← Chapters

လုံခြုံရေး အခြေအနေ ဆိုးရွားလာခြင်း။

Vol. 3 Ch. 33

လုံခြုံရေး အခြေအနေ ဆိုးရွားလာခြင်း။

Vol. 3 Ch. 33

အချိန်များသည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီး နောက်ထပ် လဝက်ခန့် ကြာမြင့်သွားခဲ့ပြန်သည်။

ကျန်းဖန်နှင့် စုဝေဝေတို့၏ အိမ်တွင်းနေ့ရက်များသည် အလွန် အေးချမ်းငြိမ်သက်နေ၏။

အစာရေစာ ပြည့်စုံနေသဖြင့် သူတို့တွင် စိုးရိမ်ပူပန်စရာ ကိစ္စများ များများစားစား မရှိကြချေ။

တစ်ခါတစ်ရံတွင် သူသည် ထုန်ဟယ်မြို့နယ်သို့ သွားရောက်ပြီး ကောက်ပဲသီးနှံအချို့ ဝယ်ယူကာ ပြန်လာလေ့ရှိသည်။

ယွင်မုန်ကန်သို့လည်း ရံဖန်ရံခါ ငါးဖမ်းထွက်လေ့ ရှိသည်။

ကံဆိုးစွာဖြင့် ယခင်ကကဲ့သို့ ကံကောင်းခြင်းမျိုး မရှိတော့ဘဲ တစ်ခါတစ်ရံမှသာ ငါးအနည်းငယ် ပြန်လည် ဖမ်းမိလာတတ်သည်။

အရင်းကျေရုံလောက်သာ ရှိတော့သည်။

တစ်ချိန်တည်းမှာပင် သူသည် မြွေပျံသိုင်းကျမ်း နှင့် အလင်းတန်း ဓားသိုင်းတို့ကို လုံ့လဝီရိယရှိစွာ ကျင့်ကြံအားထုတ်နေလေသည်။

ကံကောင်းခြင်း အမှတ်များကို သုံးစွဲသည်နှင့် ယှဉ်လျှင် တိုးတက်မှု နှေးကွေးသော်လည်း တဖြည်းဖြည်းချင်းတော့ တိုးတက်မှု ရှိနေဆဲပင် ဖြစ်သည်။

သို့သော် သူ့ကို စိုးရိမ်ပူပန်စေသည့် အချက်မှာ မြောက်ဘက်အရပ်မှ ဒုက္ခသည်များ ပိုမိုများပြားစွာ ဝင်ရောက်လာနေခြင်းပင်။

ထို့ပြင် ကောက်ပဲသီးနှံ ဈေးနှုန်းများသည် ယခင်ကထက် ပိုမိုမြင့်တက်လာပြီး (၅၀) ရာခိုင်နှုန်းကျော်အထိ ခုန်တက်သွားခဲ့သည်။

အကယ်၍ အခြေအနေများက ဤအတိုင်း ဆက်သွားနေပါက ဈေးနှုန်း နှစ်ဆတက်သွားလျှင်ပင် ပုံမှန်ဟု ယူဆရမည့် အနေအထား ဖြစ်လာနိုင်ပေသည်။

ဤအကြောင်းရင်းများကြောင့် ထုန်ဟယ်မြို့နယ် တစ်ဝိုက်ရှိ လုံခြုံရေး အခြေအနေမှာလည်း တစ်နေ့တခြား ဆိုးရွားလာနေတော့သည်။

လူသတ်မှု၊ ဓားပြတိုက်မှုနှင့် ခိုးမှုများ အများအပြား ဖြစ်ပွားလျက်ရှိသည်ဟု ဆိုကြသည်။

အနီးအနားရှိ တံငါရွာ ဒါဇင်ပေါင်းများစွာပင် ဂယက်ရိုက်မှုကို စတင်ခံစားနေရပြီ ဖြစ်သည်။

ရလဒ်အနေဖြင့် သော်ကရွာမှ ရွာသူရွာသားများ၏ နေ့ရက်များသည် ပိုမို ခက်ခဲကြမ်းတမ်းလာကြ၏။ နေ့စဉ် ရရှိသော အစားအစာ ပမာဏသည်လည်း လျော့နည်းလာခဲ့သည်။

