ဂိုဏ်းတံခါးဝကို ဝင်ရောက်တိုက်ခိုက်ခြင်း
Vol. 26 Ch. 381
~“ကျန်းကျွင့်လန်.. 'ယဲ့' မိသားစုကို 'ထျန်းယွဲ့' ဂိုဏ်း ရှင်းလင်းရာမှာ ဘာလို့ ဝင်မကူညီတာလဲ။ မင်းရဲ့ ဂုဏ်ပုဒ်၊ ပြီးတော့ 'ကျန်း' မိသားစုရဲ့ အင်အားနဲ့ဆိုရင် မင်း အမိန့်တစ်ခွန်း ပေးလိုက်တာနဲ့ 'ထျန်းယွဲ့' ဂိုဏ်းကို လက်အောက်ခံ ဖြစ်သွားစေနိုင်တာပဲ… အဲ့ဒီလိုဆိုရင် ယဲ့ကူချန်က 'ယဲ့' မိသားစုကနေ စိတ်အေးလက်အေး ထွက်ခွာသွားလို့ ရပြီလေ”
ယဲ့ကူချန်၏ ငြင်းပယ်မှုကြောင့် စိတ်ပျက်အားငယ်သွားသော လျိုချင်းယန်က ချက်ချင်းပင် ကျန်းကျွင့်လန်အား အကြံပြုလိုက်သည်။
ထိုစကားကို ကြားသောအခါ ကျန်းကျွင့်လန်က ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းလိုက်ပြီး ဆို၏။
“ငါ သဘောမတူတာကို ထားလိုက်ဦး။ ဆရာကိုယ်တိုင်လည်း သဘောတူမှာ မဟုတ်ဘူး။ ယဲ့ကူချန်က 'ယဲ့' မိသားစုရဲ့ အနာဂတ် အမွေဆက်ခံသူပဲ။ တချို့ ကိစ္စတွေကို သူကိုယ်တိုင် ဖြေရှင်းဖို့ လိုတယ်။ ပြီးတော့... ငါတို့နဲ့ 'ထျန်းယွဲ့' ဂိုဏ်းကြားမှာ ဘာရန်ငြိုးမှလည်း မရှိဘူးလေ။ ဒီလို လုပ်စရာ အကြောင်းရင်း မရှိဘူး”
“အာ...”
လျိုချင်းယန်မှာ ကူကယ်ရာ
မဲ့စွာ သက်ပြင်းချလိုက်မိသည်။
တုံကျန့်ထျန်းကလည်း လေသံတိုးတိုးဖြင့် ဝင်ပြောလိုက်သည်။
“ကျွန်တော်သာ ဆိုရင်လည်း... ဆရာက ကူညီချင်တယ် ဆိုရင်တောင် သဘောတူမှာ မဟုတ်ဘူး။ ယဲ့ကူချန်က 'ယဲ့' မိသားစုရဲ့ ဆက်ခံသူ သခင်လေး၊ ပြီးတော့ ထိပ်သီး ပါရမီရှင် တစ်ယောက်အနေနဲ့ သူ့မှာ ကိုယ့်ကိုကိုယ် လေးစားတဲ့ စိတ် အလွန်အမင်း ပြင်းထန်တယ်ဗျ…” ယဲ့ကူချန်၏ ငြင်းပယ်မှုက ဖုန်းဝူချန်ကို အံ့အားသင့်သွားစေသော်လည်း၊ သူက များများစားစား မှတ်ချက် မပေးခဲ့ပေ။
ဧည့်ခံပွဲမှာ တစ်နာရီကျော်ကြာမျှ ဆက်လက် ကျင်းပပြီးနောက် အဆုံးသတ်သွားတော့၏။
'ယဲ့ရွှေဟန်' နှင့် 'ယဲ့' မိသားစုမှ အကြီးတန်း ပုဂ္ဂိုလ်များက ဖုန်းဝူချန်တို့ ခုနစ်ယောက် အဖွဲ့ကို လှိုက်လှိုက်လှဲလှဲ နှုတ်ဆက် ပို့ဆောင်ပြီးနောက်၊ သူတို့သည် 'ယဲ့' မိသားစုမှ ထွက်ခွာလာခဲ့ကြသည်။
ဖုန်းဝူချန်တို့ ထွက်ခွာသွားသည်ကို ကြည့်ရင်း 'ယဲ့ရွှေဟန်' နှင့် အခြား အဆင့်မြင့် ပုဂ္ဂိုလ်များ၏ နှလုံးသားများမှာ ကြေကွဲသွားတော့၏။
အခြားသူများက အငမ်းမရ တောင့်တနေသော အရာကို ယဲ့ကူချန်က ငြင်းပယ်ခဲ့လေ၏။
'တကယ် နှမြောစရာပဲ'
အဖွဲ့အစည်း မျိုးစုံမှ အစွမ်းထက် ပုဂ္ဂိုလ်များအားလုံး တိတ်တဆိတ် ခေါင်းခါလိုက်ကြပြီး ယဲ့ကူချန်အတွက် နှမြောတသ ဖြစ်နေကြသည်။
