လော့ချန်နှင့် ဟွာကျင်းယန်၊ အသန်မာဆုံးစွမ်းအား
Vol. 26 Ch. 376
“ဘုန်း...”
လော့ချန်နှင့် ဟွာကျင်းယန်တို့ စင်မြင့်ပေါ် တက်ရောက်လာသည်နှင့် ကျင်းယူတောင်ထိပ်တစ်ခုလုံးတွင် လှိုင်းလုံးများ အရူးအမူး ဖြစ်ပေါ်လာသည်။ ကောင်းကင်ကို တုန်လှုပ်စေသော ဆူညံသံများကြောင့် ကောင်းကင်မှ တိမ်လွှာများပင် ရွေ့လျားကုန်သည်။
လူအများစုသည် လော့ချန်က ဟွာကျင်းယန်ကို ရင်ဆိုင်တိုက်ခိုက်ရဲလိမ့်မည်ဟု မထင်ထားခဲ့ချေ။ နှလုံးသားထဲတွင် တုန်လှုပ်နေစဉ် ယခုတိုက်ပွဲအပေါ် အလွန်စူးစမ်းလိုစိတ်များ ပြင်းထန်နေကြသည်။
ယခုအချိန်အထိ လော့ချန်သည် ဆက်တိုက်အောင်ပွဲခံနေခဲ့သည်။ အရိပ်မဲ့ဓား ဖေ့ကျွယ်ကိုပင် ပြတ်ပြတ်သားသား သတ်ဖြတ်ခဲ့သည်။ ဤသည်မှာ ကြီးမားသော အံ့အားသင့်မှုဖြစ်ခဲ့ပြီး မရေမတွက်နိုင်သော လူများ၏ အာရုံစူးစိုက်မှုကို ရရှိစေခဲ့သည်။
ယခုတွင် ဂိုဏ်းသုံးဂိုဏ်း၏ လူငယ်မျိုးဆက် ဘုရင်တစ်ပါးဖြစ်သော ကြယ်ဆယ်ပွင့် စိတ်ဝိညာဉ်အဆင့် သိုင်းဝိညာဉ်နိုးကြားထားသည့် ဟွာကျင်းယန်ကို စိန်ခေါ်လိုက်ပြီဖြစ်သည်။
လူအများစုသည် သူ မည်သည့်အတွက်ကြောင့် ဤကဲ့သို့ ယုံကြည်မှုမျိုး ရရှိသည်ကို သိချင်နေကြသည်။
ထို့အပြင် ဟွာကျင်းယန်နှင့် ယန်ချင်းရှုံးတို့၏ တိုက်ပွဲသည် ဤဂိုဏ်းသုံးဂိုဏ်းပြိုင်ပွဲ၏ အထွတ်အထိပ်တိုက်ပွဲ ဖြစ်ခဲ့သော်လည်း နှစ်ဦးသား သိုင်းပညာဖလှယ်ခြင်းသက်သက်သာဖြစ်ပြီး ပူလောင်မှုနှင့် စိတ်အားထက်သန်မှု အနည်းငယ် လျော့နည်းနေခဲ့သည်။
ဤတိုက်ပွဲသည် တစ်ဖက်က ရွှမ်ယွမ်ဂိုဏ်း၏ အထမအဆင့်တပည့် ဖြစ်သည်။ တစ်ဖက်ကလည်း လျှပ်ယွမ်ဂိုဏ်း၏ အဓိကတပည့် ဖြစ်သည်။
အဆင့်အတန်းကို ခွဲခြားရုံသာမက အသက်ကိုပါ ဆုံးဖြတ်မည့် တိုက်ပွဲဖြစ်သည်။
တစ်နည်း ပြောရလျှင် ဤတိုက်ပွဲသည် ဤနှစ် ဂိုဏ်းသုံးဂိုဏ်း စုပေါင်းသိုင်းပညာပြိုင်ပွဲတွင် အကြည့်ကောင်းဆုံးနှင့် စိတ်လှုပ်ရှားမှုအကောင်းဆုံး တိုက်ပွဲဖြစ်သည်မှာ လုံးဝ မလွန်ချေ။
တိုက်ပွဲပင် မစတင်ရသေးမီ လူများ သွေးသားဆူပွက်နေကြပြီး စိတ်အားထက်သန်မှုများ ရှိနေကြသည်။
လျှပ်ယွမ်ဂိုဏ်းနှင့် ရွှမ်ယွမ်ဂိုဏ်းမှ ပြိုင်ပွဲဝင်တပည့်များသည်ပင် စိတ်လှုပ်ရှားစွာ ထရပ်ကာ သူတို့၏ စီနီယာကို အသီးသီး အားပေးနေကြသည်။
ပြင်းထန်သော ထိပ်တိုက်ရင်ဆိုင်မှု...