တံငါသည် အများအပြားမှာ ပိန်လှီလာကြရှာသည်။

"ဒါပေမဲ့ ဦးလေးဖူကွေ့တို့ အခြေအနေကတော့ တော်တော် ကောင်းနေတာပဲ"

ကျန်းဖန်သည် စုန့်ဖူကွေ့ မိသားစုကို အမြဲတစေ စောင့်ကြည့်လေ့လာနေခဲ့သည်။

သူသည် စုန့်ဖူကွေ့၏ ကိစ္စရပ်များတွင် ဝင်ရောက်ပတ်သက်ရန် ရည်ရွယ်ချက် မရှိပေ။ သို့သော်လည်း တစ်ဖက်လူ၏ လုပ်ရပ်များ ပေါ်ပေါက်သွားပါက မိမိပါ ရောယောင် ပါဝင်ပတ်သက်မိသွားမည်ကို စိုးရိမ်သဖြင့် မျက်ခြေမပြတ် စောင့်ကြည့်နေခြင်း ဖြစ်သည်။

လွန်ခဲ့သော လဝက်အတွင်း စုန့်ဖူကွေ့ မိသားစု၏ နေ့ရက်များသည် သိသိသာသာ တိုးတက်ကောင်းမွန်လာခဲ့သည်။

တစ်နေ့လျှင် သုံးနပ် ချက်ပြုတ်စားသောက်ကြပြီး အဝတ်အစား အသစ်များကိုလည်း လဲလှယ်ဝတ်ဆင်လာကြသည်။

သူတို့၏ မျက်နှာများသည် ပိုမို ကြည်လင်ဝင်းပလာပြီး နေ့စဉ် လူတိုင်းကို အပြုံးဖြင့် နှုတ်ဆက်လေ့ ရှိလာကြသည်။

ပို၍ အရေးကြီးသည်မှာ စုန့်ဖူကွေ့၏ သားဖြစ်သူ စုန့်ဝမ်ချိုင်ကို ထုန်ဟယ်မြို့နယ်ရှိ သိုင်းသင်တန်းကျောင်းသို့ ပို့ဆောင်ထားလိုက်ခြင်းပင်။ အကယ်၍ ကျင့်ကြံခြင်း အောင်မြင်သွားပါက သူသည် သိုင်းပညာရှင် တစ်ဦး ဖြစ်လာနိုင်ပေသည်။

"ဦးလေးဖူကွေ့က သူ့သားလေး လမ်းကြောင်းဖြောင့်ဖို့အတွက် ဒီလောက်အထိ စွန့်စားခဲ့တာကိုး"

ကျန်းဖန်၏ မျက်လုံးများ အရောင်လက်သွား၏။

နှစ်ပေါင်း (၄၀) လုံးလုံး တည်ငြိမ်စွာ နေထိုင်ခဲ့သော စုန့်ဖူကွေ့သည် အဘယ့်ကြောင့် ရုတ်တရက် ပြောင်းလဲသွားပြီး စွန့်စားခန်းများ ဖွင့်လာရသနည်း ဆိုသည်ကို သူ အနည်းငယ် နားလည်သဘောပေါက်သွားသည်။

ဖြစ်နိုင်ခြေ အများဆုံး အကြောင်းရင်းမှာ သားဖြစ်သူ၏ အနာဂတ်အတွက်ပင် ဖြစ်ပေလိမ့်မည်။

သိုင်းသင်တန်းကျောင်းသို့ ဝင်ရောက်ရန်မှာ ငွေကြေးအမြောက်အမြား လိုအပ်သည် မဟုတ်ပါလော။

သာမန်တံငါသည် တစ်ယောက်အနေဖြင့် ထိုမျှများပြားသော ငွေကြေးကို ဘယ်နေရာမှ ရနိုင်ပါမည်နည်း။

ထို့ကြောင့် နဂါးဘုရင်ဂိုဏ်း၏ စီးပွားရေးကို ခိုးထုတ်ရုံမှတစ်ပါး အခြားနည်းလမ်း မရှိတော့ချေ။

"ထားလိုက်ပါတော့လေ... ဒီကိစ္စတွေက ငါနဲ့မှ မဆိုင်တာ"

"ငါ့စီ ကူးမလာရင် ပြီးတာပါပဲ"

ကျန်းဖန်သည် ခေါင်းခါလိုက်ပြီး ထိုကိစ္စများကို ဆက်လက် အာရုံစိုက်မနေရန် ဆုံးဖြတ်လိုက်သည်။

