← Chapters

ရွှေဖားကို မီးရှို့ခြင်း၊ အသန်မာဆုံးစွမ်းအား

Vol. 26 Ch. 377

ရွှေဖားကို မီးရှို့ခြင်း၊ အသန်မာဆုံးစွမ်းအား

Vol. 26 Ch. 377

“ဟဲဟဲ... ငါ မင်းရဲ့ အသန်မာဆုံးစွမ်းအားကို မြင်နိုင်ဖို့ အရည်အချင်းမရှိ ဘူးတဲ့လား...”

လော့ချန်၏ စကားကို ကြားသောအခါ ဟွာကျင်းယန်သည် အကြည့်ကို အောက်သို့ နှိမ့်ချလိုက်သည်။ ရယ်မောသံများ အေးစက်စွာ ထွက်ပေါ်လာသည်။

ရယ်မောသံနှင့်အတူ သူ၏ ခန္ဓာကိုယ်မှ အရှိန်အဟုန်သည် တစ်ဖန် ပေါက်ကွဲ ထွက်လာပြီး နက်ရှိုင်းသော ပင်လယ်ကြီး တစ်ခုပမာ ဖြစ်နေသည်။

“ဟွာကျင်းယန် ဒေါသထွက်သွားပြီ။ ဒီလူငယ်မျိုးဆက် ဘုရင်တစ်ပါးရဲ့ ဒေါသကို လော့ချန် ခံနိုင်ရည်ရှိပါ့မလား...”

ဟွာကျင်းယန်၏ ခန္ဓာကိုယ်မှ ပြင်းထန်သော အရှိန်အဟုန်ကို ခံစားရသောအခါ ထိုနေရာရှိ လူအများစုသည် နှလုံးခုန်နှုန်း အလိုအလျောက် မြန်ဆန် လာကြသည်။ တစ်ဦးချင်းစီသည် နှုတ်ခမ်းများ ခြောက်သွေ့ နေကြ၏။ စင်မြင့်ပေါ်ရှိ လူနှစ်ဦးကို မျက်တောင်မခတ်စတမ်း စိုက်ကြည့် နေကြကာ မည်သည့် အံ့မခန်းမြင်ကွင်းကိုမျှ လွဲချော် မသွားစေရန် ဂရုစိုက်နေကြသည်။

“ဒီလိုဆိုရင် မင်း အသန်မာဆုံးစွမ်းအားကို ထုတ်သုံးအောင် ငါ အတင်းအကြပ် ဖိအားပေး ရမှာပေါ့။ ငါ့ရဲ့ လက်ဝါးတစ်ချက်ကို ခံစားလိုက်ပါ... ခရမ်းရောင်မီးလျှံ...”

အရှိန်အဟုန်ကို အဆုံးအစွန်ထိ ထုတ်ဖော် လိုက်သည်။ ဟွာကျင်းယန်သည် ကျယ်လောင်စွာ အော်ဟစ် လိုက်ကာ ခန္ဓာကိုယ်သည် ချက်ချင်း လော့ချန်၏ ရှေ့သို့ ရောက်ရှိသွားပြီး လက်ဖဝါးတစ်ချက် ရိုက်ချလိုက်သည်။

“ဘုန်း...”

တူညီသော သိုင်းကွက် ဖြစ်သော်လည်း ယခုအခါ ဟွာကျင်းယန် ထုတ်သုံးလိုက်ချိန်တွင် စွမ်းအားသည် လုံးဝ မတူညီ တော့ချေ။

လက်ဖဝါးတစ်ချက်အောက်တွင် မီးလျှံအလင်းများသည် လှိုင်းလုံးပမာ ဖြစ်နေသည်။ မီးမြွေများ အရူးအမူး ကခုန် နေကြသည်။ ပြင်းထန်သော ချီစွမ်းအင်သည် တဝုန်းဝုန်း တောက်လောင်နေသော ဥက္ကာခဲပမာ လော့ချန်ဆီသို့ ပြင်းပြင်းထန်ထန် ထိုးနှက် ကျဆင်းလာသည်။

“ဖြတ်...”

လော့ချန် ဤအရာကို ကြိုတင်ပြင်ဆင် ထားခဲ့သည်။ ခန္ဓာကိုယ်မှ ဓားအရှိန်အဟုန်တစ်ခု ထွက်ပေါ်လာပြီးနောက် သူက ခြေလှမ်းတစ်ချက် တိုးလိုက်ရာ မျက်လုံးများထဲတွင် မိုးကြိုးပမာ အလင်းတန်းတစ်ခု ဖြတ်ပြေး သွားသည်။ တစ်ဆက်တည်းပင် ဓားတစ်ချက်ကို ထောင့်ချိုးပိုင်းဖြတ် လိုက်၏။

ကောင်းကင်ပိုင်းဖြတ်ခြင်းဓားစွမ်းရည် စတုတ္ထပုံစံ မိုးကြိုးသံ...

