← Chapters

'ယဲ့' မိသားစု၏ ဧည့်ခံပွဲ

Vol. 26 Ch. 378

'ယဲ့' မိသားစု၏ ဧည့်ခံပွဲ

Vol. 26 Ch. 378

~'ရှောင်ယောင်' နန်းတော်သခင်၏ ရုတ်တရက် ပြောင်းလဲသွားသော သဘောထားက ဖုန်းဝူချန်တို့ အဖွဲ့ကို အနည်းငယ် ကြောင်အမ်းသွားစေသည်။ သို့သော် သူတို့ ထိုအကြောင်းကို ခေါင်းထဲထည့်၍ အကြာကြီး စဉ်းစားမနေကြတော့ပေ။

'ရှောင်ယောင်' နန်းတော်မှ ထွက်ခွာလာပြီး မကြာမီမှာပင် လူရိပ်တစ်ခုက သူတို့၏ ရှေ့မှောက်သို့ လျှပ်စီးအသွင် ပျံတက်လာသည်။ ထိုသူမှာ ယဲ့ကူချန် ဖြစ်လေသည်။

“ဆေးဧကရာဇ်ကို တွေ့ခွင့်ရတာ ဝမ်းသာပါတယ်။ သခင်လေးကျန်းကိုလည်း နှုတ်ဆက်ပါတယ်” ယဲ့ကူချန်က လေးစားစွာဖြင့် လက်နှစ်ဖက် ဆုပ်ကာ အရိုအသေပြုရင်း ဆိုသည်။

လျိုချင်းယန်က သူ့ကို ချက်ချင်း မှတ်မိသွားပြီး အံ့ဩတကြီး ထအော်လိုက်သည်။

“ခင်ဗျားကိုး”

“ရှင်က 'အထီးကျန် နယ်မြေ' က တစ်ယောက်ပဲ” မြောင်ချင်းချင်းကလည်း ရှုပ်ထွေးစွာဖြင့် ဆို၏။

ဖုန်းဝူချန်ကလည်း ယဲ့ကူချန်ကို အနည်းငယ် အံ့ဩသော အကြည့်ဖြင့် ကြည့်လိုက်သည်။

“ကျွန်တော့်နာမည် ယဲ့ကူချန်ပါ” ဟု ယဲ့ကူချန်က မိမိကိုယ်ကို မိတ်ဆက်လိုက်သည်။

“'ယဲ့' မိသားစုက 'ကောင်းကင်ဘုံ' နယ်မြေ အရှေ့ပိုင်းမှာ မဟုတ်လား။ ခင်ဗျားက အခု မြောက်ပိုင်းကို ရောက်နေတယ်...” ဖုန်းဝူချန်က တစ်ချက် စဉ်းစားပြီးနောက် ဆက်ပြောသည်။

“ကျွန်တော် မှန်းတာ မမှားဘူးဆိုရင်... 'ရှောင်ယောင်' နန်းတော်သခင် ရုတ်တရက် စိတ်ပြောင်းသွားအောင် လျှို့ဝှက် သတင်းပို့လိုက်တဲ့သူက ခင်ဗျားပဲ ဖြစ်ရမယ်။ မဟုတ်လား”

ထိုစကားကို ကြားသောအခါ ယဲ့ကူချန်က ပြုံးလိုက်သည်။

“ဟုတ်ပါတယ်။ ကျွန်တော်ပါပဲ”

“ဒါဆို ခင်ဗျား ..တကယ်ကြီး လျှို့ဝှက် သတင်းပို့လိုက်တာပေါ့။ 'ရှောင်ယောင်' နန်းတော်သခင်၊ ဘာလို့ ရုတ်တရက်ကြီး စိတ်ပြောင်းသွားလဲလို့ ကျွန်တော်တောင် တွေးနေတာ” လျိုချင်းယန်က ပြုံးလျက် ဆိုသည်။

“ကျေးဇူးတင်ပါတယ်” ဖုန်းဝူချန်က ကျေးဇူးတင်စကား ဆိုလိုက်၏။

'ရှောင်ယောင်' နန်းတော်၏ အင်အားက ကြောက်မက်ဖွယ်ကောင်းလှသည်။ အကယ်၍သာ တကယ်တမ်း တိုက်ပွဲ ဖြစ်ပွားခဲ့လျှင် သူတို့ထဲမှ တစ်ယောက်မှ နန်းတော်သခင်ကို ယှဉ်နိုင်မည် မဟုတ်ပေ။ ထိခိုက် ဒဏ်ရာရသူများပင် ရှိလာနိုင်လေ၏။

