သေမဲ့ မိန်းမ၊ သွေးလင်းယုန်ညီနောင်
Vol. 26 Ch. 383
လေပြင်း တဝူးဝူး တိုက်ခတ်နေသည်။ ကောင်းကင်လေလင်းယုန်သည် လော့ချန်တို့ကို တင်ဆောင်ကာ တိုက်ပွဲနယ်မြေမှ အလျင်အမြန် ခွာထွက်သွားသည်။
လော့ချန်သည် ခေါင်းလှည့်၍ ပြန်ကြည့်လိုက်သည်။
“ကောင်လေး... ဘယ်ပြေးမလို့လဲ”
ဆွန်ယင်ယန်သည် သတ်ဖြတ်လိုစိတ်များ ထူထပ်နေ၏။ မျက်နှာထား ကြောက်မက်ဖွယ်ရှိနေပြီး လိုက်လံဖမ်းဆီးရန် ပြင်ဆင်သည်။ နဝမအကြီးအကဲက လမ်းတွင် ပိတ်ဆို့ရပ်တည်လိုက်သည်။
“အရမ်း အနိုင်ကျင့်တာပဲ... သေစမ်း...”
နဝမအကြီးအကဲသည် မျက်လုံးများ ပြူးကျယ်နေသည်။ ခန္ဓာကိုယ်မှ မီးလျှံများ တဝုန်းဝုန်း တောက်လောင်နေသည်။ လှံတစ်ချက်ဖြင့် ရေတံခွန်ပမာ လှံစွမ်းအင်ကို ဆွန်ယင်ယန်ဆီသို့ တည့်တည့် ရိုက်ချလိုက်သည်။
“မင်းလိုလူကိုပဲ ငါ ဂရုစိုက်မယ်...”
ဆွန်ယင်ယန်သည် လော့ချန်ထံမှ အကြည့်ကို ရုပ်သိမ်းလိုက်သည်။ လက်ငါးချောင်းကို လေထဲတွင် ဆုပ်ကိုင်လိုက်သည်။
စုစည်းထားသော လက်ညှိုးစွမ်းအင်သည် ရောင်စဉ်အလင်းများ စုစည်းထားသည့်နှယ် ဖြစ်နေသည်။ လှံစွမ်းအင်ပေါ်သို့ ကျရောက်သဖြင့် ကြောက်မက်ဖွယ် ဆွဲခြစ်သံများ ထွက်ပေါ်လာသည်။ ပတ်ဝန်းကျင်မှ လေထုသည် ဆက်တိုက် တုန်ခါနေ၏။ အလင်းရောင်များ မှိန်လိုက် တောက်ပလိုက် ဖြစ်နေသည်။
“ဝီ...”
ကောင်းကင်လေလင်းယုန်နှင့် မီးလျှံငှက်တို့သည် နပန်းလုံးနေကြ၏။
သားရဲဆိုးနှစ်ကောင်သည် လက်သည်းဖြင့် ဆွဲဆုတ်သည်။ ပါးစပ်ဖြင့် ဆွဲကိုက်သည်။ ကောင်းကင်မှ မြေပြင်သို့ တိုက်ခိုက်နေကြသည်။ တောင်များကို ဝင်တိုက်၍ ပြိုကျစေသည်။ မြည်ဟီးသံများ မိုးကြိုးပမာ ဖြစ်နေသည်။
တစ်ဖက်တွင် အကြီးအကဲရမ်ကွေ့နှင့် အကြီးအကဲချန်ရွှမ်တို့ တိုက်ခိုက်နေကြသည်။
ထိုနှစ်ဦးစလုံးသည် သွေးကြောနိုးကြားမှုနယ်ပယ် နောက်ဆုံးအဆင့် သန်မာသူများ ဖြစ်ကြသည်။ လက်တစ်ချက် ဝှေ့ယမ်းလိုက်တိုင်း တောင်များကို လှုပ်ခါနိုင်သော စွမ်းအားရှိသည်။ အကြိမ်အနည်းငယ် ဖလှယ်သည်နှင့် ပြင်းထန်သော တိုက်ခိုက်မှုလှိုင်းသည် မိုင်အနည်းငယ်အတွင်းမှ တိမ်လွှာများကိုပင် လွင့်စင်သွားစေသည်။ ရင်ထိတ်စရာ ကောင်းလှသည်။
