← Chapters

အစွန်းရောက် မောက်မာမှု

Vol. 26 Ch. 386

အစွန်းရောက် မောက်မာမှု

Vol. 26 Ch. 386

~နောက်တစ်နေ့ မနက်ခင်းသို့ ရောက်ရှိလာခဲ့လေ၏။

ဆေးလုံးများ၏ အကူအညီကြောင့် ပါရမီရှင်များ၏ ဒဏ်ရာများမှာ လုံးဝ ပျောက်ကင်းသွားခဲ့ပြီ ဖြစ်သည်။

အဆင့်သတ်မှတ်ပွဲ တိုက်ပွဲများ စတင်တော့မည် ဖြစ်သည်။

ပြိုင်ပွဲကျင်းပမည့် အကြီးအကဲ စင်မြင့်ပေါ်သို့ မတက်ရောက်မီမှာပင်၊ 'ဖန်ရှောင်ယွင်' က ဦးစွာပထမ စင်မြင့်ပေါ်သို့ ပျံတက်သွားလိုက်သည်။

'ဖန်ရှောင်ယွင်' ပေါ်ထွက်လာသည်ကို မြင်သောအခါ လူတိုင်း အံ့အားသင့်သွားကြသည်။

“သခင်လေးဖန်က ဘာလုပ်မလို့လဲ။ တစ်ခုခု ကြေညာစရာ ရှိလို့လား”

“တိုက်ပွဲက မစသေးဘူး မဟုတ်လား။ ပြိုင်ဘက်တောင် မရွေးရသေးဘူးလေ”

“သူက တကယ်ပဲ နံပါတ်တစ် ပါရမီရှင် ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါပေတယ်။ အရမ်း လွှမ်းမိုးနိုင်စွမ်း ရှိတာပဲ”

လူအများမှာ 'ဖန်ရှောင်ယွင်' ၏ ရည်ရွယ်ချက်ကို မသိရှိကြသဖြင့် တီးတိုး ပြောဆိုနေကြသည်။

စင်မြင့်ပေါ်တွင် 'ဖန်ရှောင်ယွင်' က အနည်းငယ် ပြုံးလိုက်ပြီး မောက်မာစွာ ကြေညာလိုက်သည်။ “ပါရမီရှင် စာရင်းရဲ့ ထိပ်ဆုံး နေရာက ငါ့အတွက်ပဲ။ ဘယ်သူမဆို ကန့်ကွက်ချင်ရင် လာပြီး စိန်ခေါ်နိုင်တယ်။ ဒီမှာ ရှိနေတဲ့ ပါရမီရှင်တွေ အားလုံး လာပြီး ကံစမ်းကြည့်နိုင်တယ်”

‘မောက်မာလိုက်တာ။ ယုံကြည်မှု ရှိလိုက်တာ။ သူက လူတိုင်းကို အထင်သေးနေတာပဲ။’

ဒါက နယ်မြေ၏ ထိပ်သီး ပါရမီရှင် တစ်ဦး၏ ရဲတင်းမှုပင်။

“သခင်လေးဖန်က တကယ်ပဲ မောက်မာတာပဲ။ မဲတောင် မနှိုက်ရသေးဘူး”

“ဟား…သခင်လေးဖန်မှာ မောက်မာဖို့ အရင်းအနှီး ရှိတယ်လေ။ ဒါကို လွှမ်းမိုးနိုင်စွမ်းလို့ ခေါ်တာကွ”

“သခင်လေးဖန်ရဲ့ အင်အားကို ငါ တကယ် အားကျတယ်။ ငါ့မှာသာ အဲ့ဒီလို အစွမ်းထက်တဲ့ စွမ်းရည်နဲ့ ပါရမီ ရှိရင်... ငါလည်း ဒီလောက် ရဲတင်းရဲမှာပဲ”

'ဖန်ရှောင်ယွင်' ၏ စကားများက လူအုပ်ကြီးအကြားတွင် ချက်ချင်းပင် ကြီးမားသော လှုပ်ရှားမှု တစ်ခု ဖြစ်ပေါ်စေပြီး၊ နေရာတစ်ခုလုံး ကြွက်ကြွက်ညံသွားတော့သည်။