“ဆေးဧကရာဇ်က အားနာတတ်လွန်းနေပါပြီ” ယဲ့ကူချန်က အနည်းငယ် အံ့ဩသွားဟန်ဖြင့် ဝန်ခံလိုက်သည်။

“ခင်ဗျား ကျွန်တော်တို့ကို တမင် လာရှာတာလား” ကျန်းကျွင့်လန်က မေးလိုက်သည်။ သည်အချက်ကို ခန့်မှန်းရန် မခက်ခဲလှပေ။

ယဲ့ကူချန်က ခေါင်းညိတ်လိုက်ပြီး လေးစားစွာ ပြောလာ၏။

“သခင်လေးကျန်း ပြောတာ မှန်ပါတယ်။ နောက် သုံးရက်နေရင် 'ယဲ့' မိသားစုမှာ ဧည့်ခံပွဲတစ်ခု ကျင်းပဖို့ ရှိပါတယ်။ ဆေးဧကရာဇ်၊ သခင်လေးကျန်း နဲ့ တခြား မိတ်ဆွေတွေကိုပါ ကြွရောက်ချီးမြှင့်စေချင်ပါတယ်”

“ခင်ဗျားက အရှေ့ပိုင်းကနေ ဒီအထိ လာဖိတ်တာတောင်မှ ကျွန်တော်တို့က ငြင်းလိုက်ရင်... အရမ်း မလေးမစားရာ ကျသွားမှာပေါ့”

ဖုန်းဝူချန်က ခေါင်းညိတ်လိုက်သည်။ သူသည် ယဲ့ကူချန်အပေါ် အတော်လေး အထင်အမြင် ကောင်းမွန်သွား၏။

ထို့အပြင် ယဲ့ကူချန်က သူတို့ကို ကူညီခဲ့သည်မှာလည်း မကြာသေးပေ။ ထို့ကြောင့် ဖုန်းဝူချန် အနေဖြင့် ငြင်းပယ်စရာ အကြောင်းရင်းကို ရှာမတွေ့တော့ပေ။

အမှန်တကယ်တွင် 'ယဲ့' မိသားစု၌ ဧည့်ခံပွဲဟူ၍ သီးသန့် မရှိပေ။ ၎င်းမှာ ဖုန်းဝူချန်ကို 'ယဲ့' မိသားစုထံ လာရောက်စေရန် ဖန်တီးထားသော ဖိတ်ကြားမှု သက်သက်သာ ဖြစ်သည်။ ဤဧည့်ခံပွဲသည် ဖုန်းဝူချန်တို့ အဖွဲ့အတွက်သာ အထူး ပြင်ဆင်ထားခြင်း ဖြစ်၏။

'ကောင်းကင်ဘုံ' နယ်မြေတွင် 'ယဲ့' မိသားစု၏ သြဇာအာဏာအရ၊ အင်အားကြီးသော အထက်တန်းလွှာ အချို့ကို ဖိတ်ကြားခြင်းမှာ လုံးဝ ပြဿနာ မရှိပေ။

ဖုန်းဝူချန်၏ အဖြေကို ကြားသောအခါ ယဲ့ကူချန်မှာ ဝမ်းသာလွန်းသွားပြီး ချက်ချင်းပင် ပြုံးလျက် ဆိုသည်။ “ဒါဆို အကောင်းဆုံးပေါ့။ နောက် သုံးရက်နေရင် ဆေးဧကရာဇ်နဲ့ သခင်လေးကျန်းတို့ကို ကျွန်တော်တို့ 'ယဲ့' မိသားစုက လှိုက်လှိုက်လှဲလှဲ ကြိုဆိုနေပါ့မယ်”

ဖုန်းဝူချန်နှင့် ကျန်းကျွင့်လန်ကို ဤမျှ လွယ်ကူ ချောမွေ့စွာ ဖိတ်ခေါ်နိုင်လိမ့်မည်ဟု ယဲ့ကူချန် မျှော်လင့်မထားခဲ့ပေ။

သို့သော် ယဲ့ကူချန် မသိလိုက်သည့် အချက် တစ်ခု ရှိနေသည်။ ဖုန်းဝူချန်က အလွယ်တကူ လက်ခံလိုက်ခြင်းမှာ ယဲ့ကူချန်က သူတို့ကို ကူညီခဲ့သည့် အကြောင်းရင်း တစ်ခုတည်းကြောင့်တော့ မဟုတ်ပေ။

ယဲ့ကူချန်သည် 'ကောင်းကင်ဘုံ' နယ်မြေ၏ ထိပ်သီး ပါရမီရှင် တစ်ဦး ဖြစ်ပြီး၊ ပါရမီရှင် အဆင့်သတ်မှတ်ချက်တွင် အဆင့် လေး နေရာ၌ ရှိသူ ဖြစ်သည်။ သူ၏ စွမ်းအားမှာလည်း သံသယဖြစ်ဖွယ် မရှိအောင် အစွမ်းထက်လှ၏။

