သိုင်းဝိညာဉ်ပေါ်ထွက်၊ သတ်ဖြတ်နည်း
Vol. 26 Ch. 378
“ဝုန်း...”
ရောင်စဉ်ကိုးသွယ် မှော်အလင်းသည် အိပ်မက်ပမာ တောက်ပပြီး ကြည်လင် နေသည်။ လော့ချန်၏ နောက်ကျောတွင် နတ်တံတားတစ်ခုအဖြစ် ပြောင်းလဲ လာသည်။
နတ်တံတား၏ အဆုံးတွင် ရောင်စဉ်ကိုးသွယ် သိုင်းဝိညာဉ်ဥတစ်လုံး ဖြည်းညင်းစွာ လည်ပတ် နေသည်။
၎င်းသည် တစ်ကိုယ်လုံးတွင် တောက်ပသော အလင်းရောင်များ ဖုံးလွှမ်းနေကာ ခိုင်မာပြီး သန့်စင် နေသည်။ တလက်လက် တောက်ပ နေသည်မှာ ကြယ်တာရာများ လှည့်ပတ်စီးဆင်း နေသကဲ့သို့ ဖြစ်နေသည်။ တစ်ဖန် ရောင်စုံအလင်းတန်းများ ဝန်းရံနေသည့်နှယ် ဖြစ်နေသည်။ အလင်းရောင်သည် ကောင်းကင်သို့ ထိုးတက် နေပြီး နားမလည်နိုင်သော အငွေ့အသက် တစ်မျိုး လည်ပတ်နေသည်။
“ဒုန်း...”
ရောင်စဉ်ကိုးသွယ် သိုင်းဝိညာဉ်ဥ ပေါ်ထွက်လာသည်နှင့် ကြီးမားသော ချီစွမ်းအင် လှုပ်ရှားမှု တစ်ခုသည် လော့ချန်၏ကိုယ်မှ ပျံ့နှံ့ ထွက်ပေါ်လာသည်။ လေထုသည် ရေလှိုင်းပမာ တုန်ခါနေသည်။ သူသည် ထိုနေရာ၌ ရပ်တည် နေစဉ် ဓားအိမ်မှ မကြာမီ ထွက်ပေါ်လာမည့် ထက်မြက်သော နတ်ဘုရားလက်နက် တစ်ခုပမာ ဖြစ်နေသည်။ ထက်မြက်သောအငွေ့အသက်သည် ကောင်းကင်သို့ တည့်တည့် ထိုးတက် သွားသည်။
ဤအခိုက်အတန့်တွင် လော့ချန်သည် နောက်ဆုံးအင်အားကို ထုတ်ဖော်လိုက်သည်။ စွမ်းအားကို အထွတ်အထိပ်အထိ မြှင့်တင်လိုက်ပြီ ဖြစ်သည်။
“ဟူး...”
ပြင်းထန်သော လေလှိုင်းသည် ကျင်းယူတောင်ထိပ်တစ်ခုလုံးကို ဖြတ်ကျော်တိုက်ခတ် သွားသည်။ ထိုနေရာရှိ လူအားလုံး၏ နှလုံးသားကိုလည်း လှုပ်ခတ် သွားစေသည်။
ခဏတာ တိတ်ဆိတ်သွားပြီးနောက် ဆူညံသံများ တဟုန်းဟုန်း ထွက်ပေါ်လာတော့သည်။
“ဒါက... နတ်တံတားပဲ။ မပြည့်စုံတဲ့ သိုင်းဝိညာဉ်ရော ဟုတ်သေးရဲ့လား။ ငါ အမြင်မမှားခဲ့ဘူး မဟုတ်လား”
“လော့ချန်က အသုံးမကျတဲ့သိုင်းဝိညာဉ်ကို နိုးကြားထားတာ ဆိုတဲ့ ကောလာဟလက တကယ်ပဲလား”
