မုချင်းလန်
Vol. 80 Ch. 1188
အမျိုးသမီးက ဓားဖြင့် ချိန်ရွယ်ထားသည်ကို မြင်သောအခါ မုကျန့်ချင်းက ဖျော့တော့စွာ ပြုံးလိုက်ပြီး
“ဒါက ကောင်းကင်မီးနိုင်ငံတော် ကြီးပွားတိုးတက်ဖို့ပဲ ကျွန်တော် လုပ်ခဲ့တာပါ။ ရွေးချယ်ခွင့် နောက်တစ်ကြိမ် ရရင်တောင် ဒီဆုံးဖြတ်ချက်ကိုပဲ ကျွန်တော် ရွေးချယ်မိမှာပါ။”
ထိုအချိန်က တောင်ဝင်တောင်တန်း ကြယ်နယ်မြေသို့ ကောင်းကင်ဧကရာဇ်နှင့်အတူ ရောက်ရှိလာသော ကောင်းကင်မီးမျိုးနွယ်တွင် လုဦးရေ အမြောက်အမြား မရှိခဲ့ပေ။ ထိုအချိန်၌ အဓိက အင်အားစုကြီးများသည် တောင်ဝင်တောင်တန်း ကြယ်နယ်မြေ၏ သက်ရှိကမ္ဘာများကို လုယူရန် ကြိုးပမ်းနေကြသည်။
လူဦးရေသည် ကောင်းကင်မီးတောက်နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြီးမားဆုံး ပြဿနာ ဖြစ်ခဲ့သည်။ မူလလူနည်းစုဖြင့် ကောင်းကင်မီးကမ္ဘာ တစ်ခုလုံးကို ထိန်းချုပ်ရန် မဖြစ်နိုင်ပေ။
အရေးကြီးဆုံး အချက်မှာ ကောင်းကင်မီးမျိုးနွယ်အတွက် မျိုးဆက်ပွားရန် အတော်လေး ခက်ခဲနေခြင်း ဖြစ်သည်။ လူနည်းစုလေးဖြင့် တည်ထောင်ထားသော နိုင်ငံကို ကမ္ဘာနိုင်ငံကြီးတစ်ခုဟု ခေါ်ဆိုနိုင်မည်လား။
ကောင်းကင်မီးကမ္ဘာတွင် လူဦးရေ နည်းပါးကြောင်း အခြားကမ္ဘာများမှ ထောက်လှမ်းသိရှိသွားပါက မကောင်းသော ရည်ရွယ်ချက်များ ဧကန် ရှိလာနိုင်သည်။ ထိုအချိန်က မျိုးနွယ်ဝင် တစ်ဦးစီသည် အလွန် တန်ဖိုးရှိလှသည်။ တစ်ဦးဆုံးရှုံးလျှင် တစ်အားလျော့နည်းသွားမည် ဖြစ်သည်။ ထို့ကြောင့် အခြားကမ္ဘာမှ လူများကို ခေါ်ယူပြီး ကောင်းကင်မီးမျိုးနွယ်အတွက် အသက်ပေး တိုက်ခိုက်ခိုင်းမှသာ မျိုးနွယ်စု ဆက်လက် တည်တံ့နိုင်မည် ဖြစ်သည်။
နန်းတွင်း၌ အုပ်စုနှစ်စု ကွဲပြားသွားခြင်းက မုကျန့်ချင်းကို ခေါင်းကိုက်စေခဲ့သော်လည်း သူ စိတ်တည်ငြိမ်သွားချိန်တွင်မူ သူ၏ ဆုံးဖြတ်ချက် မှန်ကန်သည်ဟု ယုံကြည်နေဆဲ ဖြစ်သည်။
မုကျန့်ချင်း နောင်တရပုံ မရသည်ကို မြင်သောအခါ မုချင်းလန်က အေးစက်စွာဖြင့်
“မင်းနဲ့ အမှားအမှန်ကိစ္စကို ငါ မဆွေးနွေးချင်ဘူး။ ဒီအတွက် ငါ့ကို ဖျောင်းဖျဖို့ လာတာဆိုရင်တော့ ပြန်လိုက်ပါတော့။”