ယဲ့ကူချန် အနေဖြင့် ဖုန်းဝူချန်ကို အရင် သဘောတူလိုက်ရုံသာ ဖြစ်သည်။ ထိုသို့သော ဆက်ဆံရေး ရှိနေပါက၊ 'ထျန်းယွဲ့' ဂိုဏ်းကသာ လှုပ်ရှားရန် သတ္တိရှိခဲ့လျှင် ဖုန်းဝူချန်က လက်ပိုက်ကြည့်နေမည် မဟုတ်မှာ သေချာသည်။ ကံမကောင်းစွာပင် ယဲ့ကူချန်က ထိုသို့ မလုပ်ခဲ့ပေ။
'ယဲ့' မိသားစု၏ ထိပ်သီး ပါရမီရှင် တစ်ဦးအနေဖြင့် ယဲ့ကူချန်က 'ယဲ့' မိသားစုကို ကာကွယ်ရန် အခြားသူများကို အားကိုးချင်စိတ် မရှိပေ။ အကယ်၍ သူက 'ယဲ့' မိသားစုကိုပင် မကာကွယ်နိုင်ပါက၊ မည်သို့သော ကြီးကျယ်သည့် အရာများကို သူ ပြီးမြောက်အောင်မြင်နိုင်မည်နည်း။
ဤသည်မှာ မရင့်ကျက်မှုကြောင့် ဖြစ်နိုင်သလို၊ မာနကြောင့်လည်း ဖြစ်နိုင်သည်။ သို့မဟုတ် ဤနှစ်ခုလုံးကြောင့်လည်း ဖြစ်နိုင်လေသည်။
“ကူချန်... မင်း နောင်တ မရဘူးလား”
'ယဲ့ရွှေဟန်' က ထွက်ခွာသွားသော ဖုန်းဝူချန်တို့ ခုနစ်ယောက် အဖွဲ့၏ ကျောပြင်များကို ကြည့်ရင်း ညင်သာစွာ မေးလိုက်သည်။
ယဲ့ကူချန်က ခေါင်းခါလိုက်ပြီး ဆိုသည်။
“'ယဲ့' မိသားစုရဲ့ အခြေအနေကို အဖေက ကျွန်တော့်ထက် ပို နားလည်ပါတယ်။ 'ယဲ့' မိသားစုရဲ့ သခင်လေး တစ်ယောက်အနေနဲ့ ကျွန်တော် ဘယ်လိုလုပ် ဒီအချိန်မှာ ထွက်သွားနိုင်မှာလဲ။ 'ထျန်းယွဲ့' ဂိုဏ်းက 'ကောင်းကင်ဘုံ' နယ်မြေကို စုစည်းဖို့ ရည်မှန်းထားတယ်။ သူတို့ 'ယဲ့' မိသားစုကို ဝင်တိုက်မှာကို ရှောင်လွှဲလို့ မရပါဘူး။ ကျွန်တော် 'ယဲ့' မိသားစုကို ဘယ်လို စွန့်ပစ်နိုင်မှာလဲ..အဖေရာ”
'ယဲ့ရွှေဟန်' က သက်ပြင်းတစ်ချက် ရှိုက်ထုတ်လိုက်ပြီး ဆိုသည်။
“ဟူး... ဒါက ကံကြမ္မာပဲ ဖြစ်မယ် ထင်ပါတယ်”
...
'ယဲ့' မိသားစုမှ ထွက်ခွာလာပြီးနောက် ဖုန်းဝူချန်တို့ ခုနစ်ယောက်သည် 'ချီဟွမ်' တို့၏ လေ့ကျင့်ရေးကွင်းပြင်သို့ ဦးတည် ထွက်ခွာလာခဲ့ကြသည်။ သူတို့သည် ခုနစ်ရက်အကြာတွင် ကျင်းပမည့် ပါရမီရှင် အဆင့်သတ်မှတ်ပွဲကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းရန် စီစဉ်ထားသည်။
ဤခုနစ်ရက်တာ ကာလအတွင်း ကျင့်ကြံရန်မှာလည်း အခွင့်အရေးတစ်ခုပင် ဖြစ်၏။
ပါရမီရှင် အဆင့်သတ်မှတ်ပွဲသည် 'ကောင်းကင်ဘုံ' နယ်မြေ အနှံ့အပြားမှ မရေမတွက်နိုင်သော ပါရမီရှင်များကို ဆွဲဆောင်နိုင်ခဲ့သည်။ ဤသည်မှာ သူတို့၏ နာမည်ကို ထင်ရှားစေမည့် အခွင့်အရေး ဖြစ်သည်။ ဤအခွင့်အရေးကို လက်လွှတ်လိုက်ရပါက၊ နောက်ထပ် ငါးနှစ်တိုင်အောင် စောင့်ဆိုင်းရပေဦးမည်။
ထို့ကြောင့် ပါရမီရှင် အဆင့်သတ်မှတ်ပွဲတိုင်းတွင် နယ်ပယ် အသီးသီးမှ ပါရမီရှင်များ ဝင်ရောက် ယှဉ်ပြိုင်ကြသည်ကို တွေ့မြင်နိုင်၏။
