← Chapters

ဂူသင်္ချိုင်းက အလွတ်ကြီး

Vol. 1 Ch. 281

ဂူသင်္ချိုင်းက အလွတ်ကြီး

Vol. 1 Ch. 281

ကျန်းရီပြန်လာပြီ …

ထိုသတင်းသည် ကောင်းကင်တောင်ပံ တစ်မြို့လုံးသို့ လေတိုက်သည့် အလား ပျံ့နှံ့သွားခဲ့သည်။ ကျီထျန်းသည် ကျီဂိုဏ်းသားများကို ဦးဆောင်၍ မြို့စားအိမ်တော်မှ ချက်ချင်း ထွက်ခွာ လာခဲ့သည်။ ကျန်းဂိုဏ်း၊ လမ်ဂိုဏ်းနှင့် လျှိုဂိုဏ်းတို့လည်း အလားတူပင်။ ဂိုဏ်းချုပ် တစ်ယောက်ချင်းစီသည် သူတို့ဂိုဏ်းမှ အကြီးအကဲများကို ဦးဆောင်ကာ မာဂိုဏ်းရှိရာ ထွက်လာကြသည်။

ကျန်းရီသည် နိုင်ငံသစ္စာဖောက်မှု၏ အပြစ်သား ဖြစ်သော်လည်း မိုးပြာနဂါးအင်ပါယာ၏ ကင်းထောက်သံတမန်၊ နယ်မြေ၏ ကယ်တင်ရှင် ဖြစ်သည်။ သူတို့ အလောတကြီး ထွက်လာရသော အကြောင်းအရင်းမှာ ကျန်းရီ၏ မျက်နှာသာပေးမှုကို ရယူလို၍ သို့မဟုတ် ကျန်းရီကို မှီခို၍ သူတို့ဂိုဏ်းများ၏ အင်အားကို တိုးတက်အောင် လုပ်လို၍ မဟုတ်ပါချေ။ ကောင်းကင် တောင်ပံမြို့တွင် ကြီးပြင်းခဲ့သော ပြိုင်ဘက်ကင်း လူငယ်လေးကို စိတ်ရင်းဖြင့် တွေ့ချင်ကြ၍သာ ဖြစ်လေသည်။

"လင်းရီ … သက်ကြီးရွယ်အိုတွေ၊ ကလေးတွေနဲ့ အမျိုးသမီးတွေ ကလွဲပြီး ကျန်တဲ့ မာဂိုဏ်းသား မှန်သမျှကို သတ်ပစ်လိုက်"

မာဂိုဏ်း၏ အိမ်တော်ဝင်းထဲတွင် ကျန်းရီသည် လူသတ်ငွေ့များ ပြည့်နေသော အမူအရာဖြင့် အမိန့်ပေးလိုက်သည်။ အဖြစ်အပျက် အလှည့်အပြောင်းများစွာ ကြုံတွေ့ခဲ့ရပြီးနောက် သူ့စိတ်နှလုံးသည် ကြံ့ခိုင်လာခဲ့သည်။ ယခင်က မာဂိုဏ်းကြောင့် သူသေလုနီးပါး ဖြစ်ခဲ့ရသည်ကိုပင် လက်စား မချေခဲ့သော်လည်း မာဂိုဏ်းသည် ကျန်းယွင်ဟိုင်ကို ထောင်ချောက်ထဲသို့ တွန်းချခဲ့လေသည်။

"ဝှစ် … ဝှစ်"

လင်းရီတို့ လူစုက ကျန်းရီထက်ပင် ပိုရက်စက်လေသည်။ မာဂိုဏ်းသားများကို သတ်ခြင်းမပြောနှင့်၊ သက်ကြီးရွယ်အိုများ၊ ကလေးများနှင့် အမျိုးသမီးများကိုပါ သတ်ဟု ကျန်းရီ အမိန့်ပေးလာလျှင်တောင် မျက်တောင် တစ်ချက်မခတ်ဘဲ သတ်ပစ်ကြမည်သာ။

လင်းရီတို့လူစုသည် ပြေးထွက်သွားကြသည်။ သူတို့လက်ထဲမှ အနက်ရောင် ကောင်းကင်အဆင့် ဆေဘာဓားရှည်များသည် သေမင်း၏ တံစဉ်များအလား မာဂိုဏ်းသားများအား ပိုင်းဖြတ် သွားလေသည်။

