မင်း အရည်အချင်း မရှိဘူး
Vol. 26 Ch. 376
~ရင်ပြင်ကြီး တစ်ခုလုံး ပွက်လောရိုက်သွားပြီး ပါရမီရှင်ပေါင်းများစွာထံမှ တစ်ညီတစ်ညွတ်တည်း အော်ဟစ်သံများ ထွက်ပေါ်လာသည်။
“နန်းတော်သခင်လေး..နန်းတော်သခင်လေး ‘ဖုန်းဝူချန်’ ကို အနိုင်တိုက်လိုက်စမ်း။ 'ကောင်းကင်ဘုံ' နယ်မြေက ပါရမီရှင်တွေက ရန်စလို့ မရတဲ့ သူတွေမှန်း သူ့ကို ပြလိုက်စမ်းပါ”
“ဟုတ်တယ်၊ ဟုတ်တယ်။ ‘ဖုန်းဝူချန်’ ကို အနိုင်တိုက်ပစ်လိုက်”
“နန်းတော်သခင်လေး..နန်းတော်သခင်လေး သူ့ကို ဒီထက် ပိုပြီး မောက်မာခွင့် မပေးနဲ့တော့”
များပြားလှသော ပါရမီရှင်များ၏ ကြွေးကြော်သံများမှာ ရပ်တန့်သွားခြင်း မရှိဘဲ အားလုံးက ဖုန်းဝူချန်ကို ဘုံရန်သူတစ်ယောက်အဖြစ် သတ်မှတ်ထားကြသည်။
“အစ်ကိုဖုန်း ၊ဒီလူ ခင်ဗျားကို အရင်ဆုံး စိန်ခေါ်တာက.. ခင်ဗျားကို အနိုင်ယူပြီး လူတွေ အားလုံးရှေ့မှာ ကြွားဝါချင်ရုံ သက်သက်ပါပဲ”
လျိုချင်းယန်က ခေါင်းခါရင်း အေးစက်စက် ရယ်မောလိုက်သည်။
“ဒီလူ့ရဲ့ စိတ်နှလုံးက မဖြောင့်မတ်ဘူး။ သူ့ရဲ့ ရည်ရွယ်ချက်က မစင်ကြယ်ဘူး” ဖုန်းဝူချန်က ခေါင်းခါလိုက်၏။ စိန်ခေါ်မှုကို လက်ခံခဲ့မိသည့်အတွက် သူ နောင်တပင် ရနေမိသည်။
သူ ကိုယ်တိုင် ရွေးချယ်သော ပါရမီရှင်များသည် ထူးကဲသော အရည်အချင်းများ ရှိရုံတင် မက သူတို့၏ စာရိတ္တနှင့် နှလုံးသားကလည်း ကောင်းမွန်ရပေမည်။ အကယ်၍သာ သူတို့က စံချိန်စံညွှန်းကို မမီပါက သူတို့၏ အရည်အချင်း မည်မျှပင် မြင့်မားနေစေကာမူ သူက ဒုတိယအကြိမ် လှည့်ကြည့်မည် မဟုတ်ပေ။
'ရှောင်ယောင်' နန်းတော်၏ နန်းတော်သခင်လေးမှာ ထိုသို့သော လူစားမျိုးပင် ဖြစ်သည်။
'ကျိထျန်းရှန်' …'ရှောင်ယောင်' နန်းတော်၏ နန်းတော်သခင်လေး။ 'ထျန်းယွမ်ဘုံ' သတ္တမအလွှာ အထွတ်အထိပ်တွင် ရှိနေပြီး အလွန်တရာ အစွမ်းထက်လှသည်။
'ရှောင်ယောင်' နန်းတော်၏ အင်အားမှာ 'ထျန်းတင့်' ဂိုဏ်း၏ အထက်တွင် ရှိပြီး 'ကုန်းစွန်း' မိသားစုထက် တစ်ဆင့်သာ နိမ့်လေ၏။
'ကောင်းကင်ဘုံ' နယ်မြေ၏ မြောက်ပိုင်း ဒေသတွင် 'ကျိထျန်းရှန်' ၏ ကျင့်ကြံမှု အဆင့်ဖြင့် သူသည် ထိပ်တန်း ပါရမီရှင်များထဲတွင် အမှန်တကယ်ပင် ထည့်သွင်း ရေတွက်နိုင်ပေသည်။ သူ၏ အစွမ်းမှာ 'ကုံစွန်း' မိသားစု၏ သခင်လေးထက်ပင် ပို၍ ကြီးမားလေသည်။
သို့သော်ငြားလည်း ဖုန်းဝူချန်သည် 'ကျိထျန်းရှန်' ကို အထင်မကြီးခဲ့ပေ။
