မူလမိသားစု၏ ရက်စက်မှု၊ သတ်ဖြတ်ခြင်းနှင့် သေဆုံးခြင်း
Vol. 26 Ch. 379
ကျင်ယူတောင်ထိပ်တစ်ခုလုံးတွင် အပ်ကျသံပင် ကြားနိုင်လောက်အောင် တိတ်ဆိတ်သွားသည်။
ဓားစွမ်းအင် လှုပ်ရှားမှု၏ မြည်ဟီးသံသည်သာ ကြာရှည်စွာ ပဲ့တင်ထပ်နေသည်။
ဂိုဏ်းသုံးဂိုဏ်းမှ လူအားလုံးသည် ထရပ်လိုက်ကြ၏။ ဂိုဏ်းအကြီးအကဲများ ဖြစ်စေ၊ ထိပ်တန်းတပည့်ဆယ်ဦး ဖြစ်စေ အားလုံး မှင်တက်မိနေကြသည်။
ပွဲကြည့်ပရိသတ်များသည်လည်း မျက်လုံးများ ပြူးကျယ်နေကြပြီး မျက်စိရှေ့မှ မြင်ကွင်းကို မယုံနိုင်စွာ ကြည့်နေကြသည်။
ဤသို့သောရလဒ် ဖြစ်လာလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ချေ။
ဟွာကျင်းယန်သည် တားဆီး၍မရအောင် သန်မာသည်။ စိတ်ဝိညာဉ်အဆင့် သိုင်းဝိညာဉ်ကို ထုတ်ဖော်သည်။ မြေကမ္ဘာမီးလျှံစွမ်းအင်ဖြင့် ချီစွမ်းအင်ကို မီးရှို့ကာ တိုက်ပွဲစွမ်းအားကို တိုးမြှင့်သည်။ စွမ်းအားသည် ကောင်းကင်ကိုပင် တုန်လှုပ်စေလောက်သည်။ ဂိုဏ်းသုံးဂိုဏ်းလူငယ်မျိုးဆက်၏ ပြိုင်ဘက်ကင်းသော ဘုရင်တစ်ပါးအဖြစ် ရပ်တည်နေသည်။
သို့သော် ဤမျှ လွှမ်းမိုးသော ဟွာကျင်းယန်သည်ပင် လော့ချန်လက်ထဲ မရှုမလှ ရှုံးနိမ့်ခဲ့သည်။ ဓားတစ်ချက်တည်းဖြင့် ချက်ချင်း သတ်ဖြတ်ခံရလိုက်သည်။
ဤသို့သော ပြင်းထန်သော ဆန့်ကျင်ဘက် အခြေအနေသည် လူအများအား နှိုင်းယှဉ်၍မရသော တုန်လှုပ်မှုကို ဖြစ်စေသည်။ စိတ်နှလုံးထဲသို့ တည့်တည့် ထိုးဖောက်သွားရာ စကားတစ်ခွန်းပင် မပြောနိုင်ခဲ့ကြချေ။
“ဒါ... ဒါ... ဒါ... အိပ်မက်မက်နေတာ မဟုတ်ပါဘူးနော်”
နောက်ဆုံးတွင် တစ်စုံတစ်ယောက် နက်နက်ရှိုင်းရှိုင်း သက်ပြင်းချလိုက်သည်။
“... ကြယ်ဆယ်ပွင့် စိတ်ဝိညာဉ်အဆင့် သိုင်းဝိညာဉ်နိုးကြားသူ ဟွာကျင်းယန်ဟာ အသုံးမကျတဲ့သိုင်းဝိညာဉ် နိုးကြားထားတဲ့ လက်သစ် လူငယ်တစ်ဦးရဲ့ လက်ချက်နဲ့ ရှုံးနိမ့်သွားခဲ့တယ်တဲ့။ အိပ်မက်ထဲမှာတောင် ဒီလို မဖြစ်ရဲဘူး..”
