တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံကို ပထမဆုံးအကြိမ် အသုံးပြုခြင်း
Vol. 80 Ch. 1193
လုချန်း၏ စကားကို ကြားသောအခါ မူလက ခံစားချက်ကင်းမဲ့နေသော ထျန်းဟုန်ဧကရီ၏ မျက်နှာ၌ မသိမသာ ပြောင်းလဲမှုတစ်ခု ပေါ်လာသည်။ သူမ အနည်းငယ် အံ့သြသွားပုံရ၏။
ထျန်းဟုန်ဧကရီ၏ မျက်နှာကို လုချန်း စိုက်ကြည့်နေခဲ့သဖြင့် သူမ၏ မျက်နှာထား ပြောင်းလဲသွားသည်ကို သေချာ သတိထားမိလိုက်သည်။
သူ ထင်ထားသည့်အတိုင်းပင် ဖေးဟုန်နတ်လှေ၏ဝိညာဉ်သည် လူသားများနှင့် မခြားနားသော ဉာဏ်ရည်ကို ပိုင်ဆိုင်ထားပုံရသည်။
သူမ ထိုအချက်ကို အမြဲ ဖုံးကွယ်ထားခဲ့သည်။
သူမ အဘယ်ကြောင့် ဖုံးကွယ်ထားရတာလဲ ဆိုတာကို သူ နားမလည်ပေ။ သူက အဲဒီလောက်တောင် ကြောက်စရာကောင်းနေလို့လား။
ဤအချိန်တွင် ထျန်းဟုန်ဧကရီစိတ်ထဲ လုချန်း၏ စကားများကို ယုံကြည်ရန် ခက်ခဲနေသည်။ သူမအတွက် ရုပ်ခန္ဓာတစ်ခု ဖန်တီးပေးမည်ဟု ဤလူက တကယ် ပြောလိုက်တာလား။
သူမသာ ရုပ်ခန္ဓာ ရရှိသွားပါက သေဆုံးခြင်းမှ ပြန်လည်ရှင်သန်လာမည်ဟု ဆိုလိုရာမရောက်ဘူးလား။
သူက သူတော်စင်တစ်ပါးတောင် မဟုတ်သေးပဲ ထိုကဲ့သို့ စွမ်းဆောင်နိုင်စွမ်း တကယ်ရှိလို့လား။ ထျန်းဟုန်ဧကရီ၏ စိတ်ထဲ သံသယများဖြင့် ပြည့်နှက်နေသည်။
ဒီလူက သူမကို လှည့်စားဖို့ ကြိုးစားနေတာများလား။
ထိုသို့ ဖြစ်နိုင်ခြေရှိသည်ဟု တွေးတောမိပြီးနောက် ထျန်းဟုန်ဧကရီသည် လုချန်း ဘာပြောနေသလဲ ဆိုတာကို နားမလည်သကဲ့သို့ ဆက်လက် ဟန်ဆောင်နေလိုက်သည်။ ထျန်းဟုန်ဧကရီက ပြန်လည်တုံ့ပြန်ခြင်း မရှိသည်ကို မြင်သောအခါ လုချန်း ဆွံ့အသွားသည်။
သူမ၏ မျက်နှာထား ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသော်လည်း ယခု သူမက နားမလည်ချင်ယောင် ဆောင်နေပြန်သည်။ လှေဝိညာဉ် ဘာတွေ တွေးနေလဲဆိုတာ သူ တကယ် မသိတော့ချေ။
သူ့ကို အရူးတစ်ယောက်လို့ မှတ်ယူထားတာလား။
မည်သို့ပင်ဆိုစေကာမူ သူသည် အနည်းဆုံးတော့ သူမ၏ သခင် ဖြစ်သင့်သည် မဟုတ်ပါလား။
သို့သော် သူမက သူ့ကို အလွန်သတိထားနေသည်။
ထားလိုက်ပါတော့...