အကယ်၍ သူတို့ အဆင့် တစ်၊ သို့မဟုတ် နှစ် နေရာကို မရရှိနိုင်လျှင်တောင်မှ၊ ထိပ်ဆုံး ဆယ်ယောက် စာရင်းသို့ ဝင်ရောက်နိုင်သည့် အခွင့်အရေး ရှိခဲ့ပါက၊ သူတို့၏ ကံကြမ္မာမှာ ကမ္ဘာမြေကြီး တုန်ခါသွားလောက်အောင် ပြောင်းလဲသွားမည် ဖြစ်သည်။
ထိုအခါကျလျှင် ဖုန်းဝူချန် အနေဖြင့် သူတို့ကို တစ်ယောက်ချင်း စိန်ခေါ်ရန် အချိန်ဖြုန်းနေစရာ မလိုတော့ပေ။
ဖုန်းဝူချန်တို့ ခုနစ်ယောက် အဖွဲ့ 'ကောင်းကင်ဘုံ' နယ်မြေ အနောက်ပိုင်း ဒေသသို့ ပြန်လည် ရောက်ရှိလာပြီး၊ 'ချီဟွမ်' နှင့် အခြား ရှစ်ယောက် ရှိနေသော တောင်ထိပ်သို့ ရောက်ရှိသောအခါ၊ 'ချီဟွမ်' တို့ အဖွဲ့ ပျောက်ကွယ်နေသည်ကို တွေ့ရှိလိုက်ရသည်။ ထို့အပြင် တောင်ထိပ်တွင် ပြင်းထန်သော တိုက်ပွဲ၏ လက္ခဏာများ ရှိနေလေသည်။
တိုက်ပွဲ၏ လက္ခဏာများကို မြင်သောအခါ ဖုန်းဝူချန်က 'ချီဟွမ်' တို့ အဖွဲ့ ဒုက္ခတွေ့နေပြီဟု ကောက်ချက်ချလိုက်သည်။
'ချီဟွမ်' တို့ ရှစ်ယောက် အဖွဲ့၏ အင်အားမှာ အလွန် အစွမ်းထက်သည်မှာ သံသယဖြစ်ဖွယ် မရှိ။ ယခု သူတို့အားလုံး ပျောက်ကွယ်နေခြင်းက ရန်သူမှာ ပို၍ပင် အစွမ်းထက်ကြောင်း ညွှန်ပြနေသည်။
'ချီဟွမ်' တို့ ရှစ်ယောက်၏ ကံကြမ္မာကို မသိရခြင်းက ဖုန်းဝူချန်အတွက် ကြီးစွာသော စိုးရိမ်ပူပန်မှုကို ဖြစ်စေသည်။ သို့တိုင်အောင် ရန်သူမှာ မည်သူဖြစ်သည်၊ မည်သို့ ဖြစ်ပျက်ခဲ့သည်ကို သူ ဘာတစ်ခုမျှ မသိရှိပေ။
“အစ်ကိုဖုန်း။ ခြောက်သွေ့နေတဲ့ သွေးကွက်တွေ ရှိတယ်” လျိုချင်းယန်က တောင်ထိပ်ရှိ ကျောက်တုံး အက်ကွဲကြောင်းတစ်ခုထဲတွင် သွေးများကို ရှာဖွေ တွေ့ရှိသွားပြီး အော်ပြောလိုက်သည်။ သည်အချက်က တိုက်ပွဲ ဖြစ်ပွားခဲ့သည်မှာ အချိန်အတော်ကြာပြီ ဖြစ်ကြောင်း ညွှန်ပြနေ၏။
“ရွှေယွင်ဂိုဏ်း” အခြား နေရာတစ်ခုတွင် နန်းကုန်းကျန့်က ရေရွတ်လိုက်ပြီးနောက် အလျင်အမြန် အော်ပြောလိုက်သည်။
“ဆေးဧကရာဇ်။ 'ချီဟွမ်' တို့က သဲလွန်စတစ်ခု ချန်ထားခဲ့တယ်။ 'ရွှေယွင်ဂိုဏ်း’တဲ့”
“'ရွှေယွင်ဂိုဏ်း’”
ဖုန်းဝူချန်၏ ထူထပ်သော မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားရ၏။ သူ၏ အမူအရာမှာ အေးစက်သွားပြီး၊ သူ၏ နက်မှောင်သော မျက်လုံးများထဲတွင် လူသတ်လိုရိပ်များ လင်းလက်သွားသည်။
“ရွှေယွင်ဂိုဏ်း ဟုတ်လား” ကျန်းကျွင့်လန်၏ မျက်မှောင်များ အနည်းငယ် ကြုတ်သွားသည်။
ဖုန်းဝူချန်တို့ အဖွဲ့မှာ 'ရွှေယွင်ဂိုဏ်း' နှင့် မရင်းနှီးကြပေ။ ဤဂိုဏ်းမှာ ဖုန်းဝူချန် စိန်ခေါ်ခဲ့သော အင်အားစုများထဲတွင် မပါဝင်ပေ။