မုချင်းလန်သည် ကောင်းကင်မီးမျိုးနွယ်၏ မင်းသမီးတစ်ပါး ဖြစ်ပြီး တစ်သက်လုံး အိမ်ထောင်မပြုပဲ နေထိုင်ခဲ့သည်။ နောက်ဆုံးတွင် တော်ဝင်မိသားစုဝင် အများစု သေဆုံးသွားသဖြင့် သူမသည် မိသားစု အကြီးအကဲ ဖြစ်လာခဲ့သည်။
ထိုစဉ်က ကောင်းကင်မီးမျိုးနွယ်သည် ဧကရာဇ် အမြောက်အမြား၏ လက်ချက်ဖြင့် မျိုးပြုတ်လုနီးပါး ဖြစ်ခဲ့သော်လည်း ကံကောင်းထောက်မစွာဖြင့် ကောင်းကင်ဧကရာဇ် အချိန်မီ ရောက်ရှိလာခဲ့သည်။ ထို့နောက် ကောင်းကင်ဧကရာဇ်သည် ဧကရာဇ်များကို အနိုင်ယူပြီး တောင်ဝင်တောင်တန်းနယ်မြေသို့ ခေါ်ဆောင်လာကာ နေထိုင်စရာ နယ်မြေအသစ် ပေးခဲ့သည်။
မုချင်းလန်သည် ကောင်းကင်ဧကရာဇ်ကို အလွန် ကျေးဇူးတင်နေပြီး ကျေးဇူးဆပ်ရန် အမြဲ ဆန္ဒရှိခဲ့သည်။ ကံမကောင်းစွာဖြင့် ကောင်းကင်ဧကရာဇ် ထွက်ခွာသွားသည်မှာ နှစ်သောင်းချီ ကြာမြင့်နေပြီဖြစ်ရာ ဤတစ်သက် သူ တောင်ဝင်တောင်တန်းနယ်မြေသို့ ပြန်လာနိုင်မလား ဆိုတာ မသေချာပေ။
သို့သော် ကောင်းကင်ဧကရာဇ် ပြန်မလာတော့လျှင်ပင် ကောင်းကင်မီး နိုင်ငံတော်က ကောင်းကင်ဧကရာဇ်ကို သစ္စာဖောက်ခြင်းအား သူမ ခွင့်မပြုနိုင်ပေ။
အခြားကမ္ဘာမှ လူများကို ကောင်းကင်မီး ကမ္ဘာထဲသို့ ခေါ်ဆောင်လာသည့် မုကျန့်ချင်း၏ လုပ်ရပ်ကို သူမ နားလည်ပေးနိုင်သဖြင့် မတားမြစ်ခဲ့ပေ။
သို့သော် ကောင်းကင်မီး နိုင်ငံတော်က တောင်ဝင်တောင်တန်းနယ်မြေ အရှင်သခင်ကို သစ္စာခံပြီး လက်အောက်ခံ ဖြစ်လာမည့် ကိစ္စကိုတော့ သူမ လုံးဝ သဘောမတူနိုင်ပေ။
သူမတွင် သခင်တစ်ဦးတည်းသာ ရှိသည်။
ထိုအချိန်တွင် မုကျန့်ချင်းက တည်ငြိမ်စွာ မေးလိုက်သည်။
“ ကောင်းကင်ဧကရာဇ်ရဲ့ သတင်းကို အကြီးအကဲ မသိချင်ဘူးလား။”
ထိုစကားကြောင့် မုချင်းလန်၏ ခန္ဓာကိုယ်မှ ဓားစွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာပြီး ဝါးတောတစ်ခုလုံးကို ချက်ချင်း ဖျက်ဆီးပစ်လိုက်သည်။
မုချင်းလန်က မုကျန့်ချင်း၏ မျက်လုံးများကို စိုက်ကြည့်ကာ
“ဘာသဘောလဲ”
မုကျန့်ချင်းလည်း ဖုံးကွယ်မထားတော့ပဲ
“ကောင်းကင်ဧကရာဇ်က ကျွန်တော့်ဆီ သတင်းပို့လာတယ်... သူက အခု တောင်ဝင်တောင်တန်း ကြယ်နယ်မြေ အနီးက ဖရိုဖရဲကြယ်ပင်လယ်လို့ ခေါ်တဲ့ နေရာမှာ ရှိနေပါတယ်။”
မုကျန့်ချင်း၏ အဖြေကို ကြားသောအခါ နှစ်ပေါင်းများစွာ အေးစက်နေသော မုချင်းလန်၏ နှလုံးသား ရူးမတတ် ခုန်လှုပ်လာသည်။
ကောင်းကင်ဧကရာဇ် ပြန်လာပြီ...
