'ရွှေယွင်ဂိုဏ်း' ၏ ကျဆုံးခန်း
Vol. 26 Ch. 384
~“သခင်လေးကျန်း”
ကျန်းကျွင့်လန်၏ မျက်လုံးများထဲမှ ကြောက်မက်ဖွယ် အကြည့်များကို မြင်သောအခါ၊ 'ထန်ထျန်းရှန်'၊ ဂိုဏ်းကာကွယ်စောင့်ရှောက်သူ ခေါင်းဆောင်နှင့် အကြီးအကဲ သုံးဦးတို့မှာ အလွန်အမင်း ကြောက်ရွံ့ ထိတ်လန့်သွားကြသည်။
ကျန်းကျွင့်လန်ကို မြင်လိုက်ရခြင်းမှာ သရဲတစ္ဆေ တစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ပင် ဖြစ်နေပြီး၊ သူတို့၏ ယခင်က ကြောက်မက်ဖွယ် အရှိန်အဝါများမှာ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။
“သခင်လေးကျန်း။ ဘယ်က သခင်လေးကျန်းလဲ” 'ကျိုးစန်းထုံ' မှာ ပြင်းထန်စွာ တုန်လှုပ်နေပြီး သူ၏ မျက်လုံးများ ပြူးထွက်နေကာ ကျန်းကျွင့်လန်ကို စိုက်ကြည့်နေမိသည်။ သူသည် ကျန်းကျွင့်လန်၏ အထောက်အထားကို လုံးဝ မသိရှိပေ။
သို့သော် 'ထန်ထျန်းရှန်' နှင့် အခြားသူများကို ဤမျှအထိ ကြောက်ရွံ့သွားစေနိုင်ခြင်းကပင် ကျန်းကျွင့်လန်၏ နောက်ခံ အင်အား မည်မျှ ကြီးမားကြောင်းကို သက်သေပြနေသည်။
'ရွှေယွင်ဂိုဏ်း' အကြီးအကဲများနှင့် အဆင့်မြင့် ကျွမ်းကျင်သူများမှာလည်း လန့်ဖျပ်သွားကြပြီး၊ သူတို့၏ ဖြူဖပ်ဖြူရော် မျက်နှာများပေါ်တွင် ထိတ်လန့်မှုများ ချက်ချင်း တွားသွား ရောက်ရှိလာသည်။
ကျန်းကျွင့်လန်က တကယ်တမ်း ဘယ်သူလဲ။ 'ထန်ထျန်းရှန်' နှင့် အခြားသူများကို ဒီလောက်အထိ ကြောက်လန့်သွားစေနိုင်တဲ့ သူက ဘယ်သူလဲ။
“'မင်' ဘုရင် ဂိုဏ်းချုပ်ကြီးနဲ့ တခြားသူတွေ ဘာဖြစ်ကုန်တာလဲ။ ဘာလို့ ဒီလောက် ကြောက်နေကြတာလဲ”
“ငါ... ငါတို့ အင်အားကြီး ပုဂ္ဂိုလ် တစ်ယောက်ယောက်ကို သွားစော်ကားမိပြီ ထင်တယ်”
“'မင်' ဘုရင် ဂိုဏ်းချုပ်ကြီးက သူ့ကို သခင်လေးကျန်းလို့ ခေါ်လိုက်တယ်တဲ့လား။ ဒါ...”
'ရွှေယွင်ဂိုဏ်း' တပည့်များမှာ ထိတ်လန့် တုန်လှုပ်သွားကြသည်။ သူတို့၏ ကြောက်ရွံ့နေသော အကြည့်များက ကျန်းကျွင့်လန်ထံသို့ ချက်ချင်း ရောက်ရှိသွားပြီး၊ သတ္တိနည်းသော တပည့် အချို့ဆိုလျှင် ကြောက်လွန်းသဖြင့် မျက်ရည်များပင် ကျဆင်းလာကြသည်။
သူတို့ မည်မျှ ကြီးမားသော ပုဂ္ဂိုလ်ကို စော်ကားမိခဲ့သည်ကို မတွေးဝံ့ကြတော့ပေ။
“ဒူးထောက်လိုက်စမ်း” ကျန်းကျွင့်လန်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
'ထန်ထျန်းရှန်' နှင့် အခြားသူများမှာ ကြောက်လွန်းသဖြင့် ချက်ချင်းပင် ဒူးထောက်လိုက်ကြပြီး၊ ခုခံရန် အရိပ်အယောင် တစ်စက်ကလေးမျှ မပြရဲကြတော့ပေ။