ကျယ်ဝန်းပြီး ခမ်းနားသော စင်မြင့်ပေါ်တွင်...
ဟွာကျင်းယန်သည် လက်နှစ်ဖက်ကို နောက်ပစ်ထားသည်။ ကြီးမားသော အရှိန်အဟုန်ရှိနေသည်။ မျက်တောင်တစ်ချက် ခတ်လိုက်တိုင်း အင်အားကြီးမားသော ဖိအားသည် အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားသည်။ လေထုပင် တုန်ခါနေသည်။
တစ်ဖက်တွင် အပြာရောင်ဝတ်ရုံဝတ် လော့ချန်သည် တည့်တည့် ရပ်တည်နေသည်။ လူသည် ဓားပမာ၊ အရှိန်အဟုန်သည် ဓားပမာဖြစ်သည်။ ဟွာကျင်းယန်၏ ကြီးမားသော ဖိအားကို ရင်ဆိုင်ရာ၌ လေဒဏ်၊ မိုးဒဏ်များစွာကို ကြံ့ကြံ့ခံနေသော ကျောက်ဆောင်ကြီးတစ်ခုပမာ ဖြစ်နေသည်။ လေတိုက်နှုန်း မည်မျှပင် ပြင်းထန်စေကာမူ မလှုပ်မယှက် တည်ငြိမ်နေသည်။
ဟွာကျင်းယန်၏ အကြည့်များက ပြင်းထန်နေသည်။ လော့ချန်ကို အပေါ်စီးမှ ကြည့်ကာ အေးစက်စွာ ရယ်လိုက်သည်။
“မင်း စင်မြင့်ပေါ် တက်ပြီး ငါနဲ့ တိုက်ခိုက်ရဲလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ဒီလိုလုပ်တာ ဘယ်လို အကျိုးဆက်တွေ ဖြစ်လာမလဲ ဆိုတာ မင်း သိရဲ့လား”
ဟွာကျင်းယန်၏ အရှိန်အဟုန်ဒဏ်ကြောင့် လော့ချန်၏ ဝတ်ရုံသည် လှုပ်ရှားပျံသန်းနေသည်။ မျက်လုံးနှစ်ဖက်ကမူ တည်ငြိမ်အေးဆေးနေသည်။ တည်ငြိမ်သောလေသံဖြင့် ဆိုသည်။
“မင်း ငါနဲ့ တိုက်ခိုက်တာ ဘယ်လို အကျိုးဆက်တွေ ဖြစ်လာမလဲ ဆိုတာ မင်း သိရဲ့လား”
“ဟဲဟဲ...”
ဟွာကျင်းယန်၏ မျက်လုံးထဲတွင် အန္တရာယ်ရှိသော အလင်းများ ထွက်ပေါ်လာသည်။
“အိုင်ထဲက ဖားတစ်ကောင်... စိတ်မကောင်းစရာပဲ။ မင်း နောင်တရဖို့တောင် နောက်ကျသွားပြီ။ ဒီနေ့ မင်း သေကို သေရလိမ့်မယ်”
“ဘုန်း...”
စကားပြောနေစဉ် ဟွာကျင်းယန်၏ ခန္ဓာကိုယ်ပတ်လည်မှ ချီစွမ်းအင်များ ပေါက်ကွဲထွက်လာသည်။ အရှိန်အဟုန်သည် အဆင့်ဆင့် မြင့်တက်လာပြီး လက်ဖဝါးတစ်ချက်ဖြင့် လော့ချန်ကို လေထဲတွင် ရိုက်ချလိုက်သည်။
လွှမ်းမိုးနိုင်သော လက်ဖဝါးစွမ်းအင်သည် တံခါးတစ်ချပ်ပမာ ကြီးမားကာ လေထုကို တဝုန်းဝုန်း တုန်ခါစေသည်။
“ချန်း...”