သူမ နားကို သူမ မယုံနိုင်အောင် ဖြစ်နေရသည်။
သို့သော် မုချင်းလန်က လျင်မြန်စွာ တည်ငြိမ်မှု ပြန်ယူလိုက်ပြီး
“ဖရိုဖရဲကြယ်ပင်လယ် ဟုတ်လား... အဲဒီနေရာကို ငါ ဘာလို့ မကြားဖူးရတာလဲ။”
သူတော်စင်တစ်ပါးဖြစ်သော သူမသည် တောင်ဝင်တောင်တန်းနယ်မြေ အနီးတစ်ဝိုက်ရှိ ကြယ်နယ်မြေ အားလုံးသို့ သွားရောက်ဖူးသော်လည်း ဖရိုဖရဲကြယ်ပင်လယ်ဟု ခေါ်သော ကြယ်နယ်မြေကိုတော့ မကြားဖူးပေ။
မုကျန့်ချင်းက တွန့်ဆုတ်မနေပဲ လုချန်း ပြသခဲ့သည့် ကြယ်မြေပုံကို မှတ်တမ်းတင်ထားသည့် အရိပ်ဖမ်းကျောက်တုံးကို ထုတ်လိုက်သည်။
ကြယ်မြေပုံ ပေါ်လာသောအခါ မုကျန့်ချင်းက လွတ်နေသော နေရာတစ်ခုကို ညွှန်ပြပြီး
“အဲ့ဒီနေရာက ဖရိုဖရဲကြယ်ပင်လယ်ပါ”
မုချင်းလန်က
“မဖြစ်နိုင်ဘူး... ငါ အဲ့ဒီနေရာကို ရောက်ဖူးတယ်... ဘာမှမရှိတဲ ဟင်းလင်းပြင်ကြီးပဲ ရှိတာ။”
မုကျန့်ချင်းက
“ဒါက ကောင်းကင်ဧကရာဇ် ပေးလိုက်တဲ့ ကြယ်မြေပုံပါ... ကောင်းကင်ဧကရာဇ်က အမှားလုပ်မယ်လို့ မထင်ပါဘူး။”
မုကျန့်ချင်းက
“အဲဒီ ကြယ်နယ်မြေရဲ့ အတွင်းပိုင်းအထိ အကြီးအကဲ ဝင်ကြည့်ဖူးလား။”
ထိုမေးခွန်းကို ကြားသောအခါ မုချင်းလန် အနည်းငယ် ကြောင်သွားသည်။ သူမ အတွင်းပိုင်းအထိ မဝင်ကြည့်ခဲ့ဖူးသည်ကတော့ အမှန်ပင်။ ထိုနေရာကို အဆုံးမဲ့ ဟင်းလင်းပြင် သို့မဟုတ် အမှောင်နယ်မြေဟု သူမ ယူဆခဲ့ပြီး အနားမကပ်ခဲ့ပေ။
အချို့သော အမှောင်နယ်မြေများသည် သူတော်စင်များအတွက်ပင် အလွန် အန္တရာယ်များသည်။ ထိုအချိန်က သူမသည် သူတော်စင်အဆင့်သို့ ရောက်ရှိခါစ ဖြစ်သဖြင့် စွန့်စားမှု မပြုလုပ်ခဲ့ပေ။ ထိုအချိန်မှစ၍ ထိုနေရာသို့ ထပ်မသွားဖြစ်တော့ပေ။
အဆုံးမဲ့ ဟင်းလင်းပြင်ဟု သိထားသဖြင့် ဆက်လက်စူးစမ်းရန်လည်း အကြောင်းမရှိတော့ချေ။
မုကျန့်ချင်းက
“ကျွန်တော့်ဆီမှာ နောက်ထပ် သတင်းတစ်ခု ရှိပါသေးတယ်။”
