ငြင်းပယ်ခြင်း
Vol. 26 Ch. 380
~“ဆေးဧကရာဇ်။ ကျွန်တော့်ရဲ့ မဖြစ်စလောက် သားလေးက ဒီနှစ် (၂၄ ) နှစ် ပြည့်ပါပြီ။ 'ထျန်းယွမ်ဘုံ' ပထမအလွှာပါ။ ဆေးဧကရာဇ် အနေနဲ့ ဘယ်လို သဘောရပါသလဲ”
“ကျွန်တော့်သားက ၁၈ နှစ်ပဲ ရှိသေးတယ်။ 'ယွမ်တန်' ဘုံ နဝမအလွှာပါ။ 'ပဉ္စမ အဆင့်' သိုင်းဝိညာဉ် ပါရမီရှင်ပါ”
“ဆေးဧကရာဇ်။ ကျွန်တော့်ရဲ့ သားကြီးက (၂၂) နှစ်၊ သူ့ရဲ့ကျင့်ကြံအဆင့်က 'ထျန်းယွမ်ဘုံ' ဒုတိယအလွှာပါ”
“ကျွန်တော့်သားက အသက် (၂၀)၊ကျင့်ကြံအဆင့် 'ထျန်းယွမ်ဘုံ' ဒုတိယအလွှာပါ”
အဖွဲ့အစည်း မျိုးစုံမှ ခေါင်းဆောင်များအားလုံးက မိမိတို့ သားများ၏ အသက်အရွယ်နှင့် ကျင့်ကြံမှု အဆင့်များကို စိတ်လှုပ်ရှားစွာဖြင့် အလုအယက် ဝင်ရောက် တင်ပြကြသည်။ သူတို့အားလုံး ဖုန်းဝူချန်၏ မျက်စိကျမှုကို ရရှိရန် မျှော်လင့်နေကြ၏။
ဖုန်းဝူချန်သည် ကျန်းကျွင့်လန်၏ ဆရာ ဖြစ်သည်။ ကျန်းကျွင့်လန်၏ နောက်ကွယ်တွင် အလွန်တရာ ကြီးမားသော 'ကျန်း' မိသားစုကြီး ရှိနေပြီး၊ မခန့်မှန်းနိုင်သော ကျင့်ကြံခြင်း အရင်းအမြစ်များ၊ အစွမ်းထက် ကျင့်စဉ်များ၊ သိုင်းပညာများ ပိုင်ဆိုင်ထားရာ မည်သည့်အရာကို ပူပန်နေစရာ လိုအပ်ပါဦးမည်နည်း။
ထို့အပြင် ဖုန်းဝူချန် ကိုယ်တိုင်ကလည်း အစွမ်းထက် ဆေးပညာရှင်ကြီး တစ်ဦး ဖြစ်သည် မဟုတ်ပါလော။ အကယ်၍သာ သူက မိမိတို့၏ သားများကို မျက်စိကျသွားခဲ့လျှင်၊ သူတို့၏ ကံကြမ္မာမှာ တစ်သက်လုံး ပြောင်းလဲသွားမည်မှာ သေချာသည်။ အနာဂတ်တွင် ပြည်မကြီးကို တုန်လှုပ်စေမည့် အစွမ်းထက် ပုဂ္ဂိုလ်များ ဖြစ်လာရန်ပင် မဖြစ်နိုင်စရာ မရှိပေ။
အကယ်၍ ဖုန်းဝူချန်သာ မျက်စိကျသွားခဲ့လျှင်၊ မိမိတို့၏ သားများ ကောင်းကင်သို့ ပျံတက်သွားနိုင်ရုံမျှမက၊ သူတို့၏ မိသားစုများနှင့် အဖွဲ့အစည်းများ၏ သြဇာအာဏာမှာလည်း အဆပေါင်း ဆယ်ချီ၍ မြင့်တက်သွားမည် ဖြစ်သည်။ 'ကျန်း' မိသားစုက အကာအကွယ် ပေးထားမည် ဖြစ်ရာ၊ မည်သူက သူတို့ကို လာရောက် ထိပါးရဲဦးမည်နည်း။