“နန်းတော်သခင် ၊ကျွန်တော် စိုးရိမ်တာက ‘ထျန်းရှန်’ ‘ဖုန်းဝူချန်’ ကို မယှဉ်နိုင်မှာက်ိုပါပဲ။ ‘ဖုန်းဝူချန်’ က ‘မြင့်မြတ်သော နေ’ ဂိုဏ်းရဲ့ ဂိုဏ်းချုပ်လေး အပါအဝင် ပါရမီရှင် တစ်ဒါဇင်ကျော်ကို အနိုင်ယူခဲ့တာ။ 'ထျန်းယွမ်ဘုံ' အဋ္ဌမအလွှာတောင် ‘ဖုန်းဝူချန်’ ကို ရှုံးနိမ့်ခဲ့ရတယ်” အကြီးအကဲတစ်ယောက်က သူ၏ စိုးရိမ်မှုကို ထုတ်ဖော် ပြောလိုက်သည်။
နန်းတော်သခင်ကြီးက ခေါင်းခါလိုက်ပြီး သက်ပြင်းချလျက် “'ထျန်းရှန်' က ‘ဖုန်းဝူချန်’ ကို အတင်း စိန်ခေါ်ချင်နေတာ။ ဒီနန်းတော်လည်း ဘာမှ မတတ်နိုင်တော့ဘူး။ အခု ‘ဖုန်းဝူချန်’ နဲ့ သူ့အဖွဲ့ ရောက်လာပြီဆိုမှတော့ 'ထျန်းရှန်' ကို တားဆီးဖို့ နောက်ကျသွားပြီ”
“နန်းတော်သခင် ‘ဖုန်းဝူချန်’ က ‘မြင့်မြတ်သော နေ’ ဂိုဏ်းရဲ့ ဂိုဏ်းချုပ်လေးကို တကယ် အနိုင်ယူခဲ့လား မယူခဲ့လား ဆိုတာ ကျွန်တော်တို့အတွက် မသေချာသေးပါဘူး။ ဒါတွေ အားလုံးက ကောလာဟလတွေချည်းပါပဲ။ နန်းတော်သခင်လေးက သူ့ကို ရှုံးချင်မှ ရှုံးမှာပါ။ 'ထျန်းယွမ်ဘုံ' ပဉ္စမအလွှာ ကျင့်ကြံမှုနဲ့ သတ္တမအလွှာကို အနိုင်ယူဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး” ဟု အခြား အကြီးအကဲတစ်ယောက်က ဖြည်းညင်းစွာ ဝင်ပြောလိုက်သည်။
“တတိယ အကြီးအကဲ ပြောတာ မှန်ပါတယ်။ ‘မြင့်မြတ်သော နေ’ ဂိုဏ်းရဲ့ ဂိုဏ်းချုပ်လေးက ပါရမီရှင် အဆင့်သတ်မှတ်ချက်မှာ အဆင့်ငါး ချိတ်ထားတာ။ 'ကောင်းကင်ဘုံ' နယ်မြေမှာ သူ့ရဲ့ ကြောက်မက်ဖွယ် အစွမ်းကို ဘယ်သူက မသိဘဲ ရှိမှာလဲ” လူလတ်ပိုင်း အရွယ် လူတစ်ယောက်က သဘောတူလိုက်သည်။
'ရှောင်ယောင်' နန်းတော်၏ နန်းတော်သခင်ကြီးမှာ တိတ်ဆိတ်သွားသည်။ ၎င်းမှာ ကောလာဟလ တစ်ခုမျှသာ ဖြစ်သော်လည်း မည်သူက ကောလာဟလများကို ပေါ့ပေါ့ဆဆ ပျံ့နှံ့စေရဲမည်နည်း။
ဖုန်းဝူချန်သည် ရင်ပြင်ပေါ်သို့ ဖြည်းညင်းစွာ လျှောက်လှမ်းသွားရာ ကြွက်ကြွက်ညံနေသော လူအုပ်ကြီးမှာ တိတ်ဆိတ်သွားကြသည်။ ဒေါသများဖြင့် ပြည့်နှက်နေသော မျက်လုံးများအားလုံး ဖုန်းဝူချန်အပေါ်သို့ ကျရောက်လာသည်။
ဟုတ်ပါသည်။ ဖုန်းဝူချန်က ဤ များပြားလှသော ပါရမီရှင်များကို ဂရုမစိုက်စွာ ကြည့်လိုက်ပြီး လုံးဝ အလေးအနက် မထားခဲ့ပေ။
ကြမ်းတမ်းသော အကြည့်တစ်ချက်ဖြင့် 'ကျိထျန်းရှန်' က အေးစက်စွာ ဟိန်းဟောက်လိုက်သည်။ “ဖုန်းဝူချန် မင်းရဲ့ အစွမ်းအကုန်ကို ထုတ်သုံးလိုက်။ ဒီနေ့ ဒီ သခင်လေးက မင်းကို မောက်မာခြင်းရဲ့ အကျိုးဆက်ကို ပြပေးမယ်”
“အစွမ်းအကုန်။ မင်း မထိုက်တန်သေးဘူး” ဖုန်းဝူချန်က ခေါင်းခါလိုက်သည်။