ဤသို့သော ပါရမီရှင်မျိုးကို ဖုန်းဝူချန်ကလည်း စုဆောင်း လိုလားနေခြင်း ဖြစ်သည်။

ယဲ့ကူချန် ထွက်ခွာသွားပြီးနောက် ဖုန်းဝူချန်က ရယ်မောလိုက်သည်။ “ငါလည်း သူ့ကို ရှာဖို့ 'ယဲ့' မိသားစုကို သွားလည်ဖို့ စဉ်းစားနေတာ။ အခုတော့ ကောင်းကင်ဘုံကပဲ သူ့ကို ငါ့ဆီ လာဖို့ စီစဉ်ပေးလိုက်သလိုပါပဲ”

“ယဲ့ကူချန်ရဲ့ စွမ်းအားက တကယ်ပဲ ကြောက်စရာကောင်းတယ်။ လော့ယွမ်ထက်တောင် မနိမ့်ဘူး” နန်းကုန်းကျန့်က လေးနက်စွာ မှတ်ချက်ပြုသည်။

“သွားကြစို့။ ပါရမီရှင်တစ်ယောက်ကို စုဆောင်းဖို့က အလျင်လိုစရာ မလိုပါဘူး” ဖုန်းဝူချန်က ရယ်မောလိုက်ပြီး ရှေ့ဆုံးမှ ဦးဆောင်ကာ ပျံသန်း ထွက်ခွာသွားတော့သည်။

“ဆရာ။ 'ပါရမီရှင် အဆင့်သတ်မှတ်ပွဲ' က နောက် ဆယ်ရက်နေရင် ကျင်းပတော့မယ်။ ဆရာ စာရင်း သွင်းမလို့လား” ကျန်းကျွင့်လန်က အမီလိုက်လာရင်း မေးလိုက်သည်။

ဖုန်းဝူချန်က ခေါင်းခါလိုက်ကာ၊

“မလိုပါဘူး။ ပါရမီရှင် အဆင့်သတ်မှတ်ချက်ရဲ့ အဆင့် တစ် နဲ့ နှစ် က 'ကောင်းကင်ဘုံ လူသား' ဘုံထဲ ဝင်သွားလောက်ပြီ။ ငါ့ရဲ့ လက်ရှိ စွမ်းအားနဲ့ သူတို့ကို ယှဉ်နိုင်ဦးမှာ မဟုတ်ဘူး”

တစ်ချက် ရပ်တန့်ပြီးနောက် ဖုန်းဝူချန်က ဆက်ပြောသည်။

“'ပါရမီရှင် အဆင့်သတ်မှတ်ပွဲ' ကို 'ကောင်းကင်ဘုံ' နယ်မြေက ပါရမီရှင်တွေကို လေ့လာဖို့ အခွင့်အရေးတစ်ခုအနေနဲ့ သုံးတာပေါ့။ 'ကောင်းကင်ဘုံ' နယ်မြေမှာ ပါရမီရှင်တွေ အများကြီး ရှိတယ်။ တချို့ကို စုဆောင်းနိုင်ရင် မဆိုးပါဘူး။ ကဲ သွားစို့။ ရက်နည်းနည်းလောက် ကောင်းကောင်း အနားယူကြမယ်။ ပြီးရင် 'ယဲ့' မိသားစုကို သွားကြည့်ကြတာပေါ့”

...

သုံးရက် ကြာသောအခါ...

ဖုန်းဝူချန်နှင့် သူ၏ အဖွဲ့ဝင် ခုနစ်ယောက်တို့သည် 'ကောင်းကင်ဘုံ' နယ်မြေ အရှေ့ပိုင်းရှိ 'ယဲ့' မိသားစုထံသို့ အရောက်သွားခဲ့ကြသည်။

ထိုနေ့တွင် 'ယဲ့' မိသားစုသည် ဧည့်ခံပွဲကြီးတစ်ခုကို ကျင်းပလျက်ရှိပြီး အနီးအနားမှ အင်အားကြီး အဖွဲ့အစည်းများ၏ အထက်တန်းလွှာများကို ဖိတ်ကြားထားရာ အလွန်တရာမှ စည်ကားသိုက်မြိုက်နေ၏။