“နန်းကုန်းကျန့်။ 'ရွှေယွင်ဂိုဏ်း' ရဲ့ တည်နေရာကို ချက်ချင်း ရှာဖွေလိုက်ပါ” ဖုန်းဝူချန်က အေးစက်စွာ အမိန့်ပေးလိုက်သည်။ သူ၏ မျက်လုံးများထဲတွင် ဒေါသများ အထင်းသား ပေါ်လွင်နေ၏။
“ဟုတ်ကဲ့ပါ ..ဆရာ” နန်းကုန်းကျန့်က လေးစားစွာ တုံ့ပြန်လိုက်ပြီး မျက်တောင်တစ်ခတ်အတွင်း ဤနေရာမှ ပျောက်ကွယ်သွားသည်။
'ရွှေယွင်ဂိုဏ်း' ၏ တည်နေရာကို ရှာဖွေရန်မှာ လက်ဖဝါး တစ်ချက် လှည့်လိုက်သကဲ့သို့ပင် လွယ်ကူသည်။ မည်သူ့ကို မေးမေး သိနိုင်ပေသည်။
'ရွှေယွင်ဂိုဏ်း' သည် ဤတောင်ထိပ်၏ အရှေ့ဘက်တွင် သိပ်မဝေးလှသော နေရာ၌ တည်ရှိသည်။ ဖုန်းဝူချန်တို့ ခုနစ်ယောက် အဖွဲ့လည်း ထိုနေရာသို့ အရှိန်ပြင်းစွာဖြင့် ဦးတည် ထွက်ခွာသွားကြသည်။
'ရွှေယွင်ဂိုဏ်း' ကိုလည်း အနောက်ပိုင်း ဒေသတွင် အင်အားကြီး အဖွဲ့အစည်းတစ်ခုအဖြစ် သတ်မှတ်ထားသည်။ ကြီးမြတ်သော အင်အားစု ခြောက်ခုလောက် အစွမ်း မထက်သော်လည်း၊ သာမန် အဖွဲ့အစည်းများက အပြစ်ပြုနိုင်သော အဖွဲ့အစည်း မဟုတ်ပေ။
အင်အားအရ ဆိုလျှင် 'ရွှေယွင်ဂိုဏ်း' သည် 'ကုန်းစွန်း' မိသားစုထက် အနည်းငယ်မျှသာ အားနည်းပြီး အနောက်ပိုင်း ဒေသတွင် အလွန် မြင့်မားသော သြဇာအာဏာ ရှိသည်။
'ရွှေယွင်ဂိုဏ်း' ၏ ဂိုဏ်းချုပ်မှာ 'ကောင်းကင်ဘုံ လူသား' ဘုံသို့ ခြေတစ်လှမ်း ဝင်ရောက်နေပြီ ဖြစ်ရာ သူ၏ စွမ်းအား မည်မျှ ကြောက်မက်ဖွယ် ကောင်းသည်ကို ပြသနေသည်။
ဂိုဏ်းအတွင်းမှ အကြီးအကဲများ၏ ကျင့်ကြံမှုမှာလည်း 'ထျန်းယွမ်ဘုံ' ဆဌမအလွှာ အထက်တွင် ရှိကြပြီး၊ 'ထျန်းယွမ်ဘုံ' အစွမ်းထက် ပုဂ္ဂိုလ် ရာကျော် ရှိနေလေသည်။
“ဝှစ် ဝှစ် ဝှစ်”
'ရွှေယွင်ဂိုဏ်း' နှင့် မနီးမဝေး ကောင်းကင်ယံတွင် ပြင်းထန်သော လေတိုးသံများ ဆက်တိုက် ထွက်ပေါ်လာရာ 'ရွှေယွင်ဂိုဏ်း' တပည့်များ၏ အာရုံစိုက်မှုကို ဆွဲဆောင်သွားတော့သည်။
“သတ်ဖြတ်လိုစိတ်တွေပါတယ်။ အစ်ကိုကြီး။ သူတို့ မကောင်းတဲ့ အကြံနဲ့ လာတာပဲ”
“'ထျန်းယွမ်ဘုံ' နဝမအလွှာရဲ့ အရှိန်အဝါ။ အားအနည်းဆုံး တစ်ယောက်တောင် ပဉ္စမအလွှာမှာ ရှိတယ်။ မြန်မြန်... ဂိုဏ်းချုပ်ကို သတင်းပို့လိုက်”
“သူတို့ အတော်လေး အစွမ်းထက်သားပဲ။ ဒါပေမဲ့ 'ရွှေယွင်ဂိုဏ်း' ကို ကျူးကျော်ရဲရင်တော့... သေလမ်းပဲ ရှိတယ်”
“အစ်ကိုကြီး။ ဒါ.. တောင်ထိပ်ပေါ်က အကောင်တွေရဲ့ အပေါင်းအပါတွေများ ဖြစ်နေမလား”
'ရွှေယွင်ဂိုဏ်း' ၏ ထိပ်သီး တပည့်မှာ ထိုအချိန်တွင် ဂိုဏ်း၏ ရင်ပြင်တွင် ရှိနေပြီး၊ ထိုသတ်ဖြတ်လိုစိတ်ကို အမှတ်တမဲ့ ခံစားမိလိုက်ခြင်း ဖြစ်သည်။