မာဂိုဏ်းချုပ် မာခွေသည် ခရမ်းရောင်နန်းတော်ရှင် အဋ္ဌမအဆင့်တွင် ရှိသော်လည်း အကြီးအကဲများက ပို၍ အားနည်းကြလေသည်။ သူတို့ စုဆောင်းထားသော လူသစ်များမှာလည်း ခရမ်းရောင် နန်းတော်ရှင် အဆင့်တွင်သာ ရှိကြသေးသည်။ လင်းရီတို့ လူစုအား ဘေးဖယ် ထားလျှင်တောင် ကျန်းရီ တစ်ယောက်တည်းနှင့်ပင် သူတို့အားလုံးကို အသာလေး သတ်နိုင်လေသည်။ ထိုလူများကို သတ်ရသည်မှာ လင်းရီတို့ လူစုအဖို့ ကြက်များ၊ ခွေးများကို သတ်ရသလိုပင်။

"အား"

အော်ဟစ်သံများသည် ကောင်းကင် တောင်ပံမြို့အတွင်း ပဲ့တင်ထပ်သွားခဲ့သည်။ ကျန်းရီနှင့် ကျန်းယွင်ဟိုင် တို့သည် ဘေးဘက်တွင် ရပ်၍ လင်းရီတို့လူစု မာဂိုဏ်းသားများကို သတ်ဖြတ်နေသည်အား အေးစက်စက် မျက်လုံးများနှင့် ကြည့်နေခဲ့သည်။

"ဝှစ်"

ကျီထျန်း၊ ကျန်းယွင်ရှန်နှင့် အခြားလူများ ရောက်ရှိလာကြသည်။ သူတို့သည် ချောက်ချားဖွယ် အော်ဟစ်သံများကို ကြားသည့်အခါ မည်သူမှ မလှုပ်ရှားရဲကြတော့ဘဲ အိမ်တော်ဝင်း အပြင်တွင်သာ စောင့်ဆိုင်း နေကြလေသည်။

ဆယ့်ငါးမိနစ်အတွင်း လင်းရီတို့ လူစုသည် မာဂိုဏ်းသားများကို သတ်ဖြတ်ပြီး သွားခဲ့သည်။ ကျန်းရီသည် ထိတ်လန့် တုန်လှုပ်နေကြသော မာဂိုဏ်းမှ ကလေးများနှင့် အမျိုးသမီးများကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။

"ငါက ကျန်းရီ၊ မင်းတို့ ငါ့အကြောင်း သိပြီးသားပါ၊ ငါနဲ့ မာဂိုဏ်းရဲ့အကြားက ရန်ငြိုးကိုလည်း မင်းတို့ သိကြလိမ့်မယ် …  အစက ငါ မင်းတို့ မာဂိုဏ်းအကြောင်းကို မေ့ပစ်ပြီး ပြဿနာမရှာဘဲ နေတော့မလို့ပဲ၊ ဒါပေမဲ့ … "

"မင်းတို့မာဂိုဏ်းက ငါ့ကိုထပ်ပြီး ရန်စရုံတင်မကဘူး၊ ငါ့အဘိုးကိုလည်း တစ်ဖက်လှည့်နဲ့ အန္တရာယ် ဖြစ်စေခဲ့တယ်၊ အမှားလုပ်ပြီးရင် ပြန်ပေးဆပ်ရမှာပဲ … မင်းတို့ မာဂိုဏ်းရဲ့ မျိုးဆက်တွေထဲက ငါ့ကိုသတ်နိုင်တဲ့၊ လက်စားချေနိုင်တဲ့သူ တစ်ယောက်ယောက်များ ရှိလာခဲ့ရင် ငါကျန်းရီ ဘာဆင်ခြေမှ မပေးတော့ဘူး "

စကားဆုံးသည်နှင့် ကျန်းရီသည် လှည့်ထွက်ရန် ပြင်လိုက်သည်။ ကျန်းယွင်ဟိုင်သည် သက်ပြင်းချကာ ပြောလာလေသည်။

"အရှင်ငယ် … သူတို့ကို ဒီစကားတွေ ပြောဖို့လိုလို့လား၊ လောကကြီးက ရက်စက်ပြီး သတ်ဖြတ်ခြင်းတွေနဲ့ပဲ ပြည့်နေတာ၊ အင်အားနဲ့သာ အရာရာကို တိုင်းတာတယ် ဒါအတွက် အကြောင်းပြချက် မရှိဘူး၊ အရှင်ငယ်သာ အားနည်းရင် သေရမှာက ကျွန်တော်တို့တွေပဲ … ဒါကမျှတတယ် … အပြစ်ရှိသလို ခံစားနေဖို့ မလိုပါဘူး"