'ယဲ့' မိသားစုက အဘယ်ကြောင့် ရုတ်တရက် ဧည့်ခံပွဲ ကျင်းပရသည်ကို ရှင်းရှင်းလင်းလင်း မသိကြသော်လည်း၊ ထိုပွဲသို့ တက်ရောက်ခွင့်ရခြင်းမှာ အရှေ့ပိုင်းဒေသတွင် သူတို့၏ သြဇာအာဏာကို ပြသနိုင်သည့် အခွင့်အရေးကြီးတစ်ခု ဖြစ်သဖြင့် အားလုံးမှာ ပျော်ရွှင်နေကြသည်။

‘ကောင်းကင်ဘုံ’ နယ်မြေ အရှေ့ပိုင်း 'လျိုလီမြို့' တွင် တည်ရှိသော 'ယဲ့' မိသားစု၏ သြဇာအာဏာမှာ ထူးကဲလှပြီး အရှေ့ပိုင်းဒေသ၏ အကြီးအကဲ အင်အားစု ဖြစ်သည်။

ဖုန်းဝူချန်နှင့် ကျန်းကျွင့်လန်ကို ကြိုဆိုရန်အတွက် 'ယဲ့' မိသားစုသည် သူတို့၏ ကျွမ်းကျင်သူများ အားလုံးကို အမှန်တကယ်ပင် စုစည်းထားသည်။ မိသားစုဝင်များသည် 'ယဲ့' မိသားစု၏ ပင်မတံခါးဝမှသည် မြို့တံခါးဝအထိ တန်းစီ နေရာယူထားကြသည်။

ယဲ့ကူချန် ကိုယ်တိုင်က မြို့တံခါးဝတွင် ရပ်စောင့်နေ၏။

'ယဲ့' မိသားစု နေအိမ်၏ ပင်မဝင်ပေါက်မှ မြို့တံခါးဝအထိ သွယ်တန်းနေသော လမ်းမကြီးများမှာ လူများဖြင့် လုံးဝ ပြည့်ကျပ်နေသည်။ သို့သော် လမ်းမအလယ်တွင်မူ ရှင်းလင်းထားပြီး၊ လမ်းသွားလမ်းလာများမှာ လမ်း၏ ဘေးတစ်ဖက်တစ်ချက် သို့မဟုတ် ဘေးရှိ အဆောက်အအုံများပေါ်တွင်သာ ရပ်ကြည့်နိုင်ကြသည်။

'ယဲ့' မိသားစုက ဤမျှ ကြီးကျယ်ခမ်းနားသော အခမ်းအနားဖြင့် မည်သူ့ကို ကြိုဆိုရန် ပြင်ဆင်နေကြပါသနည်း။

“'ယဲ့' မိသားစုက ဒီနေ့ ဧည့်ခံပွဲအတွက်..ဘယ်သူ့ကိုများ ဒီလောက်ခမ်းနားအောင် ပြင်ဆင်ထားတာပါလိမ့်”

“'လျိုလီမြို့' မှာ နေလာတာ ဒီလောက်ကြာပြီ။ 'ယဲ့' မိသားစုက ဧည့်သည်ကို ဒီလောက် လေးလေးစားစား ကြိုဆိုတာမျိုး ဒါ ပထမဆုံး မြင်ဖူးတာပဲ”

“ဘုရားရေ.. 'ယဲ့' မိသားစုက ဘယ်သူ့ကို ကြိုမှာမို့လို့လဲ။ သူတို့ အိမ်တော် တံခါးဝကနေ မြို့တံခါးဝအထိ 'ယဲ့' မိသားစုဝင်တွေချည်းပဲ”

'လျိုလီမြို့' မှ ပြည်သူများ စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေကြစဉ်၊ 'ယဲ့' မိသားစု၏ လေးစားစွာ ကြိုဆိုခြင်းကို ခံရမည့်သူမှာ မည်သူဖြစ်နိုင်သည်ကိုလည်း စိတ်အားထက်သန်စွာ မျှော်လင့်နေကြ တော့သည်။

လူတိုင်း၏ စူးစမ်းလိုစိတ်များ ပိုမို ပြင်းထန်လာသည်နှင့်အမျှ 'လျိုလီမြို့' မှာ ပို၍ပင် စည်ကားလာသည်။ အနီးအနားရှိ အခြားမြို့များမှ ကျင့်ကြံသူများပင်လျှင် သူတို့၏ စူးစမ်းလိုစိတ်ကြောင့် ကိုယ်တိုင်ကိုယ်ကျ လာရောက် ကြည့်ရှုကြ၏။

'လျိုလီမြို့' ၏ တံခါးအပြင်ဘက်တွင် လူအုပ်ကြီးမှာ ကြီးသထက် ကြီးလာသည်။ သို့သော် တံခါးဝသို့ သွားရာ ပင်မ လမ်းမကြီးမှာမူ မည်သူမျှ ဝင်ရောက်ရဲခြင်း မရှိသောကြောင့် ထူးဆန်းစွာ ရှင်းလင်းနေလေသည်။