ကျန်းကျွင့်လန်၏ ရှေ့တွင်မူ သူတို့သည် ပုရွက်ဆိတ်များသဖွယ် သေးငယ်လှသည်။
“ဘယ်သူက ငါ့ဆရာကို မလေးမစား လုပ်ရဲတဲ့ သတ္တိတွေ ပေးထားတာလဲ” ကျန်းကျွင့်လန်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
“ဆရာ ဟုတ်လား” 'ထန်ထျန်းရှန်' နှင့် အခြားသူများမှာ ဖုန်းဝူချန်ကို အလွန်အမင်း ကြောက်ရွံ့သော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။
'ယွဲ့ယွင်' မြို့မှ အဖြစ်အပျက်များကို သူတို့ ကြားသိခဲ့သော်လည်း၊ ကျန်းကျွင့်လန်၏ ဆရာသည် ဤမျှ ငယ်ရွယ်လိမ့်မည်ဟု 'ထန်ထျန်းရှန်' နှင့် အခြားသူများ မည်သို့ တွေးထင်မိနိုင်ပါမည်နည်း။
“သခင်လေးကျန်း။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပါ ခင်ဗျာ။ သခင်လေးကျန်း ဒီမှာ ရှိနေမှန်း ကျွန်တော်တို့ မသိခဲ့ပါဘူး။ ပြီးတော့ ဆရာကြီး ဒီမှာ ရှိနေတာကိုလည်း မသိခဲ့ပါဘူး။ ကျွန်တော်တို့ကို သနားညှာတာပေးပါ” 'ထန်ထျန်းရှန်' က ကြောက်လန့်တကြား ဖြေကြားလိုက်သည်။
“သခင်လေးကျန်း။ 'ရွှေယွင်ဂိုဏ်း' က ဘယ်လိုများ စော်ကားမိလို့ပါလဲ ခင်ဗျာ” ဂိုဏ်းကာကွယ်စောင့်ရှောက်သူ ခေါင်းဆောင်က ကြောက်လန့်တကြား မေးလိုက်သည်။
ကျန်းကျွင့်လန်က အေးစက်စွာ ပြန်ပြောလိုက်သည်။
“ဟမ့်။ ခင်ဗျား သူတို့ကို မေးကြည့်လိုက်လေ”
ဂိုဏ်းကာကွယ်စောင့်ရှောက်သူ ခေါင်းဆောင်က 'ကျိုးစန်းထုံ' ကို ဒေါသတကြီး အော်ဟစ် မေးမြန်းလိုက်တော့သည်။
“'ကျိုးစန်းထုံ' ပြောစမ်း။ ဘာတွေ ဖြစ်ခဲ့တာလဲ” “'မင်' ဘုရင် ဂိုဏ်းချုပ်ကြီးကို... တင်ပြပါတယ်။ ကျွန်တော်... ဒီ...” 'ကျိုးစန်းထုံ' မှာ ကြောက်လွန်းသဖြင့် စကားများ ထစ်ငေါ့နေပြီး မည်သို့ ဖြေရမည် မသိ ဖြစ်နေသည်။
“ပြောစမ်း” ဂိုဏ်းကာကွယ်စောင့်ရှောက်သူ ခေါင်းဆောင်က ဒေါသတကြီး အော်ဟစ်လိုက်၏။
“ကျွန်တော်တို့က သခင်လေးကျန်းရဲ့ မိတ်ဆွေတွေကို ဖမ်းဆီးခဲ့မိပါတယ်။ သူတို့က 'ဝိညာဉ် ချိတ်ပိတ် တောင်' ပေါ်ကို ကျူးကျော်ဝင်ရောက်ပြီး ကျွန်တော်တို့ရဲ့ ဘိုးဘေးတွေကို နှောင့်ယှက်ခဲ့လို့ ဖမ်းဆီးခဲ့တာပါ။ သူတို့က သခင်လေးကျန်းရဲ့ မိတ်ဆွေတွေ ဆိုတာ ကျွန်တော်တို့ လုံးဝ မသိခဲ့ပါဘူး”ဟု 'ကျိုးစန်းထုံ' က ကြောက်ရွံ့ တုန်လှုပ်သော အသံဖြင့် ဖြေကြားလိုက်သည်။
“ကျူးကျော်ဝင်ရောက်တယ် ဟုတ်လား။ စောစောက ခင်ဗျား ပြောတုန်းက ဒီလို မဟုတ်ပါဘူး။ ခင်ဗျားက ကျွန်တော်တို့ကို သတ်ချင်နေတာ မဟုတ်လား။ ကျွန်တော့် ဆရာနဲ့ ဆရာ့ဆရာတို့က ခင်ဗျားတို့ တံခါးဝအထိ လာပြီး သေလမ်းရှာတယ် ဆို” တုံကျန့်ထျန်းက အေးစက်စွာ ဝင်ပြောလိုက်သည်။
“ဘာ..”