"အင်း"

ကျန်းရီသည် ခေါင်းညိတ်ကာ အပြင်သို့ လျှောက်လာခဲ့သည်။ ထိုအခါ ရင်းနှီးနေသော မျက်နှာများနှင့် စကားပြောချင်သော်လည်း တွန့်ဆုတ်နေကြသည့် မပြတ်မသား အမူအရာများအား သူမြင်လိုက် ရလေသည်။ သူသည် ခပ်ရေးရေးပြုံးကာ မည်သည့် စကားမှမဆိုဘဲ ထွက်လာခဲ့လိုက်သည်။

လင်းရီသည် ကျန်းယွင်ဟိုင် ထွက်လာနိုင်စေရန် ကူညီလိုက်သည်။ ကျီထျန်းသည် ကျန်းယွင်ဟိုင်ကို မြင်သောအခါ အပြစ်ရှိသည့် အရိပ်အယောင်တို့ မျက်နှာထက်တွင် ထင်ဟပ်လာခဲ့သည်။ သူသည် ကြိုးစား၍ ပြောလိုက်သည်။

"ယွင်ဟိုင် … ငါကျန်းရီကို တောင်းပန်ဖို့ ကူညီပေးပါ၊ ငါတို့မိသားစုမှာ ဒီလိုသမီးမျိုးရှိတာ ကံဆိုးတာပဲ"

"ဦးလေးဟိုင်"

ကျန်းယွင်ရှန်သည် ခံစားချက်မျိုးစုံ ပြည့်နေသော လေသံနှင့် အော်ခေါ် လာခဲ့သည်။ ကျန်းယွင်ဟိုင်သည် ကျန်းယွင်ရှန်ကို ကြည့်လိုက်ပြီး ခေါင်းညိတ်ကာ ကျီထျန်းအား စကားပြောလိုက်သည်။

"ငါဒီကိစ္စကို နည်းနည်းတော့ သိထားတယ်၊ အရှင်ငယ်ကို ငါပြောလိုက်မယ် … ငါတို့မှာ လုပ်စရာ ကိစ္စလေးတွေ ရှိနေလို့ သွားတော့မယ်"

ကျန်းရီသည် ရင်းနှီးနေသော ပုံရိပ်များကို မြင်သည့်အခါ ရပ်တန့် လိုက်မိသည်။ ထိုသူတို့မှာ သိုင်းခန်းမမှ ကြီးကြပ်သူယန်၊ ခန်းမသခင်၊ ရီလင်းရွှယ်နှင့် အခြားလူများ ဖြစ်လေသည်။ ကျန်းရီသည် ထိုလူများကို မြင်သည့်အခါ အတိတ်အား တစ်ဖန်ပြန်တွေး မိသွားသည်။

သူသည် မလှမ်းမကမ်းမှသာ ငေးကြည့်ရင်း ရင်းနှီးနေသည့် ကောင်းကင် တောင်ပံမြို့ကို အချိန်အတန်ကြာ စူးစမ်းနေခဲ့ပြီး ဘာစကားမှ မဆိုခဲ့ချေ။ သူသည် ကြီးကြပ်သူယန်တို့ လူစုကို ခေါင်းညိတ် နှုတ်ဆက်လိုက်ပြီး မြို့အရှေ့ဘက်သို့ ထွက်ခွာလာခဲ့သည်။ လင်းရီတို့ လူစုသည်လည်း ကျန်းယွင်ဟိုင်ကို သယ်ဆောင်၍ ကျန်းရီ နောက်လိုက်ကာ မြို့ထဲမှ လျင်မြန်စွာ ထွက်လာခဲ့ကြသည်။ ကျန်းရီသည် ရှန်ဝူနိုင်ငံ၏ အပြစ်သား ဖြစ်နေဆဲဖြစ်ရာ အချိန်အကြာကြီး လူယောင်ပြ လျှောက်သွားနေပါက မကောင်းပေ။

"ဝှစ် … ဝှစ်"

ကျန်းရီတို့ လူစုသည် လူတိုင်း၏ မြင်ကွင်းမှ လျင်မြန်စွာ ပျောက်ကွယ် သွားခဲ့သည်။ ကောင်းကင်တောင်ပံမြို့သည် ဆူဆူညံညံဖြင့် ပြန်လည် လှုပ်ရှားလာခဲ့သည်။