“ရှစ်...”

မိုးကြိုးသံ ပေါက်ကွဲ ထွက်လာကာ ဓားစွမ်းအင်သည် ပြင်းထန်စွာ ထိုးထွင်း သွားသည်။

ကိုယ်ပိုင်ဖန်တီးသော နတ်ဆိုးမုန်တိုင်းသတ်ဖြတ်နည်းကို အသုံးပြုပြီးနောက် လော့ချန်သည် ကောင်းကင်ပိုင်းဖြတ်ခြင်းဓားစွမ်းရည် စတုတ္ထုပုံစံကို ပိုမို နက်နက်ရှိုင်းရှိုင်း နားလည် လာသည်။ ဓားအကွက်၏ စွမ်းအားသည်လည်း ဆက်လက် တိုးတက်လာသည်။ ဓားလမ်းစဉ်နယ်ပယ်၏ အဆင့်တက်လှမ်းမှုနှင့် ပေါင်းစည်းလိုက်ရာ ဓားတစ်ချက်၊ တစ်ကွက်စီ၏ အရှိန်အဟုန်သည် ယခင်ကနှင့် လုံးဝ မတူတော့ချေ။

“ဘုန်း...”

ကြီးမားသောအသံ တစ်ခု ထွက်ပေါ်လာသည်။ အရှိန်အဟုန် ပြင်းထန်သော လက်ဖဝါးစွမ်းအင်သည် ချက်ချင်း ပိုင်းဖြတ်ခံရကာ လေထဲတွင် ပြိုကွဲပျက်စီး သွားသည်။ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုအင်အားကြောင့် စင်မြင့်တွင် ကြီးမားသော အက်ကွဲကြောင်းများ ဆက်တိုက် ဖြစ်ပေါ်လာသည်။

“ကလစ်... ကလစ်... ကလစ်...”

အက်ကွဲကြောင်းများသည် တိုက်ပွဲဗဟိုမှ အလျင်အမြန် ပျံ့နှံ့သွားသည်။

“သိပ်ကို ကြောက်စရာကောင်းတဲ့ ဖျက်ဆီးနိုင်စွမ်းပဲ... ယန်ချင်းရှုံးနဲ့ ပွဲတုန်းကထက် ပိုမို ပြင်းထန်တယ်”

လူများသည် စိတ်အားထက်သန်စွာ ကြည့်နေကြသည်။ တံတွေးများကို ရူးသွပ်စွာ မျိုချ နေကြပြီး လော့ချန်ကို ပြန်လည် အကဲဖြတ်ကြသည်။

“ဓားစွမ်းအင် မိုးကြိုးသံ... အရမ်းကို သန်မာတဲ့ ဓားအကွက်ပဲ”

ယန်ချင်းရှုံးသည် လော့ချန်ကို စိုက်ကြည့်နေသည်။ လှပသော မျက်လုံးများတွင် အလင်းတန်းများ တောက်ပနေ၏။ ဓားသမားတစ်ဦး အနေဖြင့် ဤဓားချက်အပေါ် သူမ၏ ခံစားချက်သည် အခြားသူများထက် ပိုမို နက်ရှိုင်းသည်။

ထိုစကားကို ကြားသောအခါ လော့ရှာဂိုဏ်း၏ အကြီးအကဲပိကျိုးရွှေသည် သက်ပြင်းတစ်ချက်ကို ကြာရှည်စွာ မှုတ်ထုတ်လိုက်ပြီး ဆိုသည်။

“သန်မာတာက ဓားအကွက် မဟုတ်ဘူး... လော့ချန်ပဲ။ ဒီဓားချက်မှာ သူ့ရဲ့ အနှစ်သာရ၊ ချီစွမ်းအင်နဲ့ စိတ်ဝိညာဉ်စွမ်းအားတွေကို ပေါင်းစပ်ထားတာ။ ပြောင်းလဲခြင်းအဆင့်နီးပါး ရောက်ရှိနေပြီ။ ငါ မမှားဘူးဆိုရင် သူ ဒီအဆင့်ကို ကျင့်ကြံမှုနယ်ပယ် ပြည့်စုံလုနီးပါး ရှိနေပြီ”

“သူက တကယ်ပဲ ရှားပါးတဲ့ ပါရမီရှင် ဓားကျင့်ကြံသူပဲ... တကယ်လို့ သူ ဒီတိုက်ပွဲကနေ အသက်ရှင် ကျန်ရစ်ခဲ့အုံးမယ်ဆိုရင် မင်း သူနဲ့ ပိုပြီး နီးနီးကပ်ကပ် ဆက်ဆံသင့်တယ်... မင်းရဲ့ ဓားဆန္ဒကို နားလည်ဖို့အတွက် အထောက်အကူဖြစ်လိမ့်မယ်...”