“ဂိုဏ်းသုံးဂိုဏ်းပြိုင်ပွဲ ပထမနေရာ... ရွှမ်ယွမ်ဂိုဏ်းဟာ ဒီတစ်ခါတော့ တကယ်ပဲ မျက်နှာပန်းလှသွားပြီ”
“သူတို့ကိုယ်တိုင်တောင် လော့ချန်က ဂိုဏ်းသုံးဂိုဏ်းပြိုင်ပွဲရဲ့ ပထမနေရာကို ရရှိလိမ့်မယ်လို့ မထင်ထားခဲ့ကြဘူးလို့ ထင်တယ်။ ရွှမ်ယွမ်ဂိုဏ်းက လူတွေရဲ့ မျက်နှာအမူအရာကို ကြည့်ကြပါဦး...”
ရွှမ်ယွမ်ဂိုဏ်းမှ လူအများ အားလုံး မှင်တက်မိနေကြသည်။ အချိန်အတော်ကြာသည်အထိ သတိပြန်မဝင်နိုင်ခဲ့ကြချေ။
ဂိုဏ်းသုံးဂိုဏ်းပြိုင်ပွဲ၏ ပထမနေရာကို သူတို့တစ်ခါမျှ မျှော်လင့်မထားခဲ့ဖူးချေ။ စိတ်ကူးပင် မယဉ်ဝံ့ခဲ့ကြချေ။
ဤသည်က လုံးဝ မဖြစ်နိုင်သောကြောင့်ပင်။
လျှပ်ယွမ်ဂိုဏ်းနှင့် လော့ရှာဂိုဏ်းမှ လူငယ်မျိုးဆက်များ ဤမျှ လွှမ်းမိုးသော စွမ်းအားနှင့် ပြည့်စုံနေကြသည်။ ဟွာကျင်းယန်နှင့် ယန်ချင်းရှုံးတို့ နှစ်ဦးတည်းကပင် သူတို့အား ရှေ့ဆုံးနှစ်နေရာကို မျှော်လင့်ခြင်းမှ ဝေးကွာစေခဲ့သည်။
ပထမနေရာကိုဆိုလျှင် ပို၍ပင် မတွေးရဲခဲ့ကြချေ။
“ဂိုဏ်းသုံးဂိုဏ်းပြိုင်ပွဲ ပထမနေရာ... ဒီကောင်လေးဟာ ပြောရင် ပြောတဲ့အတိုင်း တကယ် လုပ်နိုင်ခဲ့တယ်”
နဝမအကြီးအကဲသည် စိတ်လှုပ်ရှားမှုကြောင့် ခန္ဓာကိုယ်ပင် တုန်ယင်နေသည်။ အကြီးအကဲချန်ရွှမ်ကို လှည့်ကာ မေးလိုက်သည်။ “အကြီးအကဲချန်ရွှမ်... မင်း လော့ချန်ရဲ့ ထူးခြားမှုကို အစကတည်းက တွေ့ရှိခဲ့လို့ သူ့ကို တပည့်ရင်းအဖြစ် လက်ခံခဲ့တာလား...”
“မဖြစ်နိုင်ပါဘူး...”
အကြီးအကဲချန်ရွှမ်သည် သတိပြန်ဝင်လာပြီး ခေါင်းခါလိုက်သည်။
“အမှန်တိုင်းပြောရရင် အဲ့ဒီတုန်းက လော့ချန်ကို ဂိုဏ်းက မောင်းထုတ်မှာကို မကြည့်ရက်လို့သာ တပည့်ရင်းအဖြစ် လက်ခံဖို့ ကတိပေးခဲ့တာပါ...”
“ဒီအရာအားလုံးက သူကိုယ်တိုင်ရဲ့ စွမ်းအားကြောင့်သာ ဖြစ်ပေါ်လာခြင်း ဖြစ်တယ်... ငါက ကျင့်ကြံခြင်းဆိုင်ရာ ပြဿနာတချို့ကိုသာ အနည်းငယ် ထောက်ပြပေးခဲ့ဖူးတာ... ဒါပေမဲ့ သူ့ရဲ့ နောက်ခံသမိုင်းက ရွှမ်ဧကရာဇ်တောင်ထိပ်က ကျိမိသားစုနဲ့ ဆက်စပ်နေတယ်လို့ ငါ ကြားမိတယ်...”