ဤစကားကို ကြားသောအခါ 'ကျိထျန်းရှန်' မှာ ပထမဆုံး ဆတ်ခနဲ တုန်သွားပြီး သူ၏ မျက်နှာတွင် အံ့ဩမှုများဖြင့် ပြည့်နှက်လျက် ဖုန်းဝူချန်ကို စိုက်ကြည့်လိုက်သည်။ သူ ကြားမှားသွားလေသလား။
'ဖုန်းဝူချန်' က သူ "မထိုက်တန်သေးဘူး" ဟု ပြောလိုက်သည်တဲ့။
နန်းတော်သခင်ကြီးနှင့် အကြီးအကဲများအားလုံး မင်သက်မိသွားကြသည်။ သူတို့ သေချာပေါက် ကြားမှားလိုက်ခြင်း မဟုတ်။ ဖုန်းဝူချန်က 'ကျိထျန်းရှန်' သည် သူ၏ အစွမ်းအကုန်ကို ထုတ်သုံးရန် မထိုက်တန်ဟု အမှန်တကယ် ပြောလိုက်ခြင်း ဖြစ်သည်။
“ရိုင်းလိုက်တာ။ နန်းတော်သခင်လေးကို စော်ကားရဲတယ်။ ဒီကောင်စုတ် သေလမ်း ရှာနေတာပဲ”
“မောက်မာလွန်းတယ်။ အရမ်း… မောက်မာလွန်းတယ်”
“ဒီကောင်စုတ်က နန်းတော်သခင်လေးက မထိုက်တန်ဘူးလို့ ပြောတယ်။ နန်းတော်သခင်လေး ဒီကောင်စုတ်ကို သတ်ပစ်လိုက်ပါ”
'ရှောင်ယောင်' နန်းတော်မှ တပည့်များမှာ ဒေါသများဖြင့် ပေါက်ကွဲသွားကြ၏။
'ကျိထျန်းရှန်' ၏ မျက်နှာမှာ နီရဲ တက်လာပြီး သူ၏ နက်မှောင်သော မျက်လုံးများထဲတွင် သတ်ဖြတ်လိုသည့် အရှိန်အဝါများ တောက်ပလာသည်။ ဖုန်းဝူချန်က သူ့ကို ဤမျှလောက် အထင်သေးလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိသဖြင့် သူ ဒေါသများဖြင့် ပေါက်ကွဲထွက်မတတ် ဖြစ်နေသည်။
“'ဖုန်းဝူချန်' က မောက်မာလွန်းနေပြီလား။ သူ ‘ကျိထျန်းရှန်’ ကို အထင်သေးနေတာပဲ”
“'ရှောင်ယောင်' နန်းတော် တစ်ခုလုံးရဲ့ ရှေ့မှာ နန်းတော်သခင်လေးကို စော်ကားတာ။ ‘ဖုန်းဝူချန်’ က ငတုံးလားဟ။ ‘ကျိထျန်းရှန်’ ကို စော်ကားမိမှတော့ သူ နောက်တစ်နေ့ နေထွက်တာကို မြင်ရတော့မှာ မဟုတ်ဘူး”
“ဦးနှောက်မရှိတဲ့ ငတုံးပဲ။ သေလမ်း ရှာနေတာ”
များပြားလှသော ပါရမီရှင်များမှာ ဖုန်းဝူချန်၏ အလွန်အမင်း မောက်မာမှုကြောင့် တုန်လှုပ်သွားကြသည်။ မည်သူမျှ ဤမျှလောက်အထိ ဖြစ်လိမ့်မည်ဟု မခန့်မှန်းနိုင်ခဲ့ကြပေ။
'ရှောင်ယောင်' နန်းတော်၏ နန်းတော်သခင်ကြီးနှင့် အကြီးအကဲများ၏ မျက်နှာများမှာ ကြည့်ရဆိုးအောင် ပျက်ယွင်းသွားကြသည်။
“ဒီကောင်စုတ်က ‘ထျန်းရှန်’ ကို ဒီလို စော်ကားရဲတယ်။ သူ ‘ရှောင်ယောင်’ နန်းတော်ကို လုံးဝ အလေးမထားတာပဲ” ပထမ အကြီးအကဲက မည်းမှောင်သော မျက်နှာဖြင့် ဒေါသတကြီး ပြောလိုက်သည်။
“မောက်မာတဲ့ ကောင်စုတ်လေးပဲ” အကြီးအကဲများနှင့် ထိပ်သီးပိုင်း လူကြီးများမှာ ဒေါသများဖြင့် ဆူပွက်နေကြပြီး ဖုန်းဝူချန်ကို ပါးရိုက်ပြီး သတ်ပစ်လိုက်ချင်စိတ်များ ပေါက်နေကြ၏။