ထျန်းချန်ကမ္ဘာကို ပြန်ရောက်ပြီးရင် သူမအတွက် ရုပ်ခန္ဓာ ဖန်တီးပေးလိုက်မယ်။
အဲ့ဒီအခါကျရင် သူမ ဘယ်လို ဆက်ဟန်ဆောင်မလဲဆိုတာ ကြည့်ရသေးတာပေါ့။
ထိုသို့ တွေးပြီးနောက် လုချန်း လှည့်ထွက်သွားပြီး ဆက်လက်ကျင့်ကြံရန် ခန်းမကြီးထဲသို့ ပြန်သွားလိုက်သည်။
လုချန်း ထွက်ခွာသွားသည်ကို မြင်သောအခါ ထျန်းဟုန်ဧကရီ မျက်မှောင် ချက်ချင်း ကြုတ်သွားသည်။ လုချန်း၏ စကားများကို ယုံကြည်ရန် ခက်ခဲနေဆဲ ဖြစ်သော်လည်း ယခင်က ကြားခဲ့ရသည့် အမျိုးသမီး၏ အသံကို သူမ ပြန်သတိရလိုက်သည်။
သူမ မကြာခင် ပြန်လည်ရှင်သန်လာတော့မည်ဟု ထိုအမျိုးသမီးက ပြောခဲ့သည်။ ထိုစကားသာ မှန်ကန်ပါက လုချန်း၌ သူမကို ပြန်လည်ရှင်သန်စေနိုင်သော စွမ်းအား တကယ်ရှိနေသည်ဟု ဆိုလိုခြင်းလား။
သို့သော် လုချန်းသည် လက်ရှိတွင် ပြန်လည်ပျက်စီးခြင်းအဆင့်၌သာ ရှိသေးသည်။ လုချန်းသည် ယခင်ဘဝက မဟာဧကရာဇ် ဖြစ်ခဲ့လျှင်ပင် ကျင့်ကြံခြင်းအဆင့်တစ်ခု ပြန်လည်မရရှိသေးပါက မဟာဧကရာဇ်၏ စွမ်းအားကို ထုတ်ဖော်နိုင်မည် မဟုတ်ပေ။
မဟာဧကရာဇ်၏ အင်အားမရှိပဲ လူတစ်ယောက်ကို သူ မည်သို့ ပြန်လည်ရှင်သန်စေနိုင်မည်နည်း။
သိပ်အများကြီး တွေးနေစရာ မလိုတော့ကြောင်း သူမ ဆုံးဖြတ်လိုက်သည်။ အချိန်တစ်ခုအတွင်း လုချန်း၌ စွမ်းရည် ရှိမရှိ သူမ သိလာရမည် ဖြစ်သည်။
သူမ တကယ် ပြန်လည်ရှင်သန်လာခဲ့လျှင်...
ထိုအတွေးကြောင့် ထျန်းဟုန်ဧကရီ မျက်မှောင်ထပ်ကြုတ်သွားပြီး သူမ၏ မျက်နှာထားလည်း အလွန် လေးနက်သွားသည်။
သူမ တကယ် ပြန်လည်ရှင်သန်လာပါက ဘာဆက်လုပ်သင့်သနည်း။
လုချန်းကို ထားခဲ့ပြီး သူမလမ်း သူမ ဆက်လျှောက်သင့်သလား။ သို့မဟုတ် လှေဝိညာဉ်အဖြစ် ဆက်လက် ဟန်ဆောင်ပြီး ဤလူ၏ ဘေးနားတွင် ဆက်နေသင့်သလား။
လုချန်းသာ သူမကို တကယ် ပြန်လည်ရှင်သန်စေခဲ့လျှင် ကြီးမားသော ကံတရား အကျိုးဆက်တစ်ခုနှင့် သူမ မလွဲမသွေ ငြိတွယ်သွားမည် ဖြစ်သည်။ လုချန်းကို ထားခဲ့ရန်က ထင်သလောက် ရိုးရှင်းမည် မဟုတ်ပေ။
တစ်ဆင့်ချင်းသာ သွားရန် ထျန်းဟုန်ဧကရီ နောက်ဆုံးတွင် ဆုံးဖြတ်လိုက်သည်။ မည်သို့ပင်ဆိုစေ လုချန်း သူမကို ပြန်လည်ရှင်သန်စေနိုင်မလား ဆိုတာက မသေချာသေးပေ။
ယခု အများကြီး ကြိုတွေးနေစရာ မလိုပေ။ လုချန်း၌ သူမကို ပြန်လည်ရှင်သန်စေနိုင်စွမ်း မရှိပါက ဘာတွေကြိုတွေးတွေး အရေးမပါပေ။
လအနည်းငယ် ကြာပြီးနောက် ထျန်းချန်ကမ္ဘာသို့ လုချန်း ပြန်ရောက်လာသည်။ ဤတစ်ကြိမ် ထျန်းချန်ကမ္ဘာသို့ ပြန်ရောက်သောအခါ သူ၏ ချစ်လှစွာသော ဇနီးသည်များကို ချက်ချင်း သွားမရှာပဲ မြေကွက်လပ်တစ်ခုကို ရွေးချယ်ကာ တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံကို စတင်တည်ဆောက်လိုက်သည်။
