ငြင်းပယ်ခြင်း၊ သွေးအရိပ်ဂိုဏ်း
Vol. 26 Ch. 381
လူအများအားလုံး လော့ချန်ကို စူးစိုက်ကြည့်ကြသည်။ ကျိတော့ဂိုဏ်း၏ စည်းရုံးမှုကို ရရှိခြင်းသည် ဤမျှအခွင့်အရေးကောင်းများ မကြာခဏမရှိချေ။
လော့ချန်သည် ချက်ချင်းသဘောတူလိမ့်မည်ဟု လူအများ ယူဆနေကြစဉ်တွင် မထင်မှတ်ဘဲ လော့ချန် ခေါင်းခါလိုက်သည်။ အကြီးအကဲဝူးရှန်ကို ညင်သာစွာ ဦးညွှတ်လိုက်သည်။
“ကျေးဇူးတင်ပါတယ်... အကြီးအကဲရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်”
အကြီးအကဲဝူးရှန်၏ အကြည့်များက မသိမသာ တင်းမာသွားသည်။ အနည်းငယ် အံ့အားသင့်သွားသဖြင့် မျက်မှောင်ကြုတ်ကာ ဆိုသည်။
“မင်း ကောင်းကောင်း စဉ်းစားပြီးမှ ပြန်ဖြေလို့ရတယ်”
“ကျွန်တော် စဉ်းစားပြီးပါပြီ”
လော့ချန်သည် မတွန့်ဆုတ်ဘဲ ထပ်မံငြင်းပယ်လိုက်သည်။ သူ၏ လျှို့ဝှက်ချက်များသည် မနည်းမနောပင် ရှိနေ၏။ သိုင်းဝိညာဉ်ဖြစ်စေ၊ ရောင်စဉ်ကိုးသွယ်ရတနာဖြစ်စေ၊ ကောင်းကင်နဂါးကျင့်စဉ်ဖြစ်စေ အရေးကြီးသောကိစ္စများ ဖြစ်ကြသည်။ မည်သူ့ကိုမျှ ချမပြသင့်ချေ။ ယခု စွမ်းအားသည် အလွန်နိမ့်ကျနေသေးသည်။ သို့သော် အကယ်၍ အကြီးအကဲဝူးရှန်နှင့်အတူ ကျိတော့ဂိုဏ်းသို့ သွားလျှင် အရာရာသည် သူ၏ ထိန်းချုပ်မှုအောက်မှ လွတ်ထွက်သွားလိမ့်မည်။ ထိုအရာထက် လော့ချန်သည် သူ၏ ကံကြမ္မာကို သူကိုယ်တိုင် ထိန်းချုပ်ရန် ပိုမိုနှစ်သက်သည်။
ထို့အပြင် သူသည် တစ်ဖက်လူက သူ၏ အလားအလာကို တကယ်စိတ်ဝင်စားလိမ့်မည်ဟု မယုံချေ။ အဆင့်အတန်းကြီးမားသော အင်အားစုများ၊ ဂိုဏ်းကြီးများသည် သိုင်းဝိညာဉ်၏ အရည်အသွေးကို ပိုမိုအလေးထားကြသည်။ အသုံးမကျသည့်သိုင်းဝိညာဉ်ကို မည်သည့်အတွက် စိတ်ဝင်စားနိုင်မည်နည်း။ သိုင်းဝိညာဉ် ပျိုးထောင်ခြင်းနှင့် ပတ်သက်၍ လော့ချန်သည် တစ်စုံတစ်ရာ နားလည်ထားပြီး ဖြစ်သည်။
“လူမိုက်ပဲ...”
အကြီးအကဲဝူးရှန်သည် အေးစက်စွာ နှာမှုတ်လိုက်၏။ ပုံသဏ္ဌာန်မဲ့သော အရှိန်အဟုန်တစ်ခု လော့ချန်ကို ပျံ့နှံ့ထွက်ပေါ်လာရာ လော့ချန်သည် ဆက်တိုက်နောက်ဆုတ်သွားရသည်။ တိုင်းတာ၍မရနိုင်သော အဆင့်ရှိ သန်မာသူ၏ ဒေါသကို မည်သူမဆို ခံစားနိုင်ကြသည်။
အကြီးအကဲချန်ရွှမ်သည် လော့ချန်၏ ဘေးသို့ ရောက်ရှိလာကာ ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။
“အကြီးအကဲဝူးရှန်... လော့ချန်က အသက်ငယ်နေသေးလို့ အဝေးကြီး မသွားချင်သေးတာ ဖြစ်နိုင်ပါတယ်။ တကယ်လို့ အကြီးအကဲရဲ့ စေတနာကို စော်ကားမိသလို ဖြစ်သွားရင် ကျွန်တော် သူ့ကိုယ်စား တောင်းပန်ပါတယ်...”