“ဖုန်းဝူချန်”
'ကျိထျန်းရှန်' ၏ မျက်နှာမှာ ကြမ်းတမ်းခက်ထန်သွားပြီး ဒေါသများဖြင့် လွှမ်းမိုးသွားသည်။
'ထျန်းယွမ်ဘုံ' သတ္တမအလွှာ အထွတ်အထိပ်၏ အစွမ်းအကုန်မှာ ပေါက်ကွဲထွက်လာပြီး စွမ်းအားများမှာ ကြမ်းတမ်းပြီး အားကြီးလှကာ လွှမ်းမိုးနိုင်သော အရှိန်အဝါတစ်ခု လျင်မြန်စွာ ထိုးတက်လာသည်။ ရင်ပြင်ကြီး၏ မြေပြင်မှာ စတင် တုန်ခါလာပြီး ကွဲအက်လာကာ အက်ကွဲကြောင်းများမှာ လက်သည်းများကဲ့သို့ ဖြာထွက်သွားသည်။
“ငါ့ရှေ့မှာ မောက်မာရတဲ့အတွက် မင်း မင်းရဲ့ နေရာမှန်ကို မကြာခင် သိသွားစေရမယ်” 'ကျိထျန်းရှန်' က ကြမ်းတမ်းစွာ ဟိန်းဟောက်လိုက်ပြီး အံကြိတ်လျက် သူ၏ မျက်နှာမှာ တွန့်လိမ်နေကာ သွေးကြောများ ထောင်ထလာသည်။
ဖုန်းဝူချန်က ခေါင်းခါလိုက်ပြီး
“မင်း အားနည်းလွန်းတယ်”
“မင်း” ဖုန်းဝူချန်၏ စကားများမှာ ညစ်ညမ်းခြင်း မရှိသော်လည်း 'ကျိထျန်းရှန်' ကို အမြဲတမ်း ဒေါသထွက်စေရန် လှုံ့ဆော်နိုင်ခဲ့ပြီး သူ့ကို ဒေါသများ ထိုးထွက်သွားစေသည်။
“အား””
'ကျိထျန်းရှန်' မှာ ဆက်လက် မခံနိုင်တော့ဘဲ အရူးအမူး ဟိန်းဟောက်လိုက်ပြီး ဖုန်းဝူချန်ထံသို့ ရူးသွပ်စွာ တိုးဝင်သွားတော့သည်။
ဖုန်းဝူချန်သည် သူ၏ သွေးမျိုးဆက် စွမ်းအားနှင့် ‘အထွတ်အထိပ် ခန္ဓာ ဒုတိယအဆင့်’ ၏ အစွမ်းကို ချက်ချင်း နှိုးလိုက်သည်။ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု ပေါက်ကွဲထွက်လာပြီး သွေးရောင် အလင်းတန်းမှာ မျက်စိတစ်မှိတ်အတွင်း လင်းလက်သွားသည်။ လူအုပ်ကြီး ဤစွမ်းအား၏ အဆင့်ကို အာရုံမခံမိခင်မှာပင် ဖုန်းဝူချန်၏ ပုံရိပ်မှာ ပျောက်ကွယ်သွားခဲ့ပြီး ဖြစ်သည်။
“'ဖုန်းဝူချန်' ရဲ့ စွမ်းအားက ချက်ချင်း ထိုးတက်သွားတယ်” နန်းတော်သခင်ကြီး၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားသည်။
ဖုန်းဝူချန်သည် ရုတ်တရက် ပြန်လည် ပေါ်ထွက်လာပြီး သူ၏ အရှိန်အဝါက အလယ်တွင် တိုးဝင်လာဆဲ ဖြစ်သော 'ကျိထျန်းရှန်' ကို တုန်လှုပ်သွားစေကာ သူ့ကို အလွန်အမင်း ထိတ်လန့်သွားစေသည်။
“ဘာ” 'ကျိထျန်းရှန်' မှာ စိတ်ထဲမှ အကြီးအကျယ် တုန်လှုပ်သွားသည်။
“ဘုန်း”
ဖုန်းဝူချန်သည် လှစ်ခနဲ ရောက်ရှိလာပြီး 'ကျိထျန်းရှန်' ၏ ရင်ဘတ်ကို တည့်တည့်မတ်မတ် တံတောင်ဖြင့် ဆောင့်လိုက်ရာ အသံကျယ်ကြီး ပေါက်ကွဲထွက်ပေါ်လာပြီး 'ကျိထျန်းရှန်’ကို နောက်သို့ ပစ်လွင့်သွားစေသည်။ သူ၏ ခန္ဓာကိုယ်မှာ နန်းတော်တစ်ခုဆီသို့ အရှိန်ပြင်းစွာ တိုးဝင်သွားသော အနက်ရောင် မျဉ်းကြောင်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