လုချန်း ပြန်ရောက်လာသည်ကို ယွမ်ရှန်ရှန် အာရုံခံမိလိုက်သည်။ သူက ဇနီးမယားများကို သွားမရှာပဲ ကျွန်းတစ်ကျွန်းဆီသို့ သွားသည်ကို သူမ တွေ့လိုက်ရသည်။
လုချန်း ဘာလုပ်မလဲ ဆိုသည်ကို သူမ အလွန်သိချင်နေသဖြင့် သူရှိရာ ကျွန်းသို့ လိုက်သွားလိုက်သည်။
ဤအချိန်တွင် လုချန်းသည် စိတ်ဝိညာဉ်ကျောက်တုံး အမြောက်အမြားကို ထုတ်ယူကာ နည်းဗျူဟာပုံစံ တည်ဆောက်ရန် ပြင်ဆင်နေပြီ ဖြစ်သည်။ ရုတ်တရက် ယွမ်ရှန်ရှန်၏ အသံ နောက်ကျောဘက်မှ ထွက်ပေါ်လာသည်။
“အံ့သြစရာပဲ...... ပြန်ရောက်ရောက်ချင်း ပထမဆုံးလုပ်တဲ့အလုပ်က ရှင့်ရဲ့ ဇနီးတွေကို ရှာပြီး စုံတွဲကျင့်စဉ် ကျင့်ကြံတာ မဟုတ်ဘူးပေါ့။”
အရင်ကသာဆိုလျှင် ထျန်းချန်ကမ္ဘာသို့ လုချန်း ပြန်မလာတာ ကြာပြီဆိုပါက ပြန်ရောက်သည်နှင့် သူ၏ ဇနီးများကို သွားရောက်တွေ့ဆုံပြီး တစ်ဦးချင်းစီနှင့် အချိန်ကုန်ဆုံးလေ့ရှိသည်။
ယွမ်ရှန်ရှန်၏ အသံကို ကြားသော်လည်း လုချန်း လှည့်မကြည့်ခဲ့ပေ။ သူက လက်ကို မြှောက်ပြီး စိတ်ဝိညာဉ်စွမ်းအားများ ထုတ်လွှတ်ကာ မြေပြင်ပေါ်ရှိ စိတ်ဝိညာဉ်ကျောက်တုံး အားလုံးကို လေထဲသို့ မြှောက်တင်လိုက်သည်။ နည်းဗျူဟာပုံစံ တည်ဆောက်နေရင်း သူက ပြောလိုက်သည်။
“မလောပါနဲ့... နည်းဗျူဟာပုံစံ တည်ဆောက်ပြီးတာနဲ့ မင်းတို့အားလုံးနဲ့အတူ အချိန်ကောင်းတွေ ဖြတ်သန်းပေးမှာပါ။”
ယွမ်ရှန်ရှန် လုချန်းဘေးသို့ ရောက်လာပြီး ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံးပုံကို စူးစိုက်ကြည့်ကာ
“ဒီလောက်များတဲ့ ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံးတွေကို ရှင် ဘယ်က ရတာလဲ။”
အရိုင်းကြယ်နယ်မြေ တစ်ခုဖြစ်သော ဖရိုဖရဲကြယ်ပင်လယ်တွင် ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး ဒီလောက်များများ ရှိနေဖို့က လုံးဝ မဖြစ်နိုင်ပေ။ ထို့ကြောင့် လုချန်းသည် ဖရိုဖရဲကြယ်ပင်လယ်မှ ထွက်ခွာပြီး အခြား ကြယ်နယ်မြေများသို့ သွားခဲ့သလားဟု ယွမ်ရှန်ရှန် သံသယဝင်သွားသည်။
လုချန်းက
“လွန်ခဲ့တဲ့ဘဝက မိတ်ဆွေတစ်ယောက် ကိုယ့်ဆီ ပို့ပေးလိုက်တာပါ။”
လုချန်း၏ ယခင်ဘဝက ဂုဏ်အရှိန်ကြီးမားသော အဆင့်အတန်းဖြင့်ဆိုလျှင် ဤ ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံးများသည် သူ့အတွက် ဘာမှမဟုတ်ကြောင်း ယွမ်ရှန်ရှန် သဘောပေါက်လိုက်သည်။