“ထားလိုက်ပါ...”
အကြီးအကဲဝူးရှန်သည် အရှိန်အဟုန်ကို ပြန်လည် ရုပ်သိမ်းလိုက်ကာ လော့ချန်ကို တည်ငြိမ်စွာ စိုက်ကြည့်ပြီး ဆိုသည်။
“လူတိုင်းမှာ ကိုယ်ပိုင်ရည်မှန်းချက်ရှိတယ်။ သူ ဒီမှာ နေချင်တယ်ဆိုရင် ငါလည်း အတင်းအကျပ် မခေါ်ဘူး။ ငါတို့ ကျိတော့ဂိုဏ်းမှာ ပါရမီရှင်တွေက မြစ်ရေစီးသလို များပြားတယ်။ သူ့လိုလူတစ်ယောက် မရှိလည်း ကိစ္စမရှိဘူး... နောက်ပြီး မပြည့်စုံတဲ့ သိုင်းဝိညာဉ်ကို နိုးကြားသူဟာ ပင်ကိုအားဖြင့် ချို့ယွင်းနေတယ်လို့ ပြောလို့ရတယ်။ နောင်မှာ အံ့သြဖွယ် ထင်ပေါ်ပြီး အောင်မြင်စွာ နိုးကြားနိုင်ခဲ့ရင်တောင် ကြီးမားတဲ့ အောင်မြင်မှုကို ရရှိမှာမဟုတ်ဘူး...”
လော့ချန် ခန့်မှန်းခဲ့သည့်အတိုင်း အကြီးအကဲဝူးရှန်သည် သူ၏ သိုင်းဝိညာဉ်ကို အနည်းငယ် စိတ်ဝင်စားရုံမျှသာ ဖြစ်သည်။ သူ၏ အလားအလာကိုမူ အလေးထားခြင်းမရှိချေ။
စကားဆုံးသည်နှင့် အကြီးအကဲဝူးရှန်သည် အကြည့်ကို ရုပ်သိမ်းလိုက်သည်။
“ငါ ဒီကိုလာတာ နောက်ထပ် ကိစ္စတစ်ခုကို သတိပေးဖို့လည်း ဖြစ်တယ်”
လူအများ အံ့အားသင့်ကုန်ကြသည်။ အကြီးအကဲဝူးရှန်ကို ဤမျှ အလေးအနက်ထားစေသော ကိစ္စသည် မရိုးရှင်းနိုင်ချေ။
အကြီးအကဲပိကျိုးရွှေက စိတ်ဝင်တစား မေးလိုက်သည်။
“ကျွန်မတို့ ဂိုဏ်းသုံးဂိုဏ်းနဲ့ ဆက်စပ်နေသလား...”
အကြီးအကဲဝူးရှန် ခေါင်းညိတ်သည်။
“တကယ်တော့ မင်းတို့နဲ့ ဆက်စပ်နေတယ်။ ပိုပြီး တိတိကျကျ ဆိုရရင်တော့ ယွမ်လန်နယ်မြေအုပ်စုက အင်အားစုကြီးတွေ အားလုံးနဲ့ ဆက်စပ်နေတယ်။ ဒါပေမဲ့ မင်းတို့အတွက် ပိုပြီး အရေးအကြီးဆုံး ဖြစ်တယ်... ဆယ်ရက်အရင်က ငါတို့ ကျိတော့ဂိုဏ်း အတွင်းစည်းတပည့်တစ်ဦး ကူးယွမ်မြို့အနီးမှာ သွေးနတ်ဆိုးရဲ့ ခြေရာကို တွေ့ခဲ့ရတယ်...”
“သွေးနတ်ဆိုး...”
