တုန်လှုပ်သွားရတဲ့ မုချင်းလန်
Vol. 80 Ch. 1191
သူတို့ရှေ့ရှိ လုချန်း ရွေးချယ်ထားသော တောင်ကြားလမ်း၏ အသုံးဝင်ပုံနှင့် ပတ်သက်ပြီး နန်းကုန်းယွဲ့ဟွာ အနည်းငယ် စူးစမ်းလိုစိတ် ဖြစ်ပေါ်နေသည်။
နန်းကုန်းယွဲ့ဟွာ၏ စကားဆုံးသည်နှင့် မုချင်းလန်၏ လက်စွပ်ထဲမှ စိတ်ဝိညာဉ်ကျောက်တုံးများကို လုချန်း ထုတ်ယူလိုက်ပြီး
“ဒီနေရာမှာ သူတော်စင်အဆင့် တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံ တစ်ခုကို တည်ဆောက်ဖို့ ကိုယ် စီစဉ်ထားတယ်။ ဒါဆို ပြင်ပရန်သူတွေ ဖရိုဖရဲကြယ်ပင်လယ်ကို ကျူးကျော်လာတာကို ချန်ရန်ကမ္ဘာက တွေ့ခဲ့ရင် ကိုယ် ထျန်းချန်ကမ္ဘာကနေ ချက်ချင်း လာနိုင်လိမ့်မယ်။”
လုချန်း၏ စကားကို ကြားသောအခါ နန်းကုန်းယွဲ့ဟွာနှင့် နန်းကုန်းချင်ရတို့ အနည်းငယ် ကြောင်သွားကြသည်။
သူတော်စင်အဆင့် တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံ ဟုတ်လား။
“သူတော်စင်အဆင့်” နှင့် ပတ်သက်ဆက်နွယ်နေသဖြင့် ဤနည်းဗျူဟာပုံစံ၏ ရွှေ့ပြောင်းနိုင်စွမ်းနှင့် အကွာအဝေးမှာ အလွန် ကြောက်မက်ဖွယ် ကောင်းနေပေလိမ့်မည်။
ဤအချိန်တွင် လုချန်းက မုချင်းလန်ကို ပြောလိုက်သည်။
“လန်... ကောင်းကင်မီးနိုင်ငံမှာလည်း တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံတွေ အများကြီး ရှိတယ် မဟုတ်လား။”
မုချင်းလန်က
“ဟုတ်ကဲ့..... ဒါပေမဲ့ ကျွန်မတို့ရဲ့ တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံတွေ အကုန်လုံးက ပြန်လည်ပျက်ဆိီးခြင်း အဆင့်တွေမို့လို့ မတူတဲ့ ကမ္ဘာတွေကို ကူးသန်းသွားလာလို့ မရပါဘူး။ ကမ္ဘာတစ်ခုတည်းမှာပဲ သွားလာလို့ ရပါတယ်။”
သူတော်စင်အဆင့် တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံကို လုချန်း ဖန်တီးနိုင်စွမ်း ရှိသည်ကို မုချင်းလန် လုံးဝ အံ့သြခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် လုချန်းသည် ကောင်းကင်ဧကရာဇ် ဖြစ်ပြီး သူ၏ ယခင်ဘဝတွင် အလွန် စွမ်းအားကြီးမားခဲ့သူ ဖြစ်သည်။ သူတော်စင်အဆင့် နည်းဗျူဟာပုံစံများသာမက ဧကရာဇ်အဆင့် ကျင့်စဉ်များကိုပင် ထုတ်ဖော်နိုင်ခဲ့သူ ဖြစ်သည်။ သူတော်စင်အဆင့် တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံလောက်က ဘာမှ
မပြောပလောက်ပေ။
ထို့နောက် မုချင်းလန်က
