အခန်း (၇၀၉-၇၁၁)
Vol. 60 Ch. 709-711
အခန်း ၇၀၉ -
စကြာဝဠာ နှလုံးသား သုံးလက်မဓား။
ဓားအော်မြည်သံ ထွက်ပေါ်လာသည်နှင့် မဟာတာအို ငရဲမီးလျှံအမှောင်စွမ်းအားများက ဒီရေကဲ့သို့ လှိုင်းထလာပြီး ဖိနှိမ်ရန်ကြိုးစား၏။
မီးနဂါးကိုယ်ခန္ဓာမှ ဖြစ်ပေါ်လာသော ဤတောင်သည် တိတ်ဆိတ်မှုမှ နိုးထလာ သကဲ့သို့ ပေပင်။
ရီချင်းဟယ်နှင့်ရီရွှမ်က အဆင်ပြေသော်လည်း သားသတ်သမားသည် ပြင်းထန်သောဖိအားများ ခံစားလိုက်ရကာ အမူအရာ အနည်းငယ် ပြောင်းသွားသည်။
ထို့ကြောင့် ထိုဖိအားကို ချေဖျက်ရန် ကျင့်ကြံမှုဖြန့်ကျက်ခါနီးတွင် စုရီက၊
“ တွန်းလှန်ဖို့ မကြိုးစားနဲ့ တောင်ကြီးရဲ့ ... ငရဲမီးလျှံ တာအိုနိယာမတွေ ပေါက်ကွဲလာခဲ့ရင် မင်းခံနိုင်ရည်ရှိမှာ မဟုတ်ဘူး။”
-ဟု သတိပေးလိုက်သည်။
သားသတ်သမားက မျက်ဝန်းများ ကျဉ်းမြောင်းသွားကာ အရူးအမူး မလှုပ်ရှားဝံ့ တော့ချေ။ ထိုစဉ် စုရီက လေထဲသို့တိုးဝင်ကာ ချောက်ကမ်းပါးထံ လှမ်းမျှော်ကြည့်ပြီး၊
“ နတ်သမီးယွီယွဲ့ ... မတွေ့တာကြာပြီနော်။ ”
ထိုနှုတ်ဆက် စကားတစ်ခွန်းသည် အရှိန်အဟုန်ဖြင့်တိုးဝင်လာနေသော အမှောင် စွမ်းအားအပေါ် ရုတ်တရက် ရပ်တန့်သွားစေ၏။
“ ဝှစ် ... ။ ”
များမကြာခင် မှိန်ဖျော့ဖျော့ အလင်းရောင်များ ကောင်းကင်ပေါ်ပျံတက်ပြီး ကျက်သရေရှိသည့် အမျိုးသမီးရုပ်ပုံလွှာအဖြစ် ပြောင်းလဲလာသည်။
အနက်ရောင်ဆံပင်ကို မြင့်မြင့်ချည်လျက် ရှေးခေတ်အင်္ကျီ၀တ်ဆင်ထားသော (၁၇)နှစ် အရွယ် မိန်းကလေးတစ်ယောက်ဖြစ်၏။
အသားအရည်သည် နှင်းကဲ့သို့ဖြူကာ အမှောင်ထုများသည် ပွင့်ချပ်အလွှာများအဖြစ် လေထုအတွင်း သူမအသွင်ကို နောက်ခံပြုပေးထားသည်။
အရပ်မြင့်မြင့် သွယ်လျသော အသွင်အပြင်သည် အေးစက်သောလေထုကို ပေးစွမ်းနေ၏။
သူမ၏ မျက်လုံးများသည် ထာဝရ အမှောင်ညကဲ့သို့ နက်နဲကျယ်ပြောပြီး ထိုညကို ငေးကြည့်မိသူတိုင်း ကျောရိုးများ တုန်လှုပ် အေးခဲလာစေမည်။
လေထုအလယ် လွင့်မျောလျက် သက်ရှိသတ္တဝါအားလုံးကို ငုံ့ကြည့်နေသော နတ်သမီးအလား ထင်မှားစေ၏။
“ မြွေတစ္ဆေမျိုးရိုးရဲ့ ... သားစဉ်မြေးဆက်တွေက မိန်းကလေးယွီရွယ်ကို အရိုအသေပေးပါတယ်။ ”
ရီရွှမ်နှင့် ရီချင်းဟယ်က ထိတ်လန့်တကြားဖြင့် ချက်ချင်းလေးနက်စွာ ဦးညွှတ်နှုတ်ဆက်တော့၏။
ဤသည်မှာ မြွေတစ္ဆေမိသားစု၏ မြင့်မြတ်ရတနာဖြစ်သည့် ကောင်းကင်မီးလျှံ တစ္ဆေမီးအိမ်၏ ဝိညာဉ်ဖြစ်သည်။
ထိုစဉ်ကတည်းက ယွီရွယ်သည် သူတို့မျိုးရိုးအပေါ်ကာကွယ်သူဖြစ်ကာ သူမ၏ သက်တမ်းသည် မယုံနိုင်စရာပေပင်။
သားသတ်သမားပင် ရင်မောသွားသည်။ ၎င်းသည် ဝိညာဉ်တစ်ခုမျှသာ ဖြစ်သော်လည်း ဘုန်းတန်ခိုးအာနုဘော်နှင့် ပြည့်စုံနေ၏။
မရေမတွက်နိုင်သော တိုက်ပွဲများ၊ သွေးထွက်သံယိုနှင့် မုန်တိုင်းများကို ဖြတ်ကျော် ထားနိုင်သော သူသည်ပင် ဖိနှိပ်ချုပ်ချယ်မှုများ ခံစားခဲ့ရသည်။
“ ရွှမ်ကြွယ်လား။ ”
လေဟာနယ်ပျက်ပြယ်မှု ငြိမ်သွားသောအခါတွင် ထိုမိန်းကလေးက အံ့သြစွာဖြင့် မေးမြန်းလာ၏။
“ နင် ... တကယ်မသေဘူးပဲ။ ”
စုရီက သူ့လည်ပင်းကို အုပ်ကိုင်ပြီး၊
“ ခေါင်းမော့ပြီး စကားပြောရတာကို အကျင့်မဖြစ်သေးဘူး။ ”
-ဟု တုန့်ပြန်သည်။
“ ဝှစ် ...။ ”
သူ့စကားကြောင့် မိန်းကလေးက လက်ဝှေ့ယမ်းလိုက်သည်။ တောင်ကြီးအပေါ် ဖုံးလွှမ်းနေသော အနက်ရောင်မြူခိုးများသည် ရုတ်တရက်ကွဲထွက်ပြီး လမ်းကြောင်းအဖြစ် ပေါ်လွင်လာ၏။
“ ကျေးဇူးပြုပြီး လာပါ ... ။ ”
မိန်းကလေးက လက်ဟန်ပြလျက် တောင်ပေါ် ပြန်လည်ဆင်းသက်သွားလေသည်။ အစမှအဆုံးတိုင် သူမသည် ရီရွှမ်၊ရီချင်းဟယ်နှင့် အခြားသူများကို မကြည့်ခဲ့ချေ။
လက်ရှိ မြွေတစ္ဆေမျိုးရိုး၏ မည်သည့်မျိုးဆက်မဆို သူမအမြင်တွင် ကလေး မျှသာဖြစ်၏။ အာရုံစိုက်ရန် မထိုက်တန်ချေ။
ချောက်ကမ်းပါး ကုန်းပြင်မြင့်သည် ပေတစ်ထောင်ကျော်ကျယ်ဝန်းပြီး ဧရာမ တာအို ရင်ပြင်များနှင့် ယှဉ်နိုင်သည်။
မြူခိုးများကြားတွင် အနက်ရောင် ကျောက်တံတိုင်းများဖြင့် ခတ်ထားသော ခြံဝင်း တစ်ခုကို မြင်တွေ့နိုင်၏။
ခြံဝင်းအတွင်းတွင် အိမ်ငယ်လေးများ၊ ရေကန်တစ်ခုနှင့် ရှေးဟောင်းသစ်ပင်များရှိ၏။ ထိုသစ်ပင်များအောက်တွင် စားပွဲများနှင့် ကုလားထိုင်များ စီစဉ်ပေးထားသည်။
စားပွဲပေါ်တွင် စပျစ်ရည်အိုး၊ ဝိုင်ခွက်နှစ်ခွက်နှင့် အမြည်းပန်းကန်တစ်လုံး အသင့်ရှိနေကာ ယွီရွယ်က ကျောက်စားပွဲ၌ ထိုင်နေပြီဖြစ်သည်။ သူမ ခန္ဓာကိုယ်တဝိုက် အနက်ရောင်မြူများ ရစ်သိုင်းနေ၏။
“ မင်းတို့သုံးယောက် အပြင်မှာ စောင့်နေ။ ”
စုရီနှင့် သူ့အဖွဲ့ ချဉ်းကပ်လာသည်ကို မြင်သောအခါ သူမက အမိန့်ပေးလေသည်။ စုရီ တစ်ယောက်ထဲသာ ခြံဝင်းထဲ ဝင်ခွင့်ရ၏။
ရီရွှမ်နှင့် အဖွဲ့မှာ ထိုအရာအပေါ် အပြစ်မမြင်နိုင်တော့ဘဲ ခြံဝင်းအပြင်၌ ရပ်လျက် ကျန်ရစ်ခဲ့သည်။ ခြံဝင်းအတွင်း ရေကန်တစ်ခုရှိ၏။