ထိုအချိန်တွင် ဖုန်းဝူချန်နှင့် သူ၏ အဖွဲ့ဝင် ခုနစ်ယောက်တို့သည် 'လျိုလီမြို့' သို့ ရောက်ရှိလာခဲ့ပြီး၊ လူအုပ်ကြီးအား တိုးဝှေ့ ဖြတ်သန်းရန် ကြိုးစားနေကြသည်။

“လမ်းဖယ်ပေးကြပါ။ လမ်းဖယ်ပေးကြပါဦး” လျိုချင်းယန်က ဖုန်းဝူချန်တို့အတွက် လမ်းရှင်းပေးရန် အားစိုက် တိုးဝှေ့ရင်း အော်ဟစ်နေသည်။

“ဒီဘက်ကို လာကြပါ။ ဒီဘက်ကို လာ” ထိုအချိန်တွင် မိန်းကလေးငယ်တစ်ဦးက ဖုန်းဝူချန်တို့ အဖွဲ့ကို လက်ယမ်းကာ ခေါ်လိုက်သည်။ သူမ၏ ချစ်စဖွယ် မျက်နှာလေးပေါ်တွင် ချိုမြသော အပြုံးတစ်ခု ရှိနေသည်။

“ကျေးဇူးတင်ပါတယ် ညီမလေး” မြောင်ချင်းချင်းက ကျေးဇူးတင်စွာ တုံ့ပြန်လိုက်သည်။

“ရှောင်ရီ။ နင် သူတို့ကို ဘာလို့ ဒီဘက် ခေါ်နေတာလဲ။ ဒီမှာက လုံလောက်အောင် လူများနေပြီဟာကို” မိန်းကလေး၏ ဘေးမှ အမျိုးသားတစ်ဦးက မကျေမနပ် ဟန်ဖြင့် ပြောလိုက်သည်။ သူက ဖုန်းဝူချန်တို့ အဖွဲ့ကို မနှစ်မြို့သလို ကြည့်နေ၏။

မိန်းကလေးက ပခုံးတွန့်ကာ ဂရုမစိုက်ဟန်ဖြင့် ဆိုသည်။

“ဘာဖြစ်လဲ။ နည်းနည်းလောက် တိုးနေတာက အသား ကျွတ်သွားတာမှ မဟုတ်တာ”

“အစ်မတို့လည်း ဒီကို လာကြည့်ကြတာလား။ ဒီနေ့ 'ယဲ့' မိသားစုက ဘယ်လို ဂုဏ်သရေရှိ ဧည့်သည်ကို ဖိတ်ထားလဲ မသိဘူးနော်..မြို့ထဲက လူတွေ အကုန် လာကြည့်နေကြတာ” မိန်းကလေးက မြောင်ချင်းချင်းနှင့် အခြားသူများကို ပြုံးလျက် မေးလိုက်သည်။

ထိုအခါ၊ မြောင်ချင်းချင်းက ခပ်ဖွဖွ ရယ်လိုက်ပြီး “မဟုတ်ဘူး ညီမလေး။ ကျွန်မတို့ကို 'ယဲ့' မိသားစုက ဖိတ်ထားလို့ လာခဲ့ကြတာ” ဟု ပြောလိုက်သည်။

“'ယဲ့' မိသားစုက ဖိတ်တာ ဟုတ်လား။ ဝိုး။ အစ်မတို့က တော်လိုက်တာ” မိန်းကလေး၏ မျက်နှာမှာ လေးစား အထင်ကြီးမှုများဖြင့် ပြည့်နှက်သွားသည်။

“ဒါပေါ့။ အစ်ကိုတို့က 'ယဲ့' မိသားစုရဲ့ အရေးအကြီးဆုံး ဂုဏ်သရေရှိ ဧည့်သည်တော်တွေကွ” တုံကျန့်ထျန်းက ချက်ချင်းပင် ဝင်၍ ကြွားလုံး ထုတ်လိုက်သည်။

“အရေးအကြီးဆုံး ဧည့်သည်တော်တွေ ဟုတ်လား။ မင်းတို့က..”

