ဘယ်တော့ လှုပ်ရှားဖို့ စဉ်းစားထားလဲ
Vol. 80 Ch. 1198
အစေခံကိုင်ထားသည့် လက်ဖက်ခြောက်ကို မုချင်းလန် မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။
“နင်ကိုင်ထားတာ ဉာဏ်အလင်းပွင့်လက်ဖက်ခြောက်ဆိုတာ သေချာရဲ့လား။”
ဉာဏ်အလင်းပွင့်လက်ဖက်ခြောက်ဆိုသည်က အလွန်တန်ဖိုးရှိသည်။ တစ်ရွက်ပိုင်ဆိုင်ထားရုံဖြင့်ပင် အလွန် ထူးခြားနေပြီဖြစ်သည်။ ယခု ဤအစေခံ၌ တစ်ထုပ်လုံး ရှိနေပေသည်။
ဒါက ဉာဏ်အလင်းပွင့်လက်ဖက်ခြောက် အစစ်မဟုတ်တာ ရှင်းနေသည်။ သို့မဟုတ် အနည်းဆုံးတော့ သူမသိထားသည့် အမျိုးအစား မဟုတ်ချေ။
အစေခံက
“ဒါက နန်းတွင်းက မိဖုရားတွေ အမြဲသောက်တဲ့ ဉာဏ်အလင်းပွင့်လက်ဖက်ခြောက်ပါ။ ကျင့်စဉ်တိုးတက်နှုန်းကို မြန်စေပါတယ်။”
အစေခံ၏ စကားကို ကြားသောအခါ ၎င်းသည် သူမသိထားသည့် ဉာဏ်အလင်းပွင့်လက်ဖက်ခြောက် မဟုတ်ကြောင်း မုချင်းလန် အတော်လေး သေချာသွားသည်။ ဒါက ကျင့်စဉ် တိုးတက်နှုန်းကို မြှင့်တင်ပေးသော သာမန် စိတ်ဝိညာဉ်လက်ဖက်ခြောက် တစ်မျိုးသာ ဖြစ်လောက်၏။
မည်သို့ပင်ဖြစ်စေ ဒါက ကောင်းကင်ဧကရာဇ်၏ ကျင့်ကြံဖော်ထံမှ လက်ဆောင်တစ်ခု ဖြစ်နေသည်။ သိပ် မကောင်းလျှင်ပင် သူမ လက်ခံရပေမည်။ မည်သို့ဆိုပင်စေ ဒါက စေတနာတစ်ခု ဖြစ်သည်မဟုတ်ပါလား။
ဤသို့တွေးရင်း မုချင်းလန် သူမ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ ဉာဏ်အလင်းပွင့်လက်ဖက်ခြောက်ဟုဆိုသော အထုပ် သူမလက်ထဲသို့ ရောက်ရှိလာ၏။ ထို့နောက် အစေခံကို ခပ်အေးအေး ပြောလိုက်သည်။
“မိဖုရားကြီးဝူကို ငါ့အစား ကျေးဇူးတင်စကား ပြောပေးပါ။”
အစေခံက ရိုသေစွာပင်
“ဟုတ်ကဲ့ပါ သခင်မ။ ကျွန်မ သွားခွင့်ပြုပါဦး။”
ထိုသို့ပြောပြီးနောက် အစေခံက လှည့်ထွက်သွားပြီး အခန်းထဲမှ ထွက်ခွာသွားသည်။ စိတ်ဝိညာဉ်လက်ဖက်ခြောက်က မည်သို့သော အကျိုးသက်ရောက်မှုများ ရှိနိုင်သလဲဟု သိလိုစိတ်ဖြင့် လက်ထဲရှိ လက်ဖက်ခြောက်ကို မုချင်းလန် ကြည့်လိုက်သည်။
ထို့နောက် မုချင်းလန် သူမ၏ လက်ကို မြှောက်လိုက်ရာ စားပွဲပေါ်မှ လက်ဖက်ရည်ပန်းကန်လုံးနှင့် လက်ဖက်ရည်အိုးတို့ သူမထံသို့ ပျံသန်းလာပြီး လေထဲတွင် ဝဲပျံနေသည်။ ထို့နောက် ချက်ချင်းပင် သူမရှေ့ရှိ အထုပ်ကို ဖွင့်လိုက်သည်။