“မပြည့်စုံတဲ့ သိုင်းဝိညာဉ် နိုးကြားသူဟာ ကျင့်ကြံမှုလောကမှာ အသုံးမကျသူ မဟုတ်လား။ နတ်တံတားကို ထူထောင်ဖို့နေနေသာသာ ထုံရွှမ်နယ်ပယ်ကို ခြေချ ဖို့တောင် အလွန် ခက်ခဲလှတယ်။ ဂိုဏ်းသုံးဂိုဏ်းက ထိပ်တန်းတပည့်ဆယ်ဦးထဲမှာ အနည်းဆုံး ကြယ်ခြောက်ပွင့် သိုင်းဝိညာဉ် နိုးကြားသူ တွေချည်းပဲ။ သူတို့ထဲမှာတောင် နတ်တံတားကို ထူထောင်နိုင်သူဆိုတာ အနည်းငယ်ပဲ ရှိတယ်။ ဒီ လော့ချန်က ဘယ်လိုတောင် ထူးဆန်းတဲ့သူလဲ”
“ဒီလိုအရာကို ကိုယ်တိုင် တွေ့ဖူးဖို့ထား ခုချိန်အထိ ကြားတောင် မကြားဖူး ခဲ့ဘူး”
လူအများ မျက်လုံးပြူးကာ မယုံနိုင်စွာ ဖြစ်နေကြသည်။
မျက်စိရှေ့မှ မြင်ကွင်းသည် အလွန်အင်မတန် တုန်လှုပ်စရာ ဖြစ်နေသည်။
လူအများ သိကြသည်မှာ အသုံးမကျသည့်သိုင်းဝိညာဉ် နိုးကြားသူများသည် ကျင့်ကြံမှုလောကတွင် အသုံးမကျသူများသာ ဖြစ်ကြသည်။ တစ်သက်လုံး အောင်မြင်မှု ရရှိရန် ခက်ခဲလှသည်။
ဤသို့သော လူသည် နတ်တံတားကို ဖန်တီးနိုင်ခဲ့သည့်အပြင် သွေးကြောနိုးကြားမှုနယ်ပယ် အင်အားကို ပိုင်ဆိုင်နေပြန်သည်။
ဤသည်ကား သိုင်းဝိညာဉ်ကြယ်အလယ်အဆင့်၊ ကြယ်အဆင့်မြင့် သိုင်းဝိညာဉ် နိုးကြားသူများပင် ခြေချရန် ခက်ခဲသော နယ်ပယ် ဖြစ်သည်။
ရွှမ်ယွမ်ဂိုဏ်းဘက်တွင် အကြီးအကဲချန်ရွှမ်နှင့် အခြားသူများ အားလုံး မှင်တက်မိ နေကြသည်။
အထူးသဖြင့် အကြီးအကဲချန်ရွှမ်သည် အချိန်အတော်ကြာသည်အထိ သတိမပြန်ဝင် နိုင်ခဲ့ချေ။
သူ ရှင်းလင်းစွာ မှတ်မိသည်မှာ ခြောက်လအကြာက လော့ချန်သည် ဂိုဏ်းထဲဝင်ရန် စမ်းသပ် ခဲ့ချိန်တွင် သေမျိုးဖြတ်ကျော်နယ်ပယ်သို့ ယခုမှ ထိုးဖောက် နိုင်ခဲ့ခြင်း ဖြစ်သည်။
ခြောက်လတာ အချိန်အတွင်း သေမျိုးဖြတ်ကျော်နယ်ပယ်မှ ထုံရွှမ်နယ်ပယ် တတိယအဆင့် အထွတ်အထိပ်သို့ တက်လှမ်းနိုင်ခဲ့သည်ကပင် သူ့ကို မယုံနိုင်အောင် ဖြစ်စေခဲ့သည်။
ယခုမူ နတ်တံတားကိုပင် ဖန်တီးနိုင်ခဲ့သည်တဲ့လား။
ဤအရာ၏ ခက်ခဲမှု ကွာဟချက်သည် တစ်ဆ၊ နှစ်ဆ မဟုတ်ဘဲ ဆယ်ဆ၊ အဆတစ်ရာမက အဆပေါင်းများစွာ ဖြစ်သည်။
နတ်တံတားကို ဖန်တီးနိုင်ခဲ့လျှင် သွေးကြောနိုးကြားမှုနယ်ပယ် အင်အားရှိသူ ဖြစ်လာသည်။ အဓိပ္ပာယ် နှစ်ခုမှာ လုံးဝ ကွာခြားနေသည်။ အဆင့်တစ်ခုသာ ကွာခြားသော်လည်း ကောင်းကင်နှင့် မြေကြီးပမာ ကွာခြားနေခြင်းဖြစ်သည်။