“ကောင်းကင်ဧကရာဇ်... ကျွန်မ ရဲရဲဝံ့ဝံ့ မေးပါရစေ။ ဒီ သူတော်စင်အဆင့် တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံက ဘယ်လောက်ဝေးဝေး ပို့ဆောင်ပေးနိုင်ပါလဲ။”
လုချန်းက ခပ်အေးအေး ပြန်ပြောလိုက်သည်။
“စကြာဝဠာ တစ်ခုလုံးပါပဲ။ တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံ ရှိနေသရွေ့ အဲဒီနေရာကို ပို့ဆောင်ပေးနိုင်တယ်။”
သူ၏ စကားကြောင့် အမျိုးသမီးသုံးဦးစလုံး တုန်လှုပ်သွားကြသည်။ သူတော်စင်အဆင့် တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံ ပို့နိုင်သည့် အကွာအဝေး အလွန် ကျယ်ပြန့်နိုင်ကြောင်း သူတို့ သိထားပြီး “သူတော်စင်အဆင့်” နှင့် ဆက်နွယ်နေသဖြင့် သာမန် နည်းဗျူဟာပုံစံ မဟုတ်ကြောင်း သူတို့ နားလည်ထားကြသည်။
သို့သော် သူတော်စင်အဆင့် တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံက စကြာဝဠာ၏ ကျယ်ပြောလှသော အကွာအဝေးများကို လျစ်လျူရှုနိုင်လိမ့်မည်ဟု သူတို့ ထင်မထားခဲ့ကြပေ။ ထိုကဲ့သို့သော သယ်ယူပို့ဆောင်စွမ်းက အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။
အနာဂတ်တွင် ကမ္ဘာအသီးသီး၌ အလားတူ နည်းဗျူဟာပုံစံများ တည်ဆောက်ထားပါက လိုချင်သော နေရာကို ချက်ချင်း သွားရောက်နိုင်မည် မဟုတ်ပါလား။
မဟာဧကရာဇ် တစ်ပါးပင်လျှင် စကြာဝဠာ တစ်ခုလုံးကို ချက်ချင်း ဖြတ်ကျော်သွားလာနိုင်ခြင်း မရှိကြောင်း သူတို့ သိရှိထားကြသည်။
လုချန်းက စကားထပ်မပြောတော့ပဲ တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံကို စတင်တည်ဆောက်လိုက်သည်။
မုချင်းလန်၏ ဟင်းလင်းပြင်လက်စွပ်ထဲမှ စိတ်ဝိညာဉ်ကျောက်တုံးများသည် သူတော်စင်အဆင့် တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံ နှစ်ခု တည်ဆောက်ရန် လုံလောက်မှု ရှိသည်။ သူ ဆက်လုပ်ရန် လိုအပ်သည်မှာ ချန်ရန်ကမ္ဘာတွင် တစ်ခုနှင့် ထျန်းချန်ကမ္ဘာတွင် တစ်ခု တည်ဆောက်ရန်သာ ဖြစ်သည်။ ထိုအခါ ကမ္ဘာနှစ်ခုကြား ထိရောက်စွာ ချိတ်ဆက်မိသွားမည် ဖြစ်သည်။
စိတ်ဝိညာဉ်ကျောက်တုံးများ မရပ်မနား ပျံဝဲထွက်ပေါ်လာသည်နှင့်အမျှ ကြီးမားသော နည်းဗျူဟာပုံစံ အခင်းအကျင်းတစ်ခု သူ၏ ခြေထောက်အောက်၌ လျင်မြန်စွာ ပုံပေါ်လာပြီးနောက် ကျောက်တုံးများ စုပုံကာ ရွှေ့ပြောင်းခြင်း တံခါးပေါက်တစ်ခု ဖြစ်ပေါ်လာသည်။
တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံကို တည်ဆောက်ပြီးနောက် လုချန်းက မုချင်းလန်ဘက် လှည့်ကာ ပြောလိုက်သည်။