အထုပ်ပွင့်သွားသည့် ခဏ၌ စိတ်ဝိညာဉ်လက်ဖက်ခြောက်၏ ရနံ့က မုချင်းလန်၏ နှာခေါင်းထဲသို့ တိုးဝင်လာပြီး နောက်တစ်ခဏတွင် သူမပတ်လည်ရှိ ကျင့်ကြံခြင်း အငွေ့အသက်များ ပို၍သိပ်သည်းလာကာ ကျင့်စဉ်စာလုံးအချို့ ပေါ်လာသည်။ အရေးအကြီးဆုံးမှာ သူမ၏ ကျင့်စဉ်အဆင့် အနည်းငယ် လှုပ်ခတ်သွားသည်ကို မုချင်းလန် ရှင်းလင်းစွာ ခံစားလိုက်ရခြင်းဖြစ်သည်။
မုချင်းလန် အံ့အားသင့်သွားသည်။
ဘာတွေ ဖြစ်နေတာလဲ။
ဤလက်ဖက်ခြောက်ရဲ့ အနံ့ရရုံဖြင့် သူမ၏ ကျင့်စဉ်အဆင့်ကို လှုပ်ခတ်စေနိုင်တာလား။
ဒါက တကယ်ပဲ ဉာဏ်အလင်းပွင့်လက်ဖက်ခြောက် ဖြစ်နေတာလား။
သိပ်မစဉ်းစားတော့ပဲ အရွက်အနည်းငယ်ကို ယူ၍ လက်ဖက်ရည်အိုးထဲသို့ ထည့်ကာ သိလိုစိတ် ပြင်းပြစွာဖြင့် ခဏမျှ စောင့်ဆိုင်းနေလိုက်သည်။
လုံလောက်သော အချိန်တစ်ခုအထိ နှပ်ပြီးနောက် မုချင်းလန်သည် လက်ဖက်ရည်တစ်ခွက် ငှဲ့လိုက်ပြီး အနည်းငယ် မော့သောက်လိုက်သည်။
တစ်ငုံမျှ သောက်လိုက်ရုံဖြင့် သူမ၏ အတွင်းအားများ အလွန်မြင့်တက်သွားသလို မုချင်းလန် ခံစားလိုက်ရသည်။ နောက်တစ်မိနစ်တွင် ကြီးမားသော စိတ်ဝိညာဉ်စွမ်းအား လှိုင်းလုံးကြီးတစ်ခုက သူမခန္ဓာကိုယ်မှ ပျံ့နှံ့ထွက်ပေါ်လာပြီး သူမပတ်လည်ရှိ ကျင့်စဉ်အငွေ့အသက်များသည်လည်း နဂါးနက်မြို့ထက် ကောင်းကင်ယံသို့ ပျံ့နှံ့သွားသည်။
ကောင်းကင်ယံရှိ ကျင့်စဉ်အငွေ့အသက်ကို နဂါးနက်မြို့မှ ကျင့်ကြံသူများ မြင်တွေ့လိုက်ရသောအခါ သူတို့၏ ကျင့်စဉ်အဆင့်များလည်း ချက်ချင်းတိုးတက်သွားကြသည်။
ဒါက သူတော်စင်တစ်ပါး၏ စွမ်းအားပင် ဖြစ်သည်။ သူတော်စင်တစ်ပါး၏ ကျင့်စဉ်အငွေ့အသက်ကို ကြည့်ရှုရုံမျှဖြင့် သူတို့ကို အဆင့်များကို ချိုးဖျက်တိုးတက်စေခဲ့သည်။
မုချင်းလန်သည် အချိန်အတော်ကြာ ကြောင်ငေးနေပြီးနောက် သူမ၏ စိတ်ဝိညာဉ်စွမ်းအားကို ပြန်ရုပ်သိမ်းလိုက်ကာ ခန္ဓာကိုယ် အခြေအနေကို အာရုံခံကြည့်ပြီး ထိတ်လန့်တကြား ရေရွတ်လိုက်သည်။
“ဒါက တကယ်ပဲ ဉာဏ်အလင်းပွင့်လက်ဖက်ခြောက်ပဲ။”
ခဏအကြာတွင် မုချင်းလန် သတိပြန်ဝင်လာ၏။ ဤလက်ဖက်ခြောက်ကို ကောင်းကင်ဧကရာဇ် ထုတ်ပေးလိုက်ခြင်း ဖြစ်ရမည်ဟုလည်း တွေးတောလိုက်သည်။