ရွှမ်ယွမ်ဂိုဏ်းမှ ထိပ်တန်းတပည့်ဆယ်ဦးသည် တစ်ဦးချင်းစီ ထူးချွန် ကြ၏။ သို့သော် ချီဂူးယွမ်တစ်ဦးတည်းသာ နတ်တံတားကို ဖန်တီးနိုင်ခဲ့သည်ကို ကြည့်လျှင် ခက်ခဲမှု မည်မျှ ကြီးမားသည်ကို သိနိုင်သည်။
နဝမအကြီးအကဲသည် နက်ရှိုင်းစွာ အသက်ရှူ လိုက်သည်။ လော့ချန်ကို ကြည့်ကာ ဆို၏။
“အကြီးအကဲချန်ရွှမ်... မင်း တကယ် ကောင်းတဲ့ တပည့်တစ်ဦးကို လက်ခံ လိုက်တာပဲ။ ငါတို့ ရွှမ်ယွမ်ဂိုဏ်းက ဒီတစ်ခေါက် ဂိုဏ်းသုံးဂိုဏ်းပြိုင်ပွဲရဲ့ ပထမနေရာကို တကယ်ပဲ ရရှိနိုင် လိမ့်မယ်”
အကြီးအကဲချန်ရွှမ် ပါးစပ်ဟ လိုက်သည်။ သို့သော် စကားမပြောနိုင်ခဲ့ချေ။ အိပ်မက်မက် နေသည့်နှယ် ဖြစ်နေသည်။
တစ်ဖက်တွင် အကြီးအကဲရှဲ့ယန်၏ မျက်လုံးများ ငြိမ်သက် နေသည်။
“ချင်းယွမ်သွေးရွှင်ဆေးလုံးက ဘာလို့ အာနိသင် မပေါ်သေးတာလဲ...”
သူမသည် ယခင်က ကျင်းမင်က တန်ဖိုးကြီးလှသော ချင်းယွမ်သွေးရွှင်ဆေးလုံးကို လော့ချန်အပေါ် အသုံးပြုခဲ့သည်မှာ အလွန် ဖြုန်းတီး လွန်းသည်ဟု ယူဆခဲ့သည်။
ယခုတွင် လော့ချန်၏ လျှို့ဝှက်သော စွမ်းအားက ဤမျှ နက်နက်ရှိုင်းရှိုင်း ဖုံးကွယ် နိုင်လိမ့်မည်ဟု မည်သို့မျှ မထင်မှတ် ခဲ့ချေ။ နတ်တံတားကိုပင် ဖန်တီးနိုင်ခဲ့သည်။ ဟွာကျင်းယန်ကိုပင် အန္တရာယ်ဖြစ်စေနိုင်သော စွမ်းအားရှိနေသည်။ သူမ၏ စိတ်ထဲတွင် ချင်းယွမ်သွေးရွှင်ဆေးလုံး၏ အာနိသင် အမြန်ဆုံး ပေါက်ကွဲရန်သာ မျှော်လင့် နေမိသည်။
မဟုတ်ပါက လော့ချန်သာ ဂိုဏ်းသုံးဂိုဏ်းပြိုင်ပွဲ၏ ပထမနေရာကို ရရှိခဲ့လျှင် ကျင်းမင်ကို ရှင်းပြရန် ခက်ခဲပေလိမ့်မည်။
အမြင့်ဆုံး စင်မြင့်ပေါ်တွင် အကြီးအကဲဝူးရှန်သည် လော့ချန်ကို စိတ်ဝင်တစား ကြည့်နေသည်။
ပို၍ တိကျစွာဆိုရလျှင် လော့ချန်၏ နောက်ကျောရှိ ရောင်စဉ်ကိုးသွယ် သိုင်းဝိညာဉ်ဥကို စိုက်ကြည့်နေခြင်းပင်။ သူ၏ မျက်လုံးများက တောက်ပစွာ လင်းလက် နေသည်။
“ချီစွမ်းအင်က ရှုပ်ထွေးလှတယ်... ဝိညာဉ်စွမ်းအင်ကို အတွင်းမှာ သိုလှောင်ထားသေးတယ်... သိုင်းဝိညာဉ်တော့ မရှိဘူး... တကယ်ပဲ မပြည့်စုံတဲ့ သိုင်းဝိညာဉ်တော့မှန်တယ်... ဒါပေမဲ့... အသုံးမကျတဲ့ သိုင်းဝိညာဉ်ကို နိုးကြားထားရဲ့သားနဲ့ နတ်တံတားကို ဖန်တီးတိုင်တယ်တဲ့လား...”