ကျန်းရီသည် ရှန်ဝူနိုင်ငံသို့ ပေါ်ပေါ်ထင်ထင် လာရောက်၍ ကောင်းကင် တောင်ပံမြို့သို့ အပြေးလာကာ မာဂိုဏ်းကို သတ်ဖြတ်ပြီး သူတို့အား ချန်ရစ်ခဲ့သည်။ သူသည် မြို့တစ်ခုလုံး တုန်လှုပ် သွားစေလောက်သည့် သိုင်းသမား ဆယ်ယောက်ကိုပင် ခေါ်လာခဲ့သေးသည်။ ထိုသူတို့မှာ သူ့နောက်လိုက်များ ဖြစ်ပုံရလေသည်။

ကျီထျန်းနှင့် ကျန်းယွင်ရှန်သည် မသက်မသာ အခံစားရဆုံး ဖြစ်သည်။ ကျီထျန်းသည် ကျီထင်ယွီသည် ကျန်းရိလျှိုနှင့် ပူးပေါင်း၍ ကျန်းရီအား ဒုက္ခပေးခဲ့သည့် အကြောင်းကို သိပြီးဖြစ်သည်။ ကျီထျန်းသည် ထိုကိစ္စအား စိုးရိမ်နေသော်လည်း ကျန်းရီသည် ယခင် သံယောဇဉ်တို့ကို ထောက်ထား၍ ကျီဂိုဏ်းအား စာရင်းမရှင်းဘဲ ထွက်သွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ကျန်းယွင်ရှန်မူကား ရင်ထဲတွင် ခံစားချက် မျိုးစုံတို့ဖြင့် ပြည့်ကြပ် နေလေသည်။ ယခင်က သူသာ ကျန်းရီအပေါ် အနည်းငယ် ကောင်းပေးခဲ့လျှင် ကျန်းရီ၏ လက်ရှိ အဆင့်အတန်းနှင့် ဆိုပါက အသေးအဖွဲ့ အကူအညီလေးကပင် ကျန်းဂိုဏ်းအတွက် အောင်မြင်မှု ကဋေကဋာ ဖြစ်လာလိမ့်မည်။

***

ကျန်းရီတို့ လူစုသည် တိတ်ဆိတ်စွာ ခရီးဆက်နေခဲ့ကြပြီး ကျန်းယွင်ဟိုင်ကလည်း စကားမစခဲ့ပေ။ သူသည် ကျန်းရီကို နားလည်၍ ကျန်းရီ၏ စိတ်နေ စိတ်ထားသည် ရီဖျောင်ဖျောင်နှင့် အလွန် တူသည်ကိုလည်း သိထားခဲ့သည်။ သူသည် ပုံမှန်အချိန်များတွင် ကြင်နာ နူးညံ့၍ ပြဿနာ မရှာတတ်ပေ။ သူဒေါသ ထွက်လာလျှင်မူ အရူးတစ်ယောက်ပမာ ဖြစ်သွားပြီး သူ့နည်းလမ်း များသည် နှိုင်းယှဉ်စရာ မရှိအောင် ရက်စက်လေ၏။

ကျီထင်ယွီသည် ကျန်းရီအား ပူးပေါင်းကြံစည်ခဲ့ပြီး ကျန်းရီသည် ကျီထျန်းအပေါ် ကျေးဇူးကြွေး တင်နေခဲ့သည်။ ထိုကိစ္စနှစ်ခုသည် ကွဲပြားသော ကိစ္စများ ဖြစ်သော်လည်း ကျန်းရီသည် ကျီဂိုဏ်းသို့ ပြဿနာ သွားရှာမည် မဟုတ်သောကြောင့် ကျန်းယွင်ဟိုင် နားချစရာ မလိုပါချေ။ ကောင်းကင် တောင်ပံမြို့မှ ကျန်းဂိုဏ်း အတွက်မူ ကျန်းရီသည် သူတို့ကို ခွင့်လွှတ်လိုက်ပြီ ဖြစ်ပြီး သူတို့ထံ စာရင်းသွားရှင်းမည် မဟုတ်ပေ။ သို့သော် ကူညီမည်လည်း မဟုတ်။

လူတစ်အုပ်သည် အရှေ့ဘက်သို့ ခရီးဆက်နေခဲ့ကြပြီး တစ်နာရီခန့် အကြာတွင် မြို့ငယ်လေး တစ်ခုထံ ရောက်ရှိသွားခဲ့သည်။ ကျန်းယွင်ဟိုင်သည် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ကာ အခိုင်အမာ ဆိုလိုက်သည်။