အခြားသူများအတွက် ဉာဏ်အလင်းပွင့်လက်ဖက်ခြောက်သည် တန်ဖိုးအလွန်ရှိနိုင်သော်လည်း ကောင်းကင်ဧကရာဇ်အတွက်မူ ဤလက်ဖက်ခြောက်က သိပ်ရှားပါးပုံ မရပေ။
ဤလက်ဖက်ခြောက်သည် ဝူကျန်းဝမ်၏ ကိုယ်ပိုင်သဘောဖြင့် ပေးသော လက်ဆောင်မဟုတ်ပဲ ကောင်းကင်ဧကရာဇ်၏ အမိန့်ကြောင့် ဖြစ်ရမည်ဟုလည်း သူမ တွေးလိုက်မိသည်။ မဟုတ်ပါက ဝူကျန်းဝမ်သည် သူမအား ဤမျှတန်ဖိုးကြီးသော ပစ္စည်းကို မည်သို့ ပေးနိုင်မည်နည်း။
သူမ၏ ကျင့်စဉ်အခြေအနေ အခက်အခဲတစ်ခုသို့ ရောက်ရှိနေသည်ကို ကောင်းကင်ဧကရာဇ် သိမြင်ခဲ့သဖြင့် ဝူကျန်းဝမ်ကို ဉာဏ်အလင်းပွင့်လက်ဖက်ခြောက် လာပို့ခိုင်းခြင်း ဖြစ်ရမည်။
မှန်လောက်သည်။
ထိုအတိုင်း ဖြစ်ရမည်။
ဤအတွေးနှင့်အတူ မုချင်းလန်စိတ်ထဲ လုချန်းအပေါ် ပို ၍ ရိုသေလေးစားမှုများ ဖြစ်ပေါ်လာပြီး လက်ဖက်ရည်အိုးနှင့် ခွက်ကို စားပွဲပေါ် ပြန်တင်ကာ တင်ပျဉ်ခွေထိုင်ပြီး ကျင့်ကြံရန် ပြင်ဆင်လိုက်သည်။
ကောင်းကင်ဧကရာဇ်၏ စေတနာကို သူမ အလဟဿ မဖြစ်စေလိုပေ။ ဤအခွင့်အရေးကို အသုံးချကာ ဝီရိယရှိရှိ ကျင့်ကြံရမည်။
မုချင်းလန် ကျင့်ကြံခြင်း အခြေအနေသို့ ဝင်ရောက်သွားသောအခါ ဘေးခန်းမှ အသံများ တဖြည်းဖြည်း တိတ်ဆိတ်သွားသည်။
တစ်ချိန်တည်းမှာပင် လုချန်းနှင့် ယွမ်ရှန်ရှန်တို့လည်း ရပ်တန့်လိုက်ကြသည်။
အေးစက်နတ်သမီးသည် သူမ၏ တပည့်ဆိုးကို နာကြည်းသောအကြည့်ဖြင့် ကြည့်လိုက်သည်။ သူ့ပျော်ရွှင်မှုတစ်ခုတည်းနှင့် မလုံလောက်သေးဘူးလား။ သူမကိုပါ ခံစားစေရဦးမှာလား။
သို့သော် ဤအချက်က ယွမ်ရှန်ရှန်ကို တစ်စုံတစ်ခု သဘောပေါက်စေခဲ့သည်။ ဤတပည့် ဘာကြောင့် ဒီလောက် ကြမ်းတမ်းနေရသလဲ ဆိုသည့် အချက်ဖြစ်သည်။ သူ ပို မြန်မြန် လှုပ်ရှားလေလေ ထိုအခြေအနေသို့ ဝင်ရောက်ရန် ပိုလွယ်လေလေ ဖြစ်သည်။
ထို့နောက် ယွမ်ရှန်ရှန်က
“ဘေးခန်းက သူတော်စင်မလေးက ပိုတောင်အားကောင်းလာပြီ။ ရှင် ဘယ်တော့ သူ့ကို လှုပ်ရှားဖို့ စီစဉ်ထားလဲ။”
လုချန်းက လှဲချလိုက်ပြီး ယွမ်ရှန်ရှန်၏ ဆံပင်ဖြူများကို ညင်သာစွာ သပ်ပေးလိုက်သည်။
“ဆရာမက ကိုယ့်ကို တွေ့တဲ့လူတိုင်း ချစ်ကြိုက်တတ်တဲ့ ယောက်ျားမျိုးလို့ တကယ် ထင်နေတာလား။”