ကြီးမြတ်သော အင်အားစု ခြောက်ခုမှ အဆင့်မြင့် ပုဂ္ဂိုလ်များ၊ 'ထျန်းယွဲ့' ဂိုဏ်းချုပ်ကြီး အပါအဝင် မည်သူမျှ 'ဖန်ရှောင်ယွင်' တွင် ဤမျှ သတ္တိနှင့် လွှမ်းမိုးနိုင်သော အရှိန်အဝါ ရှိလိမ့်မည်ဟု မျှော်လင့်မထားခဲ့ကြပေ။

“ဒီလူက တကယ်ကို မောက်မာလွန်းတယ်။ သူက သိပ်ကြွားတာပဲ” လျိုချင်းယန်က ခေါင်းခါလိုက်သည်။

“နယ်မြေရဲ့ နံပါတ်တစ် ပါရမီရှင်က မမောက်မာလို့ ရမလား” တုံကျန့်ထျန်းက ပခုံးတွန့်လိုက်သည်။

ဖုန်းဝူချန်က အေးစက်စွာ မှတ်ချက်ပြုသည်။ “သူ့ရဲ့ အင်အားနဲ့ဆိုရင်... နယ်မြေရဲ့ ပါရမီရှင်တွေထဲမှာ ဘယ်သူမှ သူ့ပြိုင်ဘက် ဖြစ်နိုင်မယ် မထင်ဘူး။ 'ကောင်းကင်မီး တောင်ပေါ် စံအိမ်' က 'ယီထျန်းချင်း' တောင် သူ့ပြိုင်ဘက် မဟုတ်လောက်ဘူး။ ဒီလူရဲ့ စွမ်းအားက အပေါ်ယံ မြင်ရသလောက် ရိုးရှင်းမနေဘူး”

“ဆေးဧကရာဇ် ပြောတာ မှန်ပါတယ်။ ဒီလူရဲ့ စွမ်းအားက မရိုးရှင်းဘူး” နန်းကုန်းကျန့်က ခေါင်းညိတ် ထောက်ခံလိုက်သည်။

စင်မြင့်ပေါ်တွင် 'ဖန်ရှောင်ယွင်' ၏ မောက်မာမှုနှင့် လွှမ်းမိုးနိုင်စွမ်း ရှိသော အရှိန်အဝါကြောင့် အခြား ပါရမီရှင်များမှာ ကြောက်ရွံ့ တိတ်ဆိတ်သွားကြပြီး၊ တစ်ဦးတစ်ယောက်မျှ စင်မြင့်ပေါ်သို့ မတက်ရဲကြပေ။

ပါရမီရှင် အဆင့်သတ်မှတ်ပွဲကို ဦးစီးကျင်းပနေသော အကြီးအကဲမှာလည်း ဝင်ရောက် စွက်ဖက်ရဲခြင်း မရှိပေ။ သူသည် 'ထျန်းယွဲ့' ဂိုဏ်းကို စော်ကားမိမည်ကို မလိုလားပေ။

“ဆေးဧကရာဇ်မှာ သူ့ကို အနိုင်ယူနိုင်မယ့် ယုံကြည်မှု ရှိလား” 'ပေတိုယန်' က ဖုန်းဝူချန်ဘက်သို့ လှည့်ကာ မေးလိုက်သည်။

ထိုစကားကို ကြားသောအခါ ဖုန်းဝူချန်က ခါးသီးစွာ ရယ်မောလိုက်ပြီး ဆိုသည်။ “ခင်ဗျား ကျွန်တော့်ကို အထင်ကြီးလွန်းနေပါပြီ။ 'ဖန်ရှောင်ယွင်' က 'ကောင်းကင်ဘုံ လူသား' ဘုံ ပထမအလွှာမှာ ရှိနေပေမယ့်၊ သူ့ရဲ့ စွမ်းအားက တတိယအလွှာနဲ့ ယှဉ်နိုင်လောက်တယ်။ ကျွန်တော့် အင်အားနဲ့ ဘယ်လိုလုပ် သူ့ပြိုင်ဘက် ဖြစ်နိုင်မှာလဲ”

ဖုန်းဝူချန် အနေဖြင့် 'ကောင်းကင်ဘုံ လူသား' ဘုံကို ယှဉ်ပြိုင်နိုင်လောက်အောင် ယုံကြည်မှု မရှိသည်မှာ သေချာသည်။ သူတို့၏ နယ်ပယ် ကွာခြားချက်မှာ ကြီးမားလွန်းလှသည်။