"မြို့ထဲကို ဝင်ဖို့ မလိုဘူး၊ မြောက်ဘက်ကိုပဲ တည့်တည့် ဆက်သွားရင် တောင်ငယ်လေးတစ်ခု တွေ့လိမ့်မယ်၊ အဲ့ဒီတောင်ရဲ့ ချိုင့်ဝှမ်းထဲမှာ သခင်မကို မြှုပ်ထားတာ"

ကျန်းယွင်ဟိုင်၏ ညွှန်ကြားချက်အတိုင်း လူစုမှာ မြောက်ဘက်အရပ်သို့ ဆက်လက် ပြေးလာကြပြီး အလွန်လှပသော မြင်ကွင်းများနှင့် ချိုင့်ဝှမ်းတစ်ခုထံ ရောက်လာခဲ့သည်။ ချိုင့်ဝှမ်း၏ အပြင်ဘက်တွင် မြစ်ကွေ့လေး တစ်ခုရှိပြီး မြေပြင် အနေအထားလည်း ကောင်းမွန်လှသည်။

ကျန်းရီ၏ ခြေလှမ်းများသည် နှေးကွေး လေးလံလာခဲ့သည်။ သူသည် ချိုင့်ဝှမ်းတွင်းသို့ ဖြည်းဖြည်းချင်း လျှောက်ဝင်သွားခဲ့ပြီး လင်းရီတို့ လူစုမှာ ဆက်လိုက်မသွားဘဲ လူခွဲ၍ စောင့်ကြပ်ရန် ပြင်ဆင်လိုက်ကြသည်။ ကျန်းယွင်ဟိုင် သည်လည်း ကျန်းရီနောက်မှ လိုက်ပါ၍ ချိုင့်ဝှမ်းတွင်းသို့ ဦးတည်ခဲ့လိုက်သည်။

ချိုင့်ဝှမ်းလေးသည် အလွန်သေးငယ်ပြီး သားရိုင်း တစ်ကောင်တစ်လေမှ ရှိမနေပေ။ ပန်းပင်များလည်း အမျိုးစုံစွာ ပေါက်နေခဲ့ပြီး ပန်းပင်များ၏ အလယ်တွင် ဂူသင်္ချိုင်းတစ်ခု ရှိနေခဲ့သည်။

ဂူသင်္ချိုင်းထက်တွင် ရေညှိပင်များ ပေါက်ရောက်နေခဲ့ပြီး နှစ်ပေါင်းများစွာ သန့်ရှင်းရေး မပြုလုပ်ထားကြောင်း ဖော်ပြနေခဲ့သည်။ ဂူသင်္ချိုင်း၏ အရှေ့တွင် ကျောက်တိုင်တစ်ခု စိုက်ထူထားပြီး မည်သည့်အမည်မှ ရေးထိုးမထားဘဲ 'သခင်မ၏ ဂူသင်္ချိုင်း'ဟူသော စာလုံးများသာ ရှိနေလေသည်။

"သခင်မ … ဒီအစေခံအိုကြီးက အရှင်ငယ် သခင်မကို ကန်တော့နိုင်အောင် ခေါ်လာခဲ့ပါပြီ၊ အရှင်ငယ်က ကြီးပြင်းလာပြီး စဉ်းစားချင့်ချိန်နိုင်တဲ့ အရွယ်ကိုလည်း ရောက်နေခဲ့ပြီ"

ကျန်းယွင်ဟိုင်သည် ဂူသင်္ချိုင်းကို သေချာအနီးကပ် ကြည့်နေခဲ့ပြီး မျက်ဝန်းများမှ မျက်ရည်များ စီးကျလာလေ၏။ သူသည် တတွတ်တွတ် ရေရွတ် ပြောဆိုနေခဲ့ပြီး ကျန်းရီမှာ အချိန်အတော် ကြာသည်အထိ တိတ်ဆိတ်စွာ မတ်တတ် ရပ်နေခဲ့သည်။

"ဘန်း"

ကျန်းရီသည် ဒူးထောက် ထိုင်ချလိုက်ပြီး လေးနက်စွာ ကန်တော့လိုက်သည်။ သူ့မျက်ဝန်း နှစ်ဖက်တွင် မျက်ရည်များ ပြည့်နေလေသည်။ သူသည် ခေါင်းမာစွာ နှုတ်ခမ်းကို ကိုက်၍ စကားတစ်ခွန်းမှ မပြောဘဲ ဂူသင်္ချိုင်းကိုသာ ဆို့နင့်စွာ ငေးကြည့်နေခဲ့သည်။ သူဘာတွေး နေသည်ကို မည်သူမှ မသိနိုင်ပေ။