ရေကန်၏အလယ်ဗဟိုတွင် ကြာပန်းစင်မြင့်တစ်ခုရှိနေပြီး အရွယ်အစားမှာ ကိုးပေမျှသာပေပင်။ ကြေးဝါမီးခွက်တစ်ခုသည် ၎င်းအပေါ်၌ တောက်လောင်နေကာ တာအို နိယာမများသည် ထိုမီးအိမ်ပတ်လည်တွင် လွင့်ပျံနေတော့၏။
ရစ်ခွေနေသော နဂါးနှင့်ဆင်တူသော မီးစာသည် လှုပ်ခါလျက် အမှောင်ထုအတွင်း လေးလံသော ဖိအားကိုပေးချေ၏။
မီးနဂါးပါးစပ်မှ မီးတောက်တစ်ခု ထွက်နေသည်။ ၎င်းသည် ကောင်းကင်မီးလျှံ အနှစ်သာရဖြစ်၏။ စွမ်းအားသည် နားမလည် နိုင်လောက်အောင်ပင် ပြင်းပျသည်။
“ မီးနဂါးရဲ့ အနှစ်သာရစွမ်းအားကို အသုံးပြုပြီး စကြာဝဠာနှလုံးသားဓားအပေါ် ဖိနှိမ်ထားတာပဲ။”
စုရီမှ မှတ်ချက်ပေး၏။ ရေကန်ထဲတွင် စကြာဝဠာနှလုံးသားဓားကို တံဆိပ်ခတ် ထားချေပြီ။
ဆိုလိုသည်မှာ ကျူးကျော် ဝင်ရောက်လာသည့် မည်သူမဆို ထက်ရှသော ထိုဓားရောင်ဝါကို ခံစားမိနိုင်မည် မဟုတ်ချေ။
စုရီက ရှေးဟောင်းသစ်ပင်အောက်ဆီသို့ လျှောက်လှမ်းကာ ကျောက်စားပွဲတွင် ဝင်ထိုင်လိုက်သည်။
“ ဒါဟာ ရီယုရဲ့စိတ်ကူးပဲ ... မသွားခင် အစိုးရိမ်ဆုံးက မင်းရဲ့ဓားမို့ ရေကန်အောက်မှာ ဝှက်ထားဖို့ ငါ့ကိုတောင်းဆိုခဲ့တယ်။ ”
ယွီရွယ်က ကျောက်စားပွဲတစ်ဖက်တွင် ထိုင်နေလျက်မှ တုန့်ပြန်ပြောကြားလာသည်။ သူမ၏ တောက်ပသောမျက်လုံးများသည် စုရီထံမှ မခွာဘဲ၊
“ နင် ... လူဝင်စားခြင်း လျှို့ဝှက်ချက်ကို တကယ်ရှာတွေ့ပြီး ပြန်လည်မွေးဖွားနိုင်မယ်လို့ ငါမထင်ထားဘူး။ ”
-ဟု ရေရွတ်တော့၏။
စုရီက ပြုံးကာ စားပွဲပေါ်ရှိ ဝိုင်ခွက်ကို ကောက်ယူပြီး တစ်ကျိုက်တည်း မော့သောက် လိုက်၏။ ချိုမြသောအရသာသည် ဝမ်းဗိုက်ထဲ ပူဆင်းသွားချေပြီ။ အချိန်အတော်ကြာ အရသာခံနေပြီးနောက် သူက၊
“ လူဝင်စားတာကို ... မင်းမျက်ဝန်းထဲ အရမ်းစိတ်ဝင်စားနေတာ ငါမြင်တယ် ဒါပေမယ့် အဲဒါကို ငါအများကြီးမပြောနိုင်ဘူး။ ”
-ဟု ပြောကြားလိုက်၏။
“ ဘာလို့လဲ ... ။ ”
ယွီရွယ်မှ အံ့အားသင့်သွားသည်။ စုရီတစ်ယောက် ဝိုင်ခွက်ကိုပြန်ချလိုက်ပြီး၊
“ ငါဖုံးကွယ်ချင်နေတာ မဟုတ်ဘူး ပြန်လည်မွေးဖွားခြင်းရဲ့ လျှို့ဝှက်ချက်တွေက ပြောပြနိုင်အောင်ဖြစ်နေတာ ... မင်းကိုယ်တိုင် တွေ့ကြုံလာမှသာ ဒါကိုမင်းနားလည်မယ်။ ”
-ဟု ရှင်းပြ၏။
ထိုစကားကြောင့် ယွီရွယ်ခမျာ အနည်းငယ်မျှစဉ်းစားပြီး ရုတ်တရက် ပြုံးရယ် လိုက်ကာ၊
“ ငါဟာ နတ်ဘုရားရတနာဝိညာဉ်ပဲ ... ကောင်းကင်မီးလျှံတစ္ဆေမီးအိမ်နဲ့အတူ ရှင်ခြင်းနဲ့ သေခြင်းကို ဆုံးဖြတ်တယ် ငါ့ရှေ့မှာ လူဝင်စားခြင်း ...
... နည်းလမ်းတကယ် ရှိနေတောင် ငါအတွက်အသုံးဝင်မှု မရှိမှာ ကြောက်မိပါတယ် ကောင်းပြီ ငါက လူတစ်ယောက် မဟုတ်ပေမယ့် လူပြန်ဝင်စားလာနိုင်တဲ့ နင့်ကိုမြင်ရတာ ဝမ်းသာပါတယ်။ ”
-ဟု ပြောကြားလိုက်၏။
သူမ၏အငွေ့အသက်သည် ရေခဲကဲ့သို့ အေးစက်သော်လည်း ပြုံးရယ်လိုက်သောအခါ နွေဦးရောင်ခြည်များ ရေကန်တစ်ခုပေါ် ကျဆင်းသည့်အလား တောက်ပနေ၏။
“ ဖြန်း ... ။ ”
စုရီက နှလုံးသားတစ်ခုလုံး တုန်လှုပ်လာသဖြင့် ကျောက်စားပွဲကိုပုတ်ကာ မျက်မှောင်ကြုတ်လျက်၊
“ မင်းဒီအတိုင်း ဆက်လုပ်နေရင် ငါဒေါသထွက်မယ်။ ”
-ဟု သတိပေးလိုက်သည်။ ယွီရွယ်က အံ့အားသင့်သွားကာ နားမလည်နိုင်ဟန်ဖြင့်၊
“ နင်ဘာကိုဆိုလိုတာလဲ။ ”
-ဟု ပြန်မေး၏။
“ ဒီနေ့ ငါ့ဓားကိုယူဖို့ ပြန်လာတာ ... မင်းကိုမဟုတ်ဘူး။ ”
“ ဟမ့် ... ။ ”
ယွီရွယ်၏ လှပသောမျက်နှာပေါ်ရှိ အပြုံးများသည် လုံးဝပျောက်ကွယ်သွားကာ ပြန်လည် အေးစက်သွားပြီး အုံ့မှိုင်းလာ၏။
“ ငါသိတယ် နင်က အသည်းနှလုံး ကင်းမဲ့နေတဲ့လူပဲ ငါမျှော်လင့်ထားပြီးသားပါ ဒါကြောင့်သိပ်ပြီး မအံ့သြတော့ပါဘူး။ ”
ယွီရွယ်က ကျောက်စိမ်းနှင့်တူသော လက်ဆန့်ထုတ်ပြီး ဝိုင်အိုးကိုကောက်ယူကာ စုရီအတွက်တစ်ခွက် ငှဲ့ပေးလိုက်၏။
“ ဒါပေမယ့် နင်အရင်တုန်းက ငါ့ကိုကတိပေးခဲ့တာကို မှတ်မိသေးလား။ ”
“ ဘာကတိလဲ ... ။ ”
စုရီက စိတ်ရှုပ်ထွေးစွာ ပြန်မေးသည်။ ယွီရွယ်တစ်ယောက် မျက်ဝန်းများ မှေးစင်းပြီး စုရီကို ပြန်ကြည့်၏။
“ မေ့လိုက်ပါ ... ငါတို့နောက်မှ ပြောလို့ရတယ်။ ”
“ ကောင်းပြီ ... ။ ”
သို့တိုင် စုရီတစ်ယောက် မှတ်ဉာဏ်များ ပြန်လည်ခေါ်နေဆဲပေပင်။ ထိုစဉ်က သူသည် မည်သို့သော ကတိမျိုးပေးခဲ့သည်ကို သတိမရချေ။
“ ဝှစ် ... ။ ”
ယွီရွယ်က လက်ဆန့်လိုက်ပြီး ကောင်းကင်မီးလျှံတစ္ဆေမီးအိမ်ကို ကြာပန်း စင်မြင့်ထံမှ လှမ်းယူပေးသည်။
“ ဗွက်ဗွက်ဗွက် ... ။ ”
“ ချွင် ... ။ ”
ချက်ချင်းပင် ရေကန်၏ မူလ ငြိမ်သက်နေသော ရေမျက်နှာပြင်ကြီးသည် ပွက်ပွက်ဆူလာပြီး ထိုခဏ၌ ဓားမြည်သံများ ကျယ်လောင်စွာ ထွက်ပေါ်လာ၏။
ခြံအပြင်ဘက်တွင် ရီရွှမ်နှင့် ကျန်နှစ်ယောက်သည် အံ့အားသင့်သွားပြီး ခေါင်းမော့ကြည့်လိုက်လေသည်။
ရေကန်အထက် လေဟာနယ်တွင် မရေမတွက်နိုင်သော အက်ကွဲကြောင်းများဖြင့် ကြည်ပြာရောင်အလင်းများ လွင့်မျောနေ၏။