ယခုအချိန်တွင် သူ့အတွက် အရေးအကြီးဆုံးအရာမှာ မိမိ၏ သိုင်းပညာ အဆင့်ကို မြှင့်တင်ရန်ပင် ဖြစ်သည်။

အကယ်၍ သူ၏ သိုင်းပညာနယ်ပယ်သာ ထပ်မံ မြင့်တက်လာပါက ဤပရမ်းပတာ အခြေအနေများကြားတွင် သူ ပိုမို ဘေးကင်းလုံခြုံနိုင်မည် ဖြစ်သည်။

ငွေကြေး ပိုမိုရှာဖွေခြင်းသည် အချည်းနှီးသာ ဖြစ်၏။ ကပ်ဘေးဆိုက်ရောက်လာချိန်တွင် ကာကွယ်နိုင်စွမ်းမရှိပါက အရိုးစုပုံ ဘဝသို့ ရောက်ရှိသွားရုံသာ ရှိပေလိမ့်မည်။

"ယောကျာ်း"

ထိုအချိန်၌ စုဝေဝေသည် အပြင်မှ အလျင်စလို ပြန်ရောက်လာ၏။ သူမ၏ မျက်နှာမှာ ဖြူဖျော့နေလေသည်။

"မနေ့ညက ဦးလေးရှဲ့တို့ မိသားစု ၇ ယောက်လုံး အိမ်ထဲ ဝင်လာတဲ့ ဓားပြတွေ လက်ချက်နဲ့ အသတ်ခံလိုက်ရတယ်တဲ့... ပိုက်ဆံတွေရော၊ အစားအစာတွေရော အကုန် ပါသွားတယ်တဲ့"

ဘာ…

ထိုစကားကို ကြားရသော် ကျန်းဖန် မျက်မှောင်ကြုတ်လိုက်မိ၏။ ဦးလေးရှဲ့ ဆိုသူမှာ သော်ကရွာတွင် နေထိုင်ပြီး ကျန်းမိသားစုနှင့် ဆယ်စုနှစ်များစွာ ရင်းနှီးကျွမ်းဝင်ခဲ့သူ ဖြစ်သည်။

ဆက်ဆံရေးမှာ သာမန်ကာလျှံကာ ခေါင်းညိတ်ပြရုံ မိတ်ဆွေ အဆင့်မျှသာ ရှိသော်လည်း…

မမျှော်လင့်ဘဲ သူတို့အကြောင်း ပြန်ကြားရချိန်တွင် ဤမျှ ဆိုးရွားသော သတင်းဆိုးကြီး ဖြစ်နေလိမ့်မည်ဟု ထင်မှတ်မထားခဲ့မိပေ။

"ဘယ်လိုလုပ် အဲ့လို ဖြစ်သွားရတာလဲ"

ကျန်းဖန် မေးလိုက်သည်။

"ယောကျာ်း မသိဘူးလား... ထုန်ဟယ်မြို့နယ်မှာ စုဝေးနေတဲ့ ဒုက္ခသည်တွေက အရမ်း များလာပြီလေ"

"ထုန်ဟယ်မြို့နယ်က အခုဆိုရင် လုံခြုံရေး တင်းကျပ်ထားပြီး မြို့တံခါးတွေ ပိတ်ထားလိုက်ပြီ... ဒုက္ခသည်တွေကို မြို့ထဲ ပေးမဝင်တော့ဘူး"

"သွားစရာမရှိတော့ ဒုက္ခသည်တွေက အနီးအနားက ရွာတွေထဲကို ခိုးဝင်လာကြတာပေါ့"

"တချို့ဆိုရင် တို့သော်ကရွာထဲတောင် ရောက်နေကြပြီ"

"အရင်တုန်းက ရွာသားတွေက အနီးအနားမှာ ဒုက္ခသည်တွေ ရောက်နေတာ သတိထားမိကြလို့ မောင်းထုတ်လိုက်ကြသေးတယ်"

"ဒါပေမဲ့ အဲ့ဒီဒုက္ခသည်တွေက မထွက်သွားဘဲ ပုန်းနေကြလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ"