'ကောင်းကင်ဘုံ' နယ်မြေမှ အင်အားကြီး အဖွဲ့အစည်းများပင်လျှင် သူတို့ကို အလွယ်တကူ သွားရောက် မနှိုးဆော်ရဲသည့်အပြင် မျက်နှာသာ ရရှိရန် ကြိုးစားလာကြပေလိမ့်မည်။
သူတို့တင် မက... 'ယဲ့' မိသားစု သခင်ကြီး ကိုယ်တိုင်ပင် စိတ်လှုပ်ရှားနေမိသည်။
အကယ်၍ 'ယဲ့' မိသားစုက ဖုန်းဝူချန်နှင့် ဆက်သွယ်မှုတစ်ခု ထူထောင်နိုင်ခဲ့လျှင်၊ သူတို့သည် 'ကောင်းကင်ဘုံ' နယ်မြေတွင် အင်အား အကြီးမားဆုံး အဖွဲ့အစည်း ဖြစ်လာမည်မှာ သေချာပြီး 'ဝူကျိ' နယ်မြေ၏ အင်အားကြီး အဖွဲ့အစည်းများ စာရင်းသို့ပင် တိုးဝင်သွားနိုင်ဖွယ် ရှိလေသည်။
သို့သော်ငြားလည်း အဖွဲ့အစည်း မျိုးစုံမှ ခေါင်းဆောင်များ၏ စိတ်လှုပ်ရှားမှုမှာ ဖုန်းဝူချန် ခေါင်းခါလိုက်သည်ကို မြင်သောအခါ ချက်ချင်းပင် စိတ်ပျက်မှုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ သူတို့၏ မျှော်လင့်ချက်များမှာ အောက်ဆုံးသို့ ထိုးစိုက်ကျသွား၏။
ဤပါရမီရှင်များသည် 'ယန်ဟော်' အင်ပါယာမှ ပါရမီရှင်များထက် အနည်းငယ် ပိုမို အစွမ်းထက်ကြသော်လည်း၊ ဖုန်းဝူချန် ယခု လိုအပ်နေသည်မှာ အားနည်းသူများ မဟုတ်ဘဲ အစွမ်းထက်သော ပြိုင်ဘက်များသာ ဖြစ်သည်။
လူအုပ်ကြီးမှာ တိတ်ဆိတ်သွားပြီး သူတို့၏ အကြည့်များအားလုံး ဖုန်းဝူချန်ထံသို့ စူးစိုက် ရောက်ရှိသွားသည်။
ထိုအခိုက်အတန့်တွင် ဖုန်းဝူချန်က ပေါ့ပေါ့ပါးပါးပင် ဆိုသည်။
“အနိမ့်ဆုံး လိုအပ်ချက်က 'ထျန်းယွမ်ဘုံ' ပဉ္စမအလွှာပါပဲ။ အရမ်း ကွာဟချက် ကြီးနေရင် အချိန် အများကြီး ယူရလိမ့်မယ်။ ဒါကြောင့် အားလုံးကို တကယ်ပဲ အားနာပါတယ်”
“'ထျန်းယွမ်ဘုံ' ပဉ္စမအလွှာ”
ဤစကားကို ကြားသောအခါ လူတိုင်း ထိတ်လန့်သွားကြသည်။
'ကောင်းကင်ဘုံ' နယ်မြေ တစ်ခုလုံးတွင် 'ထျန်းယွမ်ဘုံ' ပဉ္စမအလွှာရှိ လူငယ် ပါရမီရှင်များမှာ အများအပြား မရှိလှပေ။