တုံကျန့်ထျန်း၏ စကားကို ကြားသောအခါ 'ထန်ထျန်းရှန်' နှင့် အခြားသူများ၏ မျက်နှာများမှာ ဒေါသကြောင့် ဖြူဖပ်ဖြူရော် ဖြစ်သွားပြီး ဒေါသ ပေါက်ကွဲသွားကြသည်။
အကယ်၍သာ သူတို့ စော်ကားမိသူမှာ သခင်လေးကျန်း ဖြစ်ကြောင်း သိခဲ့လျှင်၊ သတ္တိ အဆ တစ်သိန်းမက ရှိနေပါစေဦး၊ 'ကျိုးစန်းထုံ' နှင့် အခြားသူများကို လာရောက် ကူညီရဲမည် မဟုတ်ပေ။
ကျန်းကျွင့်လန်ကို စော်ကားမိသည့်အတွက် 'ထန်ထျန်းရှန်' မှာ 'ကျိုးစန်းထုံ' ကို လက်ဖဝါး တစ်ချက်တည်းဖြင့် ရိုက်သတ်ပစ်ချင်စိတ်များ ပေါက်နေမိသည်။ အထူးသဖြင့် 'ကျိုးစန်းထုံ' က ဖုန်းဝူချန်ကို သတ်ချင်သည်ဟု ရဲရဲတင်းတင်း ပြောဆိုခဲ့ခြင်းကြောင့်၊ သူတို့အတွက် ကောင်းသော အဆုံးသတ် ရှိတော့မည် မဟုတ်ပေ။
“မောက်မာလိုက်တာ” ဂိုဏ်းကာကွယ်စောင့်ရှောက်သူ ခေါင်းဆောင်၏ ဒေါသများ ကောင်းကင်သို့ ထိုးတက်သွားပြီး သတ်ဖြတ်လိုစိတ်များ လှိုင်းထလာသည်။
ဂိုဏ်းကာကွယ်စောင့်ရှောက်သူ ခေါင်းဆောင်၏ ကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ်ကို ခံစားလိုက်ရသောအခါ 'ကျိုးစန်းထုံ' နှင့် အကြီးအကဲများမှာ လုံးဝ မျှော်လင့်ချက်မဲ့သွားကြသည်။
“ဆရာ။ သူတို့ကို ဘယ်လို စီမံမလဲ ဆိုတာ ဆရာ့ သဘောပါပဲ” ကျန်းကျွင့်လန်က ဖုန်းဝူချန်ကို ကြည့်ကာ လေးစားစွာ မေးလိုက်သည်။
ကျန်းကျွင့်လန်က 'ရွှေယွင်ဂိုဏ်း' နှင့် 'မင်' ဘုရင် ဂိုဏ်းတို့၏ အသက်နှင့် သေခြင်းကို ဖုန်းဝူချန်၏ လက်ထဲသို့ အပ်နှံလိုက်ခြင်း ဖြစ်သည်။
“ဆေးဧကရာဇ်။ ကျွန်တော်တို့ကို သနားညှာတာပေးပါ” 'ထန်ထျန်းရှန်' နှင့် သူ၏ အဖွဲ့က ကြောက်လန့်တကြား အသနားခံကြသည်။
ဖုန်းဝူချန်၏ အကြည့်များက 'ချီဟွမ်' နှင့် အခြား ရှစ်ယောက်ထံသို့ ရောက်ရှိသွားရင်း၊ လူသားဆန်မှု တစ်စက်ကလေးမျှ မပါရှိသော လေသံဖြင့် အေးစက်စွာ အမိန့်ပေးလိုက်၏။
“'ရွှေယွင်ဂိုဏ်း' ကို မျိုးဖြုတ်ပစ်ပါ”
“မလုပ်ပါနဲ့။ ဆေးဧကရာဇ်။ ကျေးဇူးပြုပြီး မလုပ်ပါနဲ့” 'ကျိုးစန်းထုံ' မှာ တုန်လှုပ်သွားပြီး ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။
“စိတ်ချပါ ဆေးဧကရာဇ်။ ကျွန်တော် ကျေနပ်လောက်တဲ့ ဖြေရှင်းချက် ပေးပါ့မယ်”
'မင်' ဘုရင် ဂိုဏ်း၏ ဂိုဏ်းကာကွယ်စောင့်ရှောက်သူ ခေါင်းဆောင်က လေးစားစွာ နာခံလိုက်ပြီး မဆိုင်းမတွပင် လှုပ်ရှားလိုက်သည်။
“ဘုန်း”
“အား.. ”
ဂိုဏ်းကာကွယ်စောင့်ရှောက်သူ ခေါင်းဆောင်က မျက်တောင်တစ်ခတ်အတွင်း ရောက်ရှိသွားပြီး၊ သူ၏ လက်ဖဝါးက 'ကျိုးစန်းထုံ' ၏ နှလုံးသားကို ရိုက်နှက်လိုက်ရာ ပေါက်ကွဲသံကြီး တစ်ခု ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ် အင်အားကြောင့် 'ကျိုးစန်းထုံ' မှာ သွေးများ အန်ထွက်လာပြီး၊ သူ၏ ခန္ဓာကိုယ်မှာ အမြောက်ဆန်ကဲ့သို့ လွင့်စဉ်သွားကာ ပင်မ နန်းတော်ကို ဖောက်ထွက်သွားတော့သည်။