လော့ချန်သည် တိုက်ပွဲနယ်မြေကို ကြည့်နေသည်။ အကြည့်သည် နောက်ဆုံးတွင် ဆွန်ယင်ယန်ပေါ်သို့ စုစည်းသွားသည်။ မျက်လုံးများ အေးစက်နေသည်။ စိတ်ထဲတွင် ဆုံးဖြတ်ချက်ချလိုက်သည်။
ဂိုဏ်းသို့ ပြန်ရောက်လျှင် ချက်ချင်း သွေးကြောနိုးကြားမှုနယ်ပယ်ကို ထိုးဖောက်မည်။ ထို့နောက် ဆေးကြောသန့်စင်ခြင်း ကန်အတွင်းသို့ ဝင်၍ ကျင့်ကြံမည်။
“အဖိုးကြီး... လဝက်အတွင်း မင်းရဲ့ ခွေးအသက်ကို ငါ သေချာပေါက် ယူမယ်”
လော့ချန်၏ အကြည့်သည် ပြင်းထန်နေ၏။
တိုက်ပွဲနယ်မြေတစ်ခုလုံးသည် တဖြည်းဖြည်း သေးငယ်သွားသည်။ နောက်ဆုံးတွင် ပျောက်ကွယ်သွားတော့သည်။
ချန်လင်းယူသည် လော့ချန်၏ မျက်နှာထား တင်းမာမှုကို မြင်၍ ပြောလိုက်သည်။
“စိတ်မပူနဲ့... ဆရာ အကူအညီ တောင်းထားပြီးပြီ။ အနီးအနားမှာရှိတဲ့ ရွှမ်ယွမ်ဂိုဏ်းက သန်မာသူတွေ မကြာမီ လာရောက်ကူညီလိမ့်မယ်...”
လော့ချန် ခေါင်းညိတ်သည်။ အကြည့်သည် ရှေ့မှ အကြီးအကဲရှဲ့ယန်ကို ကြည့်လိုက်သည်။
သူ စိုးရိမ်ရသည်မှာ လျှပ်ယွမ်ဂိုဏ်းမှ လူများသာ မဟုတ်ချေ။
“မင်းတို့ အတူတူ နေကြပါ။ မကွဲစေနဲ့။ အခြားသူတွေ ခိုးကြောင်ခိုးဝှက် မတိုက်ခိုက်အောင် သတိထားကြ...”
အကြီးအကဲဖုန်းချန်က အမိန့်ပေးလိုက်ပြီး အရှေ့ဆုံးသို့ လျှောက်လာကာ အကြီးအကဲရှဲ့ယန်နှင့် ဘေးချင်းယှဉ် ရပ်တည်လိုက်သည်။
“ငါ့ကို ဘာလို့ ခေါ်တာလဲ”
အကြီးအကဲဖုန်းချန်သည် တိတ်တဆိတ် မေးလိုက်၏။
အကြီးအကဲရှဲ့ယန်သည် လော့ချန်ကို စောင်းငဲ့ကြည့်လိုက်ပြီးနောက် နှုတ်ခမ်းနီနီလေးကို အနည်းငယ် ဖွင့်လိုက်သည်။ အကြီးအကဲဖုန်းချန်ကို တိတ်တဆိတ် ပြောလိုက်သည်။
“ဒီကောင်လေးက အရမ်း ထူးဆန်းတယ်။ ချင်းယွမ်သွေးရွှင်ဆေးလုံးရဲ့ အာနိသင်က အခုအချိန်အထိ မပေါက်ကွဲသေးဘူး။ သူ ဂိုဏ်းသုံးဂိုဏ်းပြိုင်ပွဲရဲ့ ပထမနေရာကို ယူပြီး ဒီလိုပြန်သွားလျှင် ငါ ကျင်းမင်ကို ရှင်းပြဖို့ နည်းလမ်းမရှိဘူး”
အကြီးအကဲဖုန်းချန်သည် မျက်မှောင်ကြုတ်လိုက်သည်။
“မင်း ဘာလုပ်ဖို့ စဉ်းစားနေတာလဲ...”