သို့သော် ပြောရမည်ဆိုလျှင် ယခင်ဘဝက မိတ်ဆွေများ သူ့ကို ရှာတွေ့ခဲ့ပြီ ဆိုပါက ယခင်ဘဝက ရန်သူများလည်း သူ ဖရိုဖရဲကြယ်ပင်လယ်တွင် ရှိနေကြောင်း သိရှိပြီးလောက်ပေပြီ။
မကြာမီအချိန်အတွင်း သူ၏ ယခင်ဘဝက ရန်သူဟောင်းများ တံခါးလာခေါက်ကြပေလိမ့်မည်။
ထိုအကြောင်း တွေးမိပြီးနောက် နည်းဗျူဟာပုံစံကို အာရုံစိုက် စီစဉ်နေသော လုချန်းကို ယွမ်ရှန်ရှန် ကြည့်လိုက်သည်။ ထိုအချိန်တွင် လုချန်းသည် အလွန် အေးဆေးတည်ငြိမ်နေပုံရပြီး သူ၏ အဖြူရောင် ဝတ်စုံသည် လေထဲ တလွင့်လွင့် ဖြစ်နေကာ လူ့ပြည်သို့ ဆင်းသက်လာသော နတ်တစ်ပါးနှင့် တူနေသည်။
ဒီကျေးဇူးကန်းတဲ့ တပည့်မှာ ယခင်ဘဝက ရန်သူတွေကို ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ စွမ်းရည် ရှိလောက်ပါတယ်....
ဘေးအန္တရာယ်နှင့် ကြုံတွေ့ရတိုင်း အန္တရာယ်ကို အခွင့်အရေးအဖြစ် ပြောင်းလဲနိုင်စွမ်း သူ့မှာ အမြဲ ရှိတတ်သည်။ သူ့မှာ လျှို့ဝှက်လက်နက်တွေ အများကြီး ရှိဦးမည်။ သူမ အရမ်းကြီး စိုးရိမ်နေစရာ မလိုပေ။
ထိုအတွေးဖြင့် ယွမ်ရှန်ရှန် စကားဆက်မပြောတော့ပဲ ဘေးတွင် တိတ်ဆိတ်စွာ ရပ်လျက် လုချန်း နည်းဗျူဟာပုံစံ တည်ဆောက်နေသည်ကို ကြည့်နေလိုက်သည်။
မည်သည့် နည်းဗျူဟာပုံစံ တည်ဆောက်နေကြောင်း လုချန်း မပြောခဲ့သဖြင့် ပင်လယ်ပြင်သို့ သီးသန့်လာရောက် တည်ဆောက်ရလောက်အောင် မည်သည့် နည်းဗျူဟာပုံစံမျိုး ဖြစ်သနည်းဟု ယွမ်ရှန်ရှန် သိချင်နေသည်။
ဤအချိန်တွင် ကောင်းကင်ရှိ စိတ်ဝိညာဉ်ကျောက်တုံးများ ပြန်လည်ကျဆင်းလာပြီး အဝေးရှိ မြေပြင်ပေါ်၌ စက်ဝိုင်းပုံစံ စင်မြင့်တစ်ခု ဖြစ်ပေါ်လာသည်။ မကြာမီတွင် စိတ်ဝိညာဉ်ကျောက်တုံးများ စုပုံလာပြီး ကြီးမားသော တံခါးပေါက်ကြီးတစ်ခု ဖြစ်လာသည်။
တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံ တည်ဆောက်ပြီးစီးသွားသောအခါ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး နောက်တစ်ခဏ၌ ထျန်းချန်ကမ္ဘာ၏ ကံတရားစွမ်းအားများ သိသိသာသာ မြင့်တက်လာသည်။
ထျန်းချန်ကမ္ဘာ၏ ကံတရားစွမ်းအား ပြင်းထန်လာသည်နှင့်အမျှ ကမ္ဘာ၏ ကံကောင်းခြင်း စွမ်းအားများသည် ကျင့်ကြံသူများ၏ ခန္ဓာကိုယ်များအပေါ် သက်ရောက်မှု ရှိလာသည်။ ထျန်းချန်ကမ္ဘာရှိ ကျင့်ကြံသူအားလုံးသည် သူတို့၏ ကျင့်ကြံခြင်းအဆင့်တို့းတက်မှု မြန်ဆန်လာသည်ကို ခံစားလိုက်ရပြီး အဆင့်တက်ရန် ပိတ်ဆို့နေသော အခြေအနေနှင့် ကြုံတွေ့နေရသူ အများအပြားလည်း ဤအချိန်တွင် အဆင့်ချိုးဖျက်နိုင်ခဲ့ကြသည်။