ဤစကား ထွက်လာသည်နှင့် ထိုနေရာရှိ လူများ၏ မျက်နှာအမူအရာသည် တုန်လှုပ်သွားကြ၏။ သွေးနတ်ဆိုး ပေါ်ထွက်လာတိုင်း ဘေးအန္တရာယ်ကို ဖြစ်စေသည်။ သွေးဆိုးများ လေထဲပျံ့နှံ့ကာ သတ္တဝါများ ပျက်စီးလိမ့်မည်။ သွေးနတ်ဆိုးသည် တာယွဲ့မင်းဆက်နယ်မြေအတွင်းသို့ ပေါ်ထွက်လာသည်တဲ့လား။
အကြီးအကဲချန်ရွှမ်သည် လမ်းတွင် တွေ့ခဲ့ရသော သွေးဝံပုလွေအုပ်စုကို သတိရလိုက်ကာ နက်နက်ရှိုင်းရှိုင်း အသက်ရှူလိုက်သည်။
“သွေးနတ်ဆိုး ဟုတ်မှ ဟုတ်ရဲ့လား...”
အကြီးအကဲဝူးရှန် ခေါင်းညိတ်သည်။
“ကိုးဆယ်ရာခိုင်နှုန်း သေချာတယ်။ ဒီတပည့်က ကြည့်ရှုနည်းကျင့်စဉ်ကို ကျင့်ကြံသူ ဖြစ်တယ်။ ဒီလျှို့ဝှက်နည်းကြောင့် သွေးနတ်ဆိုးက သူ့ကို မတွေ့ရှိခဲ့တာတောင် ကံကောင်းလို့ပဲ...”
အကြီးအကဲပိကျိုးရွှေ၏ မျက်ခုံးများ နက်ရှိုင်းစွာ တွန့်ချိုးသွားသည်။
“သွေးနတ်ဆိုး ပေါ်ထွက်ရင် နေရာတကာ သွေးကို ဝါးမျိုပြီး သူ့ကိုယ်သူ သန်မာအောင် လုပ်လိမ့်မယ်။ မကြာသေးမီက ကူးယွမ်မြို့အနီးက မြို့တွေမှာ ကြီးမားတဲ့ သေဆုံးမှုသတင်းတော့ မကြားရသေးဘူး...”
“ဒါကပဲ ပြဿနာပါ...”
အကြီးအကဲဝူးရှန်သည် အသံနိမ့်ဖြင့် ဆိုသည်။
“သွေးနတ်ဆိုးက စိတ်ထားရက်စက်ပြီး သွေးကို အလွန်နှစ်သက်တယ်။ အခုလို ပေါ်ထွက်မလာတာ အချိန်အကြာကြီး ရှိပြီ။ ငါတို့ လျှို့ဝှက်စွာ စုံစမ်းတဲ့အခါ လူတစ်ဦးက သွေးနတ်ဆိုးကို ကျွေးမွေးဖို့ သွေးဆေးလုံးတွေကို အကြီးအကျယ် စီရင်နေကြောင်း တွေ့ရတယ်... ဒီ လက္ခဏာတွေကို ကြည့်ရင် နောက်ကွယ်မှာ တစ်စုံတစ်ဦးက ကြိုးကိုင်နေတယ်လို့ ကောက်ချက်ချနိုင်တယ်။ သူတို့က ရာစုနှစ်တစ်ခုအရင်က တိမ်မြုပ်သွားတဲ့ သွေးအရိပ်ဂိုဏ်း ဖြစ်လိမ့်မယ်...”
“သွေးအရိပ်ဂိုဏ်း...”
အကြီးအကဲပိကျိုးရွှေနှင့် အခြားသူများ အေးစက်စွာ အသက်ရှူသွင်းလိုက်ကြသည်။
အကြီးအကဲချန်ရွှမ်က ဝင်ပြောသည်။
“သွေးအရိပ်ဂိုဏ်းကို ဆယ်စုနှစ်များစွာ အရင်က မဟာချူဧကရီက နှိမ်နင်းခဲ့တာ မဟုတ်ဘူးလား။ ဂိုဏ်းချုပ် သွေးဘုရင်ကိုတောင် မဟာချူဧကရီက နှိမ်နင်းခဲ့တာ မဟုတ်လား...”