“ဝုန်း”
'ကျိထျန်းရှန်' ၏ ခန္ဓာကိုယ်သည် နန်းတော်ကို ထိုးဖောက် ဝင်ရောက်သွားပြီး ကြီးမားသော အသံကြီးနှင့်အတူ အဆောက်အအုံမှာ ပြိုကျသွားကာ အပျက်အစီးများ နေရာအနှံ့ လွင့်စင်သွားပြီး ဖုန်မှုန့်များ တလိပ်လိပ် ထွက်ပေါ်လာသည်။
'ရှောင်ယောင်' နန်းတော်မှာ သုသာန် တစ်ခုပမာ တိတ်ဆိတ်သွားသည်။ လူတိုင်း မှင်သက်မိနေကြသည်။
'ကျိထျန်းရှန်' တစ်ချက်တည်းနှင့်ပင် မယှဉ်နိုင်ခဲ့ပေ။
ဖုန်းဝူချန်၏ တံတောင်ဆောင့်ချက်က 'ကျိထျန်းရှန်' ကို လွင့်စင်သွားစေခဲ့ပြီး သူ့ကို တုံ့ပြန်ရန် အခွင့်အရေးပင် မပေးခဲ့ပေ။
ထိုအမြန်နှုန်းနှင့် အစွမ်းသတ္တိမှာ မည်မျှ ကြောက်မက်ဖွယ် ကောင်းလိုက်သနည်း။
“နန်း..နန်းတော်သခင်လေး သူ့ တစ်ချက်တည်းနဲ့ လွင့်စင်သွားတယ်”
“အရမ်း အစွမ်းထက်တာပဲ။ သူ့ အမြန်နှုန်းက အရမ်း မြန်တယ်။ လုံးဝ မမြင်နိုင်ဘူး”
“မယုံနိုင်စရာ သန်မာလွန်းတယ်။ ‘ကျိထျန်းရှန်’ မှာ ရှောင်တိမ်းဖို့ အခွင့်အရေးတောင် မရှိလိုက်ဘူး”
နေရာတစ်ခုလုံး သေလုမတတ် တိတ်ဆိတ်သွားပြီး စက္ကန့်အနည်းငယ်အတွင်း ပေါက်ကွဲထွက်သွားကာ အာမေဋိတ်သံများက 'ရှောင်ယောင်' နန်းတော်တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။
“ဒါ ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ” နန်းတော်သခင်ကြီးနှင့် အကြီးအကဲများမှာ မင်သက်မိနေကြပြီး သူတို့၏ မျက်နှာအမူအရာများမှာ တောင့်ခဲနေသည်။
'ကျိထျန်းရှန်' သည် 'ထျန်းယွမ်ဘုံ' သတ္တမအလွှာ အထွတ်အထိပ်တွင် ရှိနေသူ။ ဤမျှ အစွမ်းထက်သော အစွမ်းသတ္တိ။ သို့သော် ဖုန်းဝူချန်၏ ရှေ့မှောက်တွင် လုံးဝ အားနည်း ကျရှုံးသွားခဲ့သည်။
ဤနေရာတွင် ရှိနေသော လူတိုင်း မယုံကြည်နိုင် ဖြစ်နေကြသည်။
“မင်းရဲ့ ခွန်အားက အားနည်းလွန်းတယ်” ဖုန်းဝူချန်က ခေါင်းခါလိုက်ပြီး လှည့်ထွက်ကာ ထွက်ခွာရန် ပြင်လိုက်သည်။
ဖုန်းဝူချန်အတွက် 'ကျိထျန်းရှန်' သည် ကြိုးစား အားထုတ်ရလောက်အောင်ပင် မထိုက်တန်။ အချိန် ပိုမဖြုန်းချင်လောက်အောင် ပျင်းရိမိသည်။
“အား”
“ဘုန်း”
ဖုန်းဝူချန်၏ လှုံ့ဆော်မှုကြောင့် 'ကျိထျန်းရှန်' မှာ လုံးဝ ဒေါသ ပေါက်ကွဲသွားပြီး ပြိုကျနေသော နန်းတော်၏ အပျက်အစီးများကြားမှ ဒေါသတကြီး ဟိန်းဟောက်သံ ထွက်ပေါ်လာသည်။ ထို့နောက် ‘ဘုန်း’ ခနဲ ပေါက်ကွဲသံကြီးနှင့်အတူ 'ကျိထျန်းရှန်' သည် ပြိုကျနေသော နန်းတော်ထဲမှ ခမ်းနားသော အရှိန်အဝါဖြင့် ပေါက်ကွဲ ထွက်ပေါ်လာသည်။