သူ့ရှေ့ရှိ တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံကို ကြည့်ရင်း လုချန်း အံ့သြသွားသည်။ တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံတစ်ခု ဖန်တီးရုံမျှဖြင့် ထျန်းချန်ကမ္ဘာ၏ ကံတရားစွမ်းအား ဤမျှ ကြီးမားစွာ တိုးတက်လာလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။
ယွမ်ရှန်ရှန် သတိပြန်ဝင်လာပြီး တိုက်ရိုက် မေးလိုက်သည်။
“ဒါက ဘယ်လို နည်းဗျူဟာပုံစံမျိုးလဲ”
လုချန်းက
“သူတော်စင်အဆင့် တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံပါ”
ယွမ်ရှန်ရှန် ခဏကြာ ကြောင်အ သွားသည်။ တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံ ဆိုသည်မှာ ကမ္ဘာအတွင်း နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာ ပုံစံများသာ ဖြစ်သည်။ သူတော်စင်အဆင့် တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံ အကြောင်းကို ယခုမှ ပထမဆုံး ကြားဖူးခြင်း ဖြစ်သည်။ ယွမ်ချင်းရှု၏ မှတ်ဉာဏ်များ ရရှိထားသော်လည်း ထိုကဲ့သို့ အရာမျိုးကို သူမ တစ်ခါမှ မကြားဖူးပေ။
ဤအချိန်တွင် လုချန်းက ယွမ်ရှန်ရှန်ဘက်သို့ ခေါင်းလှည့်ကာ ပြုံးလျက်
“ဒီစကြာဝဠာထဲမှာ သူတော်စင်အဆင့် တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံ ရှိတဲ့ ဘယ်နေရာကိုမဆို ကိုယ်တို့ ချက်ချင်း ရောက်နိုင်တယ်။”
ယွမ်ရှန်ရှန်၏ စိတ်များ ခဏခန့် ဗလာဖြစ်သွားပြီး လုချန်းကို မယုံကြည်နိုင်စွာ စိုက်ကြည့်ကာ မေးလိုက်သည်။
“ရှင်..... နောက်နေတာ မဟုတ်ပါဘူးနော်”
လုချန်းက ခပ်အေးအေး ပြောလိုက်သည်။
“အခု စမ်းကြည့်လိုက်ရင် သိရမှာပေါ့”
ထိုသို့ပြောပြီးနောက် တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံ၏ တံခါးပေါက်ဆီသို့ လုချန်း လျှောက်သွားလိုက်သည်။ နောက်တစ်ခဏ၌ လူတစ်ယောက်ကို စုပ်ယူတော့မည့်အလား တံခါးပေါက် အလယ်ဗဟိုတွင် အနက်ရောင် ဝဲဂယက်တစ်ခု ပေါ်လာသည်။
လုချန်းက တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံ တံခါးပေါက်ဆီသို့ လျှောက်သွားသည်ကို မြင်သောအခါ ယွမ်ရှန်ရှန်သည် ခြေလှမ်းအနည်းငယ် လှမ်းကာ လုချန်း၏ ဘေးနားသို့ လိုက်သွားလိုက်သည်။
တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံကို ပထမဆုံးအကြိမ် အသုံးပြုခြင်း ဖြစ်သောကြောင့် လုချန်းလည်း လုံးဝ စိတ်မချသေးပေ။ ထို့ကြောင့် ယွမ်ရှန်ရှန်၏ လက်ကို ဆုပ်ကိုင်ထားလိုက်သည်။ ထိုသို့ပြုလုပ်မှသာ ရွှေ့ပြောင်းခြင်း လမ်းကြောင်းအတွင်း ပြဿနာ တစ်စုံတစ်ရာ ကြုံတွေ့ရပါက သူတို့ ကွဲကွာသွားမည် မဟုတ်ပေ။