ပါရမီရှင် အဆင့်သတ်မှတ်ပွဲ
Vol. 26 Ch. 385
~“ဒီလူရဲ့ စွမ်းအားက တကယ်ပဲ ကြောက်စရာ ကောင်းတယ်။ သူ့ရဲ့ တကယ့် တိုက်ခိုက်နိုင်စွမ်းက 'ကောင်းကင်ဘုံ လူသား' ဘုံ ဒုတိယအလွှာထက် လုံးဝ မနိမ့်ဘူး”
ဖုန်းဝူချန်က 'ထျန်းယွဲ့' ဂိုဏ်း၏ နံပါတ်တစ် ပါရမီရှင်ကို လှမ်းကြည့်ရင်း ခေါင်းညိတ် ထောက်ခံလိုက်သည်။
“'ကောင်းကင်မီး တောင်ပေါ် စံအိမ်' က နံပါတ်တစ် ပါရမီရှင်ကလည်း 'ကောင်းကင်ဘုံ လူသား' ဘုံ ပထမအလွှာကို ရောက်နေပြီ။ ဘယ်သူက ပထမ နေရာ ရမလဲ ဆိုတာ ပြောဖို့ ခက်တယ်” နန်းကုန်းကျန့်က ဆိုသည်။
“ပါရမီရှင်တွေ အများကြီးထဲမှာ သူတို့ နှစ်ယောက်ပဲ 'ကောင်းကင်ဘုံ လူသား' ဘုံ ပထမအလွှာကို ရောက်နေတာ။ အရမ်း စောင့်ကြည့်ချင်စရာ ကောင်းတယ်” ကျန်းကျွင့်လန်က ပြုံးလျက် မှတ်ချက်ပြုသည်။
ပါရမီရှင် အများအပြား ပါဝင် ယှဉ်ပြိုင်ကြသော်လည်း၊ နှစ်ဦးသာ 'ကောင်းကင်ဘုံ လူသား' ဘုံသို့ ရောက်ရှိနေကြရာ၊ ပါရမီရှင် အဆင့်သတ်မှတ်ပွဲ၏ ပထမနှင့် ဒုတိယ နေရာသည် သူတို့ နှစ်ဦးကြားတွင်သာ အဆုံးအဖြတ် ပေးမည်မှာ သေချာသလောက် ဖြစ်နေသည်။
“'ပေတိုယန်' ..ဘယ်တစ်ယောက်က 'ပိုင်မိ' လဲကွ..” ဖုန်းဝူချန်က 'ပေတိုယန်' ကို လှမ်းမေးလိုက်သည်။
'ပေတိုယန်' က 'ပိုင်' မိသားစု အုပ်စုရှိရာသို့ လှမ်းကြည့်လိုက်ပြီး လူငယ်တစ်ဦးအပေါ် အကြည့် ရပ်တန့်လိုက်သည်။ “ဆေးဧကရာဇ်။ ဟိုဘက်က အဖြူရောင် ဝတ်ထားတဲ့ တစ်ယောက်။ 'ထျန်းယွမ်ဘုံ' နဝမအလွှာ အထွတ်အထိပ်ကို ရောက်နေတဲ့ သူက 'ပိုင်မိ' ပါပဲ”
“'ထျန်းယွမ်ဘုံ' နဝမအလွှာ အထွတ်အထိပ် ဟုတ်လား။ ဒီလူရဲ့ စွမ်းအားက တကယ်ပဲ သန်မာတယ်။ မင်း ရှုံးသွားတာ မဆန်းပါဘူး” ဖုန်းဝူချန်က ခေါင်းညိတ်လိုက်ပြီး 'ပိုင်မိ' ကို တစ်ချက် လှမ်းကြည့်လိုက်သည်။
“'ပိုင်မိ' နဲ့ 'လေ့ထျန်းကျွယ်' က အင်အားချင်း တူညီတယ်။ ပြီးခဲ့တဲ့ ပါရမီရှင် အဆင့်သတ်မှတ်ပွဲမှာ နှစ်ယောက်လုံး အဆင့် သုံး ချိတ်ခဲ့ကြတယ်။ ဒီတစ်ခါ ဘယ်လို ဖြစ်လာမလဲ မသိဘူး” 'ပေတိုထျန်းယဲ့' က ဖြည်းညင်းစွာ ပြောလိုက်သည်။
“အစ်ကိုဖုန်း။ ဒီလောက် ပါရမီရှင်တွေ အများကြီး စုရုံးနေတာ... ကျွန်တော်တို့ လက်လွှတ်ခံလို့ မဖြစ်ဘူး” လျိုချင်းယန်က ပြုံးလျက် ဆိုသည်။