အကြီးအကဲဝူးရှန် ခေါင်းညိတ်သည်။
“သွေးအရိပ်ဂိုဏ်းက ဧကရီရဲ့ လျှပ်စီးလက်သီးနဲ့ နှိမ်နင်းခံရတာ မှန်တယ်။ ဒါပေမဲ့ သွေးအရိပ်ဂိုဏ်းက အင်အားကြီးမားပြီး ထူးဆန်းတဲ့ နည်းတွေ အများကြီးရှိတယ်။ ထွက်ပြေးသူတွေလည်း မနည်းမနောပဲ... အခု ဧကရီ ပျောက်ဆုံးနေတယ်။ မှောင်ရိပ်ထဲမှာ ပုန်းအောင်းနေတဲ့ သွေးအရိပ်ဂိုဏ်းရဲ့ လက်ကျန်တွေက ယွမ်လန်နယ်မြေအုပ်စုမှာ စတင်လှုပ်ရှားလာခဲ့ကြပြီ... သွေးအရိပ်ဂိုဏ်းချုပ် သွေးဘုရင်က သိုင်းဝိညာဉ်ကနေ မသေနိုင်တဲ့ နတ်စွမ်းအင်တစ်ခုကို နိုးကြားခဲ့ဖူးတယ်။ သွေးနတ်ဆိုး တာအိုလမ်းစဉ်လို့ ခေါ်တယ်။ သွေးတစ်စက်ကနေ ကိုယ်ကို ပြန်လည်မွေးဖွားနိုင်တယ်လို့ ကောလာဟလရှိတယ်။ ငါ ခန့်မှန်းတာ မမှားဘူးဆိုရင် ဒီလက်ကျန် အင်အားစုတွေက သွေးဘုရင်ကို ပြန်လည်ရှင်သန်အောင် ကြိုးစားနေတာ ဖြစ်နိုင်တယ်”
ဤစကားကို ကြားသောအခါ လူအများ နှလုံးသားထဲတွင် တုန်လှုပ်သွားကြသည်။ ထိုနှစ်များက သွေးအရိပ်ဂိုဏ်း၏ ကြောက်မက်ဖွယ်ကောင်းမှုကို မည်သူက မကြားဖူးဘဲ ရှိမည်နည်း။ ယွမ်လန်နယ်မြေအုပ်စု၏ ပထမဆုံးသော အင်အားစုကြီး ဖြစ်သည်။ သွေးအရိပ်ဂိုဏ်း၏ ကျင့်ကြံမှုနည်းလမ်းသည် အလွန်ထူးဆန်းပြီး ရက်စက်သည်။ သွေးဖြင့် မိမိ စွမ်းအားကို မြှင့်တင်နိုင်ပြီး သာမန်လူများကိုပင် ပါရမီရှင်များပမာ ကျင့်ကြံမှုအရှိန်အဟုန်ကို ရရှိစေသည်။
စွမ်းအားကို တိုးမြှင့်ရန် သွေးအရိပ်ဂိုဏ်းသားများသည် နေရာတကာ ပြဿနာဖန်တီးကြသည်။ ကျင့်ကြံမှုအတွက် သွေးအလုံအလောက်ရရန် မြို့များ၊ ဂိုဏ်းများကို သတ်ဖြတ်ကြသည်။ ယွမ်လန်နယ်မြေအုပ်စုတစ်ခုလုံးကို လုံးဝ ရှုပ်ထွေးသွားစေခဲ့သည်။ မဟာချူဧကရီ ရုတ်တရက် ပေါ်ထွက်လာခြင်း မရှိခဲ့ပါက၊ သူမတစ်ဦးတည်းဖြင့် သွေးအရိပ်ဂိုဏ်းချုပ် သွေးဘုရင်ကို နှိမ်နင်းကာ သွေးအရိပ်ဂိုဏ်းကို ဖျက်ဆီးခဲ့ခြင်း မရှိခဲ့ပါက ယခုအချိန်တွင် ယွမ်လန်နယ်မြေအုပ်စုသည် သွေးအရိပ်ဂိုဏ်း၏ အရိပ်အောက်တွင် မှောင်မိုက်သော နေ့ရက်များကို ဖြတ်သန်းနေရဦးမည်ဖြစ်သည်။