အသစ် ရောက်ရှိလာသူများမှာ ဖုန်းဝူချန်တို့ ခုနစ်ယောက် အဖွဲ့မှလွဲ၍ အခြား မည်သူမျှ မဟုတ်ပေ။
“ဝှစ် ဝှစ် ဝှစ်”
မျက်တောင်တစ်ခတ်အတွင်းမှာပင် ဖုန်းဝူချန်တို့ ခုနစ်ယောက် အဖွဲ့သည် 'ရွှေယွင်ဂိုဏ်း' အပေါ်မှ ကောင်းကင်ယံသို့ ပေါ်ထွက်လာကြသည်။
“အစ်ကိုဖုန်း။ 'ချီဟွမ်' တို့ အသက်ရှင်နေသေးတယ်” လျိုချင်းယန်က 'ချီဟွမ်' တို့ အဖွဲ့၏ မှုန်ပျပျ အရှိန်အဝါများကို ခံစားမိလိုက်ပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။
“ဒါဆို 'ရွှေယွင်ဂိုဏ်း' က သူတို့ကို ဖမ်းဆီးသွားတာပေါ့” မြောင်ချင်းချင်းက အေးစက်စွာ ဆိုသည်။
ဖုန်းဝူချန်ကလည်း 'ချီဟွမ်' နှင့် အခြား ရှစ်ယောက်၏ အရှိန်အဝါများကို ခံစားမိလိုက်ပြီးနောက်၊ နောက်ဆုံးတွင် သူ၏ စိတ်ကို ဒုန်းဒုန်းချနိုင်သွားတော့သည်။
တောင်ထိပ်တွင် 'ချီဟွမ်' တို့ကို မမြင်တွေ့ရဘဲ၊ သွေးကွက်များကိုသာ တွေ့မြင်ခဲ့ရသဖြင့် ဖုန်းဝူချန်မှာ သူတို့ အသတ်ခံလိုက်ရမည်ကို စိုးရိမ်နေခဲ့မိသည်။
“ဂိုဏ်းချုပ်။ တစ်ယောက်ယောက်က ကျွန်တော်တို့ ဂိုဏ်းတံခါးဝကို ဝင်တိုက်နေပါတယ်” တပည့်တစ်ဦးက ဧည့်ခန်းမကြီး အတွင်းသို့ အလျင်အမြန် ပြေးဝင်လာပြီး သတင်းပို့သည်။
“ဘာတွေ ဒီလောက် ထိတ်လန့်တကြား ဖြစ်နေရတာလဲ”
'ရွှေယွင်ဂိုဏ်း' ၏ ဂိုဏ်းချုပ်က ဆူပူလိုက်သည်။
“ငါ့ 'ရွှေယွင်ဂိုဏ်း' ကို ဘယ်ကောင်က ဒီလောက် မောက်မာပြီး ဝင်တိုက်ရဲလဲ ဆိုတာ ငါ သွားကြည့်ရသေးတာပေါ့”
“ဝှစ် ဝှစ် ဝှစ်”
ဂိုဏ်းချုပ်နှင့် အကြီးအကဲများ ဧည့်ခန်းမကြီးထဲမှ ပျံထွက်လာကြပြီး သူတို့၏ ကြောက်မက်ဖွယ် အကြည့်များက ကောင်းကင်ယံရှိ ဖုန်းဝူချန်တို့ ခုနစ်ယောက် အဖွဲ့ထံသို့ ကျရောက်သွားသည်။
“ဒီလူတွေ ဘယ်သူတွေလဲ။ ဒီလောက် ငယ်ရွယ်တဲ့ အရွယ်နဲ့... ဒီလောက် နက်ရှိုင်းတဲ့ ကျင့်ကြံမှုတွေ ပိုင်ဆိုင်ထားပါလား” အကြီးအကဲ တစ်ဦးက မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး သူ၏ မျက်နှာအိုမှာ အနည်းငယ် လေးနက်သွားသည်။
“မင်းတို့ ဘယ်သူတွေလဲ။ 'ရွှေယွင်ဂိုဏ်း' ကို ဝင်တိုက်ရဲလောက်အောင် သတ္တိတွေ ရှိနေကြပါလား” ဂိုဏ်းချုပ် 'ကျိုးစန်းထုံ' က ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။ သူ၏ ခန့်ညားထည်ဝါသော အရှိန်အဝါများက ပေါက်ကွဲထွက်လာပြီး အလွန်တရာ ခြိမ်းခြောက်နိုင်စွမ်း ရှိလေသည်။
ဖုန်းဝူချန်က 'ကျိုးစန်းထုံ' နှင့် အခြားသူများကို အေးစက်သော အကြည့်ဖြင့် ဝေ့ဝဲ ကြည့်လိုက်ပြီး အမူအရာ ကင်းမဲ့စွာဖြင့် မေးလိုက်သည်။