“လန်..... ချန်ရန်ကမ္ဘာမှာ ကိုယ့်ကို ခဏစောင့်နေပါ။ ထျန်းချန်ကမ္ဘာမှာ တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံ တည်ဆောက်ပြီးတာနဲ့ ဒီနည်းဗျူဟာပုံစံကနေ မင်းဆီကို တိုက်ရိုက် လာခဲ့လို့ရပြီ။”
သူတို့ ထွက်ခွာသွားပြီးနောက် ချန်ဟိုင်ဂိုဏ်းက အခြားလူတစ်ဦးကို စေလွှတ်လိုက်မည်ကို လုချန်း စိုးရိမ်နေသည်။ မည်သည့်အချိန်မဆို လူလွှတ်လာနိုင်သည့် ချန်ဟိုင်ဂိုဏ်း၏ အခြေအနေနှင့် ပတ်သက်၍ လက်ရှိတွင် သူ့၌ သတင်းအချက်အလက် မရှိသဖြင့် သတိထားခြင်းက ပိုကောင်းပေသည်။
မုချင်းလန်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
“ဟုတ်ကဲ့ပါ”
မုချင်းလန် စကားပြောပြီးနောက် လုချန်းလည်း ပျောက်ကွယ်သွားပြီး နောက်တစ်ခဏ၌ ဖေးဟုန်နတ်လှေပေါ်သို့ ပြန်ရောက်သွားကာ နတ်လှေကို မောင်းနှင်၍ ထျန်းချန်ကမ္ဘာသို့ ပြန်သွားလိုက်သည်။
လုချန်း ထွက်ခွာသွားပြီးနောက် မုချင်းလန်၏ အကြည့်က နန်းကုန်းယွဲ့ဟွာနှင့် နန်းကုန်းချင်ရတို့အပေါ် ခေါက်တုံ့ခေါက်ပြန် ကျရောက်သွားသည်။ အမျိုးသမီးနှစ်ဦးစလုံးသည် အမှန်တကယ်ပင် ပြိုင်ဘက်ကင်းအောင် လှပကြောင်း ဝန်ခံရပေမည်။
သို့သော်လည်း ကောင်းကင်ဧကရာဇ်သာ သူ၏ ယခင်ဘဝမှ မှတ်ဉာဏ်များကို အပြည့်အဝ ပြန်လည်ရရှိသွားပါက သူ၏ ကျင့်ကြံဖော်များကို ဂရုစိုက်ပါဦးမည်လား။
ထိုသို့ တွေးတောရင်း မုချင်းလန်က နန်းကုန်းယွဲ့ဟွာနှင့် နန်းကုန်းချင်ရတို့အား
“ကောင်းကင်ဧကရာဇ်ရဲ့ ကျင့်ကြံဖော်ဖြစ်ရတာ လွယ်ကူတဲ့ အခန်းကဏ္ဍ မဟုတ်ဘူး။ မင်းကြီးရဲ့ ဘေးနားမှာ နေချင်ရင် ရှင်တို့မှာ လုံလောက်တဲ့ အင်အား ရှိရမယ်။”
ထိုစကားကို ကြားသောအခါ နန်းကုန်းချင်ရက ပြုံးပြီး ပြောလိုက်သည်။
“အစ်မ မု ပြောတာ မှန်ပါတယ်။ ကျွန်မတို့ ကြိုးစားကျင့်ကြံပါ့မယ်။”
ဤအမျိုးသမီးနှစ်ဦးသည် ကောင်းကင်ဧကရာဇ်၏ ကျင့်ဖော်များ ဖြစ်ကြသဖြင့် ပြန်လည်ဝင်စားပြီးနောက် ကောင်းကင်ဧကရာဇ် ကြုံတွေ့ခဲ့ရသည်များကို သူတို့ အများကြီး သိထားရမည်ဟု မုချင်းလန် ရုတ်တရက် တွေးလိုက်သည်။ ကောင်းကင်ဧကရာဇ် မည်သည့်အတွ့အကြုံများ ဖြတ်သန်းခဲ့ရသလဲ ဆိုတာကို သူမ အတော်လေး သိချင်နေသည်။
ထို့နောက် မုချင်းလန်က
“ရှင်တို့နှစ်ယောက် ကောင်းကင်ဧကရာဇ်ရဲ့ နောက်ကို ဘယ်တုန်းက စလိုက်ခဲ့တာလဲ။”