ယခု ဧကရီ ပျောက်ဆုံးနေသည်။ သွေးဘုရင် ပြန်လည်ရှင်သန်လာခဲ့လျှင် ယွမ်လန်နယ်မြေအုပ်စုသည် သွေးအရိပ်ဂိုဏ်း၏ ထိန်းချုပ်မှုအောက်သို့ တစ်ဖန် ရောက်ရှိသွားမည်မှာ သေချာသည်။ သတ္တဝါများ ပျက်စီးကာ သွေးချောင်းစီးရလိမ့်မည်။
အကြီးအကဲပိကျိုးရွှေသည် မထိန်းနိုင်ဘဲ ဆိုသည်။
“မဟာချူဧကရီ ဘာဖြစ်သွားခဲ့လဲ”
ဧကရီသာ ရှိနေလျှင် သွေးအရိပ်ဂိုဏ်း၏ လက်ကျန်များသည် မြောင်းပုပ်ထဲမှ ကြွက်များကဲ့သို့ ပုန်းအောင်းနေကြလိမ့်မည်။ ဘယ်မှာ အပြင်ထွက်၍ ပြဿနာဖန်တီးရဲမည်နည်း။
အကြီးအကဲဝူးရှန်ကမူ ဤကိစ္စကို ဆွေးနွေးလိုခြင်း မရှိချေ။
“သွေးအရိပ်ဂိုဏ်းက တစ်ဖန် ပြန်လည်နိုးထလျှင်တောင် သွေးဘုရင်ကို ပြန်လည်ရှင်သန်စေဖို့ မလွယ်ကူဘူး။ ငါ သတိပေးချင်တာက သွေးအရိပ်ဂိုဏ်းကို အခွင့်အရေး လုံးဝ မပေးဖို့ပဲ။ သွေးအရိပ်ဂိုဏ်းရဲ့ ခြေရာကို တွေ့တာနဲ့ ချက်ချင်း သတ်ပစ်ရမယ်။ မဟုတ်ရင် သွေးဘုရင် တစ်ဖန် ပြန်လည်ရှင်သန်ခဲ့မယ်ဆိုရင် မင်းတို့ ဂိုဏ်းသုံးဂိုဏ်းသာမက တာယွဲ့မင်းဆက်၊ ယွမ်လန်နယ်မြေအုပ်စုတစ်ခုလုံးဟာ ဘေးအန္တရာယ်ကြီးနဲ့ ရင်ဆိုင်ရလိမ့်မယ်။ သွေးနတ်ဆိုးက သွေးဘုရင်ကို ပြန်လည်ရှင်သန်စေခြင်းနဲ့ ဆက်စပ်နေတယ်။ ကူးယွမ်မြို့တစ်ဝိုက်မှာ သွေးနတ်ဆိုးရဲ့ ခြေရာကို တွေ့ရှိရင် ချက်ချင်း ဝိုင်းဝန်းနှိမ်နင်းရမယ်။ အဲ့ဒီတစ်ဝိုက်က နိုင်ငံတွေ အများကြီးရဲ့ နယ်စပ် ဖြစ်တယ်။ အဲဒီအချိန်မှာ ပူးပေါင်းဆောင်ရွက်ရလိမ့်မယ်။ မင်းတို့ ဂိုဏ်းသုံးဂိုဏ်းလုံး ပြင်ဆင်ထားသင့်တယ်။ တော်ပြီ... ငါ သိသမျှ ဒီလောက်ပဲ။ သွားလိုက်ဦးမယ်...”
စကားသံဆုံးသည်နှင့် အကြီးအကဲဝူးရှန်၏ကိုယ်မှ လျှပ်စီးအလင်းများ တောက်ပလာသည်။ လော့ချန်ကို တစ်ချက် ဝေ့ကြည့်လိုက်ကာ လူတစ်ကိုယ်လုံးသည် ကောင်းကင်သို့ ထိုးတက်သွားရာ မျက်တောင်တစ်ခတ်အတွင်း အဝေးဆုံး ကောင်းကင်သို့ တိုးဝင်ကာ တိမ်များအတွင်း ဝင်ရောက် ပျောက်ကွယ်သွားသည်။
“မမျှော်လင့်ခဲ့ဘူး။ နှစ်ပေါင်းများစွာ ပျောက်ကွယ်နေခဲ့တဲ့ သွေးအရိပ်ဂိုဏ်း ပြန်လည်နိုးထလာခဲ့ပြီ။ မဟာချူဧကရီသာ ထပ်မံပေါ်ထွက်လာခြင်း မရှိရင် ဒီလောကကြီး လုံးဝ ရှုပ်ထွေးသွားလိမ့်မှာဧကန်ပဲ...”