အင်အားကြီး အဖွဲ့အစည်းများသာလျှင် ထိုကဲ့သို့သော ပါရမီရှင်များကို ပိုင်ဆိုင်နိုင်ကြသည်။
“ဆေးဧကရာဇ်။ ပါရမီနဲ့ ပတ်သက်လို့ရော လိုအပ်ချက် ရှိပါသလား” မိသားစု သခင်ကြီး တစ်ဦးက မေးမြန်းလိုက်သည်။
ထိုအခါ ဖုန်းဝူချန်က ပြုံးလျက် ဆိုသည်။ “ကျွန်တော့်ဆီမှာတော့ ပါရမီကို ထည့်မတွက်ပါဘူး။ ကျင့်ကြံမှု အဆင့် ခိုင်မာရင် ရပါပြီ။ စိတ်ထား မမှန်ကန်တဲ့ သူတွေကိုတော့ လက်မခံပါဘူး”
“ပါရမီ မလိုဘူးလားဗျ”
“ပါရမီကို မကြည့်ဘဲနဲ့ ကျင့်ကြံမှုက နှေးကွေးနေမှာ မဟုတ်ဘူးလား”
“ကျွန်တော်တို့ 'ကောင်းကင်ဘုံ' နယ်မြေမှာ 'ထျန်းယွမ်ဘုံ' ပဉ္စမအလွှာ ပါရမီရှင်တွေ အများကြီး မရှိပါဘူး။ ဆေးဧကရာဇ်... လိုအပ်ချက်ကို နည်းနည်းလောက် လျှော့ပေးလို့ မရဘူးလား”
ဖုန်းဝူချန်၏ စကားများက လူတိုင်းကို တုန်လှုပ်သွားစေလေ၏။
ဖုန်းဝူချန်တွင် ကိုယ်ပွားဖန်တီးနိုင်သည့် စွမ်းရည် ရှိနေသည်။ သူ ပါရမီကို ထည့်သွင်း စဉ်းစားရန် မလိုအပ်ဘဲ၊ အတိုင်းအဆမရှိသော ကောင်းကင်နှင့်မြေကြီးမှ ရတနာများကိုသာ လိုအပ်ပေသည်။
“ကျွန်တော့်ရဲ့ အခြေအနေတွေက မပြောင်းလဲပါဘူး။ အားနာပါတယ်။ ဒါပေမဲ့ ကျွန်တော့်ဆီမှာ လုံလောက်တဲ့ ကျင့်ကြံခြင်း အရင်းအမြစ်တွေ ရှိပါတယ်။ ဝိညာဉ်လက်နက်တွေကလည်း ပြဿနာ မဟုတ်ပါဘူး။ ဒါကြောင့် အားလုံးကို တောင်းပန်ပါတယ်။ ဒါပေမဲ့ ပါရမီက တကယ်ကို ထူးကဲ မြင့်မားတယ် ဆိုရင်တော့ တစ်မျိုးပေါ့လေ…” ဖုန်းဝူချန်က ခေါင်းခါရင်း ဆိုလိုက်သည်။
ဖုန်းဝူချန် သတ်မှတ်လိုက်သော စည်းကမ်းချက်များမှာ အတော်လေး နိမ့်ကျနေပြီ ဖြစ်သည်။ ထို့အပြင် 'ကောင်းကင်ဘုံ' နယ်မြေတွင် 'ထျန်းယွမ်ဘုံ' ပဉ္စမအလွှာ ပါရမီရှင်များ အမှန်တကယ် ရှိနေသောကြောင့် ဖုန်းဝူချန်က မည်သူ့ကိုမျှ မစုဆောင်းနိုင်မည်ကို မစိုးရိမ်ပေ။
ဖုန်းဝူချန်က မည်သည့် အမှိုက်ကိုမျှ လက်ခံမည့်အစား မည်သူ့ကိုမျှ မစုဆောင်းဘဲ နေလိုက်မည် ဖြစ်သည်။