မီးလျှံဓားသည် ဓားအိမ်မှ ဖြည်းညင်းစွာ ထွက်ပေါ်လာသည်နှင့်အမျှ ဓားစွမ်းအင်က ချက်ချင်းပင် ထိုလက်ဖဝါးစွမ်းအင်ကို တိုက်ရိုက် ပိုင်းဖြတ်ပစ်လိုက်သည်။ အရပ်လေးမျက်နှာသို့ ပျံ့နှံ့နေသော ဟွာကျင်းယန်၏ ကြီးမားသော ဖိအားသည်ပင် တိုက်ရိုက် ပိုင်းဖြတ်ခံရလိုက်သည်။
လော့ချန်က ခေါင်းမော့ကာ ဟွာကျင်းယန်ကို ကြည့်လိုက်သည်။
“မင်းရဲ့ စိတ်ဝိညာဉ်အဆင့် သိုင်းဝိညာဉ်ကို ထုတ်ဖော်လိုက်ပါ။ မဟုတ်ရင် တိုက်ပွဲက မြန်မြန် ပြီးဆုံးသွားလိမ့်မယ်”
ဟွာကျင်းယန်သည် မထီမဲ့မြင်ဟန်ဖြင့် အေးစက်စွာ ရယ်လိုက်သည်။
“မင်းကို သတ်ဖို့အတွက် သိုင်းဝိညာဉ်စွမ်းအား မလိုဘူး... လက်ဖဝါးတစ်ချက်နဲ့ ငါ သတ်ပစ်မယ်”
စကားမဆုံးမီ ဟွာကျင်းယန်သည် လော့ချန်၏ သုံးလှမ်းအကွာအဝေးသို့ ချက်ချင်း ချဉ်းကပ်လာသည်။ လက်ျာလက်ဖဝါးတွင် မီးလျှံအလင်းများ ပွက်ပွက်ဆူနေသည်။
“ခရမ်းရောင်မီးလျှံ...”
“ဘုန်း...”
ကြီးမားသော မီးလျှံလှိုင်းသည် လော့ချန်ကို ဖိနှိပ်လိုက်သည်။ ပြင်းထန်သော အရှိန်အဟုန်သည် ပင်လယ်လှိုင်းလုံးများပမာ ဖြစ်နေသည်။ ထိုနေရာမှ လေထုသည်ပင် ချက်ချင်း ဖိနှိပ်ခံရပြီး အောက်သို့ ခွက်ဝင်သွားသည်။
“လက်ဖဝါးတစ်ချက်နဲ့ သတ်ပစ်မယ်တဲ့လား…”
လော့ချန် အေးစက်စွာ ရယ်လိုက်သည်။ ခန္ဓာကိုယ်မှ ဓားအရှိန်အဟုန်သည် ကောင်းကင်သို့ ထိုးတက်လာသည်။ မီးလျှံဓားသည် လေထုတွင် အံ့မခန်းလမ်းကြောင်းတစ်ခုကို ဆွဲယူလိုက်ပြီး ဓားတစ်ချက် တည့်တည့် ပိုင်းဖြတ်လိုက်သည်။
ချီစွမ်းအင်လှိုင်းဝဲကိုးခုသည် အစွမ်းကုန် လည်ပတ်နေသည်။ လူနှင့်ဓားတစ်သားတည်းဖြစ်တည်မှု အဆင့်မြင့်နယ်ပယ်၏ အားဖြည့်မှုကြောင့် ဤဓားချက်၏ စွမ်းအားသည် စိတ်ကူးထက်ကို ကျော်လွန်နေသည့် အခြေအနေသို့ ရောက်ရှိသွားသည်။
“ဘုန်း...”
လက်ဖဝါးစွမ်းအင်နှင့် ဓားစွမ်းအင်တို့ ပြင်းထန်စွာ တိုက်မိသွားသည်။ လူအများစု၏ မယုံနိုင်သော အကြည့်အောက်တွင် လက်ဖဝါးစွမ်းအင်သည် ချက်ချင်း ပိုင်းဖြတ်ခံရလိုက်သည်။ ဓားစွမ်းအင်၏ ကျန်ရှိနေသော အရှိန်အဟုန်သည် လျော့နည်းမသွားဘဲ ဟွာကျင်းယန်ဆီသို့ အလျင်အမြန် ထိုးထွင်းသွားသည်။
“ဘာလဲ...”