ထိုအလင်းသည် ဘိုးဘေးမြေတစ်ခုလုံးကို ပြင်းထန်စွာတုန်လှုပ်စေပြီး အမှောင်ထုသည်ပင် အနည်းငယ် ဖယ်ခွာပေးလိုက်ရ၏။
ဖော်မပြနိုင်သော ကြောက်မက်ဖွယ် ကောင်းသည့် ထက်ရှမှုရောင်ဝါများသည်လည်း အရပ်ရပ်သို့ ပျံ့ကားသွားတော့သည်။
ခေတ်ကာလတလျှောက် ချိတ်ပိတ်ခံထားရသည့် ချွန်ထက်မှုတစ်ခုကို တူးဖော် တွေ့ရှိလိုက်သည်နှင့်တူ၏။
ရီရွှမ်တစ်ယောက် အမူအရာများ သိသိသာသာပြောင်းပြီး အရေပြား၊ မျက်လုံးနှင့် ဝိညာဉ်တွင် ချောက်ချားမှုဝင်လာ၏။
ရီချင်းဟယ်နှင့် သားသတ်သမား၏ ကျောပြင်သည် အေးစက်သော ချွေးများဖြင့် စိုရွှဲနေချေပြီ။ ဤအလင်းမှထွက်ပေါ်လာသော ဓားရည်ရွယ်ချက်သည် ရွှမ်ယုဧကရာဇ်များ ကိုပင် ခြိမ်းခြောက်မှုပေးစွမ်း၏။
“ ဘီလူးစုက ငါ့ကို ဒီဓားနဲ့သာ ထိုးခဲ့မယ်ဆိုရင် ... ငါအသက် မရှင်နိုင်တော့မှာ ကြောက်မိတယ် ... ။ ”
သားသတ်သမားက ကူကယ်ရာမဲ့စွာ ညည်းတွားလိုက်သည်။ သူတို့ သုံးယောက်သည် မည်သူမျှ ဤဓားကိုမတွေ့ဖူးသေးချေ။ သို့တိုင် ဝိညာဉ်ပျက်စီးလုနီးပါး ပေပင်။
ခြံဝင်းအတွင်းတွင် ယွီရွယ်က ထိုဖြစ်စဉ်ထံ မျှော်ကြည့်ကာ၊
“ ဘာလို့ ... စကြာဝဠာနှလုံးသား သုံးလက်မ ဓားလို့ ခေါ်ရတာလဲ။ ”
-ဟု မေးမြန်းလိုက်၏။
“ သုံးဂဏန်းက သက်ရှိအားလုံး ... လောကီဖြစ်ရပ်အားလုံးနဲ့ တာအိုအားလုံးအပေါ် ကိုယ်စားပြုတဲ့ ဂဏန်းပဲ ... ဒီနံပါတ်က အကန့်အသတ်မဲ့ အပြစ်အနာအဆာ ကင်းခြင်းကို ကိုယ်စားပြုတယ် ...
... ဗုဒ္ဓဘာသာမှာ စကြာဝဠာကြီးက မုန်ညင်းစေ့တစ်စေ့နဲ့ အလားသဏ္ဍန်တူတယ် မုန်ညင်းစေ့တစ်စေ့ဟာ ဘဝတစ်ခုဖြစ်နိုင်သလို စကြာဝဠာတစ်ခုလည်းဖြစ်နိုင်တယ် ...
... တာအိုဘာသာမှာ ကျောက်တုံးတစ်တုံး သံတစ်ပွင့်ကတောင် ကိုယ်ပိုင်ကမ္ဘာကြီးတစ်ခု ရှိနေတယ် တာအိုတိုင်းက အရေးကြီးတယ် ...
... ဓားတစ်လက်မှာ နှလုံးသားက အဓိကကျပြီး မင်းလက်ထဲက ဓားတစ်လက်ဟာ ကမ္ဘာကြီးဖြစ်နိုင်သလို အရာအားလုံးလည်း ဖြစ်နိုင်တယ် ... မှန်ပါတယ် ...
... သုံးလက်မဆိုတာ ဒီဓားရဲ့ မူလအရွယ်အစားကိုက သုံးလက်မပဲရှိတာမို့ ဖြည့်စွက်ပေးထားတာပဲ ထူးထူးခြားခြားတော့ မရှိပါဘူး။ ”
စုရီက ပေါ့ပေါ့ပါးပါး ပြန်ဖြေလျက် ရေကန်ထဲစိုက်ကြည့်ကာ လက်ယပ်ခေါ်လိုက် လေသည်။ ရေကန်အတွင်းမှ အစိမ်းရောင်များ လင်းလက်လာချေပြီ။
“ ဝှစ် ... ။ ”
“ ချွင် ... ။ ”
၎င်းသည်အသိုက်သို့ ပြန်လာသည့် ပျံလွှားငှက်တစ်ကောင်အလား စုရီလက်ဖဝါးထဲ ရွှင်မြူးစွာပြေးဝင်လာ၏။ အလင်းသည် အစိမ်းရောင်ဖြစ်သည်။
ထိုအစိမ်းသည် ကောင်းကင်ကြီးကိုပင် အရောင်းပြောင်းစေ၏။ ဤသည်မှာ စကြာဝဠာ နှလုံးသားသုံးလက်မပေပင်။
လူအများသည် သုံးလက်မအဓိပ္ပါယ်ကို မသိနိုင်သောကြောင့် စကြာဝဠာနှလုံးသားဟု ခေါ်ဆိုကြခြင်းဖြစ်ချေ၏။
“ နည်းနည်း ပြန်ဆုတ်ပါ။ ”
“ ဘရူး ... ။ ”
စုရီက တိုးတိုးလေးပြောသည်။ ချက်ခြင်း အစိမ်းရောင်အလင်းသည် အနည်းငယ်တုန်ခါပြီး ပါးလျသွားတော့၏။
မီးခိုးရောင်ကမ္ဘာကြီးသည် အစိမ်းရောင် ထိုဓားမီးတောက်များနှင့် ပြည့်နှက်သွားသည်။ အဆုံးတွင် စုရီလက်ဖဝါးပေါ်၌ သုံးလက်မမျှသာ ရှိသော ဓားပါးလေးတစ်လက် ပေါ်လာ၏။
၎င်းသည် ကျောက်စိမ်းကဲ့သို့ ကြည်လင်နေကာ ဘူသီးစိမ်းအသွင် ခပ်ဝိုင်းဝိုင်း ရှည်မျောမျောပုံစံဖြစ်သည်။
ယင်းသည် အစိမ်းရောင်ဓားဘူးသီးမှ မွေးဖွားလာသော သဘာဝရတနာတစ်ပါးပင်။ ဓားရတနာသည် ပြန်လည်ဆုံတွေ့မှုအတွက် ရွှင်မြူးနေခဲ့သည်။
“ ကောင်လေး ... ငါတို့ ပြန်တွေ့ကြပြီ ... ။ ”
“ ဘရူး ... ။ ”
စုရီမှ ပြုံးလျက် ပြောကြားလိုက်၏။ အစိမ်းရောင်ဓားပါးလေးမှ စူးရှကျယ်လောင်စွာ အော်မြည်တော့သည်။
ဤဓားတွင် ဝိညာဉ်မရှိချေ။ သို့သော် ဝိညာဉ်ရှိနေသည့်အလား ထိုသို့ပြုမူနေသည်မှာ ယွီရွယ်ကို အံ့ဩစေခဲ့သည်။
***
အခန်း ၇၁၀ -
အတင်းအကြပ် စိန်ခေါ်ခံရခြင်း ... ။
စကြာဝဠာနှလုံးသား သုံးလက်မဓားသည် မွေးရာပါမြင့်မြတ်သော သဘာဝရတနာဖြစ်၏။ ဆိုလိုသည်မှာ ၎င်းကို မွေးဖွားစဉ်တည်းကပင် မဟာတာအိုနှင့် ကျက်သရေပါရှိသည်။
ဥပမာအားဖြင့် အရိုင်းမြေကိုးပါး ဗုဒ္ဓနယ်မြေတွင် စိုက်ပျိုးထားသည့်ဗောဓိကမ္ဘာ သစ်ပင်သည် ရှန်ရှင်းအဆင့် မြင့်မြတ်သော သဘာဝရတနာဖြစ်၏။
ဤသစ်ပင်တွင် မဟာတာအိုပါရှိပြီး အရွက်တိုင်းသည် ဉာဏ်အလင်းများဖြင့် ပြည့်စုံနေသည်။
ကမ္ဘာမူလမှ ပေါက်ဖွားလာသည့် မူလတာအိုမျိုးစေ့ဖြစ်ကာ ရှာတွေ့ရန် အလွန် ခက်ခဲချေ၏။ စကြာဝဠာနှလုံးသားဓားသည် ထိုထဲမှတစ်ခုပေပင်။
မူလတာအိုမျိုးစေ့မှသည် အပင်ပေါက်၊ အပွင့်ပွင့်ရန် အနှစ်သုံးထောင်ကြာပြီး အဆုံးတွင် ဘူးသီးတစ်လုံး သီးလာခဲ့သည်။
ထိုဘူးသီးတွင် မူလတာအိုစွမ်းအားများ ပြည့်နှက်လျက် တာအိုအနှစ်သာရများသည် သုံးလက်မအရွယ်ဓားအဖြစ် ပေါင်းစပ် သွားခြင်းပေပင်။
သူ စုဆောင်းထားသမျှ ရှားပါးပြီး အဖိုးတန်သောပစ္စည်းများအပေါ် ၎င်းအတွက် ကျွေးမွေးခဲ့ရသည်။