“ကျိမိသားစု... ရွှမ်ဧကရာဇ်တောင်ထိပ်... ကျိမိသားစု”
နဝမအကြီးအကဲသည် အမူအရာ တောင့်တင်းသွားသည်။ လော့ချန်ကို လှည့်ကြည့်ပြီး ညင်သာစွာ ခေါင်းညိတ်လိုက်သည်။
“ဒီလိုဆိုရင် အံ့ဩစရာ မရှိတော့ဘူး။ အဲ့ဒီလို နေရာမျိုးမှာ သာမန်လူတစ်ဦးကတောင် စည်းမျဉ်းတွေကို ချိုးဖောက်ပြီး အံ့ဖွယ်ရာတွေ ဖန်တီးနိုင်တာပဲ...”
အကြီးအကဲချန်ရွှမ်သည် လှိုက်လှဲစွာ ပြုံးလိုက်၏။
“အံ့ဖွယ်ရာအကြောင်း ပြောရမယ်ဆိုရင် ငါတို့ မျက်စိရှေ့မှာကို တစ်ခု ရှိနေပြီလေ...”
နဝမအကြီးအကဲ ခေါင်းညိတ်သည်။ ထို့နောက် ခေါင်းခါလိုက်ပြန်သည်။
“စိတ်မကောင်းစရာပဲ... မျိုးရိုးဗီဇချို့ယွင်းချက် ရှိနေတယ်။ အသုံးမကျတဲ့သိုင်းဝိညာဉ်ဆိုတာ နောက်ဆုံးမှာ အလားအလာ အကန့်အသတ်ရှိတယ်... နောင်မှာ ရရှိမဲ့ အောင်မြင်မှုကိုတော့...”
သက်ပြင်းတစ်ချက် ညင်သာစွာ မှုတ်ထုတ်လိုက်သည်။ နဝမအကြီးအကဲသည် ဆက်လက်၍ ဆိုသည်။
“သူ ရွှမ်ဧကရာဇ်တောင်ထိပ်က ကျိမိသားစုနဲ့ ဆက်စပ်နေခဲ့ရင် ဒါက သူ့အတွက် ကောင်းတဲ့အချက်မဟုတ်ဘူး။ အဆင့်အတန်း မြင့်မားလေလေ၊ ပိုပြီး ရက်စက်လေလေပဲ...”
အကြီးအကဲချန်ရွှမ် တိတ်ဆိတ်သွားသည်။
မူလမိသားစုသည် အလွန် ရက်စက်သည်။ ဤသို့ ရာစုနှစ်များစွာ သက်တမ်းရှည်ကြာသော မူလမျိုးနွယ်စုများသည် ပို၍ပင် ရက်စက်ကြသည်။
လျှပ်ယွမ်ဂိုဏ်းမှ လူများသည် မျက်နှာထား တင်းမာကာ ထိုနေရာ၌ မတ်တပ်ရပ်နေကြသည်။ အလားတူ မှင်တက်မိနေကြသည်။
ဟွာကျင်းယန် ရှုံးနိမ့်ခြင်းက သူတို့အား ကြီးမားသော ထိုးနှက်မှုကို ဖြစ်စေခဲ့သည်။
မျက်စိရှေ့မှ မြင်ကွင်းအားလုံးသည် ထင်ယောင်ထင်မှားမှု ဖြစ်နေသည်ဟု ယုံကြည်ရန်ပင် မဝံ့မရဲ ဖြစ်နေကြသည်။
ရက်စက်မှု၊ သတ်ဖြတ်ခြင်းနှင့် သေဆုံးခြင်း...
စင်မြင့်ပေါ်တွင် လော့ချန်သည် ပရိသတ်တို့၏ ဆွေးနွေးသံများကို ဂရုမစိုက်ချေ။ အကြည့်သည် မီတာတစ်ထောင်ကျော်အကွာရှိ အပျက်အစီးများဆီသို့ ရောက်ရှိနေသည်။
ဖုန်မှုန့်များ ပျံ့လွင့်ပြီးနောက် သွေးများဖြင့် စိုရွှဲနေသော လူတစ်ဦး၏ ပုံရိပ်သည် တွင်းကြီးအတွင်းမှ ထင်ရှားလာသည်။
ဟွာကျင်းယန်၏ ခန္ဓာကိုယ်တစ်ခုလုံး ဓားရာများ ပြည့်နှက်နေသည်။ အထူးသဖြင့် ရင်ဘတ်သည် သွေးသားများ စိစိညက်ညက် ကြေမွနေသည်။ ဖြူဖွေးသော အရိုးများကိုပင် မြင်နေရ၏။ သို့သော် အနည်းငယ် နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။
“မသေသေးဘူး...”