ယွမ်ရှန်ရှန် အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး ထိုမှတ်ချက်ကို ပြန်မပြောတော့ပေ။ သူက ဘယ်လိုလူစားမျိုးလဲဆိုတာ သူမ အတိအကျ သိသည်။
မုချင်းလန်၏ အလှတရားနှင့်ဆိုလျှင် လုချန်းက သူမကို အစောင့်အရှောက် တစ်ဦးလိုသာ မြင်သည်ဟု ပြောလာပါက သူမ လုံးဝ ယုံမည်မဟုတ်ပေ။ လုချန်းက သူမကို သူ့မိန်းမအဖြစ် လုံးလုံးလျားလျား သိမ်းပိုက်ရန် အချိန်သိပ်ကြာတော့မည် မဟုတ်ချေ။
ခဏခန့် တိတ်ဆိတ်သွားပြီးနောက် ယွမ်ရှန်ရှန်က
“နောက်ဆို အဲဒီကျင့်စဉ်ကို မသုံးပဲ နေလို့မရဘူးလား။ နောက်ပိုင်းကျရင် ကျွန်မရဲ့ ကျင့်စဉ်ကို ထိခိုက်နိုင်တယ်။”
ယွမ်ရှန်ရှန်၏ စကားကို ကြားသောအခါ လုချန်း၏ အာရုံက “ကျင့်စဉ်” ဆိုသည့်အပေါ်သို့ ရောက်သွားသည်။ သူက ပြုံးလိုက်ပြီး
“မပူပါနဲ့။ မင်းရဲ့ ကျင့်စဉ်ကို မထိခိုက်စေပါဘူး။ ဒါက ယာယီ ပျော်ရွှင်မှုသက်သက်ပါပဲ။”
ယွမ်ရှန်ရှန်က အေးစက်စက် ပြောလိုက်သည်။
“အကယ်၍ ကျွန်မ ဧကရီအဆင့် ဖြစ်မလာခဲ့ရင် အဲဒါ ရှင့်အပြစ်ပဲ။”
လုချန်းက ကျယ်လောင်စွာရယ်မောလိုက်သည်။
“ကိုယ့်မိန်းမတွေအားလုံး နောက်ဆုံးကျရင် ဧကရီအဆင့်တွေ ဖြစ်လာမှာပါ။ စိတ်အေးအေးထားပါ။”
ယွမ်ရှန်ရှန် ထပ်မပြောတော့ပေ။ လုချန်းကို သူ့သဘောရှိ လုပ်ပါစေတော့ဟု စိတ်ပိုင်းဖြတ်ထားလိုက်သည်။ မည်သို့ပင်ဖြစ်စေ သူမသည် သူ့လက်အောက်သို့ ကျရောက်ပြီးပြီ ဖြစ်သည်။
ထို့နောက် လုချန်းက ယွမ်ရှန်ရှန်ကို ဖက်ထားရင်း ကိုယ်ကို အနည်းငယ် လှည့်လိုက်သည်။ သူ၏ လက်များက သူမ၏ ကျောပြင်ကို ညင်သာစွာ ပွတ်သပ်ပေးရင်း သူမ၏ စိတ်ကို ဖြေလျှော့ပေးလိုက်သည်။
မုန်တိုင်းပြီးနောက် ရောက်ရှိလာသော လက်ရှိ ငြိမ်သက်မှုက ယွမ်ရှန်ရှန်၏ နှလုံးသားကို ပို၍ ကြည်နူးစေ၏။ ထိုငြိမ်သက်မှုက သူမ အမြတ်နိုးဆုံးသော စိတ်ဝိညာဉ်၏ ပျော်ရွှင်မှုကို ခံစားရစေသည်။
လွန်ခဲ့သော တစ်လတာအတွင်း သူမ ကြုံတွေ့ခဲ့ရသည့် ပျော်ရွှင်မှုမှာ စွဲလမ်းဖွယ်ကောင်းသော်လည်း အလွန် ပြင်းထန်လွန်းသဖြင့် သူမ ဒဏ်မခံနိုင်သလို ခံစားခဲ့ရသည်။ လုချန်း၏ ခန္ဓာကိုယ် အနွေးဓာတ်ကို တိတ်ဆိတ်စွာ ခံစားရင်း ယခုလို ရင်းနှီးစွာ နေရသည်ကို သူမ ပိုနှစ်သက်သည်။
နာရီအနည်းငယ် ကြာပြီးနောက် ယွမ်ရှန်ရှန်က
“ရှင်ပြန်ရောက်နေတာ ကြာလှပြီ။ တခြား အရေးပါတဲ့သူတွေကို သွားတွေ့သင့်တယ်။”