“ကျွန်တော့် မိတ်ဆွေတွေက ဘာအပြစ်များ ကျူးလွန်မိလို့…ခင်ဗျားတို့ ဖမ်းခေါ်သွားရတာလဲ ဆိုတာ သိခွင့် ရှိမလား”
ထိုအခါ၊ ထိပ်သီး တပည့်က အေးစက်စွာ ဆိုသည်။
“ဒါဆို မင်းတို့က အဲ့ဒီလူတွေရဲ့ အပေါင်းအပါတွေ ဆိုတာ အမှန်ပဲပေါ့” “မင်းတို့က ငါတို့ 'ရွှေယွင်ဂိုဏ်း' ရဲ့ တားမြစ် နယ်မြေ 'ဝိညာဉ် ချိတ်ပိတ် လျှပ်စီး' ထဲကို ဝင်ရောက် ကျူးကျော်ရဲလောက်အောင် တော်တော် သတ္တိရှိနေကြတာပဲ”
“တားမြစ် နယ်မြေ ဟုတ်လား” ကျန်းကျွင့်လန်က မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး ဆိုသည်။
“အဲ့ဒီနေရာက 'ရွှေယွင်ဂိုဏ်း' ရဲ့ တားမြစ် နယ်မြေ ဆိုတာ ကျွန်တော်တို့ မသိခဲ့ဘူး။ ပြီးတော့... အဲ့ဒီမှာ အစောင့်အကြပ်လည်း ချမထားဘူး။ ဒါကို ကျွန်တော်တို့ကို အပြစ်တင်လို့ မရပါဘူး။ ကျေးဇူးပြုပြီး ကျွန်တော်တို့ မိတ်ဆွေတွေကို ပြန်လွှတ်ပေးပါ”
“'ဝိညာဉ် ချိတ်ပိတ် လျှပ်စီး' က 'ရွှေယွင်ဂိုဏ်း' ရဲ့ ဘိုးဘေးတွေ မြှုပ်နှံရာ သင်္ချိုင်းမြေပဲ။ မင်းတို့ ငါတို့ရဲ့ တားမြစ် နယ်မြေကို ကျူးကျော်ဝင်ရောက်တဲ့အတွက် သေဒဏ်နဲ့ ထိုက်တန်တယ်။ 'ပါရမီရှင် အဆင့်သတ်မှတ်ပွဲ' သာ မရှိရင်... သူတို့ကို ကြာပြီကတည်းက သတ်ပစ်လောက်ပြီ။ မင်းတို့က သူတို့ရဲ့ အပေါင်းအပါတွေ ဆိုတော့... မင်းတို့လည်း သေရမယ်” ထိပ်သီး တပည့်က အေးစက်စွာ ကြိမ်းမောင်းလေသည်။
'ပေတိုယန်' က အေးစက်စွာ တုံ့ပြန်လိုက်သည်။
“ရယ်စရာပဲ။ 'ဝိညာဉ် ချိတ်ပိတ် လျှပ်စီး' က 'ရွှေယွင်ဂိုဏ်း' ရဲ့ တားမြစ် နယ်မြေ၊ ဘိုးဘေးတွေရဲ့ သင်္ချိုင်းမြေ ဆိုရင်... ဘာလို့ အစောင့်အကြပ် မချထားတာလဲ။ အစောင့်အကြပ် မချထားရင်... ဘယ်သူက အဲ့ဒါ 'ရွှေယွင်ဂိုဏ်း' ရဲ့ တားမြစ် နယ်မြေမှန်း သိမှာလဲ”
“ဘယ်သူက အစောင့်အကြပ် မချထားဘူး ပြောလဲ။ ငါတို့ ညီအစ်ကိုတွေက အဲ့ဒီနေ့က တောင်တွေကို ကင်းလှည့်နေတာ။ မဟုတ်ရင် သူတို့ကို ဘယ်လိုလုပ် တွေ့ရှိမှာလဲ”
ထိုသို့ တပည့်တစ်ဦးက ဒေါသတကြီး ပြန်လည် ချေပလိုက်သည်။ သူ၏ အမူအရာမှာ အနည်းငယ် ထိတ်လန့်နေပြီး အပြစ်ရှိစိတ် ဝင်နေသည်မှာ ထင်ရှားသည်။
“ဟုတ်တယ်။ ဂိုဏ်းချုပ်ခင်ဗျာ။ အဲ့ဒီနေ့က ကျွန်တော် ညီအစ်ကိုတွေနဲ့ တောင်ထိပ်မှာ လှုပ်ရှားမှု တစ်ခုကို ရုတ်တရက် ခံစားမိလိုက်တာ။ အဲ့ဒါနဲ့ တက်ကြည့်လိုက်မှ... လူတွေ ကျင့်ကြံနေတာကို တွေ့လိုက်ရတာပါ” အခြား တပည့်တစ်ဦးက ထပ်ဖြည့် ပြောလိုက်သည်။
'ကျိုးစန်းထုံ' က လက်ကို ဝှေ့ယမ်းလိုက်ပြီး “'ရွှေယွင်ဂိုဏ်း' ရဲ့ တားမြစ် နယ်မြေကို ကျူးကျော်တဲ့သူ... သေစေ” ဟု အေးစက်စွာ အမိန့်ပေးလိုက်တော့သည်။