ဂိုဏ်းကာကွယ်စောင့်ရှောက်သူ ခေါင်းဆောင်မှာ သူ၏ တိုက်ခိုက်မှုတွင် အင်အား လျှော့မထားခဲ့ဘဲ၊ 'ကျိုးစန်းထုံ' ကို ထိုနေရာတွင်ပင် ပွဲချင်းပြီး သတ်ဖြတ်လိုက်ခြင်းပင်။
'ကျိုးစန်းထုံ' မှာ နောင်တရချိန်ပင် မရလိုက်ပေ။ အကယ်၍ နောက်ဘဝ ရှိခဲ့လျှင်၊ သတ္တိ အဆ တစ်သောင်းမက ရှိနေပါစေဦး၊ ဖုန်းဝူချန်ကို ဘယ်တော့မှ သွားရောက် စော်ကားရဲတော့မည် မဟုတ်ပေ။
“ဂိုဏ်းကာကွယ်စောင့်ရှောက်သူ ခေါင်းဆောင်။ ကျွန်တော်တို့ အသက်ကို ချမ်းသာပေးပါ။ ကျွန်တော်တို့ အမှားကို သိပါပြီ” အကြီးအကဲများက ကြောက်လန့်တကြား ဦးခိုက်ကာ တောင်းပန် နေကြတော့သည်။
“ဟမ့်။ သခင်လေးကျန်းနဲ့ ဆေးဧကရာဇ်ကို စော်ကားမိလို့.. 'မင်' ဘုရင် ဂိုဏ်းတောင် မင်းတို့ကြောင့် ပျက်စီးရတော့မလို့ ၊ မင်းတို့က အသက်ရှင်ဖို့ မျှော်လင့်နေသေးတာလား၊ ဟမ်” ဂိုဏ်းကာကွယ်စောင့်ရှောက်သူ ခေါင်းဆောင်က ရက်စက်စွာ ကြိမ်းမောင်းလိုက်သည်။
“ဘုန်း ဘုန်း ဘုန်း”
ဂိုဏ်းကာကွယ်စောင့်ရှောက်သူ ခေါင်းဆောင်မှာ နေရာရွှေ့ပြောင်းကာ ဆက်တိုက် ရိုက်နှက်လိုက်သည်။ အကြီးအကဲ တစ်ဦးလျှင် လက်ဖဝါး တစ်ချက်စီဖြင့်၊ သူသည် 'ရွှေယွင်ဂိုဏ်း' အကြီးအကဲများကို တစ်ယောက်ပြီးတစ်ယောက် ရက်စက်စွာ သတ်ဖြတ်လိုက်သည်။ 'ရွှေယွင်ဂိုဏ်း' သည် 'မင်' ဘုရင် ဂိုဏ်း၏ လက်အောက်ခံ ဖြစ်လင့်ကစား၊ သူက သနားညှာတာမှု လုံးဝ မပြခဲ့ပေ။
“ဘုန်း ဘုန်း ဘုန်း”
ဂိုဏ်းကာကွယ်စောင့်ရှောက်သူ ခေါင်းဆောင်၏ ဆက်တိုက် တိုက်ခိုက်မှုအောက်တွင် 'ရွှေယွင်ဂိုဏ်း' အဆင့်မြင့် ကျွမ်းကျင်သူ တစ်ဒါဇင်ကျော်မှာ ရက်စက်စွာ ချေမှုန်းခံလိုက်ရသည်။
'ရွှေယွင်ဂိုဏ်း' တစ်ခုလုံး တိတ်ဆိတ်သွားပြီး သွေးညှီနံ့များဖြင့် ပြည့်နှက်နေလေ၏။ ကျန်ရှိနေသေးသော တပည့်များမှာ ကြောက်လွန်းသဖြင့် ဝိညာဉ်များ လွင့်ပျောက်မတတ် ဖြစ်နေကြပြီး၊ သူတို့၏ မျက်လုံးများတွင် ထိတ်လန့်မှုနှင့် မျှော်လင့်ချက်မဲ့သော မျက်ရည်များ ပြည့်နှက်နေသည်။
သူတို့သည် အသနားခံရန် မဝံ့ရဲကြတော့သလို၊ အသက်ရှင် လွတ်မြောက်ရန်လည်း မျှော်လင့်ချက် မထားကြတော့ပေ။
'မင်' ဘုရင် ဂိုဏ်း၏ ကျောထောက်နောက်ခံဖြင့် အနောက်ပိုင်း ဒေသတွင် စိတ်တိုင်းကျ ပြုမူနိုင်မည်ဟု သူတို့ ထင်မှတ်ခဲ့ကြသော်လည်း၊ 'မင်' ဘုရင် ဂိုဏ်းပင် မနှိုးဆော်နိုင်သော ကြောက်မက်ဖွယ် ပုဂ္ဂိုလ် တစ်ဦးကို စော်ကားမိလိမ့်မည်ဟု သူတို့ မျှော်လင့်မထားခဲ့ကြပေ။
“ဟမ့်။ မင်းတို့ အကုန်လုံးလည်း သေရမယ်” ဂိုဏ်းကာကွယ်စောင့်ရှောက်သူ ခေါင်းဆောင်၏ ရက်စက်သော အကြည့်များက 'ရွှေယွင်ဂိုဏ်း' တပည့်များအပေါ်သို့ ဖြတ်သန်းသွားပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။
ဖုန်းဝူချန်က 'ရွှေယွင်ဂိုဏ်း' ကို ဖျက်ဆီးပစ်ရန် အမိန့်ပေးလိုက်ခြင်းက သနားညှာတာမှု ကင်းမဲ့သော အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို ဆိုလိုခြင်း ဖြစ်ပြီး၊ မည်သူ့ကိုမျှ အသက်ရှင်ခွင့် ပေးမည် မဟုတ်ပေ။
“ဆေး... ဆေးဧကရာဇ်... အသက်... အသက်ချမ်းသာပေးပါ...”