ဟွာကျင်းယန်၏ အကြည့်များ တုန်လှုပ်သွားသည်။ ဓားစွမ်းအင်ကြောင့် ဆယ်မီတာကျော် အကွာအဝေးသို့ ချက်ချင်း လွင့်စင်သွားရသည်။
ပွဲကြည့်ပရိသတ်များသည် မျက်နှာများ ပျက်ယွင်းကုန်ကြ၏။
မျက်နှာချင်းဆိုင် တိုက်ခိုက်ရာ၌ ဟွာကျင်းယန်က အခြေအနေဆိုးထဲ ရောက်ရှိသွားခဲ့သည်တဲ့လား။
ဆွန်ယင်ယန်သည် မျက်ခုံးများ ပြင်းပြင်းထန်ထန် တွန့်ချိုးသွားသည်။ သူ မမျှော်လင့်ခဲ့သည်မှာ လော့ချန်၏ စွမ်းအား ဤမျှ ကြီးမားလိမ့်မည်ဟူ၍ ဖြစ်သည်။ ဤအချက်အရ တစ်စုံတစ်ယောက်က လော့ချန်ကို လျှို့ဝှက်စွာ ပြုစုပျိုးထောင်ပေးနေသည်ဟူသော သူ၏ ယူဆချက်ကို ပိုမိုခိုင်မာစေခဲ့သည်။
သို့သော် ဆွန်ယင်ယန်သည် စိတ်ပူပန်ခြင်း မရှိချေ။
သူ သိထားသည်မှာ ဟွာကျင်းယန်၏ စွမ်းအားသည် ဤမျှဖြင့် မပြီးသေးချေ။
ဤတိုက်ပွဲ၏ အနိုင်အရှုံးသည် အစကတည်းက ဆုံးဖြတ်ပြီးသား ဖြစ်သည်။
“ရွှပ်...”
ဓားတစ်ချက်ဖြင့် ဟွာကျင်းယန်ကို တွန်းထုတ်လိုက်သည်။ လော့ချန်သည် လက်လျှော့မထားချေ။ ခန္ဓာကိုယ်သည် လေထဲ ပျံသန်းတက်လာသည်။ မျက်လုံးများထဲမှ ထက်မြက်သော အငွေ့အသက်သည် တားဆီး၍မရသော ရတနာဓားတစ်လက်ပမာ ဖြစ်နေသည်။ လေထဲတွင် ဓားတစ်ချက် ထပ်မံ ပိုင်းဖြတ်လိုက်သည်။
ကောင်းကင်ပိုင်းဖြတ်ခြင်းဓားစွမ်းရည် တတိယပုံစံ လျှပ်စီးလက်ခြင်း...
“ဝှစ်...”
လေထုသည် ဖြောင့်တန်းသော အက်ကွဲရာတစ်ခု ဖြစ်ပေါ်လာသည်။ လျှပ်စီးပမာ လျင်မြန်လှသည်။
ဟွာကျင်းယန်သည် ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းနိုင်ခဲ့သည်။ မသိစိတ်က သူ့ကို အန္တရာယ်ရှိသည်ဟု ချက်ချင်း ခံစားရစေသည်။ တစ်ကိုယ်လုံး၏ အမွေးအမျှင်များ ရုတ်တရက် ထောင်ထလာပြီး ကျောရိုးပင် အေးစိမ့်သွားသည်။ ချက်ချင်းပင် ချီစွမ်းအင်ကို အစွမ်းကုန် လှုံ့ဆော်လိုက်ကာ လက်ဖဝါးတစ်ချက်ဖြင့် ပြင်းထန်သော မီးလျှံကျောက်သလင်းချီစွမ်းအင်ကို ရှေ့သို့ ထုတ်လိုက်သည်။
“ခရမ်းရောင်မီးလျှံ ကျောက်သလင်းချီစွမ်းအင်”
“ရွှိ...”