သူမအနေနှင့် လုချန်းကို တစ်ဦးတည်း ပိုင်ဆိုင်ထား၍ မရနိုင်ကြောင်း ယွမ်ရှန်ရှန် သိထား၏။ တစ်လတာအချိန်က လုံလောက်ပြီဟုလည်း သူမ တွေးလိုက်သည်။ သူမနေရာကို အခြားသူများအား ပေးရမည့် အချိန်တန်ပြီဖြစ်သည်။
လုချန်းက ပြန်မပြောပဲ ယွမ်ရှန်ရှန်ကို တင်းကျပ်စွာ ဖက်ထားကာ ငြိမ်းချမ်းမှုကို ခံစားနေလိုက်သည်။
သူ့မိန်းမများအပေါ် မျှတအောင် ထားရှိရမည်ကို သူ ကောင်းစွာ သိသည်။ အခြားမိန်းမများဆီသို့ နောက်ပိုင်း သွားလည်မည် ဖြစ်သော်လည်း လောလောဆယ်တွင် ဤခဏတာ ငြိမ်းချမ်းမှုကို ခံစားချင်သေးသည်။
နာရီအနည်းငယ် ကြာသွားပြီး လုချန်းနှင့် ယွမ်ရှန်ရှန်တို့ အတူတကွ ရေချိုးပြီးနောက် အခြားဇနီးများထံ သွားရောက်ရန် လုချန်း အဝတ်အစားများ ဝတ်ဆင်လိုက်သည်။
လုချန်း အလုပ်ရှုပ်နေသည့်အရာများကို သတိမပြုမိပဲ မုချင်းလန်သည် ကျင့်ကြံခြင်း၌ နစ်မြောနေဆဲ ဖြစ်သည်။ သူမသည် ပြင်ပလောကကို မေ့လျော့ကာ သူမ၏ လေ့ကျင့်မှုအပေါ်တွင်သာ အာရုံစိုက်ထားသည်။
လဝက်ခန့် ကြာပြီးနောက် မုချင်းလန်သည် သူတော်စင်နယ်ပယ် နံပါတ်လေးအလွှာ ကျင့်စဉ်အဆင့်ကို နောက်ဆုံးတွင် တည်ငြိမ်အောင် ပြုလုပ်နိုင်ခဲ့သည်။ သူမ ခန္ဓာကိုယ်အနှံ့ စွမ်းအားများ တိုးပွားလာမှုကို ခံစားရခြင်းက သူမကို အလွန်အားရ ပျော်ရွှင်စေသည်။
သူမ ပိုအားကောင်းလာလေလေ ကောင်းကင်ဧကရာဇ်ကို ပိုကောင်းကောင်း ကာကွယ်ပေးနိုင်လေလေ ဖြစ်သည်။
ကောင်းကင်ဧကရာဇ်ကို တွေးမိသောအခါ မုချင်းလန် ရုတ်တရက် သတိဝင်လာပြီး ဘေးခန်းကို အလျင်အမြန် စစ်ဆေးလိုက်သည်။ ယွမ်ရှန်ရှန်တစ်ယောက်တည်း တင်ပျဉ်ခွေထိုင်၍ ကျင့်ကြံနေသည်ကို တွေ့ရပြီး ကုတင်ပေါ်တွင် လုချန်း၏ ပုံရိပ်မရှိတော့သည်ကို မြင်သောအခါ သူမ သက်ပြင်းချလိုက်သည်။
သူတို့ မပြီးသေးဘူးဟု သူမ ထင်မှတ်ခဲ့ခြင်း ဖြစ်သည်။ အခု ပြီးသွားပြီဆိုတော့ ကောင်းကင်ဧကရာဇ်လည်း ကျင့်ကြံနေပြီလား။
ဤအတွေးနှင့်အတူ လုချန်း၏ တည်နေရာကို ရှာဖွေရန် သူမ၏ စိတ်အာရုံကို ထုတ်လွှတ်လိုက်သည်။
နောက်တစ်မိနစ်တွင် မုချင်းလန်တစ်ယောက် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး ကြက်သေသေကာ ရပ်တန့်နေမိတော့သည်။