အမျိုးသမီး တပည့်တစ်ဦးက အလွန်အမင်း ထိတ်လန့်တကြား တောင်းပန်လိုက်သည်။ သူမ၏ ချစ်စဖွယ် မျက်နှာလေးမှာ ဖြူဖပ်ဖြူရော် ဖြစ်နေပြီး၊ နူးညံ့သော ခန္ဓာကိုယ်လေးမှာ ထိန်းချုပ်မရအောင် တုန်ယင်နေသည်။ သူမ ဖုန်းဝူချန်ကို ကြည့်လိုက်သောအခါ နတ်ဆိုးတစ်ကောင်ကို ကြည့်နေရသကဲ့သို့ ခံစားနေရသည်။ သို့သော် သူမ၏ စကားပင် မဆုံးသေးမီ သူမ သတိလစ် မေ့မြောသွားရှာသည်။
“ဆေးဧကရာဇ်။ ကျွန်မတို့ကို အသက်ချမ်းသာပေးပါရှင်” အခြား အမျိုးသမီး တပည့်များကလည်း ရူးသွပ်မတတ် တောင်းပန်ကြသည်။ သူတို့၏ လှပသော မျက်နှာလေးများပေါ်တွင် မျက်ရည်များ စီးကျနေ၏။
“အစ်ကိုဖုန်း။ ကျေးဇူးပြုပြီး သူတို့ကို ချမ်းသာပေးပါလားဟင်…” ကြောက်လန့်ပြီး မျှော်လင့်ချက်မဲ့နေသော 'ရွှေယွင်ဂိုဏ်း' အမျိုးသမီး တပည့်များကို မြင်သောအခါ မြောင်ချင်းချင်း မနေနိုင်တော့ဘဲ အလျင်အမြန် ဝင်ပြောလိုက်သည်။
“ချင်းချင်း” လျိုချင်းယန်က မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး မြောင်ချင်းချင်းကို ခေါင်းခါပြလိုက်သည်။
လျိုချင်းယန်၏ အမူအရာကို မြင်သောအခါ မြောင်ချင်းချင်းက စိတ်ပျက်လက်ပျက် ခေါင်းငုံ့သွားရသည်။ သူတို့ကို တောင်းပန်ပေးခြင်းက အချည်းနှီး ဖြစ်မည်ကို သူမ သိသည်။ ရန်သူများအပေါ် ဖုန်းဝူချန်၏ ရက်စက်သော နည်းလမ်းများကို သူမ ကောင်းကောင်းကြီး သိရှိထားသောကြောင့် ဖြစ်သည်။
ဖုန်းဝူချန်က မြောင်ချင်းချင်းကို တစ်ချက် ကြည့်လိုက်သည်။ ဖုန်းဝူချန်၏ အကြည့်ကို ခံစားမိသောအခါ လျိုချင်းယန်၏ မျက်နှာထား ရုတ်တရက် ပြောင်းလဲသွားသည်။ သူ စကားပြောရန် ပြင်လိုက်စဉ်မှာပင် ဖုန်းဝူချန်က ပြောလိုက်သည်။
“မင်းတို့ ကံကောင်းတယ်။ ချင်းချင်းက မင်းတို့အတွက် တောင်းပန်ပေးလို့ ဒီတစ်ကြိမ်တော့ ငါ မင်းတို့ကို လွှတ်ပေးလိုက်မယ်”
ဖုန်းဝူချန်ထံမှ ဤစကားကို ကြားလိုက်ရသောအခါ မြောင်ချင်းချင်း အံ့အားသင့်သွားသည်။ ဖုန်းဝူချန်က 'ရွှေယွင်ဂိုဏ်း' တပည့်များကို တကယ်ပဲ လွှတ်ပေးလိုက်သည်။ ဤအရာက သူမအတွက် ယုံနိုင်ရန်ပင် ခက်ခဲလွန်းနေသည်။
“အစ်ကိုဖုန်း” မြောင်ချင်းချင်း အလွန် ဝမ်းသာသွားပြီး ပျော်ရွှင်သော အပြုံးတစ်ခု သူမ၏ မျက်နှာပေါ်တွင် ပေါ်လာသည်။
လျိုချင်းယန်က သက်ပြင်းချလိုက်ပြီး စိတ်ထဲတွင် တွေးလိုက်မိသည်။
'အစ်ကိုဖုန်းက လူသားဆန်တဲ့ စိတ်ဓာတ် လုံးဝ မရှိတာတော့ မဟုတ်ပါလား'
“ကျေးဇူးတင်ပါတယ် ဆေးဧကရာဇ်။ ကျေးဇူးတင်ပါတယ် ၊မမလေးချင်းချင်း” 'ရွှေယွင်ဂိုဏ်း' တပည့်များမှာ စိတ်လှုပ်ရှားစွာ ကျေးဇူးတင်စကား ဆိုကြပြီး၊ သူတို့၏ နဖူးများ ပွန်းပဲ့သွားသည်အထိ ဦးခိုက်ကြသည်။