မုချင်းလန်က မျက်မှောင်အနည်းငယ် ကြုတ်ကာ
“ပြောပါ”
“ကောင်းကင်ဧကရာဇ်က ပြန်လည်ဝင်စားမွေးဖွားထားတာ ဖြစ်ဖို့များပါတယ်... သူ့ရဲ့ စွမ်းအားကို အပြည့်အဝ ပြန်မရသေးပါဘူး။”
ထိုစကားကို ကြားသောအခါ မုချင်းလန် မျက်ခုံးတွန့်သွားသည်။
မုကျန့်ချင်းက
“ကောင်းကင်ဧကရာဇ် ထွက်သွားတုန်းက ကျွန်တော် ငယ်သေးတယ်... ဒါပေမဲ့ တစ်ခုခု ဖြစ်ခဲ့ရင် ပြန်ဝင်စားမွေးဖွားလာနိုင်တယ်လို့ ကောင်းကင်ဧကရာဇ်က မှာခဲ့တဲ့ကြောင်း ဖခင် ပြောပြတာကို ကြားဖူးပါတယ်။”
မုကျန့်ချင်း သိပ်မသိသော်လည်း မုချင်းလန် သိလိမ့်မည်ဟု ယုံကြည်ထားသည်။ ကောင်းကင်ဧကရာဇ် ထွက်ခွာစဉ်က သူမ ကိုယ်တိုင် လိုက်ပို့ခဲ့သောကြောင့် ဖြစ်သည်။
မုချင်းလန်က
“သူကအခု ပြန်ဝင်စားမွေးဖွားလိုက်ပြီပေါ့... ပြင်ပနယ်မြေက တကယ်ပဲ အန္တရာယ်များလွန်းလို့ သူလို စွမ်းအားကြီးတဲ့လူတောင် ကျဆုံးခဲ့ရတာလား။”
သတိပြန်ဝင်လာပြီးနောက် မုချင်းလန်က “သူ ဘာပြောခဲ့သေးလဲ”
မုကျန့်ချင်းက
“ယုံကြည်စိတ်ချရတဲ့ လူတွေကို ဖရိုဖရဲကြယ်ပင်လယ်ဆီ လွှတ်ပေးဖို့ ကောင်းကင်ဧကရာဇ်က ခိုင်းထားပါတယ်။”
မုကျန့်ချင်း၏ ဆိုလိုရင်းကို မုချင်းလန် ချက်ချင်း နားလည်လိုက်သည်။ ဝင်စားမွေးဖွားပြီးနောက် ကောင်းကင်ဧကရာဇ်၏ စွမ်းအားမှာ ယခင်ကကဲ့သို့ မကြီးနိုင်ပေ။
ဧကရာဇ်အဆင့် ပြန်ရောက်ရန် အချိန်ကြာဦးမည်ဖြစ်ပြီး ရန်သူဟောင်းများသာ သိသွားပါက လာရောက်သတ်ဖြတ်ကြပေလိမ့်မည်။ ထို့ကြောင့် သူမကို ကာကွယ်ပေးစေလိုခြင်း ဖြစ်သည်။
မုချင်းလန်က
“ကောင်းပြီ... နားလည်ပြီ”
စကားဆုံးသည်နှင့် မုချင်းလန်၏ ခန္ဓာကိုယ် ပျောက်ကွယ်သွားတော့သည်။ သူမ မေ့လုနီးပါး ဖြစ်နေသော ထိုအမျိုးသား၏ မျက်နှာကို သူမ အလွန်တွေ့ချင်နေပြီ ဖြစ်သည်။
မုချင်းလန် ပျောက်ကွယ်သွားသည်ကို မြင်သောအခါ မုကျန့်ချင်း သက်ပြင်းချလိုက်သည်။
