← Chapters

ပထမနေရာ၊ ကျိတော့ဂိုဏ်း၏ စည်းရုံးမှု

Vol. 26 Ch. 380

ပထမနေရာ၊ ကျိတော့ဂိုဏ်း၏ စည်းရုံးမှု

Vol. 26 Ch. 380

အကြီးအကဲရမ်ကွေ့သည် ဤတစ်ကြိမ် ဂိုဏ်းသုံးဂိုဏ်းပြိုင်ပွဲသို့ ကိုယ်တိုင်ခေါင်းဆောင်၍ ကျင်းယူတောင်ထိပ်သို့ လာရောက်ခဲ့ခြင်းမှာ ဟွာကျင်းယန်၏ ထူးချွန်သော အရည်အချင်းကို အကြောင်းပြုကာ လျှပ်ယွမ်ဂိုဏ်း၏ ဂုဏ်သတင်းကို ဖော်ပြရန် ဖြစ်သည်။

သို့သော် လော့ချန်တစ်ဦးတည်းကပင် သူတို့ လျှပ်ယွမ်ဂိုဏ်း၏ ရရှိရန် သေချာနေသည့် ပထမနေရာကို လုယူသွားခဲ့သည်။

ထို့ပြင် ထိပ်တန်းတပည့် ဆယ်ဦးထဲမှ သုံးဦး အသက်ဆုံးရှုံးခဲ့ရသည်။ ထို့ပြင် ဟွာကျင်းယန်သည်ပင် ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်။

အကြီးအကဲရမ်ကွေ့သည် ဤမျှ ကြီးမားသော ဆုံးရှုံးမှုကို ဂိုဏ်းသို့ ပြန်ရောက်သည့်အခါ မည်သို့ ရှင်းပြရမည်ကိုပင် မသိချေ။

သူ၏ နှလုံးသားထဲတွင် လော့ချန်ကို အပိုင်းပိုင်း ခုတ်ပိုင်းပစ်လိုစိတ်များ ပြင်းထန်နေသည်။

အကြီးအကဲရမ်ကွေ့၏ စကားကို ကြားသောအခါ ဆွန်ယင်ယန်သည် လော့ချန်ကို ရွံရှာမုန်းတီးစွာ စူးစိုက်ကြည့်လိုက်ကာ အေးစက်သောလေသံဖြင့် ဆိုသည်။

“ကောင်းတယ်။ ဒီတိရစ္ဆာန်ကောင် သေကို သေရမယ်။ ငါ ခုနက လူအုပ်ထဲမှာ သွေးလင်းယုန် ညီအစ်ကိုနှစ်ဦးကို တွေ့ခဲ့တယ်။ ငါ သူတို့နဲ့ အနည်းငယ် ခင်မင်မှုရှိတယ်။ သူတို့က ငါတို့ကို ကူညီပေးနိုင်တယ်”

အကြီးအကဲရမ်ကွေ့သည် မျက်ခုံးများ ပင့်တက်သွား၏။ သူ သွေးလင်းယုန်ညီအစ်ကိုအကြောင်း ကြားဖူးသည်။

သူတို့နှစ်ဦးစလုံးသည် သွေးကြောနိုးကြားမှုနယ်ပယ် ကျင့်ကြံသူများ ဖြစ်ကြသည်။ အစ်ကို သွေးလင်းယုန်က သွေးကြောနိုးကြားမှုနယ်ပယ် အဆင့်လေး သန်မာသူဖြစ်ပြီး ညီငယ်က အနည်းငယ် အဆင့်နိမ့်သည့်တိုင် သွေးကြောနိုးကြားမှုနယ်ပယ် အဆင့်သုံး ဖြစ်သည်။

သူတို့နှစ်ဦးသည် စိတ်ထား ရက်စက်ကြမ်းကြုတ်ကြသည်။ မကြာခဏ လူသတ် ဓားပြတိုက်သည့် အလုပ်ကို လုပ်တတ်ကြသည်။

“ကောင်းပြီ။ ဒီကိစ္စကို မင်း သွားလုပ်လိုက်ပါ။ ငါ ဟွာကျင်းယန်ကို ဒဏ်ရာကုသပေးဖို့ သွားလိုက်မယ်...”