အကြီးအကဲရှဲ့ယန်၏ မျက်လုံးများမှ အလင်းတန်းများ တောက်ပနေသည်။
“ဟွန်း... ငါ အရင်က ဒီလိုလုပ်ဖို့ မစဉ်းစားခဲ့ဘူး။ မမျှော်လင့်ဘဲ လျှပ်ယွမ်ဂိုဏ်းက ရုတ်တရက် လာတိုက်တယ်။ ဒါက ကောင်းကင်က ပေးတဲ့ အခွင့်အရေးပဲ။ လော့ချန်သာ သေလျှင် ကျင်းမင်က ငါတို့ကို အပြစ်တင်လိမ့်မှာ မဟုတ်ဘူးလို့ ယုံကြည်တယ်။ ဒါ့အပြင် ဆုအများကြီး ပေးလိမ့်မယ်...”
အကြီးအကဲဖုန်းချန်သည် ထိတ်လန့်ကာ နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်မိသည်။ ထို့နောက် တုန်လှုပ်စွာ ဆိုလိုက်သည်။
“မင်း... မင်း ရူးနေပြီ။ ဒီကိစ္စသာ စစ်ဆေးပေါ်ပေါက်ခဲ့ရင် မင်းနဲ့ငါ အပြစ်ပေးခံရဖို့ သေချာတယ်။ ဒါက အသက်ထက်တောင် အရေးကြီးသလားဟဲ့...”
အကြီးအကဲရှဲ့ယန်သည် အေးစက်စွာ ဆိုသည်။
“ဘာကို ကြောက်နေတာလဲ။ သူတို့ သေရင် ဒီကိစ္စက မင်းနဲ့ငါအပြင် ကောင်းကင်နဲ့ မြေကြီးပဲ သိမယ်။ လော့ချန်သာ ပြန်ရောက်ရင် ကျင်းမင်က ငါတို့ကို အပြစ်တင်မှာ ကျိန်းသေပေါက်ပဲ။ ချင်းယွမ်သွေးရွှင်ဆေးလုံးရဲ့ တန်ဖိုးကို ငါတို့ ပြန်မဆပ်နိုင်ဘူး”
“နောက်ပြီး ငါတို့ရဲ့ အရည်အချင်းနဲ့ ဒီလိုပဲ ဆက်သွားရင် ကျင့်ကြံမှုက နောက်တစ်ဆင့် တက်ဖို့ ခက်ခဲတယ်။ မင်းသားတန်းကို ဝင်ပြီး အဋ္ဌမမင်းသား ကျင်းမင်ရဲ့ ထောက်ခံမှုကို ရမှသာ ငါတို့ မျှော်လင့်ချက်ရှိတယ်။ ပိုမိုမြင့်မားတဲ့ အဆင့်ကို တက်ဖို့ မျှော်လင့်ချက်ရှိမယ်...”