ထိုအမျိုးသားက ဖုန်းဝူချန်တို့ အဖွဲ့ကို သံသယဖြင့် ကြည့်လိုက်သည်။ သူက ဖုန်းဝူချန်တို့ အဖွဲ့ထံမှ မည်သည့် ထူးခြားမှုကိုမှ မမြင်မိပေ။

ထိုအမျိုးသားက နှာခေါင်းရှုံ့လိုက်သည်။ “'ယဲ့' မိသားစုက 'ကောင်းကင်ဘုံ' နယ်မြေရဲ့ ကြီးမြတ်တဲ့ အင်အားစု ခြောက်ခုထဲက တစ်ခုကွ။ အရှေ့ပိုင်းမှာ သူတို့ရဲ့ သြဇာက အတော့်ကို ကြီးတယ်။ သိသာထင်ရှားတဲ့ နောက်ခံ မရှိဘဲ 'ယဲ့' မိသားစု တံခါးဝကိုတောင် ဝင်ဖို့ စိတ်မကူးနဲ့။ အတော်အတန် အဆင့်ရှိတဲ့ ငါတို့ 'လျို' မိသားစုတောင် ဖိတ်ကြားမခံရဘူး။ မင်းတို့ ဆို ဝေးရော”

တစ်ချက် ရပ်ပြီးနောက် ထိုအမျိုးသားက ဆက်ပြောသည်။

“'ယဲ့' မိသားစုရဲ့ အဆင့်အတန်းအရ၊ ကြီးမြတ်တဲ့ အင်အားစု ခြောက်ခုတောင်မှ 'ယဲ့' မိသားစုကို ဒီလောက်ထိ လှုပ်လှုပ်ရှားရှား မဖြစ်စေနိုင်ဘူး။ ဒါကြောင့် သူတို့ ကြိုဆိုမယ့် ဧည့်သည်က ကြောက်စရာကောင်းတဲ့ အထောက်အထား ရှိရမယ်ဆိုတာ ထင်ရှားတယ်။ ဒါပေမဲ့... အဲ့ဒါ မင်းတို့ လုံးဝ မဖြစ်နိုင်ဘူး”

ထိုအမျိုးသားက တတွတ်တွတ် ပြောဆိုနေစဉ်မှာပင် ယဲ့ကူချန်က ဖုန်းဝူချန်တို့ အဖွဲ့ကို မြင်တွေ့သွားခဲ့ပြီ ဖြစ်သည်။ ယခု သူက စိတ်လှုပ်ရှားသော အမူအရာဖြင့် သူတို့ရှိရာသို့ လျှောက်လှမ်းလာနေသည်။

လူအုပ်ကြီးက လမ်းဖယ်ပေးလိုက်ကြ၏။

“သခင်လေးယဲ့ လာနေပြီ။ မင်း ပါးစပ်ပိတ်ထားတော့။ သေချင်လို့ လျှောက်ပြောမနေနဲ့” ယဲ့ကူချန် လျှောက်လှမ်းလာသည်ကို သတိပြုမိသည်နှင့် ခုနက စကားတွင်တွင်ပြောနေသော အမျိုးသား၏ မျက်နှာမှာ ရုတ်တရက် ပြောင်းလဲသွားပြီး၊ သူ၏ လက်အောက်ငယ်သားများကို ညွှန်ကြားနေသည့် သူဌေးတစ်ဦး၏ အမူအရာကို ချက်ချင်း ပြောင်းလဲလိုက်သည်။

ထိုအမျိုးသား၏ စကားပင် မဆုံးသေး၊ ယဲ့ကူချန်က ဖုန်းဝူချန်၏ ရှေ့မှောက်သို့ ရောက်လာပြီး လေးစားစွာ ဦးညွှတ်လိုက်သည်။

“ကြိုဆိုပါတယ် ဆေးဧကရာဇ်။ ကြိုဆိုပါတယ် သခင်လေးကျန်း”

ဖုန်းဝူချန်က အပြုံးလေးဖြင့် ပြန်ဖြေလိုက်သည်။

“ဘယ်လို ဧည့်ခံပွဲမို့လို့ ဒီလောက် ခမ်းနားနေရတာလဲ။ သခင်လေးယဲ့ ကိုယ်တိုင်တောင် လာကြိုရတဲ့အထိပဲ”

“အများကြီးတော့ မဟုတ်ပါဘူး။ ကျွန်တော့်အဖေက မကြာသေးခင်ကမှ 'ကောင်းကင်ဘုံ လူသား' ဘုံ ပဉ္စမအလွှာကို အဆင့်ချိုးဖြတ် တက်ရောက်နိုင်ခဲ့လို့ အောင်ပွဲခံ ကျင်းပတာပါ။ ဆေးဧကရာဇ်... ကြွပါ... သခင်လေးကျန်း... ကြွပါ” ယဲ့ကူချန်က ပြုံးလျက် ဆိုရင်း သူတို့ကို ဝင်ရောက်ရန် လေးစားစွာ လက်ပြ ဖိတ်ခေါ်လိုက်သည်။