တစ်ဖက်တွင် ဆွန်ယင်ယန်သည် လော့ချန်၏ သိုင်းဝိညာဉ်ထုတ်ဖော်သော ခဏတာတွင် စိတ်လှုပ်ရှားစွာ ထရပ်လိုက်သည်။ လျှာကိုပင်ကိုက်မိ လုနီးပါး ဖြစ်သွားသည်။
“မဖြစ်နိုင်ဘူး။ ဒီ အသုံးမကျသူက နတ်တံတားကို ဘယ်လိုလုပ် ဖန်တီးနိုင်ရတာလဲ”
ဆွန်ယင်ယန်သည် မည်သို့မျှ မယုံကြည်နိုင်ခဲ့ချေ။ လော့ချန်၏ ကျင့်ကြံမှုအဆင့်သည် ဤမျှ မြင့်မား လိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။ သူ၏ မျက်လုံးများထဲတွင် ရက်စက်ပြီး ကြောက်မက်ဖွယ်ရာ အရိပ်အယောင်များ ထင်ရှားနေ၏။ သူက များစွာသော အကြောင်းအရာများကို တွေးတောမိသည်။
လော့ချန်၏ မိခင်။ မူလကျိမိသားစု။ လော့ချန်၏ ခန္ဓာကိုယ်ထဲတွင် စီးဆင်းနေသော ကျိမိသားစုသွေး။
“သူ့ကို ကျိမိသားစုက စွန့်ပစ် ခဲ့တာ မဟုတ်ဘူးလား။ ဒါ လိမ်လည်မှုများ ဖြစ်နေမလား”
ဆွန်ယင်ယန်၏ လက်သီးနှစ်ဖက်မှ သွေးကြောများ ထွက်ပေါ်လာသည်။ ရုတ်တရက် ခေါင်းလှည့်ကာ ဟွာကျင်းယန်ဆီ ပြင်းထန်စွာ အော်ဟစ် လိုက်သည်။
“ဟွာကျင်းယန်... မြန်မြန် သူ့ကို သတ်။ သူ့ကို သတ်ပစ် လိုက်စမ်း”
ဆွန်ယင်ယန်သည် သတ်ဖြတ်လိုစိတ်များ ထူထပ်နေသည်။ မျက်နှာသည် ကြောက်မက်ဖွယ် ရှိနေသည်။
လော့ချန်ကို ကျိမိသားစုက စွန့်ပစ် ခဲ့သည်ဖြစ်စေ၊ မစွန့်ပစ် ခဲ့သည်ဖြစ်စေ အရေးမပါတော့ချေ။
အရေးကြီးသည်မှာ လော့ချန်သည် ယနေ့ သေကို သေရမည် ဖြစ်သည်။
စင်မြင့်ပေါ်တွင် ဟွာကျင်းယန်သည် တုန်လှုပ်မှုမှ သတိပြန်ဝင်လာသည်။ မျက်လုံးများက လော့ချန်ကို စူးရှစွာ စိုက်ကြည့်နေသည်။ ထို့နောက် အေးစက်စွာ ရယ်လိုက်၏။
“ဒါက မင်းရဲ့ နောက်ဆုံးလျှို့ဝှက်လက်နက်လား။ မင်းရဲ့ အသုံးမကျတဲ့သိုင်းဝိညာဉ်နဲ့ နတ်တံတားကို ဖန်တီးနိုင်ခဲ့ရင်တောင် ဘာတတ်နိုင်မှာလဲ။ မင်း တိုက်ပွဲစွမ်းအား ဘယ်လောက်ပဲ တိုးမြှင့် နိုင်ပါစေ... ဒီလောက်ပဲ ဖြစ်ဦးမှာပါ။ ဒီထက် ပိုပြီး မရှိတော့ ဘူးဆိုရင် မင်း သေရတော့မယ်”
ဟွာကျင်းယန်သည် အလျင်စလို မလုပ်ချေ။ တစ်လှမ်းချင်း လော့ချန်ကို ဖိအားပေး လာသည်။ အရှိန်အဟုန်သည် ပိုမို ပြင်းထန် လာ၏။