“ဟွန်း... မင်းကြောက်ရင်လည်း ငါ ကိုယ်တိုင် လုပ်မယ်”
အကြီးအကဲရှဲ့ယန်သည် အကြီးအကဲဖုန်းချန်ကို အေးစက်စွာ စောင်းငဲ့ကြည့်လိုက်ပြီးနောက် လော့ချန်တို့ဘက်သို့ လှည့်လိုက်သည်။
လော့ချန်သည် မျက်လုံးများ ကျဉ်းမြောင်းလိုက်သည်။ လက်ညှိုးတစ်ချက် ခပ်ဖွဖွ ပွတ်လိုက်သည်။ ချင်းယွမ်သွေးရွှင်ဆေးလုံး အမှုန့်ထည့်ထားသော ဆေးပုလင်းကို ဆွဲကိုင်ထားသည်။ လက်ျာလက်ကို ဓားလက်ကိုင်ပေါ်သို့ တင်လိုက်သည်။
ထိုနှစ်ဦး၏ စကားပြောဆိုမှုကို မကြားရသော်လည်း လော့ချန်သည် အကြီးအကဲရှဲ့ယန်၏ သတ်ဖြတ်လိုစိတ်ကို ခံစားနိုင်ခဲ့သည်။
အကြီးအကဲရှဲ့ယန်သည် လူအုပ်ဆီသို့ လျှောက်လာသည်။
အန္တရာယ်...
လော့ချန်၏ ပင်ကိုယ်ဗီဇသည် အန္တရာယ်ကို ခံစားလိုက်ရသည်။ တစ်ကိုယ်လုံးရှိ ချီစွမ်းအင်လှိုင်းဝဲကိုးခုသည် မသိစိတ်ဖြင့် လည်ပတ်လာသည်။
ထိုအချိန်တွင်...
“ဘုန်း...”
အံ့မခန်းလောက်အောင် သွေးရောင် ဓားစွမ်းအင်တစ်ခု အောက်ဘက်တောင်ထိပ်မှ ထိုးထွက်လာသည်။
ဤဓားချက်သည် အချိန်ယူ စုစည်းထားခဲ့ပုံရသည်။ လျှပ်စီးပမာ လျင်မြန်လှရာ ကောင်းကင်လေလင်းယုန်သည် တုံ့ပြန်ရန် အချိန်မမီခဲ့ချေ။ အတောင်ပံကို ထိုးဖောက်ခံရလိုက်သည်။
“ဖူး...”
သွေးများ ပန်းထွက်လာသည်။ ကောင်းကင်လေလင်းယုန်သည် ဝမ်းနည်းစွာ ဟစ်အော်သည်။ ခန္ဓာကိုယ်သည် ကွေ့ကောက်ကာ အောက်သို့ ကျဆင်းသွားသည်။
“သတိထား...”
လူအများ တုန်လှုပ်ကုန်ကြသည်။ အလျင်စလို ချီစွမ်းအင်ကို လည်ပတ်ကာ ခန္ဓာကိုယ်ကို ထိန်းချုပ်လိုက်ကြသည်။
ကောင်းကင်လေလင်းယုန်သည် ကြယ်လေးပွင့်နတ်ဆိုးသားရဲ ဖြစ်သည်မှာ မဆန်းချေ။ ဤမျှထိခိုက်မှု ကို ခံရသော်လည်း ဆက်လက်ပြီး အတောင်ပံ ခတ်နိုင်သေးသည်။ တောအုပ်ထူထပ်သော နေရာတစ်ခုတွင် နစ်မြုပ်သွားသည်။
“ဘုန်း...”
ကြီးမားသော တိုက်ခိုက်မှုအင်အားကြောင့် သစ်ပင်ကြီးများစွာ ကြေမွပျက်စီးကုန်သည်။
“ရှူး... ရှူး...”