ငရဲ (၁၈) ထပ်မှ ကောင်းကင်ဘုံသို့ ရောက်ရှိသွားသကဲ့သို့သော ခံစားမှုမှာ သူတို့ ဘဝ၏ အပျော်ရွှင်ဆုံး အခိုက်အတန့် ဖြစ်မည်မှာ သံသယဖြစ်ဖွယ် မရှိပေ။
အကယ်၍သာ မြောင်ချင်းချင်း ဝင်မပြောခဲ့လျှင်၊ 'ရွှေယွင်ဂိုဏ်း' တပည့်များမှာ ဖုန်းဝူချန်၏ မျက်တောင်တစ်ခတ်အတွင်း သေဆုံးသွားကြရမည် ဖြစ်ပြီး၊ သနားညှာတာမှု အရိပ်အယောင် တစ်စွန်းတစ်စမျှ ရရှိမည် မဟုတ်ပေ။
အမှားလုပ်မိလျှင် တန်ဖိုး ပေးဆပ်ရမည်သာ ဖြစ်သည်။
'ရွှေယွင်ဂိုဏ်း' တွင် အသက်ရှင် ကျန်ရစ်သော တပည့်မှာ အများအပြား မကျန်တော့ပေ။ တစ်ထောင်ကျော်သာ ရှိတော့ပြီး၊ အသေအပျောက် အလွန် များပြားလှသည်။
မြောင်ချင်းချင်းသည် ဖုန်းဝူချန်၏ သူငယ်ချင်းကောင်းများထဲမှ တစ်ဦး ဖြစ်သည်။ သူ ဘာလုပ်လုပ် သူမ၏ ခံစားချက်ကို ထည့်သွင်း စဉ်းစားပေးရမည် ဖြစ်ပြီး၊ ကိုယ့်သဘောနှင့်ကိုယ် ထင်တိုင်းကြဲ၍ မရပေ။
“'ရွှေယွင်ဂိုဏ်း' မှာ ရှိသမျှ ပစ္စည်းတွေကို ယူပြီး တောင်ပေါ်ကနေ ဆင်းသွားကြတော့။ မင်းတို့မှာ အမွှေးတိုင် တစ်တိုင်စာ အချိန်ပဲ ရမယ်။ ငါ 'ရွှေယွင်ဂိုဏ်း' ရဲ့ တည်ရှိမှုကို နောက်ထပ် မမြင်ချင်တော့ဘူး” ဖုန်းဝူချန်က အေးစက်စွာ ပြောလိုက်သည်။
“ဟုတ်ကဲ့... ဟုတ်ကဲ့... ကျေးဇူးတင်ပါတယ် ဆေးဧကရာဇ်” 'ရွှေယွင်ဂိုဏ်း' တပည့်များမှာ ပျော်ရွှင်စွာ ခေါင်းညိတ်လိုက်ကြသည်။
“'မင်' ဘုရင် ဂိုဏ်းချုပ်။ ခင်ဗျားအတွက် အလုပ်တစ်ခု ရှိတယ်” ဖုန်းဝူချန်က 'ထန်ထျန်းရှန်' ဘက်သို့ လှည့်ကာ ပြောလိုက်သည်။
“အမိန့်ပေးပါ ဆေးဧကရာဇ်” 'ထန်ထျန်းရှန်' က လေးစားစွာ ပြန်ဖြေသည်။
“'ဝိညာဉ် ချိတ်ပိတ် တောင်' ပေါ်က 'ရွှေယွင်ဂိုဏ်း' ရဲ့ ဘိုးဘေး သင်္ချိုင်းဂူတွေကို တူးထုတ်ပစ်လိုက်ပါ။ 'ဝိညာဉ် ချိတ်ပိတ် တောင်' ကို ဖျက်ဆီးပစ်ပါ” ဖုန်းဝူချန်က အေးစက်စွာ တောင်းဆိုလိုက်သည်။
“ဟုတ်ကဲ့” 'ထန်ထျန်းရှန်' က လေးစားစွာ ခေါင်းညိတ်လိုက်သည်။
‘ဒါက အရမ်း ရက်စက်ရာ မကျဘူးလား။ သူများရဲ့ ဘိုးဘေး သင်္ချိုင်းဂူတွေကို တူးထုတ်ခိုင်းတာ။’
‘သင်္ချိုင်းဂူတွေကို တူးထုတ်ရုံတင် မက၊ တောင်တစ်လုံးလုံးကိုပါ မြေလှန်ပစ်ခိုင်းနေတာ။ သေဆုံးသွားသူတွေကိုတောင် ငြိမ်းချမ်းစွာ အနားယူခွင့် မပေးဘူး။’
'မင်' ဘုရင် ဂိုဏ်း၏ ဂိုဏ်းကာကွယ်စောင့်ရှောက်သူ ခေါင်းဆောင်နှင့် အကြီးအကဲများအားလုံး တုန်လှုပ်သွားကြသည်။
‘ဒီလောက် ငယ်ရွယ်တဲ့ အရွယ်နဲ့ ဒီလောက် ရက်စက်တတ်တာ... တကယ်ပဲ ကြောက်စရာကောင်းတဲ့ ပုဂ္ဂိုလ်လေးပါလား။’
အမွှေးတိုင် တစ်တိုင်စာ အချိန်မှာ လျင်မြန်စွာ ကုန်ဆုံးသွားပြီး၊ အသက်ရှင် ကျန်ရစ်သော 'ရွှေယွင်ဂိုဏ်း' တပည့်များအားလုံး တောင်အောက်သို့ ဆင်းသွားခဲ့ကြချေပြီ။