လော့ချန်သည် အနည်းငယ် အံ့အားသင့်သွားသည်။ အကောင်းဆုံး အခြေအနေတွင် အစွမ်းကုန် ထုတ်သုံးလိုက်သော နတ်ဆိုးမုန်တိုင်း သတ်ဖြတ်နည်း ဖြစ်သည်။ ဤသည်ကား သူ၏ အစွမ်းအကုန် တိုက်ပွဲစွမ်းအားဖြစ်သည်။
လွန်စွာ မလွန်ချေ။ သာမန် သွေးကြောနိုးကြားမှုနယ်ပယ် အဆင့်နှစ် သန်မာသူပင် ဤဓားချက်ကို ခံရလျှင် မုချ သေဆုံးရမည်ပင်။
ဟွာကျင်းယန်သည် အသက်ပင် ရှိနေသေးသည်။ ဤသူသည် စိတ်ဝိညာဉ်အဆင့် သိုင်းဝိညာဉ်နိုးကြားထားသော ထူးချွန်ပါရမီရှင်ဖြစ်သည်မှာ သေချာသည်။
“ဝှစ်...”
ခန္ဓာကိုယ် လှုပ်ရှားသွားသည်နှင့် လော့ချန်သည် ချက်ချင်းပင် ဟွာကျင်းယန်ဆီသို့ ထိုးဖောက်သွားသည်။
ကိစ္စက ဤသို့ဖြစ်လာခဲ့လျှင်... သူသည် အဖိုး၏ စကားအတိုင်း ကျူပင်ခုတ်လျှင် ကျူငုတ်ကို ချန်မထားချင်ပေ။
“အရိုင်းအစိုင်းကောင်... မင်း လုပ်ရဲတယ်လား...”
လျှပ်ယွမ်ဂိုဏ်းမှ လူများ သတိပြန်ဝင်လာကြသည်။ ဆွန်ယင်ယန်သည် ဒေါသတကြီးဖြစ်ကာ ခန္ဓာကိုယ် လှုပ်ရှားသွားသည်။ လက်သည်းတစ်ချက်ဖြင့် လော့ချန်ကို လေထဲမှ ဆွဲဆုတ်လိုက်သည်။
လော့ချန်သည် မျက်မှောင်ကြုတ်လိုက်ကာ ခန္ဓာကိုယ်သည် အလွန်လျင်မြန်စွာ နောက်ဆုတ်သွားစဉ် လေထဲတွင် ဓားတစ်ချက်ဖြင့် အပျက်အစီးများအတွင်းရှိ ဟွာကျင်းယန်ကို ပိုင်းဖြတ်ချလိုက်သည်။
“ဘုန်း...”
ထက်မြက်သော လက်သည်းစွမ်းအင်သည် လော့ချန်ကို အနီးကပ် ဖြတ်ကျော်သွားသည်။
တစ်ချိန်တည်းတွင် လခြမ်းကွေးပုံစံ ဓားစွမ်းအင်သည် ဟွာကျင်းယန်ဆီသို့ တည့်တည့် ထိုးထွင်းသွားသည်။
“ဘုန်း...”
ပေါက်ကွဲသံ ထွက်ပေါ်လာသည်နှင့်အတူ ဆံချည်မျှင် အကွာအဝေးတွင် လူတစ်ဦးသည် ဟွာကျင်းယန်၏ ရှေ့မှ ပိတ်ဆို့ရပ်တည်လိုက်သည်။ လက်သီးတစ်ချက်ဖြင့် ဓားစွမ်းအင်ကို ချေမှုန်းလိုက်ခြင်းပင်။ သူသည် လျှပ်ယွမ်ဂိုဏ်း၏ အကြီးအကဲရမ်ကွေ့ ဖြစ်သည်။
ဤမြင်ကွင်းကို မြင်သောအခါ လော့ချန်၏ စိတ်ထဲတွင် အလွန် တင်းမာသွားသည်။
ထိုစဉ် ဆွန်ယင်ယန်သည် လော့ချန်ဆီသို့ အလွန်လျင်မြန်စွာ ရောက်ရှိလာသည်။
“သေစမ်း...”