“ဒါဆို ခင်ဗျားတို့က ညှိနှိုင်းစရာ အကြောင်းမရှိဘူးလို့ ပြောချင်တာပေါ့” တုံကျန့်ထျန်းက အေးစက်စွာ မေးလိုက်ရင်း သူ၏ မျက်လုံးများထဲတွင် ကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ်များ လင်းလက်သွားသည်။
“ဒီနေ့ …မင်းတို့ ကိုယ့်သေတွင်း ကိုယ်တူးပြီး ရောက်လာကြတာပဲ။ ရောက်လာမှတော့... မင်းတို့ အသက်တွေကို ဒီမှာ ထားခဲ့ကြ” 'ကျိုးစန်းထုံ' က အေးစက်စွာ ကြိမ်းမောင်းလိုက်သည်။
သူ၏ လွှမ်းမိုးနိုင်သော သတ်ဖြတ်လိုစိတ်များ သိပ်သည်းလာပြီးနောက် အမိန့်ပေးလိုက်သည်။
“သတ်လိုက်”
“တိုက်ကြ”
ထိပ်သီး တပည့်က ဒေါသတကြီး အော်ဟစ်လိုက်ရာ 'ထျန်းယွမ်ဘုံ' အဆင့်ရှိ 'ရွှေယွင်ဂိုဏ်း' တပည့် ရာကျော်မှာ ကောင်းကင်ယံသို့ ပျံတက်လာကြပြီး အလွန်တရာ အားကောင်းသော တိုက်ကွက် တစ်ခုကို ဖွဲ့စည်းလိုက်ကြသည်။
“ဝုန်း.. ဝုန်း”
အစွမ်းထက်သော စွမ်းအားများ ရာကျော် ပေါက်ကွဲထွက်လာပြီး ကောင်းကင်ယံကြီးကို တုန်ခါသွားစေသည်။
“မင်းတို့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေပြီ” 'ပေတိုယန်' က ချက်ချင်းပင် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ထုတ်လွှတ်လိုက်ပြီး သူ၏ အရှိန်အဝါမှာ ချက်ချင်းပင် 'ထျန်းယွမ်ဘုံ' နဝမအလွှာသို့ မြင့်တက်သွားသည်။
“'ထျန်းယွမ်ဘုံ' နဝမအလွှာ” ထိပ်သီး တပည့်၏ မျက်နှာထားမှာ သိသိသာသာ ပြောင်းလဲသွားပြီး သူ၏ မျက်လုံးများတွင် ထိတ်လန့်မှုများ လင်းလက်သွားသည်။
တုံကျန့်ထျန်းကလည်း ကြောက်မက်ဖွယ် သတ်ဖြတ်လိုသော အရှိန်အဝါကို ထုတ်လွှတ်လိုက်ပြီး 'ထျန်းယွမ်ဘုံ' နဝမအလွှာ၏ အရှိန်အဝါကို ထုတ်ဖော်ပြသလိုက်သည်။ ထို့နောက် သူက ဖုန်းဝူချန်ထံသို့ လှည့်ကာ ဆိုသည်။
“ဆရာ။ ဒီလူအိုကြီးကို ကျွန်တော် တာဝန်ယူပါ့မယ်။ သူ့ကို သတ်ဖို့က ပြဿနာ မရှိလောက်ပါဘူး”
“ငါ့မိတ်ဆွေတွေကို ထိခိုက်စေတဲ့သူ... သေရမယ်…” ဟု ဖုန်းဝူချန်က အေးစက်စွာ ကြွေးကြော်လိုက်သည်။ သူ၏ သတ်ဖြတ်လိုစိတ်မှာ အထင်အရှား ပေါ်လွင်နေ၏။
ညှိနှိုင်းမှု မရှိသော အခြေအနေတွင်၊ ကြမ်းတမ်းသော အင်အားကသာ ဖြေရှင်းနိုင်ပေလိမ့်မည်။
တုံကျန့်ထျန်းက လှောင်ပြောင် သရော်လိုက်ရင်း သူ၏ မျက်လုံးများမှာ မထီမဲ့မြင် ပြုခြင်းများဖြင့် ပြည့်နှက်နေ၏။
“လူအိုကြီး။ 'ထျန်းယွမ်ဘုံ' နဝမအလွှာ အထွတ်အထိပ်မှာ မင်း ဘယ်လောက် စွမ်းဆောင်နိုင်မလဲ ကြည့်ကြသေးတာပေါ့”