အကြီးအကဲရမ်ကွေ့သည် ဟွာကျင်းယန်ကို ခေါ်ဆောင်ကာ လျှပ်ယွမ်ဂိုဏ်း စခန်းချရာသို့ ပြန်သွားသည်။

ထိုစဉ် ကျိတော့ဂိုဏ်းမှ အကြီးအကဲဝူးရှန်သည် ထရပ်လိုက်၏။

ပုံသဏ္ဌာန်မဲ့သော ဖိအားတစ်ခုသည် ကျင်းယူတောင်ထိပ်တစ်ခုလုံးကို ဖြတ်ကျော်သွားသည်။ ကွင်းပြင်တစ်ခုလုံး၏ ဆူညံသံများ ချက်ချင်း တိတ်ဆိတ်သွားသည်။

အကြီးအကဲဝူးရှန်သည် လည်ချောင်းကို ရှင်းလိုက်ပြီး ကျယ်လောင်စွာ ဆိုသည်။

“ဂိုဏ်းသုံးဂိုဏ်းပြိုင်ပွဲ ဒီမှာပဲ ပြီးဆုံးသွားခဲ့ပြီ။ ဆက်လက်ပြီး ငါ အဆင့်သတ်မှတ်ချက်ကို ကြေညာမယ်”

အံ့သြစရာမရှိပေ။ လော့ချန်သည် တစ်ဆယ့်ခြောက်ပွဲစလုံး အနိုင်ရခဲ့သော ပြည့်စုံသောမှတ်တမ်းဖြင့် တစ်ဆယ့်ခြောက်မှတ်ရရှိကာ ပထမနေရာ၌ ရပ်တည်သည်။

ဒုတိယနေရာသည် ဟွာကျင်းယန် ဖြစ်သည်။ တစ်ဆယ့်ခြောက်ပွဲ တိုက်ခိုက်ခဲ့သည်။ လော့ချန်ကို တစ်ပွဲ ရှုံးသဖြင့် တစ်မှတ်နှုတ်ကာ တစ်ဆယ့်လေးမှတ်ဖြင့် ရပ်တည်သည်။

တတိယနေရာသည် ယန်ချင်းရှုံး ဖြစ်သည်။ တစ်ဆယ့်ငါးပွဲ တိုက်ခိုက်ခဲ့ရာ တစ်ဆယ့်သုံးပွဲ အနိုင်ရပြီး တစ်ဆယ့်တစ်မှတ်ရရှိသည်။

စတုတ္ထနေရာသည် လော့ရှာဂိုဏ်းတပည့် ရှာဝမ်ချင်း ဖြစ်ပြီး ရှစ်မှတ်ရရှိသည်။

ဖေ့ကျွယ်နှင့် ဆွန်ချွမ်ဝူတို့ နှစ်ဦးလုံး သေဆုံးခဲ့ကြသည်။ မူလက အဆင့်နိမ့်ခဲ့သော လင်ရှောင်ယွမ်သည် ဖေ့ကျွယ်တို့ သေဆုံးသည့်အတွက် ပဉ္စမနေရာ၌ ရပ်တည်သည်။

ဆဋ္ဌမနေရာမှာ...

အဆင့်သတ်မှတ်ချက်ကို ကြားသောအခါ နဝမအကြီးအကဲသည် စိတ်လှုပ်ရှားပြီး ကျယ်လောင်စွာ ရယ်မောလိုက်သည်။

“ပထမနေရာနဲ့ ပဉ္စမနေရာက ငါတို့ ရွှမ်ယွမ်ဂိုဏ်းက ဖြစ်တယ်... နောင်မှာ လျှပ်ယွမ်ဂိုဏ်းက လူတွေ ငါတို့ရှေ့မှာ မာန်တက်ရဲသေးလား ကြည့်ရအုံးမယ်”