လေတိုးသံများ ထွက်ပေါ်လာသည်။ အနက်ရောင် အရိပ်နှစ်ခုသည် ပျံသန်းဝင်ရောက်လာသည်။ တောအုပ်အထက် ကောင်းကင်တွင် ရပ်တည်နေကြသည်။ လေစီးကြောင်းကြောင့် လှုပ်ရှားနေကြသည်။
ထိုနှစ်ဦးသည် ကိုယ်လုံးကိုယ်ထည် ကြီးမားသည်။ ခန္ဓာကိုယ်တစ်ခုလုံး အနက်ရောင်ဝတ်ရုံများ ဖုံးလွှမ်းထားသည်။ မျက်နှာများကိုလည်း အနက်ရောင်အဝတ်ဖြင့် ပိတ်ထားရာ ဘယ်သူဘယ်ဝါဖြစ်သည်ကို ဖော်ပြလိုခြင်း မရှိသည်မှာ ထင်ရှားသည်။
“သွေးကြောနိုးကြားမှုနယ်ပယ် အလယ်အဆင့် သန်မာသူ”
အကြီးအကဲဖုန်းချန်သည် ရှေ့မှ ဓားကို ကိုင်ဆောင်ထားသော အနက်ဝတ်လူကို သတိပြုမိလိုက်သည်။ မျက်နှာထား တင်းမာသွားသည်။ ဓားကို ဆွဲထုတ်ကာ မတ်တပ်ရပ်လိုက်သည်။
“မင်းတို့လည်း လျှပ်ယွမ်ဂိုဏ်းက လူများလား။ မင်းတို့ လျှပ်ယွမ်ဂိုဏ်းက အရမ်းရိုင်းတယ်။ ငါတို့ ရွှမ်ယွမ်ဂိုဏ်းကို စစ်ကြေညာချင်နေတာလား”
“ဟဲဟဲ... ဟုတ်တော့ရော ဘာဖြစ်လဲ... မဟုတ်တော့ရော ဘာဖြစ်လဲ...”
ဓားကို ကိုင်ဆောင်ထားသော အနက်ဝတ်လူသည် စိတ်မရှည်စွာ လက်ဝှေ့ယမ်းလိုက်သည်။
“ငါ စကားတစ်ခွန်းပဲ ပြောမယ်။ မင်းတို့ထဲက ဘယ်သူ လော့ချန်လဲ။ သူ့ကို လွှဲပေး။ အခြားသူတွေ သွားလို့ရပြီ...”
လော့ချန် ခပ်တင်းတင်း မျက်မှောင်ကြုတ်လိုက်မိသည်။
သူ့ကို သတ်ရန် ထပ်မံရောက်ရှိလာကြသည်တဲ့လား။
ယနေ့တွင် သူသည် လူတိုင်းအတွက် အရေးကြီးသောပုဂ္ဂိုလ် ဖြစ်နေသည်။ သူ့ကို သတ်ချင်သူများက တစ်သုတ်ပြီးတစ်သုတ် လာကြသည်။
အကြီးအကဲရှဲ့ယန်သည် မျက်လုံးဝေ့လိုက်ကာ ရုတ်တရက် လော့ချန်ကို လှည့်ပြီး အော်ဟစ်လိုက်သည်။
“လော့ချန် သတိထား”
လော့ချန်၏ မျက်နှာအမူအရာသည် ချက်ချင်း ပြောင်းလဲသွားသည်။
“သေမဲ့ အဖွားကြီး... ဒင်းကိုမှ မသတ်ရရင် ငါ လူ မလုပ်တော့ဘူး...”
အတွင်းစိတ်မှ အော်ဟစ်လိုက်သည်။ လော့ချန်သည် ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်သည်။ မြူခိုးရိပ်ခြေလှမ်းကို အစွမ်းကုန် လှုံ့ဆော်လိုက်က ယခင်ကတည်းက ကြိုတင်ရှာဖွေထားသော ထွက်ပြေးရာ လမ်းကြောင်းဆီသို့ ပျံသန်းသွားသည်။
“ဟဲဟဲ... မင်းပဲ ဖြစ်ရမယ်...”
ဓားကို ကိုင်ဆောင်ထားသော အနက်ဝတ်လူသည် သွေးလင်းယုန် ဖြစ်သည်။ မျက်လုံးများ ရက်စက်ပြီး ပြင်းထန်နေသည်။ လော့ချန်ကို ကြည့်ကာ အေးစက်စွာ ရယ်လိုက်သည်။
“ငါ့ရှေ့မှာ မင်း ဘယ်ပြေးမလို့လဲ...”