အကြီးအကဲ ဘာတွေ တွေးနေလဲဆိုတာ သူ ဘယ်လိုလုပ် မသိပဲနေမလဲ။
သို့သော် ကောင်းကင်ဧကရာဇ်သည် ကောင်းကင်ဧကရာဇ်သာ ဖြစ်သည်။ သူတို့ချင်း အတူ ရှိနေရန် ကံပါမလာခဲ့ပေ။
သူ ပြန်လည်ဝင်စားမွေးဖွားပြီးချိန်တွင် စွမ်းအားပြန်လည်ရရှိရန်သာ အာရုံစိုက်ထားမည်ဖြစ်သဖြင့် အချစ်ရေးကို ဂရုစိုက်နိုင်မည် မဟုတ်ပေ။ သူတို့ အကြီးအကဲအတွက် တော့ တစ်ဖက်သတ်အချစ်နှင့်သာ နေရဖို့ ကံပါလာပုံရသည်။
မုကျန့်ချင်းလည်း ဆက်မတွေးတော့ပဲ သင်္ချိုင်းမြေမှ ထွက်ခွာလာကာ ကောင်းကင်ဧကရာဇ်ထံ ပေးပို့ရမည့် ပစ္စည်းများကို စတင်ပြင်ဆင်လိုက်သည်။
ကောင်းကင်ဧကရာဇ် ပြန်လည်ဝင်စားမွေးဖွားလာသည်မှာ မကြာသေးသဖြင့် ကျင့်စဉ်အရင်းအမြစ်များ လိုအပ်မည်ဟု တွေးမိကာ ဖရိုဖရဲကြယ်ပင်လယ်သို့ ပို့ဆောင်ရန် စီစဉ်လိုက်သည်။
သို့သော် ဖရိုဖရဲကြယ်ပင်လယ်သည် တောင်ဝင်တောင်တန်း ကြယ်နယ်မြေနှင့် နီးကပ်နေပါလျက် အဘယ်ကြောင့် သူ တန်းမလာသနည်းဟု မုကျန့်ချင်း စူးစမ်းလိုစိတ် ဖြစ်မိသည်။
ဧကရာဇ်တစ်ပိုင်းအဆင့်ရှိသော တောင်ဝင်တောင်တန်းနယ်မြေ အရှင်သခင်ကြောင့်များလား။
……
အချိန်နေရာ ကြေးမုံကို အသုံးပြုပြီး မုကျန့်ချင်းနှင့် ဆက်သွယ်ပြီးနောက် ကျင့်စဉ်ကိုသာ လုချန်း အာရုံစိုက်လိုက်သည်။ ဘဝသံသရာကျောက်တုံး၏ ဒုတိယအလွှာ ချိပ်ပိတ်ကို ဖွင့်ပြီး သူ့တွင် မည်သည့်မှတ်ဉာဏ်များ ကျန်ရှိသေးသည်ကို လုချန်းအလွန် သိချင်နေသည်။
သို့သော် သူ၏ ကျင့်စဉ်အဆင့်က တက်လှမ်းရန် ခက်ခဲလာသည်။ ထျန်းချန်ကမ္ဘာသို့ ပြန်သွားပြီး ဇနီးသည်များနှင့်အတူ ဖီးနစ်တစ်ရာ ဂါရဝပြုကျင့်စဉ် ဆက်လက်ကျင့်ကြံဖို့ အခွင့်အရေး ရှာသင့်သည်ဟု လုချန်း တွေးလိုက်သည်။
သို့မှသာ ဇနီးသည်များ၏ ကျင့်စဉ်အဆင့် တိုးတက်လာသည်နှင့်အမျှ သူလည်း အကျိုးကျေးဇူး ပြန်လည်ရရှိပြီး စွမ်းအားတိုးတက်မှု မြန်ဆန်လာပေလိမ့်မည်။