ဒေါသတကြီး ပေါက်ကွဲထွက်လာသော 'ကျိထျန်းရှန်' ၏ တစ်ကိုယ်လုံးကို အဖြူရောင် အလင်းတန်းများဖြင့် ရစ်ပတ်ထားပြီး အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ထုတ်လွှတ်နေသည်။
ဖုန်းဝူချန်က ခေါင်းကို အနည်းငယ် လှည့်လိုက်ပြီး မျက်မှောင်ကြုတ်လျက် သူ၏ လက်သီးကို တိုက်ခိုက်မှုကို ရင်ဆိုင်ရန် ဆုပ်ထားလိုက်သည်။
“ဘုန်း”
"ဝုန်း..ဝုန်း"
မျက်စိတစ်မှိတ်အတွင်း နှစ်ဦးသား လက်သီးတစ်ချက်ချင်း လဲလှယ်လိုက်ကြပြီး နားကွဲလုမတတ် ပေါက်ကွဲသံကြီးက 'ရှောင်ယောင်' နန်းတော်ကို ပဲ့တင်ထပ်သွားသည်။ ကြီးမားလှသော စွမ်းအားများက ရိုင်းစိုင်းစွာ တိုက်ခတ်သွားပြီး 'ရှောင်ယောင်' နန်းတော်၏ ခမ်းနားသော အဆောက်အအုံများမှာ အဆက်မပြတ် တုန်ခါနေကာ များပြားလှသော တပည့်များမှာ ဒယိမ်းဒယိုင် ဖြစ်သွားကြသည်။
နှစ်ဦးသား၏ ခြေဖဝါးအောက်မှ မြေပြင်မှာ တစ်လွှာပြီးတစ်လွှာ ကြေမွ ပေါက်ကွဲသွားပြီး ဤစွမ်းအား၏ ဖျက်ဆီးမှု စွမ်းအားမှာ မယုံနိုင်လောက်အောင် ကြောက်မက်ဖွယ် ကောင်းလှသည်။
'ကျိထျန်းရှန်' ၏ မျက်နှာမှာ အလွန်တရာ ကြမ်းတမ်းခက်ထန်နေပြီး ဖုန်းဝူချန်ကို အရှင်လတ်လတ် ဝါးမျိုပစ်လိုက်ချင်သည့်အလား။
နောင်တရစရာ ကောင်းသည်မှာ သူ၏ အစွမ်းအကုန်နှင့် ပေါက်ကွဲထွက်နေသော အရှိန်အဟုန်ကို ထုတ်သုံးနေသော်လည်း ဖုန်းဝူချန်ကို ခြေတစ်လှမ်း၏ တစ်ဝက်မျှပင် နောက်သို့ ဆုတ်သွားအောင် မတွန်းပို့နိုင်ခဲ့ပေ။
'ကျိထျန်းရှန်' ၏ စွမ်းအားမှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလှသော်လည်း ဖုန်းဝူချန်၏ အစွမ်းက ပို၍ပင် ကြောက်မက်ဖွယ် ကောင်းနေခဲ့သည်တကား။
ဖုန်းဝူချန်က တည်ငြိမ် အေးဆေးစွာ ကြည့်လိုက်ပြီး ခံစားချက်ကင်းမဲ့စွာ ပြောလိုက်သည်။ “ဆက်ပြီး တိုက်ခိုက်နေစရာ မလိုတော့ဘူး။ ဒါက ဘာမှ ပြောင်းလဲသွားစေမှာ မဟုတ်ဘူး။ မင်း ငါ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး။ ‘မြင့်မြတ်သော နေ’ ဂိုဏ်းရဲ့ ဂိုဏ်းချုပ်လေးတောင် မဟုတ်သေးဘူး။ မင်း ဆိုရင်တော့ ပြောစရာတောင် မလိုတော့ဘူး”
ဖုန်းဝူချန်၏ ဤစကားများက ရှိသမျှ လူတိုင်းကို ချက်ချင်း တုန်လှုပ်သွားစေသည်။
ဖုန်းဝူချန်သည် မည်မျှ မောက်မာလိုက်သနည်း။
ထို့အပြင် ဤသည်က ကောလာဟလများ အမှန်ဖြစ်ကြောင်း အတည်ပြုလိုက်ခြင်းလည်း ဖြစ်သည်။ ဖုန်းဝူချန်သည် ‘မြင့်မြတ်သော နေ’ ဂိုဏ်း၏ ဂိုဏ်းချုပ်လေးကို အမှန်တကယ် အနိုင်ယူခဲ့သည်။