မြေကမ္ဘာမီးလျှံစစ်စွမ်းအင်သည် ခဏမျှ ဆက်လက်တောက်လောင် နိုင်သေးသည်။ လော့ချန်က သူ၏ အသန်မာဆုံးစွမ်းအားကို မြင်နိုင်ဖို့ အရည်အချင်းမရှိဘူး ဟု ပြောခဲ့သည်။ ဟွာကျင်းယန်သည် လော့ချန်၏ အကောင်းဆုံး အခြေအနေကို အနိုင်ယူ လိုသည်။
ဟွာကျင်းယန်၏ စကားကို ကြားသောအခါ လူများ ရုတ်တရက် သဘောပေါက် ကုန်ကြသည်။
နတ်တံတားကို ထူထောင်ပြီးနောက် သိုင်းဝိညာဉ်သည် တိုက်ပွဲစွမ်းအားကို တိုးမြှင့် ပေးသည်။ တိုးမြှင့်နိုင်သည့် စွမ်းအားပမာဏသည် မိမိ၏ နယ်ပယ်အပြင် သိုင်းဝိညာဉ်၏ အရည်အသွေး ပေါ်တွင်လည်း မူတည် နေသည်။
သာမန် သိုင်းဝိညာဉ်သည် တစ်ဆ နှစ်ဆသာ တိုးမြှင့်နိုင်ခြင်း ဖြစ်သည်။ ဟွာကျင်းယန်၏ စိတ်ဝိညာဉ်အဆင့် သိုင်းဝိညာဉ်ကမူ သုံးဆ အထိ တိုးမြှင့်နိုင်သည်။
လော့ချန်သည် အသုံးမကျသည့်သိုင်းဝိညာဉ်ကို နိုးကြားသူ ဖြစ်သည်။ နတ်တံတားကို ဖန်တီးနိုင်ခဲ့လျှင်ပင် တိုက်ပွဲစွမ်းအားကို တိုးမြှင့် နိုင်မှုသည် အနည်းငယ်သာ ရှိလိမ့်မည်။ ယခု စွမ်းအား အပြည့်အဝ ထုတ်သုံးနေသော ဟွာကျင်းယန်ကို တားဆီးရန်မှာ အလွန် ခက်ခဲ နေဦးမည်။
“ကလစ်...”
လော့ချန်သည် ဓားတစ်ချက် ပေါ့ပေါ့ပါးပါး ဝှေ့ယမ်း လိုက်ကာ စင်မြင့်ကို ပိုင်းဖြတ် လိုက်သည်။ တည်ငြိမ်သော မျက်လုံးများဖြင့် ဟွာကျင်းယန်ကို ကြည့်သည်။
“မင်း စမ်းကြည့်ရင် သိ လိမ့်မယ်”
“ဟဲဟဲ... မာန်တက် နေတာပဲ။ ဒီတစ်ကွက်နဲ့တင် မင်းနဲ့ မင်းရဲ့ ယုံကြည်မှုအားလုံးကို ကြေမွ သွားအောင် လုပ်ပစ်မယ်”
ဟွာကျင်းယန်သည် ပြက်ရယ်ပြုစွာ ရယ်လိုက်သည်။ ခန္ဓာကိုယ်ပတ်လည်မှ မည်းနက်သောအနီပုပ်ရောင် မီးလျှံ များသည် ပြင်းထန်စွာ တောက်လောင် လာသည်။ မီးမြွေများပမာ ရူးသွပ်စွာ ကခုန် နေကြသည်။ အရှိန်အဟုန်သည် လျင်မြန်စွာ ပေါက်ကွဲထွက်လာပြီး ကောင်းကင်ကို ဖုံးလွှမ်း သွားသည်။ လွှမ်းမိုးသော အငွေ့အသက်သည် ကောင်းကင်မြေကြီးကို ဖျက်ဆီးမည့် ထင်ယောင်ထင်မှားမှုကို ပေးစွမ်းသည်။
“နှစ်တစ်ထောင် ဖိနှိပ်ခြင်းမီးလျှံ...”