အကြီးအကဲချန်ရွှမ်လည်း အလွန်ဝမ်းမြောက်နေသည်။

မည်မျှ ကြာမြင့်ခဲ့ပြီနည်း။

ဂိုဏ်းသုံးဂိုဏ်းပြိုင်ပွဲတွင် ရွှမ်ယွမ်ဂိုဏ်းသည် လျှပ်ယွမ်ဂိုဏ်း၏ ဖိအားအောက်တွင် ခေါင်းမဖော်နိုင်ခဲ့ချေ။ ဤတစ်ကြိမ်တွင် နောက်ဆုံးတော့ မျက်နှာပန်းလှသွားခဲ့ပြီပင်။

ဂိုဏ်းသုံးဂိုဏ်းပြိုင်ပွဲ၏ အဆင့်သတ်မှတ်ချက်သည် ဂိုဏ်းများ၏ ဂုဏ်သိက္ခာသက်သက်ကိုသာ သက်ဆိုင်ခြင်း မဟုတ်ချေ။

၎င်းသည် ဂိုဏ်းသုံးဂိုဏ်းကြားရှိ အကျိုးအမြတ်ခွဲဝေမှုများကိုလည်း ဆုံးဖြတ်ပေးသည်။ ရွှမ်ယွမ်ဂိုဏ်းတစ်ခုလုံး၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန်အကျိုးရှိပေသည်။

နဝမအကြီးအကဲသည် ခေါင်းလှည့်ကာ လော့ချန်ကို ရယ်လျက် ဆိုသည်။

“လော့ချန်... မင်း ဒီတစ်ကြိမ်မှာ ငါတို့ ရွှမ်ယွမ်ဂိုဏ်းအတွက် ကြီးမားတဲ့ အောင်မြင်မှုကို ရယူပေးခဲ့တဲ့။ ငါ ပြောခဲ့ဖူးတယ်... မင်း ပထမနေရာကို ရရှိရင် မင်းကို သေချာပေါက် ဆုချမယ်ဆိုတာလေ... မင်း ဘာလိုချင်လဲ...”

“ဂိုဏ်းပြန်ရောက်မှ ပြောပါ့မယ်...”

လော့ချန် ပြုံးလိုက်ကာ ထိုနေရာရှိ လူအားလုံးကို ဝေ့ကြည့်လိုက်သည်။ အကြီးအကဲရှဲ့ယန်နှင့် အကြည့်ချင်း ဆုံသွားသည်တွင် အကြီးအကဲရှဲ့ယန်သည် နီမြန်းသောနှုတ်ခမ်းကလေးကို အနည်းငယ် လှုပ်ရှားလိုက်ပြီး ပြုံးလိုက်သည်။

သို့သော် မည်သို့ကြည့်ကြည့် အလွန် ခက်ခက်ခဲခဲ ကြိုးစား၍ ပြုံးနေသည့်နှယ် ရှိ၏။

‘ဟန်ဆောင်ကောင်းလိုက်တာ...’

လော့ချန်သည် စိတ်ထဲမှ အေးစက်စွာ ရယ်လိုက်သည်။ သို့သော် အပေါ်ယံတွင်မူ မျက်နှာ အမူအရာ မပြောင်းလဲချေ။ ယခုအချိန်သည် မျက်နှာချင်းဆိုင် ဖြေရှင်းရမည့်အချိန် မဟုတ်သေးပေ။

ပျော်ရွှင်သောသူများလည်း ရှိသလို ဝမ်းနည်းသောသူများလည်း ရှိသည်။

လျှပ်ယွမ်ဂိုဏ်းဘက်တွင် အကြီးအကဲရမ်ကွေ့သည် မျက်နှာထား ပိုမိုဆိုးရွားလာ၏။ ရှေ့ဆုံးငါးနေရာတွင် ပြင်းထန်စွာ ဒဏ်ရာရနေသော ဟွာကျင်းယန်တစ်ဦးတည်းသာ ရှိသည်။

သူတို့ လျှပ်ယွမ်ဂိုဏ်းသည် တစ်ခါမျှ ဤမျှ ဆိုးရွားစွာ မရှုံးနိမ့်ခဲ့ဖူးချေ။

“ရက်စက်လိုက်တာ... ဒီကောင်လေး ဘယ်ကနေ ရောက်လာတာလဲ...”