သူတို့ ဘေးမှ အမျိုးသားမှာ လုံးဝ ကြက်သေ သေသွားသည်။ သခင်လေးယဲ့က ဖုန်းဝူချန်တို့ အဖွဲ့ကို ဤမျှ လေးစားစွာ ကြိုဆိုနေသည်ကို မြင်သောအခါ သူ အကြီးအကျယ် တုန်လှုပ်သွား၏။

သူ၏ ယခင် လှောင်ပြောင် ပြောဆိုခဲ့မှုများကို ပြန်တွေးမိသောအခါ ထိုအမျိုးသား၏ မျက်နှာမှာ မီးလောင်သကဲ့သို့ ပူထူသွားတော့သည်။ ယဲ့ကူချန် ကိုယ်တိုင်က အလေးအနက် ကြိုဆိုရသူများကို သူက သွားရောက် လှောင်ပြောင်ခဲ့မိသည်တကား။

“ဝိုး။ အစ်မ... အစ်မတို့က တကယ် အံ့ဩစရာပဲ။ သခင်လေးယဲ့ ကိုယ်တိုင်က လာကြိုတယ်” မိန်းကလေး၏ ချစ်စဖွယ် မျက်နှာလေးမှာ တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။

“လာ ညီမလေး။ အထဲကို လိုက်ကြည့်ဖို့ အစ်မ ခေါ်သွားပေးမယ်” မြောင်ချင်းချင်းက ခပ်ဖွဖွ ရယ်လိုက်ပြီး မိန်းကလေး၏ လက်ကို ဆွဲကာ ထွက်လာခဲ့သည်။ အံ့အားသင့်နေသော အမျိုးသားကလည်း သူတို့၏ နောက်မှ အမြန် လိုက်ပါလာတော့သည်။

ထိုအမျိုးသားမှာ ကြောက်လန့်လွန်းသဖြင့် အသံတစ်ချက်ပင် မထွက်ရဲတော့ပေ။

“ဆေးဧကရာဇ် ဟုတ်လား။ သခင်လေးကျန်း။ သူတို့က ဘယ်သူတွေလဲ။ 'ယဲ့' မိသားစုက သူတို့ကို ကြိုဖို့ ဒီလောက်ထိတောင် လုပ်ထားတယ်”

“ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ 'ယဲ့' မိသားစုရဲ့ ဒီလို လေးစားဖွယ် ကြိုဆိုမှုကို ခံရတာ... သူတို့ရဲ့ အထောက်အထားက တကယ်ပဲ ကြောက်စရာကောင်းရမယ်။ သခင်လေးယဲ့က သူတို့ကို ဆေးဧကရာဇ်နဲ့ သခင်လေးကျန်းလို့ ခေါ်ပေမယ့်... သူတို့ရဲ့ အဆင့်အတန်းက ဘာလဲဆိုတာ ဘယ်သူသိမလဲ”

“'ယဲ့' မိသားစုက သခင်လေးယဲ့ ကိုယ်တိုင် လာကြိုရတဲ့အထိပဲ... သူတို့ရဲ့ နောက်ခံက ဘာများလဲ။ 'ထျန်းယွဲ့' ဂိုဏ်းချုပ်ကြီးတောင် ဒီလို မျိုး အခမ်းအနားနဲ့ ကြိုဆိုတာ မခံရဖူးဘူးမလား”

“သခင်လေးယဲ့က တခြား ဘယ်သူ့ကိုမှ ဒီလောက် လေးစားတာ ငါ မမြင်ဖူးဘူး။ သူတို့က တကယ်ပဲ ဘယ်သူတွေလဲ”

ယဲ့ကူချန်က ဖုန်းဝူချန်တို့ အဖွဲ့ ခုနစ်ယောက်ကို ကိုယ်တိုင် ဦးဆောင် ကြိုဆိုနေသည်ကို မြို့တံခါးဝ အပြင်ဘက်မှ လူတိုင်း တုန်လှုပ်စွာ မြင်တွေ့နေကြရသည်။ မြို့တံခါးဝရှိ 'ယဲ့' မိသားစုဝင်များကလည်း သူတို့၏ နောက်မှ လိုက်ပါလာကြသည်။ ဤအချက်က 'ယဲ့' မိသားစု ကြိုဆိုနေသော ဂုဏ်သရေရှိ ဧည့်သည်များမှာ ဖုန်းဝူချန်တို့ အဖွဲ့မှလွဲ၍ အခြား မည်သူမျှ မရှိတော့ကြောင်း ညွှန်ပြနေလေ၏။