"ညရောက်တော့ အခွင့်ကောင်းစောင့်ပြီး ဒုစရိုက်မှုတွေ ကျူးလွန်ကြတာပေါ့... တချို့ရွာသားတွေဆိုရင် သူတို့လက်ချက်နဲ့ သားကောင်ဖြစ်သွားကြပြီ"

စုဝေဝေက ဝမ်းနည်းစွာဖြင့် ပြောရှာသည်။

ဤသည်မှာ ကျေးရွာတွင် နေထိုင်ရခြင်း၏ အားနည်းချက်ပင် ဖြစ်သည်။

အကယ်၍ မြို့ပေါ်တွင် နေထိုင်ပါက ဒုက္ခသည်များ၏ ကျူးကျော်မှုကို မြင့်မားသော မြို့ရိုးများဖြင့် ကာကွယ်တားဆီးထားနိုင်သည်။

သို့သော် ကျေးရွာများတွင်မူ နေရာအနှံ့ လမ်းများ ရှိနေပြီး ကာကွယ်စရာ မြို့ရိုးဟူ၍ မရှိချေ။

ကျူးကျော်သူများသည် အချိန်မရွေး ဝင်ထွက်သွားလာနိုင်ပြီး တားဆီးရန် နည်းလမ်း မရှိပေ။

ထို့ပြင် ဒုက္ခသည်အရေအတွက် များပြားလာသဖြင့် သူတို့ကို ရန်စမိပါက အုံကြွမှုများ ဖြစ်ပွားလာနိုင်သည်။

ဒုက္ခသည် အများစုမှာ ဥပဒေကို လေးစားလိုက်နာကြသော်လည်း လူတို့သည် ဆာလောင်မွတ်သိပ်လာပါက မည်သည့်အရာကိုမဆို လုပ်ဆောင်လာတတ်ကြသည်။

"အဲ့ဒီ ဒုက္ခသည်တွေက တကယ့် ပြဿနာကြီးပဲ"

ကျန်းဖန် မျက်လုံးများ ကျဉ်းမြောင်းသွား၏။

သူသည် ဒုက္ခသည်များ၏ အတိဒုက္ခကို စာနာသော်လည်း မိမိ၏ အသက်ရှင်ရပ်တည်မှုကို ခြိမ်းခြောက်လာပါက ညှာတာနေမည် မဟုတ်ချေ။

သူတို့ လှုပ်ရှားလိုက်သည်နှင့် ဒုက္ခသည် မဟုတ်တော့ဘဲ ဓားပြများ ဖြစ်သွားကြပြီ။

လူတိုင်းသည် အလားအလာရှိသော ရာဇဝတ်ကောင်များ ဖြစ်ကြသည်။

"အခု ရွာလူကြီး ကျန်းချွမ်က သော်ကရွာကို သစ်သားစည်းရိုးတွေနဲ့ ယာယီ ကာရံထားဖို့ စီစဉ်နေတယ်"

"ဒုက္ခသည်တွေ ရွာထဲ ဝင်မလာနိုင်အောင်လို့လေ"

"ဒါကြောင့် ရွာထဲက လူငယ်တွေကို စည်းရိုးကာရံတဲ့နေရာမှာ ဝိုင်းကူပေးဖို့ မျှော်လင့်နေတယ်တဲ့"

စုဝေဝေက ရွာလူကြီး၏ သတင်းစကားကို ပြန်ပြောပြလိုက်သည်။

ရွာလူကြီး ကျန်းချွမ်သည် အသက် (၆၅) နှစ်အရွယ် တံငါသည်အိုကြီး တစ်ဦးဖြစ်ပြီး သော်ကရွာတွင် အတော်လေး လေးစားခံရသူ ဖြစ်သည်။

ထို့ကြောင့် ရွာသူရွာသားများသည် ကျန်းချွမ်၏ အမိန့်ကို လိုက်နာလေ့ ရှိကြသည်။

"ဒါက လိုအပ်တဲ့ ကိစ္စပဲ"

ကျန်းဖန် ခေါင်းညိတ်လိုက်သည်။

မည်သို့ပင်ဖြစ်စေ ဤကိစ္စသည် သော်ကရွာရှိ ရွာသူရွာသားတိုင်းအတွက် အကျိုးရှိသော ကိစ္စဖြစ်သည်။

အကယ်၍ ဒုက္ခသည် အမြောက်အမြားသာ ရွာထဲသို့ ဝင်ရောက်လာပါက အသက်ရှင်ရန် မဖြစ်နိုင်တော့ချေ။