“ နင့်ရဲ့ ... လက်ရှိကျင့်ကြံမှုအဆင့်နဲ့ ဒီရတနာကို ထိန်းချုပ်နိုင်ဖို့ ခက်ခဲသွားမှာကို ငါကြောက်မိတယ်။ ”
ယွီရွယ်က မှတ်ချက်ပေးသည်။ စုရီမှ ခေါင်းညိတ်ပြီး၊
“ ဒါတော့ အမှန်ပဲ။ ”
-ဟု ဝန်ခံလိုက်၏။ ဤဓားသည် ထိပ်တန်းအဆင့်ရှိ မြင့်မြတ်သော ရတနာ တစ်ပါး ဖြစ်သည်။
ရွှမ်ကျောက် ဧကရာဇ်အဆင့်သို့ ရောက်လျှင်ပင် ဤရတနာ၏ စွမ်းအားတစ်ဝက် ကိုသာ ထုတ်လွှတ်နိုင်မည်။
“ နှမျောစရာ ကောင်းလိုက်တာ ... နင်သာဒီရတနာကို ဝိညာဉ်တစ်ခုပိုင်ဆိုင်အောင် ကြိုးစားခဲ့ရင် ... အခုချိန်မှာ နင့်ကိုကာကွယ်ဖို့ သူ့စွမ်းအားကို အသုံးချနိုင်လိမ့်မယ်။”
ယွီရွယ်က သက်ပြင်းချလိုက်သည်။ သူမကိုယ်တိုင် လက်နက်ဝိညာဉ် ဖြစ်သဖြင့် လက်နက်ဝိညာဉ်များ၏ အသုံးဝင်မှုကို သဘာဝကျကျ နားလည်ထား၏။
“ ငါ့ဓားတာအိုက ငါ့ကိုကာကွယ်ဖို့ ဓားဝိညာဉ်တစ်ကောင်ကို ဘယ်တုန်းကမှ မလိုအပ်ပါဘူး။ ”
ထို့နောက် ဆလင်ဒါပုံစံ ဘူးသီးဓားကို ခါးတွင် ချိတ်ဆွဲလိုက်သည်။ ၎င်း၏ပုံသဏ္ဍာန် တစ်ခုတည်းသည်ပင် ရှေးကျပြီး ကျက်သရေ အပြည့်ရှိနေ၏။
“ ဒီလိုချိတ်ဆွဲထားရင် နင့်ရတနာကို လုယူသွားမှာ မစိုးရိမ်ဘူးလား။ ”
သံသယဖြစ်စရာမလိုအောင် သူမ၏ မျက်လုံးထဲတွင် စုရီသည် အလွန်အားနည်း၏။ ထို့ကြောင့် ရတနာသည် သူ့အတွက် ကပ်ဘေးပေပင်။ ထိုစဉ် စုရီက ပြုံးပြီး၊
“ မင်းဘာလို့ မကြိုးစားကြည့်တာလဲ။ ”
-ဟု မေးမြန်းလာ၏။
“ သေချာလား ... ။ ”
ယွီရွယ်၏ နက်နဲတောက်ပသော မျက်လုံးများတွင် စိတ်အားထက်သန်မှု အရိပ်အမြွက် ပေါ်လာသည်။
“ ဟားဟားဟား ... ငါမင်းကို မထိခိုက်စေရဘူးလို့ ကတိပေးတယ်။ ”
စုရီက တည်ငြိမ်ပြီး အကြောက်တရား ကင်းမဲ့ကာ သာလွန်ကောင်းမွန်သော ရောင်ဝါ ပြသလျက် ဖိတ်ခေါ်၏။ ယွီရွယ်တစ်ယောက် တုံ့ဆိုင်းသွားကာ အဆုံး၌ ခေါင်းခါလျက်၊
“ နင်က စုရွှမ်ကြွယ်ပြန်ဝင်စားတာ ဖြစ်နေတာမို့ ... ငါ့ကို ခြိမ်းခြောက်နိုင်တဲ့ ဝှက်ဖဲတစ်ချပ်ရှိနေရမယ်။ ”
-ဟု ရေရွတ်လိုက်၏။
စုရွှမ်ကြွယ်ကို မျက်မြင်တွေ့ဖူးသူများ သာလျှင် ခေတ်တစ်ခေတ်ကို အုပ်စိုးနိုင်ခဲ့သော ဤလူငယ်သည် မည်မျှကြောက်မက်ဖွယ် ကောင်းသည်ကို နားလည်နိုင်မည်။
တိုက်ဆိုင်စွာပင် ယွီရွယ်သည် ၎င်းကို သက်သေခံခဲ့၏။ ဤအရာသည် သူမကို စုရီနှင့် ရင်ဆိုင်ရချိန်၌ ပေါ့ဆဝံ့ခြင်းမရှိအောင် သတိထားစေမိသည်။
“ ဒါပေမယ့် ... ငါပြောခဲ့သလိုပါပဲ တစ်စုံတစ်ယောက် ဒီရတနာကိုသတိထားမိရင် မလိုလားအပ်တဲ့ဒုက္ခတွေ ဖြစ်စေနိုင်တယ် မဟုတ်လား ...
... အားနည်းသူတစ်ယောက် ရတနာပိုင်ဆိုင်နေခြင်းက ဒုက္ခကိုဖိတ်ခေါ်ရာ ရောက်တယ်ဆိုတဲ့အကြောင်း နင် နားလည်ထားသင့်တယ်။ ”
ထိုစကားကြောင့် စုရီမှ ပြုံးလိုက်၏။
“ ဒီဓားကိုမှတ်မိတဲ့သူတွေက အကျိုးဆက်ကို သူတို့ခံနိုင်ရည်ရှိ၊မရှိ သဘာဝ ကျကျ စဉ်းစားကြပါလိမ့်မယ်။”
“ ဟမ့် ... နင့်ရဲ့ စိတ်နေစိတ်ထားက အရင်လိုပဲ မပြောင်းလဲဘူး မောက်မာနေတုန်း ပါလား။”
ယွီရွယ်က သက်ပြင်းချလျက် မှတ်ချက်ပေးသည်။
“ ငါ့ရဲ့ စိတ်နေစိတ်ထားတွေသာ ပြောင်းလဲသွားရင် ငါကိုယ်တိုင်ဘယ်လိုလုပ် ဖြစ်နိုင်တော့မှာလဲ၊ ဟမ့် ... သတိရပြီ ငါ့ကို တစ်ခုကူညီပါ။ ”
“ ဘာလဲ ... ။ ”
“ ခြံအပြင်ဘက်မှာ စောင့်ဆိုင်းနေတဲ့ သားသတ်သမားက အတွင်းနတ်ဆိုးကြောင့် ဒုက္ခရောက်နေတယ် ...
... ငါသိသလောက်တော့ ကောင်းကင် မီးတောက်တစ္ဆေမီးအိမ်ရဲ့ စွမ်းအားက အတွင်း နတ်ကို ရှင်းလင်းပေးနိုင်တယ်မဟုတ်လား။ ”
“ စုရွှမ်ကြွယ်က ငါ့ကိုအကူအညီ တောင်းတယ်လား ... စိတ်ဝင်စားစရာပဲ။ ”
ယွီရွယ်မှ ပြုံးကာ ပြောသည်။ စုရီတစ်ယောက် မျက်ခုံးကို ကုပ်ခြစ်လျက် စကားမပြောနိုင်တော့ချေ။
“ ကောင်းပြီ ခေါ်လိုက်ပါ။ ”
စုရီက ခေါင်းညိတ်ပြကာ နတ်အာရုံဖြင့် ကျောက်စိမ်းပြားတစ်ခုပေါ်တွင် မှတ်ချက်အချို့ ရေးထွင်းလျက် ခြံအပြင်သို့လှမ်းထွက်သွားပြီး ရီချင်းဟယ်ထံ ပေးအပ်လိုက်သည်။
“ ဒါကို ယူသွားပါ ... ။ ”
ရီချင်းဟယ်မှ အလွန်ဝမ်းမြောက်စွာဖြင့်၊
“ ကျေးဇူးတင်ပါတယ် စီနီယာ။ ”
-ဟု ပြောကြားလာသည်။
“ ဒါတွေက ငါ့အသိဉာဏ်နဲ့ အတွေ့အကြုံတချို့ပဲ ... အသက်နဲ့သေခြင်း အတားအဆီးကို ဖြတ်ကျော်ပြီး နက်နဲအဆင့် တာအိုနိယာမကို ပေါင်းစည်းနိုင်မလားဆိုတာ မင်းကိုယ်တိုင်အပေါ်ပဲ မူတည်ပါတယ်။ ”
ကျောက်စိမ်းတုံးတွင် မှတ်တမ်းတင်ထားသော အကြောင်းအရာများ အားလုံးသည် အသက်နှင့် မရဏအတားအဆီး ဖြတ်ကျော်ရာတွင် အဓိကကျသည့် အခန်းကဏ္ဍများ ပါဝင်သည်။
“ စီနီယာရဲ့ သွန်သင်မှုတွေကို ဘယ်တော့မှ မမေ့ပါဘူး။ ”
စုရီ၏ မှာကြားချက်များအပေါ် ရီချင်းဟယ်မှလေးနက်စွာဖြင့် ခေါင်းညိတ်ပြ တော့သည်။ စုရီက ရီရွှမ်ထံကြည့်ပြီး၊
“ မင်းရဲ့ မျိုးနွယ်စုအတွင်းရေးပြဿနာ ပြေလည်သွားပြီဆိုတော့ မနက်ဖြန် မှားယွင်းစွာ သေဆုံးခြင်း မြို့တော်ကို ငါသွားတော့မယ် ... အခုချိန်ကစပြီး မင်းဒီမှာကျင့်ကြံပါ ...