“ဒီလူက ဆရာ ပြောသလောက် တကယ်ပဲ သန်မာလို့လား” ကျန်းကျွင့်လန်က မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး ယုံကြည်ရန် ခက်ခဲနေသည်။

“ဒီထက်တောင် ပို သန်မာနိုင်သေးတယ်” ဖုန်းဝူချန်က 'ဖန်ရှောင်ယွင်' ကို အလွန် အလေးထားကြောင်း ထပ်လောင်း ပြောကြားလိုက်သည်။

“ဒီထက်တောင် ပို သန်မာနိုင်သေးတယ် ဟုတ်လား” 'ပေတိုယန်' နှင့် အခြားသူများ၏ နှလုံးသားများ တုန်လှုပ်သွားကြသည်။

ဖုန်းဝူချန်၏ စကားကို ယုံမှားသံသယ မရှိဘဲ လက်ခံကြသော်လည်း၊ နယ်မြေ၏ ပါရမီရှင် တစ်ဦးသည် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအား ပိုင်ဆိုင်ထားသည်ကိုမူ သူတို့ မယုံကြည်ချင်ကြပေ။

စင်မြင့်ပေါ်တွင် မည်သူမျှ စိန်ခေါ်ရန် တက်မလာသည်ကို မြင်သောအခါ 'ဖန်ရှောင်ယွင်' က ဆက်ပြောသည်။ “ငါ့အချိန်တွေက တန်ဖိုးရှိတယ်။ ဘယ်သူမှ လာမစိန်ခေါ်ဘူး ဆိုရင်... ပါရမီရှင် စာရင်းရဲ့ ထိပ်ဆုံး နေရာက ငါ့ဟာပဲ။ ငါ မင်းတို့ကို အခုချက်ချင်း ငါ့ဆီကနေ ထိပ်ဆုံး နေရာကို လုယူနိုင်မယ့် အခွင့်အရေး ပေးနေတာ... လက်လွှတ်မခံကြနဲ့”

ခေတ္တ ရပ်နားပြီးနောက် 'ဖန်ရှောင်ယွင်' က ရဲရဲတင်းတင်း ကြေညာလိုက်သည်။

“မကြာသေးခင်က နယ်မြေထဲမှာ ပါရမီရှင် တစ်ယောက်က အဖွဲ့အစည်းပေါင်းစုံက ပါရမီရှင်တွေကို လိုက်စိန်ခေါ်ပြီး တစ်ပွဲမှ မရှုံးဘဲ အနိုင်ယူခဲ့တယ်လို့ ကြားတယ်။ ပြီးတော့... 'ထျန်းယွမ်ဘုံ' သတ္တမအလွှာ ကျင့်ကြံမှုနဲ့ 'ထျန်းယွမ်ဘုံ' အဋ္ဌမအလွှာ ရှိတဲ့ 'မြင့်မြတ်သော နေ' ဂိုဏ်းရဲ့ ဂိုဏ်းချုပ်လေးကို အနိုင်ယူခဲ့တယ်တဲ့။ အဲ့ဒီလူ ဘယ်သူလဲတော့ ငါ မသိဘူး။ ဒါပေမဲ့ သူ ဒီကို တက်လာပြီး တိုက်ခိုက်ရဲမလား။ မင်း ဘာတွေ စွမ်းဆောင်နိုင်လဲ ဆိုတာ ဒီသခင်လေးကို ပြစမ်းပါ။ ပြီးတော့ ငါ့ရဲ့ တိုက်ခိုက်မှုကို ခံယူထိုက်တဲ့ အရည်အချင်း ရှိမရှိ ကြည့်ကြတာပေါ့”

'ဖန်ရှောင်ယွင်' ၏ စကားကို ကြားသောအခါ 'ခရမ်းရောင် တိမ်တိုက် စံအိမ်' မှ အဆင့်မြင့် ပုဂ္ဂိုလ်များ၊ 'လေ့ထျန်းကျွယ်'၊ 'မင်' ဘုရင် ဂိုဏ်းချုပ်တို့ အုပ်စု၊ 'ရှောင်ယောင်' နန်းတော်မှ ထိပ်သီးများနှင့် ဖုန်းဝူချန်ကို မြင်ဖူးသော အင်အားကြီး အဖွဲ့အစည်းများမှ အစွမ်းထက် ပုဂ္ဂိုလ်များ အားလုံးက ဖုန်းဝူချန်၏ ပုံရိပ်ကို ရှာဖွေရန် ဘေးဘီဝဲယာသို့ ကြည့်ရှုလိုက်ကြသည်။