တုံကျန့်ထျန်းက သူ၏ စွမ်းအား အားလုံးကို စုစည်းလိုက်ပြီး ပထမဆုံး အရှေ့သို့ တိုးဝင်သွားသည်။
ထိုအခါ၊ 'ကျိုးစန်းထုံ' က တင်းမာစွာဖြင့်
“ဟမ့်။ မင်းက မင်းသေတွင်း ကိုယ်တူးတာပဲ” ဟု လှောင်လိုက်လေသည်။
'ထျန်းယွမ်ဘုံ' နဝမအလွှာ အထွတ်အထိပ်၏ စွမ်းအားများ ပေါက်ကွဲထွက်လာသည်။
ကြောက်မက်ဖွယ် စွမ်းအားများကြောင့် 'ရွှေယွင်ဂိုဏ်း' တစ်ခုလုံး ပြင်းထန်စွာ သိမ့်ခါသွားပြီး 'ကျိုးစန်းထုံ' ကလည်း ကောင်းကင်ယံသို့ မြှားတစ်စင်းလို ပစ်ခွင်းတက်သွားတော့သည်။
ပေတိုယန်၊ နန်းကုန်းကျန့်၊ ကျန်းကျွင့်လန်၊ ပေတိုထျန်းယဲ့၊ လျိုချင်းယန်နှင့် မြောင်ချင်းချင်းတို့ကလည်း သူတို့၏ အစစ်အမှန်ယွမ်စွမ်းအားများကို တစ်ချိန်တည်းတွင် စတင် အသက်သွင်းလိုက်ကြသည်။ ကြောက်မက်ဖွယ် စွမ်းအားများ တစ်ခုပြီးတစ်ခု ပေါက်ကွဲထွက်လာပြီး သူတို့၏ ပြင်းထန် လှိုင်းလုံးကြီးများက မုန်တိုင်းသဖွယ် တိုက်ခတ်သွားသည်။
“'ထျန်းယွမ်ဘုံ' သတ္တမအလွှာ အရှိန်အဝါ” 'ရွှေယွင်ဂိုဏ်း' တပည့်များမှာ ကျန်းကျွင့်လန်တို့၏ ကြောက်မက်ဖွယ် အရှိန်အဝါများကြောင့် ထိတ်လန့် တုန်လှုပ်သွားကြသည်။
အခြားသူများက ကျန်းကျွင့်လန်နှင့် လျိုချင်းယန်တို့ကို 'ထျန်းယွမ်ဘုံ' ပဉ္စမအလွှာ အဖြစ်သာ မြင်ကြသော်လည်း၊ သူတို့ ထုတ်လွှတ်လိုက်သော စွမ်းအားများက 'ထျန်းယွမ်ဘုံ' သတ္တမအလွှာသို့ မြင့်တက်သွားခဲ့သည်။
“'ကောင်းကင်ဘုံ' နယ်မြေမှာ ပထမဆုံး လုပ်ရမယ့် အကြီးဆုံး အလုပ်က 'ရွှေယွင်ဂိုဏ်း' ကို ရှင်းလင်းပစ်တာပဲ ဖြစ်မယ် ထင်တယ်” လျိုချင်းယန်က ကြောက်မက်ဖွယ် ပြုံးလိုက်သည်။
“တစ်ယောက်မှ မချန်နဲ့။ သတ်” ဖုန်းဝူချန်က အေးစက်စွာ အော်ဟစ်လိုက်သည်။ သူ၏ လက်ထဲတွင် 'နဂါးနတ်ဘုရားဓား' ပေါ်ထွက်လာပြီး သူ၏ သတ်ဖြတ်လိုစိတ်မှာ ကောင်းကင်ယံသို့ ထိုးတက်သွားတော့သည်။
'ချီဟွမ်' တို့ကို ကယ်တင်ရန်အတွက်၊ 'ရွှေယွင်ဂိုဏ်း' ကို ဖျက်ဆီးပစ်ရမည် ဆိုလျှင်တောင်မှ ဖုန်းဝူချန်က တွန့်ဆုတ်နေမည် မဟုတ်ပေ။
“ သေပေတော့ ”
လျိုချင်းယန်က ဒေါသတကြီး အော်ဟစ်လိုက်ပြီး ဓားကိုင်ကာ အောက်သို့ တိုးဝင်သွားသည်။ 'ပေတိုယန်' နှင့် အခြားသူများကလည်း လျင်မြန်စွာပင် တိုက်ခိုက်မှုတွင် ပူးပေါင်း ပါဝင်လိုက်ကြသည်။
'ပေတိုယန်' နှင့် နန်းကုန်းကျန့်တို့က 'ရွှေယွင်ဂိုဏ်း' အကြီးအကဲများကို တာဝန်ယူလိုက်ကြပြီး၊ ကျန်းကျွင့်လန်နှင့် ကျန်အဖွဲ့များက 'ရွှေယွင်ဂိုဏ်း' မှ 'ထျန်းယွမ်ဘုံ' တပည့် ရာပေါင်းများစွာကို ရင်ဆိုင်လိုက်ကြသည်။
တိုက်ပွဲကြီးမှာ ပေါက်ကွဲထွက်နေလေ၏။