ဖုန်းဝူချန်က ခေါင်းညိတ်လိုက်သည်။ ပါရမီရှင် အများအပြားထဲတွင် သူ၏ အနိမ့်ဆုံး လိုအပ်ချက်နှင့် ကိုက်ညီသူ အများအပြား ရှိနေလေသည်။
သို့သော်လည်း ၎င်းသည် သူတို့၏ ဆန္ဒအပေါ်တွင်လည်း မူတည်နေသည်။ သူက မလိုလားသူ မည်သူ့ကိုမျှ အတင်းအကျပ် မစေခိုင်းတတ်ပေ။
ပါရမီရှင် အဆင့်သတ်မှတ်ပွဲ တိုက်ပွဲများ လျင်မြန်စွာ စတင်ခဲ့ပြီး ပါရမီရှင် ရာပေါင်းများစွာ ပါဝင် ယှဉ်ပြိုင်ကြသည်။
ပါရမီရှင်များသည် စိတ်လှုပ်ရှားခြင်း၊ ပျော်ရွှင်ခြင်း၊ ကြောက်ရွံ့ခြင်း၊ စိုးရိမ်ခြင်း၊ မောက်မာခြင်း၊ အထင်သေးခြင်း စသည်ဖြင့် ခံစားချက် မျိုးစုံ ဖြစ်ပေါ်နေကြသည်။
စည်းကမ်းချက်များမှာ ရိုးရှင်းလှပါသည်။ ရှုံးနိမ့်သူ ထွက်ရမည် ဖြစ်ပြီး၊ အနိုင်ရသူမှာ နောက်တစ်ဆင့်သို့ တက်လှမ်းခွင့် ရပေမည်။
ပြိုင်ပွဲတွင် လျှို့ဝှက် လက်နက်များ၊ အဆိပ်များ သုံးစွဲခြင်းနှင့် သတ်ဖြတ်ခြင်းတို့ကို တားမြစ်ထားသည်။
ကြီးမြတ်သော အင်အားစု ခြောက်ခုမှ ထိပ်သီး ပါရမီရှင်များသည် ပြိုင်ဘက်များကို လွယ်ကူစွာ အနိုင်ယူပြီး အဆင့်ဆင့် တက်လှမ်းသွားကြသည်။ သူတို့၏ လွှမ်းမိုးနိုင်သော အင်အားကြောင့် အချို့သော ပြိုင်ဘက်များမှာ ကြောက်ရွံ့ပြီး လက်လျှော့ အရှုံးပေးသွားကြသည်အထိပင်။
'မြင့်မြတ်သော နေ' ဂိုဏ်း၏ ဂိုဏ်းချုပ်လေး၊ 'ကုန်းစွန်း' မိသားစု၏ ဆက်ခံသူ သခင်လေး၊ 'ရှောင်ယောင်' နန်းတော်၏ ဆက်ခံသူ နန်းတော်သခင်လေးနှင့် အခြား ပါရမီရှင်များအားလုံး ချောမွေ့စွာဖြင့် နောက်တစ်ဆင့်သို့ တက်လှမ်းသွားကြ၏။
ပထမ အကျော့ တိုက်ပွဲများ ပြီးဆုံးသွားသောအခါ၊ အားနည်းသော ကျင့်ကြံသူများအားလုံး ထွက်ခွာသွားရပြီး၊ ပါရမီရှင် စာရင်းဝင်ရန် အခွင့်အရေး မရှိတော့သော ရာပေါင်းများစွာ ကျန်ရစ်ခဲ့ကြသည်။
အစွမ်းထက်သူ တက်လှမ်းပြီး၊ အားနည်းသူ ဆုတ်ခွာရစမြဲပင်။
ဒုတိယ အကျော့မှ စတင်၍ စိတ်လှုပ်ရှားဖွယ်ရာ တိုက်ပွဲများ စတင်လာတော့၏။
နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်ရန်အတွက် ပါရမီရှင်များသည် အစွမ်းကုန် ကြိုးစားကြပြီး၊ အစွမ်းထက်သော သိုင်းပညာများနှင့် ရတနာ အများအပြားကို ထုတ်ဖော်ပြသကြရာ၊ တိုက်ပွဲများမှာ အလွန်တရာ ခမ်းနားထည်ဝါပြီး ကြည့်ရှုသူ လူအုပ်ကြီးထံမှ အားပေးသံများ လှိုင်းလုံးသဖွယ် ထွက်ပေါ်လာကာ လေထုတစ်ခုလုံး တုန်ခါသွားတော့သည်။