'လျိုလီမြို့' ၏ လမ်းမများပေါ်တွင် ဖုန်းဝူချန်တို့ အဖွဲ့၏ ပေါ်ထွန်းလာမှုက မရေမတွက်နိုင်သော လူများ၏ စူးစမ်းလိုစိတ်ကို လှုံ့ဆော်လိုက်သည်။

လမ်းများ တစ်လျှောက်လုံးတွင် ကျင့်ကြံသူများ အုပ်စုကြီးက သူတို့၏ နောက်မှ လိုက်ပါလာကြပြီး လမ်းများမှာ လူများဖြင့် ပြည့်ကျပ်နေတော့သည်။

“သခင်လေးယဲ့က သူတို့ကို အရမ်း လေးစားတာပဲ။ သူတို့က 'ကောင်းကင်ဘုံ' နယ်မြေက မဟုတ်နိုင်ဘူး။ 'ဝူကျိ' နယ်မြမြေက ဖြစ်နိုင်တယ်”

“သူတို့ရဲ့ နောက်ခံက 'ယဲ့' မိသားစုထက်တောင် ပို ကြောက်စရာ ကောင်းရမယ်”

—----

ယဲ့ကူချန်က လေးစားစွာဖြင့် ဖိတ်ခေါ်လိုက်ပြန်သည်။

“ဆေးဧကရာဇ်၊ သခင်လေးကျန်း။ ဒါ 'ယဲ့' နေအိမ်ပါ... ကြွပါ”

'ယဲ့' မိသားစု အစောင့်များအားလုံးက လေးစားစွာ ဦးညွှတ်လိုက်ကြသည်။ သူတို့၏ မျက်နှာများမှာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေ၏။

“ဆေးဧကရာဇ်ကို ကြိုဆိုပါတယ်။ သခင်လေးကျန်းကို ကြိုဆိုပါတယ်”

“မိသားစု သခင်ကြီး။ အကြီးအကဲများ။ ဆေးဧကရာဇ်နဲ့ သခင်လေးကျန်းတို့ ရောက်လာပါပြီ”

ဟု စိတ်လှုပ်ရှားနေသော အစောင့်တစ်ဦးက အတွင်းသို့ ပြေးဝင်သွားပြီး အော်ဟစ်လိုက်လေသည်။

“ဆေးဧကရာဇ်နဲ့ သခင်လေးကျန်း ရောက်လာပြီ ဟုတ်လား”

မိသားစု သခင်ကြီးနှင့် 'ယဲ့' မိသားစု၏ အဆင့်မြင့် ပုဂ္ဂိုလ်များအားလုံး စိတ်လှုပ်ရှားစွာဖြင့် ဧည့်ခန်းမကြီးထဲမှ အမြန် ထွက်လာကြသည်။

'ယဲ့' မိသားစုဝင်များအပြင် ဖိတ်ကြားထားသော အခြား အင်အားစုငယ်များ၏ ခေါင်းဆောင်များကလည်း 'ယဲ့' မိသားစု၏ ဧည့်ဝင်းအနီးတွင် စုရုံးလာကြသည်။

'ယဲ့' မိသားစုက ဤမျှ အင်တိုက်အားတိုက် ကြိုဆိုနေပြီး ယဲ့ကူချန် ကိုယ်တိုင် လာရောက် ခေါ်ဆောင်ရသည့် ပုဂ္ဂိုလ်မှာ မည်သူဖြစ်သည်ကို သူတို့အားလုံး မြင်တွေ့လိုနေကြသည်။

“ဆေးဧကရာဇ်…”

“သခင်လေးကျန်း…”

“သူတို့က ဘယ်သူတွေလဲ။ အရင်က တစ်ခါမှ မကြားဖူးပါလား”

ဖိတ်ကြားခံထားရသော ခေါင်းဆောင်များစွာမှာ ရှုပ်ထွေးသော အမူအရာများ ဖြစ်နေကြသည်။ မကြာမီပင် ယဲ့ကူချန်က ဖုန်းဝူချန်နှင့် ကျန်းကျွင့်လန်တို့ကို 'ယဲ့' မိသားစု ဧည့်ဝင်း အတွင်းသို့ ဦးဆောင် ခေါ်ဆောင်သွားတော့သည်။

“ဆေးဧကရာဇ်ကို ကြိုဆိုပါတယ်။ သခင်လေးကျန်းကို ကြိုဆိုပါတယ်”

မိသားစု သခင်ကြီးနှင့် 'ယဲ့' မိသားစု အဆင့်မြင့် ပုဂ္ဂိုလ်များအားလုံးက စိတ်လှုပ်ရှားစွာ၊ လေးစားစွာဖြင့် နှုတ်ဆက် ကြိုဆိုလိုက်ကြ၏။

All Chapters