ထိုမေးခွန်းကို ကြားသောအခါ အမျိုးသမီးနှစ်ဦး အံ့သြသွားကြသည်။ မုချင်းလန်သည် လုချန်း၏ အစောင့်အရှောက် ဖြစ်ပြီး လုချန်း၏ ဘေးနားတွင် ရှိနေခဲ့သည်မှာ ကြာပြီဖြစ်၍ ထိုကိစ္စကို မသိပဲ နေမည်မဟုတ်ဟု သူတို့ ယူဆထားခဲ့ကြသည်။
နန်းကုန်းယွဲ့ဟွာက ဦးစွာ တည်ငြိမ်မှု ပြန်ရသွားပြီး မုချင်းလန်သည် ဖရိုဖရဲကြယ်ပင်လယ်သို့ ယခုမှ ရောက်ရှိလာခြင်း ဖြစ်၍ လုချန်း၏ ကိစ္စများကို မသိခြင်း ဖြစ်မည်ဟု ခန့်မှန်းလိုက်သည်။
“ကျွန်မတို့ ညီအစ်မတွေ မင်းကြီးရဲ့ နောက်ကို လိုက်ခဲ့တာ နှစ်ငါးဆယ်တောင် မပြည့်သေးပါဘူး။”
သာမန်လူသားများအတွက် နှစ်ငါးဆယ်သည် ကြာမြင့်သော အချိန်ဖြစ်သော်လည်း ကျင့်ကြံသူများအတွက်မူ မျက်တောင်တစ်ခတ်စာမျှသာ ဖြစ်သည်။
ဤအမျိုးသမီးနှစ်ဦးက လုချန်းနောက်သို့ လိုက်ခဲ့တာ နှစ်ငါးဆယ်မပြည့်သေးကြောင်း ကြားသောအခါ မုချင်းလန် ဂုဏ်ယူမိသကဲ့သို့ ခံစားလိုက်ရသည်။ သူမသည် တောင်ဝင်တောင်တန်း ကြယ်နယ်မြေသို့ သွားရောက်သော ခရီးစဉ်တွင် ကောင်းကင်ဧကရာဇ်၏ နောက်သို့ နှစ်တစ်ရာကျော် လိုက်ခဲ့သူ ဖြစ်သည်။
မုချင်းလန်က ဆက်မေးလိုက်သည်။
“ဒါနဲ့... ရှင်တို့နှစ်ယောက်အပြင် အရှင်မင်းကြီးမှာ တခြား ကျင့်ဖော်တွေ ရှိသေးလား။”
နန်းကုန်းချင်ရက
“ကျွန်မတို့လည်း ဒီကိစ္စကို သိပ် မရှင်းပါဘူး”
မုချင်းလန်က ဇဝေဇဝါဖြင့်
“ရှင်တို့က အရှင်မင်းကြီးရဲ့ ဘေးနားမှာ အမြဲ လိုက်နေတာ မဟုတ်ဘူးလား။ ဘယ်လိုလုပ် ဒါကိုတောင် မသေချာရတာလဲ။”
နန်းကုန်းချင်ရက ဖြေကြားလိုက်သည်။ “မင်းကြီးမှာ ရင်းနှီးတဲ့ အမျိုးသမီးမိတ်ဆွေတွေ အများကြီး ရှိပါတယ်။ သူ့ဘေးနားမှာ မိတ်ဆွေအသစ်တွေကလည်း အချိန်တိုင်း ပေါ်လာတတ်တော့ မင်းကြီးမှာ ကျင့်ဖော် ဘယ်နှစ်ယောက် ရှိတယ်ဆိုတာ ကျွန်မတို့ အတည်မပြုနိုင်ပါဘူး။”
ရင်းနှီးတဲ့ အမျိုးသမီးမိတ်ဆွေတွေ အများကြီး ဟုတ်လား။
မုချင်းလန် အနည်းငယ် အံ့သြသွားသည်။
သူမ၏ နားကို သူမ မယုံနိုင်အောင် ဖြစ်နေသည်။ လွန်ခဲ့သော ဘဝက ကောင်းကင်ဧကရာဇ်သည် ခံစားချက်ကင်းမဲ့ပြီး အမျိုးသမီးများကို စိတ်ဝင်စားခြင်း မရှိခဲ့ပေ။ သို့သော် ဤဘဝတွင် ကောင်းကင်ဧကရာဇ်၌ ရင်းနှီးသော အမျိုးသမီးမိတ်ဆွေ အများအပြား ရှိနေတယ်တဲ့လား။
မုချင်းလန်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
“ရှင်တို့ မြင်ဖူးသလောက် ဘယ်လောက်ရှိလဲ။”
နန်းကုန်းချင်ရက
“ကျွန်မတို့ သိသလောက်တင် အယောက်သုံးဆယ်အောက် မနည်းပါဘူး”
မုချင်းလန် လုံးဝ အံ့အားသင့် သွားသည်။
အယောက်သုံးဆယ်...