ဟွာကျင်းယန်သည် လော့ချန်ကို ပစ်မှတ်ထားကာ လက်ဖဝါးတစ်ချက် ရိုက်ချလိုက်ရာ မည်းနက်သောအနီပုပ်ရောင် မီးလျှံသည် ကြီးမားသော ချော်ရည်စီးကြောင်းအဖြစ် ပြောင်းလဲသွားသည်။ အရာအားလုံးကို ဖျက်ဆီးမည့် ဟန်ပန်ဖြင့် လေဟာနယ်ကို ပေါက်ကွဲစေပြီး လော့ချန်ဆီသို့ ပြင်းပြင်းထန်ထန် ထိုးနှက် လာသည်။
အဝေးမှ ကြည့်ရှု နေသော လူအများစုသည် တားဆီး၍မရသော အာဏာပြည့်ဝသည့် အငွေ့အသက်ကို ခံစားကြရသည်။ တစ်ဦးချင်းစီသည် အသက်ရှူရန်ပင် မဝံ့မရဲ ဖြစ်နေကြသည်။
ဤမျှ ကြောက်မက်ဖွယ် တိုက်ခိုက်မှုကို ရင်ဆိုင်နေရသည့်တိုင် လော့ချန်သည် ရှောင်တိမ်းခြင်း မပြုချေ။ သူ၏ စိတ်နှလုံးသည် အောက်သို့ နစ်မြုပ် သွားသည်။ တစ်ကိုယ်လုံးရှိ ချီစွမ်းအင်သည် မီးလျှံဓား အတွင်းသို့ ရူးသွပ်စွာ စုစည်းသွားရာ မုန်တိုင်းမတိုက်မီ ခဏတာ တိတ်ဆိတ်ခြင်းကို အခြေအနေကို ဖြစ်ပေါ်စေသည်။
မီးလျှံချော်ရည်စီးကြောင်း အနီးသို့ ရောက်ရှိ လာချိန်တွင်မှ လော့ချန်၏ မျက်လုံးများထဲတွင် အလင်းတန်းတစ်ချို့ လက်ခနဲဖြစ်သွားပြီး မျက်လုံးအိမ်အတွင်းမှ ဓားအရှိန်အဟုန်သည် တားဆီး၍ မရနိုင်ဘဲ လေဟာနယ်ကို ထိုးဖောက် သွားသည်။
အင်အား အပြည့်အဝ ထုတ်သုံးရန် ဆုံးဖြတ်လိုက်ပြီဖြစ်၍ လော့ချန်သည် လက်ဆလျှော့မထားတော့ပေ။
သူ့အတွက် ယနေ့သတ်ဖြတ်နည်းသည် မနက်ဖြန်တွင် သူ၏ သတ်ဖြတ်နည်း မဟုတ်တော့ချေ။
“နတ်ဆိုးမုန်တိုင်း သတ်ဖြတ်နည်း...”
အင်အားစုစည်းမှု အထွတ်အထိပ်သို့ ရောက်ရှိသွားသည်နှင့် မီးလျှံဓားကို တစ်ချက် ခုတ်ပိုင်းချလိုက်သည်။
“ဘုန်း...”
မီးလျှံချော်ရည်စီးကြောင်းနှင့် ခန့်မှန်းမရသော ဓားစွမ်းအင် လေဆင်နှာမောင်းတို့သည် ပြင်းထန်စွာ ထိပ်တိုက်ဆုံမိ သွားကြသည်။ ပတ်ဝန်းကျင်ရှိ စင်မြင့်များသည် ချက်ချင်း ပြာမှုန့်ဖြစ်အောင် ကြေမွ ကုန်ကြသည်။ ကြီးမားသော ဖိအားကြောင့် မြေမှုန့်များအဖြစ် နင်းချေ ခံလိုက်ရသည်။
လူအများ အာရုံစူးစိုက် ကြည့်နေစဉ် အံ့မခန်း မြင်ကွင်း တစ်ခု ဖြစ်ပေါ်လာသည်။
“ရှစ်...”
အာဏာစွမ်းအား ပြည့်ဝပြီး အင်အားကြီးမားသော မီးလျှံချော်ရည်စီးကြောင်းသည် ဓားစွမ်းအင် လေဆင်နှာမောင်းကြောင့် ချက်ချင်း ထိုးဖောက်ခံရ လိုက်သည်။ ဓားစွမ်းအင် လေဆင်နှာမောင်း၏ ကျန်ရှိနေသော အရှိန်အဟုန်သည် လျော့နည်းမသွားဘဲ ဟွာကျင်းယန်၏ ရင်ဘတ်ကို ပြင်းထန်စွာ ထိမှန်သွားသည်။
“ဖူး...”
ဟွာကျင်းယန်၏ ပါးစပ်မှ သွေးများ ပန်းထွက်လာသည်။ ဓားစွမ်းအင် လေဆင်နှာမောင်း စွမ်းအားကြောင့် လေထဲတွင် တောင့်တင်းနေရာမှ ကြယ်ကြွေပမာ နောက်သို့ တည့်တည့် လွင့်စင် သွားသည်။
“ဘုန်း...”
တစ်မိုင်ခန့် ဝေးသော နေရာရှိ ကျောက်ဆောင်များသည်ပင် ထိခိုက်မှုကြောင့် ပြာမှုန့်အဖြစ် ကြေမွသွားကာ ဆယ်မီတာကျော် ကျယ်ဝန်းသော ကြီးမားသည့် တွင်းကြီးတစ်ခု ပေါ်ထွက်လာသည်။
အခန်း (၃၇၈) ပြီးပါပြီ။