... နတ်သမီးရွယ်ယွီက မင်းကိုစောင့်ပြီး မင်းရဲ့မူလခွန်အား အပြည့်အဝပြန်ရလာမှသာ ထွက်ခွာခွင့်ပေးလိမ့်မယ်။ ”
-ဟု မှာကြားလိုက်၏။ ထိုအမိန့်ကြောင့် ရီရွှမ်တစ်ယောက် ထုံထိုင်းသွားသည်။
“ ယောက်ဖ ... ငါ ဒီမှာမနေချင်ဘူး မျိုးနွယ်စုထဲမှာ ကျင့်ကြံရင်တောင် ဒီနေရာမှာ နေရတာထက် ပိုကောင်းပါတယ်။ ”
“ ဒီကိစ္စအတွက် ညှိနှိုင်းဖို့ မင်းမှာအခွင့်အရေးမရှိဘူး။ ”
ရီရွှမ်၏ စိတ်နေစိတ်ထားသည် စိတ်အားထက်သန်ပြီး လွှမ်းမိုးချုပ်ကိုင်လွန်းကာ ဒုက္ခဖြစ်ရန်လွယ်ကူချေ၏။
သူ၏မောက်မာမှုကို မည်သူမျှ မနှိမ်နင်းနိုင်သော် နောင်တွင် မည်မျှဒုက္ခရောက် မည်ကို မတွက်ဆနိုင်ချေ။ ရီရွှမ်တစ်ယောက် စိတ်ပျက်အားငယ်စွာ တိတ်ဆိတ်သွား၏။
တစ္ဆေဒိုမိန်းသည် သူ့ကို ပင်လယ်ထဲ ပြန်ရောက်လာစေသော နဂါးတစ်ကောင်ကဲ့သို့ ဖြစ်စေလိမ့်မည်ဟု ယူဆခဲ့သည်။
ဘေးမှ ရပ်နားထောင်နေသော ရီချင်းဟယ်တစ်ယောက် သက်ပြင်းချလိုက်၏။ သူ့ဦးလေးသည် မည်မျှကြီးစိုးပြီး မာနကြီးမှန်း သူကောင်းစွာသိသည်။
ထို့ကြောင့် ဤနေရာမျိုးတွင် တစ်ယောက်တည်း အထီးကျန်စွာ ကျင့်ကြံမှု ပြုနိုင်သော် စံပြဖြစ်ပေလိမ့်မည်။
အချိန်များ ကုန်သွား၏။ နာရီဝက်ကြာပြီးနောက် သားသတ်သမားသည် ခြံဝင်းထဲမှ ပြန်ထွက်လာခဲ့သည်။
ပိန်ပိန်ပါးပါးနှင့် အေးစက်တင်းမာသော ဤမျောက်ဝံကြီးသည် ယခုအခါပျော်ရွှင်မှုများ နှင့်အတူ သက်တောင့်သက်သာ ဖြစ်နေ၏။
“ ဘီလူးစု၊ ကျေးဇူးအများကြီးတင်ပါတယ်။ ”
သားသတ်သမားက စုရီကိုဦးညွှတ်သည်။ သူ့နှလုံးသားကို လွှမ်းခြုံထားသည့် အရိပ်သည် လုံးလုံးလျားလျား ကွဲကြေသွားချေပြီ။
ထိုခံစားချက်သည် နှစ်ပေါင်း (၃၆,၀၀၀)ကြာ ချည်နှောင်ထားသည့် ကြိုးတစ်ချောင်းပြတ်သွား သလို လန်းဆန်းစေ၏။ ပြန်လည် မွေးဖွားခွင့် ရသည်နှင့်တူသည်။
ထို့အပြင် ကျင့်ကြံမှုသည် ရွှမ်ယုအဆင့် နှောင်းပိုင်းသို့ ရောက်ရှိမည့် အရိပ်အယောင်များ ပြသနေသည်။
“ မင်းရဲ့အနာဂတ်အတွက် ဘာအစီအစဉ်ရှိလဲ။ ”
စုရီက မေးသည်။ မဆိုင်းမတွဘဲ သားသတ်သမားမှ၊
“ ငါပင်လယ်ကို ပြန်မယ်။ ”
-ဟု ဖြေ၏။
တစ်ချိန်က သူသည် နာကျည်းခြင်း ပင်လယ်တွင် ကျင်လည်ကျက်စားသူ ဖြစ်သည်။ ကမ္ဘာပေါ်ရှိ ကျင့်ကြံများအတွက် နာကျည်းခြင်း ပင်လယ်ဟူသည် အန္တရာယ်ကြီးမားလှသော တားမြစ်မြေဖြစ်ကာ သေခြင်းတရားနှင့် သေချာပေါက်နီးစပ်၏။
သူ့အတွက်မူ မဟာတာအိုရှာဖွေရန် ပြီးပြည့်စုံသော အရပ်ဒေသဖြစ်သည်။ စုရီက ခဏမျှစဉ်းစားပြီး၊
“ မင်းပြန်ရောက်ရင် ... အဲဒီလျှို့ဝှက် ဆန်းကြယ်တဲ့ အနက်ရောင် တစ္ဆေသင်္ဘောရဲ့ တည်နေရာကို စုံစမ်းဖို့ကူညီပါ။”
-ဟု တောင်းဆိုလိုက်သည်။
သားသတ်သမား၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွား၏။ ဤမြို့မှ ခြေတစ်လှမ်းမျှ မထွက်သော်လည်း ထိုတစ္ဆေ သင်္ဘောအကြောင်း သိရှိထားသည်။
“ ကောင်းပြီ၊ ငါ့တာဝန်ထားလိုက်ပါ။ ”
သားသတ်သမားက မငြင်းချေ။
“ နောက်တစ်ခုက မက်မွန်မြို့တော်သခင်နဲ့ ပတ်သက်တဲ့ သတင်းကိုလည်း ကျေးဇူးပြုပြီး စောင့်ကြည့်ထားပါ ...
... ဒီကြက်အိုကြီးက လွန်ခဲ့တဲ့ နှစ်ပေါင်းရာဂဏန်းက လျှို့ဝှက်စာတစ်စောင် လက်ခံရရှိပြီး ...
... နာကျည်းခြင်း ပင်လယ်ထဲ ရွက်လွင့်ဖို့ ထာဝရလှေတစ်စင်းယူသွားတယ် ... သူ့အတွက် ငါနည်းနည်းတော့ စိုးရိမ်မိတယ်။ ”
“ ကောင်းပြီ ... ။ ”
သားသတ်သမားက ကျေကျေနပ်နပ် သဘောတူသည်။ စုရီတစ်ယောက် တိတ်ဆိတ် သွားတော့၏။
သူသည် မရဏကမ္ဘာသို့ ဝင်ရောက်လာပြီးနောက် အသိအကျွမ်းဟောင်း များစွာသည် နာကျည်းခြင်း ပင်လယ်သို့ သွားခဲ့ဖြစ်ကြောင်း တွေ့ရှိလာခဲ့သည်။
စွေ့လုံရှင်း၊ မန်ပိုနန်းတော်၏ ဘိုးဘေး၊ ဆရာနှင့်တပည့်၊ ကြက်ဖကြီး၊ ယခု သားသတ်သမား ဖြစ်၏။
မကြာသေးမီနှစ်များအတွင်း ထိုအရပ်၌ အမည်မသိအုံကြွမှုများ အများအပြားဖြစ်ပွားပြီး မြေအောက်သင်္ချိုင်း ရှေးဟောင်းတားမြစ်မြေ တစ်ခုထွက်ပေါ်လာခဲ့သည်။
ဤအရာအားလုံးသည် နာကျည်းခြင်း ပင်လယ်တွင် ကြီးမားသော ပြောင်းလဲမှုတစ်ခု ဖြစ်နေရမည်ကို ညွှန်ပြနေ၏။
စုရီတစ်ယောက် ခြံဝင်းအတွင်း ပြန်ဝင်လာကာ သစ်ပင်အောက်၌ထိုင်နေသော ယွီရွယ်ထံကြည့်လျက်၊
“ ငါသွားတော့မယ်။ ”
-ဟု နှုတ်ဆက်လိုက်သည်။
“ ဒီကောင်လေးရီရွှမ်ကို ကျေးဇူးပြုပြီး စောင့်ကြည့်ပေးပါ သူ့ရဲ့ကျင့်ကြံမှု ပြန်ကောင်း မလာဘူးဆိုရင် ... ဒီနေရာကနေ ထွက်ခွာခွင့် မပြုပါနဲ့။ ”
“ ဒါဟာ အသေးအမွှားကိစ္စပဲ စိတ်မပူပါနဲ့ ... ခြေလှမ်းတစ်ဝက်တောင်မှ ဒီတောင်ပေါ်ကနေ သူ လှမ်းနိုင်မှာ မဟုတ်ဘူး ... နင်ရီယုကိုရှာဖို့ သွားမှာမဟုတ်လား။ ”
ယွီရွယ်က ရုတ်တရက် မေးသည်။ သူမမျက်ဝန်းများ၌ သိမ်မွေ့သော အငွေ့အသက် ထင်ဟပ်လာ၏။
“ မှန်တယ်။ ”
စုရီမှ ခေါင်းညိတ်လိုက်သည်။
“ မကြာသေးမီက ယင်ယန်လမ်းမှာ ကြီးမားတဲ့ အပြောင်းအလဲတစ်ခု ဖြစ်ပွားခဲ့တယ် ဒါကြောင့် အမှောင်မြို့တော်ကို ဦးတည်သွားတဲ့ ...