“ပြောင်းလဲခြင်းအဆင့်...”

ယန်ချင်းရှုံး တောင့်တင်း သွားသည်။ ဤစကားလုံး နှစ်လုံး၏ အဓိပ္ပာယ်ကို သူမ နားလည်သည်။

တစ်ဖက်တွင် ဆွန်ယင်ယန်၏ မျက်နှာသည် လုံးဝ တင်းမာသွားသည်။ မျက်ခုံးများ နက်ရှိုင်းစွာ တွန့်ချိုး နေသည်။

ဟွာကျင်းယန်က စိတ်ဝိညာဉ်အဆင့် သိုင်းဝိညာဉ်ကို ထုတ်ဖော်လိုက်သည့်တိုင် လော့ချန်သည် ခုခံနိုင်သော စွမ်းအား ရှိနေသေးသည်။

ဤသည်က ဆွန်ယင်ယန်ကို နက်ရှိုင်းသော အန္တရာယ်ကို ခံစားရစေသည်။ သတ်ဖြတ်လိုစိတ်သည် ယခင်က မရှိခဲ့ဖူးသော အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွား၏။

“ဟွန်း... ဟွာကျင်းယန်မှာ ဒီလိုအဆင့်တင် ရှိတာ မဟုတ်ဘူး။ ပြီးတော့ သူက သိုင်းဝိညာဉ်ရဲ့ နတ်စွမ်းအင်ကိုပါ နိုးကြားထားပြီး မြေကမ္ဘာမီးလျှံစွမ်းအင်နဲ့ တိုက်ပွဲစွမ်းအားကို တိုးမြှင့် နိုင်တယ်။ မင်း ဘယ်လောက်ပဲ ထူးချွန်ပြီး အံ့မခန်းဖြစ်နေပါစေ... ဒီကနေ့တော့ မင်း သေချာပေါက် သေကို သေရမယ်...”

ဆွန်ယင်ယန်သည် လော့ချန်ကို စိုက်ကြည့်နေသည်။ သူ၏ ပြင်းထန်သော အကြည့်ကြောင့် လေထုတွင် လှိုင်းတံပိုးများ ဆက်တိုက် ဖြစ်ပေါ်နေသည်။

အလားတူ လော့ချန်ကို စိုက်ကြည့်နေသူမှာ အကြီးအကဲရှဲ့ယန် ဖြစ်သည်။

သူမ နားမလည်သည်မှာ ဟွာကျင်းယန်ကဲ့သို့ အင်အားကြီးမားသော ပြိုင်ဘက်ကို ရင်ဆိုင်နေရသော်လည်း လော့ချန်၏ ခန္ဓာကိုယ်အတွင်းမှ ချင်းယွမ်သွေးရွှင်ဆေးလုံး၏ အာနိသင်သည် အဘယ့်ကြောင့် မပေါက်ကွဲသေးသနည်း။

“မကြာခင် ဖြစ်လာတော့မှာပါ... သုံးကွက်ပဲ လိုတော့တယ်ထင်တယ်... မဟုတ်ဘူး... နှစ်ကွက်...”

အကြီးအကဲရှဲ့ယန်၏ စိတ်နှလုံး တင်းမာနေသည်။ မြင့်တက်နေသော ရင်အစုံသည် စိတ်လှုပ်ရှားမှုနှင့်အတူ ပြင်းထန်စွာ လှုပ်ရှားနေသည်။

စင်မြင့်ပေါ်တွင်...

“မင်း ဘယ်နှစ်ကွက် ခံနိုင်ရည်ရှိမလဲ ငါ ကြည့်ရသေးတာပေါ့...”