"အမ်"

ရုတ်တရက် ချိုင့်ဝှမ်း၏ ဝင်ပေါက်မှ အာမေဋိတ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ လင်းရီသည် ပြေးဝင်လာခဲ့ပြီး ဂူသင်္ချိုင်းကို သံသယ မျက်ဝန်းများဖြင့် ခေါက်တုံ့ခေါက်ပြန် ကြည့်ရှုနေလေသည်။ သူသည် ကျန်းရီနှင့် ကျန်းယွင်ဟိုင် နှစ်ယောက်လုံးကို တုန်လှုပ်သွားစေသည့် တစ်စုံတစ်ခုကို ပြောလာခဲ့သည်။

"ကင်းထောက် သံတမန်ကျန်း … ဂူသင်္ချိုင်း … ဂူသင်္ချိုင်းထဲမှာ ဘာရုပ်အလောင်းမှ မရှိဘူး၊ အခေါင်းက အလွတ်ကြီး"

"မဖြစ်နိုင်တာ"

ကျန်းယွင်ဟိုင်၏ မျက်လုံးများသည် ဒေါသကြောင့် စူးရဲလာခဲ့ပြီး အော်ဟစ် လာလေသည်။

"အဲ့ဒီတုန်းက ငါကိုယ်တိုင် သခင်မကို ဒီနေရာမှာ မြှုပ်နှံခဲ့တာ၊ လွန်ခဲ့တဲ့ ဆယ်စုနှစ်တုန်းကလည်း ယန္တရားတစ်ခုကို အုတ်ဂူပေါ်မှာ တပ်ဆင်ခဲ့သေးတယ်၊ ယန္တရားက အခုထိ ရှိနေသေးတယ် … ဒီဆယ်စုနှစ်အတွင်း အုတ်ဂူကို ဘယ်သူမှ မထိထားဘူး ဆိုတာ သေချာတယ်၊ သခင်မရဲ့ ရုပ်ကြွင်းက ဘယ်လိုဖြစ်ပြီး ပျောက်သွားမှာလဲ"

လင်းရီသည် နောက်တစ်ကြိမ် ထပ်ကြည့်လိုက်ပြီး သေချာနေသည့် လေသံဖြင့် ပြောလာခဲ့သည်။

"ကင်းထောက် သံတမန်ကျန်း … ကျွန်တော်က ဗာဂျရာအဆင့်ကို တစ်ပိုင်း ရောက်နေပြီဖြစ်လို့ ကောင်းကင်စိတ်အာရုံကို ပိုင်ဆိုင်နေပါပြီ၊ ကျွန်တော် မမှားဘူးဆိုတာ သေချာတယ်၊ မယုံရင် ဂူသင်္ချိုင်းကို တူးပြီး စစ်ဆေး ကြည့်နိုင်ပါတယ်၊ ကျွန်တော် မှားသွားပြီး သခင်မရဲ့ ရုပ်ကြွင်းကို မရိုမသေပြုမိတယ်ဆိုရင် တောင်းပန်တဲ့အနေနဲ့ လင်းရီ လိုလိုလားလား သေပေးပါ့မယ်"

"ဒါက … "

ကျန်းရီ၏ မျက်လုံးများ ကျဉ်းမြောင်း သွားခဲ့ပြီး စိတ်ရှုပ်ထွေး လာခဲ့သည်။ ကျန်းယွင်ဟိုင်မှ သူ့အမေကို သူကိုယ်တိုင် မြှုပ်နှံခဲ့ပြီး ဂူသင်္ချိုင်းပေါ်ရှိ ယန္တရားမှာလည်း မည်သူမှ ထိမထားဟု ပြောနေခဲ့သည်။ လင်းရီမှလည်း ဂူသင်္ချိုင်းမှာ အလွတ်ကြီး ဖြစ်ကြောင်း အသေအချာ ပြောနေခဲ့သည်။ သူ မည်သူ့ကို ယုံရမည်နည်း။

ဂူသင်္ချိုင်းအတွင်း ရုပ်အလောင်း မရှိပါက သူ့အမေ၏ ရုပ်ကြွင်း မည်သည့်နေရာသို့ ရောက်သွားလေသနည်း။

***

All Chapters