တစ်ကျော့ပြီး တစ်ကျော့ တိုက်ပွဲများ ဆက်လက် ကျင်းပလာသည်နှင့်အမျှ၊ နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်သူ ဦးရေမှာ တဖြည်းဖြည်း လျော့နည်းလာသည်။ ယခုအခါတွင် ပါရမီရှင် နှစ်ဆယ်ကျော်သာ ကျန်ရှိတော့၏။
နောက်တစ်ဆင့် တက်လှမ်းနိုင်သူများ၏ မျက်နှာများတွင် စိတ်လှုပ်ရှားသော အပြုံးများ ဝေဆာနေကြပြီး၊ ပြိုင်ပွဲမှ ထွက်ခွာသွားရသူများမှာမူ မှုန်မှိုင်းခြင်းနှင့် စိတ်ဓာတ်ကျဆင်းခြင်းများ ကျန်ရစ်ခဲ့ကြရှာသည်။
လာမည့် အကျော့မှာ အဆုံးအဖြတ်ပင် ဖြစ်၏။ ဤကျန်ရှိနေသော ပါရမီရှင် နှစ်ဆယ်ကျော်ထဲတွင်၊ အကယ်၍ ဤအကျော့၌ ရှုံးနိမ့်သွားပါက၊ ထိပ်ဆုံး ဆယ်ယောက် စာရင်းသို့ ဝင်ရောက်ရန် အခွင့်အရေး ရှိတော့မည် မဟုတ်ပေ။
နောက်တစ်ဆင့် တက်လှမ်းနိုင်သူများသည် ပါရမီရှင် အဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံး ဆယ်ယောက် စာရင်းသို့ ဝင်ရောက်ရန် အခွင့်အရေး ရှိသူများ ဖြစ်ကြသည်။ ထိပ်ဆုံး ဆယ်ယောက် စာရင်းဝင်မှသာလျှင် အသိအမှတ်ပြု ခံရမည် ဖြစ်ပြီး၊ ကောင်းကင်သို့ ပျံတက်နိုင်မည့် အခွင့်အရေးများကို ရရှိမည် ဖြစ်သည်။
ကြီးမြတ်သော အင်အားစု ခြောက်ခုမှ ထိပ်သီး ပါရမီရှင်များသည် ထိပ်ဆုံး ဆယ်ယောက် စာရင်းဝင်ရန် အခွင့်အရေး အများဆုံး ရှိသော်လည်း၊ ၎င်းမှာလည်း မသေချာသေးပေ။ အကယ်၍ အစွမ်းထက်သော ပြိုင်ဘက်နှင့် တွေ့ဆုံခဲ့ပါက၊ ရှုံးနိမ့် ထွက်ခွာရမည်မှာ မလွဲဧကန်ပင် ဖြစ်၏။
ကံတရားအပေါ်တွင်လည်း မူတည်နေသေးသည်။ အားနည်းသော ပြိုင်ဘက်နှင့် တွေ့ဆုံပါက စိတ်ဖိစီးမှု မရှိဘဲ နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်မည် ဖြစ်သည်။
အခြေအနေက ပိုမို အရေးကြီးလာလေ၊ ပါရမီရှင်များအပေါ် ဖိအားများက ပိုမို ကြီးမားလာလေ ဖြစ်သည်။ သူတို့အားလုံး အစွမ်းထက်သော ပြိုင်ဘက်နှင့် မတွေ့ဆုံရပါစေနဲ့ဟု တိတ်တဆိတ် ဆုတောင်းနေကြ၏။
ဤအကျော့ တိုက်ပွဲမှာ အလွန်တရာ ပြင်းထန်လှသည်။ အထူးသဖြင့် 'ပိုင်မိ' နှင့် 'လေ့ထျန်းကျွယ်' တို့၏ တိုက်ပွဲမှာ ပို၍ပင် ပြင်းထန်သည်။ သူတို့ နှစ်ဦး၏ တူညီသော အင်အားများကြောင့် ပတ်ဝန်းကျင်ရှိ တောင်တန်းများမှာ ပြင်းထန်စွာ တုန်ခါသွားပြီး၊ ကြည့်ရှုသူ အများအပြားမှာ ကြောက်လွန်းသဖြင့် ခေါင်းများ… မူးဝေသွားကြ၏။