တိုက်ကွက်တစ်ကွက် အောင်မြင်မှုမရှိခဲ့သဖြင့် ဟွာကျင်းယန်၏ အကြည့်များက ပိုမို ကြောက်မက်ဖွယ် ဖြစ်လာသည်။ ခန္ဓာကိုယ်သည် တစ်ချက် တုန်လှုပ် သွားသည်။ ကြီးမားသော ချီစွမ်းအင် ပေါက်ကွဲ ထွက်လာပြီး စင်မြင့်တစ်ဝက်ကို ဖုံးလွှမ်း လိုက်သည်။ လက်ဖဝါးသည် သံချောင်းပူကဲ့သို့ ဖြစ်နေသည်။ လေထဲတွင် လော့ချန်ကို တစ်ချက် ဆုပ်ကိုင် လိုက်သည်။ ယခင်က ယန်ချင်းရှုံးကို အနိုင်ယူခဲ့သော သတ်ဖြတ်နည်းကို ထုတ်သုံး လိုက်ခြင်းပင်။

“မီးလျှံလေဟာနယ် ခွဲဖြတ်ခြင်း”

“ဝုန်း...”

လေထုသည် ရူးသွပ်စွာ လှုပ်ရှား လာသည်။ ကြီးမားသော မီးလျှံအလင်းသည် လော့ချန်ဆီသို့ စုစည်း လာသည်။

လော့ချန်၏ မျက်လုံးအိမ်များ ကျုံ့သွားသည်။

ဟွာကျင်းယန်နှင့် ယန်ချင်းရှုံးတို့၏ တိုက်ပွဲကို သူ ကြည့်ရှုခဲ့သည်။ ဤ မီးလျှံလေဟာနယ် ခွဲဖြတ်ခြင်းကိုလည်း သူ မြင်ခဲ့သည်။

ဤ သတ်ဖြတ်နည်းသည် စွမ်းအားကြီးမား သော်လည်း ခဏတာ အချိန်ယူကာ စုစည်းရန် လိုအပ်သည်မှာ ၎င်း၏ အားနည်းချက် ဖြစ်သည်။

“မြူခိုးရိပ် ပေါက်ကွဲခြင်း...”

ချက်ချင်း ဆုံးဖြတ်ချက် ချလိုက်သည်နှင့် လော့ချန်သည် မြူခိုးရိပ်ခြေလှမ်းကို အစွမ်းကုန် လှုံ့ဆော် လိုက်သည်။

ချက်ချင်းပင် စင်မြင့်ပေါ်တွင် လူရိပ်များ ထူထပ်စွာ ပေါ်လာသည်။

“ဘုန်း...”

ကြီးမားသောအသံ တစ်ခု ထွက်ပေါ်လာသည်။ လော့ချန် ယခင်က ရပ်တည်ခဲ့သော နေရာတွင် သေးငယ်သော မီးလျှံများက မှိုပွင့်တစ်ခုသဖွယ် ပေါက်ကွဲသွားသည်။ ကြောက်မက်ဖွယ်ကောင်းသော လေလှိုင်းသည် စင်မြင့်ကို အပိုင်းပိုင်း ဆုတ်ဖြဲ လိုက်ရာ ကြီးမားသော အရိပ်အယောင် များသည် မီးခိုးငွေ့အဖြစ် ပျက်စီး သွား၏။

“ဘုန်း...”

လော့ချန်၏ကိုယ်အစစ်အမှန်သည် ဟွာကျင်းယန်၏ ဘယ်ဘက် အပေါ်နားသို့ ရောက်ရှိ လာကာ လေထဲတွင်ပင် လက်သီးတစ်ချက်ဖြင့် အားပြင်းစွာ ထိုးချ လိုက်သည်။

ထူထဲပြီး ကြီးမားသော ချီစွမ်းအင်သည် ခြေသုံးချောင်းနှင့် နားရွက်နှစ်ဖက်ပါသော သေးငယ်သည့် ရှေးဟောင်းအိုးပုံစံအဖြစ် ပြောင်းလဲသွားပြီး လေထဲတွင် တဝူးဝူးမြည်ဟီး လာသည်။ ဤသည်မှာ ကောင်းကင်အိုးလက်သီး ပထမပုံစံ တောင်ခွင်းလက်သီး ဖြစ်သည်။

“ကလစ်... ကလစ်... ကလစ်...”

သေးငယ်သောအိုးသည် လေထုကို ဆန့်ကျင်ကာ ကြီးမားလာသည်။ ပြင်းထန်သော လက်သီးစွမ်းအင်ကြောင့် စင်မြင့်သည် ဆက်တိုက် အက်ကွဲကုန်သည်။

“ဖယ်စမ်း...”

