့်ချင်း အလွန် စိတ်လှုပ်ရှားသွားပြီး စကားပြောရန်ပင် မေ့သွားခဲ့သည်။
သတိပြန်ဝင်လာသောအခါ မုကျန့်ချင်း အလျင်အမြန် ဒူးထောက်လိုက်သည်။
“ကောင်းကင်ဧကရာဇ်ကို ဂါရဝပြုပါတယ်”
“ကျွန်တော်တို့ နောက်ဆုံးတော့ ကောင်းကင်ဧကရာဇ်ကို တွေ့ရပါပြီ။”
မုကျန့်ချင်း၏ စကားများကို ကြားသောအခါ လုချန်း အံ့အားသင့်သွားသည်။ သူက လက်ရှိတွင် ကောင်းကင်ဧကရာဇ် ဘွဲ့ကို ရရှိထားသော်လည်း ဒါကို ရှနိုင်ငံတော်မှ လူများသာ သိသင့်သည်။ စနစ်မှတစ်ဆင့် သူ့လက်အောက်ခံဖြစ်လာသော အင်အားစုက သူ့ကို ကောင်းကင်ဧကရာဇ်ဟု
ဘာ့ကြောင့် ခေါ်ရတာလဲ။
ဒါက သူ၏ ယခင်ဘဝနှင့် ဆက်စပ်နေရမည်မှန်း လုချန်းက ချက်ချင်း သဘောပေါက်လိုက်သည်။ သူ၏ ယခင်ဘဝမှ မှတ်ဉာဏ်အချို့ ပြန်လည်ရရှိပြီးကတည်းက စနစ်မှတစ်ဆင့် ရရှိခဲ့သော အင်အားစုများသည် သူ၏ ယခင်ဘဝနှင့် ဆက်စပ်နေကြောင်း သူနားလည်ထားသည်။
ဥပမာအားဖြင့် သန့်ရှင်းသော နဂါးနက် နယ်မြေဖြစ်သည်။ သူ၏ ယခင်ဘဝတွင် သူသည် သန့်ရှင်းသော နဂါးနက် နယ်မြေကို ထိန်းချုပ်ခဲ့ပုံရသည်။ ထို့နောက်မှ ရှန်ဝူဧကရာဇ်၏ သတ်ဖြတ်ခြင်းခံရကာ ထျန်းချန်ကမ္ဘာသို့ ကျင့်ကြံရန် ပို့ဆောင်ခံခဲ့ရခြင်းဖြစ်သည်။ ထို့ကြောင့် စနစ်က သန့်ရှင်းသော နဂါးနက် နယ်မြေကို သူ့အား ဆုလာဘ်အဖြစ် ပေးအပ်ခဲ့ခြင်းဖြစ်သည်။
ထျန်းချန်ကမ္ဘာရှိ အင်အားစုများမှာလည်း သန့်ရှင်းသော နဂါးနက် နယ်မြေနှင့် များစွာ ဆက်စပ်နေကြသည်။
သို့သော် ပြောရလျှင် သူ၏ ယခင်ဘဝမှ မှတ်ဉာဏ်များတွင် ကောင်းကင်မီးနိုင်ငံတော်နှင့် ပတ်သက်သည့် မှတ်ဉာဏ် မရှိပေ။
ဘာတွေ ဖြစ်နေတာလဲ။
ထို့ပြင် သူ၏ ယခင်ဘဝတွင် သူသည် ရှန်ဝူဧကရာဇ်၏ သားတော်မျှသာ ဖြစ်ပြီး ကောင်းကင်ဧကရာဇ်အဆင့် မဖြစ်နိုင်ချေ။
ဖြစ်နိုင်တာက...
ဖြစ်နိုင်ခြေတစ်ခုကို လုချန်း တွေးလိုက်သည်။
ဘဝသံသရာ ကျောက်တုံး အတွင်း၌ ချိပ်ပိတ် အလွှာများစွာ ရှိနေဆဲဖြစ်သည်။ ပထမအလွှာကိုသာ သူ ဖွင့်နိုင်ခဲ့ခြင်းဖြစ်သည်။ သူသည် နှစ်ကြိမ်သာ ပြန်လည်မွေးဖွားခဲ့ခြင်း မဟုတ်ပဲ အကြိမ်ပေါင်းများစွာ ပြန်လည်မွေးဖွားခဲ့ခြင်း ဖြစ်နိုင်လား။
စိတ်ကို ထိန်းချုပ်ပြီးနောက် လုချန်းက ခပ်အေးအေး ပြောလိုက်သည်။
“အခု ဖရိုဖရဲကြယ်ပင်လယ်မှာ ရှမင်းဆက်ကို ကျွန်တော် တည်ထောင်ထားတယ်။ ယုံကြည်စိတ်ချရတဲ့သူ အချို့ကို ဖရိုဖရဲကြယ်ပင်လယ်ကို စေလွှတ်လိုက်ပါ။”
ဖရိုဖရဲ ကြယ်ပင်လယ်။
ဤစကားလုံးနှစ်လုံးကို ကြားသောအခါ မုကျန့်ချင်း အနည်းငယ် တွေဝေသွားပုံရသည်။ ဖရိုဖရဲကြယ်ပင်လယ်သည် တောင်ဝင်တောင်တန်း ကြယ်နယ်မြေ၏ ဘေးတွင် ရှိသော်လည်း တောင်ဝင်တောင်တန်း ကြယ်နယ်မြေမှ အခြားအင်အားစုများနည်းတူ ဖရိုဖရဲကြယ်ပင်လယ်အကြောင်းကို သူ တစ်ခါမှ မကြားဖူးခဲ့ပေ။
ထိုအချိန်တွင် လုချန်းက ကြယ်မြေပုံကို ထုတ်လိုက်သည်။ နောက်တစ်ခဏ၌ ကြယ်တာရာမြေပုံသည် ကျောက်သားခန်းတစ်ခုလုံးကို ပြည့်နှက်သွားစေသည်။ ဆက်လက်၍ လုချန်းက
“ဒါက ကြယ်မြေပုံပဲ။”
ဖရိုဖရဲကြယ်ပင်လယ်သည် တောင်ဝင်တောင်တန်း ကြယ်နယ်မြေ၏ ဘေးတွင် ရှိနေသည်ကို မြင်သောအခါ မုကျန့်ချင်း အံ့အားသင့်သွားသည်။
ဒီလောက်တောင် နီးနေတာလား။
ကောင်းကင်ဧကရာဇ်သည် သူတို့ကို တကယ် မစွန့်ပစ်ခဲ့ပေ။