မီးလျှံကျောက်သလင်းချီစွမ်းအင်သည် အပြည့်အဝ ပုံမပေါ်နိုင်သေးခင်မှာပင် ဓားစွမ်းအင်က ချက်ချင်း ထိုးဖောက်သွားသည်။
ဟွာကျင်းယန်၏ ခန္ဓာကိုယ်တစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်သွားသည်။ ဓားစွမ်းအင်လှိုင်း၏ ရိုက်ခတ်မှုကြောင့် သူ၏ ခန္ဓာကိုယ်သည် ဥက္ကာခဲပမာ အနည်းဆုံး မီတာတစ်ရာကျော် နောက်ဆုတ်သွားရသည်။ စင်မြင့်အစွန်းနား ရောက်မှ ရပ်တန့်နိုင်ခဲ့သည်။
ယခုအချိန်တွင် သူ၏ လက်ျာလက်ဝတ်ရုံသည် ဆုတ်ဖြဲခံရလိုက်ပြီး လက်ဖဝါးငါးချောင်း၌ပင် သွေးများ စိမ့်ထွက်နေသည်။ သွေးများသည် ဆက်တိုက် စီးဆင်းနေသည်။
“ဟင်... ဟာ...”
“ဟွာကျင်းယန် ဒဏ်ရာရသွားပြီ”
ထိုနေရာတွင် အသံတစ်ချက် ထွက်ပေါ်လာသည်။ လူအများစုသည် ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။
ယန်ချင်းရှုံးနှင့် တိုက်ခိုက်ချိန်တွင် အနည်းငယ်မျှပင် ဒဏ်ရာ မရရှိခဲ့သော ဟွာကျင်းယန်သည် တိုက်ပွဲစသည်နှင့် ချက်ချင်း ဒဏ်ရာရသွားခဲ့သည်တဲ့လား။
မည်သူမျှ မမျှော်လင့်ခဲ့သည်မှာ တိုက်ပွဲစတင်ချိန်ကတည်းက လော့ချန်ဘက်က အသာစီး ရနေခြင်းပင်။
ဤသည်မှာ သူတို့၏ ခန့်မှန်းချက်များနှင့် လုံးဝ ဆန့်ကျင်နေသည်။
ရွှမ်ယွမ်ဂိုဏ်းသားများလည်း ထိုနည်းအတူ မှင်တက်မိနေကြသည်။
နဝမအကြီးအကဲသည် အားစိုက်ကာ တံတွေးတချို့ မျိုချလိုက်မိသည်။
“အကြီးအကဲချန်ရွှမ်... ငါ အိပ်မက်မက်နေတာ မဟုတ်ပါဘူးနော်”
အကြီးအကဲချန်ရွှမ်သည် စင်မြင့်ပေါ်မှ လော့ချန်ကို ကြည့်နေသည်။ အသံသည် အနည်းငယ် ခြောက်သွေ့နေ၏။
“ငါလည်း အဲ့ဒီလို ခံစားနေရတယ်...”
ဘေးရှိ အကြီးအကဲရှဲ့ယန်သည် သက်ပြင်းတစ်ချက် ဖြည်းညင်းစွာ မှုတ်ထုတ်လိုက်သည်။ မျက်လုံးထဲမှ တုန်လှုပ်မှုများကို မည်သို့မျှ ဖုံးကွယ်နိုင်ခြင်း မရှိချေ။
လော့ချန်၏ စွမ်းအားသည် ဤမျှ ကြီးမားလိမ့်မည်ဟု သူ လုံးဝ မထင်မိခဲ့ချေ။ ယခုမူ ဤအရာက သူ၏ စိတ်ကူးထက်ကို ကျော်လွန်သွားခဲ့သည်။
မထင်မရှားမှ ထင်ရှားလာသည်ဟူသော စကားသည် ဤသို့ပင် ဖြစ်သည်လား။
ဤအခြေအနေအတိုင်း ဆက်သွားခဲ့ပါက ဂိုဏ်းသုံးဂိုဏ်းပြိုင်ပွဲ၏ ပထမနေရာကို တကယ်ပဲ ရရှိနိုင်လိမ့်မည်။
သို့သော် ဤအရာသည် ဖြစ်နိုင်ခြေ မရှိချေ။
ဤမျှ ပြင်းထန်သော တိုက်ခိုက်မှုကြောင့် ချင်းယွမ်သွေးရွှင်ဆေးလုံး၏ အာနိသင်သည် မည်သည့်အချိန်မဆို ပေါက်ကွဲထွက်ပေါ်လာလိမ့်မည်။
ထိုအချိန်တွင် လင်ချီတုန်း၏ နောက်သို့ မလွဲမသွေ လိုက်သွားပေလိမ့်မည်။
“စိတ်မကောင်းစရာပဲ... အဋ္ဌမမင်းသားကျင်းမင်ကို ဒေါသထွက်စေခဲ့တာ မဟုတ်ရင်...”