ထိုသို့ တွေးတောရင်း သူသည် သပ်သပ်ရပ်ရပ် ပြင်ဆင်ကာ သော်ကရွာ အလယ်ရှိ ကွင်းပြင်သို့ ထွက်လာခဲ့လေသည်။

ယခုအချိန်တွင် ရွာသားအများအပြား စုဝေးရောက်ရှိနေကြပြီး အားလုံး၏ မျက်နှာတွင် လေးနက်သော အမူအရာများ ရှိနေကြသည်။

"ဟူး... ဦးလေးရှဲ့တို့ မိသားစု ၇ ယောက်လုံး အသတ်ခံလိုက်ရလိမ့်မယ်လို့ ထင်မထားမိဘူး... ဒီဒုက္ခသည်တွေက ဓားပြတွေ ဖြစ်ကုန်ကြပြီ"

"မင်းက သူတို့ကို ဓားပြမဟုတ်ဘူးလို့ ထင်နေတုန်းလား... သူတို့က လမ်းတစ်လျှောက်လုံး မီးရှို့၊ လုယက်ပြီးမှ ထုန်ဟယ်မြို့နယ်ကို ရောက်လာကြတာကွ"

"အာဏာပိုင်တွေကို တိုင်ပြီး အစိုးရကို ဖြေရှင်းခိုင်းလို့ မရဘူးလား"

"ဟားဟား... မင်းက တို့တွေ မတိုင်ရသေးဘူးများ ထင်နေလား... ဘယ်သူမှ ဂရုမစိုက်ကြဘူးကွ။ ထုန်ဟယ်မြို့နယ် ကိုယ်တိုင်ကတောင် ဗာရာဏသီ ချည်ဝင်နေတာ... သော်ကရွာ ကိစ္စတွေကို ဘယ်အချိန်ပေးနိုင်မှာလဲ"

"အေးလေ... အခုက လောကကြီးက ပရမ်းပတာ ဖြစ်နေပြီ... နေရာတိုင်းမှာ ဒုက္ခသည်တွေကြည့်... ကိုယ့်ကိုယ်ကိုယ် ကယ်တင်ဖို့ပဲ ရှိတော့တယ်"

"အိမ်တိုင်း မောင်းဖြစ်ဖြစ်၊ ဗုံဖြစ်ဖြစ် တစ်လုံးစီ ဆောင်ထားကြ... ဓားပြတွေ ဝင်လာတာနဲ့ ချက်ချင်း တီးလိုက်... အသံကြားတာနဲ့ အားလုံးဝိုင်းပြီး သူခိုးဖမ်းကြတာပေါ့။ အချင်းချင်း မစောင့်ရှောက်ရင် သော်ကရွာ ပျက်စီးသွားလိမ့်မယ်"

"မင်းပြောတာ ဟုတ်တယ်... သော်ကရွာက အခုချိန် မစည်းလုံးရင် ဘယ်အချိန်မှများ စည်းလုံးကြမှာလဲ"

"ညဘက် အိပ်ရင် သိပ်အိပ်ပျော်မနေကြနဲ့အုံး... သူခိုးရန်ကို သတိထားကြဦး"

"ဒီသူခိုးတွေကို သော်ကရွာထဲကနေ မောင်းထုတ်ပစ်ရမယ်"

ရွာသားများသည် တက်ကြွစွာ ဆွေးနွေးနေကြပြီး ဆူညံလျက် ရှိသည်။

လူတိုင်း၏ ရင်ထဲတွင် ဒေါသများဖြင့် ပြည့်နှက်နေကြသည်။

ဦးလေးရှဲ့ မိသားစု သေဆုံးမှုသည် ရွာသူရွာသားများကို အကြီးအကျယ် ဒေါသထွက်စေခဲ့၏။ သူခိုးများသည် အလွန်အကျွံ ဖြစ်လာပြီဟု ခံစားနေကြရသည်။

အကယ်၍ သူခိုးများသာ ထိုက်တန်သော ပြစ်ဒဏ်ကို မခံစားရပါက ရွာသားများကို အလွယ်တကူ အနိုင်ကျင့်၍ရသည်ဟု ထင်မှတ်သွားကြပေလိမ့်မည်။

…

All Chapters