ထိုစဉ် ဆွန်ယင်ယန်သည် နေရာသို့ ပြန်ရောက်လာပြီး အသံတိုးတိုးဖြင့် ဆိုသည်။

“သူတို့ သဘောတူခဲ့ကြတယ်... ဒါပေမဲ့ ဈေးတော့ တော်တော်ပေးလိုက်ရတယ်။ ချီစွမ်းအင်ဆေးလုံး တစ်သောင်းအပြင် ကြယ်ခြောက်ပွင့် ကျင့်စဉ်ကျမ်းတစ်အုပ်ပါ တောင်းတယ်...”

“ချီစွမ်းအင်ဆေးလုံး တစ်သောင်း... ကြယ်ခြောက်ပွင့် ကျင့်စဉ်ကျမ်း... သူတို့ တော်တော် လောဘကြီးတာပဲ...”

အကြီးအကဲရမ်ကွေ့သည် စိတ်အေးသွားပြီး မျက်လုံးများ ကျဉ်းမြောင်းသွားကာ စဉ်းစားလိုက်သည်။

“သူတို့နှစ်ဦးနဲ့တင် မလုံလောက်သေးဘူး... အဲ့ဒီ အကြီးအကဲ ချန်ရွှမ်ရဲ့ စွမ်းအားက ငါနဲ့ တန်းတူ သန်မာတယ်... သူတို့အားလုံးကို လျှော့တွက်လို့ မရဘူး... ဒီကိစ္စသာ ပေါက်ကြားခဲ့ရင် အကျိုးဆက်က မှန်းဆလို့တောင် မရဘူး... ငါတို့ လျှပ်ယွမ်ဂိုဏ်းက အရှုံးကို လက်မခံရဲတဲ့ သူရဲဘောကြောင်သူတွေလို့ နာမည်ဆိုး ထွက်ကုန်လိမ့်မယ်...”

ဆွန်ယင်ယန် ခေါင်းခါလိုက်သည်။

“ငါတို့ရဲ့ ရည်ရွယ်ချက်က လော့ချန်ကို သတ်ဖို့ပဲ... ရွှမ်ယွမ်ဂိုဏ်းနဲ့ စစ်ကြေညာဖို့ မဟုတ်ဘူး... သူတို့အားလုံးကို ရှင်းပစ်ဖို့ ဘာလို့ လိုမှာလဲ...”

“ဂိုဏ်းသုံးဂိုဏ်းပြိုင်ပွဲ ပြီးဆုံးတဲ့အခါ ငါတို့ အခွင့်အရေးရှာပြီး အကြီးအကဲ ချန်ရွှမ်နဲ့ ချန်းဟန်တို့နှစ်ဦးကို ဖမ်းဆီးလိုက်ရုံပဲ... သူတို့ အခြေအနေ လုံးဝ ရှုပ်ထွေးသွားလိမ့်မယ်... အဲ့ဒီအချိန်မှာ သွေးလင်းယုန်ညီအစ်ကိုနှစ်ဦးကို အခွင့်အရေးရှာပြီး လော့ချန်ကို သတ်ပစ်ခိုင်းရမယ်...”

အကြီးအကဲ ရမ်ကွေ့၏ မျက်လုံးများထဲတင် လက်ခနဲ အလင်းတစ်ချက် တောက်ပလာပြီး အေးစက်စွာ ရယ်လိုက်သည်။

“ဟဲဟဲ... ကောင်းတယ်... သွေးလင်းယုန်ညီနောင်ကို ပြောလိုက်... ကြယ်ခြောက်ပွင့် ကျင့်စဉ်ကျမ်းကို ပေးနိုင်တယ်... ဒါပေမဲ့ ကိစ္စပြီးမှ ပေးမယ်...”

“ငါလည်း ဒီလိုပဲ သဘောတူခဲ့တာပါ...”