အကြီးအကဲရှဲ့ယန် ခေါင်းခါလိုက်သည်။ ခေါင်းထဲမှ မလိုအပ်သော အတွေးများကို ဖယ်ရှားလိုက်၏။
လောက၏ အဖြစ်အပျက်များသည် အကယ်၍များ မရှိချေ။
“ဘုန်း...”
လူအများ တုန်လှုပ်စွာ ဆွေးနွေးနေကြစဉ် စင်မြင့်ပေါ်တွင် အခြေအနေ ရုတ်တရက် ပြောင်းလဲသွားသည်။
အလွန်ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဟုန်တစ်ခုသည် ကောင်းကင်သို့ ထိုးတက်လာသည်။ အရပ်ရှစ်မျက်နှာကို ဖုံးအုပ်လိုက်ရာ ကျင်းယူတောင်ထိပ်တစ်ခုလုံးတွင် ပူပြင်းသော လေလှိုင်းများ တိုက်ခတ်သွားသည်။ လေထုသည် ရေလှိုင်းပမာ တုန်ခါနေပြီး လှိုင်းလုံးများ ဆက်တိုက် ဖြစ်ပေါ်နေသည်။
ဟွာကျင်းယန်၏ အနက်ရောင်ဆံပင်များသည် အရူးအမူး လွင့်ပျံနေ၏။ ခန္ဓာကိုယ်မှ ချီစွမ်းအင်သည် မီးလျှံပမာ ပြင်းထန်စွာ တောက်လောင်နေ၏။ သူ၏ နောက်ကျောတွင် အိမ်တစ်လုံးအရွယ်အစားရှိပြီး ခန္ဓာကိုယ်တစ်ခုလုံး မီးလျှံများ တဝုန်းဝုန်း တောက်လောင်နေသော ရွှေဖားတစ်ကောင် ပေါ်ထွက်လာသည်။
မီးလျှံရွှေဖား၏ ခန္ဓာကိုယ်အတွင်း၌ ကြယ်ဆယ်ပွင့်သည် တလက်လက် တောက်ပနေ၏။ အင်အားကြီးမားသော စွမ်းအင်နယ်ပယ်ကြောင့် ပတ်ဝန်းကျင်မှ လေထုသည်ပင် တုန်ခါနေ၏။
စိတ်ဝိညာဉ်အဆင့် သိုင်းဝိညာဉ်ကို ထုတ်ဖော်လိုက်ခြင်းပင်။ ဟွာကျင်းယန်သည် ခေါင်းမော့ကာ လော့ချန်ကို ကြည့်သည်။ အကြည့်များက အေးစက်ပြီး ရက်စက်နေသည်။
“လော့ချန်... ငါ မင်းကို အထင်သေးမိတာကို ဝန်ခံတယ်။ မင်းရဲ့ စွမ်းအားက ငါ့ရဲ့ အသန်မာဆုံးစွမ်းအားကို မြင်နိုင်ဖို့ အရည်အချင်းရှိတယ်”
လော့ချန်သည် မီတာတစ်ရာကျော် အကွာအဝေးတွင် တည်ငြိမ်အေးဆေးသော အမူအရာဖြင့် ရပ်နေသည်။
“ဟုတ်လား... ဒါပေမဲ့ စိတ်မကောင်းစရာပဲ... မင်းကတော့ ငါ့ရဲ့ အသန်မာဆုံးစွမ်းအားကို မြင်နိုင်ဖို့ အရည်အချင်းရှိမနေဘူး”
ဤစကား ထွက်ပေါ်လာသည်နှင့် ထိုနေရာရှိ လူအားလုံး ကြောက်လန့်ကုန်ကြသည်။
ဟွာကျင်းယန်ကို ရင်ဆိုင်နေရသည်။ သို့သော်လည်း စွမ်းအားကို ဖုံးကွယ်ထားသေးသည်တဲ့လား။ ယခုအချိန်အထိ အသန်မာဆုံးစွမ်းအားကို မထုတ်ဖော်သေးဘူးတဲ့လား။
လူအများစုသည် ဤအရာသည် အမှန်တရားလား၊ လော့ချန်၏ မာန်ထောင်လွှားသော စကားလားဟူ၍ မသိနိုင်ကြချေ။
လူအများစုကမူ ဒုတိယအချက်ကိုသာ ယုံကြည်နေကြသည်။
အခန်း (၃၇၆) ပြီးပါပြီ။