အဖွဲ့အစည်း မျိုးစုံမှ အဆင့်မြင့် ပုဂ္ဂိုလ်များအားလုံးမှာ တိတ်တဆိတ် စိတ်ပျက်သွားကြသည်။ သူတို့က ဤဆက်သွယ်မှုမှတစ်ဆင့် မိမိတို့၏ ကံကြမ္မာကို ပြောင်းလဲနိုင်မည်ဟု တွေးထင်ထားခဲ့သော်လည်း၊ ကံမကောင်းစွာပင် ထိုအရာက အလုပ် ဖြစ်မလာခဲ့ပေ။
ထိုအခါ 'ယဲ့ရွှေဟန်' က ဝင်ရောက် ပြောဆိုသည်။ “ဆေးဧကရာဇ်။ နောက် ခုနစ်ရက်နေရင် 'ကောင်းကင်ဘုံ' နယ်မြေ ပါရမီရှင် အဆင့်သတ်မှတ်ပွဲ ရှိပါတယ်။ 'ကောင်းကင်ဘုံ' နယ်မြေ အနှံ့အပြားက ပါရမီရှင်တွေ အားလုံး ပါဝင်ကြမှာပါ။ အဲ့ဒီအခါကျရင် ဆေးဧကရာဇ် စိတ်ကျေနပ်လောက်မယ့် ပါရမီရှင်တွေ အများကြီး ရှိနေမှာ သေချာပါတယ်”
ဖုန်းဝူချန်က ခေါင်းညိတ်လိုက်ပြီး ယဲ့ကူချန်ထံသို့ အကြည့် ရောက်ရှိသွားသည်။
ယဲ့ကူချန်၏ ပါရမီနှင့် ကျင့်ကြံမှု အဆင့်မှာ ဖုန်းဝူချန်၏ လိုအပ်ချက်များနှင့် လုံးဝ ကိုက်ညီနေသည်။ သို့သော် သူက တွန့်ဆုတ်နေဆဲ ဖြစ်သည်။
“မကြာသေးခင်ကပဲ ကျွန်တော်တို့ 'ခရမ်းရောင် တိမ်တိုက် စံအိမ်' က ထိပ်သီး တပည့် 'လေ့ထျန်းကျွယ်' နဲ့ ဒုတိယ တပည့် 'လုအိုယန်' တို့ကို စုဆောင်းခဲ့ပြီးပါပြီ။ စိန်ခေါ်ပွဲတွေကနေ ရတဲ့ ပါရမီရှင်တွေ အပါအဝင်ဆိုရင်... အခု ဆယ့်ခြောက်ယောက်လောက် ရှိသင့်ပြီ” ဖုန်းဝူချန်က ယဲ့ကူချန် စိတ်ဝင်စားနေပြီ ဖြစ်သည်ကို မြင်သောအခါ ပိုမိုအားကောင်းသော တွန်းအားတစ်ခုကို ထပ်မံ ပေးလိုက်သည်။
“'လေ့ထျန်းကျွယ်' နဲ့ 'လုအိုယန်' နှစ်ယောက်လုံးက ဆေးဧကရာဇ်ရဲ့ နောက်ကို လိုက်ဖို့ သဘောတူလိုက်ပြီ ဟုတ်လား” 'ယဲ့ချင်းယွင်' က တုန်လှုပ်စွာ မေးမြန်းလိုက်သည်။
'ယဲ့ရွှေဟန်' အပြင် ဤနေရာတွင် ရှိနေသော အခြား အစွမ်းထက် ပုဂ္ဂိုလ်များစွာမှာလည်း အံ့အားသင့်သွားကြသည်။
'လေ့ထျန်းကျွယ်' သည် 'ကောင်းကင်ဘုံ' နယ်မြေ၏ ထိပ်တန်း ပါရမီရှင် တစ်ဦး ဖြစ်ပြီး အလွန်တရာ ကြီးမားသော စွမ်းအား ရှိသည်။ သူ၏ 'ရေခဲ ဝိညာဉ် နယ်မြေ' သိုင်းပညာမှာ ပို၍ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။