“မင်း မင်း ငါ့ကို အထင်သေးရဲတယ်” 'ကျိထျန်းရှန်' က အံကြိတ်ရင်း ဟိန်းဟောက်လိုက်သည်။ ဒေါသများဖြင့် တောက်လောင်နေ၏။
“ငါ အမှန်တရားကို ပြောနေတာ။ မဟုတ်ရင် မင်းက မင်းရဲ့ ခွန်အားနဲ့ ‘မြင့်မြတ်သော နေ’ ဂိုဏ်းရဲ့ ဂိုဏ်းချုပ်လေးကို အနိုင်ယူနိုင်မယ်လို့ ထင်နေတာလား” ဖုန်းဝူချန်က ပယ်ချသလို တုံ့ပြန်လိုက်ပြီး 'ကျိထျန်းရှန်' နှင့် ဆက်လက် ပတ်သက်ရန် စိတ်ဝင်စားမှု မပြတော့ပေ။
ဖုန်းဝူချန်သည် 'ကျိထျန်းရှန်' ကဲ့သို့ မရိုးသားသူ တစ်ယောက်နှင့် ပတ်သက်နေရမည့်အစား 'ထျန်းယွမ်ဘုံ' ပဉ္စမအလွှာမှ တစ်စုံတစ်ယောက်နှင့် စိတ်လှုပ်ရှားဖွယ် တိုက်ခိုက်ရသည်ကိုပင် ပို၍ နှစ်သက်ပေလိမ့်မည်။
“ဒါ လက်လွတ်စပယ် နိုင်လွန်းတယ်။ ငါ မင်းကို အလွတ်မပေးဘူး” 'ကျိထျန်းရှန်' ၏ မျက်လုံးများမှ မီးများ ထွက်ကျလာမတတ် ဖြစ်နေပြီး ဒေါသများက သူ၏ ဆင်ခြင်တုံတရားကို တဖြည်းဖြည်း လွှမ်းမိုးသွားသည်။
ဒေါသထွက်နေသော 'ကျိထျန်းရှန်' ၏ အရှိန်အဝါမှာ အနည်းငယ် တိုးမြင့်လာသကဲ့သို့ ထင်ရသည်။
ဒေါသက သူ၏ ဖုံးကွယ်ထားသော ခွန်အားကို ပွင့်ထွက်စေခဲ့သည်။
သို့သော် ဖုန်းဝူချန်မှာ ကြောက်ရွံ့ခြင်း မရှိသေးပေ။ 'ကျိထျန်းရှန်' သူ၏ စွမ်းအားကို ပွင့်ထွက်စေနိုင်ခဲ့လျှင်ပင် သူ 'ထျန်းယွမ်ဘုံ' အဋ္ဌမအလွှာသို့ ချိုးဖြတ် တက်ရောက်နိုင်ခြင်း မရှိသေးဘဲ လုံးဝ ခြိမ်းခြောက်မှု မဖြစ်စေနိုင်ပေ။
'ကျိထျန်းရှန်' ကောင်းကင်သို့ ပျံတက်သွားပြီး သူ၏ ခန္ဓာကိုယ်အတွင်းမှ မီးဂုဏ်သတ္တိ စွမ်းအား အားလုံးကို ထုတ်လွှတ်လိုက်သည်။ မျက်စိကျိန်းမတတ် အဖြူရောင် အလင်းတန်းမှာ တောက်လောင်နေသော နေမင်းကြီးကဲ့သို့ ကြည့်ရသူတိုင်း မျက်စိကျိန်းစပ်သွားစေနိုင်သည်။ လေဟာနယ်မှာ ပြင်းထန်စွာ တုန်ခါသွားပြီး အရှိန်အဟုန်မှာ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှသည်။
“မြေကမ္ဘာ အဆင့် အစပြု သိုင်းပညာ။ ကောင်းကင်လောင်ကျွမ်း မီးလျှံ လက်ဝါး”
ကြမ်းတမ်းသော ဟိန်းဟောက်သံနှင့်အတူ 'ကျိထျန်းရှန်' သည် ရင်ပြင်ပေါ်ရှိ ဖုန်းဝူချန်ထံသို့ လက်ဝါးတစ်ချက် ရိုက်ချ လိုက်သည်။ တိုက်ခိုက်မှုမှာ ကြမ်းတမ်းပြီး သနားညှာတာမှု လုံးဝ မရှိပေ။
ပေပေါင်း ဒါဇင်များစွာ ကြီးမားသော အဖြူရောင် လက်ဝါး ပုံရိပ်ကြီး ထိုးဆင်း ကျရောက်လာရာ 'ရှောင်ယောင်' နန်းတော်မှ လူများနှင့် ပါရမီရှင်များစွာကို အလွန်အမင်း ထိတ်လန့်သွားစေသည်။