“အစ်ကိုဖုန်း။ ဒီကောင် ခင်ဗျားကို စိန်ခေါ်နေတာဗျ” လျိုချင်းယန်က အပြုံးလေးဖြင့် ပြောလိုက်သည်။

မြောင်ချင်းချင်းက စိုးရိမ်တကြီး ဆိုသည်။ “အစ်ကိုဖုန်း။ သူ ရှင့်ကို တမင်တကာ ရန်စနေတာပါ။ အစ်ကိုသာ တိုက်ခိုက်လိုက်ရင်... သူ အစ်ကို့ကို သေချာပေါက် အရှက်ခွဲလိမ့်မယ်”

ဖုန်းဝူချန်၏ နှလုံးသားမှာ ယားယံနေမိသည်။ ဤကဲ့သို့သော ရန်စမှုကို သည်းခံနေရခြင်းက သေမင်းထက်ပင် ပို၍ ခံရခက်လှသည်။

သို့သော် 'ကောင်းကင်ဘုံ လူသား' ဘုံနှင့် 'ထျန်းယွမ်ဘုံ'ကြား ကွာဟချက်မှာ ကြီးမားလွန်းလှသည်။ 'ထျန်းယွမ်ဘုံ' ပဉ္စမအလွှာသာ ရှိသေးသော ဖုန်းဝူချန်ကို ထားလိုက်ဦး၊ ဆဌမအလွှာ သို့မဟုတ် သတ္တမအလွှာသို့ အဆင့်တက်သွားလျှင်တောင်မှ၊ 'ကောင်းကင်ဘုံ လူသား' ဘုံမှ ကျွမ်းကျင်သူ တစ်ယောက်ကို ယှဉ်ပြိုင်နိုင်ရန် မဖြစ်နိုင်သလောက်ပင်။

“ဘယ်သူမှ တက်မလာရဲရင်... ပါရမီရှင် စာရင်းရဲ့ ထိပ်ဆုံး နေရာက ငါ့ဟာပဲ” 'ဖန်ရှောင်ယွင်' က အေးစက်စွာ လှောင်ပြောင်လိုက်သည်။ သူ၏ ရန်စသော အကြည့်များက 'ယီထျန်းချင်း' အပေါ်သို့လည်း ဖြတ်သန်းသွားသည်။

'ဖန်ရှောင်ယွင်' ၏ မောက်မာမှုက အဖွဲ့အစည်း မျိုးစုံမှ အဆင့်မြင့် ပုဂ္ဂိုလ်များကို မနှစ်မြို့စေသော်လည်း၊ သူတို့ ဘာမှ မပြောရဲကြပေ။

နောက်ဆုံးတော့ 'ထျန်းယွဲ့' ဂိုဏ်းက 'ကောင်းကင်ဘုံ' နယ်မြေရဲ့ အင်အား အကြီးဆုံး အဖွဲ့အစည်း မဟုတ်ပါလော။

“ဟမ့်။ မောက်မာလိုက်တာ”

'ယီထျန်းချင်း' နောက်ဆုံးတွင် သည်းမခံနိုင်တော့ပေ။ အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီးနောက် သူသည် ချက်ချင်းပင် စင်မြင့်ပေါ်သို့ လွှားခနဲ ပျံတက်သွားလိုက်သည်။

“သခင်လေးယီ လှုပ်ရှားလိုက်ပြီဟေး”

လူအုပ်ကြီးထံမှ အာမေဋိတ်သံများ ပေါက်ကွဲထွက်ပေါ်လာ တော့၏။

“သခင်လေးယီက 'ကောင်းကင်ဘုံ လူသား' ဘုံ ပထမအလွှာကို ရောက်နေပြီ။ သူ့ရဲ့ အင်အားက လုံးဝ မသေးဘူး။ သခင်လေးဖန်ကို အနိုင်ယူနိုင်လောက်တယ်”

“သခင်လေးယီက 'ကောင်းကင်ဘုံ လူသား' ဘုံကို မရောက်ခင် နှစ်နှစ်လောက် တံခါးပိတ် ကျင့်ကြံခဲ့တာ။ သခင်လေးဖန်က 'ကောင်းကင်ဘုံ လူသား' ဘုံ ရောက်နေတာ တစ်နှစ်ကျော်နေပြီ။ သခင်လေးယီက သခင်လေးဖန်ကို နိုင်ပါ့မလား”