ဖုန်းဝူချန်က အပြုံးလေးဖြင့် တုံ့ပြန်သည်။
“တကယ်ပဲ။ 'ခရမ်းရောင် တိမ်တိုက် စံအိမ်' ရဲ့ စံအိမ်သခင်ကြီး ကိုယ်တိုင်ကလည်း သဘောတူပြီးသားပါ”
ဤစကားကို ကြားသောအခါ 'ယဲ့ရွှေဟန်' က ယဲ့ကူချန်ထံသို့ မကြည့်ဘဲ မနေနိုင်တော့ပေ။ အကယ်၍သာ ယဲ့ကူချန်က ဖုန်းဝူချန်၏ နောက်သို့ လိုက်ပါသွားခဲ့လျှင် သူ၏ အနာဂတ်မှာ အတိုင်းအဆမဲ့ ဖြစ်သွားပေလိမ့်မည်။
ဟုတ်ပါ၏။ ဤအရာအားလုံးမှာ ယဲ့ကူချန်၏ ဆုံးဖြတ်ချက်အပေါ်တွင်သာ မူတည်နေသည်။
“'လေ့ထျန်းကျွယ်' တောင် သဘောတူလိုက်ပြီတဲ့။ သူက 'ပိုင်မိ' နဲ့အတူ ပါရမီရှင် အဆင့် သုံး မှာ ရှိနေတာ”
“ဒါဆို... ဆေးဧကရာဇ်က 'လေ့ထျန်းကျွယ်' ကို အနိုင်တိုက်ခဲ့ပြီးပြီ ဆိုတဲ့ သဘောလား။ ဒါ မဖြစ်နိုင်ဘူးမလား။ 'လေ့ထျန်းကျွယ်' က 'ထျန်းယွမ်ဘုံ' နဝမအလွှာ အစွမ်းထက် ပုဂ္ဂိုလ်ကြီးလေ”
“ဆေးဧကရာဇ်က 'လေ့ထျန်းကျွယ်' ကို တကယ်ကြီး အနိုင်ယူနိုင်ခဲ့တာလား။ 'ထျန်းယွမ်ဘုံ' ပဉ္စမအလွှာ ကျင့်ကြံမှုနဲ့... သူ တကယ်ပဲ ဒီလောက် ကြောက်စရာကောင်းတဲ့ စွမ်းအားကို ပိုင်ဆိုင်ထားတာလား”
လူတိုင်းမှာ တုန်လှုပ်ခြင်း၊ ကြောက်ရွံ့ခြင်းများ ဖြစ်နေကြသည်။ ဖုန်းဝူချန်က 'မြင့်မြတ်သော နေ' ဂိုဏ်းမှ 'ထျန်းယွမ်ဘုံ' အဋ္ဌမအလွှာရှိ ဂိုဏ်းချုပ်လေးကို အနိုင်ယူခဲ့သည်ဟု သူတို့ ယခင်က ကြားသိခဲ့ရစဉ်ကပင် လုံလောက်စွာ တုန်လှုပ်ခဲ့ရပြီး ယုံပင် မယုံနိုင် ဖြစ်ခဲ့ကြသည်။
ယခု ထိပ်သီး ပါရမီရှင် အဆင့် သုံး ယောက်တွင် ပါဝင်သော 'လေ့ထျန်းကျွယ်' ကိုပါ ဖုန်းဝူချန်က အနိုင်ယူခဲ့သည် ဆိုသောအခါ၊ ဖုန်းဝူချန်တွင် ဤမျှသော စွမ်းအား ရှိသည်ကို လူတိုင်း လုံးဝ မယုံကြည်နိုင် ဖြစ်နေကြသည်။
“ခင်ဗျားတို့သာ 'ထျန်းယွမ်ဘုံ' ပဉ္စမအလွှာ ပါရမီရှင်တွေကို သိရင်... အစ်ကိုဖုန်းကို ပြောပြလို့ ရပါတယ်” လျိုချင်းယန်က ပြုံးလျက် ဝင်ပြောလိုက်သည်။