ဆွန်ယင်ယန်သည် ကောက်ကျစ်စွာ ပြုံးလိုက်သည်။

အမှုပြီးဆုံးပြီးနောက် သွေးလင်းယုန်ညီအစ်ကိုနှစ်ဦးကို ပြန်သတ်ပစ်မည်ပင်။

ထိုအချိန်တွင် သက်သေမရှိတော့ချေ။ ရွှမ်ယွမ်ဂိုဏ်းသည် အပြစ်ရှာချင်လျှင်ပင် သူတို့အပေါ် အပြစ်တင်နိုင်မည် မဟုတ်တော့ချေ။

ဤအချက်ကို တွေးမိသဖြင့် ဆွန်ယင်ယန်သည် ကိုယ်ကို တည့်မတ်လိုက်ကာ လော့ချန်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။ မျက်လုံးများ နီရဲလာသည်။ စိတ်ထဲတွင် အေးစက်စွာ ရယ်မောနေသည်။

“ကောင်လေး... ဆက်ပြီး မာန်တက်နေပါဦး... မကြာခင် မင်းကို မြေမြှုပ်စရာတောင် မကျန်အောင် လုပ်ပစ်မယ်... မင်းရဲ့ အသုံးမကျတဲ့ ဖခင်လည်း သေသင့်တယ်...”

ရွှမ်ယွမ်ဂိုဏ်းရှိရာတွင်...

ချန်လင်းယူသည် မျက်မှောင်ကြုတ်လိုက်ပြီး လော့ချန်ကို ဆိုသည်။

“လော့ချန်... အဲ့ဒီ ဆွန်ယင်ယန်ဟာ မင်းကို တလျောက်လုံး အာရုံစိုက်နေတယ်... သတ်ဖြတ်လိုစိတ်လည်း အရမ်း ပြင်းတယ်...”

လော့ချန် ခေါင်းညိတ်လိုက်သည်။

ဤအရာအားလုံးကို သူ မည်သို့ မသိဘဲ နေမည်နည်း။

အကြီးအကဲ ချန်ရွှမ်သည် အသံခပ်တိုးတိုး ဆိုသည်။

“ခဏနေရင် ပြိုင်ပွဲ ပြီးဆုံးတာနဲ့ ငါတို့ ချက်ချင်း ဂိုဏ်းကို ပြန်မယ်...”

နဝမအကြီးအကဲသည် တစ်စုံတစ်ရာကို သတိပြုမိသဖြင့် အကြည့်များက တင်းမာလာသည်။

“အကြီးအကဲ ချန်ရွှမ်... ဆွန်ယင်ယန်က ငါတို့ကို တိုက်ခိုက်လိမ့်မယ်လို့ မင်း ထင်နေသလား... သူ ရဲပါ့မလား...”

အကြီးအကဲ ချန်ရွှမ် ခေါင်းခါလိုက်သည်။

“ဆွန်ယင်ယန်ရဲ့ စိတ်နေသဘောထားက သိပ်ကို ကောက်ကျစ်ပြီး လက်စားချေတတ်တယ်... ဒီတစ်ခါ ဆွန်ချွမ်ဝူ အသတ်ခံရတာကို သူ လွယ်လွယ်နဲ့ လက်လျှော့လိမ့်မယ်လို့ မထင်ဘူး... မင်းနဲ့ ငါတို့ဟာ သူတို့ကို ကြောက်စရာ မလိုပါဘူး... ဒါပေမဲ့ ငါ စိုးရိမ်တာက လော့ချန်ပဲ...”

ထိုစကားကို ကြားသောအခါ နဝမအကြီးအကဲ၏ မျက်နှာသည် တင်းမာသွားသည်။

“ဒါဆိုရင် ငါတို့ အမြန်ဆုံး ထွက်ခွာကြရမယ်”

ထိုစဉ် အကြီးအကဲ ဝူးရှန်သည် အဆင့်သတ်မှတ်ချက်ကို ဖတ်ရှုပြီး ပြိုင်ပွဲ ပြီးဆုံးကြောင်း ကြေညာလိုက်သည်။

လော့ရှာဂိုဏ်းမှ လူများ လျှောက်လှမ်းလာကြသည်။

လော့ရှာဂိုဏ်း၏ အကြီးအကဲ ပိကျိုးရွှေသည် မျက်နှာပေါ်တွင် ပြုံးရွှင်မှုရှိနေသည်။ သူက ဂုဏ်ပြုစကား ဆိုလိုက်သည်။