“ဒါ‌တော့ အတပ် ပြောလို့ မရဘူးလေ။ သခင်လေးယီရဲ့ အင်အားကို မသိသူ ဘယ်သူရှိလိို့လဲ။ အခု သူက 'ကောင်းကင်ဘုံ လူသား' ဘုံ ပထမအလွှာကို ရောက်နေပြီ ဆိုတော့... သခင်လေးဖန်ကို တကယ်ပဲ အနိုင်ယူနိုင်လောက်တယ်”

မရေမတွက်နိုင်သော ကျင့်ကြံသူများက ပွဲကြည့်ရင်း အမျိုးမျိုး ထင်ကြေးပေးနေကြသည်။

'ဖန်ရှောင်ယွင်' ၏ မောက်မာမှုနှင့် 'ယီထျန်းချင်း' ၏ ဝင်ရောက် ယှဉ်ပြိုင်မှုက ကြီးမားသော လှိုင်းလုံးကြီး တစ်ခုကို ဖန်တီးလိုက်ပြီး၊ နေရာတစ်ခုလုံး စိတ်လှုပ်ရှားမှုများဖြင့် ပွက်ပွက်ဆူသွားစေသည်။

'ဖန်ရှောင်ယွင်' ကို ထောက်ခံသူများက သခင်လေးဖန်အတွက် တစ်ခဲနက် အားပေးကြလေသည်။

'ယီထျန်းချင်း' ကို ထောက်ခံသူများက သခင်လေးယီအတွက် တစ်ခဲနက် အားပေးကြလေ၏။

အော်ဟစ် အားပေးသံများမှာ ဒီလှိုင်းလုံးကြီး တစ်ခုအလား ပတ်ဝန်းကျင်ရှိ တောင်တန်းများအကြား ပဲ့တင်ထပ်နေတော့သည်။

စင်မြင့်ပေါ်တွင် 'ဖန်ရှောင်ယွင်' က 'ယီထျန်းချင်း' ကို အထင်သေးသော အကြည့်ဖြင့် ကြည့်လိုက်ပြီး လှောင်ပြောင်လိုက်သည်။

“မင်း မနေနိုင်ဘဲ တက်လာမယ် ဆိုတာ ငါ သိပြီးသားပါ။ ဒါပေမဲ့ ငါ မင်းကို ရှင်းရှင်းလင်းလင်း ပြောလိုက်မယ်။ 'ကောင်းကင်ဘုံ လူသား' ဘုံ ပထမအလွှာကို ရောက်နေရင်တောင်မှ... မင်းက ငါ့ပြိုင်ဘက် မဟုတ်သေးဘူး၊ ငါ့လက်ချက်နဲ့ ရှုံးနိမ့်ရဦးမှာပဲ”

"ဘုန်း..ဘုန်း"

'ယီထျန်းချင်း' က စကားအပိုတွေ ပြောမနေတော့ပေ။ 'ကောင်းကင်ဘုံ လူသား' ဘုံ ပထမအလွှာ၏ ကြောက်မက်ဖွယ် စွမ်းအားများ အပြည့်အဝ ထုတ်ဖော်လိုက်လေသည်။ ကြီးမားသော စင်မြင့်ကြီး ပေါက်ကွဲ ပြိုကျသွားပြီး၊ ပတ်ဝန်းကျင်ရှိ ခမ်းနားထည်ဝါသော တောင်တန်းများ တုန်ခါသွားရ၏။ အပြာရောင် အလင်းတန်းများ လင်းလက်လာပြီး ကွင်းပြင်တစ်ခုလုံးကို အပြာရောင်အတိ လွှမ်းခြုံသွားတော့သည်။

ထိုအခိုက်အတန့်တွင် ကွင်းပြင်တစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားပြီး၊ မျက်လုံးများ အားလုံး စင်မြင့်ထက်သို့ စူးစိုက် ရောက်ရှိသွားကြ၏။

ထိုအရာကို မြင်သောအခါ 'ဖန်ရှောင်ယွင်' သည် 'ယီထျန်းချင်း' ၏ စွမ်းအားကြောင့် ကြောက်ရွံ့ခြင်း မရှိသည့်အပြင်၊ ခေါင်းခါရင်း ဆိုလိုက်သည်။