ဟွာကျင်းယန်၏ သတ်ဖြတ်ကွက်သည် လော့ချန်ကို အနည်းငယ်မျှပင် မထိခိုက် ခဲ့ချေ။ ဟွာကျင်းယန်၏ မျက်နှာပေါ်တွင် ရှက်ရွံ့မှုအရိပ်အယောင် ပေါ်လာသည်။ ဒေါသတကြီး အော်ဟစ် လိုက်ပြီးနောက် ပြင်းထန်ပြီး လွှမ်းမိုးသော ချီစွမ်းအင်များ ပြင်းထန်စွာ ပေါက်ကွဲ ထွက်လာသည်။ လက်ဖဝါးတစ်ချက်ဖြင့် ဘေးဘက်သို့ တွန်းထုတ် လိုက်ကာ ကာကွယ်ရေးစွမ်းအား အသန်မာဆုံး ဖြစ်သော ခရမ်းရောင်မီးလျှံ ကျောက်သလင်းချီစွမ်းအင်ကို ထုတ်သုံးလိုက်ရသည်။ လော့ချန်ကို လွင့်စင်သွားစေရန် ရည်ရွယ်သည်။

လူအများ စွံ့အသွားသော အကြည့်များအောက်တွင် လွှမ်းမိုးသော စွမ်းအားနှစ်ခု ပြင်းထန်စွာ တိုက်မိသွားသည်။

“ဘုန်း... ဘုန်း... ဘုန်း...”

လေထုသည် အရူးအမူး ပေါက်ကွဲ လာ၏။ မြင်နိုင်သော လှိုင်းလုံးများသည် အလွှာလိုက် ဖြစ်ပေါ်လာပြီး အရပ်လေးမျက်နှာသို့ ဖြတ်ကျော် ထွက်ခွာသွားသည်။

လော့ချန်၏ ခန္ဓာကိုယ်သည် မည်မျှ သန်မာလှသနည်း။ စွမ်းအားသည် ပေါင်ချိန် နှစ်သန်းကျော် ရှိသည်။ တောင်ခွင်းလက်သီး၏ အားဖြည့်မှုနှင့် ပေါင်းလိုက်ရာ ဤလက်သီးချက်၏ အရှိန်အဟုန်သည် ကောင်းကင်ကိုပင် ဖျက်ဆီးပစ်နိုင်သယောင်ပင်။

“ကလစ်...”

မီးလျှံကျောက်သလင်းချီစွမ်းအင်သည် ခဏမျှသာ ခံနိုင်ရည်ရှိ ခဲ့သည်။ ချက်ချင်းပင် ကျောက်သလင်းပမာ တဝုန်းဝုန်း ကွဲကြေ ပျက်စီး သွားတော့သည်။

“ဘာလဲ...”

“ခရမ်းရောင်မီးလျှံ ကျောက်သလင်းချီစွမ်းအင် ချေမှုန်းခံရတယ်”

လျှပ်ယွမ်ဂိုဏ်း၏ အကြီးအကဲရမ်ကွေ့နှင့် ဆွန်ယင်ယန်တို့သည် တစ်ချိန်တည်းတွင် ထရပ် လိုက်ကြသည်။ မျက်လုံးများသည် ကြေးမောင်းဖုများပမာ ပြူးထွက်လာကြသည်။

ထိုနှစ်ဦး ဤမျှ အံ့အားသင့်နေကြသည်မှာ မဆန်းချေ။

ခရမ်းရောင်မီးလျှံ ကျောက်သလင်းချီစွမ်းအင်သည် လွှမ်းမိုးပြီး အရာရာ ဖိနှိပ်နိုင်သော မီးလျှံလက်ဖဝါး အတွင်းမှ ချီစွမ်းအင်လည်ပတ်ပုံ ဖြစ်သည်။ ကာကွယ်ရေးစွမ်းအား အလွန်အင်မတန် သန်မာ လှသည်။

ဟွာကျင်းယန်၏ စွမ်းအားကို ထုတ်သုံးလိုက်ချိန်တွင် သွေးကြောနိုးကြားမှုနယ်ပယ် အဆင့်တစ် သန်မာသူပင် ချေမှုန်းရန် ခက်ခဲလှသည်။ ယခုပင်လျှင် မျက်နှာချင်းဆိုင် တိုက်ခိုက်ရာ၌ လော့ချန်၏ လက်သီးတစ်ချက်ကိုပင် မတားဆီးနိုင်ခဲ့ချေ။

အခြားသူများလည်း ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။ ဟွာကျင်းယန်သည် စိတ်ဝိညာဉ်အဆင့် သိုင်းဝိညာဉ်ကို ထုတ်ဖော်လိုက်သည်။ သို့သော် လော့ချန်ကပင် အနိုင်ယူ ဖိအားပေး နေသည်တဲ့လား။