ဒေါသတကြီး အော်ဟစ်သံနှင့်အတူ ဆွန်ယင်ယန်၏ တစ်ကိုယ်လုံးရှိ ချီစွမ်းအင်များ ပေါက်ကွဲထွက်လာသည်။ လက်ျာလက်ဖြင့် လေထဲတွင် ဆုပ်ကိုင်လိုက်ရာ ဆယ်မီတာခန့် ကြီးမားသော အပြာရောင်လက်သည်းစွမ်းအင်သည် လော့ချန်ကို ဆွဲဆုတ်လာသည်။ ထက်မြက်သော အငွေ့အသက်များကြောင့် မြေပြင်တွင် ကြီးမားသော အက်ကွဲကြောင်းများ ဖြစ်ပေါ်လာ၏။
“မြူခိုးရိပ် ပေါက်ကွဲခြင်း...”
လော့ချန်သည် ဆွန်ယင်ယန်ကို အပိုင်းပိုင်း ခုတ်ပိုင်းပစ်လိုသော်လည်း သူသည် စိတ်ပိုင်းဆိုင်ရာ ရူးသွပ်မှု မရှိချေ။
သွေးကြောနိုးကြားမှုနယ်ပယ် အဆင့်ခြောက် သန်မာသူသည် သူ ရင်ဆိုင်နိုင်သောအဆင့် မဟုတ်သေးချေ။ ချက်ချင်း ခန္ဓာကိုယ်ကို ပေါက်ကွဲစေပြီး နောက်သို့ အလွန်လျင်မြန်စွာ ဆုတ်ခွာသွားသည်။
“ရှစ်... ရှစ်... ရှစ်... ရှစ်...”
လူရိပ်များ ဆက်တိုက် ဖျက်ဆီးခံရကာ တိုက်ခိုက်မှုလှိုင်းသည် အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားသည်။
“သူခိုးကောင်...”
ဒေါသတကြီး အော်ဟစ်သံ ထွက်ပေါ်လာသည်။ နဝမအကြီးအကဲသည် လော့ချန်၏ ရှေ့မှ ပိတ်ဆို့ရပ်တည်လိုက်သည်။ လှံတစ်ချက်ဖြင့် လက်သည်းစွမ်းအင်ကို ချေဖျက်လိုက်သည်။ ဒေါသ မပြေသေးသဖြင့် လှံပေါ်တွင် မီးလျှံများ ပြင်းထန်စွာ တောက်လောင်လာသည်။ လှံတစ်ချက်ဖြင့် ဆွန်ယင်ယန်ကို ထပ်မံ ရိုက်ချလိုက်သည်။
“ဘုန်း...”
လှံစွမ်းအင်သည် ကောင်းကင်ကို ထိုးဖောက်သွား၏။ တဝူးဝူးမြည်ဟီးလာပြီး လွှမ်းမိုးသော အငွေ့အသက်သည် လေထုကိုပင် လောင်ကျွမ်းသွားသည်။
ဆွန်ယင်ယန်သည် မျက်မှောင်ကြုတ်လိုက်၏။ လော့ချန်ကို ဆက်လိုက်ရန် မစဉ်းစားနိုင်တော့ဘဲ လက်ငါးချောင်းတွင် အပြာရောင်အလင်းများ ပြည့်နှက်လာကာ လက်သည်းတစ်ချက်ဖြင့် လှံစွမ်းအင်ကို ဖုံးအုပ်လိုက်ရသည်။
“ဘုန်း...”