“လောကပျက် ကောင်းကင်ဘုံ အပြစ်ဒဏ် ခုတ်ချက်”
ဖုန်းဝူချန်က သူ၏ 'အစစ်အမှန် ယွမ်' စွမ်းအားကို စုစည်းလိုက်ပြီး ညာဘက် လက်တွင် စုစည်းလိုက်သည်။ သွေးနီရောင် အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး အရှိန်အဝါများ ရိုင်းစိုင်းစွာ တိုးမြင့်လာကာ နောက်ဆုံးတွင် အော်ဟစ်လိုက်သည်။
“ဝှစ်”
"ဝုန်း..ဝုန်း"
ဖုန်းဝူချန်က သူ၏ လက်ကို ကြမ်းတမ်းစွာ ဝှေ့ယမ်းလိုက်ရာ အနီရောင် လမင်းကြီးကဲ့သို့ ကြီးမားသော စွမ်းအင် ခုတ်ချက်ကြီးတစ်ခု ကောင်းကင်သို့ ထိုးတက်သွားသည်။ အရှိန်အဟုန်မှာ ဖျက်ဆီးအား ပြင်းလှပြီး လူတိုင်းကို ထိတ်လန့်တကြား ဖြစ်သွားစေသည်။
“ဝုန်း ဝုန်း”
“ဝေါ့”
ကြောက်မက်ဖွယ် စွမ်းအားနှစ်ခုသည် 'ရှောင်ယောင်' နန်းတော်၏ အထက်တွင် ထိပ်တိုက် ဝင်ဆောင့်မိပြီး ချက်ချင်း ပေါက်ကွဲထွက်သွားသည်။ စွမ်းအင် လှိုင်းလုံးများက အရူးအမူး ပျံ့နှံ့သွားပြီး 'ကျိထျန်းရှန်' ပါးစပ်မှ သွေးတစ်ပွက် အန်ထုတ်လိုက်ရကာ သူ၏ ခန္ဓာကိုယ်မှာ ပစ်လွင့်သွားတော့သည်။
'ကျိထျန်းရှန်' ပြင်းထန်စွာ ဒဏ်ရာရသွားသည်။
ဖုန်းဝူချန်ကို ပြန်ကြည့်လိုက်သောအခါ သူ တစ်လက်မမျှပင် ရွေ့လျားသွားခြင်း မရှိသေးဘဲ သူ့ထံ တိုးဝင်လာသော ရိုင်းစိုင်းသည့် စွမ်းအင် လှိုင်းလုံးများကို လုံးဝ လျစ်လျူရှုထားသည်။
“ရှူး..”
ကြည့်ရှုနေကြသူများ 'ရှောင်ယောင်' နန်းတော်မှသည် ပါရမီရှင်များစွာအထိ အားလုံး ကြောက်လန့်တကြား အသက်ရှူမှားသွားကြသည်။
တစ်ဖန် နေရာတစ်ခုလုံး တိတ်ဆိတ်သွားပြန်ပြီး ထိတ်လန့်နေသော အကြည့်များအားလုံး ဖုန်းဝူချန်ထံသို့ လှည့်သွားကြကာ နောက်ဆုံးတွင် သူ မည်မျှ ကြောက်မက်ဖွယ် ကောင်းသည်ကို အမှန်တကယ် နားလည်သွားကြတော့သည်။
“မင်း ရှုံးသွားပြီ” ဖုန်းဝူချန်က ခံစားချက်ကင်းမဲ့စွာ ပြောလိုက်ပြီး ရင်ပြင်ပေါ်မှ လျှောက်လှမ်း ထွက်ခွာသွားသည်။
ကောင်းကင်ယံ မြင့်မားသော နေရာတွင် 'ကျိထျန်းရှန်' ၏ မျက်နှာမှာ ဖြူဖျော့နေပြီး ဒဏ်ရာများမှာ ပြင်းထန်လှကာ ကြောက်ရွံ့မှုများ နောက်ဆုံးတွင် သူ၏ မျက်လုံးများထဲ၌ ပေါ်ပေါက်လာ၏။
“ဖုန်းဝူချန်.. မင်းနဲ့ တိုက်ခိုက်ပြီး ရှုံးတဲ့လူက မင်းနောက်ကို လိုက်ရမယ်..ဟုတ်တယ်မလား” 'ကျိထျန်းရှန်' က ခက်ထန်စွာ မေးလိုက်သည်။
“မင်းမှာ ..အရည်အချင်း မရှိဘူး”
ဖုန်းဝူချန်က ခေါင်းပင် လှည့်မကြည့်ဘဲ ခံစားချက်ကင်းမဲ့သော စကားတစ်ခွန်းကို ချန်ထားခဲ့သည်။