... လမ်းတစ်ခုလုံး ပျက်စီးသွားပြီလို့ ကြားတယ် သူအထဲမှာ ပိတ်မိနေနိုင်တယ် ... ငါ သူ့ကိုပြန်သွားခေါ်ရမယ်။ ”
“ ဒါဆို ... နင်ငါ့ကို ခေါ်သွားလို့ရမလား ... “ ငါ့ရဲ့စိတ်နေစိတ်ထားကို နင်သိပါတယ် ငါနင့်ကို ဘယ်တော့မှ ဒုက္ခမပေးဘူး။ ”
ယွီရွယ်မှ မျှော်လင့်ခြင်း အရိပ်အမြွက်များဖြင့် တောင်းဆိုလိုက်သည်။ စုရီက ခေါင်းယမ်းပြီး၊
“ မဟုတ်ဘူး၊ မြွေတစ္ဆေမျိုးနွယ်က အခုချိန်မှာ မင်းမရှိလို့မရဘူး။ ”
ယွီရွယ်တစ်ယောက် ဖုံးကွယ်ထားခြင်းမရှိသော စိတ်ပျက်မှုများဖြင့် ပြည့်နှက်လာ၏။ ထို့နောက် သက်ပြင်းချလျက်၊
“ စုရွှမ်ကြွယ် ... နင့်အပေါ်ထားတဲ့ ငါ့ခံစားချက်တွေကို ရှင်းရှင်းလင်းလင်း သိရဲ့နဲ့ နင်ငါ့ကိုလက်ခံဖို့ အမြဲငြင်းဆန်ခဲ့တယ် ... ဒါ ဘာကြောင့်လဲဆိုတာ ငါသိချင်တယ်။ ”
သူမ၏ လှပပြီး သန့်စင်လွန်းသော မျက်နှာပေါ်တွင် နာကျည်းမှုအရိပ်အယောင် ဖြစ်ပေါ်လာသည်။
“ ငါမင်းကို ဟိုးအရင်ကတည်းက ပြောခဲ့တယ် ... ငါတို့အတင်းအကြပ်လုပ်ယူလို့ မရဘူး။ ”
အဆုံးတွင် ယွီရွယ်သည် မထိန်းနိုင်တော့ဘဲ၊
“ ဒါပေမယ့် ... အတင်းအကြပ် လုပ်ဖို့အတွက် ငါ့မှာဆန္ဒရှိနေတယ် ဟိုတုန်းက နင်ပေးထားတဲ့ကတိကို ပြန်ပြောပြမယ် ...
... လွန်ခဲ့တဲ့ နှစ်ပေါင်း(၃၆၀၀၀)တုန်းက ... ငါနင့်ကိုအနိုင်ယူနိုင်ရင် နင်နဲ့အတူ ခေါ်သွားမယ် ကတိပေးခဲ့တယ် ... ဒီနေ့ ငါစမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်ပြီ။ ”
နတ်သမီးကဲ့သို့ လှပလွန်းသော ကောင်မလေးသည် လေးနက်သည့်အသွင်ဖြင့် စုရီကိုစိုက်ကြည့်ကာ စိန်ခေါ်လိုက်တော့၏။
***
အခန်း ၇၁၁ -
ထွက်ခွာခြင်း ... ။
ယွီရွယ်ထံမှ စိန်ခေါ်မှုကြောင့် စုရီတစ်ယောက် မျက်ခုံးပင့်လျက် အနည်းငယ် စိုက်ကြည့်လျက်၊
“ မင်းအရင်က ဒါကို စမ်းမကြည့်ဝံ့ဘဲနဲ့ ... ဘာလို့ အခုမှ စိတ်ပြောင်းသွားရတာလဲ။ ”
-ဟု မေးမြန်းလိုက်၏။
ယွီရွယ်သည် စုရီ၏အကြည့်ကို ဆုတ်ခွာခြင်းမပြုဘဲ ပြန်လည်ငေးကြည့်လျက်၊
“ အခုအချိန်က နင့်ကိုအနိုင်ယူဖို့ အကောင်းဆုံးအချိန်ပဲဆိုတာ ငါသဘောပေါက် လိုက်လို့ပဲ ... နင်ဧကရာဇ်ဖြစ်လာတဲ့ အချိန်ထိ ငါစောင့်နေရင် နောက်ထပ်အခွင့်အရေး မရှိတော့မှာ ငါကြောက်တယ်။ ”
-ဟု ပြန်ဖြေသည်။
“ တကယ် လိုအပ်သလား။ ”
ယွီရွယ်မှ ပြုံးရယ်လျက် တောက်ပသော မျက်ဝန်းများဖြင့်၊
“ နင်ငြင်းလေလေ ... နင့်မှာ အားနည်းချက်ရှိလေလေပဲ။ ”
-ဟု ပြောကြားလိုက်၏။ သူမသည် စိတ်ဝိညာဉ်မျှသာဖြစ်သော်လည်း မီးတာအိုကို သဘာဝအတိုင်းပိုင်ဆိုင်သည်။
သားသတ်သမားကြီးကဲ့သို့ ရွှမ်ယုဧကရာဇ်အဆင့် ကျွမ်းကျင်သူသည်ပင် သူမ၏ခွန်အားကို မယှဉ်နိုင်ချေ။
ထို့ကြောင့် စုရီသည် သဘာဝအတိုင်း အနိုင်ယူရန် နည်းလမ်းရှိသော်လည်း စျေးပေး ရမည် ဖြစ်၏။
အရေးအကြီးဆုံးသည် ယွီရွယ်အပေါ် မည်မျှပြင်းထန်သော ထိုးနှက်ချက်များ ဖြစ်မှန်း မတွက်ဆနိုင်ခြင်းဖြစ်သည်။ အဆုံး၌ သက်ပြင်းချလျက်၊
“ အချစ်ဆိုတာ အတင်းအကြပ်လုပ်ရင် ဘယ်တော့မှ မချိုမြိန်ဘူးဆိုတာ မင်းသိသင့်ပြီ ဒီလိုလုပ်တာ မင်းအတွက် ဘာအကျိုးရှိမှာလဲ။ ”
“ ဟမ့် ... အရင်ဆုံး နင်ရဲ့ခန္ဓာကိုယ်ကို ငါရလိမ့်မယ် ... ပြီးရင် နင့်ရဲ့ခွင့်ပြုချက်ယူမယ် ကံကောင်းရင် နင်ရဲ့နှလုံးသားကိုတောင် ငါအနိုင်ယူနိုင်မယ်။ ”
ထိုလေသံသည် ကြီးစိုးပြီး ယောက်ျားသားများထက် ပို၍ယောကျာ်းဆန် နေချေပြီ။ စုရီတစ်ယောက် မျက်ခုံးပင့်မိ၏။
“ ဒါပေမယ့် မင်းရှုံးရင် ဘယ်လိုလုပ်မလဲ။ ”
“ ငါရှုံးရင် ရှုံးတာပေါ့ ... ဘာဖြစ်လဲ။ ”
ထိုအဖြေကြောင့် စုရီမှ ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလျက်၊
“ ဒါဆို စမ်းကြည့်ကြရအောင်။ ”
-ဟု ပြောကြားလိုက်သည်။ သို့သော် ထိုစကားကိုကြားချိန်တွင် ယွီရွယ်တစ်ယောက် မျက်ဝန်းများ နီရဲလာပြီး၊
“ စုရွှမ်ကြွယ် ... အခုလို အခြေအနေမျိုးမှာတောင် ... နင်ငါ့ကိုဖယ်ရှားဖို့ တကယ် ဆန္ဒရှိနေတုန်လားလား။ ”
-ဟု မေးမြန်းလာ၏။ စုရီက တွေဝေသွားလေသည်။ အဆုံးတွင် မိန်းမသည် မိန်းမတစ်ယောက်သာဖြစ်၏။ ယောက်ျားများ ကဲ့သို့ ရှင်းလင်းစွာ တွေးတောနိုင်ခြင်းမရှိချေ။
“ မင်းကိုခေါ်သွားဖို့ ... ငါသဘောတူနိုင်ပါတယ် ... ဒါပေမယ့် ဒီတစ်ကြိမ်ပဲ အခွင့်အရေးပေးနိုင်မယ်... သစ်ရွက်ကလေးကို ကယ်တင်ပြီးရင် မင်းဒီကို ပြန်လာရမယ် ... မဟုတ်ရင် ... ။ ”
“ စုရွှမ်ကြွယ် ... နင် ဒီလိုခြိမ်းခြောက် စကားတွေမလိုပါဘူး နင့်လိုလူက လူစိတ်မရှိတဲ့ အချိန်မှာ ... ဘာမဆို လုပ်နိုင်တယ်ဆိုတာ ...