တောင်ထိပ်တစ်ခုလုံး တုန်ခါလာသည်။ တိုက်ခိုက်မှုလှိုင်းသည် အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားသည်။ ဆွန်ယင်ယန်၏ ပုံရိပ်သည် နောက်သို့ ဆုတ်ခွာသွားသည်။
အကြီးအကဲချန်ရွှမ်နှင့် အခြားသူများပါ ရောက်ရှိလာကြ၏။ နဝမအကြီးအကဲနှင့် အတူတူ ပိတ်ဆို့ရပ်တည်လိုက်ကြသည်။
“ဘုန်း...”
ဆွန်ယင်ယန်သည် ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းလိုက်သည်။ မျက်လုံးများသည် ရက်စက်သော အလင်းများဖြင့် နဝမအကြီးအကဲတို့ကို ကြည့်နေ၏။
“ဟွာကျင်းယန် ပြင်းထန်တဲ့ ဒဏ်ရာရပြီး စင်မြင့်ပေါ်ကနေ ထွက်ခွာသွားပြီးပြီ။ ဒါကို လော့ချန်က သူ့ကို ထပ်ပြီး တိုက်ခိုက်ဖို့ ကြိုးစားခဲ့တယ်။ ဒါ ငါ့လူကို စည်းလွတ်ဘောင်လွတ် လိုက်သတ်တာပဲ။ ငါတို့ လျှပ်ယွမ်ဂိုဏ်းကို ပြောင်ပြောင်တင်းတင်း စိန်ခေါ်တာပဲမဟုတ်ဘူးလား... အခုချက်ချင်း သူ့ကို ငါ့ဆီ လွှဲပေးစမ်း...”
“ဘာ...”
နဝမအကြီးအကဲသည် မထီမဲ့မြင်ပြုဟန်ဖြင့် မျက်လုံးတစ်ချက် ပင့်လိုက်သည်။
“မင်း ပြောတိုင်း လုပ်ပေးရအောင် ငါတို့ ရွှမ်ယွမ်ဂိုဏ်းကို ဘာထင်နေလဲ။ မင်း ငါတို့ ရွှမ်ယွမ်ဂိုဏ်းတပည့်ကို လက်ညှိုးတစ်ချောင်း ထိရဲရင် ဒီနေ့ မင်းနဲ့ငါ အသက်ချင်း လဲပစ်မယ်...”
လော့ချန် ထရပ်လိုက်ကာ တည်ငြိမ်သောလေသံဖြင့် ဆိုသည်။
“အဖိုးကြီးဆွန်... မင်းတို့ ဟွာကျင်းယန် စင်မြင့်ပေါ်က ထွက်ခွာသွားတယ်ဆိုရအောင် ဘယ်စင်မြင့်ကလဲပြောစမ်း...”
လော့ချန်စကားကြောင့် ဆွန်ယင်ယန် အမှတ်မထင် အကြည့်တစ်ချက် ဝေ့ကြည့်လိုက်သည်။ ချက်ချင်းပင် စကားမပြောနိုင် ဖြစ်သွားခဲ့သည်။
ဤစင်မြင့်များသည် ဂိုဏ်းသုံးဂိုဏ်းပြိုင်ပွဲအတွက် အထူးဖန်တီးထားခြင်း ဖြစ်သည်။ ကာကွယ်ရေးစွမ်းအားသည် သွေးကြောနိုးကြားမှုနယ်ပယ် အဆင့်နှစ် သန်မာသူကိုပင် တားဆီးနိုင်စွမ်းရှိသည်။
သို့ရာတွင် လော့ချန်နှင့် ဟွာကျင်းယန်တို့၏ ယခုတင်က တိုက်ပွဲသည် ကောင်းကင်ကို တုန်လှုပ်စေသည်။ ဓားတစ်ချက်၊ လက်သီးတစ်ချက်စီသည် စင်မြင့်၏ တားဆီးနိုင်စွမ်းထက်ကို ကျော်လွန်သွားခဲ့သည်။
တိုက်ခိုက်ခဲ့သော စင်မြင့်ကို မဆိုထားနှင့် ဘေးဘက်ရှိ စင်မြင့်နှစ်ခုပင် အပိုင်းပိုင်း ကြေမွသွားခဲ့ရာ မည်သည့် စင်မြင့်မှ မကျန်တော့ချေ။
လော့ချန်ကို စိုက်ကြည့်နေသည့် ဆွန်ယင်ယန်၏ မျက်နှာသည် တင်းမာသွား၏။
“ကောင်းတယ်... အရမ်းကောင်းတယ်... လော့ချန်... မင်း အပေါ် ငါ အမြင်မှားခဲ့တယ်။ ဒီအသုံးမကျသူက နောက်ဆုံး နေရာတစ်ခု ရပ်တည်နိုင်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး...”