“သခင်လေးယဲ့။ မြန်မြန် သဘောတူလိုက်တော့။ ခင်ဗျားရဲ့ ကျင့်ကြံမှု အဆင့်နဲ့ ပါရမီက လုံးဝ ပြဿနာ မရှိဘူး” တစ်စုံတစ်ယောက်က ရုတ်တရက် အသံကျယ်ကြီးဖြင့် အော်ဟစ် တိုက်တွန်းလိုက်သည်။
ထိုအခါ၊ ဖုန်းဝူချန်၏ အကြည့်များက ယဲ့ကူချန်အပေါ်သို့ ကျရောက်လာပြီး ခပ်ပြုံးပြုံးနှင့် မေးလိုက်သည်။
“ယဲ့ကူချန်ရဲ့ ကျင့်ကြံမှု အဆင့်နဲ့ ပါရမီက တကယ်ပဲ မဆိုးပါဘူး။ ယဲ့ကူချန်... ခင်ဗျား ဆန္ဒရှိရဲ့လား”
ထိုစကားကို ကြားသောအခါ ယဲ့ကူချန်မှာ တိတ်ဆိတ်သွားသည်။ သူ တကယ်တမ်း သဘောတူလိုက်ချင်သည်။ သို့သော် ထိုသို့ ပြုလုပ်လိုက်သည်နှင့် သူသည် ဖုန်းဝူချန်နှင့်အတူ 'ကောင်းကင်ဘုံ' နယ်မြေမှ ထွက်ခွာရမည် ဖြစ်ပြီး၊ 'ယဲ့' မိသားစုကို စွန့်ခွာရမည် ဖြစ်သည်။
ဘယ်အချိန်မှ ပြန်လာနိုင်မည်ကိုလည်း မသိနိုင်ပေ။ သုံးနှစ်မှ ငါးနှစ်၊ သို့မဟုတ် ထို့ထက် ပို၍ ကြာမြင့်သွားနိုင်လေသည်။
ယဲ့ကူချန်မှာ မသေချာ မရေရာ ဖြစ်နေမိသည်။
“ဟုတ်တယ်။ သခင်လေးယဲ့။ ဒါက ရတောင့်ရခဲတဲ့ အခွင့်အရေးကြီးပဲ”
“သခင်လေးယဲ့သာ သဘောတူလိုက်ရင်... 'ယဲ့' မိသားစုက ကောင်းကင်ကို ပျံတက်သွားမှာ သေချာပါတယ်”
လူအုပ်ကြီးထံမှ တုံ့ပြန်သံများ တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာသည်။ လူတိုင်းက မိမိတို့၏ သားသမီးများကိုသာ စဉ်းစားနေကြပြီး 'ယဲ့' မိသားစုတွင်လည်း ပါရမီရှင် ဆက်ခံသူ သခင်လေးတစ်ဦး ရှိသည်ကို မေ့လျော့နေခဲ့ကြသည်။
'ယဲ့ရွှေဟန်' က “ကူချန်။ မင်းက 'ယဲ့' မိသားစုရဲ့ အနာဂတ်ပဲ။ ဒီအခွင့်အရေးက 'ယဲ့' မိသားစုအတွက် အရမ်း အရေးကြီးတယ်။ သေချာ စဉ်းစားဆုံးဖြတ်ပါ” ဟု လေသံတိုးတိုးဖြင့်မှာကြားလိုက်သည်။
'ယဲ့ရွှေဟန်' က သဘာဝအတိုင်းပင် ယဲ့ကူချန်က ဖုန်းဝူချန်၏ နောက်သို့ လိုက်ပါစေရန် မျှော်လင့်နေသည်။ ဤအခွင့်အရေးကို လက်လွှတ်လိုက်လျှင်၊ ဒုတိယအကြိမ် ရရှိတော့မည် မဟုတ်ပေ။
“အစ်ကိုကြီး။ ဘာကို စောင့်နေတာလဲ။ မြန်မြန် သဘောတူလိုက်တော့လေ”
“အစ်ကိုကြီးယဲ့။ မြန်မြန် လုပ်ပါ”