ဒီဘဝမှာ အကောင်းကင်ဧကရာဇ်က ဘယ်လိုလုပ် ဒီလိုအခြေအနေထိ ရောက်သွားရတာလဲ။
ကျင့်ဖော်တွေ ဒီလောက်များနေရင် သူ ဘယ်လိုလုပ် ကျင့်ကြံနိုင်မှာလဲ။
စုံတွဲကျင့်စဉ် ဆိုသည်မှာ အတိုင်းအတာတစ်ခုအထိသာ လိုအပ်သည့်အရာ ဖြစ်သည်။ အတိုင်းအတာ တစ်ခုထက် ကျော်လွန်သွားပါက ထိရောက်မှု ရှိတော့မည် မဟုတ်ပေ။ ကျင့်ဖော် အလွန်များပြားခြင်းက ကျင့်ကြံခြင်းကို အမှန်တကယ် အနှောင့်အယှက် ဖြစ်စေနိုင်သည်။
မုချင်းလန်၏ မျက်နှာတွင် စိုးရိမ်ပူပန်မှုများ ပေါ်လာသည်။ ကောင်းကင်ဧကရာဇ်သည် မှတ်ဉာဏ်များ ပြန်လည်မရရှိသေးသောကြောင့် ဤဘဝ၏ ပတ်ဝန်းကျင် လွှမ်းမိုးမှုကို ခံနေရကာ ဤကဲ့သို့ အခြေအနေ နိမ့်ကျသွားခြင်း ဖြစ်ရပေမည်။
မဖြစ်ပါ...
ကောင်းကင်ဧကရာဇ် ဒီလို ဆက်ပြီး နိမ့်ကျသွားတာကို သူမ လုံးဝ ကြည့်မနေနိုင်ပါ။
ကောင်းကင်ဧကရာဇ်သာ ဒီလို ဆက်သွားနေရင် သူ့ရဲ့ အင်အားတွေ၊ မှတ်ဉာဏ်တွေကို ဘယ်အချိန်မှ ပြန်လည်ရရှိနိုင်တော့မှာလဲ။
မုချင်းလန်၏ အံ့အားသင့်နေသော မျက်နှာထားကို မြင်လိုက်ရသောအခါ လုချန်း တစ်ယောက် သူ့ဇနီးမယားများ အခန်းထဲတွင် လပေါင်းများစွာ ဆက်တိုက် နေထိုင်သည့် မြင်ကွင်းကိုသာ ဤအမျိုးသမီး မြင်တွေ့ခဲ့လျှင် ပို၍ပင် တုန်လှုပ်သွားလိမ့်မည်ဟု နန်းကုန်းယွဲ့ဟွာနှင့် နန်းကုန်းချင်ရတို့ မတွေးပဲ မနေနိုင်ကြတော့ချေ။
…….
ထျန်းချန်ကမ္ဘာသို့ ပြန်လာသည့် လမ်းတစ်လျှောက်တွင် တစ်စုံတစ်ယောက်က သူ့အကြောင်း အတင်းပြောနေသကဲ့သို့ ခံစားရပြီး လုချန်း တစ်ချိန်လုံး နှာချေနေသည်။
ခန်းမဆောင်ကြီးထဲတွင် ခြေချိတ်ထိုင်ရင်း လုချန်းက သူ့ဘာသာ ရေရွတ်လိုက်သည်။
“ချန်ဟိုင်ဂိုဏ်းက ကောင်တွေ ငါ့ကွယ်ရာမှာ အတင်းပြောနေကြတာများလား”
“ချန်ဟိုင်ဂိုဏ်းက တကယ်တမ်း ဘယ်လောက် အစွမ်းထက်လဲ မသိဘူး။ ကောင်းကင်မီးနိုင်ငံလောက် အစွမ်းမထက်ရင် ထျန်းချန်ကမ္ဘာအကြောင်း သတင်းမပေါက်ကြားရအောင် အချိန်တန်တဲ့အခါ ချန်ဟိုင်ဂိုဏ်းကို အမြစ်ဖြတ် ရှင်းလင်းဖို့ ကောင်းကင်မီးနိုင်ငံကို ခိုင်းရမယ်။”
စကားဆုံးသည်နှင့် လုချန်းလည်း သူ၏မျက်လုံးများကို မှိတ်လိုက်ပြီး ထိုကိစ္စကို ဆက်လက် တွေးတောခြင်း မပြုတော့ပေ။ ထျန်းချန်ကမ္ဘာ၌ တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံ တည်ဆောက်ပြီးမှသာ ဤကိစ္စများကို ဆက်လက် ဆောင်ရွက်ရမည် ဖြစ်သည်။ ထျန်းချန်ကမ္ဘာသို့ ပြန်ရောက်ရန် အချိန်အနည်းငယ် လိုသေးသဖြင့် အခွင့်ကောင်းယူ၍ သူ ကျင့်ကြံလိုက်သည်။
လုချန်း ကျင့်ကြံခြင်း အခြေအနေသို့ ဝင်ရောက်ပြီးနောက် ထျန်းဟုန်ဧကရီ၏ ပုံရိပ်သည် ခန်းမဆောင်ကြီးထဲတွင် တဖြည်းဖြည်း ပေါ်လာသည်။