ဤသည်မှာ အလွန်ကြောက်မက်ဖွယ်ကောင်းသည် မဟုတ်ပါလား။

အိပ်မက် မက်နေသည်နှင့် တူ၏။

“ဒါ မဖြစ်နိုင်ဘူး”

ဟွာကျင်းယန်၏ ခန္ဓာကိုယ်သည် လေထဲတွင် လွင့်စင်သွား၏။ မျက်လုံးထဲတွင် မယုံနိုင်သော အကြည့်များ ပြည့်နှက်နေသည်။

သူ၏ ညာလက်တစ်ခုလုံး ထုံကျဉ်သွားသည်။ လက်ဖဝါးမှ သွေးများပင် ထွက်နေသည်။ လော့ချန်၏ ထိုလက်သီးချက်မှ ဖိနှိပ်လာသော အင်အားသည် သူ၏ စိတ်ကူးထက်ကို ကျော်လွန် နေသည်။

ဟွာကျင်းယန် နားမလည်နိုင်သည်မှာ ထုံရွှမ်နယ်ပယ် တတိယအဆင့် အထွတ်အထိပ် ဓားသမား တစ်ဦးသည် ဤမျှ ကြီးမားသော အင်အားကို မည်သို့ ထုတ်ဖော်နိုင်ခဲ့သနည်း။

ဤသည်မှာ လုံးဝ မဖြစ်နိုင်သောအရာ ဖြစ်သည်။

လော့ချန်ကမူ ဟွာကျင်းယန်ကို စဉ်းစားရန် အချိန် မပေးချေ။ လူနှင့်ဓား တစ်သားတည်းဖြစ်တည်မှု အဆင့်မြင့်နယ်ပယ်ကို အပြည့်အဝ ထုတ်ဖော် လိုက်သည်။ ကြောက်မက်ဖွယ် ထက်မြက်သော အငွေ့အသက်သည် မီးလျှံဓားမှ ပျံ့နှံ့ ထွက်ပေါ်လာသည်။ ထက်မြက်မှုသည် လောကကိုပင် တုန်လှုပ်စေသည်။

“မိုးကြိုးသံ...”

ဓားတစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့် မိုးကြိုးသံ ပေါက်ကွဲ ထွက်လာသည်။

လျှပ်စီးအလင်းသည် လေဟာနယ်ကို ဆုတ်ဖြဲကာ ဟွာကျင်းယန်၏ ရှေ့သို့ ချက်ချင်း ရောက်ရှိ လာသည်။

“မဖြစ်နိုင်ဘူး...”

ဟွာကျင်းယန်၏ အမူအရာ တင်းမာသွားသည်။ မျက်ဝန်းထဲတွင် စူးရှသော အလင်းတန်းတစ်ချက် ဖြတ်ပြေးသွားပြီး လက်ျာလက်တွင် ချီစွမ်းအင်များ ပြည့်နှက်လာကာ ဓားစွမ်းအင်ကို တည့်တည့် ဆုပ်ကိုင် လိုက်သည်။

“ဘုန်း... ဘုန်း... ဘုန်း... ဘုန်း...”

ဓားစွမ်းအင်သည် ဟွာကျင်းယန်၏ လက်ထဲတွင် ဖမ်းဆုပ်ခံရပြီး ပြင်းထန်စွာ တုန်လှုပ် နေသည်။ ရုန်းထွက်ရန် ကြိုးစားနေသည်။ ထက်မြက်သော အငွေ့အသက် များကြောင့် ဟွာကျင်းယန်၏ လက်ျာလက်မှ သွေးများ ဆက်တိုက် စီးဆင်း နေသည်။

“ဟွာကျင်းယန်... မင်း ဘာကို စောင့်နေတာလဲ... မြေကမ္ဘာမီးလျှံစွမ်းအင်ကို ထုတ်သုံးစမ်း... မြန်မြန် သူ့ကို သတ်ပစ်လိုက်... လော့ချန်ကို သတ်”

ဆွန်ယင်ယန်၏ ဒေါသတကြီး အော်ဟစ်သံ ထွက်ပေါ်လာသည်။

ဆွန်ယင်ယန် သတိပေးရန်ပင် မလိုအပ်ချေ။ ဟွာကျင်းယန်သည် ဤသို့ပင် လုပ်ဆောင်ရန် ပြင်ဆင်ပြီး ဖြစ်သည်။ ဤသို့ လုပ်ဆောင်ရန်လည်း မဖြစ်မနေ လိုအပ် နေသည်။

“ရွှေဖားကို မီးရှို့ခြင်း”

“ဘုန်း...”