မည်သည့် အကျိုးအမြတ်ကိုမျှ မရရှိနိုင်တော့သည်ကို သိလိုက်ရသည်တွင် ဆွန်ယင်ယန်သည် အေးစက်စွာ နှာမှုတ်လိုက်ပြီး လှည့်ကာ ဟွာကျင်းယန်၏ ဒဏ်ရာကို စစ်ဆေးရန် သွားတော့သည်။
ဟွာကျင်းယန်သည် မြေပြင်ပေါ်တွင် လဲလျောင်းနေ၏။ ဝတ်ရုံများ ဆုတ်ဖြဲခံထားရသည်။ ပါးစပ်နှင့် နှာခေါင်းတို့မှ မည်းနက်သော သွေးများ ဆက်တိုက် စီးဆင်းနေပြီး အသက်ရှူသံသည် ပါးလွှာလှသည်။
လျှပ်ယွမ်ဂိုဏ်း၏ အကြီးအကဲရမ်ကွေ့သည် ဟွာကျင်းယန်ကို ကျန်းမာရေး စောင့်ရှောက်မှုပေးနေသည်။
ဆွန်ယင်ယန် မေးလိုက်သည်။
“ဘယ်လိုလဲ...”
အကြီးအကဲရမ်ကွေ့၏ မျက်နှာသည် တင်းမာနေ၏။
“အသက်ပဲ ကျန်တော့တယ်။ အချိန်မီ ကယ်ဆယ်နိုင်ခဲ့လို့သပေါ့။ ဒါပေမဲ့ သူ့ရဲ့ သွေးကြောတွေ တစ်ကိုယ်လုံး ထိခိုက်ခဲ့ပြီး မြေကမ္ဘာမီးလျှံစစ်စွမ်းအင်ရဲ့ နောက်ဆက်တွဲ ပြဿနာတွေကြောင့် ပြန်လည်ကောင်းမွန်ရင်တောင် အရင်က အကောင်းဆုံး အခြေအနေကို ပြန်ရောက်နိုင်ဖို့ မသေချာတော့ဘူး...”
“ဒီကောင်လေးရဲ့ လက်ချက်က အရမ်း ရက်စက်လွန်းတယ်...”
အကြီးအကဲရမ်ကွေ့၏ နှလုံးသားမှ သွေးများ ယိုစီးနေကာ မျက်လုံးများထဲတွင် ရက်စက်သည့် အရိပ်လက္ခဏာများ ထွက်ပေါ်နေသည်။
ကြယ်ဆယ်ပွင့် စိတ်ဝိညာဉ်အဆင့် သိုင်းဝိညာဉ်နိုးကြားသူသည် ရှားပါးလှ၏။ တစ်သန်းတွင်မှ တစ်ဦး ဖြစ်သည်။
ဟွာကျင်းယန်သာ ဤသို့ ပျက်စီးခဲ့လျှင် လျှပ်ယွမ်ဂိုဏ်းအတွက် ကြီးမားသော ဆုံးရှုံးမှု ဖြစ်ရလိမ့်မည်။
“ရက်စက်လိုက်တာ...”
အကြီးအကဲရမ်ကွေ့သည် ဒေါသများ လျှံထွက်လာကာ လော့ချန်ကို တစ်ချက် လှည့်ကြည့်လိုက်သည်။ အံကို တင်းတင်းကြိတ်ကာ ရက်စက်သောလေသံဖြင့် ဆိုသည်။
“အကြီးအကဲဆွန်... ဘယ်လိုပဲဖြစ်ဖြစ် ဒီကောင်လေးကို သတ်ပစ်ရမယ်”
အခန်း (၃၇၉) ပြီးပါပြီ။