... ငါသိပါတယ် ပြီးတော့ ... အဲဒီမျဉ်းကိုဖြတ်ကျော်ဖို့ ငါဘယ်တော့မှ ကြိုးစားမှာ မဟုတ်ဘူး။ ”
ယွီရွယ်အသံက ချိုမြိန်ရွှင်ပျလာ၏။ ထိုအပြုံးသည် မြင်ရသူကို ကွဲပြားခြားနားသော ခံစားချက်မျိုးပေးစွမ်းချေပြီ။
“ မင်းလိုက်လာရင် ဘယ်သူက ရီရွှမ်ကို စောင့်ကြည့်မှာလဲ။ ”
စုရီက သတိတရမေးသည်။
“ ဒါက လွယ်ပါတယ် ... ငါသူ့ကို ဒီဝင်းထဲမှာချိပ်ပိတ်ပြီး ကောင်းကင်မီးတောက် တစ္ဆေမီးအိမ်နဲ့ ပိတ်ပစ်လိုက်မယ်။ ”
စုရီတစ်ယောက် တိတ်ဆိတ်သွား၏။ ထို့နောက် နှစ်ယောက်သား ခြံအပြင်ဘက်သို့ လှမ်းထွက်လာခဲ့သည်။
ခြံဝရောက်သောအခါ ယွီရွယ်မျက်နှာရှိ အပြုံးများ ပျောက်ကွယ်ပြီး ထည်ဝါလွန်းသော ရောင်ဝါကို ပြန်လည်ထုတ်ဖော်လာ၏။
“ ငါနဲ့တာအိုစု ... ရီယုကိုကယ်တင်ဖို့ ဒီနေ့ပဲသွားတော့မယ် ဒီအကြောင်းကို မင်းတို့ သိထားဖို့ပဲလိုတယ် သတင်းမပေါက်ကြားစေနဲ့။ ”
“ နာလည်ပါတယ် မိန်းကလေးယွီ။ ”
ရီချင်းဟယ်မှ နှလုံးခုန်သံ မြန်လာ၏။ ယွီရွယ်က သူ့ကိုလျစ်လျူရှုလိုက်ပြီး ရီရွှမ်ထံ လှည့်ကြည့်ကာ၊
“ မင်းကတော့ ... ဒီမှာကျင့်ကြံနေခဲ့ ... ခြံထောင့်မှာစိုက်ထားတဲ့ ပင့်ကူလီလီတွေကို ဂရုစိုက်ဖို့မမေ့နဲ့ ... ငါပြန်လာလို့ ညှိုးနွမ်းနေရင် တန်ဖိုးတစ်ခုပေးချေရမယ်။ ”
ရီရွှမ်တစ်ယောက် မျက်နှာပေါ်၌ ခရမ်းချဉ်သီးတစ်လုံးကဲ့သို့ ညိုမှည့်သွားပြီး ‘ဟုတ်ကဲ့’ဟု စိတ်ပျက်လက်ပျက် ပြောကြားလိုက်ရသည်။
ယခုအချိန်မှစပြီး အထွတ်အထိပ် ကျင့်ကြံမှုကို ပြန်မရရှိသော် ခြေတစ်လှမ်းပင် ထွက်ခွာနိုင်တော့မည် မဟုတ်ကြောင်း သူသိလိုက်၏။
“ ဘာရပ်နေတာလဲ မြန်မြန်ဝင်။ ”
“ ဒီကမ္ဘာကြီးကို ... နောက်တစ်ကြိမ် တစ်ခေါက်လောက်တော့ ကြည့်ခွင့်ပြုပါဦး မိန်းကလေးယွီ။ ”
“ ဟမ့် ... ။ ”
“ ဝှစ် ... ။ ”
တစ်ဖက်တွင် ယွီရွယ်သည် အချိန်ဖြုန်းရန်ပျင်းလွန်းသဖြင့် လက်ဝှေ့ယမ်းပြီး ရီရွှမ်ကို ခြံဝင်းထဲသို့ တိုက်ရိုက်ပျံသန်းသွားစေ လိုက်သည်။
ထို့နောက် ခြံဝင်းတစ်ခုလုံးကို လွှမ်းခြုံထားသည့် မဟာတာအိုစွမ်းအားများ အုပ်မိုးသွားတော့၏။
“ သွားကြရအောင် ... ။ ”
ယွီရွယ်မှ စိတ်အားတက်ကြွစွာဖြင့် စုရီထံ လှည့်ကြည့်လိုက်တော့၏။ စုရီက ဦးဆောင်ပြီး လှည့်ထွက်လာသည်။
အပြင်တွင် ညသည် နက်သထက် နက်လာ၏။ ကြာပန်းတောင်ထိပ်တွင် ငွေလမင်းသည် လခြမ်းအသွင် ချိတ်ဆွဲထားပြီး အိပ်မက်ဆန်သော ငွေရောင်အလင်းများ ဖြန့်ကျက်ထားသည်။
စုရီ၊ ယွီရွယ်နှင့် သားသတ်သမားက တောင်ထိပ်ပေါ်မှ တိတ်ဆိတ်စွာ ဆင်းသက် သွားကြချေပြီ။
ထိုအချိန်တွင် ဘိုးဘွားနန်းတောင်ထဲ၌ ရီချင်းဟယ်သည် ရီကျိရှန်နှင့် အဓိကမျိုးရိုး၏ အကြီးအကဲတချို့ကို ဆင့်ခေါ်လိုက်၏။
“ ဒီနေ့ကစပြီး ... ငါတို့ဘိုးဘေးရီယု ပြန်မလာမချင်း ငါမျိုးနွယ်ထဲမှာ ရှိနေမယ် ဒီနေ့ မျိုးနွယ်စုအတွင်း ဖြစ်ပျက်ခဲ့တာတွေအတွက် ...
... ဘယ်သူမှ ဖုံးကွယ်ထားစရာ မလိုဘူး ဆန့်ကျင်ဘက်အနေနဲ့ လူသိရှင်ကြား သတင်း ထုတ်ပြန်ပါ ... ဒါပေမယ့် အဲဒီလို ထုတ်ပြန်တဲ့ အခါမှာတော့ ...
... ဒါဟာ ဘိုးဘေးရီရွှမ်မျိုးနွယ်စုကို ပြန်လာပြီး ဒီပဋိပက္ခတွေကို ချေမှုန်းခဲ့တာဆိုတဲ့ အကြောင်း အသိပေးရမယ် ...