“အကြီးအကဲ ချန်ရွှမ်... ဂိုဏ်းသုံးဂိုဏ်းပြိုင်ပွဲမှာ မင်းတို့ ရွှမ်ယွမ်ဂိုဏ်း ပထမနေရာကို ရခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်... ဒီတစ်ခါ ငါ တကယ်ပဲ မျက်မြင်ကိုယ်တွေ့ အံ့အားသင့်ခဲ့ရတယ်...”

လျှပ်ယွမ်ဂိုဏ်း ဖြစ်စေ၊ ရွှမ်ယွမ်ဂိုဏ်း ဖြစ်စေ ပထမနေရာကို ရရှိခြင်းက လော့ရှာဂိုဏ်းအတွက် မည်သည့် အကျိုးသက်ရောက်မှုမှ မရှိချေ။

နှိုင်းယှဉ်ရမည်ဆိုလျှင် အကြီးအကဲ ပိကျိုးရွှေသည် ရွှမ်ယွမ်ဂိုဏ်း ပထမနေရာ ရရှိသည်ကို ပိုမို မျှော်လင့်သည်။

ဤသို့ဖြင့် ဂိုဏ်းသုံးဂိုဏ်းသည် ပိုမိုမျှတနေမည်ဖြစ်ပြီး တစ်ဦးတည်းက ကြီးစိုးသော အခြေအနေကို ရှောင်ရှားနိုင်မည်ဖြစ်သည်။

စကားပြောနေစဉ် အကြီးအကဲ ပိကျိုးရွှေသည် လော့ချန်ကို တစ်ချက် လှည့်ကြည့်လိုက်သည်။ လှပသော မျက်လုံးများတွင် အံ့သြမှုရှိနေသည်။

ဤအချိန်အထိပင် သူမ မယုံကြည်နိုင်သေးချေ။ အသုံးမကျသည့်သိုင်းဝိညာဉ်ကို နိုးကြားသူသည် ငယ်ရွယ်စဉ်မှာပင် ဤမျှ ပြင်းထန်သော တိုက်ပွဲစွမ်းအားကို မည်သို့ ရရှိခဲ့ပါသနည်း။

“အခုလို ချီးကျူးတာ ကျေးဇူးတင်ပါတယ်...”

အကြီးအကဲ ချန်ရွှမ်သည် ရယ်လျက် တုန့်ပြန်လိုက်သည်။ ချက်ချင်း ဂိုဏ်းသို့ ပြန်ရန် ပြင်ဆင်နေသည်။

ထိုစဉ် လူတစ်ဦး လျှောက်လှမ်းလာသည်။ ကျိတော့ဂိုဏ်းမှ အကြီးအကဲ ဝူးရှန် ဖြစ်သည်။

“အကြီးအကဲ ဝူးရှန်...”

လူအများ အားလုံး အရိုအသေပေးကြပြီး အားလုံးက အနည်းငယ် အံ့အားသင့်နေကြသည်။

အကြီးအကဲ ဝူးရှန်သည် ယခင်က အမြဲတမ်း ပျောက်ကွယ်နေလေ့ ရှိသည်။

အကြီးအကဲ ဝူးရှန် ခေါင်းညိတ်ကာ မျက်လုံးများက လော့ချန်ကို တည့်တည့်ကြည့်လိုက်သည်။

“မင်း သိပ်ကိုတော်တယ်... အသုံးမကျတဲ့သိုင်းဝိညာဉ်ရဲ့ စွမ်းရည်နဲ့တောင် ဒီအောင်မြင်မှုကို ရရှိနိုင်ခဲ့တယ်... ငါနဲ့အတူ ကျိတော့ဂိုဏ်းကို လိုက်ဖို့ စိတ်ဝင်စားသလား...”