အသံနိမ့်နိမ့်ဖြင့် ဒေါသတကြီး အော်ဟစ် လိုက်သည်။ မီးလျှံရွှေဖား၏ မျက်လုံးတွင် မီးလျှံအလင်းများ ပြင်းထန်လာသည်။ ပါးစပ်ဖွင့်ကာ ဟစ်အော် လိုက်သည်။ ဟွာကျင်းယန်၏ ခန္ဓာကိုယ်ပတ်လည်မှ မည်းနက်သောမီးလျှံများ တရစပ် ထွက်ပေါ်လာပြီး တစ်ကိုယ်လုံးကို ဖုံးလွှမ်းကာ ပြင်းထန်စွာ ပေါက်ကွဲ ထွက်လာသည်။

သူ၏ သိုင်းဝိညာဉ်သည် မိုးမြေမှ မီးလျှံကို ဝါးမျိုနိုင်ပြီး သူ၏ကိုယ်ပိုင်ချီစွမ်းအင်ကို မီးရှို့ နိုင်စွမ်း ရှိသည်။ ဤသို့ဖြင့် တိုက်ပွဲစွမ်းအားကို တိုးမြှင့်နိုင်သည်။

ဤသည်မှာ ဟွာကျင်းယန်၏ နောက်ဆုံးလျှို့ဝှက်လက်နက် ဖြစ်သည်။

သို့သော် ဤအကွက်သည် ပြင်းထန်သော နောက်ဆက်တွဲ ပြဿနာများလည်း ရှိနေသည်။ အထူးသဖြင့် မြေကမ္ဘာမီးလျှံစွမ်းအင်ကို အသုံးပြုလိုက်ပါက ကြာရှည်စွာ အသုံးပြုလျှင် သွေးကြောများကို ထိခိုက်နိုင်ပြီး ပြင်းထန်သော ဒဏ်ရာများရရှိနိုင်ကာ အလွန်အင်မတန် အန္တရာယ်များလှသည်။

အလွန်အင်မတန် အရေးကြီးမှသာ ထုတ်သုံးရမည့် လျှို့ဝှက်သတ်ဖြတ်နည်း ဖြစ်သည်။

ယခုအခါ မဖြစ်မနေ ထုတ်သုံးရမည့်အချိန် ဖြစ်သည်။

“ဟွာကျင်းယန်မှာ လျှို့ဝှက်လက်နက် ရှိသေးတယ်လား...”

ပွဲကြည့်ပရိသတ်များသည် လုံးဝ ထုံကျဉ် သွားကြသည်။ အံ့ဩလွန်း၍ မျက်လုံးများ ပြူးကျယ်ကာ မယုံနိုင်အောင် ဖြစ်နေကြသည်။ ဤမျှ ပြင်းထန်သော ထုံရွှမ်နယ်ပယ် သိုင်းပညာရှင်တို့၏ တိုက်ပွဲကို သူတို့ တစ်သက်လုံး တစ်ခါမျှ မမြင်ဖူး ကြသေးချေ။

“ကလစ်...”

မည်းနက်သောအနီပုပ်ရောင် မီးလျှံ အတွင်း၌ ဟွာကျင်းယန်သည် စစ်ပွဲနတ်ဘုရားတစ်ပါးပမာ ဖြစ်နေသည်။ လက်ငါးချောင်းဖြင့် ဆုပ်ကိုင်လိုက်ရာ ဓားစွမ်းအင် ချက်ချင်း ချေမှုန်း ခံလိုက်ရသည်။ နီရဲနေသော မျက်လုံးများဖြင့် လော့ချန်ကို စူးရဲစွာ ကြည့်နေသည်။ သူ၏ အကြည့်များက ရက်စက်ပြီး အေးစက် နေသည်။

“မင်း ငါ့ကို အနိုင်ယူချင်တယ်ပေါ့ ဟုတ်လား။ မဖြစ်နိုင်တဲ့ အတွေးပဲ။ နှစ်တစ်ထောင် ဖိနှိပ်ခြင်းမီးလျှံ...”

တိုက်ပွဲစွမ်းအားသည် အထွတ်အထိပ်သို့ မြင့်တက် သွားပြီးနောက် ဟွာကျင်းယန်သည် လက်ဖဝါးတစ်ချက် ရိုက်ချလိုက်၏။

နှစ်တစ်ထောင် ဖိနှိပ်ခြင်းမီးလျှံ လက်ဖဝါး၏ အခြားသော သတ်ဖြတ်နည်း ဖြစ်သည်။ လက်ဖဝါးတစ်ချက် ရိုက်ချလိုက်ရာ မီးလျှံလက်ဖဝါးလှိုင်းလုံးများ ဆက်တိုက်ထွက်ပေါ်လာပြီး လော့ချန်ကို ဖိနှိပ်လာသည်။ အရာအားလုံးကို ဖျက်ဆီးပစ်မည်ကဲ့သို့ လေထုကိုပင် ပေါက်ကွဲ စေသည်။

“ဘုန်း... ဘုန်း... ဘုန်း... ဘုန်း...”