သို့သော် သူတို့ ကြိုတင် စီစဉ်ထားသည် ဟုတ်မဟုတ် မသိရသော်လည်း၊ သူတို့ နှစ်ဦး၏ တိုက်ပွဲမှာ လွန်ခဲ့သော ငါးနှစ်က ရလဒ်အတိုင်းပင် နှစ်ဦးနှစ်ဖက် ဒဏ်ရာရရှိကာ သရေကျသွားခဲ့ပြန်လေသည်။
အမှန်စင်စစ်မှာ၊ 'လေ့ထျန်းကျွယ်' သည် သူ၏ အစွမ်းထက်သော 'ရေခဲ ဝိညာဉ် နယ်မြေ' ကို အားကိုးပြီးမှသာ 'ပိုင်မိ' နှင့် သရေကျအောင် တိုက်ခိုက်နိုင်ခဲ့ခြင်း ဖြစ်၏။
နောက်ထပ် စိတ်လှုပ်ရှားဖွယ်ရာ တိုက်ပွဲတစ်ခုမှာ ယဲ့ကူချန်နှင့် 'မြင့်မြတ်သော နေ' ဂိုဏ်း၏ ဂိုဏ်းချုပ်လေးတို့၏ တိုက်ပွဲ ဖြစ်သည်။ ၎င်းမှာ အလွန်တရာ ပြင်းထန်ပြီး ကမ္ဘာမြေကြီး တုန်ခါသွားစေလောက်အောင် ဖြစ်သည်။ ဤကဲ့သို့သော ပြင်းထန် စိတ်လှုပ်ရှားဖွယ် တိုက်ပွဲမျိုးကို ပါရမီရှင် အဆင့်သတ်မှတ်ပွဲ တိုက်ပွဲများတွင်သာ ခံစားကြည့်ရှုနိုင်ပေသည်။
ထိုထူးခြားသော တိုက်ပွဲမှာ ယဲ့ကူချန်၏ အနိုင်ရရှိမှုဖြင့် အဆုံးသတ်သွား၏။
နောက်ဆုံးတွင် 'ထျန်းယွဲ့' ဂိုဏ်း၏ ဂိုဏ်းချုပ်လေး 'ဖန်ရှောင်ယွင်'၊ 'ကောင်းကင်မီး တောင်ပေါ် စံအိမ်' ၏ စံအိမ်သခင်လေး 'ယီထျန်းချင်း'၊ 'ပိုင်မိ'၊ 'လေ့ထျန်းကျွယ်'၊ ‘ယဲ့ကူချန်’၊ 'ထန်ဖေး' နှင့် အခြား ပါရမီရှင် ဆယ်ဦးတို့သည် ထိပ်ဆုံး ဆယ်ယောက် စာရင်းသို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ကြသည်။
'မြင့်မြတ်သော နေ' ဂိုဏ်း၏ ဂိုဏ်းချုပ်လေး၏ အင်အားအရ ဆိုလျှင် သူသည် ထိပ်ဆုံး ဆယ်ယောက် စာရင်းသို့ ဝင်ရောက်နိုင်သင့်သော်လည်း၊ ကံမကောင်းစွာဖြင့် သူသည် ယဲ့ကူချန်နှင့် တွေ့ဆုံခဲ့ရလေ၏။
ဖုန်းဝူချန် စိတ်ဝင်စားသည်မှာ အောင်နိုင်သူများ သက်သက် မဟုတ်ဘဲ၊ ရှုံးနိမ့်သွားသော ပါရမီရှင်များကိုလည်း မျှော်လင့်ချက် ထားရှိနေသည်။
ထိုစဉ်၊ လျိုချင်းယန်က ခေါင်းခါရင်း ညည်းညူလိုက်သည်။
“'ထျန်းယွဲ့' ဂိုဏ်းနဲ့ 'ကောင်းကင်မီး တောင်ပေါ် စံအိမ်' က ဆက်ခံသူ သခင်လေး နှစ်ယောက်ရဲ့ သိုင်းပညာ ကျင့်ကြံမှုက အရမ်း နက်ရှိုင်းတယ်။ ဟူး…အစ်ကိုဖုန်း အနေနဲ့ သူတို့ကို စုဆောင်းဖို့ ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ”
'ထျန်းယွဲ့' ဂိုဏ်းသည် 'ကောင်းကင်ဘုံ' နယ်မြေတွင် အင်အား အကြီးဆုံး အဖွဲ့အစည်း ဖြစ်ပြီး၊ 'ကောင်းကင်မီး တောင်ပေါ် စံအိမ်' မှာ ဒုတိယ နေရာတွင် ရှိနေလေသည်။