ထိုအခိုက်အတန့်၌၊ ဖုန်းဝူချန်က 'နဂါးနတ်ဘုရားဓား' ကို ပြင်းထန်စွာ ဝှေ့ယမ်းလိုက်ရာ၊ ကြောက်မက်ဖွယ် ရွှေရောင် ဓားအလင်းတန်း တစ်ခု ပေါက်ကွဲ ထွက်ပေါ်လာသည်။ 'ရွှေယွင်ဂိုဏ်း' ၏ ပင်မ နန်းတော်ကြီးမှာ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ပြိုကျပျက်စီးသွားပြီး၊ အပျက်အစီးများ လွင့်စဉ်ကာ မြေပြင်ကြီး ပြင်းထန်စွာ တုန်ခါသွားတော့သည်။
“ဘုန်း ဘုန်း ဘုန်း”
“ဝှစ်”
'နဂါးနတ်ဘုရားဓား' ကို ဆက်တိုက် ဝှေ့ယမ်းလိုက်ရာ၊ 'ရွှေယွင်ဂိုဏ်း' ၏ ခမ်းနားထည်ဝါသော နန်းတော်ကြီးများမှာ တစ်ခုပြီးတစ်ခု ပျက်စီးသွားပြီး၊ ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာသည်။ ဆယ်စက္ကန့် မပြည့်ခင်မှာပင် 'ရွှေယွင်ဂိုဏ်း' သည် ဖုန်းဝူချန်၏ လက်ချက်ဖြင့် မြေပြင် ညီသွားခဲ့ပြီး၊ ကျယ်ပြောသော အပျက်အစီးများအပေါ်တွင် ဖုန်မှုန့်များ လွှမ်းခြုံသွားတော့သည်။
'ရွှေယွင်ဂိုဏ်း' လုံးဝ ပျောက်ကွယ်သွားခဲ့လေပြီ ဖြစ်၏။
တောင်အောက်သို့ ရောက်ရှိနေသော တပည့်များမှာ ကမ္ဘာမြေကြီး တုန်ခါသွားစေသော အသံများကို ကြားလိုက်ရပြီး ခေါင်းများ မူးဝေသွားကြသည်။
'ရွှေယွင်ဂိုဏ်း' တည်ရှိရာ အရပ်မှ ဖုန်မှုန့်များ ကောင်းကင်ယံသို့ ထိုးတက်လာသည်ကို ကြည့်ရင်း၊ 'ရွှေယွင်ဂိုဏ်း' ဟူ၍ မရှိတော့ကြောင်း သူတို့ ကြေကွဲစွာ…သိရှိလိုက်ကြသည်။
“စီနီယာ အစ်ကိုကြီး။ 'ရွှေယွင်ဂိုဏ်း' နန်းတော်တွေ ပျက်စီးသွားပြီ။ ကျွန်တော်တို့ ဘာလုပ်ကြမလဲ” တပည့်တစ်ဦးက မျက်စိပျက် မျက်နှာပျက်ဖြင့် မေးလိုက်၏။
“ကျွန်တော်တို့ 'ရွှေယွင်ဂိုဏ်း' ကို ပြန်သွားလို့ မရတော့ဘူး။ တခြား အင်အားစု တစ်ခုခုဆီမှာ ခိုလှုံရမယ်။ 'မင်' ဘုရင် ဂိုဏ်းကို သွားကြစို့။ ဂိုဏ်းချုပ်ကြီးက ကျွန်တော်တို့ကို လက်ခံမှာ သေချာပါတယ်” စီနီယာ အစ်ကိုကြီး တစ်ဦးက ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။ အသက်ရှင် ကျန်ရစ်နေခြင်းကပင် ကံကောင်းခြင်း တစ်ပါး ဖြစ်နေပြီ။
“ဟုတ်တယ်။ ဟုတ်တယ်။ 'မင်' ဘုရင် ဂိုဏ်းကို သွားကြစို့။ ကျွန်တော့်ကို သတ်ရင်တောင် 'ရွှေယွင်ဂိုဏ်း' ကို ပြန်မသွားတော့ဘူး” အခြား တပည့်များက ခေါင်းညိတ် ထောက်ခံကြသည်။
'ရွှေယွင်ဂိုဏ်း' မပျက်စီးသေးလျှင်တောင်မှ၊ သူတို့ ပြန်သွားရန် သတ္တိ ရှိကြမည် မဟုတ်ပေ။
'ရွှေယွင်ဂိုဏ်း' နန်းတော်များကို မြေလှန်ပစ်ပြီးနောက် ဖုန်းဝူချန်နှင့် သူ၏ အပေါင်းအပါများ ထွက်ခွာသွားကြသည်။
'ရွှေယွင်ဂိုဏ်း' ပျက်စီးသွားသော သတင်းကို မည်သူကမျှ မဖြန့်ဝေနိုင်သော်လည်း၊ လျှို့ဝှက်ချက်ဟူသည် အချိန်တန်လျှင် ပေါ်လာစမြဲ ဖြစ်ရာ၊ တွေ့ရှိသွားရန် အချိန်တစ်ခုသာ လိုအပ်ပေတော့မည်။
...