အကြီးအကဲဝူးရှန် ထွက်ခွာသွားသော ဦးတည်ရာကို ကြည့်နေသည်။ အကြီးအကဲပိကျိုးရွှေသည် မျက်နှာထား တင်းမာကာ ခေါင်းခါလိုက်သည်။ ပြီးနောက် နှုတ်ဆက်ကာ လော့ရှာဂိုဏ်းမှ လူများကို သုံးရောင်ခြယ်ကြိုးကြာပေါ်သို့ ခေါ်ဆောင်၍ လေထဲတွင် ထွက်ခွာသွားသည်။
“လော့ချန်... အချိန်ရရင် တော်ဝင်မြို့တော်ကို လာခဲ့ပါ”
နဝမမင်းသမီး ကျင်းယွီရှီသည် လော့ချန်ကို လက်ပြ၍ လှမ်းအော်ခေါ်သည်။ လော့ချန် တည်ငြိမ်စွာ ပြုံးပြလိုက်သည်။ တော်ဝင်မြို့တော်သို့ သူ သွားလိမ့်မည်မှာ သေချာသည်။ သို့သော် ယခု မဟုတ်သေးပေ။
“ကောင်းပြီ... ငါတို့လည်း ထွက်ခွာကြစို့”
အကြီးအကဲချန်ရွှမ်သည် စိတ်ကို ပြန်လည်စုစည်းလိုက်ကာ ထွက်ခွာရန် ကြေညာလိုက်သည်။
“ရှူး...”
လင်းယုန်ကြီးသည် အတောင်ပံတစ်ချက် ခတ်လိုက်သည်။ ဆယ်ဦးကျော်ပါဝင်သော သူတို့အဖွဲ့နှင့်အတူ လင်ချီတုန်းနှင့် လုချန်၏ အလောင်းများကို သယ်ဆောင်ကာ ကောင်းကင်သို့ တည့်တည့် ထိုးတက်သွားသည်။
ဤမြင်ကွင်းကို မြင်လိုက်ရသည်နှင့် ဆွန်ယင်ယန်၏ မျက်လုံးများထဲတွင် အလင်းတန်းတစ်ခု ပြင်းထန်စွာ တောက်ပလာသည်။ လျှပ်ယွမ်ဂိုဏ်းမှ အကြီးအကဲနှစ်ဦးကို အမိန့်ပေးလိုက်သည်။
“မင်းတို့ လူတွေကို ခေါ်ပြီး ပြန်သွားနှင့်ကြ။ ငါနဲ့ အကြီးအကဲက ခဏနေ နောက်ကလိုက်ခဲ့မယ်”
မီးလျှံငှက်ကြီး၏ ကျယ်ပြန့်သော ကျောပေါ်သို့ တက်လိုက်ကြသည်။ ဆွန်ယင်ယန်သည် ဆွန်ချွမ်ဝူ၏ မကြည့်ရက်စရာ အလောင်းကို တစ်ချက်ကြည့်လိုက်၏။ ထို့နောက် မျက်ရည်များကို ထိန်းချုပ်လိုက်သော်လည်း အသံသည် တောင့်တင်းနေ၏။
“ဂိုဏ်းကို ပြန်ရောက်ရင် ချွမ်ဝူရဲ့ အလောင်းကို မရွှေ့ကြနဲ့အုံး ငါ ပြန်လာတဲ့အထိ စောင့်ရမယ်”
သူသည် လော့ချန်၏ သွေးသားဖြင့် ဆွန်ချွမ်ဝူကို ပူဇော်မည်ဖြစ်သည်။
“ဂီး...”
မီးလျှံငှက်ကြီးသည် စူးရှစွာ ဟစ်အော်လိုက်၏။ အတောင်ပံတစ်ချက် ခတ်လိုက်ရာ ကောင်းကင်သို့ ထိုးတက်သွားပြီး မျက်စိတစ်မှိတ်အတွင်း တိမ်များအတွင်းသို့ တိုးဝင် ပျောက်ကွယ်သွားတော့သည်။
အခန်း (၃၈၁) ပြီးပါပြီ။