ဆက်ခံသူ သခင်လေး နှစ်ဦးစလုံးသည် မိမိကိုယ်ကို အခြားသူများထက် မြင့်မြတ်သည်ဟု ခံယူထားကြပြီး၊ သူတို့၏ မောက်မာမှုမှာ ကောင်းကင်အထိ မြင့်မားနေရာ၊ ဖုန်းဝူချန်၏ နောက်လိုက်အဖြစ် မည်သို့ လိုလိုလားလား လုပ်ဆောင်ကြပါမည်နည်း။
“မှန်တယ်။ အဲ့ဒီနှစ်ယောက်က ထူးခြားတဲ့ ပါရမီရှင်တွေပဲ။ သူတို့ရဲ့ ပါရမီက 'အဋ္ဌမ အဆင့်' သိုင်းဝိညာဉ်တွေ ဖြစ်လောက်တယ်။ ဒါပေမဲ့ ငါ သူတို့ကို စုဆောင်းဖို့ တစ်ခါမှ မစဉ်းစားခဲ့ဖူးဘူး။ သူတို့ရဲ့ အင်အားနဲ့ အဆင့်အတန်းအရ၊ သူတို့က ငါ့ကို ဦးညွှတ်မှာ မဟုတ်ဘူး။ ဒါကြောင့် ငါ့အချိန်တွေကို ဘာလို့ အလဟဿ ဖြုန်းရမှာလဲ” ဖုန်းဝူချန်က အပြုံးလေးဖြင့် ဆိုလိုက်သည်။
ကျန်းကျွင့်လန်က ခေါင်းညိတ်လိုက်ပြီး ပြောလေ၏။။ “ဆရာ့မှာ အစီအစဉ် ရှိပြီးသား ပုံရပါတယ်”
ဖုန်းဝူချန်က ပြုံးလိုက်သော်လည်း ဘာမှ ပြန်မပြောခဲ့ပေ။
နောက်ဆက်တွဲ တိုက်ပွဲများမှာ အဆင့်သတ်မှတ်ချက် နေရာများအတွက် ဖြစ်သည်။
ပါရမီရှင် အဆင့်သတ်မှတ်ပွဲ ဖြစ်သည့်အားလျော်စွာ၊ အဆင့်နေရာများအတွက် တိုက်ခိုက်ကြရမည်မှာ သဘာဝပင်။
သို့သော် ယခင် တိုက်ပွဲများ ပြင်းထန်ခဲ့မှုကြောင့် ပါရမီရှင်များ အားလုံးမှာ အတိုင်းအတာ တစ်ခုအထိ ဒဏ်ရာများ ရရှိထားကြရာ၊ တိုက်ပွဲများကို သူတို့ အပြည့်အဝ ပြန်လည် သက်သာလာသည့် အချိန်အထိ စောင့်ဆိုင်းပြီးမှ ဆက်လက် ကျင်းပရမည် ဖြစ်၏။
အဆင့်သတ်မှတ်ချက် တိုက်ပွဲများမှာ ယခင် တိုက်ပွဲများထက် ပိုမို စောင့်မျှော်စရာ ကောင်းပြီး စိတ်လှုပ်ရှားဖွယ် ကောင်းလှသဖြင့် လူတိုင်းက စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေကြသည်။
အဆင့်သတ်မှတ်ချက် တိုက်ပွဲများတွင် လူအများ အဓိက စိတ်ဝင်စားနေကြသည်မှာ ပထမ နေရာပင် ဖြစ်သည်။
လွန်ခဲ့သော ငါးနှစ်က ပထမ နေရာမှာ 'ထျန်းယွဲ့' ဂိုဏ်း၏ ဂိုဏ်းချုပ်လေး 'ဖန်ရှောင်ယွင်' ဖြစ်သော်လည်း၊ ယခုအခါ 'ကောင်းကင်မီး တောင်ပေါ် စံအိမ်' စံအိမ်သခင်လေး၏ သိုင်းပညာ ကျင့်ကြံမှုမှာ အမီလိုက်နိုင်ခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် ပထမ နေရာအတွက် ယှဉ်ပြိုင်မှုမှာ အလွန်တရာ ပြင်းထန်နေလေသည်။
မည်သူက ပထမ နေရာ ရလိမ့်မည်လဲ…ဟူသည့် အချက်ကို လူတိုင်းက တိတ်တဆိတ် ခန့်မှန်းနေကြလေ၏။