မျက်တောင်တစ်ခတ်အတွင်း ခုနစ်ရက် ကုန်ဆုံးသွားခဲ့ချေပြီ။
'ထိပ်သီးတောင်’...။
ယနေ့သည် 'ကောင်းကင်ဘုံ' နယ်မြေ ပါရမီရှင် အဆင့်သတ်မှတ်ပွဲ ကျင်းပမည့် နေ့ရက် ဖြစ်သည်။ 'ကောင်းကင်ဘုံ' နယ်မြေ အနှံ့အပြားမှ ပါရမီရှင်များသည် 'ကောင်းကင်ဘုံ' နယ်မြေ အလယ်ပိုင်းရှိ 'ထိပ်သီးတောင်' သို့ စုရုံး ရောက်ရှိနေကြပြီ ဖြစ်ပါသည်။
'ထိပ်သီးတောင်’ ပတ်ပတ်လည်တွင် 'ကောင်းကင်ဘုံ' နယ်မြေမှ မရေမတွက်နိုင်သော ကျင့်ကြံသူများ စုရုံးနေကြပြီး၊ အဖွဲ့အစည်း မျိုးစုံမှ အစွမ်းထက် ပုဂ္ဂိုလ်များလည်း လာရောက် ကြည့်ရှုကြသဖြင့် ရင်သပ်ရှုမောဖွယ် စည်ကားသိုက်မြိုက်သော မြင်ကွင်းတစ်ခု ဖြစ်ပေါ်နေလေသည်။
'ထျန်းယွဲ့' ဂိုဏ်း၊ 'ကောင်းကင်မီး တောင်ပေါ် စံအိမ်'၊ 'ပိုင်' မိသားစု၊ 'ယဲ့' မိသားစု၊ 'ခရမ်းရောင် တိမ်တိုက် စံအိမ်' နှင့် 'မင်' ဘုရင် ဂိုဏ်း အစရှိသော ကြီးမြတ်သော အင်အားစု ခြောက်ခုမှ ကိုယ်စားလှယ်များနှင့် တပည့်များ အားလုံး ရောက်ရှိနေကြ၏။
ငါးနှစ်လျှင် တစ်ကြိမ် ကျင်းပသော 'ကောင်းကင်ဘုံ' နယ်မြေ၏ ကြီးကျယ်ခမ်းနားသော ပွဲတော်ကြီး ဖြစ်ရာ၊ မည်သူမျှ လက်လွှတ်မခံချင်ကြပေ။ လူတိုင်းက 'ကောင်းကင်ဘုံ' နယ်မြေ ပါရမီရှင်များ၏ အံ့မခန်း တိုက်ပွဲများကို မျက်မြင်ကိုယ်တွေ့ ကြည့်ရှုချင်ကြသည်။
ဖုန်းဝူချန်နှင့် ကျန်းကျွင့်လန်တို့လည်း 'ထိပ်သီးတောင်' သို့ ရောက်ရှိနေကြပြီး၊ ပါရမီရှင် အဆင့်သတ်မှတ်ပွဲ စတင်မည့် အချိန်ကို စောင့်ဆိုင်းရင်း ပါရမီရှင် အမျိုးမျိုးကို လိုက်လံ ကြည့်ရှုနေကြသည်။
'ကောင်းကင်ဘုံ' နယ်မြေ ပါရမီရှင် အဆင့်သတ်မှတ်ပွဲ တိုက်ပွဲများမှာ 'ယန်ဟော်' အင်ပါယာ ပါရမီရှင် အဆင့်သတ်မှတ်ပွဲများထက် များစွာ ပိုမို ပြင်းထန်လေသည်။
'ကောင်းကင်ဘုံ' နယ်မြေ ပါရမီရှင် အဆင့်သတ်မှတ်ပွဲ တိုက်ပွဲများတွင် 'ကောင်းကင်ဘုံ လူသား' ဘုံမှ ပါဝင် ယှဉ်ပြိုင်သူများပင် ရှိနေပါသည်။
“'ကောင်းကင်ဘုံ လူသား' ဘုံ ပထမအလွှာ။ အဲ့ဒီလူက 'ထျန်းယွဲ့' ဂိုဏ်းရဲ့ နံပါတ်တစ် ပါရမီရှင် ဖြစ်ရမယ်” 'ပေတိုယန်' က ခံစားချက် ကင်းမဲ့စွာ သုံးသပ်လိုက်သည်။ သူ၏ မျက်လုံးများက 'ထျန်းယွဲ့' ဂိုဏ်းမှ အစွမ်းထက် အဖွဲ့ဝင်များကြားရှိ လူငယ် တစ်ဦးအပေါ်သို့ ကျရောက်နေခြင်း ဖြစ်လေ၏။