'ယဲ့' မိသားစုမှ လူငယ် မျိုးဆက်များမှာ စိတ်လှုပ်ရှားနေကြပြီး ယဲ့ကူချန်၏ ကိုယ်စား ဝင်ရောက် ပြောဆိုပေးချင်စိတ်များပင် ဖြစ်ပေါ်နေကြသည်။ ဤသည်မှာ ဧကရာဇ်ထက် မိန်းမစိုးက ပို၍ စိုးရိမ်နေသည့် ပုံစံမျိုးပင် ဖြစ်နေတော့သည်။
ယဲ့ကူချန်က အချိန်အတော်ကြာ သဘောမတူဘဲ တိတ်ဆိတ်နေသည်ကို မြင်သောအခါ ဖုန်းဝူချန်က မေးလိုက်၏။ “ယဲ့ကူချန်။ ခင်ဗျားမှာ စိုးရိမ်ပူပန်စရာတွေ ရှိနေလို့လား။ ကျွန်တော့်ကို ပြောပြလို့ ရမလား”
ထိုအခါမှာတော့ ယဲ့ကူချန်က လက်နှစ်ဖက် ဆုပ်ကာဖြင့် အရိုအသေပြုကာ ဆိုသည်။
“ဒီလိုပါ..'ယဲ့' မိသားစုက 'ထျန်းယွဲ့' ဂိုဏ်းနဲ့ နှစ်ပေါင်းများစွာ ရန်ငြိုးတွေ ရှိခဲ့ပါတယ်။ 'ထျန်းယွဲ့' ဂိုဏ်းက 'ယဲ့' မိသားစုကို ဘယ်အချိန် ဝင်တိုက်မလဲ မသိနိုင်ပါဘူး။ ကျွန်တော် 'ယဲ့' မိသားစုကို စွန့်ခွာသွားလို့ မဖြစ်ပါဘူး။ အခု အဖေက 'ကောင်းကင်ဘုံ လူသား' ဘုံ ပဉ္စမအလွှာကို ရုတ်တရက် အဆင့်တက်သွားလို့သာ 'ထျန်းယွဲ့' ဂိုဏ်းက အခုထိ မလှုပ်ရှားသေးတာပါ။ ဒါကြောင့်... ကျွန်တော် သဘောမတူနိုင်ပါဘူး။ ဆေးဧကရာဇ်ကို စိတ်ပျက်စေမိတဲ့အတွက် အားနာပါတယ်”
ယဲ့ကူချန်က တကယ်ကြီး ငြင်းပယ်လိုက်သည်။
အဖွဲ့အစည်း မျိုးစုံမှ အစွမ်းထက် ပုဂ္ဂိုလ်များအားလုံး လုံးဝ ကြက်သေ သေသွားကြသည်။ အခြားသူများက နောက်လိုက်ဖြစ်ရန် အလုအယက် တောင်းဆိုနေကြသော်လည်း၊ ယဲ့ကူချန်က တကယ်ပင် ငြင်းပယ်လိုက်သည်တကား။
“အင်း...” 'ယဲ့ရွှေဟန်' က ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။ ယဲ့ကူချန် ဤသို့ ငြင်းပယ်လိမ့်မည်ကို သူ ကြိုတင် ခန့်မှန်းမိခဲ့ပုံ ပေါ်၏။
“သြော်... ဒီလိုလား” ဖုန်းဝူချန်က ခေါင်းညိတ်လိုက်ပြီး ပြုံးလျက် ဆိုသည်။
“ခင်ဗျား ဆုံးဖြတ်ချက် ချပြီးမှတော့... ကျွန်တော် အတင်းအကျပ် မတိုက်တွန်းတော့ပါဘူး။ ကျွန်တော်သာ ခင်ဗျား နေရာမှာ ဆိုရင်လည်း ဒီလိုပဲ လုပ်မိမှာပါ”