“'ယီထျန်းချင်း' ..မင်း နှစ်နှစ်လောက် တံခါးပိတ် ကျင့်ကြံပြီးမှ 'ကောင်းကင်ဘုံ လူသား' ဘုံ ပထမအလွှာကို ရောက်လာတယ်လို့ ကြားတယ်။ မင်းရဲ့ အင်အားက အများကြီး တိုးတက်လာတာပဲ။ နောက်တစ်ဆင့်မှာ ငါတို့ တိုက်ခိုက်ရမယ်လို့ မျှော်လင့်ပါတယ်” 'ဖန်ရှောင်ယွင်' က အေးစက်စွာ ရယ်မောရင်း ဆိုလိုက်သည်။ သူ၏ အကြည့်များက 'ယီထျန်းချင်း' အပေါ်သို့ ဖြတ်သန်းသွား၏။
ထိုစကားကို ကြားသောအခါ 'ယီထျန်းချင်း' ၏ မျက်နှာထားမှာ ပြောင်းလဲခြင်း မရှိဘဲ အေးစက်စွာ တုံ့ပြန်သည်။ “ငါ မင်းကို အနိုင်ယူဖို့ အစွမ်းကုန် ကြိုးစားမှာပါ”
“အို... ဟုတ်လား” 'ယီထျန်းချင်း' ၏ ယုံကြည်မှုကို မြင်သောအခါ 'ဖန်ရှောင်ယွင်' က အေးစက်စွာ ရယ်မောလိုက်သည်။ “ပါရမီရှင် အဆင့်သတ်မှတ်ချက်ရဲ့ ပထမ နေရာက ငါ့အတွက်ပဲ။ မင်းက အခုမှ 'ကောင်းကင်ဘုံ လူသား' ဘုံ ပထမအလွှာကို ရောက်တာ။ မင်းက ငါ့ပြိုင်ဘက် မဟုတ်ပါဘူး”
'ယီထျန်းချင်း' က သူ့ကို လျစ်လျူရှုလိုက်ပြီး 'ဖန်ရှောင်ယွင်' ကို တစ်ချက်ကလေးမျှပင် လှည့်မကြည့်ဘဲ အလွန်တရာ မောက်မာမှုကို ပြသလိုက်၏။
“ဟိုတလောက အဖွဲ့အစည်းပေါင်းစုံက ပါရမီရှင်တွေကို လိုက်စိန်ခေါ်နေတဲ့ လျှို့ဝှက်ဆန်းကြယ် လူငယ်လေး တစ်ယောက် ရှိတယ် မဟုတ်လား။ အဲ့ဒီကောင် ပါရမီရှင် အဆင့်သတ်မှတ်ပွဲမှာ ဝင်မပြိုင်ဘူးလား”
“သူ တကယ်ပဲ ဝင်မပြိုင်ဘူး ထင်တယ်။ သူ ဘယ်သူလဲ ဆိုတာ ဘယ်သူ သိမှာလဲ။ သူ ဝင်ပြိုင်ဖို့ ကြောက်နေတာများလား”
“'ထျန်းယွဲ့' ဂိုဏ်းရဲ့ ဂိုဏ်းချုပ်လေးနဲ့ 'ကောင်းကင်မီး တောင်ပေါ် စံအိမ်' ရဲ့ စံအိမ်သခင်လေးတို့ရဲ့ အင်အားက ဒီလောက် တောင့်တင်းနေတာ... နှစ်ယောက်လုံးက 'ကောင်းကင်ဘုံ လူသား' ဘုံ ရောက်နေကြပြီလေ။ အဲ့ဒီကောင်လေးက ဘယ်လိုလုပ် ဝင်ပြိုင်ရဲမှာလဲ”
“ဟားဟား..သူသာ ဝင်ပြိုင်ရင်... သေချာပေါက် အရှက်တကွဲ ရှုံးသွားမှာပဲဟ”
တိုက်ပွဲများ ခေတ္တ ရပ်နားသွားသောအခါ လူများက ဖုန်းဝူချန်၏ စိန်ခေါ်မှုများကို ပြန်လည် သတိရသွားကြသည်။ ဖုန်းဝူချန်ကို မတွေ့ရသဖြင့် လူအများအပြားက လှောင်ပြောင် သရော်နေကြသည်။
ဖုန်းဝူချန်က လူအုပ်ကြီးထဲတွင် ရပ်နေရင်း ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်မိလေသည်။