... ပြီးရင် ဓားခန်းမရဲ့ အကြီးအကဲ အသတ်ခံရတာကိုလည်း လူတိုင်းသိနိုင်ပါစေ ဒါက တခြားသူတွေကို သတိပေးချက်တစ်ခု ဖြစ်စေလိမ့်မယ်။ ”
ဓားခန်းမသည် ရွှမ်ကြွယ်မဟာမိတ်အဖွဲ့၏ ကွပ်ကဲမှုအောက်တွင်ရှိသော အင်အားစုတစ်ခု ဖြစ်သည်။
မရဏကမ္ဘာတစ်ခုလုံးတွင် ၎င်းတို့ကို အလွယ်တကူ ရန်စနှိုးဆော်စေရန် မည်သူမျှ သတ္တိမရှိကြချေ။
ထိုသို့သော အင်အားစုတစ်ခု၏ အကြီးအကဲတစ်ယောက်ကို မြွေတစ္ဆေမျိုးရိုးမှ သတ်ပစ်လိုက်သည့်နောက် အခြားသော အင်အားစုများအတွက် လွယ်ကူသည့် ပစ်မှတ် မဟုတ်ကြောင်း နားလည်စေပေမည်။
ရီကျိရှန်က ခဏလောက် စဉ်းစားပြီးနောက်၊
“ ဒုတိယအကြီးအကဲ ... ဒီနေ့ဘိုးဘွားနန်းဆောင်မှာ ဖြစ်ပျက်ခဲ့သမျှကို မြင်တဲ့လူတွေရှိနေပါတယ်။ ”
-ဟု သတိပေးလိုက်၏။
“ အဆင်ပြေတယ် ... ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေကို သူတို့လည်းသိတဲ့အတွက် သတင်းဖြန့်တဲ့အခါ ပိုပြီး ကျိုးကြောင်း ခိုင်လုံလာလိမ့်မယ်။ ”
“ ဒုတိယအကြီးအကဲ ... တာအိုစုနဲ့ တခြားသူတွေ ထွက်သွားပြီလား။ ”
အနက်ရောင်ဝတ်စုံဝတ် မိန်းကလေးက မေးမြန်းလာ၏။ ရီချင်းဟယ်မှ ခေါင်းညိတ်ပြ လိုက်သည်။
ယင်းကြောင့် အနက်ရောင် ဝတ်စုံဝတ်ထားသည့် ကောင်မလေးမှ ချက်ချင်း စိတ်ပျက်သွားတော့၏။
“ မင်းမှာ ကိစ္စရှိလား။ ”
ရီချင်းဟယ်မှ သတိထားမိကာ မျက်ခုံးပင့်လျက်မေးမြန်းသည်။ အနက်ရောင် ဝတ်စုံဝတ် မိန်းကလေးက ခေါင်းငုံ့ပြီး၊
“ သူ့ကို ကျေးဇူးတင်စကားပြောဖို့ စိတ်ကူးထားပြီး တောင်းပန်ချင်ပါတယ်။ ”
-ဟု ဆိုလာတော့၏။
“ တောင်းပန်ဖို့လား ... ဘာအတွက်လဲ။”
“ အရင်က မျိုးနွယ်စုအတွင်း ရန်ပွဲတွေကို ချေမှုန်းနိုင်လိမ့်မယ်လို့မထင်မိခဲ့ဘူး .. ဒါကြောင့် တာအိုစုအပေါ် အတော်လေး ရိုင်းဆိုင်းမိခဲ့ပါတယ်။ ”
ထိုစကားကြားချိန်၌ ရီကျစ်ရှန်သည်လည်း မရှက်နိုင်တော့ဘဲ၊
“ ဟုတ်ပါတယ် ... ငါတို့အားလုံး မျက်စိကန်းနေခဲ့ပါတယ် ငါတို့ရှေ့မှာ နတ်ဘုရား တစ်ပါး ရှိနေတာတောင် မမြင်နိုင်ခဲ့ပါဘူး ဒါကြောင့် အပြစ်ရှိသလို ခံစားရပြီး စိတ်မကောင်းဖြစ်ရပါတယ်။ ”
-ဟု ဝင်ရောက် ပြောကြားလာ၏။
“ စိတ်မပူနဲ့ ... ဒီကိစ္စအတွက် မင်းတို့ကို အပြစ်ရှိတယ်လို့ တာအိုစုက မြင်မှာမဟုတ်ဘူး ဆရာစုရဲ့သဘာဝအရ ဒီလိုအသေးအဖွဲ ကိစ္စတွေကို လုံးဝဂရုမစိုက်ဘူး။ ”
ရီချင်းဟယ်မှ ပြုံးလျက် အခိုင်အမာ နှစ်သိမ့်လိုက်သည်။ ထိုစကားကြားသောအခါ၌ အနက်ရောင်ဝတ်ကောင်မလေးက အနည်းငယ် စိတ်သက်သာရာ ရသွား၏။ သို့သော် သက်ပြင်းတစ်ချက်ချကာ၊
“ ဒါပေမယ့် ဆရာစုကို ... ငါ့နာမည် မပြောပြလိုက်ရဘူး ... ဒုတိယအကြီးအကဲ သူ ဘယ်သူလဲဆိုတာ မင်းပြောနိုင်မလား။ ”
-ဟု နောင်တရစွာ မေးမြန်းလိုက်သည်။ ရီချင်းဟယ်မှ မျက်ခုံးပင့်လျက် သက်ပြင်းခိုးချ တော့၏။ ထို့နောက် အနက်ဝတ် မိန်းကလေးထံ ပြန့်ကြည့်ကာ၊
“ ဘိုးဘေးခရီးထွက်ရင်း တွေ့ခဲ့ရတဲ့ ထူးထူးခြားခြား လူငယ်ပါ သူ့မူလဇာစ်မြစ်က ဆန်းကြယ်ပြီး ခန့်မှန်းလို့မရဘူး နောက်တစ်ခါ သူနဲ့တွေ့ရင် မင်းတို့အားလုံး သူ့အပေါ် ကောင်းကောင်း ဆက်ဆံရမယ်။ ”
-ဟု မယုတ်မလွန် ပြန်ဖြေလိုက်၏။ လူတိုင်းက အံ့သြပြီး ခေါင်းညိတ်သွားကြသည်။
“ ဒုတိယအကြီးအကဲ ... ဆရာစု ထွက်သွားပြီလား သူ ဘယ်ကိုသွားလဲသိလား။ ”
အနက်ရောင် ဝတ်စုံဝတ် မိန်းကလေးက မမေးဘဲမနေနိုင်ချေ။ ရီချင်းဟယ်မှ ခေါင်းခါပြီး၊
“ မသိဘူး ... ။ ”
-ဟု ပြန်ဖြေသည်။
နတ်ဓားရှင်ရွှမ်ကြွယ်နှင့် မိန်းကလေး ယွီရွယ်သည် ဘိုးဘေးရီယုကို ကယ်တင်ရန် သွားခြင်းဖြစ်ချေ၏။ ဤမျှအရေးကြီးသော ကိစ္စရပ်ကို သူထုတ်ဖော် မပြောပြနိုင်ချေ။
***
ညဉ့်နက်နေသော်လည်း လူအချို့မှာ အနားမယူနိုင်သေးချေ။ ကံကောင်းခြင်းမျှော်စင် အတွင်း စုရီက သားသတ်သမားနှင့် စကားအချို့ ပြောကြားနေသည်။
“ သားသတ်သမားကြီး၊ မင်းငါ့ကို နောက်ထပ်ကူညီနိုင်ဦးမလား။ ”
“ ဟား ဟား ဟား ... ဘီလူးစု မင်းဘယ်တုန်းက ယဉ်ကျေးလာတာလဲ ကျေးဇူးပြုပြီး ပြောပြပါ။ ”
ယခုအချိန်၌ သူ့နှလုံးသားထဲတွင် အရိပ်များလုံးဝပျောက်ကွယ် လွင့်စင်သွားသဖြင့် ရှင်းရှင်းလင်းလင်း တက်ကြွနေခဲ့၏။
တစ်ဖက်လူထံ၌ ရှုံးနိမ့်ပြီးနောက် ဤကောင်းကင်မြို့တော်တွင် နှစ်ပေါင်းများစွာ ကြာအောင် အကျဉ်းချခံခဲ့ရသည်။
သို့သော် အသက်နှင့်သေခြင်းကို ကျော်လွှားနိုင်ရန် စုရီထံမှ နှိမ့်ချစွာအကြံဉာဏ် တောင်းခဲ့သော ရီချင်းဟယ်ဖြစ်စဉ်ကြောင့် တစ်စုံတစ်ရာကို သဘောပေါက်သွား၏။
ဆိုလိုသည်မှာ အနာဂတ်တွင် သူသည်လည်း ကျင့်ကြံမှုလမ်း၌ ကျော်လွှားရန် ခက်ခဲသော ပြဿနာများ မလွဲမသေ ရင်ဆိုင်ရပေမည်။
ထိုအချိန်၌ တစ်ဖက်လူနှင့် ဆက်ဆံရေးကောင်းတစ်ခုကို ရရှိထားသရွေ့ သောချာပေါက် အကူအညီရနိုင်မည်ဖြစ်၏။
ကြေကွဲဖွယ်ကောင်းသော နာကျည်းခြင်းသည် ကောင်းချီးတစ်ခုအဖြစ်သို့ ရုတ်ချည်း ပြောင်းလဲလာခြင်းပေပင်။
စုရွှမ်ကြွယ်နှင့် ခင်မင်ရင်းနှီးမှုကို ထိန်းသိမ်းထားနိုင်သရွေ့ ကမ္ဘာပေါ်ရှိ အခြား ဧကရာဇ်များကို မနာလိုဖြစ်စေနိုင်သော ကံကောင်းခြင်းရရှိစေပေမည်။
သူ့ သဘောထားသည် သိမ်မွေ့စွာ ပြောင်းလဲသွားသည်ကို သားသတ်သမားကြီးက နားလည်လာသဖြင့် ရွှင်မြူးနေခြင်းဖြစ်၏။
စုရီအတွက်မူ သားသတ်သမားကြီး၏ စိတ်ထဲရှိအပြောင်းအလဲများကို သတိမထားမိ ခဲ့ချေ။
“ ဒါက အရမ်းရိုးရှင်းပါတယ် သစ်ရွက်ကလေး ပြန်မလာမချင်း မင်းဒီမြို့ကို ဆက်ပြီးစောင့်ပေးနိုင်မလား။ ”
“ ဟား ဟား ဟား ... ဒီနေရာမှာ နှစ်ပေါင်း(၃၆၀၀၀)ကြာအောင် နေထိုင်ခဲ့ပြီးပြီ ဒီရက်နည်းနည်းလေးက ဘာမှမဖြစ်တော့ပါဘူး ဘီလူးစု ... စိတ်ချပါ။ ”
ဘေးတွင် တိတ်ဆိတ်စွာထိုင်နေသော ယွီရွယ်သည် စုရီကိုတစ်ချက်ကြည့်လိုက်သည်။ မြွေတစ္ဆေမျိုးရိုးအတွက် ထိုလူငယ် စိုးရိမ် နေသည်မှာ မြင်သာ၏။ ရီယုအပေါ် မနာလိုစရာပေပင်။
စုရီကဲ့သို့ မာနကြီးပြီး မောက်မာသူ တစ်ယောက်သည် ရီယုအတွက်ကြောင့်သာ မဟုတ်သော် ဤအရာများကို စဉ်းစားမည် မဟုတ်ကြောင်း သူမ သိထားသည်။
နောက်တစ်နေ့နံနက် သြဂုတ်လ (၁၆)ရက်နေ့တွင် ဆောင်းဦးလေပြေများသည် ကောင်းကင်မြို့တော်အနှံ့ ဖြတ်သန်းသွား၏။
နှင်းမကွဲခင် စုရီနှင့် ယွီရွယ်တို့သည် ကောင်းကင်မြို့တော်မှ ထွက်ခွာသွားခဲ့ကြပြီး မှားယွင်းစွာသေဆုံးခြင်း မြို့တော်သို့ ဦးတည်လိုက်ကြတော့သည်။
***