လေထုသည် အလွှာလိုက် အလွှာလိုက် ပေါက်ကွဲ ထွက်သွားသည်။ လော့ချန်သည် မြူခိုးရိပ်ခြေလှမ်းကို အစွမ်းကုန် လှုံ့ဆော် လိုက်၏။ ဆက်တိုက် ရှောင်တိမ်း နေသည်။

သို့သော် မီးလျှံလက်ဖဝါးစွမ်းအင်များသည် အဆုံးမရှိ ဖြစ်နေသည်။ အဝတ်စတစ်စသည် မတော်တဆ ထိခိုက် ခံရသည်နှင့် ချက်ချင်းပင် ကာကွယ်ရေးချီစွမ်းအင်ကို ထိုးဖောက်ကာ ပြာမှုန့်ဖြစ်သွား တော့သည်။

“တိမ်ယံတည်နေရာ...”

လော့ချန်၏ မျက်လုံးများထဲတွင် တင်းမာသော အရိပ်အယောင်တစ်ချက် ဖြတ်သန်းသွားပြီးနောက် လော့ချန်သည် ဓားတစ်ချက် ဝှေ့ယမ်းလိုက်သည်။ အဆင့်ဆင့်ရှိသော ဓားစွမ်းအင်သည် လက်ဖဝါးစွမ်းအင်ကို ခဏတာ ပိတ်ဆို့ ထားသည်။ သူကိုယ်တိုင်ကမူ ချက်ချင်း မီတာတစ်ရာကျော် အကွာအဝေးသို့ နောက်ဆုတ် သွားသည်။

“ဟားဟား... ဟွာကျင်းယန်... မြန်မြန် သူ့ကို သတ်ပစ်လိုက်”

ဆွန်ယင်ယန်၏ ရက်စက်သော ရယ်သံသည် ကွင်းပြင်တစ်ခုလုံးသို့ ပျံ့နှံ့ သွားသည်။

ဟွာကျင်းယန်သည် မည်းနက်သောအနီပုပ်ရောင် မီးလျှံအတွင်း၌ ရပ်တည်နေသည်။ အရာရာ လွှမ်းမိုးပြီး မာန်တက်သော အရှိန်အဟုန်သည် အရပ်လေးမျက်နှာသို့ ပျံ့နှံ့ နေသည်။ သူက လော့ချန်ဆီသို့ တစ်လှမ်းချင်း လျှောက်လာ၏။ အကြည့်များက နတ်ဘုရားတစ်ပါးပမာ ဖြစ်နေသည်။

“လော့ချန်... မင်း ငါ့ကို ဒီအဆင့်ထိ ရောက်အောင် တွန်းပို့ နိုင်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ငါ မင်းရဲ့ အသန်မာဆုံးစွမ်းအားကို မြင်နိုင်ဖို့ အရည်အချင်းမရှိဘူးလို့ မင်း ပြောခဲ့တာ မဟုတ်လား။ အခု ငါ အရည်အချင်း ရှိပြီလား”

လော့ချန်သည် ဖြည်းညင်းစွာ အသက်တစ်ချက် မှုတ်ထုတ် လိုက်သည်။ စူးရှသော အကြည့်တစ်ချက်က ဟွာကျင်းယန်ဆီသို့ ရောက်ရှိသွားရာ ထက်မြက်မှု အပြည့်အဝ ရှိနေသည်။

“မင်း ဒီလောက် မျှော်လင့်နေတယ်ဆိုရင် ငါ မင်းရဲ့ ဆန္ဒအတိုင်း ဖြည့်ဆည်း ပေးလိုက်မယ်”

“ဘုန်း...”

စကားသံဆုံးသည်နှင့် မှေးမှိန်သော ရောင်စဉ်ကိုးသွယ် မှော်အလင်းသည် လော့ချန်၏ နောက်ကျောမှ ပျံ့နှံ့ ထွက်ပေါ်လာသည်။ ကျောက်စိမ်းကဲ့သို့ ကြည်လင်တောက်ပ နေပြီး အိပ်မက်ပမာ ဖြစ်နေသည်။

အခန်း (၃၇၇) ပြီးပါပြီ။

All Chapters