စကားပြောနေစဉ် သွေးလင်းယုန်သည် လက်ထဲရှိ ဓားရှည်ကို တစ်ချက် ဝှေ့ယမ်းလိုက်သည်။
“ဝှစ်...”
သွေးရောင်ဓားစွမ်းအင်သည် တံခါးတစ်ချပ်ပမာ ကြီးမားပြီး လေထဲတွင် ဆွဲခြစ်သွားသည်။ ဖြတ်ကျော်သွားသော နေရာတိုင်းရှိ ကျောက်တုံးများ၊ သစ်ပင်များသည် ချက်ချင်း နှစ်ပိုင်း ပိုင်းဖြတ်ခံလိုက်ရသည်။ လော့ချန်ကို ဖမ်းမိလုနီးပါး ဖြစ်သွားသည်။
“ဝှစ်...”
လော့ချန်၏ နောက်ကျောတွင် မျက်လုံးများ ပေါက်လာသည့်နှယ် ခန္ဓာကိုယ် လျှပ်တစ်ပြက် လှုပ်ရှားသွားသည်။ အရိပ်အယောင်များ ထွက်ပေါ်လာသည်။ ဦးတည်ရာကို ရုတ်တရက် ပြောင်းလဲကာ ထူထပ်သော တောအုပ်အတွင်းသို့ ထိုးဝင်သွားသည်။
“ဘုန်း...”
ဓားစွမ်းအင်သည် ကောင်းကင်လေလင်းယုန်ကို ထပ်မံ ရိုက်ခတ်လိုက်ရာ အတောင်ပံများ ပြန့်ကျဲကုန်သည်။ ခန္ဓာကိုယ်တွင် သွေးများ ထပ်မံထွက်လာသည်။
“ဂီး...”
ကောင်းကင်လေလင်းယုန်သည် ပင်ကိုဗီဇအရ ကြမ်းတမ်းသည်။ နာကျင်သဖြင့် လုံးဝ ရူးသွပ်သွားသည်။ အတောင်ပံများ ပြင်းထန်စွာ ခတ်လိုက်ရာ ကြီးမားသော ကြည်ပြာရောင် လေဆင်နှာမောင်းသည် အစ်ကိုသွေးလင်းယုန်ဆီသို့ တိုက်ခတ်လာသည်။
“ဘုန်း...”
အစ်ကိုသွေးလင်းယုန်သည် ဓားတစ်ချက်ဖြင့် နတ်ဆိုးချီစွမ်းအင် လေဆင်နှာမောင်းကို ပိုင်းဖြတ်လိုက်ကာ လော့ချန် ထွက်ခွာသွားသော ဦးတည်ရာကို ကြည့်ပြီး မျက်နှာထား တင်းမာသွားသည်။
သွေးကြောနိုးကြားမှုနယ်ပယ် အလယ်အဆင့် သန်မာသူတစ်ဦးသည် ထုံရွှမ်နယ်ပယ် ကျင့်ကြံသူကို ဓားတစ်ချက်ဖြင့် မသတ်နိုင်ခဲ့ချေ။
သွေးလင်းယုန် မျက်နှာပျက်သွားပြီး အေးစက်စွာ အော်ဟစ်လိုက်သည်။
“ညီလေး... ဒီနေရာကို မင်း တာဝန်ယူလိုက်။ ငါ အဲ့ဒီကောင်လေးကို သတ်လိုက်ဦးမယ်...”
သွေးလင်းယုန်သည် ထပ်မံတိုက်ခိုက်လာသော ကောင်းကင်လေလင်းယုန်ကို ရှောင်ကွင်းလိုက်သည်။ ထို့နောက် သွေးရောင်အလင်းတန်းအဖြစ် ပြောင်းလဲကာ လော့ချန် ထွက်ခွာသွားသော ဦးတည်ရာသို့ အလျင်အမြန် လိုက်သွားတော့သည်။
အခန်း (၃၈၃) ပြီးပါပြီ။