“ဟုတ်ပြီ၊ မင်းက အရှက်ကွဲချင်နေမှတော့... ငါ မင်းဆန္ဒအတိုင်း ဖြစ်စေရမှာပေါ့”

“'ဖန်ရှောင်ယွင်' အရမ်း မမောက်မာနဲ့”

'ယီထျန်းချင်း' က မည်းမှောင်သော မျက်နှာထားဖြင့် ပြန်အော်လိုက်သည်။ 'ဖန်ရှောင်ယွင်' ၏ အထင်သေးသော မျက်လုံးများကို မြင်လိုက်ရတိုင်း သူ ဒေါသထွက်မိလေသည်။

'ယီထျန်းချင်း' သည်လည်း 'ကောင်းကင်ဘုံ' နယ်မြေ၏ ထိပ်သီး ပါရမီရှင် တစ်ဦး ဖြစ်ပြီး၊ သူ၏ မွေးရာပါ ပါရမီမှာ 'ဖန်ရှောင်ယွင်' အောက် မနိမ့်ကျပေ။ 'ဖန်ရှောင်ယွင်' က သူ့ကို သို့ အထင်သေးသည်ကို သူ မည်သို့ ခွင့်လွှတ်နိုင်မည်နည်း။

“တကယ်လား။ မင်းရဲ့ အင်အား ဘယ်လောက် တိုးတက်လာလဲ ဆိုတာ ငါ ကြည့်ချင်သေးတယ်”

'ဖန်ရှောင်ယွင်' ၏ မျက်လုံးများတွင် ရက်စက်သော အရိပ်အယောင်များ လင်းလက်သွားပြီး သူက ရုတ်တရက် မြေကြီးကို ဆောင့်နင်းလိုက်ရာ ပေါက်ကွဲသံကြီး တစ်ခု ထွက်ပေါ်လာသည်။ သူ၏ ခန္ဓာကိုယ်မှာ ရှေ့သို့ တရကြမ်း တိုးဝင်သွားပြီး၊ သူ ရှိခဲ့သော နေရာတွင် ပြင်းထန်သော လေပွေတစ်ခု ကျန်ရစ်ခဲ့သည်။

မျက်တောင်တစ်ခတ်အတွင်း 'ဖန်ရှောင်ယွင်' သည် သရဲတစ္ဆေကဲ့သို့ 'ယီထျန်းချင်း' ၏ ရှေ့မှောက်တွင် ပေါ်ထွက်လာပြီး၊ သူ၏ လက်ဖဝါးဖြင့် ရက်စက်စွာ ရိုက်နှက်လိုက်သည်။

“ဘုန်း”

"ဘုန်း..ဘုန်း"

'ဖန်ရှောင်ယွင်' ၏ လက်ဖဝါး ရိုက်ချက်မှာ အင်အား အပြည့်ပါသည်။ သူသည် 'ယီထျန်းချင်း' ကို တိုက်ချက် တစ်ချက်တည်းဖြင့် ဖိနှိပ်ရန် ရည်ရွယ်ထား၏။ ပေါက်ကွဲသံကြီး တစ်ခုနှင့်အတူ ကြောက်မက်ဖွယ် စွမ်းအားများ အရိုင်းဆန်စွာ ပျံ့နှံ့သွားပြီး၊ ကျယ်ပြောသော စင်မြင့်ကြီးမှာ အလွှာလိုက် ပြိုကျပျက်စီးသွားတော့သည်။

မျက်တောင်တစ်ခတ်အတွင်း ကြီးမားသော စင်မြင့်ကြီးမှာ မြေပြင်နှင့် တစ်သားတည်း ပိပြားသွားခဲ့လေ၏။

'ဖန်ရှောင်ယွင်' ၏ လက်ဖဝါး ရိုက်ချလိုက်သောအခါ၊ ထိုအခိုက်အတန့်၌၊ ၊သူ၏ မျက်နှာထား ရုတ်တရက် ပြောင်းလဲသွားပြီး တုန်လှုပ်စွာ အော်ဟစ်လိုက်မိသည်။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”

သူ၏ အင်အား အကုန်သုံးထားသည့်တိုင်အောင်၊ 'ဖန်ရှောင်ယွင်' သည် 'ယီထျန်းချင်း' ကို မလှုပ်ရှားစေနိုင်ခဲ့ပေ။

တုန်လှုပ်ခြင်း….။

ကွင်းပြင်တစ်ခုလုံး တုန်လှုပ်သွားကြရလေသည်။

All Chapters