ဤစကား ထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင်တွင် ဆူညံသံများ ထွက်ပေါ်လာတော့သည်။

မဟာချူမင်းဆက်၏ ကျိတော့ဂိုဏ်းမှ ထူးချွန်သူများသည် မြစ်ရေကဲ့သို့ များပြားသည်။ အကြီးအကဲ ဝူးရှန်သည် လော့ချန်ကို စိတ်ဝင်စားလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြချေ။

အကြီးအကဲ ချန်ရွှမ်သည် ပါးစပ် တစ်ချက်ဟလိုက်သေးသော်လည်း နောက်ဆုံးတွင် ဘာမှ မပြောခဲ့ချေ။ လော့ချန်ကို တိတ်ဆိတ်စွာ ဆက်လက် စိုက်ကြည့်နေသည်။

ရွှမ်ယွမ်ဂိုဏ်းသည် တာယွဲ့မင်းဆက်၏ ဂိုဏ်းသုံးဂိုဏ်းဝင်အဖြစ် လေးစားခြင်း ခံရသော်လည်း ကျိတော့ဂိုဏ်းနှင့် နှိုင်းယှဉ်လျှင် ဘာမှ မဟုတ်ချေ။

ကျိတော့ဂိုဏ်းသည် ယွမ်လန်နယ်မြေအုပ်စု တစ်ခုလုံးတွင် အလွန်ကျော်ကြားသော ကြီးမားသည့် အင်အားစု ဖြစ်သည်။

ဤသည်ကား လော့ချန်၏ မဟာအခွင့်အရေး ဖြစ်သည်။ အမြင့်သို့ ပျံသန်းနိုင်မည့် အခွင့်အရေးဖြစ်သည်။

အကြီးအကဲ ချန်ရွှမ်သည် မခွဲချင်သော်လည်း လော့ချန်၏ အနာဂတ်ကို တားဆီးလိုခြင်း မရှိချေ။

အကြီးအကဲ ဝူးရှန်သည် လော့ချန်ကို ကြည့်ပြီး ဆက်လက်၍ ဆိုသည်။

“သိုင်းဝိညာဉ်ဟာ ကျင့်ကြံမှုရဲ့ အခြေခံ ဖြစ်တယ်... မင်း အခု ဒီအောင်မြင်မှုကို ရရှိနိုင်တာက ခန္ဓာကိုယ်ကို သန့်စင်နေတဲ့အဆင့်မှာ ရှိနေလို့ ဖြစ်တယ်... သိုင်းဝိညာဉ်ရဲ့ အရေးပါမှုဟာ ဒီလောက် ထင်ရှားခြင်း မရှိသေးလို့ပဲ...”

“ကျင့်ကြံမှုဟာ သွေးကြောနိုးကြားမှုနယ်ပယ်ကို ထိုးဖောက်ပြီးနောက်မှာ ချီစွမ်းအင်ကို သန့်စင်ကာ စိတ်ဝိညာဉ်ကို ပျိုးထောင်ရမယ်... သိုင်းဝိညာဉ်နဲ့ ကောင်းကင်မြေကြီးကို ဆက်သွယ်ပြီး ကျင့်ကြံမှုဟာ လုံးဝ ကွဲပြားသွားလိမ့်မယ်... မပြည့်စုံတဲ့ သိုင်းဝိညာဉ်ဟာ မင်းရဲ့ တိုးတက်မှုကို ပိတ်ဆို့တဲ့ သံကြိုးပမာ ဖြစ်လာလိမ့်မယ်... ဒီသံကြိုးဟာ ကျင့်ကြံမှု မြင့်တက်လာတာနဲ့အမျှ ပိုပြီးတော့ လေးလံလာပြီး မင်းရဲ့ အလားအလာကို လုံးဝ ကုန်ဆုံးသွားစေလိမ့်မယ်...”

“ငါတို့ ကျိတော့ဂိုဏ်းမှာ သိုင်းဝိညာဉ် ပျိုးထောင်နည်းများစွာ ရှိတယ်... မင်းကို သိုင်းဝိညာဉ် ပျိုးထောင်နိုင်အောင် ကူညီပေးနိုင်တယ်...”

အခန်း (၃၈၀) ပြီးပါပြီ။

All Chapters